Sunday, April 4, 2010

0 အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်ဆု


အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများ၏

ပြည်သူ့ဂုဏ်ရည်ဆု

Washington D.C, Virginia, Maryland Metro Area, New York, Buffalo, Boston, Fort Wayne, Phoenix, Seattle, San Francisco and Los Angeles

www.citizenofburma.org

P.O Box 1276, Baldwin Park, CA 91706, USA

အမေရိကားရောက် မြန်မာမိသားစု အသိုင်းအဝန်းများမှ မြန်မာပြည်တွင်း စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများသို့ ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း အခမ်းအနား ကျင်းပပြီး နှစ်စဉ်ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဟု အမည်ပေးထားသည့် အစီအစဉ် တရပ်ကို ဝိုင်းဝန်း အကောင်အထည်ဖော်နေကြပါတယ်။

မြန်မာပြည်သားအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ ဂုဏ်ရည်လို့ ရိုးရိုးလေးကြွေးကြော်ထားတဲ့ အဲဒီ အစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတဲ့ အမေရိကားမြို့စာရင်းများအရ ပြည်နယ်အသီးသီးမှ မြို့ကိုးမြို့အထိ ရှိနေပြီဖြစ်ပြီး၊ ကျန်စိတ်ပါဝင်စားတဲ့ မြို့တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။

ပထမအကြိမ်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့မြို့များနဲ့ စတင်မှာဖြစ်ပေမယ့် နောင်လာမယ့် နှစ်များမှာတော့ အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ဂုဏ်ပြုရေးအစီအစဉ်အဖြစ် ကျယ်ပြန့်လာစေရန် ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်မှာ ပူးပေါင်းပါဝင်ကြတဲ့ မြို့များထဲမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတဲ့ မြို့တွေမှာ နှစ်စဉ် အလှည့်ကျဂုဏ်ပြုပွဲများ ကျင်းပသွားမှာဖြစ်ပြီး ပထမအကြိမ်ဂုဏ်ပြုပွဲကို ဧပြီလ၂၄ ရက်နေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့၌ ကျင်းပသွားဖို့စီစဉ်ထားပါတယ်။

မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် အနစ်နာခံကာ အားကြိုးမာန်တက် လုပ်ဆောင်နေကြသူ များထဲက မိမိနှစ်သက်ရာ လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့ကို ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသူမည်သူမဆို အမည်စာရင်းများတင်သွင်းနိုင်ကြပြီး အဲဒီ တင်သွင်းတဲ့ အမည်စာရင်းများကို မြို့အသီးသီးမှ ရွေးချယ်ရေးအဖွဲ့ဝင် များက ငါးဦးစီပြန်လည်စိစစ်ဆန္ဒပြုကြမှာဖြစ်ပါတယ်။

မြို့အသီးသီးရဲ့ဆန္ဒပြုချက်များမှ မဲအများဆုံးရရှိသူငါးဦး (သို့မဟုတ်) ငါးဖွဲ့ကို အင်တာနက်ဆန္ဒမဲများမှတဆင့် အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစု အသိုင်းအဝိုင်းများရဲ့ ဆန္ဒကိုတောင်းခံသွားမှာဖြစ်ပါတယ်။ နောက်ဆုံး ဆန်ကာတင် ငါးဦးကိုရွေးချယ်ရာမှာတော့ “လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောက အတွက်စံပြဖြစ်မှု”များအပေါ်တွင် အခြေခံလျှက် လျာထားရွေးချယ်သွားမှာ ဖြစ်ပါတယ်။

ဒီလို ဆန္ဒမဲများတောင်းခံခြင်းဟာ ပြည်သူအများ ဝိုင်းဝန်း ပါဝင်ဆောင်ရွက်နိုင်မယ့် အဓိကအစိတ်အပိုင်းဖြစ်ပြီး ပြည်တွင်းမှ လူမှုရေး သူရဲကောင်းများရဲ့ စိတ်စေတနာ သန့်သန့်နဲ့ လုပ်ဆောင်နေတဲ့၊ မြင့်မြတ်တဲ့ ဆောင်ရွက်
ချက်တွေအပေါ်မှာ အကဲဖြတ်၊ ခွဲခြား၊ အဆင့် သတ်မှတ် တာမျိုးမဟုတ်ဘဲ ပြည်တွင်း၊ပြည်ပ ပြည်သူအများစုရဲ့ ဆန္ဒကို ယေဘူယျ ထင်ဟပ်စေတဲ့ အင်တာနက်မှ ဆန္ဒပြုခြင်းပုံစံဖြင့်နှစ်စဉ်ရွေးချယ်ဂုဏ်ပြုသွားကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ နိုင်ငံသားများရဲ့အကျိုးအတွက်လူမှုရေးလုပ်ငန်းများဆောင်ရွက်နေတဲ့နိုင်ငံသား များကို အဝေးရောက် ပြည်သူများက ကျေးဇူးတင် ဂုဏ်ပြုတဲ့ ဒီအစီအစဉ်အတွက် အမည်စာရင်း တင်သွင်းခြင်းကို www.citizenofburma.org မှာစတင် လက်ခံ နေပြီဖြစ်ပြီး နောက်ဆုံးဆန်ကာတင် ငါးဦးအား ဆန္ဒမဲပေးရွေးချယ်ခြင်းကိုတော့ ယခုနှစ်အတွက် ဧပြီလ ၁၂ရက်နေ့မှ ၂၁ရက် နေ့အထိလုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရန်လိပ်စာကတော့ - contacts@citizenofburma.org ဖြစ်ပါတယ်။ မြို့အလိုက် လက်ရှိဆောင်ရွက်နေသူများကို Our Community စာမျက်နှာမှာ တင်ပြထားပါတယ်။

မြန်မာပြည်သားချင်း

ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.