Sunday, May 29, 2011

0 မြန်မာနိုင်ငံမြို့ကြီးများ အင်အားပြင်းငလျင်ဒဏ်ခံရသည်ရှိသော်…

ရန်ကုန်၊ မေ ၂၇၊ ၂၀၁၁ (YPI) - မြန်မာနိုင်ငံ၏ လူနေသိပ်သည်းသော မြို့များကို အင်အားပြင်းငလျင်လှုပ်ခါခဲ့မည်ဆိုလျှင်…

(၁) ခင်ဗျားတို့၊ ကျနော်တို့ နေထိုင်နေသော တိုက်တာအဆောက်အအုံများသည် ငလျင်ပြင်းအား မည်မျှအထိကို တောင့်ခံနိုင်ကြမည်နည်း။

(၂) ငလျင်လှုပ်နေချိန်မှာ အထိအခိုက်နည်းနိုင်သမျှနည်းအောင် မည်သို့ အကာအကွယ်ယူရမည်ကို မြို့ပြနေလူဦးရေ ရာခိုင်နှုန်းမည်မျှက သိရှိထားကြသနည်း။

(၃) အဆောက်အအုံအပြိုအပျက်တွေအောက်မှာ ခင်ဗျားတို့၊ ကျနော်တို့ ပိတ်မိနေလျင် လာရောက် ရှာဖွေကယ် ထုတ်ပေးမည့်သူ (search and rescue workers) တွေ လုံလုံလောက်လောက်ရှိပါသလား။ လေးလံသော အပျက်အစီးတွေကို ဖယ်ရှားပြီး ခင်ဗျားတို့၊ ကျနော်တို့ကို ကယ်ထုတ်ဖို့ သူတို့မှာ ကျွမ်းကျင်မှု၊ ပစ္စည်းပစ္စယစုံစုံ လင်လင်၊ လုံလုံလောက်လောက်ရှိပါသလား။

(၄) ခင်ဗျားတို့၊ ကျနော်တို့ အစုလိုက်၊ အပြုံလိုက် ဒဏ်ရာဒဏ်ချက်တွေ ရထားပြီဆိုလျင် ခင်ဗျားတို့၊ ကျနော်တို့ကို ဆေးဝါးကုသမှုပေးနိုင်လောက်အောင် ပြည်သူ့ဆေးရုံ တွေမှာ ကျန်းမာရေးလုပ်သား၊ ဆေးဝါးပစ္စည်း လုံလုံလောက်လောက်ရှိပါသလား။

(၅) ဟေတီငလျင်ဘေးလောက် ကြီးမားသည့် အပျက်အစီးမျိုးနှင့် ကြုံရလျင် အစိုးရသစ်အနေနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်မည်နည်း။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးပေါ် ကယ်ဆယ်ရေးတွေ ပြုလုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့လျင် အစိုးရသစ်က ယင်းအကူအညီများကို ချက်ချင်း လက်ခံမည်လား။ သို့မဟုတ် ပုတ်ချလိုက်မည်လား။

…အစရှိသည့် မေးခွန်းတွေ၊ စိုးရိမ်မှုတွေ ခင်ဗျားတို့၊ ကျနော်တို့ ခေါင်းထဲ ၀င်ရောက်လာကြမည်မှာ သေချာသည်။ ထို့ထက်မကသော မေးခွန်းတွေ၊ စိုးရိမ်စရာတွေလည်း ရှိကောင်းရှိနေနိုင်ပါသေးသည်။
အင်အား ၆.၈ မဂ္ဂနီကျုရှိသော ငလျင်ကြောင့် ဗုံးအကြဲခံလိုက်ရသကဲ့သို့ ပြိုကျပျက်စီးသွားသော ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲအတွင်းမှ တိုက်ပျက်တစ်လုံး

မြို့ပြနှင့် ငလျင်ဘေး

လွန်ခဲ့သောအတိတ်က မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ငလျင်ပြင်းများလှုပ်ခဲ့စဉ်က လူနေကျဲပါးသည်ကတစ်ကြောင်း၊ အဆောက်အဦးတိုက်တာ ဆိုသည်မှာလည်း ယနေ့ခေတ်နှင့် ယှဉ်လျင် ထိုစဉ်က အနည်းငယ်မျှသာရှိခြင်းတို့ ကြောင့် အထိအခိုက် အပျက်အစီးဟူ၍ သိပ်များများစားစား မရှိခဲ့ပေ။

၁၉၃၀ ပဲခူးငလျင်လှုပ်စဉ်က မြန်မာနိုင်ငံ၏လူဦးရေမှာ ၁၅ သန်းမျှသာရှိခဲ့သည်။ သို့သော်လည်း နှစ်ပေါင်း ၈၀ ကျော်ကြာလာသည့်ယနေ့ချိန်တွင် လူဦးရေ ၅၈ သန်းအထိ လေးဆနီးပါးမြင့်တက်လာခဲ့ပြီးဖြစ်သည်။

ထိုနှစ်ပေါင်း ၈၀ ကျော်အတွင်း ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်သည့် လူဦးရေမှာလည်း များပြားလာပြီး အထပ်မြင့်အဆောက်အအုံများလည်း ပေါများလာလျက်ရှိသည်။

ထိုသို့ လူနေသိပ်သည်းလာသော မြို့များတွင် ငလျင်ဇုန်များအတွင်း တည်ရှိနေသော မြို့များလည်းပါဝင်သည်။ သို့သော်လည်း ထိုမြို့များကား ငလျင်အန္တရာယ်ကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းမရှိကြသေးသကဲ့သို့ လူနေအိမ်ယာများမှာလည်း အင်အားပြင်းသော ငလျင်ဒဏ် မည်မျှခံနိုင်မည်ကို မသိရှိနိုင်ကြသေးရာ အကယ်၍ အားကြီးသော ငလျင်သာလှုပ်လာခဲ့လျင် စိုးရိမ်ရသည်ဟု ပညာရှင်များက သတိပေးထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အဆောက်အအုံများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိ အောင် ထည့်သွင်းတွက်ချက်စဉ်းစားဖို့ကို မဖြစ်မနေ ပြုလုပ်ရမည့်လုပ်ငန်းစဉ်အဖြစ် အစိုးရက ပြဌာန်းကြပ် မတ်ခဲ့ခြင်းမရှိပေ။

သို့ဖြစ်ရာ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်းမရှိသော အဆောက်အအုံများ၊ ဟောင်းနွမ်းနေသော အဆောက်အအုံများ ငလျင်ဇုန်အတွင်းကျရောက်နေသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးစသည့် မြို့ကြီးများတွင် မည်မျှရှိနေမည်နည်း။

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော အဆောက်အအုံများအနက် လူအများနေထိုင်ဆဲ၊ အသုံးပြုဆဲ အဆောက်အ အုံများ ငလျင်ဇုန်များထဲတွင် မည်မျှရှိနေမည်နည်း။

ယင်းအဆောက်အအုံများအားလုံး ငလျင်ပြင်းအား မည်မျှကို ခံနိုင်ရည်ရှိကြသနည်း။ ယင်းအဆောက်အအုံများ ပေါ်တွင် မြို့နေလူထု၏ ရာခိုင်နှုန်းမည်မျှ နေထိုင်နေကြသနည်း။

ထိုမေးခွန်းများကို ဖြေကြားဖို့ ဘေးအန္တရာယ်လျှော့ချရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများမှာ အချက် အလက်များ၊ စစ်တမ်းများ မရှိကြသေး။

စစ်အစိုးရက ပစ်ထားခဲ့သော ရန်ကုန်မြို့တွင်တော့ ၁၉၉၀ ခုနှစ်မတိုင်ခင်က ဆောက်လုပ်ခဲ့ကြသော အဆောက်အဦးအများစုမှာ အင်အားပြင်းသော ငလျင်လှုပ်လျင် စိတ်မချရဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ကုလသမဂ္ဂ၏ သတင်းဌာနတစ်ခုဖြစ်သော IRIN (Integrated Regional Information Network)နှင့် အင်တာဗျူးတစ်ခုတွင် သတိပေးပြောဆိုထားသည်။

၁၉၉၀ နောက်ပိုင်း ဆောက်လုပ်ခဲ့သော တိုက်တာအဆောက်အအုံများမှာမူ ပြင်းအား ၆ ဒသမ ၈ အဆင့်လောက်ရှိသည့် ငလျင်ဒဏ်ကို ခံနိုင်ကောင်းခံနိုင်လိမ့်မည်ဟု ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ပေါ်က တိုက်များ ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ကြပုံများနှင့် နှိုင်းယှဉ်ပြီး ဦးစိုးသူရထွန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေး ရင်ဆိုင်ကြုံတွေ့နိုင်သော နိုင်ငံဖြစ်သောကြောင့် ငလျင်ဇုန်များ အတွင်း အဆောက်အဦးများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်အောင် မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆောက်လုပ်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက အကြံပြုပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြင်းအား ၆.၈ မဂ္ဂနီကျုရှိသော ငလျင်လှုပ်စဉ် ပြိုလဲသွားသော သစ်သားအိမ်တစ်လုံး

မြန်မာနှင့် မြေငလျင်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လှုပ်ခဲ့သမျှ ငလျင်အားလုံး၏ ၉၀ ရာခိုင်နှုန်းဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှ အင်အားပြင်းထန်သော ငလျင်အားလုံး၏ ၈၀ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ်လည်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ငလျင်ရပ်ဝန်းကြီးနှစ်ခုအနက် အယ်လ်ပိုက်ငလျင်ရပ်ဝန်း (Alpide Belt)ပေါ်မှာ အလျားလိုက်ကျရောက်နေသည့် နိုင်ငံလည်းဖြစ်သည်။

ယင်း ငလျင်ရပ်ဝန်းသည် မြေထဲပင်လယ်မြောက်ပိုင်းမှစကာ တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဟိမ၀န္တာ၊ ထိုမှ မြန်မာပြည်ကို အလျားလိုက်ဖြတ်ကာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြား၊ဂျာဗားအထိ ရှည်လျားသည့် ငလျင်ရပ်ဝန်း ကြီးဖြစ်သည်။

ယင်းငလျင်ရပ်ဝန်းပေါ်၌ ကျရောက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ပြတ်ရွေ့ကြောအမြောက်အများရှိပြီး ယင်းတို့အနက် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျောက်တွင် ငလျင်ကြီးများလှုပ်ရှားလေ့ရှိသည်။

၁၈၃၀ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၁၇၀ အတွင်း မြန်မာနိုင်ငံတစ်ဝန်း ရစ်ခ်ျတာစကေး ၇ အဆင့်ဝန်းကျင်ရှိ အင်အားပြင်းငလျင်အကြိမ်ရေ ၁၇ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၃ ကြိမ်မှာ ဤစစ်ကိုင်းပြတ်ရွေ့ကြော တစ်လျောက်တွင် လှုပ်ခဲ့ကြသည့် ငလျင်များဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ကြောမှာ ပူတာအို-မြစ်ကြီးနားပိုင်း၊ တကောင်း-မန္တလေးပိုင်း၊ သာစည်-ပျဉ်းမနားပိုင်း၊ တောင်ငူ-ပဲခူးပိုင်းနှင့် ပဲခူး-မုတ္တမပိုင်းဟူ၍ အပိုင်းငါးပိုင်းရှိပြီး ပြတ်ရွေ့ကြောတစ်လျောက်ရှိသော မြို့အများအပြားမှာ လူနေသိပ်သည်းသော မြို့ပြများဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ကျော်က ဘူမိဗေဒပညာရှင်များ ငလျင်လှုပ်လျင် ဖြစ်ပေါ်လာနိုင်သည့် အဖျက်စွမ်းအားကို တွက်ဆပြီး ဇုန်ငါးဇုန်သတ်မှတ်ခဲ့ကြသည်။

ယင်းဇုန်ငါးဇုန်အနက် အစိုးရိမ်ရဆုံး၊ ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်သည့် (ရစ်ခ်ျတာစကေး ၇ နှင့် အထက်ရှိမည့်) ဇုန်(၅)ထဲတွင် ဧရိယာလေးခုပါဝင်ပြီး ယင်းတို့မှာ လူနေသိပ်သည်းသော ပဲခူး-ဖြူးဧရိယာ၊ မန္တလေး-စစ်ကိုင်း-တောင်ငူဧရိယာ နှင့် လူနေကျဲပါးသော ပူတာအို-တနိုင်းဧရိယာ နှင့် ကလေး-ဟုမ္မလင်းဧရိယာတို့ ဖြစ်သည်။

ဇုန်(၅)လောက် ပျက်စီးမှုအားမကြီးနိုင်သော်လည်း ဆိုးရွာသော ပျက်စီးမှုများဖြစ်ပေါ်နိုင်သည့် ဇုန်(၄)ထဲတွင် တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀န်းသို၊ ခမ္မတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံမြို့တို့ပါဝင်သည်။

ရန်ကုန်ဧရိယာသည် ပျက်စီးနိုင်ခြေအသင့်အတင့်ရှိနိုင်လောက်သည့် ဇုန် (၃)နှင့် ဇုန်(၂)ကြားတွင်ရှိသည်ဟုဆိုသည်။

ရန်ကုန်ဧရိယာအနေနှင့် ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်လောက်သည့် ဇုန်ထဲတွင်မပါဝင်သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည့်တည့်ခွထိုင်ထားသည့် ပဲခူးမြို့နှင့် မိုင် ၅၀ မျှသာ ဝေးကွာသောကြောင့် ပဲခူးမြို့ ငလျင်ဒဏ်ခံရလျင် ရန်ကုန်သည်လည်း ခံစားရတတ်သည်ကို ၁၉၃၀ ပဲခူးငလျင်က သက်သေထူနေသည်။

၁၉၃၀ ခုနှစ်တုန်းက လှုပ်ခတ်သွားသော ငလျင်ကြောင့် ပဲခူးမြို့မှာ လူနေတိုက်တာအဆောက်အအုံ အမြောက်အများပျက်စီးပြီး လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတုန်းက ရန်ကုန်မှာလည်း အပျက်အစီးများရှိခဲ့ပြီး လူပေါင်း ၅၀ ၀န်းကျင် သေကြေခဲ့ဖူးသည်ဟု ငလျင်မှတ်တမ်းများကဆိုသည်။

ရန်ကုန်အနေနှင့် နောက်ထပ် စိုးရိမ်စရာရှိသည်မှာ ရန်ကုန်သည် စစ်ကိုင်းပြတ်ရွေ့နှင့် မလှမ်းမကမ်းမှာ တည်ရှိနေသည့်အပြင် ဒေးဒရဲပြတ်ရွေ့၊့ အနောက်ပဲခူးရိုးမပြတ်ရွေ့တို့ကလည်း ရန်ကုန်အနီးတ၀ိုက်တွင် တည်ရှိနေကြသည်။

အားပြင်းငလျင် လာနိုင်ချေရှိ

ငလျင်ပြင်းများ လှုပ်ရှားလေ့ရှိသော စစ်ကိုင်းပြတ်ရွေ့ကြောရှိ အချို့အပိုင်းများ ငြိမ်သက်နေ သည်မှာ နှစ်ပေါင်း ၅၀ မှ ၇၅ နှစ်ပင်ရှိနေပြီဖြစ်ရာ ဤမျှကြာအောင် စုလှောင်ထားသော ဒဏ်အားများနှင့် ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ရှားလာနိုင်စရာရှိ သည်ဟု ၂၀၀၈ ခုနှစ်ထုတ် UN-Habitat(Myanmar) အပါအ၀င် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်းပေါင်း ၂၇ ခုတို့ပူးပေါင်းရေးဆွဲခဲ့ သော Manual on Earthquake (Causes, Effects & Preparedness) အမည်ရှိ ငလျင်လက်စွဲစာစောင်မှာ ဖော်ပြထားသည်။

မြန်မာပြည်မှ သုတေသီအချို့နှင့် ဂျပန်နိုင်ငံမှ သုတေသီအချို့ ပူးပေါင်းပြုစုထားသည့် သုတေသနစာတမ်း တစ်စောင်ကလည်း ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ အားကြီးသော ငလျင်ပြင်းတစ်ခု မြန်မာပြည် အလယ်ပိုင်းကို ဗဟိုပြု၍ အချိန်မရွေးလှုပ်ခတ်လာနိုင်သည်ဟု သတိပေးထားသည်။

လူဦးရေ တစ်သန်းဝန်းကျင်ရှိသည်ဟုဆိုသော အသစ်ဖော်ဆောင်နေသည့် မြို့တော်သစ် နေပြည်တော်သည် အဆိုပါငလျင်လှုပ်ခတ်နိုင်သည့် အ၀န်းအ၀ိုင်းအတွင်းမှာ တည်ရှိနေသည်ဟူ၍လည်း အဆိုပါ သုတေသန စာတမ်းက ထောက်ပြသတိပေး ထားသည်။

ဦးစိုးသူရထွန်းကတော့ သူ့အနေနှင့် နေပြည်တော်မြို့တော်သစ် အတွက် မစိုးရိမ်မိဟုဆိုသည်။ အကြောင်းမှာ နေပြည်တော်ရှိ အဆောက်အအုံများမှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိ အောင် တောင့်တောင့်တင်းတင်း၊ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားသောကြောင့်ဟု IRIN နှင့် အင်တာဗျူးတစ်ခုတွင် ပြောပြသွားခဲ့သည်။

လူနေသိပ်သည်းပြီး အဆောက်အအုံ အအိုအဟောင်းများစွာရှိသော ရန်ကုန်၊ မန္တလေး၊ ပဲခူးကဲ့သို့သော မြို့များအတွက် သူက အဓိကစိုးရိမ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ ငလျင်ဇုံများပြမြေပုံ

အဆင်သင့် မဖြစ်သေး

ငလျင်ကြောပေါ်က လူနေသိပ်သည်းသော မြို့များအနေနှင့် ငလျင်အန္တရာယ်ကျရောက်လာလျင် အထိအခိုက်၊ အသေအပျောက်လျော့နည်းအောင် ကြိုတင်ပြင်ဆင်မှုများ လောလောဆယ်အထိ ပြုလုပ်ထားခြင်းမရှိသေးဟု ပညာရှင်များက စိုးရိမ်မကင်းထောက်ပြကြသည်။

ထို့ပြင် အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများကို အပျက်အစီးများကြားက ရှာဖွေဖော်ထုတ်၊ ကယ်ဆယ် ကုသပေးနိုင်သည့် လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် အထောက်အပံ့ပစ္စည်းပစ္စယများမှာလည်း မြန်မာ နိုင်ငံမှာ လောလောဆယ်အထိ လုံလုံလောက်လောက် မရှိသေးဟု ပညာရှင်တို့က ဆိုသည်။

“အစုအပြုံလိုက် ထိခိုက်ဒဏ်ရာရတာတွေကို ကိုင်တွယ်ကုသနိုင်လောက်တဲ့ ဆေးရုံရယ်လို့ ဒီ(မြန်မာနိုင်ငံ)မှာ မရှိဘူး။ …(ဒဏ်ရာရသူတွေကို) ဘယ်လို ရှာဖွေကယ်ဆယ်ရေး တွေလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မြို့ပြနေလူထုနဲ့ ကယ်ဆယ်ရေး လုပ်အားပေးသူတွေကို လေ့ကျင့်ပေးထား တာလည်းမရှိသေးဘူး” ဟု Action Aid မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာရှီဟတ်အူဒင်အာမတ်က IRIN သတင်းဌာနကို ပြောပြခဲ့သည်။

အပျက်အစီးကြီးကြီးမားမားနှင့် ကြုံကြရသည့်အခါ နိုင်ငံတကာမှ ကမ်းလှမ်းလာသော အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ အကူအညီပေးသူများနှင့် အကူအညီပေးမှုများကို အစိုးရသစ်အနေနှင့် မည်သည့် အတိုင်းအတာအထိ လက်ခံရယူမည်ဆိုသည်မှာလည်း လောလောဆယ်တွင် မခန့်မှန်းနိုင်သေးသည့် အနေအထားဖြစ် နေသည်။

အရေးပေါ်အခြေအနေမှာ ကယ်ဆယ်ရေးတွေပြုလုပ်ဖို့ အဆင်သင့်မဖြစ်ကြသေးသလို သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားလာလျင်လည်း အထိအခိုက်အသေအပျောက် နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အသိပညာပေးခြင်းများလည်း ပြည်သူလူထုကြားထဲမှာ နှံ့နှံ့စပ်စပ်မရောက်ရှိသေးသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ပံ့ပိုးပေးမှုကြောင့် နာဂစ်လေဘေးသင့်ဒေသရှိ ကလေးသူငယ်များမှာ သဘာဝဘေးအန္တရာယ်များ နှင့်ကြုံရလျင် မည်သို့ အသက်ရှင်သန်အောင်၊ အထိအခိုက်နည်းအောင် ကြိုတင်ကာကွယ်မှုယူရမည်ကို စာသင်ကျောင်းများမှာ လေ့လာ သိရှိခွင့်ရနေကြသော်လည်း ကျန်ပြည်နယ်နှင့် တိုင်းများမှ ကလေးသူငယ်များမှာ ဘေးအန္တရာယ်လျှော့ချရေးနှင့် ပတ်သက်ပြီး ဘာမျှ မသိ၊ မသင်ကြားရဘဲရှိနေသည်။

UNESCO ကတော့ သူတို့အနေနှင့် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးတွင် လည်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးရေးအတွက် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားသည်ဟုဆိုသည်။ သို့သော် မည်သည့်အချိန်ကျမှ အကောင်အထည်ဖော်ခွင့်ရမည်ကိုမူ ပညာရေးဝန်ကြီးဌာနက အကြောင်းမပြန် သေးဟုဆိုပါသည်။

မြန်မာနိုင်ငံအနေနှင့် ငလျင်အန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးသော်လည်း ငလျင်ကပ်ဘေးကတော့ စောင့်ဆိုင်းနေလိမ့်မည်မဟုတ်၊ ညှာတာလိမ့်မည်မဟုတ်ဆိုသည်ကို ပြီးခဲ့သည့် နှစ်လလောက်ကလူပေါင်း ၇၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရစေပြီး ၃,၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ရှမ်းပြည်ငလျင်က သက်သေပြလိုက်သကဲ့သို့ရှိသည်။

လောလောဆယ်အနေအထားတွင် ငလျင်ဇုန်များအတွင်းရှိနေသော မြို့ပြများရှိ အဆောက်အအုံများသည် ငလျင်ပြင်းအားကို မည်မျှအထိခံနိုင်ရည်ရှိမည်ကို ငလျင်ဘေးအန္တရာယ်လျော့ချရေးလုပ်ဆောင် နေသော အသင်းအဖွဲ့ များအနေဖြင့် စစ်ဆေးတိုင်းထွာမှုများ အရေးပေါ်လုပ်ဆောင်ကြဖို့လိုအပ်ကြောင်း ဦးစိုးသူရထွန်းက တိုက်တွန်းပြောဆိုသည်။

ယင်းရလဒ်များပေါ်အခြေခံပြီး ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သွားသင့်ကြောင့်လည်း ဦးစိုးသူရထွန်းက အကြံပြုပြောဆိုသည်။

တစ်နည်းအားဖြင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရာမှာ အင်မတန် အားနည်းနေသေးသော၊ မြန်မာနိုင်ငံကို ပြင်ဆင်မှုတွေ အရေးပေါ်လုပ်ထားကြဖို့ အချက်ပေး ခေါင်းလောင်းထိုးလိုက်သကဲ့သို့ရှိသည်။

ယင်းခေါင်းလောင်းထိုးသံကို ခင်ဗျားတို့၊ ကျနော်တို့ ပြည်သူတွေအပါအ၀င် လက်ရှိအစိုးရသစ်နှင့် သဘာဝဘေး အန္တရာယ်လျှော့ချ ရေး လုပ်ဆောင်နေသူတွေ ဘယ်လိုတုံ့ပြန်ကြမည်နည်း။


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.