Tuesday, September 25, 2012

0 စေတနာဝဿန်၏ မြတ်ဒါန

၁.၉.၂ဝ၁၂ ရက်နေ့ ညနေ (၄းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ MCC ခန်းမဆောင်၌ ကျင်းပပြုလုပ် ခဲ့သည့် မြန်မာပြည်တွင်းရှိ နာမည်ကြီးတီးဝိုင်း အများဆုံးပါဝင်ခဲ့ည့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေ “စေတနာဝဿန် ဂီတဖျော်ဖြေပွဲ” အခမ်းအနားတွင် ရရှိသည့် အလှူငွေမှ (၂၅) သိန်း ကျပ်တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

ယင်းလှူဒါန်းပွဲအား ပြုလုပ်ဖြစ်ခြင်းနှင့် ၈၈ မျိုးဆက် ရန်ပုံငွေ “စေတနာဝဿန် ဂီတဖျော်ဖြေပွဲ” ကျင်းပဖြစ်ပုံအား ၈၈ ကျောင်းသားအဖွဲ့ ဒေါ်မီးမီးမှ ပြောကြားခဲ့ရာ “ကျွန်မတို့ ၈၈ မျိုးဆက်ကျောင်းသား များသည် အများသိတဲ့အတိုင်း ထောင်ထဲသို့ ဝင်လိုက်/ထွက်လိုက် ဖြစ်ကြပြီး အချို့သည်လည်း ဘွဲ့မရ၊ ကျောင်းမပြီးဆုံးကြဘဲ အထိန်းသိမ်းခံရသူများ ဖြစ်ကြကြောင်း၊ ပြည်သူလူထုတို့၏ အကျိုးအား ပြည်သူ လူထုနှင့်အတူ ရင်ခုန်သံထပ်တူ ခံစားပြီး လုပ်ဆောင်နိုင်ရန် ပြည်သူချစ်သည့် အနုပညာရှင်များ၏ တတက် တအား ပါဝင်ကူညီကြသည့်အတွက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ၄င်းမှရရှိလာသည့် ငွေကြေးများအား ကချင်စစ်ဘေးဒုက္ခသည်များ၊ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဒုက္ခ ရောက်နေသူများ၊ ရေလွှမ်းမိုးမှုနေရာများသို့ လှူဒါန်းခဲ့ကြသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်း ရခြင်းသည် ၈၈ ကျောင်းသားများသည် ပြည်သူလူထု၏ အကျိုးအား ထမ်းဆောင်နေသော်ငြားလည်း သက်ရှိများ၏ အကျိုးကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး သေဆုံးသွားသူများအား ၈၈ ကျောင်းသားများအနေဖြင့် ယနေ့အထိ ဘာမှဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သေဆုံးသူ များသာမက သက်ရှိသူများအစ ကလေးငယ်များ၏အကျိုးလည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းတစ်ခု ဖြစ်နေသည့်အတွက် စေတနာဝဿန်ပွဲမှ ရရှိသည့် ငွေကြေးများထဲမှ လာရောက်လှူဒါန်း ခြင်း” ဖြစ်ကြောင်းပြောကြားကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ၊ ကိုဆောင်းဦးလှိုင်နှင့် အလုပ်အမှုဆောင်များထံသို့ ၈၈ ကျောင်းသားများမှ အလှူငွေ ၂၅ဝဝဝဝဝိ/- (နှစ်ဆယ့်ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “၈၈ ကျောင်းသားများနှင့် အတူတူလက်တွဲ၍ မလုပ်ကိုင်ကြသော်လည်း အားလုံး၏ ရည်ရွယ်ချက် သည် အတူတူဖြစ်ကြပြီး တိုင်းပြည်၏အကျိုးအား တက်စွမ်းသည့်ဘက်မှ ကိုယ်ကျိုးမဖက် လုပ်ဆောင် နေကြခြင်း ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ပြောစရာမလိုအောင် နားလည်ကြပြီး ဖြစ်ကြောင်း၊ ၈၈ ကျောင်းသားများ ကိုယ်တိုင် ရှင်သူများအား လုပ်ဆောင်နိုင်သလို သေဆုံးသူများအတွက် လုပ်ဆောင်နိုင်ရန် နာရေးကူညီမှုအသင်းသို့ လာရောက်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ကြောင်း” ပြောကြားသွားခဲ့သည်။

ထို့နောက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲ၌ ကိုယ်တိုင်ပါဝင် သီဆိုခဲ့သူ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းသားဖြစ်သူ ကိုဆောင်းဦးလှိုင်မှ အမှတ်တရစကား ပြောကြား ခဲ့ရာ “ရဲဘော်ရဲဘက် အချင်းချင်း တစ်ဦးအပေါ်တစ်ဦး စာနာနားလည်စိတ်ဖြင့် အကြံဉာဏ်ပေးခြင်းဖြင့် အများပြည်သူတို့၏ အကျိုးများအား ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြား ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား ကိုမျိုး (မြန်မာစာ)မှ ပြောကြားခဲ့ရာတွင် “တစ်ချိန်က ၆၂ နှင့် ၂၆ ပေါင်းလိုက်ပါက ၈၈ ဆိုပြီး ပါးစပ်မှ မပြောထွက်ရဲခဲ့ကြောင်း၊ စာအုပ်များ၏ စာမျက်နှာ ၈၈ တွင် ဖော်ပြမည့် အကြောင်းအရာသည် အင်မတန်လေးနက်ပြီး ထင်ယောင်ထင်မှား ဖြစ်စေမည့် အသုံးအနှုန်း (စကားလုံး) များ ထား၍မရခဲ့သည့် အချိန်ကာလမှ တစ်တိုင်းပြည်လုံး သိရှိအောင် ဖော်ပြနိုင်ခဲ့သည့်အတွက် ၈၈ အား ဂုဏ်ယူကြောင်း” ပြောကြားသွားခဲ့သည်။

တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ ဂုဏ်ယူမှုများစွာဖြင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လက်တွဲ၍ ညီရင်းအစ်ကို မောင်နှမရင်းသဖွယ် တိုင်းပြည်တွင်းရှိ လိုအပ်ချက်များအား တစ်သွေးတည်း တစ်သား တည်း စိတ်ထားရှိပြီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲမှ ရုန်းထွက်နိုင်ရန် မိမိတို့ အသက်ရှင်သရွေ့ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်တော့သည်။

FFSS

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.