Thursday, September 27, 2012

0 ဖိနပ် အသစ်လဲမလား ... ဖနောင့်ဖြတ်ပစ်မလား

ကျွန်တော်တို့ ကြည့်ကြရအောင်။ ကျွန်တော်တို့ ဘာကြောင့် အခြေခံ ဥပဒေကို ပြင်ဖို့ လိုတယ် ... မှားယွင်းတဲ့ ဥပဒေတွေကို ပြုပြင် ပယ်ဖျက်ဖို့ လိုတယ် .. လို့ တဖွဖွ ပြောနေကြရတာလဲဆိုတာ။ ဒီနေရာမှာ လူတွေရဲ့ လုပ်ရပ် အမှားအမှန်ဆိုတာထက် ... မှားနေတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ် ... မှားယွင်းတဲ့ ဥပဒေ ... စတာတွေကို သက်သေနဲ့ ထောက်ပြချင်တာ အဓိကပါပဲ။

မြန်မာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲက အာဏာရှိသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ အကုန်လုံး (အစိုးရ၊ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံရေးသမားတွေ) က အများအတွက် ကောင်းဖို့ ရည်ရွယ်ပြီး မှန်တယ်ထင်တဲ့ အမှန်တရားအတိုင်း ဥပဒေကို လိုက်နာ လုပ်ကိုင်တယ်လို့ ယူဆလိုက်မယ်။ .. အဲဒီ ယူဆချက်ကို လက်ရှိ

နိုင်ငံရေးမှာ ဖြစ်နေတယ်လို့ ယူဆ(Assume) ထားလိုက်မယ်။ (ဘယ်သူမှားတယ် မှန်တယ် မပြောတဲ့သဘောပါ) ဒီ ယူဆချက်ပေါ်မှာ တင်ပြီး ကိစ္စ တစ်ခုခြင်းစီ (Case Study) လုပ်ကြည့်ရအောင်။

ဖြစ်ရပ် နံပါတ် (၁) .. ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ ပြည်သူတွေက ငြိမ်းချမ်းရေးအတွက် ချီတတ် ဆန္ဒထုတ်ဖေါ်ကြတယ်။ ဒါ အင်မတန်မှ ကောင်းပါတယ်။ အခြားနိုင်ငံတွေဆို အစိုးရကိုယ်တိုင်က ဦးဆောင်ပြီး ဒီလို ကိစ္စမျိုးတွေကို အားပေး လုပ်ဆောင်ကြပါတယ်။ မြန်မာပြည်မှာက အစိုးရ အားပေးချင်တယ်လို့ ယူဆလိုက်မယ်။ အဲ .. ဒါပေမယ့် .. စစ်တပ်က ပြည်တွင်းစစ်တိုက် နေလို့ အားပေးလို့ မရဘူး။

ဒါဟာ အခြေခံ ဥပဒေရဲ့ အမှားပဲ။ အစိုးရက စစ်မတိုက်ချင်ဘူး .. ငြိမ်းချမ်းရေး ဖေါ်ဆောင်ချင်တယ် ဆိုရင် .. အစိုးရ အမိန်ပေးတာကို စစ်တပ်က နာခံရမယ်။ အခြေခံ ဥပဒေမှာ အစိုးရဆိုတာ အုပ်ချုပ်ရေးအတွက် အမြင့်ဆုံး အာဏာပိုင်သူသာ ဖြစ်ရမယ်။ အစိုးရဟာ ပြဿနာတွေကို နိုင်ငံရေးအရ ဖြေရှင်းတဲ့နည်းနဲ့သာ အရင်ဆုံး ဖြေရှင်းရသူ ဖြစ်တယ်။ ဒါပေမယ့် အခြေခံ ဥပဒေအရ အစိုးရ သြဇာကို စစ်တပ်က လိုက်နာစရာ မလိုဘူး ဖြစ်အောင် ရေးထားတော့ စစ်တပ်က ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ သူနားလည်တဲ့ စစ်တိုက်တဲ့ နည်းနဲ့ အရင်ဆုံး ဖြေရှင်းတယ်။ နိုင်ငံရေး နည်းကို မသုံးဘူး။ ဒီတော့ ပြည်တွင်းစစ် ဖြစ်ရတယ်။

တကယ်လို့သာ အခြေခံ ဥပဒေမှာ အစိုးရဟာ အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံး ဖြစ်ပြီး စစ်တပ်ဟာ ဝန်ကြီးဌာန တစ်ခုသာ ဖြစ်မယ်ဆိုရင် .. နိုင်ငံရေး နည်းနဲ့ အရင် ဖြေရှင်းပြီး ... စစ်ရေး နည်းက နောက်ဆုံး မလွဲသာမှ သုံးမှာ ဖြစ်တယ်။ အခုက အခြေခံ ဥပဒေက ပြောင်းပြန် ဖြစ်ပြီး စစ်တပ်က အစိုးရ အာဏာကို မဖြစ်မနေ လိုက်နာစရာ မလိုတော့ စစ်ရေး နည်းက အရင် .. နိုင်ငံရေး နည်းက နောက်က ဖြစ်နေတယ်။ ဒါဟာ အခြေခံဥပဒေရဲ့ ကြီးမားတဲ့ အမှား တစ်ခု ဖြစ်တယ်။

ဖြစ်ရပ် နံပါတ် (၂) .. ဆန္ဒ ထုတ်ဖေါ်သူတွေကို ခွင့်ပြုချက် မယူလို့ ရဲဌာနကနေ အရေးယူဖို့ လုပ်ရတယ်။ ဒါဟာလည်း ရဲတွေအတွက် မှန်ပါတယ်။ လူထုကို ရည်ရွယ်ချက်ရှိရှိ အနှောက်အယှက် ပေးလိုသူတွေက .. ခွင့်ပြုချက် မယူဘဲ မင်းမဲ့တိုင်းပြည်လို .. လမ်းပေါ်ထွက် လုပ်ချင်ရာ မလုပ်နိုင်အောင် .. ရဲတွေက တားမြစ်ရမှာ ဖြစ်တယ်။ ဒီတော့ ရဲက သူ့တာဝန် သူလုပ်တယ်။ ဥပဒေအရ တသတ်မှတ်တည်း လုပ်ကိုင်ရမှာ ဖြစ်လို့ လုပ်တာ ဖြစ်တယ်။ ရဲဌာနလည်း မှန်တယ်။ မှားနေတာက ဥပဒေပဲ။ စီတန်း လှည့်လည် ဆန္ဒပြခွင့် ဥပဒေကိုက မှားနေတာ ဖြစ်တယ်။ ဒါကို ပြင်ရမှာ ဖြစ်တယ်။

တကယ်လို့သာ ဆန္ဒပြခွင့် ဥပဒေဟာ .. သက်ဆိုင်ရာ ရဲဌာနကို မဖြစ်မနေ ကြိုတင် အကြောင်းကြား အသိပေးတာသာ လုပ်သင့်ပြီး ... ခွင့်ပြုမိန့် ယူစရာ မလိုကြောင်း ဥပဒေမှာ ပြဌာန်း သင့်ပါတယ်။ ဥပမာ .. လှုပ်ရှားမှု လွယ်စေတာ ဖြစ်အောင် .. အနည်းဆုံး ၄၈ နာရီကြိုတင် ပုံစံဖြည့် အသိပေးတာကို မဖြစ်မနေ လုပ်ရပြီး .. ခွင့်ပြုမိန့် တောင်းစရာ မလိုဘူးလို့ ဥပဒေက ပြဌာန်းလိုက်ရင် အခု ပြဿနာ ဖြစ်စရာ မရှိပါဘူး။ တကယ်လို့ ၄၈ နာရီ ပုံစံဖြည့် အသိပေးမှုကို ရဲ ဌာနက ဖတ်ပြီး လူထုကို အန္တရာယ် ဖြစ်စေမယ့် ဆန္ဒပြမှုလို့ သံသယ ရှိမယ်ဆိုရင် ... အန္တရာယ် မဖြစ်အောင် ရဲက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (တားမြစ်ရမှာ မဟုတ်ပါ။) အသိပေးမှုဟာ အခြား ပြစ်မှုဆိုင်ရာ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေနဲ့ ငြိစွန်းမယ့် ဆန္ဒပြမှု မျိုးတွေ ဖြစ်မယ်နေမယ်ဆိုတာ တွေ့ရှိတာနဲ့ .. ချင်ခြင်း တားမြစ်ရမှာ ဖြစ်ပြီး .. ပြစ်မှုဆိုင်ရာ ဥပဒေတွေ၊ လူ့အခွင့်အရေးတွေကို ချိုးဖေါက်တဲ့ ဆန္ဒပြသူ (သို့) ဦးဆောင်သူတွေကို ဥပဒေအရ အရေးယူရမှာ ဖြစ်ပါတယ်။ အခုက ရဲကို အကြောင်းကြားတာ မဟုတ်ဘဲ ခွင့်ပြုမိန့်တောင်းနေရတော့ .. ရဲက လုံခြုံရေး အကြောင်းပြပြီး ခွင့်မပြု၊ .. လူထုက ဆန္ဒဇွတ်ပြ .. အဲဒီမှာတင် ... ဘယ်သူမှ အန္တရာယ် မဖြစ်ပါဘဲနဲ့ အလုပ် မရှုပ်သင့်တာ ရှုပ်နေရော။ ဥပဒေအရ လုပ်ရပါတယ်ဆိုပြီး ရဲတွေကိုလည်း လူမုန်းများရော။ .. တကယ်တမ်းက .. စီတန်းလှည့်လယ်ခွင့် ဥပဒေကိုက မှားနေတာ ဖြစ်တယ်။ ဒါကို ပြင်ရမှာ ဖြစ်တယ်။

ဒီတော့ဗျာ ... ကျွန်တော်တို့တွေ ... စီးရမယ့် ဖိနပ်က သေးနေတာကို ဖိနပ် အကြီးနဲ့ အစားထိုးမလား ... ခြေဖနောင့်ကို ဖြတ်ပြစ်မလားဆိုတာ ...အစိုးရနဲ့ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော် အမတ်တွေ သေချာ စဉ်းစားပြီး .. ကိုယ့်အလုပ် ကိုယ်လုပ်ရာမှာ အကောင်းဆုံး ဖြစ်အောင် အခြေခံ ဥပဒေ အပါအဝင် ဥပဒေတွေကို ပြုပြင်၊ ပယ်ဖျက်၊ အသစ်ဆွဲတာတွေကို ... ပြည်သူ့ကျိုးအတွက် ပြည်သူကို ဗဟို ပြုတဲ့ အတွေးတွေနဲ့ ဘက်စုံ ထောင့်စုံကနေ ကြိုးစား လုပ်ကိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုထိုက် (၂၆.၉.၂၀၁၂)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.