Thursday, December 22, 2011

0 သမီးမေမေကို လူဆိုးတွေ သတ်သွားတယ်။ [ သွန်းနေစိုး ]

လှည်းတန်းတွင် ဗုံးကွဲသည်ဟု ကြားရချင်း၌ ကျနော့်ရင်ထဲ ဗြောင်းဆန်သွားမိပါသည်။
ပြီးတော့ ချက်ချင်း သွေးတွေဆူပွက်၊ ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားမိသည်။

ယုတ်မာလိုက်ကြတာ၊ ယုတ်မာကြပြန်ပြီ။ စိတ်ထဲတွင် အခါခါ ရေရွတ်မိ၏။
ဒေါသလည်း ထွက်သည်။ ထိုဒေါသအား ပေါက်ကွဲခွင့်လည်း မရပါသောကြောင့် ယောက်ျားတန်မဲ့ ငိုချင်သလိုလိုပင်ဖြစ်သွားမိ၏။

သေတာက တစ်ယောက်၊ ဒါဏ်ရာပြင်းတာက တစ်ယောက်တဲ့။ မိန်းလေးတွေ ... တဲ့။ သတင်းတွေက ဆက်တိုက်ဆိုသလို လာ၏။
မီဒီယာများ တာဝန်ကျေကြပါပေသည်။ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မရပါဘဲလျက် ဗုံးကွဲမှုသတင်းတွေကို တဖျပ်ဖျပ် ဆက်ကာဆက်ကာ တင်ပေးနေ၏။
ဖတ်ရင်း ဖတ်ရင်း သတင်းက ပိုစုံလာသလိုရှိသည်။ ထိုစဉ်မှာပင် ကျနော့်ရင်ထဲ ထိတ်လန့်မှုတစ်ခု ကြီးစိုးလာခဲ့လေ၏။
ဒီသတင်းရဲ့ အရေးကြီးဆုံးအပိုင်းကို သိမှ သိရပါမည်လော။
သတင်းတစ်ခုမှာ ဘယ်ဟာ အရေးကြီးသလဲဟု ကျနော်က ခွဲခြားနေခြင်းမဟုတ်ပါ။
သို့သော် ကျနော်သိလိုလှသည့် အရေးကြီးဆုံး အပိုင်းမှာ ဒီကိစ္စလုပ်သူ (တကယ့်) လက်သည်တရားခံ ဘယ်သူနည်းဟူသော မေးခွန်းပင်ဖြစ်ပါသည်။
ထို တကယ့်လက်သည်အား အများရှေ့မှောက်ဆွဲထုတ်ခြင်းကို မြင်ရလိုပါသည်။
အများရှေ့မှောက်တွင် တိကျခိုင်မာစွာ စစ်ဆေး၍၊ အများရှေ့မှောက်တွင် ထိရောက်သော ပြစ်ဒါဏ်ကို တိကျခိုင်မာစွာ ပေးစေ့ချင်ပါသည်။

အငြှိုးထားတတ်သူဟု မထင်စေ့လိုပါ။ သို့သော် အပြစ်ပြုသူအား ခွင့်မလွှတ်တတ်သည်မှာ ကျနော်စိတ်ရင်း ဖြစ်ပါသည်။
ယခုကိစ္စ ဗုံးခွဲသူကိုလည်း ဘာလုပ်ချင်ပါသနည်း။
အများရှေ့မှောက် တရားခွင်တွင် တည့်တည့်ကြီး စိုက်ကြည့်ခွင့်ရချင်ပါသည်။

မင်း ဘာကြောင့် ဒီလိုလုပ်ရသလဲ?
မင်း ဘာကြောင့် ဒါလောက် အောက်တန်းကျရသလဲ?မင်းကို စေခိုင်းတာ ဘယ်သူတွေလဲ?
မင်းကကော ခိုင်းတိုင်းလုပ်ရအောင် လူ့အသိဥာဏ် မရှိတော့ဘူးလား?
ဘာကိုကြောက်လို့ လုပ်တာလဲ? ဘာကို မျှော်လင့်ပြီးလုပ်တာလဲ?
ဒီလို လုပ်ရပ်နဲ့ မင်းပြန်ရမယ့်ဟာ တန်ရဲ့လား?
မင်းတစ်ဘ၀လုံး ဒီလုပ်ရပ်အမည်းစက်ကို စိတ်စနိုးစနှောင့်လုံးဝမဖြစ်ဘဲ ဆက်အသက်ရှင်နေနိုင်မလား?
စသဖြင့် ထိုတရားခံအား (အခွင့်ရလျှင်) မေးချင်သော စကားလုံးများစွာရှိပါသည်။
သို့သော် ကျနော် မမေးတော့ပါ။ ထိုမေးခွန်းတွေ အားလုံးပါဝင်နေမည့် မျက်လုံးအကြည့်တစ်ခုသည်ပင် လုံလောက်လိမ့်မည် ထင်၏။

အကယ်၍ တရားခံကိုသာ ပြည်သူ့ရှေ့မှောက် တရားခွင် တင်ခွင့်ရခဲ့ပါလျှင် အားလုံးဝိုင်းကြည့်ကြမည့် မျက်လုံးအကြည့်များနှင့်ပင်
ထိုသူ ... ရှက်တတ်လျှင် လဲသေသွားလောက်ပါလိမ့်မည်။
မရှက်တတ်လျှင်လည်း သူ့တစ်ဘ၀လုံး ခြောက်လှန့်နေပေတော့မည် ... ဟု ကျနော်ယုံကြည်ပါသည်။

ဗုံးကွဲမှုသတင်းများက နောက်ပိုင်းတွင် ဆက်တိုက်လာနေ၏။
အစက ၁၈နှစ်အရွယ် မိန်းမငယ်ာကလေးတစ်ဦးသေ။ တစ်ဦးဒါဏ်ရာရသည် ... တဲ့။
`ဟာ အရွယ်ငယ်ငယ်ကလေးတွေ´ ဟု စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိသည်။

နောက်တော့ သတင်းထပ်လာ၏။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ၀န်ထမ်း မမြစမ်းရည် အသက် ၃၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။
... တဲ့။

သန့်စင်ခန်း ၀န်ထမ်းလေးတွေ ဆိုပဲ။
သူတို့ခမျာ လခမှ ဘယ်လောက်ရကြရှာလေမလဲ?
အောက်ခြေ၀န်ထမ်းကလေးတွေဖြစ်၍ ဘယ်လိုမှ ကြွယ်ပိုးကြွယ်ဝရှိကြလိမ့်မည် မဟုတ်မှန်း အတိအကျ ခန့်မှန်းလို့ရပါသည်။
အလုပ်က မမြင့်မားသောငြား ရိုးသားသန့်စင်သော အလုပ်ကို မွန်မြတ်ဖြူစင်စွာ လုပ်ကိုင်ကြသူကလေးများ။
သူတို့မှာ မှီခိုနေသော မိသားစုတွေများရှိလိမ့်မလား?
တကယ်လို့ရှိနေမယ်ဆိုရင် အဲဒီမိသားစုတွေအနေနဲ့ နောင်ဘယ်လိုများ ဆက်ပြီးရပ်တည်သွားကြမှာပါလိမ့်မလဲ?

ယခုပင်လျှင် အခွန်အခ၊ လမ်းပန်းဆက်သွယ်ရေး (ရထားခ)၊ မီတာခတွေ ဈေးတက်တော့မည့်အကြောင်း သတင်းတွေကြားရ၏။
ဒီလိုအချိန်မှာ အိမ်၏၀င်ငွေကို အဓိကရှာဖွေပေးနေသူ သေဆုံးသွားလို့ကတော့ ကျန်ရစ်သူတွေအဖို့ ပဋာမြေလူးရမယ့် ကိန်းပေပဲ။

နိုင်ငံခြားတွေမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရှာသူဆိုလျှင် ထောက်ပံ့ကြေးတွေ တနင့်တပိုးရသည်ဟု ကြားဘူးပါ၏။
ဒီလိုကိစ္စမျိုးတွေကိုကော ပေးလေ့ရှိသလား ကျနော်သေချာ မသိ။
ဘာပဲဖြစ်ဖြစ် ယခု သေဆုံးသွားရှာသော ၀န်းထမ်းမလေးနှင့် ဒါဏ်ရာရသူမှာလည်း သူ့အလုပ်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခြင်းပါပဲ။
အကယ်၍ တာဝန်မသိပဲ အပြင်သာ လျှောက်သွားနေမည်ဆိုလျှင် ဒီလို ကံဆိုးမှုမျိုးနှင့် သူတို့ရင်ဆိုင်တိုးကောင်းမှ တိုးရပေလိမ့်မည်။
သည် အများသုံးသန့်စင်ခန်းဆိုတာ အစိုးရပိုင်ဆိုလျှင် ပင်စင်တော့ ရလိမ့်မည် ထင်၏။ ပုဂ္ဂလိကပိုင်ဆိုလျှင်ရော ...။
ဘာပဲဖြစ်ဖြစ် ကံဆိုးရှာသော အောက်ခြေ၀န်ထမ်းလေးများအတွက် ထောက်ပံ့မှုတစ်ခုခုတော့ ပြုသင့်သည်ဟု ထင်မိပါသည်။

ခံစားချက်တွေကတော့ တကယ့်ကို ဗြောင်းဆန်နေခြင်းပါ။
သေဆုံးသွားသူအတွက် စိတ်မကောင်းတာရော။
ကျန်ရစ်မည့် မိသားစုအတွက် စာနာပူပန်မိတာရော။
လုပ်သွားသည့် လူမဆန်သော လက်သည်အတွက် ဒေါသဖြစ်မိတာရော။
အားလုံးရောပြွန်းကာ လူက ဘာအတွေးကိုမှ ဖမ်းယူဆုပ်လို့ မရချင်တော့။

စိတ်လှုပ်ရှားစွာ တောင်စဉ်ရေမရ လျှောက်တွေးမိသည်။
တစ်ချို့လူများ အပေါ့စွန့်သွားလေ့ရှိသော နံရံများတွင် ရေးလေ့ရှိသည့် စာတမ်းတစ်ခုရှိ၏။
`ဤနေရာတွင် ခွေးများသာ သေးပေါက်ကြသည်´ ဟု ရေးတတ်သည်။
ထိုစာတမ်းမျိုးမှီးကာ ဗုံးဖောက်တတ်တဲ့နေရာတွေမှာ ..
`ဤနေရာတွင် ခွေးတောင်မှ အပြစ်မဲ့ပြည်သူကို ဗုံးမခွဲ။
ဗုံးခွဲသူမှာ ခွေးထက်အောက်တန်းကျသူများ ဖြစ်လိမ့်မည်။´
ဟု ရေးထားရင် ကောင်းမလား။
ဒါပေမဲ့ ဘယ်သူက ဘယ်နေရာ လာခွဲမလဲဆိုတာ ကြိုမသိနိုင်တော့ခက်တာပဲ။
သေချာသည်ကတော့ ဤသို့ ဗုံးခွဲသူ ဆိုသည်မှာ သရဲဘောကြောင်သူများသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်လည်း ... ဗုံးခွဲကြောင်းသတင်းကြားပြီးချင်းတွင်

ဘယ်အဖွဲ့က ခွဲခွဲ၊ ဘယ်သူ ခွဲခွဲ၊ ဘာကြောင့် ခွဲခွဲ
လူမဆန်သောလုပ်ရပ်၊ သူရဲဘောကြောင်သော ဖျက်လိုဖျက်ဆီးလုပ်ရပ်ဟု
ပြင်းထန် အထင်သေးစွာ ရှုံ့ချ ကန့်ကွက်ပါသည်။
ဘာရည်ရွယ်ချက်ရှိနေသနည်း? ဘာကို ဦးတည်နေသနည်း?
ဘယ်လိုတွက်တွက် ဘာမှအကျိုးမရှိသော လုပ်ရပ်သာဖြစ်သည်။
အင်မတန် အောက်တန်းကျသော စိတ်ဓာတ်နှင့် ပြုမူခြင်းသာဖြစ်သည်။
... ဟု ကျနော်ရေးမိခြင်းပင်။

ထိုစဉ်မှာပင် ... တိုက်တိုက်ဆိုင်ဆိုင် ကျနော့်နားထဲ အသံလေးတစ်သံကို ကြားယောင်လာမိ၏။
သမီးမေမေကို လူဆိုးတွေ သတ်သွားတယ် .... ဟု ၀မ်းပမ်းတနည်း ရေရွတ်လိုက်သော အသံ။
လွန်ခဲ့သော တစ်ပတ်ကျော်ကျော်လေးကမှ ကျနော်ကြားမိခဲ့ခြင်းပါ။

ကျနော့်အသိတစ်ယောက်၏ အလှူတစ်ခုသို့ သွားရင်း ကြားခဲ့ရခြင်းဖြစ်၏။
လူရင်းတွေချည်းမို့ အဲဒီအလှူမှာ ကျနော်တို့ သက်တောင့်သက်သာ ရှိလှပါသည်။
ထိုလှူတွင် ချစ်စရာအင်မတန်ကောင်းသော ကလေးမလေးတစ်ယောက်ကို တွေ့၏။
ပါးဖောင်းဖောင်းလေးတွေက နီမြန်းလျက်။ ကျစ်ဆံမြီးတိုနှံ့နှံ့လေးနှစ်ဘက်ကို ဘယ်ညာခွဲဖြာချထား၏။
တစ်ယောက်တည်း။ ကျနော်ထိုင်ရာ စားပွဲမှာ လာစားနေသည်။ ရှိလှမှ လေး ငါးနှစ်လောက်ပါ။
အလှူပေးသူ ကျနော့်သူငယ်ချင်းအိမ်တွင် ကလေးငယ် မရှိကြောင်း ကျနော်သိသည်။
မုန့်ဟင်းခါးကို ကိုယ့်ဖာသာ ခပ်စားရင်း ပါးစပ်များပေပွနေသော ကလေးငယ်ကို ရယ်ချင်စိတ်နှင့် ချစ်စနိုးကြည့်ရင်း စပ်စုမိ၏။

`သမီး မိဘတွေရော၊ သမီး´ ဆိုသော်
`ဖေဖေကြီးက နောက်ဘက်မှာ ပန်းကန်တွေ ဆေးနေတယ်´
တဲ့။ ကြည့်ရတာ ဒီအလှူမှာ ကူညီလုပ်ကိုင်ပေးဖို့ ခေါ်ထားသော သူတစ်ဦးဦး၏ သမီးငယ်ဖြစ်ပေမည်။
`သမီးမေမေကရော နောက်ဘက်မှာပဲလား´
ကလေးငယ်က ခေါင်းခါ၏။ ကျနော် ထပ်မေးမိပြန်သည်။
`သြော် ပါမလာဘူးလား သမီး´
`မေမေ မရှိဘူး ဦးဦး´ ကလေးမလေးက တိုးတိုးလေး ပြောသည်။
ကျနော် ခေါင်းကို ငဲ့ကာနားထောင်မိစဉ် နောက်တစ်ခွန်းထပ်ပြောပြန်၏။
... `သမီးမေမေကို လူဆိုးတွေသတ်သွားတယ်´
ထိုစကားက ပို၍တိုးပါသည်။ သို့သော် နားစိုက်ထောင်မိတာဆိုတော့ တိတိပပ ကျနော်ကြားလိုက်မိ၏။
ကြားကြားချင်းပင် ရင်ထဲ လှိုက်ကနဲဖြစ်သွားသည်။
ပြောပြီးချင်းပင် ကလေးမကလေးက ခေါင်းငုံ့သွားသည်။

ခုနက တောက်ပသော မျက်ဝန်းလေးများတွင် မျက်ရည်များ စွတ်စိုနေလေမလား။
ကလေး၏ စကားသံနောက်ဆုံးတွင် အဖျားခပ် တုန်ယင်သွားခြင်းကိုတော့ ကျနော်သတိပြုမိလိုက်ပါသည်။
သူ ဘာမှ ဆက်မပြောတော့။ ဆက်မပြောနိုင်တော့တာလည်း ဖြစ်ပေလိမ့်မည်။
အေးစက်တင်းမာသော လောကကြီးကို အမိမဲ့ဘ၀နှင့် ဘယ်လိုများ ဒီကလေးဖြတ်သန်းနေရပါသနည်း။ နောက် ဆက်ပြီး ဘယ်လိုများဖြတ်သန်းရဦးပါမည်နည်း။
ကျနော်လည်း ထပ်မမေးနိုင်တော့ပါ။ ငေါင်၍ ငေးကြည့်နေမိပါသည်။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေသော စားပွဲဝိုင်းတွင် တိတ်ဆိတ်ခြင်းက လွှမ်းမိုး၍ သွား၏။

ထိုစဉ်မှာပင် တိုက်ဆိုင်သည်ဟု ပြောရမလား? ရက်စက်လွန်းသော တိုက်ဆိုင်မှုပင်ဖြစ်ပါလိမ့်မည်။
မိသားစု တစ်စု ၀င်လာ၏။
အဖေရယ် အမေရယ် သမီးလေးတစ်ယောက်ရယ်။
အဖေနဲ့ အမေက ဘေးတစ်ဘက်တစ်ချက်ဆီက။ သမီးလေးက အလည်ခေါင်က။
သမီးလေးကို လက်ချင်းတွဲလို့ ခြံရံလို။
ကလေးက ဖအေနှင့် မအေ၏မျက်နှာ တစ်လှည့်စီကြည့်ကာ ရယ်ပြုံး၍ လာသည်။
ကျနော်တို့နား ဖြတ်ကျော်သွားသော် ခိုးခိုးခစ်ခစ်ရယ်သံလွင်လွင်ကို ကြားရ၏

ကျနော်နှင့် တစ်ဝိုင်းတည်းအတူထိုင်နေသော မိတဆိုး ကလေးမလေးက တစ်ချက်လှမ်းကြည့်ကာ ဖျပ်ကနဲမျက်လွှာပြန်ချသွားသည်။
ဒီတစ်ခါတော့ ကျနော် သေချာသိလိုက်ပါသည်။ သူ့မျက်ဝန်းများတွင် မျက်ရည်များ ဆို့၍နေကြလေ၏။
ပြီးတော့ သူ့မျက်နှာကလေး ဘယ်တော့မှ ပြန်မော့မလာတော့ပါ။
ကျနော်သည်လည်း သူ့ကို ဆက်မကြည့်နေနိုင်တော့။ အဘယ့်ကြောင့်ဆိုသော် ကျနော်လည်း မျက်ရည်ဝဲလာသောကြာင့်ဖြစ်ပါသည်။

နောက်မှ သိရပါသည်။ ထိုကလေးမလေး၏ မိခင်သည်လည်း တစ်ချိန်က ဗုံးကွဲမှုတစ်ခုမှာ သေဆုံးခဲ့ရတာတဲ့။
ကလေးက လည်ဝယ်တော့ သူ့ကို ဘယ်လိုညာညာ အမှန်တိုင်းသိမြင်နေ၏။
`သမီးအမေကို လူဆိုးတွေ သတ်သွားတယ်´
ထိုစကားကို မေးသူရှိတိုင်း ပြောပြတတ်သည်။
သို့သော် ထိုစကားပြောပြီးတိုင်း သူမခမျာ ရပ်တန့်လိုက်ရမြဲ။
လူဆိုးတွေက ဘယ်သူလဲ? ကလေးမလေး မသိ။
ဘာကြောင့် သတ်တာလဲ? ကလေးမလေး မသိ။
ဒီလိုရက်ရက်စက်စက်လုပ်ရအောင် သူမအမေမှာ ဘာအပြစ်များရှိရှာလို့လဲ? ကလေးမလေး မသိ။

သူမ သေချာသိသည်ကတော့ ...
မိဘနှစ်ပါး လက်ကို တစ်ဘက်တစ်ချက်ကိုင်စွဲကာ လုံခြုံနွေးထွေးစွာ သွားလာခွင့်၊
မိဘနှစ်ပါး၏ မျက်နှာကို ကြည်နူးစွာ မော့ကြည့်ရင်း ပျော်ရွှင်ချမ်းမြေ့စွာ ရယ်မောခွင့်ကို
ဒီတစ်သက် သူမ မရနိုင်တော့ခြင်းသာပဲ ဖြစ်လေသည်။

(ယခု သေဆုံးသွားရရှာသော အပြစ်မဲ့ သန့်ရှင်းရေးဝန်ထမ်းမလေးတွင်ရော အိမ်ထောင်ရှိနေသလား? သမီးကလေးရှိနေမလား? ကျနော်မသိပါ။
သမီးအမေကို လူဆိုးတွေ သတ်သွားတယ်ဟူသော စကားသံမျိုးတော့ နောက်ထပ် မကြားလိုတော့တာ အသေအချာပဲဖြစ်ပါသည်။
မကြားချင်တာ မဟုတ်ပါ။ မကြားဝံ့ခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် ယခုသေဆုံးသွားရှာသူမှာ မိသားစုတော့ ရှိနေမှာပေါ့။
သမီး မမကို လူဆိုးတွေသတ်သွားတယ်။ သမီး ဒေါ်ဒေါ်ကို လူဆိုးတွေသတ်သွားတယ် ... လို့များ မြည်တမ်းနေကြမလား?
အမေ့ သမီးကို လူဆိုးတွေသတ်သွားတယ်ကွယ်လို့များ တုန်တုန်ရီရီ မျက်ရည်တစမ်းစမ်းဖြင့် ရေရွတ်သံကြားရလေမလား?

လှည်းတန်းလမ်းဆုံမှ ဗုံးပေါက်ကွဲသံတစ်ခုသည် ကျနော်တို့ နှလုံးသားအားလုံးကို ထုနှက်ဖိဆီးနေတော့မည် ဖြစ်ပါလေတော့သည်။)

Thorn Nay Soe (Facebook)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.