Wednesday, November 3, 2010

0 ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ (၁)၊ အမှတ် (၇)

Boycoott Vol. 7

0 ရွေးကောက်ပွဲ အကြိုကာလယုတ်မာမှုများ

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်

ဧရာဝတီ (သတင်းတို)

အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်သည့်အချိန်တွင် တယ်လီဖုန်းလိုင်းမှ သတင်းစီးဆင်းမှုကို ထိန်းချုပ်လိုသဖြင့် သုံးစွဲသူ လျော့နည်းသွားစေရန် ယခုကဲ့သို့ ရုတ်တရက် ဈေးနှုန်း တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးအရာရှိတစ်ဦးမှပြောကြားသည်။

(အရက်တိုက်မဲဆွယ်ပြီးတော့)အငြိမ့်ကပြီး ကြံ့ဖွံ့ မဲဆွယ်ဦးမည်

မန္တလေးမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ကျန်ရှိနေသည့် ရွေးကောက်ပွဲ အကြိုကာလ ရက်များတွင် အနုပညာရှင်များကို အသုံးပြု၍ မဲဆွယ်စည်းရုံးမှု ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

မန္တလေးမြို့တာရဲတန်းရပ်ရှိ သဘင်ပညာရှင်များ ပါဝင်သည့် အငြိမ့်အဖွဲ့များကို ငှားရမ်းကာ ကားများဖြင့် လှည့်လည် ကပြ ဖျော် ဖြေ ပြီး မဲဆွယ်မည် ဖြစ်ကြောင်း၊ ငှားရမ်းခမှာ တဖွဲ့လျှင်ကျပ် ၇သိန်း ၂ သောင်းဖြစ်ကြောင်း သဘင်ပညာရှင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ကြံ့ဖွံ့ပါတီ ၏ အောင်မြေသာဇံ မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံမည့် ဦးကိုကိုကြီး က မူ အတည်ပြု ပြောကြားခြင်း မရှိပေ။

မှားယွင်းမှုများနှင့် မိုင်းရှုး မဲစာရင်း

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်၌ မဲစာရင်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ မိသားစုဝင်များ၏ အမည်၊ မှတ်ပုံတင် နံပါတ် များကို သက်ဆိုင်ရာက မှားယွင်းစွာ ထုတ်ပြန်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

“မဲစာရင်းမှာ အဖေနာမည်၊ မှတ်ပုံတင်နံပါတ်ကို အလွဲရေးထားတာတို့၊ နာမည်ကို နောက်တလုံး တိုးတာတို့၊ အဲသလို မျိုးတွေ လျှောက်လုပ်ထားတယ်”ဟု ဒေသခံ တဦးက ပြောသည်။

ကြံ့ဖွံ့ထောက်ခံမဲ အစမ်းမထည့်သူ ၂၀၀၀ ပေးရမည်

ဟင်္သာတမြို့နယ်တွင် မဲ အစမ်းထည့်ရမည်ဟု ပြောဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ ပါတီ) ကို ထောက်ခံသည့် ကြိုတင်မဲများ ရယူနေကြောင်း၊ ထိုသို့ မဲ အစမ်း မထည့်သူများ အနေနှင့် တဦးလျှင် ကျပ် ၂၀၀၀ စီ ပေးရမည်ဟု ကြံ့ဖွံ့ပါတီဝင် ရယက လူကြီးက ဖိအားပေး ပြောဆိုကြောင်း ဟင်္သာတ မြို့ခံများထံမှ သိရသည်။

မဲရုံစောင့်ကြည့်မည့် စေတနာ့ဝန်ထမ်းများကို ချုပ်ချယ်

ရွေးကောက်ပွဲနေ့တွင် မဲရုံစောင့်ကြည့်ရန် တာဝန်ယူမည့် စေတနာ့ ၀န်ထမ်းအဖြစ် ကူညီမည့်သူများကို ရွေးကောက်ပွဲ ကော်မရှင်က ခြိမ်းခြောက်ခြင်း၊ မိမိသန်းခေါင်းစာရင်းရှိရာ ရပ်ကွက်မှ တခြားရပ်ကွက် တခုသို့ သွားခွင့်မပြုခြင်း၊ မဲရုံတရုံလျှင် စေတနာ့ဝန်ထမ်း ၂ ဦးသာ ထားပိုင်ခွင့်ရှိခြင်း စသည်ဖြင့် ကန့်သတ်ချုပ်ချယ်နေသောကြောင့် နိုင်ငံရေးပါတီ အများစုမှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ကန့်သတ်မှုများသည် စစ်အစိုးရထောက်ခံမှု ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံဖွံ့ပါတီ) အနိုင်ရရန် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီး မဲလိမ်မှု၊ မဲမသမာမှုများ လုပ်ဆောင်နိုင်ရန် အခွင့်အရေး ဖန်တီးပေးခြင်း သာဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကပြောသည်။

Tuesday, November 2, 2010

0 ဆေးရုံ (ကဗျာ ရွတ်ဆိုမှု)

Written by ရေး - တာကောဒီ / ရွတ်ဆို ကျော်အောင်လွင်

poem pitcure
(သရုပ်ဖေါ် ပန်းချီထိန်လင်း) (ထောင်ဝတ်စုံပေါ်တွင် ရေးဆွဲသည်။)"
www.kaungkin.com/

0 မွန်ပြည်နယ် ရွေးကောက်ပွဲ ဆန္ဒပြမှု လူ ၅၀၀ ကျော်တက်

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲ ပြုလုပ်နေစဉ်။
ဓာတ်ပုံ Kao Wao News Group
ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးမှုတွေကို အကြိတ်အနယ် လုပ်ဆောင်နေသလို ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုတွေကလည်း ပိုပြီး များလာနေပါတယ်။ မွန်ပြည်နယ်ဘက်မှာ ဆိုရင်လည်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အခုဆန္ဒပြပွဲမှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေလည်း ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တချို့ကျတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီကို ရွေးချယ် မဲပေးပြီးသားမို့ မဲပေးစရာ မလိုတော့ဘူးလို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။ အခုဆိုရင် အဲဒီ ဆန္ဒပြတဲ့ ဒေသမှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့်ချထားပြီး ကျေးရွာ ရယကတွေကို ဆင့်ခေါ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကလို့တုတ်ရွာမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်က ပြုလုပ်ခဲ့ရာမှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ကရင်ပြည်သူတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြတဲ့နေရာက ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကားလမ်းမကြီးနဲ့ မနီးမဝေးတဲ့ နေရာမှာ ကျနော်တို့ လူ ၅၀ဝ ကျော် တက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားဖို့ရယ်၊ စစ်အာဏာရှင် အစုထဲကပဲ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀ဝ၈ နာဂစ်စစ်အာဏာရှင် ဥပဒေကို အသက်သွင်းသွားမှာ ဖြစ်တယ် ဆိုတဲ့အတွက် ဒီရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။”

အဲဒီဆန္ဒပြပွဲမှာ ကရင်ကျေးရွာသားတွေ အများစု ပါဝင်တက်ရောက်သလို အစိုးရ ပညာရေး ဝန်ထမ်းတွေလည်း တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်း တဦးကတော့ အခုလို ပြောပါတယ်။

“ကျမတို့ ပညာရေးဝန်ထမ်းက အယောက် ၃၀ လာရောက် ဆန္ဒပြကြပါတယ်ရှင်။ ကျမတို့ ဝန်ထမ်းများ အနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဘာမှလုပ်မပေးနိုင်တဲ့ ရွေးကောက်ပွဲကို ကျမတို့ အယုံအကြည် မရှိတဲ့အတွက် လာရောက် ဆန္ဒပြကြတယ်။”

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ မပါခဲ့ပေမဲ့ အခုဆန္ဒပြပွဲမှာတော့ ကျောင်းသား၊ ကျောင်းသူ တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ကျောင်းသူတဦးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ အခုလို ပြောပါတယ်။

“ကျမတို့ ကျောင်းသား ကျောင်းသူများ အနေနဲ့ ဒီရွေးကောက်ပွဲကို ဒီအနီးအနား ပြည်သူများနဲ့အတူ ပါဝင်ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ရှင်။ သမီးနာမည်က ဌေးဌေးမြင့်ပါရှင်။ ကျောင်းနေတုန်းပဲ၊ တက္ကသိုလ် နောက်ဆုံးနှစ်ပါရှင်။ သမီးတို့ ကျောင်းသူက အယောက် ၃၀ လာရောက် ဆန္ဒပြပါတယ်ရှင်။ အဲဒါကတော့ သမီးတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ချင်တဲ့စိတ်နဲ့ လာရောက် ဆန္ဒပြပါတယ်။ နအဖရဲ့ လက်အောက်မှာ အနိုင်ကျင့်ခံရလို့ သမီးတို့ မခံချင်တဲ့စိတ်နဲ့ လာပြီးတော့ ဆန္ဒပြရပါတယ်ရှင်။”

ဖိုးသောကြာလို့ခေါ်တဲ့ ရွာသားတဦးကတော့ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဟာ ရွေးကောက်ပွဲ ပေးစရာမလိုဘူး၊ ရွေးထားပြီးသား ဖြစ်ပါတယ်။ ၉၀ ခုနှစ်မှာ ကျနော်တို့ ဒီမိုကရေစီ ရရှိဖို့အတွက် အနိုင်ရပါတီကို ထောက်ခံမဲ ပေးပြီးသား ဖြစ်တဲ့အတွက် ဘာပွဲပဲ သူတို့လုပ်လုပ် ကျနော်တို့က ထောက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောချင်တယ်။ ကျနော့်နာမည် ဖိုးသောကြာလို့ ခေါ်ပါတယ်ခင်ဗျား။”

အခုဆိုရင် လမိုင်းမြို့နယ်က ကလို့တုတ်ကျေးရွာ ဝန်းကျင်မှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့်ချထားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးမြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ ကျေးရွာလူကြီး အားလုံးကို ဆင့်ခေါ်ထားတယ်လို့ ကျေးရွာ ရယကအဖွဲ့ဝင် တဦးက ပြောပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေ အနေနဲ့ စစ်အာဏာပိုင်တွေ လက်လှမ်းမမီတဲ့ နေရာတွေမှာပဲ ကန့်ကွက် ဆန္ဒပြတာဟာ ဆန္ဒပြသူတွေရဲ့ လုံခြုံရေးအတွက်လို့ ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြတဲ့ နေရာဒေသဟာ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးက ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ဒေသခံတဦးက ပြောပါတယ်။ ဒီ ကလို့တုတ်ကျေးရွာ ဆန္ဒပြပွဲဟာ KNU ကနေ ဦးဆောင်ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ တပ်မဟာ ၆ က စစ်ဘက်အရာရှိ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့တုန်းကလည်း သံဖြူဇရပ်နဲ့ ရေးမြို့နယ်အကြား ကျောင်းရွာဘက်မှာ ပထမအကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က ပြောပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကန့်ကွက် ဆန္ဒပြမှုတွေ တိုးပြီး လှုပ်ရှားလာနေပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ကော့သောင်းနဲ့ ဘိက်ဒေသတွေမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ တီရှပ်တွေဝတ်ပြီး ဆန္ဒပြနေသလို ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံးဘက်မှာလည်း လူငယ်အဖွဲ့တွေ ဦးစီးပြီးတော့ မဲမပေးရင်လည်း ရတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေမှု လုပ်နေပါတယ်။ ရန်ကုန်တိုင်း သုံးခွမြို့နယ်နဲ့ ပဲခူးတိုင်း နတ္တလင်းမြို့နယ်ဘက်မှာလည်း ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လက်ကမ်းစာစောင် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်း နိုင်ငံရေးသမားတွေက ပြောပါတယ်။

(voa)

ကရင်ပြည်နယ်တွင်ရှိကျေးလက်ပြည်သူများကလည်းနိုင်ငံရေးနှင့်မဝေးဘဲ စစ်အာဏာရှင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုများအင်တိုက်အားတိုက်ပြုလုပ်ခဲ့ကြသည်။
ဓါတ်ပုံ = ကွယ်ကလူသတင်း

0 မြန်မာနိုင်ငံက Connection ဘောလုံးပွဲ


ဟုတ်ကဲ့ ဘောလုံးပွဲစတယ်ဆိုတာနဲ့ Firefox က Google ကို စ ပေးတယ် ခင်ဗျ.... Google က Facebook ကို ထပ်ပေးပါတယ်။

ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။


ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ ပြတ်ကျသွားပါပြီခင်ဗျား....

ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ

Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ... ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို့ ပါတဲ့... Gmail လေး က တက်ဖို့ ချောင်းနေတယ်ခင်ဗျ... Loading လေး ဆွဲပြေးသွားပြီ...... ပြည့်ခါနီးပါပြီခင်ဗျ... ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။

အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့  အစွမ်းတွေပေါ့ခင်ဗျ... ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့  ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ... ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Signin ဝင်သွားပြီခင်ဗျ... Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ... အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့... ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ... Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ... ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ... ဘာပြောတာပါလိမ့်...? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ... ဒိုင်လူကြီးက ပြောပါတယ်တဲ့ "အဲလောက်နဲ့ တက်တက်မလာနဲ့ " လို့ ပြောပါတယ်တဲ့။

ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ... User တွေကလဲ တင်းတယ်ခင်ဗျ... ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့... ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို့ ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ..

ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ... ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ... ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး 

by ချစ်သူမြို့တော်

Monday, November 1, 2010

0 တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....







သတင်းဓာတ်ပုံ။ ။ ကိုဒီမိုဝေယံ

Sunday, October 31, 2010

0 မဲရုံတွေကိုမသွားပါနဲ့ မဲမပေးပါနဲ့ (ဦးဝင်းတင်နှင့်မေးမြန်းချက်)

၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။

No Vote interview BaBa Uwin tin (30.10.2010)DVB by dawmanhon
ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့တပတ်ကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထပ်မံ သိရှိနိုင်ဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဆိုတော့ ထပ်ပြီး အဖွဲ့ချုပ်ကလည်း ဆန့်ကျင် သပိတ်မှောက်ထားတယ်ဆိုတော့ ဘာကြောင့် အဓိကအားဖြင့် ဆန့်ကျင် သပိတ်မှောက်ရတယ် ဆိုတဲ့ အချက်လေးတွေ ပြန်ပြီး ရှင်းပြစေချင်တာပါဗျာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ထမင်းဝိုင်းကြီးကျွေးတယ်ဗျာ။ ကျနော်တို့လည်း ထမင်းဆာနေကြတယ်ဗျာ။ ကျနော်တို့လည်း ဒီမိုကရေစီကို လိုလားတောင့်တနေတယ်ဗျာ။ ကျနော်တို့ လိုလားနေသလို ရွေးကောက်ပွဲ ၀င်တဲ့သူလည်း လိုလားတယ်။ ပြည်သူတွေလည်း လိုလားတယ်။ အကုန်လုံးလိုလားနေတဲ့ အချိန်မှာ ဒီမိုကရေစီဆိုတဲ့ ထမင်းဝိုင်းကြီးကို ချကျွေးရင် ကျနော်တို့ စားမှာ ပေါ့ဗျ။ သို့သော် အဆိပ်ခပ်ထားတဲ့ ထမင်းပွဲဆိုရင် ကျနော်တို့ မစားနိုင်ဘူး။ စားလို့မဖြစ်ဘူး။ အခုလည်း ဒါပဲ။ ဒီထမင်းပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။

ဟုတ်ကဲ့ သပိတ်မှောက်တဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဘဘတို့ ဘယ်လို လုပ်ဆောင်သွားမှာလဲ ခင်ဗျ။

ဒီသပိတ်ကို ကောင်းပြီ။ ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့်သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။ ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ အန်ဒီအက်ဖ်ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဦးသုဝေရဲ့ ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေ ရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့လို့မပြောပါဘူး၊ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဥဿုံ သပိတ်မှောက်တယ်ဆိုတဲ့ နည်းကို သုံးပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ဆန့်ကျင်ရမယ်၊ သပိတ်မှောက်ရမယ်၊ အဖွဲ့ချုပ်က ချထားတာပေါ့နော်။ ဒါကို လူအများစုက လက်သင့်ခံမယ်လို့ရော ယုံကြည်ပါသလားခင်ဗျ။

ယုံကြည်ပါတယ်။

ကျနော်တို့ရဲ့ စည်းရုံးမှုအားလည်း ရှိပါတယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်မှုအားလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်း ရှိပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား၊ ဦးဆောင်နိုင်တဲ့ အနေအထား၊ ရှေ့ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါတွေကိုလည်း လူထုက လက်ခံပါတယ်လို့ ပြောချင်ပါတယ်။

ထပ်မေးချင်တာက တချို့ကလည်း ပြောကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီကို သွားမှာပဲ၊ ရွေးကောက်ပွဲကို ဖြတ်ရမယ် ဒီမိုကရေစီဆိုရင်။ အဲတော့ ရွေးကောက်ပွဲကြီးက လုံးလုံးကြီးပေါ့၊ ဒီမိုကရေစီကို ပြောင်းပြန်ကြီး လှန်ပြီးပြောင်းမသွားပေမယ့် နည်းနည်းတော့ ဒီမိုကရေစီကို ဦးတည်ပြီးတော့ သွားမယ်လို့ပြောနေကြပါတယ်။ သူတို့ဥပမာပေးတာက က ကြီးကို ယ ဖြစ်အောင် မလုပ်နိုင်ပေမယ့် ၀ လုံးကိုတော့ ဗ လောက်လေးဖြစ်အောင် နည်းနည်းလေးတော့ချိုင့်နိုင်သေးတယ်ဆိုပြီး ပြောနေတာလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။

အဲဒါကတော့ စကားပမာတွေ ပြောနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေက ဘာလဲ၊ နောက်အခြေအနေကဘာလဲ၊ ရွေးကောက်ပွဲအလွန်ကာလဆိုတဲ့စကားကို ကျနော်တို့ ပထမနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် ဖြတ်သန်းတယ်၊ လိုအပ်တယ်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလကို ထည့်တွက်ရဲ့လား။ ဒီကမ္ဘာပေါ်မှာ စကားတွေ အများကြီးရှိပါတယ်။ ဥပမာ အိုဘားမားကိုယ်တိုင် ပြောတဲ့စကား ရှိဖူးပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့အဖြေလည်းမဟုတ်ဘူး၊ ပြဿနာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ဟာဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပါယ်ရှိတယ်ပေါ့ဗျာ။ ခုနကပြောတဲ့ ၀ ကို ဗလချိုင့် ပဲဖြစ်ဖြစ်ယပလက် ကကြီးပဲဖြစ်ဖြစ်၊ ထဆင်ထူး ပဲဖြစ်ဖြစ် ၀လုံး ၀ိ ပဲဖြစ်ဖြစ် ထားချင်တာထား။ ဆိုလိုတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲဆိုတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ၊ စစ်အာဏာရှင်များဟာ ဆက်ပြီးတော့ စိုးမိုးနေမယ်။ ကြီးစိုးနေမယ်။ သူတို့ခြယ်လှယ်နေမယ်။ သူတို့စိတ်တိုင်းကျ လုပ်နေနိုင်တဲ့အနေအထား။ အဲလိုဆိုရင် ရွေးကောက်ပွဲဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ သူတို့ဟာသူတို့ထင်ပြီးတော့ လွှတ်တော်ထဲမှာ လက်ညိုးထောင်ခေါင်းညိတ်အခြေအနေမျိုးကို ရောက်မှာပဲ။

ဘဘဦးဝင်းတင်အနေနဲ့ ၇ ရက် ၈ ရက်မှာ ဖြစ်လာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေသိအောင်၊ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံကနေ ပြောချင်တာ ဘာများရှိသေးလဲ နောက်ဆုံးအနေနဲ့ပေါ့။

ထပ်ပြောချင်တဲ့စကားက မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့၊ မဲရုံထဲကို မသွားမနေရ ဆွဲသွင်းရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြပါ။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။

မူရင်း။ ။ ဒီမိုကရက်တစ်မြန်မာ့အသံ

0 မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ


    (၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။

    (၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

    (က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”

      ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။

    (ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”

      စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။

(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”

      ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။

(ဃ) “တသီးပုဂ္ဂလများ”

      ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။

    (၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။

      (က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။

      (ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။

      (ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။

      (ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။

    (၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။

    (၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

    (၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။

    (၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု

ပေးပို့သောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 မဲပေးလိုသူများ သေသေချာချာ စဉ်းစားလေ့လာကြပါရန် မြန်မာ့အရေးမှ နှိုးဆော်ခြင်း


ကဗျာ။ ။ ကိုကိုအောင်( ဆန်ဖရန်စစ္စကို)

ခုချိန်မှာ အရေးကြီးနေတာက ပြည်သူတွေအတွက်ဘာမှ မလုပ်ပေးနိုင်မဲ့ လွှတ်တော် ဖြစ်လာရေး၊မလာရေးထက် စစ်အစိုးရက ပြည်သူတွေကို တရားဝင် ဖိနှိပ်ခွင့်ရရှိစေမဲ့ ၂၀၀၈ နာဂစ်ဥပဒေ အတည်မဖြစ်ရေးက ပိုပြီးအရေးကြီးနေပါတယ်ခင်ဗျာ။ လွှတ်တော်ထဲမှာလည်း အမတ်များ ဘာဆိုဘာမှ လုပ်လို့မရနိုင်စေရန် အခြေခံဥပဒေထဲတွင် နည်းလမ်းပေါင်းစုံဖြင့် ထိန်းချုပ်ထားပါတယ်။ဥပဒေများ ကိုပြင်ဆင်ပြောင်းလဲဖို့ ဆိုသည်မှာလည်း လုံးဝ မဖြစ်နိုင်ပါ။လွှတ်တော်ကိုယ်စားလှယ်၇၅%အထက် ဆိုသည့် ကိစ္စမှာ စိတ်ကူးယဉ်ချင်စရာမဟုတ်ပါ။

အခု ဒီပွဲလုပ်ပေးတာကိုက မလုပ်ပေးရင်မဖြစ်တဲ့ အနေအထားတွေရှိနေလို့ မလုပ်ချင်၊လုပ်ချင်နဲ့ လုပ်ပေးရတဲ့ပွဲပါ။ စေတနာရှိလို့မဟုတ်ပါဘူး။ ပွဲအောင်မြင်ရင် (ဖြစ်မြောက်ရင်မဟုတ်ပါ၊ဖြစ်မြောက်တိုင်းမအောင်မြင်နိုင်ပါ) နောင် အနှစ်၂၀ ဆိုလည်းဟုတ်၊အနှစ်၅၀ ဆိုလည်းဟုတ် ပြည်သူများစစ်ကျွန် ဖြစ်သွားနိုင်ပါတယ်။

"အခြေခံ ဥပဒေကို တပ်မတော်က အဓိက ကာကွယ်ရမည်" ဆိုတဲ့စကားက အရမ်းအရေးကြီးပါတယ်။လက်ရှိ ဒီဥပဒေက အသက်မ၀င်သေးပါဘူး။ အသက်ဝင်ပြီးသွားရင် ပြန်ပြင်ဖို့ဆိုတာ ပိုခက်သွားပါလိမ့်မယ်။ဖြစ်နိုင်ရင် ၂၀၀၈ အခြေခံဥပဒေကို သေချာလေ့လာကြစေချင်ပါတယ်။

ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လွတ်လပ်ခွင့်၊ပြည်သူ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးရမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ပြောင်းပြန်ဖြစ်ပြီး ပြည်သူတွေကို လက်ရှိ ဘ၀ထက်ပိုမို ဆိုးရွားအောင် စီမံထားတာတွေ့ရပါလိမ့်မယ်။

ဥပမာ ထုတ်ပြရရင် ယခုပြည်သူတွေရဲ့မြေတွေကို မတရားသိမ်းယူတယ်၊ကလေးတွေကိုစစ်သားအဖြစ် စုဆောင်းတယ်၊တိုင်းရင်သားတွေကိုအဓမ္မလုပ်အားပေးခိုင်းစေနေတယ်။ပြည်သူကိုထင်သလိုချယ်လှယ်နေတယ်။ ဒါ တရားမ၀င်ခိုင်းနေတာပါ။

နိုင်ငံတကာက ကန့်ကွက်နေကြသလို၊ILO ကြောင့် လယ်သမားအချို့ မြေပြန်ရကြပါတယ်၊ကလေးအချို့ မိဘရပ်ထံ ပြန်ခွင့်ရခဲ့ကြပါတယ်။နိုင်ငံတကာမီဒီယာမှ ထောက်ပြ ပြောဆိုဝေဖန်လို့ ရနေပါသေးတယ်။ အခြေခံ ဥပဒေအသက်ဝင်သွားပြီဆိုရင်တော့ ဒါတွေလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီလုပ်တော့မှာ ဖြစ်တဲ့အတွက် ဘယ်သူကမှ မကယ်နိုင်တော့ပါဘူး။နောက်ဆုံး နိုင်ငံတကာက ပြောဆိုလာရင်လည်း အခြေခံဥပဒေနဲ့အညီ လုပ်နေတာပါဆိုပြီးပြန်လည်ခြေပဖို့ အခွင့်အရေးရရှိသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီဥပဒေ အသက်မ၀င်ရေးဟာ အဓိကဖြစ်သည့်အတွက် မဲမပေးသင့်ကြောင်း၊ မဖြစ်မနေ မဲပေးရမယ်ဆိုရင် ပယ်မဲဖြစ်အောင် လုပ်သင့်ကြောင်းပြောဆိုနေရခြင်းဖြစ်ပါတယ်။မဲမပေးသည့် အတွက်ကြောင့်သင့်အား မည်သည့်ဥပဒေနှင့်မျှ အရေးမယူနိုင်ပါ။ သင်မဲမပေးခြင်းသည် ဥပဒေနှင့်အညီ မဲမပေးခြင်းသာဖြစ်ပါသည်။
မဖြစ်မနေ မဲရုံကိုသွား၊မဲပေးရတော့မယ် ဆိုရင်ဖြင့် နည်းပေးလမ်းညွှန်ပြုလုပ်လိုသည်မှာ ဆန္ဒမဲပေးအခန်းတွင်းကိုဝင်ပြီး ခြင်္သေအမှတ်အသားကိုရှောင်ကာ အခြားအမှတ်အသားနှစ်ခုကိုရွေးချယ်ကာ အမှန်နှစ်ခါခြစ်၍ ပယ်မဲဖြစ်အောင်ကိုယ်တိုင်ခြစ်ကာ မိမိကိုယ်တိုင် မဲပုံးအတွင်း သေသေချာချာထဲ့ခဲ့စေလိုပါတယ် ခင်ဗျား။

ထိုသို့ ပယ်မဲဖြစ်အောင်ပြုလုပ်ခြင်းအားဖြင့် သင်တို့အား မည်သည့်ဥပဒေနှင့်မျှ အရေးယူနိုင်ခြင်း မရှိသည့်အပြင် သင်အမှန်နှစ်ခါခြစ်ကြောင်း ချောင်းမြောင်းကြည့်ရှုသူ မဲရုံဝန်ထမ်းအား အရေးယူပေးပါရန် တိုင်ကြားနိုင်ပါတယ်။အရေးကြီးသည်မှာ မကြောက်ရွံ့ ရန်သာဖြစ်ပါတယ်။

သင်၏ကိုယ်ပိုင်လွတ်လပ်မှု အခွင့်အရေးအား အာဏာဖြင့်ထိန်းချုပ်ရန် ကြိုးစားသူအား တရားဥပဒေနည်းလမ်းကျ ပြန်လည်တုံ့ပြန်ရန် လိုအပ်ပါတယ်။

မိမိရဲ့ အသိဥာဏ်ေ၀၀ါးမှုကြောင့်၊မိမိ၇ဲ့အသုံးမကျမှုကြောင့် နောင်သားစဉ် မြေးဆက် ဒုက္ခရောက်မဲ့ အဖြစ်မျိုး မကြုံတွေ့စေလို၍ ပြောဆိုတိုက်တွန်းနေခြင်းဖြစ်ပါတယ်ခင်ဗျား။
ခြင်္သေအမှတ်အသားကိုရှောင်ကာ အခြားအမှတ်အသားနှစ်ခုကိုရွေးချယ်ကာ အမှန်နှစ်ခါခြစ် ၍ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း၏ ထိရောက်မှုများအား အောက်ဖော်ပြပါ ဗီဒီယိုမှ ရှင်းလင်းချက်များအား ကြည့်ရှုခြင်းဖြင့် သင်နားလည်နိုင်မည်ဖြစ်ပါတယ်။

http://www.dawnmanhon.com/2010/10/blog-post_6127.html

(မြန်မာ့အရေး)

0 လွတ်ငြိမ်းခွင့် Freedom


လွတ်ငြိမ်းခွင့် Freedom

ငါ … ဘာမှ မဟုတ်တဲ့ငါ။

ဘာမှ အသုံးမဝင်တဲ့ငါ။

ဘာမှ အကျုံးမဝင်တဲ့ငါ။

လူမှုရေးတော့ သိ။

စီးပွားရေးက မရှိ။

ပညာရေးက မဟုတ်။

ကျန်းမာရေးက ဆုတ်ယုတ်။

ဖွဲ့စည်းပုံက ထွေပြား။

နိုင်ငံရေးက ဝေဝါး။

ဘာမှ အသုံးမကျတော့တဲ့ငါ။

ဘာမှ အကျိုးမပြုတော့တဲ့ငါ။

ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။

ငါ မဟုတ်တော့တဲ့ငါ …။

ဒါပေမယ့်…ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။

ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။

ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။

ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။

ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါဘဲ။

အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။

ငါရှက်လှပါဘိ။

ဒါကြောင့် . . .ငါ, ထပ်ပြောမယ်။

ငါဟာ ငါမဟုတ်တော့ဘူး။

ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။

ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။

ငါ့လမ်း ငါသွားပါရစေတော့။

ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်

ပေးကြပါတော့။

နောင်တစ်ချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့

ဝင်လေ ထွက်လေရပ်ပြီး

ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။

ငါ မဟုတ်တော့တဲ့ငါ။ (ကျော်သူ)

( ၂.၁၁.၁၉၅၉ှ မှ ၂၀ ? ? )

0 ရွေးကောက်ပွဲတွင် မဲလိမ်ရန်စီစဉ်နေ

photo by AP
မြန်မာနိုင်ငံအတွင်းရှိ မ.ယ.က ၇ုံးများသို့ ယနေ့ညနေပိုင်းတွင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးနှင့် မဲပြားများရောက်ရှိလာပြီဖြစ်ပြီး၊၇ ရက်နေ့မှ ရွေးကောက်ပွဲ ပြုလုပ်ရမည် ဖြစ်သော်လည်း မဲလိမ်ရန် အတွက် ကြိုတင်စီစဉ်နေကြောင်းသတင်းရရှိပါသည်။

စီစဉ်ပုံမှာ ၄ ရက်နေ့တွင် မ.ယ.က ရုံး၌ ကြိုတင်မဲများ စတင်ကောက်ယူမည်ဖြစ်ပြီး ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရပ်ကွက် ရ.ယ.က ၇ုံးများတွင်ပါ ကောက်ယူမည်ဖြစ်ပါသည်။ထိုသို့ ကောက်ယူရာတွင် ၇ပ်ကွက်အတွင်းရှိပြည်သူများအား အိမ်တိုင်ရာရောက် လိုက်၍ခေါ်ဆိုကာ ကြိုတင်မဲပေးခိုင်းမည်ဖြစ်ပြီး၊ မဲရုံ စောင့်ကြည့်မည့် တာဝန်သိပြည်သူများ နှင့်အတိုက်အခံ မှ လူများအား ၀င်ရောက်ခွင့် ပေးမည်မဟုတ်ကြောင်းသိရပါသည်။

ထို့အပြင် မဲရုံဝန်းကျင်တွင် စောင့်ကြည့်ရန်အတွက် စွမ်းအားရှင်အဖွဲ့များအား ထားရှိမည် ဖြစ်ပြီး မဲရုံအတွင်း၌လည်း ပြည်သူများ၏ မဲပြားများအားစောင့်ကြည့်၍ ကြံ့ဖွံ့ပါတီ မဲရရှိစေရန် ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် မဲရုံ၏ မဲမသမာမှုများအား ဖော်ထုတ်မည့်သူ၊တိုင်တန်းမည်ဟု ယူဆရသူများအား အထူးစောင့်ကြည့်ရန်၊လိုအပ်ပါက ရွေးကောက်ပွဲလွန် ကာလအထိ ဖမ်းဆီးထိန်းသိမ်းထားရန် နှင့် မဲရုံတွင်ဖြစ်သော ပြသနာများအား ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်မှ တာဝန်ယူကာကွယ်ပေးရန် အထက်မှ လျို့ဝှက် အမိန့်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာအရေး

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.