Wednesday, March 16, 2011
0 စစ်အာဏာရှင်ခေါင်းဆောင်တို့၏လက်ကိုင်ဒုတ် တေဇရဲ့မဒွယ်ရေခဲတောင်ခရီးကြမ်း ရဟတ်ယာဉ်ပျက်ကျတဲ့ မှတ်တမ်းဓာတ်ပုံများ
0 ပါဆယ်ပစ္စည်း ဓါတ်ပုံရိုက်ပြီး မထသကို ၂နာရီအတွင်းပေးရမည်
အဝေးပြေးယာဉ်ရပ်နားစခန်းတွေမှာ ခရီးသည်ရဲ့ ပစ္စည်း၊ ပါဆယ်ထုပ်တွေကို ဖွင့်ဖောက် စစ်ဆေးမယ့်အပြင် ဒစ်ဂျစ်တယ် ကင်မရာနဲ့ ရိုက်ကူးပြီး နှစ်နာရီအတွင်း ကော်မတီ ပို့ဆောင်ရေးဋ္ဌာနကို ပေးပို့ရမယ်လို့ သိရပါတယ်။
]လိုက်နာမှုမရှိဘဲ ပြဿနာပေါ်ပေါက်ခဲ့ရင် ယာဉ်လိုင်းကို ပိတ်သိမ်းတဲ့အထိအရေးယူဆောင်ရွက်သွားမယ်} လို့ မထသ (အဝေးပြေး )မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အောင်မင်္ဂလာနဲ့ ဒဂုံဧရာ အဝေးပြေးရှိ သက်ဆိုင်ရာယာဉ်လိုင်းတွေက မိမိယာဉ်ရဲ့ ယာဉ်အထွက်မှာ တင်ဆောင်မယ့် ပါဆယ်ထုပ်၊ ခရီးသည်ရဲ့ ပါလာတဲ့ ပစ္စည်း၊ အဝေးပြေးဂိတ်ကို ဝင်ရောက်လာတဲ့ ယာဉ်ရဲ့ ပါလာတဲ့ ပါဆယ်ထုပ်၊ အဝင်ခရီးသည်ရဲ့ ပစ္စည်းကိုတွေကို ဖွင့်ဖောက်စစ်ဆေးပြီး ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးရမှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ယာဉ်လိုင်းတွေက ဒစ်ဂျစ်တယ်ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံတွေကို ယာဉ်ဝင်ရောက်ပြီး နှစ်နာရီအတွင်း ပို့ဆောင်ရေးဋ္ဌာနကို စီဒီ၊ မမ်မိုရီကတ်၊ မမ်မိုရီစတစ်၊ နောက်ပြီးတိုက်ရိုက်ရိုက်ကူးခဲ့တဲ့ ဒစ်ဂျစ်တယ်ကင်မရာကို ယူဆောင်ပေးပို့ရမယ်။ ကော်မတီရဲ့ သတ်မှတ်ထားတဲ့ ပုံစံဇယားနဲ့အတူ အချိန်မီ အလေးထားပေးပို့သွားရမှာ ဖြစ်တယ်လို့ သိရတယ်။
ယာဉ်လိုင်းတွေ အနေနဲ့ ဆောင်ရွက်မှု ရှိမရှိကိုလဲ ကော်မတီက ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားမယ် လို့ မထသ မှ တာဝန်ရှိသူက ရှင်းပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး ) မှ ၂၀၁၁ခုနှစ် မတ်လ ၇ ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းတွေအားလုံးကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
ခရီးသွား လုပ်သားပြည်သူတွေ လိုရာခရီးကို လုံခြုံချောမွေ့စွာ ရောက်ရှိစေဖို့အတွက် အဝေးပြေး ယာဉ်ရပ်နားစခန်းတွေက လုံခြုံရေးတွေကို တိုးမြှင့်ဆောင်ရွက်နေတာလို့လည်း သိရှိရပါတယ်။
မူရင်း။ ။ ကုမုဒြာသတင်းဂျာနယ် (၁၅.ဝ၃.၂၀၁၁ နေ့ထုတ်)
Tuesday, March 15, 2011
Monday, March 14, 2011
0 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားများအင်တာဗျူး
Burma's Nobel Peace Prize Laureate & pro-democracy leader Aung San Suu Kyi answered questions during a live 45 minute phone interview at UC Berkeley after her most recent release from house arrest. During the interview, ASSK shares her personal messages to younger generation, college students, as well as to students from Burma and the Burmese communities around the world, among other things. The event took place on March 7th, 2011.
This interview was apart of the Burmese Politics Decal course at UC Berkeley and Aung San Suu Kyi was invited to be a guest speaker for the class and its invited guests. More details below.
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေ တက္ကသိုလ် ကျောင်းသားတွေက ဦးဆောင်ပြီးတော့ လုပ်တဲ့ အဲဒီ ဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းဆောင်ထဲမှာပဲ မတ်လ ၇ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တာပါ။ တနာရီနီးပါးကြာတဲ့ အဲဒီဆွေးနွေးပွဲအတွင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိတ်ရှည်လက်ရှည် ရှင်းလင်းခဲ့သလို မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကို သိရှိ နားလည်အောင် ကြိုးစားပေးကြဖို့လည်း ကျောင်းသားလူငယ်တွေကို တိုက်တွန်းသွားပါတယ်။
“ပထမဆုံးက မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သတိပြု သတိထား စောင့်ကြည့်ကြဖို့ပါ။ ဒုတိယအနေနဲ့တော့ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီမိုကရေစီ ရချင်သလဲ ဆိုတာကို သိအောင်လုပ်ဖို့ပါ။ ဒီမိုကရေစီဆိုတာ လောကနိဗ္ဗာန် မဟုတ်ပါဘူး။ ဒါကို အမေရိကန်က လူတွေကတော့ သိပြီးဖြစ်မှာပါ။ ဒီမိုကရေစီဆိုတာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာ၊ ကိုယ်ရင်ဆိုင်နေရတဲ့ ကိစ္စမျိုးတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။
“ဘယ်လိုစိန်ခေါ်ချက်တွေကို မဆို ရင်ဆိုင်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့အတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို လိုလားကြတာ ဖြစ်ပါတယ်။ လွတ်လပ်မှု အတိုင်းအတာ တစုံတရာနဲ့ အသိဉာဏ် ပိုင်ဆိုင်မှု ရှိထားမှ ဒီစိန်ခေါ်ချက်တွေကို ကိုယ်တိုင် ဖြေရှင်း ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ မြန်မာလူထုက သူတို့အနေနဲ့ ဘယ်လိုအုပ်ချုပ်ရေးမျိုးကို လိုချင်တယ်၊ ဘယ်လို တိုင်းပြည်မျိုး လိုချင်တယ် ဆိုတာမျိုးတွေနဲ့ အဲဒီအတွက် သူတို့ ဘာတွေလုပ်နေကြတယ် ဆိုတာမျိုးကို အမေရိကန် ပြည်ထောင်စုနဲ့ အခြား ကမ္ဘာ့နိုင်ငံတွေက လူငယ်တွေ သိစေချင်ပါတယ်။”
မြန်မာနိုင်ငံတွင်းမှာ လူငယ်တွေကို အဓိက အားထားပြီး ပြည်သူ့ကွန်ရက် တည်ဆောက်နေတဲ့ ရည်ရွယ်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အသေအချာ ရှင်းပြသွားပါတယ်။ မိမိရဲ့ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲချင်စိတ်ဖြစ်အောင် အရင်ဆုံး စလုပ်ရမှာဖြစ်ပြီး ဒီ့အတွက် အခွင့်အလမ်း လိုအပ်ချက်ဟာ ဒီမိုကရေစီပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်သူလူထု ကိစ္စက အရင်ကျပါတယ်။ ဒုတိယကျမှ ဒီမိုကရေစီပါ။ ဒါကြောင့်လည်း ဒီမိုကရေစီအတွက် ပြည်သူ့ကွန်ရက်တရပ် ထူထောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီမိုကရေစီ လိုချင်တာလဲ၊ ဒါကို ပြည်သူတွေ နားလည်အောင် လုပ်နိုင်ဖို့ပါ။
“ဒီတော့ ပြည်သူလူထု အနေနဲ့ ကနဦးအဆင့် သူ့ လူ့အသိုင်းအ၀ိုင်း အတွင်းမှာ ပြောင်းလဲမှုတွေ ဖြစ်လာအောင် စတင်လုပ်ကြရပါမယ်။ အဲဒီကနေ နောက်တဆင့် လွတ်လပ်မှုတွေ ရှိလာဖို့နဲ့ အပြောင်းအလဲအတွက် အခွင့်အလမ်း ကိစ္စတွေကို ရှာဖွေရပါမယ်။”
အခုဆွေးနွေးပွဲမှာ ကယ်လီဖိုးနီးယားပြည်နယ် အတွင်းမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အချို့နဲ့ ဘာကလေ တက္ကသိုလ်မှာ စာသင်ကြားနေတဲ့ မြန်မာလူငယ် အချို့လည်း တက်ရောက်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေးခွန်းတွေ ကိုယ်တိုင် ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် မြန်မာလူငယ်တွေ အနေနဲ့ မြန်မာနိုင်ငံတွင်းက လူငယ်တွေရဲ့ အခြေအနေကို မမေ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
“ဒီလိုတိုင်းပြည်မျိုးမှာ ကြီးပြင်းခွင့်ရတာ ဒီအတွေ့အကြုံတွေနဲ့ ကိုယ့်ဘ၀ကို ရင့်ကျက်စေပါတယ်။ ဒီလိုတိုင်းပြည်တွေမှာ ကြီးပြင်းနေထိုင်ခွင့် ရတဲ့အတွက် အဲဒီတိုင်းပြည်တွေကိုလည်း သစ္စာရှိရပါမယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံကိုလည်း မမေ့စေချင်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုဘ၀ တိုးတက်ရေး ကူညီနိုင်ဖို့ အတွက်လည်း ဒီလူတွေ လိုအပ်ပါတယ်။ မြန်မာပြည်က လူငယ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရောက်နေတဲ့ လူငယ်တွေလောက် အခွင့်အလမ်းတွေ မရကြပါဘူး။
“ဒါကြောင့် မြန်မာလူငယ်တွေ ပညာရေး တိုးတက်လာဖို့အတွက် အာရုံထားပြီး အမေရိကန် ပြည်ထောင်စုရောက် မြန်မာလူငယ်တွေ လုပ်ပေးနိုင်ကြမယ်ဆိုရင် ကျမ အင်မတန် ကျေးဇူးတင်ပါတယ်။ ဥပမာ ပညာရေး ရန်ပုံငွေတရပ် ထူထောင်တာမျိုး ဖြစ်ဖြစ်ပေါ့။”
အခုဆွေးနွေးပွဲ အတွင်းမှာတော့ ကိုယ်တိုင် တက်ရောက်လာသူ ကျောင်းသားလူငယ်
၃၀၀ လောက်ရှိပြီး ဂျပန်၊ သြစတြေးလျနဲ့ ထိုင်းနိုင်ငံက ကျောင်းသား ၁၅၀ ကျော်ဟာလည်း အင်တာနက်ကတဆင့် ပါဝင်နားထောင် ဆွေးနွေးခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေ ဘက်ကတော့ သူတို့အနေနဲ့ မြန်မာပြည် လွတ်မြောက်ရေးနဲ့ သူတို့ ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ မေးမြန်းချက်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘ၀ အချို့ကိုလည်း မေးမြန်းခဲ့ကြပါတယ်။
အခုဆွေးနွေးပွဲဟာ နိုင်ငံတကာရှိ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အင်တာနက်ကတဆင့် တိုက်ရိုက် ဆွေးနွေးခွင့်ရတဲ့ ရှားရှားပါးပါး အခြေအနေတခု ဖြစ်သလို ဒီဆွေးနွေးပွဲကို ဘာကလေ တက္ကသိုလ် ကျောင်းသားတွေဘက်က ဦးဆောင် ကမကထ လုပ်ခဲ့တာလို့လည်း သိရပါတယ်။
စာစု(VOA)
Sunday, March 13, 2011
0 အွန်လိုင်းသပ်(မောင်မောင်ဝမ်း)
“ အေး --ဖေ့ဘွတ်ပေါ်မှာတော့ သတင်းတင်ထားတာတွေ့တယ်…မှန်မမှန်တော့ မသိဘူး..နောက် ဧရာဝတီ အင်္ဂလိပ်ပိုင်းအစီစဉ်မှာလည်း မေဆွိသေပြီလို့ သတင်းတင်ထားတယ်တဲ့
အခုရက်ပိုင်းများအတွင်းမှာလူထုကိုအုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်မဲ့မမှန်မကန်သတင်းတွေကိုဧရာဝတီလို ကျော်ကြားတဲ့ဝက်ဆိုဒ်ကစလို့ကမ္ဘာကျော်ဖေ့ဘွတ်(Facebook)စာမျက်နှာတွေပေါ်မှာပါပေါ်ထွက်လာတာတွေ့ရပါတယ်။ ချက်ခြင်းဆိုသလိုဧရာဝတီဝက်ဆိုဒ်ကတော့သူတို့ဆိုဒ်ထဲကိုဝင်ဟက်ပြီးရေးသားသွားတယ်ဆိုတဲ့အကြောင်းရှင်းလင်းခဲ့ပါ တယ်။ဒါတွေကတော့အဆိုကျော်တွေဖြစ်ကြတဲ့မေဆွိနဲ့ရဲလေးသေဆုံးသွားပြီဆိုတဲ့အကြောင်းတွေပါ။မြန်မာလူထုအတွင်း မှာ ဘာပဲဖြစ်ဖြစ် ထူးဆန်းတဲ့ သတင်းတွေဖြစ်စေခဲ့တာ အမှန်ပါ၊ ရုတ်ရုတ်သဲသဲလည်းဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော့်အမြင်လေးတွေကို အတွေ့အကြုံအပေါ်အခြေခံပြီးတင်ပြချင်ပါတယ်။
ဒီကိစ္စတွေဟာသွေးရိုးသားရိုးပေါ်လာတဲ့ကိစ္စများလို့ကျနော်မမြင်ပါဘူး၊ရည်ရွယ်ချက်ရှိရှိဦးတည်ဆောင်ရွက်နေတဲ့ အရာများလို့ယုံကြည်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗိုလ်ချုပ်မူးကြီးကိုယ်တိုင်က မီဒီယာတွေရဲ့အခန်းကဏ္ဍအပေါ်မှာ စိုးရိမ်စိတ်ရှိပါတယ်။နောက်တခါ တူနီးရှားလို နိုင်ငံကစလို့ အီဂျစ် ယီမင် ၊လစ်ဗျား စတဲ့ နိုင်ငံတွေမှာ မီဒီယာအခြေပြု လူထုတော်လှန်ရေးများကလည်း အရှိန်ပြင်းပြင်းရိုက်ခပ်နေလေတော့ စိတ်ဓါတ်စစ်ဆင်ရေးအရာရှိဘ၀က လာခဲ့တဲ့ ဦးသန်းရွှေ တစ်ယောက် စိတ်ဓါတ်စစ်ဆင်ရေးများကို အသုံးပြုနေတာလို့ပဲ တထစ်ချယုံကြည်မိပါတယ်။ထူးဆန်းတာက ဒီကစ္စတွေဟာ လူကြိုက်များတဲ့ ဆိုဒ်တွေပေါ်မှာ စတင်ပြီးပေါ်ထွက်လာခဲ့တာပါ။ ကျနော် တခါက ဖတ်ခဲ့ဘူးတဲ့ အကြောင်းအရာတစ်ခုကိုသွားသတိရမိတယ်။အင်မတန်မှမွှေးကြိုင်လှတဲ့ရေမွှေးကိုအင်မတန်မှရွံ့စရာကောင်းလောက် အောင်ဘယ်လိုလုပ်မရမလည်းဆိုတော့အဲဒီအထဲကိုမစင်ပုတ်ရည်တွေများများလောင်းထဲ့ပစ်ရတယ်တဲ့။စဉ်းစားကြည့်ရ အောင်ပါဧရာဝတီဆိုတာအွန်လိုင်းစာမျက်နှာတွေအပေါ်မှာအလွန်မှလူကြည့်များတဲ့ဆိုဒ်တခုဖြစ်ပါတယ်။သတင်းဦးပါတယ်။သတင်းလည်းထူးပါတယ်။လူထုကလည်းစိတ်ဝင်တစားရှိလှပါတယ်ဒါကိုသိနေတဲ့စစ်အာဏာရှင်များကရည်ရွယ်ချက်ရှိရှိနဲ့ လူထုကိုဆိုက်ဝါး(စိတ်ဓါတ်စစ်ဆင်ရေး)နဲ့အယုံအကြည်မရှိအောင်ဖြိုခွင်းပစ်လိုက်တာပါ။ဧရာဝတီကပေါ်ထွက်လာတဲ့ သတင်းတွေကို လူထုစိတ်ဝင်စားမူ့လျှော့နည်းပပျောက်သွားအောင်လုပ်နည်းတခုလို့ပဲမြင်ပါတယ်။
နောက်တခုက ဒီနေ့လူငယ်ထုနဲ့ အွန်လိုင်းပရိတ်သပ်များအကြားရေပန်းအစားဆုံး Facebook ပါ ကျနော်အထက်မှာတင်ပြခဲ့သလိုအားလုံးနီးပါးလည်းသိပြီးသားပါတူနီရှား၊အီဂျစ်ကစလို့နိုင်ငံတချို့မှာလူထုတော်လှန်ရေးဖြစ်ပေါ်ခဲ့တဲ့အခြေခံအချက်လက်များကို အွန်လိုင်းမီဒီယာများနှင့် facebook , twitter တို့ကို အသုံးပြုလုပ်ဆောင်ခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံကစစ်အာဏာရှင်များလည်းအဲသလောက်တော့ညံ့မယ်မထင်ပါဘူးသူတို့လည်းသဘောပေါက်နေမှာပါ။ဒါကို ဘယ်လို တန်ပြန်ရမလည်းဆိုတာလည်း ကြိုတင်ပြင်ဆင်ပြီးဖြစ်နေမှာပါ။
အခုကိစ္စတွေကစစ်အာဏာရှင်များကိုဆန့်ကျင်နေတဲ့မီဒီယာလောကကိုတန်ပြန်ထိုးစစ်ဆင်ခြင်းလို့ပဲနားလည်ထားပါတယ်။နောင်လည်းနံမည်ကြီးနဲ့နံမည်ရအွန်လိုင်းဝက်ဆိုဒ်များကိုလူထုအယုံကြည်မရှိအောင်လုပ်နေဦးမယ်ဆိုတာကြိုတင်မျှော်လင့်လို့ရပါတယ်။တခါကကျနော်အကျဉ်းထောင်အတွင်းမှာရှိနေတဲ့အချိန်စစ်ထောက်လှမ်းရေးအရာရှိတဦးလည်းထောင်ကျလာတာနဲ့ဆုံခဲ့ပါတယ်။သူ့ဆီက…သိသင့်တဲ့အချက်လက်တချက်ကိုသိခွင့်ရခဲ့ပါတယ်။အဲဒီအထဲမှာကျနော်သတိထားမိတာက သူတို့ရဲ့သပ်ခွဲနည်းဗျူဟာတချို့ပေါ့။ဥပမာအတိုက်အခံနိုင်ငံရေးသမားတဦးထိုးထွက်လာပြီနံမည်ထွက်လာပြီဆိုအရင်ဆုံးသူတို့လုပ်လေ့လုပ်ထရှိတဲ့အလုပ်ကတော့…နံမည်ပျက်အောင်လုပ်ခြင်းပဲဖြစ်ပါတယ်။တခြားကိစ္စတွေထက်သူတို့နဲ့ပတ် သက်တယ်ဆိုတဲ့သတင်းတွေကိုလူတွေကြားမှာပြန့်သွားအောင်သူတို့သတင်းပေးသူကတဆင့်လုပ်ဆောင်ပါတယ်။ အဲဒီတော့အဲဒီအတိုက်အခံနိုင်ငံရေးခေါင်းဆောင်ပဲဖြစ်ဖြစ်၊ကျောင်းသားခေါင်းဆောင်၊လူငယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်သူတို့ကိုလူထုကမယုံကြည်ရဲတော့ဘူး..ဒီလိုနဲ့နံမည်အဖျက်ခံလိုက်ရတဲ့လူငယ်ခေါင်းတွေတချို့ရှိခဲ့ပါတယ်။တချို့ဆိုဒီဒဏ်တွေကိုမခံနိုင်လို့ နိုင်ငံရေးစည်းအပြင်ဘက်ရောက်သွားသူများလည်း အများကြီးပါ၊ ဒီလိုဖြစ်အောင်လည်း စစ်အာဏာရှင်များကစနစ်တကျလုပ်ဆောင်နေတာကိုး။အဖွဲ့အစည်းတခုရယ်လို့ပေါ်ထွက်လာပြီဆိုထောက်လှမ်းရေးများကချက်ခြင်းမဖြိုခွင်းပါ ဘူး ဘာဖြစ်လို့လည်းဆိုတော့ တတ်နိုင်သလောက်သတင်းတွေလိုချင်သေးတာဆိုတော့…ပထမ အဲဒီအဖွဲ့အစည်းထဲကိုတယောက်နဲ့တယောက်မယုံကြည်အောင်၊မသင်္ကာဖြစ်အောင်နည်းမျိုးစုံနဲ့လုပ်ဆောင်လိုက်ပါတယ်။တစဆီဖဲ့ထုတ်ပစ်လိုက်ပါတယ်။ပြီးမှ တယောက်ခြင်းဆီ ဆွဲစားပစ်လိုက်တဲ့ နည်းပါ။အဲဒီ နည်းတွေနဲ့ မအောင်မြင်ဘူးဆိုကာမှ ထောင်ချတဲ့နည်းကို နောက်ဆုံးသုံးပါတယ်။
ဆရာပါရဂူရေးသားထားတဲ့“ဝေသာလီကျဆုံးခန်း”ဆိုတဲ့ဝတ္တုကိုဖတ်ကြည့်စေချင်ပါတယ်။အတိုက်အခံနိုင်ငံရေး လောကသားများစံနမူနာယူစရာတွေအများကြီးပါပါတယ်။ဒီအထဲကပုံရိပ်လေးတချို့ကျနော်မှတ်မိသလောက်တင်ပြရမယ်ဆို….ဝေသာလီပြည်ကိုစစ်မတိုက်ယူပဲပျက်စီးဆုံးရှုံးအောင်လုပ်ဘို့အတိုက်အခံရန်သူဘက်ကကြိုးစားခဲ့ပါတယ်၊အဲဒီမှာ ပညာရှိအမတ်တယောက်ကိုတာဝန်ပေးခဲ့ပါတယ်အဲဒီ့ပညာရှိအမတ်ကဝေသာလီတိုင်းပြည်ဆီကိုလက်နှက်ချအညံ့ခံဝင် ရောက်ခဲ့တယ်။ တဘက်တိုင်းပြည်ကလည်း ရန်သူနိုင်ငံက ပညာရှိအမတ်ဆိုတော့ သူ့ကိုနေရာပေးဆက်ဆံခဲ့တယ်လေ၊ အဲဒီမှာတင်ပညာရှိအမတ်ကသူ့စစ်ဆင်ရေးကိုစတင်ခဲ့တယ်။ဝေသာလီဘုရင်က သူ့ကို ညီလာခံတက်ခွင့်ပေးထားလေတော့သူကညီလာခံတက်ရောက်ခဲ့တယ်၊ ညီလာခံဆိုတာ တိုင်းပြည်မှာ ရှိတဲ့အရေးပါအရာရောက်သူတိုင်းစုဝေးလေရာနေရာ ဆိုတော့သူကညီလာခံတက်ရောက်တဲ့အခါမှာ ပထမဆုံးစစ်သေနာပတိကိုစတင်ပစ်မှတ်ထားခဲ့တယ်။ညီလာခံအတွင်းအားလုံးစုဝေးနေတဲ့အချိန်မှာ သူက စစ်သေနာပတိနား ကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
“စစ်သေနာပတိချုပ်ကြီးကျန်းခံသာလို့မာပါစွ”ဆိုတော့စစ်သေနာပတိချုပ်ကြီးကလည်းရိုးရိုးမေးတာဆိုတော့ရိုးရိုးပဲပြန်ဖြေခဲ့တာပေါ့၊ဒီလိုနဲ့နောက်ရက်တွေမှာလည်းအရေးမပါတဲ့မိသားစုသာရေးနာရေးကိစ္စလေးတွေကိုတိုးတိုး…တိုးတိုးနဲ့ ပြောဖြစ်ခဲ့ကြတယ်။ဒါကိုဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ကျန်တဲ့သူတွေကသတိထားမိလာတယ်။စစ်သေနာပတိချုပ်ကြီးကို မေးကြည့်တော့သူကလည်းအမှန်အတိုင်းရိုးရိုးသားသားပဲပြန်ပြောပြတယ်။ကျန်တဲ့သူတွေကဘယ်လိုမြင်လာသလည်းဆို တော့ ဒီလောက်ကိစ္စလေးတွေအတွက် ဘာမှတိုးတိုးတိတ်တိတ်တိုင်ပင်ပြောစရာမလိုပါဘူး
စစ်သေနာပတိချုပ်ကြီးဟာ ရန်သူဘက်က အလင်းဝင်လာတဲ့ အမတ်ကြီ်းနဲ့တိုင်ပင်ပြီး တခုခုကြံစည်နေပြီလို့ယုံကြည်လာကြတယ်။ အမတ်ကြီးက နောက်ထပ်ခြေလှမ်းတလှမ်းတက်ပြီး စစ်သေနာပတိချုပ်အိမ်ကိုပါဝင်ထွက်သွားလာခဲ့တယ်။ စစ်သေနာပတိချုပ်ကြီးက သူ့စိတ်အခံက ရိုးသားသူဖြစ်နေလေတော့ ဘာမှ မသိရှာဘူး ၊ အဲဒီလိုတယောက်ပြီးတယောက်လိုက်လုပ်လိုက်တာ ဝေသာလီတိုင်းပြည်မှာရှိတဲ့ အုပ်ချုပ်သူများဟာ တဦးကိုတဦး အယုံအကြည်မရှိ မသင်္ကာတွေဖြစ် သံသယတွေများပြီး အဆုံးမတော့ ဝေသာလီတိုင်းပြည်ကြီးပျက်စီးခန်းကိုပါ ဆိုက်ရောက်သွားစေခဲ့ပါတယ်။
စစ်အာဏာရှင်များဟာလည်းဒီလိုပါပဲသူတို့မှာငွေအား၊လူအား၊အာဏာအား၊တတ်နိုင်လေတော့ကျနော်တို့အတိုက်အခံအင်အားစုများရဲ့လုပ်ဆောင်နေသမျှအရာရာတိုင်းကိုတန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်တာအဆန်းမဟုတ်တော့ပါဘူးဒါကလည်းသူတို့တာဝန်ပေကိုး၊ဒါကိုပြည်သူလူထုတရပ်လုံးကသတိထားပြီးမြင်တတ်ဘို့လိုအပ်ပါလိမ့်မယ်။အတိုက်အခံအင်အားစုများကိုအယုံအကြည်မရှိရလေအောင်လူထုကရွံ့မုန်းသွားလေအောင်နောင်လည်းစဉ်ဆက်မပြတ်လုပ်ဆောင်သွား လိမ့်မယ်ဆိုတာအတိအလင်းပြောချင်ပါတယ်။အခုကာလများမတော့ကျနော်တို့ခေတ်ကာလတုန်းကလိုမဟုတ်တော့ပဲနည်းပညာတွေတိုးတက်လာပြီးအင်တာနက်ဆိုတာကလည်းခေတ်စားလာလေတော့အွန်လိုင်းပေါ်မှာလည်းလိုက်လံဖြိုခွဲနေတဲ့ သပ်တွေပေါ်နေပါပြီ၊သပ်ဆိုတာကိုတော့အားလုံးသိကောင်းသိပါလိမ့်မယ်၊ထင်းခွဲတဲ့အခါမှာထင်းတုံးကြီးအစိတ်စိတ်အမွှာ မွှာပြိုကွဲသွားအောင်သုံးတဲ့အရာပါ၊
အာဏာရှင်တွေအကြောက်ဆုံးကတော့လူထုတော်လှန်ရေးပဲဖြစ်ပါတယ်။လူထုတော်လှန်ရေးပေါ်ပေါက်လာမှာကိုနည်းလမ်းပေါင်းစုံသုံးပြီးတားဆီးပါလိမ့်မယ်၊ကလိမ်ကကျစ်နည်းလမ်းပေါင်းစုံကိုလည်းသုံးပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်မျိုးကိုအရမ်းချစ်ပြပြီးဝင်ရောက်လာပါလိမ့်မယ်၊အများသူငါယုံကြည်မူ့ရအောင် တည်ဆောက်ပါ့မယ်၊ပြီးမှတယောက်ခြင်းဆီ၊တဖွဲ့ခြင်းဆီကိုပြိုကွဲအောင်၊ယုံကြည်ချက်တွေပျက်ပျယ်သွားအောင်လုပ် ဆောင်ပါလိမ့်မယ်။ စစ်အာဏာရှင်များရဲ့စစ်ဓါတ်စစ်ဆင်ရေးကို သတိထားလို့ပဲပြောချင်ပါတယ်။
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )
0 ဂျပန်မြေငလျင်သတင်း (update မတ်-၁၃ နေ့လည် ၁း၀၀)
ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အထူးကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်မည်ဟု ကမ်းလှမ်းထားပြီး အမေရိကား၊ ဂျာမဏီ၊ ဆွစ်ဇလန်၊ တရုတ် တို့မှ စတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ CNN ၏ အချိန်တော်တော်များများမှာ ဂျပန်ငလျင်သတင်း ဦးစားပေးထုတ်လွှင့်ပေးနေသည်ဟု သိရှိရပါတယ်။
အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ဆက်စပ်နေသည့်နေရာမှ ယခုငလျင်မှာ ဂျပန်နိုင်ငံအရှေ့ဖက် ပစိဖိတ်အတွင်းမှ ပစိဖိတ်ပလိပ်ရွေ့လျားမှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါသည်။ အလျား အရှေ့အနောက် ကီလိုမီတာ-၂၀၀၊ အနံ တောင်မြောက် ကီလိုမီတာ - ၅၀၀ အကျယ်အ၀န်းအတွင်းမှာ 7.0M အထက် ငလျင်ကြီးများ ၇ကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ 5.6 M ၀န်းကျင်ငလျင်များ နေရာအနှံ့ ဆက်တိုက်လှုပ်နေပါသေးတယ်။ ငလျင်ကြီး ကြုံတွေ့ခံစားရသူများအဖို့ 5.0M ငလျင်များကို ငလျင်ဟုမထင်တော့သလိုဖြစ်တတ်တာကြောင့် သတိလက်မလွတ်ကြစေဖို့ ဆော်သြနေပါတယ်။ Japan Meteorological Agency (JMA) မှ မတ်လ - ၁၁ ရက်နေ့ ဖြစ်ပေါ်ခဲ့သောငလျင်အား မက်ဂနိကျု့ 8.8M ဟုဖေါ်ပြခဲ့ပြီး အမေရိကားမှ တိုင်းတာချက်အရ 8.9M ဟုဖေါ်ပြခဲ့ပါတယ်။
ယနေ့ မတ်လ - ၁၃ ရက်နေ့ ဂျပန်စံတော်ချိန် နေ့လည် ၁နာရီ JMA မှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သြစတေးလျနိုင်ငံမှ တိုင်းတာချက် ဂရပ်ဖ်အား ပြန်လည်ကြည့်ရှုသုံးသပ်ပြီးနောက် မတ်လ - ၁၁ ရက်နေ့ လှုပ်သွားသော ငလျင်အား မက်ဂနိကျု့ 9.0M အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်သော ငလျင်များထဲတွင် ၁၉၀၀ ခုနှစ်နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံးငလျင်ကြီးဖြစ်ပြီး မှတ်တမ်းများအရ နှစ်-၅၀၀ တွင်တကြိမ် ခန့်ဖြစ်ပေါ်သည်ဟုဆိုပါတယ်။ ၁၉၉၅ ကိုဘေးငလျင်သည် မက်ဂနီကျု့ 6.8M သာရှိသော်လည်း ငလျင်ဗဟိုချက်ဖြစ်သောကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၉၉ တိုင်ဝမ်ငလျင်သည်လည်း 7.6M ဗဟိုချက် ၂ကြိမ်ဖြစ်ခဲ့ပါတယ်။
အမေရိကားပလိပ်၊ ဖိလစ်ပိုင်ပလိပ်၊ ပစိဖိတ်ပလိပ် ၃ခုလုံး တပြိုင်တည်းရွေ့လျားမှုဖြစ်ပေါ်နိုင်ခြေလည်းရှိပါ တယ်။ တပြိုင်တည်း ရွေ့လျားခဲ့ပါက ဖေါ်ပြရန်ခက်ခဲ့သော ကြီးမားပြင်းထန်သည့် ငလျင်များစွာ ဖြစ်ပေါ်နိုင်ပြီး ကြီးမားသော စူနားမိများလည်းဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ လက်ရှိ ခန့်မှန်းထားကတော့ ဘယ်နေရာကို ဗဟိုပြုပြီးတော့ ဖြစ်ပေါ်လာမယ်မှန်းမသိနိုင်တဲ့ 7.0M ငလျင် ၃ရက်အတွင်းဖြစ်ပေါ်ရန် ၇၀% ဟုပြောကြားသွားပါတယ်။
အထက်ပါအကြောင်းအရာတွေကတော့ ANN နေ့လည် တစ်နာရီသတင်းကို ကြည့်ရှုပြီး အဆင်ပြေသလိုတင်ပြထားခြင်းဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားများအနေဖြင့် မိတ်ဆွေအချင်းချင်း ဆက်သွယ်မှုပြုလုပ်ရန် ပြင်ဆင်ထားပါ။ တကယ်ငလျင်ကြုံတွေ့ရပါက ဖုန်းဆက်သွယ်မှုများ ပြတ်တောက်နိုင်ပြီး တိုက်များပြိုကျမှု၊ လမ်းများပျက်စီးမှုကြောင့် အရှေ့အနောက် တောင်မြောက် အရပ်တွေ မသိဖြစ်နိုင်ပါတယ်။ မိမိတို့အနေဖြင့် အမှတ်အသားတစ်ခုပြုလုပ်ပြီး အရေးပေါ်အခြေနေကြုံတွေ့လာပါက ထိုနေရာတွင်ဆုံတွေ့ လူစုကြနိုင်ရန် တိုင်ပင်ထားပါ။ မဖြစ်ပေါ်လာခဲ့လျင်တော့ အကောင်းဆုံးဖြစ်ပါသော်လည်း ဖြစ်ပေါ်လာခဲ့လျှင် ကံတရားက မျက်နှာသာပေးပါခဲ့က ကယ်ဆယ်ရေးများ မရောက်လာမီအချိန်အတွင်း အသက်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေဖို့ မိမိ၏ အရေးကြီးသော မှတ်တမ်းများ၊ စားစရာအနည်းငယ်၊ သောက်စရာရေ၊ လက်နှိပ်ဓါတ်မီး၊ တနိုင်ဆွဲပြေးနိုင်သော အိတ်တလုံးထဲတွင် အသင့်ပြင်ထားကြရန်လိုပါတယ်။ ဟန်းဖုန်းများတွင် ငလျင် Alarm ဆက်တင်ပါသဖြင့် ဖြစ်နိုင်ပါက ON ထည့်ထားကြပါ။ အိပ်သည့်အခါ ဘေးဘီတွင် ပြုတ်ကျလာနိုင်သော ပစ္စည်းများမရှိသည့် နေရာကို ရွေးချယ်အိပ်ပါ။ ယမကာသောက်တတ်သူများ ယခုရက်ပိုင်းအတွင်း ခေတ္တဂရုစိုက်ဆင်ခြင်သင့်ပါသည်။
ယခုရေးသားနေသည့်အချိန်တွင်လည်း မရေမတွက်နိုင်သော ငလျင်များဖြစ်ပေါ်နေပါသည်။ ပုံတွင်ကြည့်ရှုပါ။

အသေးစိတ် update news များဖတ်လိုပါက JMA Home Page မှာ လေ့လာနိုင်ပါတယ်။ ငလျင်ဒဏ် ဆူနမီဒဏ်ကြုံတွေ့နေရခြင်းအပြင် နူးကရီးယားဓါတ်အားပေးစက်ရုံ ယိုစိမ့်မှုပြဿနာလည်းရင်ဆိုင်နေရပါတယ်။ အားလုံးသော ဂျပန်ရောက် မြန်မာနိုင်ငံသာများ ကံဇာတ်ဆရာ၏ မျက်နှာသာပေးမှုကို ခံယူနိုင်ကြပါစေ ခင်ဗျာ။
mmcpcommunityမှ Dragon Ballအားကျေးဇူးတင်ရှိပါသည်....
0 ဆယ်နှစ်လည်းပြည့်ခဲ့ပြီ . . . တစ်သိန်းလည်းပြည့်တော့မည်
ရည်ရွယ်ချက် -
ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး အစီအစဉ်တစ်ရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဓါတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓါတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ စိတ်ပါဝင်စားသော ပြင်ပဓါတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ - နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသော လူသားတစ်ဦးအတွက် ထိရောက်စွာပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပဓါတ်ပုံပညာရှင် များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ လူသားတစ်ဦး၏ နောက်ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများ အား ကုသိုလ်လည်းရကာ မိမိတို့၏ ဓါတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့် ရစေမည်ဖြစ်သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘ၀နိဂုံး . . . အဆုံးပုံရိပ်” ဓါတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓါတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့၎င်း၊ တီဗီသက်မွန်နှင့်အဖွဲ့ အမှတ်(၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲ ကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။
ကိုကျော်သူအား ကျေးဇူးတင်ရှိပါသည်. ..
1 ဧရာဝတီ သတင်းစာမျက်နှာ ဝက်ဘ်ဆိုက် အင်္ဂလိပ်ပိုင်းမှာအဆိုတော် မေဆွိ သေတယ်ဆိုတဲ့သတင်းနှင့်ပတ်သတ်၍ မဟုတ်မမှန်ကြောင်းအဆိုတော် မေဆွိ မှပြန်လည်ဖြေရှင်းချက်
0 ၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နှင့် ၁၃ ရက် ၁၆ရက်ရန်ကုန် စက်မှု တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နှင့် ၁၃ ရက် ရန်ကုန် စက်မှု တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ on Scribd">၁၉၈၈ ခုနှစ်၊ မတ်လ ၁၂ ရက်နှင့် ၁၃ ရက် ရန်ကုန် စက်မှု တက္ကသိုလ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကိုပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး မဆလအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတယ်။ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက ကျောင်းသားများကို ရွှေပြည်အေး တရားဟောခဲ့ပါတယ်။
အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူကကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေလည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှမဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။
အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကိုလှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသောကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။
ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။
ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။
အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသောခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင်အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်းအင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။
ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကိုတွေ့လိုက်ရတယ်။ စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။
အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ဝိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။
ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများကမပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။
ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာအိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။အဲ့ဒီနောက် အသင့်စောင့်နေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနဲ့ သေဆုံးသူများကိုကားပေါ်ပစ်တင်လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး
ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်းတစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။
တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာက မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင်ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။
မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသောမတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာအုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့ စင်မြင့်ပေါ်မှာဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့်မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။
ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီးစောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက တိတ်တဆိတ်သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။
ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို စစ်သားများ လုံထိန်းများ ထောင်နဲ့ချီပြီးဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေက မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကိုမထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။
ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲသေနတ်များ နံပါတ်တုတ်များနဲ့ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီးကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ်တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီးခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင်ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရကအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။
(ဒီ မဆလအာဏာရှင်ရဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောအချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။
အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများကအုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီးထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။
ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဆီကို အရှိန်အဟုန်ပြင်းစွာနဲ့ အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။
(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။
၁၉၈၉ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ တံတားနီနေ့  တစ်နှစ်မြောက်နဲ့  ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝင်းအတွင်း ဗိုလ်အောင်ကျော်အုတ်ဂူရှိရာ မြေကွက်လပ်မှာ နှစ်ပတ်လည် ကျင်းပခဲ့ပါတယ်။
Photo..ပန်းချီဒီဇိုင်း - ကိုမျိုး (မြန်မာစာ)












