နိုင်ငံခြားသွားချင်ကြတဲ့ လူငယ်လုံမယင်လေးတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်နေစဉ်က ဘာကြောင့် နိုင်ငံခြားသွားချင်ကြတာလဲဆိုတဲ့စကား အမြဲမေးဖြစ်ပါတယ်။ အမေးခံရသူတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ၊ သဘောင်္သား၊ ဘွဲ့ရ၀န်ထမ်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်၊ ကျောင်သူကျောင်းသား အလွှာပေါင်းစုံက ဖြစ်ကြပါတယ်။ တက္ကစီမောင်းသူနဲ့ ဆိုက်ကားနင်းရင်း မဟာတန်းတက် နေသူမျိုးတောင် ပါပါတယ်။
လူတွေ ဘယ်လောက်များများမေးမေး အဖြေက တစ်ခုတည်းပဲ ကြားရလေ့ရှိတယ်။ အဲဒါကတော့ “အောင်မြင်ချင်လို့“ ဆိုတဲ့အဖြေဖြစ်တယ်။ ၁၀ တန်းအောင်ပြီးစ တက္ကသိုလ်တက်ဖို့စောင့်နေကြတဲ့ သူလေးတွေ အားလုံးမှာလည်း အဆုံးမှာ နိုင်ငံခြားသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိကြတယ်။
ဘယ်လိုအောင်မြင်ချင်တာလဲ၊ ဘာကြောင့်အောင်မြင်ချင်တာလဲလို့ မေးလိုက်တဲ့အခါမှာလည်း ဆင်တူကြောင်းကွဲအဖြေပဲ ထွက်လာပါတယ်။ အားလုံးလိုလိုက နိုင်ငံခြားသွားပိုက်ဆံရှာမယ်၊ စူမိဆောင်းမိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိကြပါတယ်။ တချို့တလေက ပြန်လာဖို့ စိတ်ကူးမရှိဘူး။ ရောက်ရာနိုင်ငံမှာ ဒုတိယတန်းစား၊ တတိယတန်းစားလူများအဖြစ်တောင် နေမယ်လို့ ဆုံးဖြတ်ထားကြတယ်။ တချို့တလေက ပိုက်ဆံရှာပြီးပြန်လာမယ်၊ ဒီမှာရင်းနှီးမြှုပ်နှံပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးရှိကြတယ်။ ဒီလိုလူမျိုးတွေက အများစုဖြစ်တာကို တွေ့ရတဲ့အတွက် စိတ်သက်သာရသေးတယ်။
ဒီနေ့လူငယ်အများစုခေါင်းထဲမှာ ပိုက်ဆံအများကြီးရအောင် ရှာနိုင်တာ၊ ချမ်းသာအောင်လုပ်နိုင်တာကို “အောင်မြင်မှု” လို့ သတ်မှတ်ယုံကြည်နေကြတာတွေ့ရတယ်။ ပိုက်ဆံမရှိရင် ဘာမှဖြစ်မလာနိုင်ဘူးလို့လည်း မှတ်ယူကြတယ်။ ပေါပေါသုံးချင်တယ်၊ ကောင်းကောင်းစားချင်တယ်၊ လှလှဝတ်ချင်တယ်ဆိုတာ လူငယ်သဘာဝမို့ ချမ်းသာချင်တာကို အပြစ်မတင်ပါဘူး။ လောကမှာ မချမ်းသာချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။ မချမ်းသာချင်ပါဘူးပြောရင် အရူးပဲ ဖြစ်လိမ့်မယ်။
ပိုက်ဆံချမ်းသာတိုင်း စိတ်ချမ်းသာတာမဟုတ်ဘူး။ လောကမှာ စိတ်ချမ်းသာဖို့က အရေကြီးဆုံး ဖြစ်တယ်။ ပိုက်ဆံဆိုတာ မကောင်းမှုမှန်သမျှရဲ့ ရေသောင်မြစ်ဖြစ်တယ်ဆိုတဲ့ ဓမ္မကထိကလေသံမျိုးနဲ့ လူငယ်တွေကို တရားမပြချင်ဘူး။ တရားဆိုတာ ပြတိုင်းရတာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင် ဒုက္ခကိုတွေ့မှ နောင်တရပြီး ကိုယ်တိုင်က လိုလိုလားလားလိုက်ရှာမှ တွေ့နိုင်၊ ရနိုင်တာမျိုး ဖြစ်ပါတယ်။
လူငယ်တွေကို ပြောချင်တာက သူတို့အမြင်မှားနေတဲ့ “အောင်မြင်မှု” အကြောင်းဖြစ်ပါတယ်။ “အောင်မြင်မှု” ဆိုတာကို ဘ၀ရဲ့ရည်မှန်းချက်ကြီး တစ်ခုအဖြစ် သဘောထားနေကြတာ အမြင်မှားနေလို့ပါ။ လောကမှာ အောင်မြင်မှုရဖို့ မခက်ပါဘူး။ နာမည်ကြီးဖို့ မခက်ပါဘူး။ အိုစမာဘင်လာဒင်လည်း နာမည်ကြီးပါတယ်။ ဂျော့ဘုရှ်လည်း နာမည်ကြီးပါတယ်။ အီမယ်လ်ဒါမားကို့စ်လည်း နာမည်ကြီးပါတယ်။ မော်နီကာလူဝင်စကီးလည်း နာမည်ကြီးပါတယ်။
နာမည်ကျော်တိုင်း အောင်မြင်မှုရတယ်လို့ မဆိုနိုင်ဘူး။ ဘယ်လိုနေရာမှာ နာမည်ကြီးတာလဲ၊ ဘယ်လိုနည်းနဲ့ နာမည်ကြီးတာလဲဆိုတာက အရေးကြီးတာဖြစ်တယ်။ အိုစမာဘင်လာဒင်ကို ၉/၁၁ ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြီးကြောင့် ကမ္ဘာကသိလာရတာဖြစ်တယ်။ အမေရိကန်သမ္မတဂျော့ဘုရှ်လည်း အာဖဂန်နစ္စတန်ကို ၀င်တိုက်တဲ့ကိစ္စနဲ့ အီရတ်ကိုဝင်တိုက်တဲ့ ကိစ္စကြောင့် နာမည်ကြီးလာတာဖြစ်တယ်။ သူ့ရဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ်ရောက်တဲ့အထိ အမေရိကန်ပြည်တွင်းရေးမှာ ပြည်သူပြည်သားများရဲ့ လုံခြုံမှုတိုးတက်အောင်၊ ပညာရေး၊ ကျန်းမာရေး အဆင့်မြင့်လာအောင်၊ အခွန်အတုပ်တွေ လျော့ပါးသွားအောင် အလုပ်လက်မဲ့နှုန်းတွေ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့တာ၊ အကောင်အထည်နဲ့ လက်ဆုပ်လက်ကိုင် ပြနိုငတာ တစ်ခုမှမရှိခဲ့ဘူး။
နာမည်ကြီးဖို့၊ အောင်မြင်ဖို့လုပ်ရတာ မခက်ပါဘူးလို့ ဒါကြောင့်ဆိုခဲ့တာပါ။ ဒီခောတ်ကြီးမှာ ပေါ်ပြူလာ ဖြစ်အောင်လုပ်ဖို့ အင်မတန်လွယ်ပါတယ်။ အင်တာနက်ခေတ်မဟုတ်လား။
အောင်မြင်မှု(success)ဆိုတဲ့စကားနဲ့ စွမ်းဆောင်မှု(achievement)ဆိုတဲ့ စကားနှစ်ခုခြားနားတာကို လူငယ်တွေ သတိပြုမိစေချင်တယ်။
Success ဆိုတာကို Oxford American Dictionary က - success (n) – 1. A favorable outcome, doing what was desired or attempted, the attainment of wealth, or fame or position 2. a person or thing that is successful လို့ အဓိပ္ပါယ်ဖွင့်ဆိုပြပါတယ်။ မြန်မာလိုဆိုတော့ - အောင်မြင်မှု ၁။ နှစ်လိုဖွယ်ရာရလဒ်၊ လုပ်ချင်တာကို ကြိုးပမ်းချင်တာကို လုပ်ကိုင်ကြိုးပမ်းနေရခြင်း။ ဥစ္စာစည်းစိမ်၊ ကျော်ကြားမှု၊ ရာထူးဌာနန္တရ တစ်ခုမဟုတ်တစ်ခု ရရှိခြင်း ၂။ အောင်မြင်သူ၊ ဒါမှမဟုတ် အောင်မြင်တဲ့အရာလို့ ဖြစ်ပါတယ်။
achieve ကိုတော့ .. achieve (v) – to accomplish, to gain achievement (n) – reach by effort စွမ်းဆောင်နိုင်ခြင်း၊ ကြိုးပမ်းအားထုတ်မှုဖြင့် အနိုင်ရခြင်း၊ ရောက်ရှိရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ခြားနားချက်ကတော့ အောင်မြင်မှုဆိုတာကကိုယ့်လိုဘပြည့်ဝသွားခြင်းဖြစ်တယ်။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ပါဝင်တယ်။ ၉/၁၁ ဟာ အိုစမာဘင်လာဒင်အဖို့တော့ အောင်မြင်မှု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ လူသားများအတွက်တော့ စက်ဆုပ်စရာကောင်းလှတဲ့ လူမဆန်မှုကြီးဖြစ်တယ်။ အဲဒါကြောင့် အောင်မြင်မှုဆိုတာ သက်သက်မမက်မောသင့်ဘူး။ ဘယ်နေရာမှာ၊ ဘယ်လိုနည်းနဲ့ ဘယ်သူ့အတွက် အောင်မြင်မှုလဲဆိုတာကြည့်ပြီးမှ အကဲဖြတ်သင့်တယ်။
achievement စွမ်းဆောင်နိုင်မှုဆိုတာကျတော့ ကိုယ်တိုင်ကျားကုတ် ကျားခဲကြိုးပမ်းအားထုတ်ပြီးမှ ရတဲ့အရာဖြစ်ပြီး ယေဘူယျအားဖြင့် ကောင်းမွန်မြင့်မြတ်တဲ့အလုပ်မျိုးကို စွမ်းဆောင်နိုင်မှုလို့ မှတ်ယူကြတယ်။ မကောင်းတဲ့ အဓိပ္ပါယ်မပါဘူး။ အဲဒါကြောင့် လိုလားအပ်တယ်။
လူငယ်တိုင်း လူငယ်တိုင်းကို တဒင်္ဂအောင်မြင်မှုတွေနောက် အမောတကော လိုက်နေကြမယ့်အစား ရာသက်ပန်တည်ရှိနေမယ့် စွမ်းဆောင်နိုင်မှု တစ်ခုခုလုပ်နိုင်အောင်သာ ကြိုးပမ်းအားထုတ်လုပ်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုက်ချင်ပါတယ်။
Sunday, December 25, 2011
0 အောင်မြင်မှုနဲ့ စွမ်းဆောင်မှု - လူထုစိန်ဝင်း
0 စစ်သည်အိုကြီးတဦး-ဒေါ်အောင်ဆန်းစုကြည် (မိုင်အိနိချိနေ့စဉ်သတင်းစာ -ဂျပန်)
(စစ်သည်အိုကြီးတဦး)-ဒေါ်အောင်ဆန်းစုကြည်
လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်မရဲ့ မြန်မာပြည်မှပေးစာများတခုမှာ ဦးလွင်အကြောင်းကိုရေးခဲ့ပါတယ်။ ဂျပန်နိုင်ငံ “ရိခုဂွန် ရှင်ခန် ဂတ်ခို” မှာ စစ်အတွင်း လေ့ကျင့်ရေးသင်တန်းတက်ခဲ့တဲ့အကြောင်း အပါ အဝင် သူ့ရဲ့စစ်ဘက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းဘဝကောက်ကြောင်းကိုပေါ့။ အဲဒိနောက် မြန်မာ့ ဆိုရှယ်လစ်ပါတီအုပ်ချုပ်ရေးမှာ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံတော်ကောင် စီဝင်အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်းရင်း ၁၉၈၀ ခုနှစ် နောက်ဆုံးရာထူးမှနှုတ်ထွက်လိုက်တဲ့အ ထိ ကျွန်မရေးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှစ၍ သူဟာ အဲန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်ဖြစ်လာခဲ့ပါတယ်။ ပါတီရဲ့ ဘဏ္ဍ်ာရေးမှူးရုံးကို အထူးစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ပြင်းထန်ပြီး ရန်လိုတဲ့ စာရင်းစစ်ဆေးမ၈ ကြိမ်တိ တိအတွင်း ဘဏ္ဍာရေးမှူးရုံးမှ သူ့ရဲ့သတိကြီးစွာနှုတ်ထွက်မှုဖြင့် ပါတီရဲ့သိက္ခာကိုဆယ်ခဲ့တာပါ။ စုစု ပေါင်း သူ့ရဲ့နိုင်ငံအတွက် အမှုထမ်းသက်မှာ ၁၉ နှစ်တာ စစ်သည် ဘဝနဲ့ ယင်းအချိန်ရဲ့ ၂ ဆဖြစ်တဲ့ အရပ်ဘက်ဝန်ထမ်းသက်တို့ဖြစ်ကြပါတယ်။ ပြီးတော့ သူ့ဘဝနိဂုံး ချုပ်ချိန်မှာ သူ့ကို စစ်သည်အိုကြီး တဦးအဖြစ်ကျွန်မစဉ်းစားမိတာကို ကျွန်မကိုယ်တိုင် တွေ့ရှိရပါတယ်။
အဲန်အယ်လ်ဒီအလုပ်အမှုဆောင်ကော်မီတီရဲ့ သက်ကြီးအဖွဲ့ဝင်အချို့မှာ စစ်သင်တန်းတက်ခဲ့တာဟာ မမှားတဲ့အမှတ်အသားအဖြစ် ကျန်ရစ်လျက်ပါ။ သင့်လျော်စွာ ထိပ်ပိုင်းကစရလျှင် သူတို့ရဲ့ဆံပင်တွေ က အရောင်မဆိုးပကတိအတိုင်း သပ်သပ်ယပ်ယပ်ဆီလိမ်းသလျက် အိတ်တခုခုမှာပါတဲ့ ဘီးငယ်လေး နဲ့ မကြာခဏဖီးကြပါတယ်။ ပြီးတော့ တည့်မတ်တဲ့ဟန်ပန်အမူအရာနဲ့ တိကျတဲ့လှုပ်ရှားမှုဟာ စစ်ရေး ပြသင်တန်းရဲ့ မဆုံးနိုင်တဲ့ အချိန်များကို ပြောနေသလိုပါပဲ။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ သာမန် လိုဖြစ်နေတဲ့ အမျိုးသမီးများရဲ့ အိမ်မှုဝေယျာဝစ္စအဖြစ် သတ် မှတ်ပေးရမဲ့အစား သူတို့ကိုယ်တိုင် မိမိ တို့ရဲ့အဝတ်အစားများကို လျှော်ဖွတ်သန့်စင်လိုစိတ် ရှိနေကြ ပါတယ်။ ကျွန်မတို့စစ်သည်အိုကြီးများ ရဲ့အကောင်းဆုံးများမှာ အမူအရာရဲ့ သီးသန့်ချိုမြိန်မှုရှိနေပါတယ်။ ဒါဟာလဲ စစ်အတွင်း ကြမ်းတမ်းတဲ့ နေ့ရက်များရဲ့ လက်ငုတ်လက်ကျန်ဖြစ်ရမယ်လို့ ကျွန်မစဉ်းစားမိပါတယ်။ အဲဒိအချိန်အခါမှာ သူတို့ရဲ့ သက်တောင့်သက်သာမှုအနည်းငယ်နဲ့ တခါတရံ သူတို့ရဲ့လုံခြုံ စိတ်ချရမှုများအတွက် ပြည်သူများရဲ့ မေတ္တာနဲ့ရက်ရောမှုများအပေါ်မှီခိုနေရတာကို။
ဦးလွင်ကို ကျွန်မပထမဆုံးစတင်တွေ့ရှိရချိန်မှာ သူဟာယုံကြည်ချက်ခိုင်မာကာ တာဝန်ကျေပွန်တဲ့ ဗဟိုကော်မီတီဝင်တဦးဖြစ်ကြောင်း သိမြင်ခဲ့ရပါတယ်။ သူဟာ အစည်းဝေးများမှာ သူ့ရဲ့ဘဏ္ဍာရေးမှူး တာဝန်များနဲ့ပတ်သက်တဲ့အကြောင်းများမှလွဲပြီး စကားများများပြောလေ့မရှိခဲ့ပါ။ ၁၉၉၅ ခုနှစ်ကျွန်မ ပထမဆုံးနေအိမ်အကျယ်ချုပ်မှ လွတ် မြောက်လာပြီးနောက်မှာမှ သူကိုကောင်း ကောင်းသိကျွမ်းခဲ့ပါ တယ်။ “လွင်”ဆိုတဲ့အမည်နာမဟာ မြန်မာပြည်မှာ အသုံးများပါတယ်။ စစ်တပ်တွင်းက အခြား“လွင်” များနဲ့ ခွဲခြားနိုင်အောင် သူ့ကို မကြာခဏ “လူချော ဦးလွင်” သို့မဟုတ် “မာတီနိပြယုဂ် ဦးလွင်”လို့ ခေါ်ဆိုကြပါတယ်။ (နောက်ဆုံး ကျွန်မလေ့လာမိတာကတော့ သူ့ကို“ပေါင်မုန့်”လို့ခေါ်ဆိုကြတယ်ဆို တာပါ။ သူ ဘောလုံးကစားစဉ် လေမှုတ်ထုတ်လှုပ်ရှားတဲ့အခါမှာ သူ့ပါးဖောင်းဖောင်းဝိုင်းဝိုင်းလေးဟာ ပေါင်မုန့်ပုံ ပေါက်နေလို့ဖြစ်ပါတယ်။) သူရဲ့ဥပဓိရုပ်ကောင်းခြင်းဟာ အရွယ်အိုချိန်မှာတောင်ပေါ်လွင် ထင်ရှားနေလျက်ပါ။ ကျွန်မသူ့ကို စိတ်ထဲစွဲမှတ်ခဲ့တာက နှုတ်ခမ်းစူစူ အသွင်ဟာ နှုတ်ခမ်းစူနေတဲ့ အရုပ်နဲ့တူနေတာကိုပါ။ ဒီသရုပ်က သူ့ရဲ့ ကြင်နာစရာသဘာဝကိုထင်ယောင်ထင်မှားဖြစ်စေကာ ဆွဲဆောင်မှုရှိတဲ့ ဉာဏ်ရည်ဉာဏ်သွေးကို ဖုံးကွယ်နေစေပါတယ်။ အဲဒိအချိန်က အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်ဖြစ်နေတဲ့ မစ္စ မဲဒလင်း အောဘရိုက်နဲ့အဖွဲ့တို့ မြန်မာနိုင်ငံလာရောက်လည်ပတ် စဉ် ကျွန်မအိမ်မှာ မနက်စာ တည်ခင်းရင်း တွေ့ဆုံဆွေးနွေးဘို့ စီစဉ်ခဲ့ပါတယ်။ ဦးလွင်က အမေရိကန် အဖွဲ့ဝင်အချို့နဲ့ တစားပွဲတည်း အတူထိုင်ကြပါတယ်။ အဲန်အယ်လ်ဒီအတွင်းမှာ ကျွန်မဟာ စစ်ဘက် အုပ်စုရဲ့ထိန်းကျောင်းမှုကိုခံနေရသူ ဖြစ်ကောင်းဖြစ်မယ်လို့ အချို့အသိုင်းအဝန်းမှာ ခံစားနေတဲ့စိုးရိမ် ပူပန်မှုကို ဧည့်သည်တဦးက ထုတ်ဖော်ပြောလိုက်ပါတယ်။ ဒါဟာ ဗဟိုကော်မီတီမှာ ကျွန်မနဲ့ အနီးကပ် လုပ်ကိုင်နေတဲ့ စစ်ဘက်အရာရှိ ကြီးဟောင်း ၄ ဦးကို ရည်ညွှန်းလိုက်တာပါ။
ဦးလွင်က ဝါရှင်တန်မှာ စစ်သံမှူးအဖြစ်ထမ်းဆောင်စဉ် ရရှိခဲ့တဲ့ အလွန်ယဉ်ကျေးတဲ့ အမေရိကန်စစ် ဘက်အရာရှိတဦးရဲ့ အမူအရာနဲ့ “မဒမ်”ခင်ဗျား စစ်သား လေးသိန်းရှိတဲ့ မြန်မာစစ်တပ်ကတောင် မစွမ်းဆောင်နိုင်တဲ့အလုပ်ကို ကျွန်တော်တို့လေးယောက်က ဘယ်လိုစွမ်းဆောင်နိုင်မှာလဲဗျာလို့ ” ပြန်လည်တုန့်ပြန်လိုက်ပါတယ်။
ဦးလွင်ဟာ အထက်တန်းကျောင်းပြီးပြီးခြင်း အိမ်ကထွက်ပြေးကာ မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို ဝင်ရောက်လိုက်ပါတယ်။ သူ့မှာ အဆင့်မြင့်ပညာအရည်အချင်းမရှိခဲ့တဲ့အခြေအနေကြောင့် ဦးလွင်ဟာ အတော်ကို နှိမ်နှိမ်ချချနေထိုင်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ခန့်အပ်ခံရချိန်မှာ ဦးလွင်က သူ့ရဲ့ အရပ်ဘက်လက်အောက်ဝန်ထမ်းများကို သူ့မှာ ပညာရေးမှတ်တမ်းအထောက်အထားများ မရှိတဲ့အ တွက် သူ့ကို ဝိုင်းဝန်းသင်ကြားပေးကြဘို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ ဒီလို သင်ကြားလိုစိတ်ဆန္ဒ ပြင်းပြမှုကြောင့် ဦးလွင်ဟာ မဆလ အစိုးရထဲမှာ အကောင်းဆုံးဝန်ကြီးများထဲကတပါးဖြစ်ခဲ့စေပြီး၊ ကဏ္ဍများစွာရဲ့ ကျယ်ပြောတဲ့ဝန်းကျင်မှာ သူ့ကို အံ့သြဂုဏ်ယူဘွယ်အဖြစ်လဲ အသိအမှတ်ပြုခံရစေခဲ့ ပါတယ်။ အသံပိုင်းဆိုင်ရာစနစ်၊ ဥယျာဉ်စိုက်ပျိုးရေနဲ့ တရားထိုင်ခြင်း အကြောင်းများနဲ့ပတ်သက်တဲ့ သူ့ရဲ့ပြောစကားများကို ဝမ်းမြောက်စွာကြားရလေ ပွင့်သစ်စမြန်မာ့တပ်မတော်မှာ သူရှိစဉ်အချိန်များရဲ့ အမှတ်ရအတွေ့အကြုံများကို နားထောင်ရလေပါပဲ။
စစ်သားအဖြစ်ခံယူထားတဲ့ဦးလွင်ဟာ အဲန်အယ်လ်ဒီအတွင်းမှ အခြားစစ်ဘက်အရာရှိဟောင်းတဦး ဖြစ်တဲ့ ဦးတင်ဦးက ကျွန်တော်ရဲ့ “တပ်မှူး”လို့ ရည်ညွှန်းသလို အစဉ်အမြဲမှန်ကန်နေပါတယ်။ သူက ကျွန်မရဲ့တရားဝင်ရာထူးကို အသိအမှတ်ပြုခြင်းရဲ့ သတိမူထောက်ခံခြင်းနဲ့ ဘခင်တဦးရဲ့နွေးထွေးမှု ဖြင့်ဆက်ဆံတဲ့မြင်ကွင်းကို ထင်ထင်ရှားရှား ခံစားစေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လက ကျွန်မသူ့အိမ်ကို သွားကြည့်ခဲ့စဉ် သူသက်တမ်းတိုတိုကျန်နေတော့မယ်လို့ သိသာထင်ရှားမှုမရှိခဲ့ပေမဲ့ သူ့ရဲ့ကျန်းမာ ရေးအခြေအနေဟာ အတော်ယိုယွင်းနေပါပြီ။ စကားကိုဖြည်းညှင်းစွာပြောရင်း ကျွန်မရဲ့ ကြီးလေးတဲ့ တာဝန်များကြားက ဒုက္ခခံလာကြည့်တာကို ကျေးဇူးတင်ကြောင်း သမရိုးကျပြောဆိုခဲ့ပါတယ်။ ပြီးတော့ ကျွန်မခေါင်းညွှတ်အရိုအသေပေးတော့ လေးနက်တဲ့အဓိပ္ပါယ်နဲ့ ရင်းနှီးဖော်ရွေမှုတို့ စိမ့်ဝင်နေတဲ့ ပြင်း အားကြီးဆွဲငင်မှုဖြင့် ဆုပေးပါတယ်။
ဦးလွင်ကွယ်လွန်ခြင်းဟာ ညင်ညင်သာသာပါ။ စစ်သည်အိုကြီးအဖြစ်ခံယူထိုက်တဲ့ ကြီးမားတဲ့ ဂုဏ်ဒြဗ် နဲ့ ပျောက်ကွယ်သွားပါတယ်။
(ဒေါ်အောင်ဆန်းစုကြည်)
(မိုင်အိနိချိနေ့စဉ်သတင်းစာ ဂျပန်) ဒီဇင်ဘာ ၂၄ ၂၀၁၁
( ဂျပန်နိုင်ငံထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma – An Old Soldier ကို ဘာသာပြန်ပါတယ် )
မောင်မောင်လှကြိုင်
ဒီဇင်ဘာ ၂၅ ၂၀၁၁
0 ဒယ်အိုးဆရာတော်လို့လူသိများတဲ့နိုင်ငံကျော်ဓမ္မကထိက ဆရာတော်ဦးသုမင်္ဂလ ကိုသံဃာ့မဟာနာယကအဖွဲ.ကတရားဟောခွင့် ၁ နှစ်ပိတ် ပင်လိုက်ပါတယ်..
0 ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ စီးပွားရေး၊စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ၊ ၀န်ကြီးချုပ်ဟောင်းတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်
Secretary Clinton holds a bilateral meeting with Japanese Foreign Minister Koichiro Gemba, at the Department of State
ဒီကနေ့ (၂၅)ရက်နေ့မှာ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဂန်ဘာက မြန်မာနိုင်ငံကို ရောက်မယ်လို့ မျှော်လင့်ရပြီး၊ လာမည့် ဇန္နာဝါ ရီလဆန်းမှာ "မီတီ"လို့ လူသိများတဲ့ ဂျပန် စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေး ၀န်ကြီး အဲဒါနို က မြန်မာနိုင်ငံကို သွားဖို့ ရှိနေပြီး၊ လာမည့် ဇန္နာဝါရီလ (သို့) ဖေဖါဝါရီလမှာ ၀န်ကြီးချုပ်ဟောင်းဖြစ်တဲ့ ရှင်ဇိုအာဘေး က မြန်မာနိုင်ငံကို သွားဖို့ ရှိနေ တယ်လို့ ဂျပန်အလုပ်သမား သမဂ္ဂ များထံမှ သိရပါတယ်။ စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေး ၀န်ကြီး အဲဒါနိုဆံ က ဂျပန် ဒီမိုကရစီ ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဖြစ်ခဲ့တဲ့ အပြင်၊ သြဇာ အလွန်ကြီးပြီး၊ အာဏာရှင်ဆန်တဲ့ ဂျပန် ဗျူရိုကရက်များကို ထိမိလှတဲ့ မေးခွန်းတွေ မေးပြီး စိန်ခေါ်နိုင်ခဲ့လို့ နာမည် ကြီးခဲ့သူ တစ်ဦး ဖြစ်တာကြောင့် သူ့ခရီးစဉ်ဟာ စိတ်ဝင်စားစရာ ဖြစ်သလို၊
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ နာမည်ကြီး ၀န်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ နာကဆိုနေ လက်ထက်က နိုင်ငံခြားရေး ၀န်ကြီးဖြစ်ခဲ့တဲ့ ရှင်တာရို အာဘေးရဲ့ သားဖြစ်ပါတယ်။ ရှင်တာရို အာဘေး နိုင်ငံခြားရေး ၀န်ကြီး အဖြစ်နှင့် အရှေ့တောင်အာရှ ခရီးစဉ် သွားရောက်ခဲ့ရာမှာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဂျပန် ဆန့်ကျင်ရေး စိတ်ဓါတ် အလွန်ပြင်းထန်တာ တွေ့ခဲ့ရပြီး၊ မြန်မာနိုင်ငံမှာက ဂျပန်ဆန့်ကျင်ရေးစိတ် မတွေ့ရပဲ၊ နှစ်သက် လိုလားမှုတွေကို တွေ့ခဲ့ရလို့ သေဆုံးချိန်အထိ မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ် လူသိများခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဟာ သူ့ဖခင်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ ကိုယ်ရေးအရာရှိ အဖြစ် လိုက်ပါခဲ့တာကြောင့် သူဟာလည်း ဖခင်နှင့်အလားတူ မြန်မာနိုင်ငံကို အလွန်နှစ်သက်သူအဖြစ် လူသိ များတာကြောင့် စိတ်ဝင်စားစရာ ခရီးစဉ် ဖြစ်လိမ့်မယ်လို့ အကြားအမြင်များတဲ့ ဂျပန်ပညာရှင် အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါသည်။
u tin win
Federation of Workers' Union of the Burmese Citizens(in Japan),
0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပညာရေး ရံပုံငွေ ဂီတပွဲတော်တွင် သီဆိုမည့် ဂီတအနုပညာရှင်များရင်းနှီးစွာထပ်မံတွေ့ဆုံ
ယနေ့ ညနေ ၃း၀၀နာရီတွင် (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ၃၀-၁၂-၂၀၁၁နေ့MCC ခမ်းမတွင် ကျင်းပပြုလုပ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုတိုင်းရင်းသားများပညာရေး ရံပုံငွေ ဂီတပွဲတော်တွင် သီဆိုမည့် ဂီတအနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ခင်မင်ရင်းနှီးစွာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်....
(Burma vj media network)
1 ခရစ်စမတ် Flash သီချင်းလေးလက်ဆောင်ပါ (ပုံလေးကိုနိပ်ပြီးနားထောင်နိုင်ပါတယ်)

သီချင်းနားထောင်ရန်အပေါ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆန်ဒါကလော့ပုံလေးကိုနှိပ်ပြီးနားဆင်နိုင်ပါတယ်။ Taylor Swiftရဲ့ Last Christmassသီချင်းလေးပါ။ သီချင်း boxကို ပိတ်ချင်ရင် ကွန်ပြူတာရဲ့ကီးဘုတ်က ESC ကီးလေးကိုနှိပ်လိုက်ပါ..
photo created by dawnmanhon
0 ချောင်းသာမှာဇာတ်ကား ရိုက်ကူးရင်းမူးလဲခဲ့တဲ့နေတိုး ဒေါ်အောင်ဆန်းစုကြည်က ဦးနုနေရာသရုပ်ဆောင်ဖို့ ပြော
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီးအတွက် နေတိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အနုပညာရှင်တွေ တွေ့ဆုံတဲ့နေ့မှာ ဦးနုနဲ့တူတဲ့အတွက် သရုပ်ဆောင်ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီအတွက် လည်း ကျေ နပ် ဝမ်းသာမိတယ်လို့ ပြောတဲ့နေတိုးက ”အန်တီစုကဦးနုနေရာမှာ သရုပ်ဆောင်ပေးဖို့ ပြောတော့တအားဝမ်းသာမိတယ်။ တအားပဲအမြဲတမ်းအဆင်သင့်ပါပဲ။ ဒီကားမှာ ပါဝင်ခွင့်ရတယ်၊ ဒီနေရာမဟုတ်ဘဲ တခြားနေရာတစ်ခုမှာပါဝင်ခွင့်ရတယ်ဆိုရင်ပဲ ကျေနပ်ရမယ့် အနေအထားပါ။ ကိုယ်ပါတဲ့နေရာကိုအတတ်နိုင်ဆုံးဖြစ်အောင် လုပ်မှာ ပါ။ လောလောဆယ်တော့ မသေချာသေး ဘူးဆိုတော့ မသိသေးဘူး”လို့ပြောပြခဲ့ပါတယ်။
မေမွန်မောင်(Popular Journal)
0 အမေကပြုံး သားကရီပေါ့
အမေက … “ပြုံးရင်လှမှာလား” တဲ့။
လှပါတယ် အမေ … ။
အမေကတော့ ပြုံးပြုံး၊ ရီရီ၊ ငိုငို၊ မဲ့မဲ့ လှမြဲလှဆဲပါအမေ။
အမေက သားတို့အတွက် အစဉ်အမြဲလှဆဲ၊ ကြည်ညိုဆဲ၊ လေးစားဆဲပါအမေ။
၂၀၁၂ ခုနှစ်၊ နှစ်သစ်အတွက် ကိုမျိုး(မြန်မာစာ)ကတော့ အမေ့ရဲ့အပြုံးနဲ့ ကြိုဆိုလိုက်တာပေါ့ အမေ။
သား(ကျော်သူ) အနေနဲ့တော့ မပြုံးနိုင်ပါဘူးအမေရယ်။
ဟုတ်တယ်အမေ …. သားနဲ့ သွေးချင်းနီးတဲ့သူတွေလည်း ပြုံးနိုင်မယ်မထင်ပါဘူးအမေ။
လောကသဘာဝရဲ့ အပြုံးဒဿနတွေကို ဖိဆီးနေတဲ့ လူမှုဒုက္ခ သဘာဝထဲ ရုန်းကန်ပေးဆပ်ရင်းနဲ့ သား မပြုံးနိုင်တော့ဘူးအမေ။
အမေခင်းပေးတဲ့လမ်း၊ အမေဦးဆောင်သွားနေတဲ့လမ်း၊ အမေညွှန်ပြတဲ့လမ်း၊ ငြိမ်းချမ်းရေးလမ်းကို သား လျှောက်လှမ်းရင်း “သေခြင်းဟူသည် ကြီးငယ်မရွေး၊ အချိန်မရွေးနှင့် သက်ဆိုင်သည်” ဆိုတဲ့ အသိတရားတစ်ခုကို သိရှိသွားတဲ့အချိန်မှာ သား မပြုံးပါရစေနဲ့တော့ အမေ။
လောကရဲ့အမှန်တရားကို ရှာဖွေရင်း သားတို့ မပြုံးနိုင်တော့ဘူးအမေ။
လောကရဲ့ သဘာဝကို ပေးဆပ်ရင်းနဲ့ သား လက်တွေ့ခံစား တွေ့ကြုံခဲ့ရတဲ့ ဆရာကြီးတင်မိုးရဲ့ ကဗျာထဲကိုလို -
(ခွေးမသား) တဲ့ … အပြေးရ မှားပြန်ပြီ (အမေ)၊
(အရူးမသား) တဲ့ … ဘီလူးက ကလို့ ဒူးတကွကွနဲ့ ဆူးတမြမြ စူးရပြန်ပြီ (အမေ)၊
(ဂုဏ်သရေရှိသား) တဲ့ … ယုံကြည်မှုအပြည့်ထားမိပြန်ပြီ (အမေ)၊
(ကမြင်းမသား) တဲ့ … အကျဉ်းဝတံခါးမှာ ထမင်း၀၀စားထားလို့ အကြိမ်းခံရပြန်ပြီ (အမေရယ်)။
ဒါကြောင့် … သား မပြုံးနိုင်တော့ဘူးအမေ။
ဒါပေမယ့် … အမေ့ကို သား ကတိပေးလိုက်ပါတယ်။
“သား အစွမ်းကုန်ကြိုးစားပြီး ပြုံးကြည့်ပါ့မယ်” လို့။
“မရဘူး အမေ … မရဘူး” ပြုံးလို့မရဘူး အမေ။
ရှင်းရှင်းလင်းလင်း ငြိမ်းငြိမ်းချမ်းချမ်းဘ၀မှာ နေသွားချင်လို့ စိတ်ရှင်းရှင်းနဲ့ စိတ်အရည်အသွေးကို မြင့်မားစွာထားရှိပြီး၊ စိတ်ရဲ့အဆင့်အတန်းကို မြင့်မားအောင် သတိလေးနဲ့ လေ့ကျင့်ပြီး ဘ၀ကြီးကို ရိုးရှင်း စွာပေးဆပ်ခဲ့တဲ့၊ ပေးဆပ်နေတဲ့ “သား” … ထပ်ကြိုးစားပြီး ပြုံးကြည့်လိုက်ပါတယ် အမေ။
“ဟား … ဟား … ဟား … ဟား”
(ဟုတ်တယ် အမေ … အဲဒါ သားပြုံးလိုက်လို့ ထွက်လားတဲ့အသံပါ။)
လှောင်ရီလား … ထေ့ရီလား … ငေါ့ရီလား … ပေါက်ရီလား … ရီလား … ရီလား … တွေလားတော့ မသိတော့ပါ။ သားမသိတော့ဘူးအမေ၊ ဘာကို ဘာမှ မသိတော့ဘူးအမေ။
ဟန်ဆောင်လုပ်ကြံပြီး ရီလိုက်တာ မဟုတ်ဘူးဆိုတာတော့ အသေအချာပဲ အမေ။
ကြေနပ်မှု၊ ၀မ်းသာမှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု … စတဲ့ “အရီကဏ္ဍ” တွေ၊
“အရီဒဿန” တွေကိုတော့ မခွဲခြားတတ်တော့ဘူးအမေ။
ဒါပေမယ့် …. သားလည်းတာဝန်ကျေသွားပါပြီအမေ။
အမေကပြုံး … သားကရီပေါ့။
ဒါပေမယ့် …. အမေ့ရဲ့ အပြုံးနဲ့ သားရဲ့ အရီဟာ အဓိပ္ပါယ်အများကြီး ကွာခြားသွားပြီလားလို့။
မည်သို့ဖြစ်စေ … ၂၀၁၂ ခုနှစ်ကို တိုတောင်းလှတဲ့ ဘ၀ကြီးထဲ သား, ကမ္ဘာမြေပြင်က ပြန်လည် မထွက်သွားခင် သားကို အားပါးတရ ရီမောရင်းနဲ့ ဆက်လက်ပေးဆပ်ခွင့်တွေသာ ပြုလိုက်ပါတော့အမေ။
အမေကပြုံး . . . သားကရီပေါ့။
ကျော်သူ
0 မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)(အောင်မိုးဝင်း)
ပေးပို့သူ။။ ကိုမောင်မောင်ဝမ်း
ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။ “ တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။
မသတ်ရသေးပဲ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသား (၅၀) ကျော် အကျဉ်းထောင်က ဖောက်ထွက် လွတ်မြောက်သွားပြီ ဆိုတာ ကို သိလိုက်တဲ့ “မျိုးဝင်း” ဟာ အရုပ်ကြိုးပြတ်လဲကျသွားပြီး “ ဟာကွာ ငါ့ဘဝတော့ သွားပါပြီ” လို့ ငြီးငြူတယ်ဆိုပဲ။ သူမတရားသဖြင့် နှိပ်စက်နိုင်ခွင့်ရှိတဲ့ ကမ္ဘာမြေဟာ စတင်မီးလောင်ပြီးပြိုကျနေပြီ။ သိတ်မကြာဘူး။ အကုသိုလ်ကံက သူ့နောက်ကို လိုက်ပါလာတယ်။ နောက်ကျည်ထိ သေဆုံးသွားတယ်။ (တချို့ကတော့ နှုတ်ပိတ်ခံရတယ် လို့ ဆိုတယ်) တကယ်တော့ သူ့ကို မသေစေချင်ပါဘူး။ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဲ့သလို မြန်မြန်အသက်ထွက်သွားတာ မတန်လိုက်တာဗျာ။ တကယ်ဆို သံချောင်းလိုပဲ အကျဉ်းထောင်ထဲမှာ ကြိုးမိန့် (၅) ခါလောက်ကျရမှာ။ အင်း- ရော်နယ် အောင်နိုင် ကတော့ ဒီကိစ္စတွေကို ဘယ်သူ တာဝန်ခံဖြေရှင်းမှာလဲ။ အဖွဲ့ကို ဖျက်ပစ်မှဖြစ်မယ် လို့ အကြံပေးသတဲ့။ ကျောင်းသားတပ်မတော်(မြောက်ပိုင်း) ရဲ့ သမိုင်းကို ခြေရာဖျောက်ဖို့ ကြိုးစားတဲ့သူတွေက သွေးရောတကယ်ရှိလို့လား။ စိတ်ဝင်စားတယ်ဗျာ။ “ ဟော့ဒီ အစုလိုက်အပြုံလိုက် လူသတ်မှုကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမလဲ” ဆိုတဲ့အချက် ကိုပေါ့။
နေပါအုံး။ တာဝန်ရှိသူတွေထဲမှာ “ လှဆိုင် ( ကချင်သံဝဲဝဲနဲ့ပြောရရင် လှဆောင် ပေါ့ဗျာ) ဆိုတဲ့သူရောပါမလား။ သူက တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေသူ လို့ သိရတယ်။ အာသံကုန်းမှာ မျိုးဝင်းနဲ့အတူ ကျောင်းသားတွေကို ဓါးနဲ့အပိုင်းပိုင်းခုတ်သတ်ခဲ့သူ လို့ နာမည်ကြီးတာပဲ။ တွေ့ချင်ပါသေးတယ်ဗျာ။ ဒီလောက် ဘီလူးသရဲစီးနေတဲ့ နှလုံးသား ဘယ်လို ဆဲလ်နဲ့များဖွဲ့စည်းထားသလဲ လို့ပါ။
(က)
ဒုတိယပိုင်းကို ဆက်ရေးတဲ့အခါ ခံစားမှုပြင်းထန်စွာနဲ့ ဝင်ရောက်မှတ်ချက်တွေရေးပေးတဲ့ မိတ်ဆွေတချို့ကို အနူးအညွတ်မေတ္တာရပ်ခံ ချင်တာတခုရှိပါတယ်။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်တွေကို ထိခိုက်စေမဲ့ ပြီးစလွယ်ကောက်ချက်ချမှုတွေကို ရှောင်ကျဉ်စေချင်ပါတယ်။ ပြည်တွင်းမှာ နိုင်ငံရေး စိတ်မဝင်စားတဲ့ကျောင်းသားတွေက မိဘတွေနဲ့အတူနေ၊ စာသင်ကျောင်းတွေမှာပျော်ပါး၊ စီးပွားရေးလုပ်၊ ဘဝရဲ့အနာဂတ်အတွက် ပြင်ဆင်နေကြချိန်မှာ၊ အေဘီရဲဘော်တွေဟာ ငှက်ဖျားတောထဲမှာ ဘဝကို စတေးပြီး တိုင်းပြည်ကိုချစ်ခဲ့ကြတယ်။ သူတို့ရဲ့ပုဂ္ဂလိက ဘဝတွေစွန့်လွှတ်ခဲ့ကြရတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ နားလည်မှုတခုတည်ဆောက်ဖို့အတွက် ဘဝပေါင်းများစွာပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် နေဝင်း၊ သန်းရွှေ ဖက်ဆစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ အေဘီအပါအဝင်၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်သူတွေရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်မပြုချင်နေပါ။ ထိခိုက်စော်ကားစေတဲ့ စကားလုံးတွေ မပေးစေချင်ပါဘူး။ လူတစုရဲ့ သွေးစွန်းတဲ့လုပ်ရပ်ကို ကြည့်ပြီး၊ ကျောင်းသားတပ်မတော် ဆိုတာ ဒီလိုရက်စက်သလား ဘာညာ အတွေးတွေ မတွေးစေချင်ပါ။ သူတို့တတွေဟာ နှလုံးသားတွေ ထိခိုက်ခံစား လွယ်လို့၊ တိုင်းပြည်ထဲက ပြည်သူတွေဆင်းရဲဒုက္ခတွေက လွတ်မြောက်စေဖို့အတွက် တောခိုလက်နက် ကိုင်ကြတယ်၊ ဘဝကိုမြှုပ်နှံစတေးခဲ့ကြတယ် ဆိုတဲ့အချက်ကို လက်ခံစေချင်ပါ။ ရဲဘော်တွေက ရိုးသားချစ်စရာကောင်းပါတယ်။ ကျနော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နဲ့ ကျောင်းသားတပ်မတော်ဆိုတာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းလို ပဲ၊ ခွဲခြားမရပါဘူး။ ဒီလိုခွဲမရတဲ့ ညီညွတ်မှုကို အိပ်မက်ဆိုးတွေကြားမှာ သတ်ပစ်ချင်တဲ့ လူတစုကတော့ ကိုထွန်းအောင်ကျော် လို မန္တလေး ဗမာနိုင်ငံလုံးဆိုင်ရာ၊ ညီလာခံက တရားဝင်တင်မြောက်ခဲ့တဲ့ ခေါင်းဆောင်တယောက်အပါအဝင်၊ ကျောင်းသား (၃၀) နီးပါးကို သတ်ဖြတ်ပြလိုက်ပြီး၊ ကျောင်းသားတပ်မတော်နဲ့ ရန်ကုန်၊ မန္တလေး ကျောင်းသားတွေကြားမှာ ခါးခါးသီးသီး နာကျင်မှုတခုဖြစ်သွားအောင် ကြံစည်ခဲ့ကြပါတယ်။ တကယ်ပဲ အောင်မြင်ခဲ့ပါတယ်။ မန္တလေးကျောင်းသားထုဟာ ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) ခေါင်းဆောင်ဆိုသူတွေကို အမှုန့်ချေပစ်နေချင်ကြတာ အမှန်ပါ။ ဒါပေမဲ့ မကောင်းမှုဆိုတာ စိတ်ကွယ်ရာ မရှိပါဘူး။ ပြဿနာတွေကို သတိတရားနဲ့ချည်းကပ် အဖြေရှာကြည့်ကြမယ်။ အဖွဲ့အစည်းတွေကြား အက်ကွဲကြောင်းတွေ၊ စိတ်ဒဏ်ရာတွေ ထင်အောင် ဘယ်သူလုပ်ခဲ့သလဲ ဆိုတာကို စမ်းစစ်ကြည့်ကြမယ်။ ဒီစာကိုရေးနေတဲ့အချိန်အထိ၊ ကျနော်ဟာ ကျောင်းသားတပ်မတော်ရဲဘော်တွေနဲ့ ခံစားချက်တူ၊ ရည်ရွယ်ချက်တူ တည်ရှိနေမယ်။ မြောက်ပိုင်း ကျောင်းသားတပ်မတော်ရဲ့ (၇၀၁) တပ်ရင်းကို စတင်ဖွဲ့စည်းစဉ်တုံးက ကျနော်တို့ကိုယ်တိုင်၊ မန္တလေးမြို့ မျက်ပါးရပ် စစ်တပ်နားမှာ စာရွက်တွေဝေခဲ့ဘူးခဲ့ တယ်။ မန္တလေးမြို့ကို ကျောင်းသားတပ်မတော် နဲ့အတူပြန်လာမဲ့ သူငယ်ချင်းတွေကို မျှော်ခဲ့ဘူးတယ်။
(ခ)
အဖြစ်အပျက်တွေကို တင်ပြတဲ့အခါ၊ လူတိုင်းမှာ လက်ခံပိုင်ခွင့်၊ ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ လူတွေအားလုံးမှာ သူတို့ရဲ့အမြင်တွေကို တင်ပြနိုင်တဲ့ အခင်းအကျင်းတခုရရှိထားကြပြီးသားပါ။ မြောက်ပိုင်း၊ ကချင်ဒေသမှာ လုပ်သွားခဲ့သလိုမျိုး၊ ဝန်မခံရင် နှိပ်စက်၊ နှုတ်တိုက်သင်ပေးထားတာကိုပြောရမယ်ဆိုတဲ့ ဇွတ်အတင်း၊ အကြမ်းဖက်အနိုင်ကျင့်တဲ့ အလုပ်မျိုး၊ စွပ်စွဲချက်မျိုးတွေကို၊ ကျနော်တို့ မလုပ်ပါဘူး။ ခုခံချေပချင်တဲ့သူတွေမှာလည်း ချေပပိုင်ခွင့်ရှိစေ ရပါမယ်။ ကျနော်တို့ကလည်း နားထောင်ချင်ပါတယ်။ ခင်ဗျားတို့ဆီမှာ စာရွက်စာတမ်းတွေ မပြည့်စုံဘူး ဆိုရင်လည်း ဖြည့်ဆည်းပေးဖို့ အသင့်ပါ။
“ဒါတွေဟာ တကယ်ဖြစ်ခဲ့တာတွေမှ ဟုတ်ရဲ့လား။ ကျောင်းသားချင်း ဒီလိုလုပ်တာ ဖြစ်နိုင်ပါ့မလား” လို့ သံသယနဲ့ကောက်ချက်ချသူ တယောက်ရဲ့ စကားလုံးတွေကို ကျနော်သဘောကျမိပါတယ်။ ဒီလိုဆို ကျနော်တို့ဘက်က ပြန်လည်မေးမဲ့ မေးခွန်းတခု ကို ဖြေဖို့ အသင့်ပြင်ထားပေးပါ။ ဒီအဖြစ်အပျက်တွေဟာ တကယ်ဖြစ်ပျက်ခဲ့တယ်ဆိုရင်၊ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့ သူတွေဟာ ကျောင်းသားဖြစ်နိုင်ပါ့မလား။ လူသတ်မှုကို ယဉ်ပါးကျွမ်းဝင်နေတဲ့ ( စံနစ်တကျလေ့ကျင့်သင်ကြားထားတဲ့ စစ်ထောက်လှမ်းရေးတွေရောမဖြစ်နိုင်ဘူးလား)။ မန္တလေးသားတွေက မေးခွန်း( ၃) ခု နဲ့ စောင့်နေပါ့မယ်။
(၁) ကျောင်းသားချင်းသတ်တာလား
(၂) ကျောင်းသားတွေက စစ်ထောက်လှမ်းရေးတွေကို သတ်တာလား
(၃) စစ်ထောက်လှမ်းရေးတွေက ကျောင်းသားတွေကို သတ်တာလား
ဇာတ်လမ်းတခုလုံး ဇာတ်ရည်လည်လာတဲ့အခါကျရင် ဒီမေးခွန်းသုံးခုထဲက တခုခုကို စာဖတ်သူတွေ ဖြေနိုင်ကြမှာပါ။
(ဂ)
ဒီကိစ္စကို ကျနော်က ဦးဆောင်ပြောပြနေတာ ကျနော့မှာ အကြောင်းရှိပါတယ်။ မျိုးဝင်း ( မိုးညှင်း) ဆိုတာ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတဦးဖြစ်သလို၊ သမိုင်းဆောင် အတူတကွ နေထိုင်ပျော်ပါးခဲ့ကြဘူးသူတွေပါ။ သမိုင်းဆောင်မှာကတည်းက သွေးဆာပြီး လက်ယဉ်လေ့ရှိတဲ့ မျိုးဝင်း တယောက် အရေးတော်ပုံအပြီး၊ မြောက်ပိုင်းဒေသမှာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတယ် ဆိုတော့ ဘုရားတလိုက်မိတယ်။ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လူမိုက်တွေ လက်နက်ကိုင်တဲ့အခါ၊ တော်လှန်ရေးသမားဖြစ်မလာနိုင်ပါဘူး။ အကြမ်းဖက်သမား၊ ဓါးပြဂိုဏ်းလောက်သာဖြစ်လာမှာ အသေအချာပါ။ ဒါကြောင့်လည်း သူရှိနေတဲ့ မြောက်ပိုင်းကို သွားမယ်ဆိုတဲ့အတွေးမျိုးတခါမှ မတွေးခဲ့ပါဘူး။ ကိုထွန်းအောင်ကျော်၊ ရော်နယ်အောင်နိုင်၊ ကိုစိုးလင်း ( အေဘီ ဗဟိုမှာ ဖမ်းဆီးခံရသူ) သုံးယာက်က မန္တလေးသားတွေပါ။ ခုတော့- ရော်နယ်အောင်နိုင် တယောက်သာ မဲဆောက်မှာ ကြီးပွားချမ်းသာပြီး၊ ပါတီပွဲတွေမှာ သောက်စားမူးယစ် အဆီယစ် ရီဝေနေတဲ့ မျက်နှာကြီးကို ကြိမ်ဖန်များစွာတွေ့ရ၊ ဖေ့ဘွတ်မှာ မိန်းကလေးတွေကို အီစကလီ စာလေးတွေ လိုက်ရေးနေတာကိုတွေ့ရပေမဲ့၊ ကိုထွန်းအောင်ကျော် ( ဗကသ-အထက်ဗမာပြည် ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားတပ်မတော်၊ မြောက်ပိုင်း-ဥက္ကဋ္ဌ) က အသတ်ခံရ၊ ကိုစိုးလင်းက မန္တလေးကို ပြန်လည်ထွက်ပြေးလာရပါတယ်။
မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက ၁၉၉၂ ဇွန်လ(၃) ရက်၊ ဗုဒ္ဓဟူးနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ ( မပူပါနဲ့။ သူတို့ရဲ့ အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ကျနော်ပြောနေတဲ့အချက်အလက်တွေ ဘယ်သူက မှန်သလဲ ဘယ်သူက ပိုပြီး အသေးစိတ်လဲ ဆိုတာ သိရဖို့ ယှဉ်ပြီးတင်ပေးသွားပါမယ်။ Far Eastern Economic Review ( ၁၉၉၂ ဂျူလိုင် ၁၆) မှာပါတဲ့ Bertil Lintner ရဲ့ Loss of innocence ဆောင်းပါးတွေကိုလည်း ဖတ်ကြရမှာပါ။ ) စစ်အစိုးရဆိုတာ ယုံကြည်ရတဲ့သူတွေမဟုတ်တော့ ကျနော်တို့က သူတို့ရဲ့ဝါဒဖြန့်ချီရေးဆောင်းပါးတွေ၊ သတင်းစာရှင်းလင်းပွဲတွေကို အရေးလုပ်ဖတ်လေ့မရှိပါဘူး။ သူတို့က မြစ်ထဲရေရှိတယ်ပြောနေရင်တောင်မှ ပြေးပြီးကြည့်ရအုံးမှာပါ။ တလျှောက်လုံးလိမ်ဆင်တွေပဲ ပြောနေတော့၊ သူတို့ဘာပြောပြော ယုံကိုမယုံခဲ့တာပါ။ ဒီအချက်အလက်တွေကို ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ စစ်ထောက်လှမ်းရေးဆီက ရတာလား လို့ နာမည်ဝှက်သုံးပြီး အပေါစားပျက်လုံး နဲ့ အောက်ဖဲ နဲ့ လာရှိုးနေသူတွေကို တခုပဲပြောလိုက်ပါရစေ။ ကျနော့အကြောင်းသိချင်ရင်၊ ABSDF မိုးညှင်းအုပ်စု က RIT ကျောင်းသာတွေကို မေးကြည့်လိုက်ပါ လို့ အကြံပေးချင်ပါတယ်။ မျိုးဝင်းဆိုတဲ့ ပုဂ္ဂိုလ်ကတော့ သေသွားတော့ ထားလိုက်ပါတော့။ ဘယ်ကရလဲ သိချင်ရင် စိတ်မလောပါနဲ့။ သိလာရပါစေမယ် လို့ ဖြေထားပါရစေ။ တခုတော့ သတိပေးလိုက်ပါရစေ။ တခါတုံးက ABSDF ( မြောက်ပိုင်း) ခေါင်းဆောင်တွေကို ထောက်ခံခဲ့သူတွေဟာ အခုချိန်မှာ ထိတ်လန့်တုန်လှုပ်ပြီး ဖြောင့်ချက်တွေပေးထားခဲ့တယ် ဆိုရင် ခင်ဗျားတို့ဘယ်လိုနေမလဲ။
(ဃ)
ထောက်လှမ်ရေးလို့ စွပ်စွဲခံရတဲ့ ကျောင်းသားတွေဟာ ပြည်တွင်းကို ပြန်ဝင်လာတော့လည်း စစ်အစိုးရက ဖမ်းပြီး ထောင်ဒဏ်နှစ်ရှည်တွေချခဲ့ပြန်ပါတယ်။ ပါဂျောင်ဒေသမှာတုံးက ကိုယ်တိုင်ကိုယ်ကျ စစ်ကြောရေးစခန်းမှာ ဝင်ရောက်နှိပ်စက် ရိုက်နှက်ခဲ့တဲ့၊ လက်နက်မှုနဲ့ကျတယ်ဆိုတဲ့ ကျောင်းသားတပ်မတော် ရဲဘော်တချို့ကတော့ ထောင်ဒဏ် (၂) နှစ်လောက်နေရပြီး၊ တက္ကသိုလ်တွေမှာ ကျောင်းပြန်လာတက်ကြပြန်တယ်။ သူတို့ကလည်း မိုးညှင်းဘက်က ကျနော့သူငယ်ချင်းတွေပါ။ စက်မှုမေဂျာ က တယောက်ဆို၊ “နန်းစော” ဆိုတဲ့ကောင်မလေးကို ကောင်းကောင်းနှိပ်စက်၊ ရိုက်နှက်ခဲ့တဲ့ထဲမှာ ပါခဲ့သေးတယ်။ အဲ့ဒီအချိန်က စပြီး မြောက်ပိုင်းဒေသရဲ့အဖြစ်အပျက်တွေကို စတင်ခြေရာခံလိုက်ခဲ့မိတော့တယ်။ စစ်ကြောရေးစခန်းက ထွက်ပြေးလွတ်မြောက်လာသူတွေရော၊ စစ်ကြောရေးမှာ ပါဝင်ခဲ့သူတွေရော၊ နှစ်ဘက်လုံးက ကျနော်နဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်နေတယ်။ နှစ်ဘက်လုံးက ရင်ဖွင့်သံတွေကို ရင်နာနာ နားထောင်ခဲ့ရတော့တယ်။ “ဘုရားရေ- ဘာတွေဖြစ်ကုန်တာလဲ” လို့ တနေခဲ့ရတယ်။ တကယ်တော့ ခေါင်းဖြတ်အသတ်ခံရသည့် (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ ညှင်းပမ်းနှိပ်စက် လို့ သေဆုံးသွားခဲ့သူ (၁၄) ယောက်ရှိပါတယ်- နောက်ပိုင်းမှာ နာမည်တွေကို အသေးစိတ်ဖေါ်ပြထားပါတယ်။
ကဲ- ဟော့ဒီ စာရင်းတွေကရော၊ အစိုးရထောက်လှမ်းရေးဆီက ရတယ်လို့ ပြောချင်ပါသေးလား။ ခံခဲ့ရခဲ့သူတွေက ဘယ်မှာ မေ့နိုင်မှာလဲ။ လူတိုင်းမှာ ဝှက်ဖဲတွေ ရှိတယ်ဆိုတာ မမေ့ဖို့လိုတယ်။
ထောက်လှမ်းရေး သူလျှို လို့ စွပ်စွဲပြီး တာဝန်ခံဖမ်းဆီးသူတွေကတော့
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ)
(၂) အတွင်းရေးမှူး အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်ခံခဲ့ရသည်)
(၃) ဗိုလ်ကြီး မျိုးဝင်း ( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား
(၄) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ)
(၅) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၆) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၇) တပ်ကြပ်ကြီး ကျော်ထင်ဦး ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး)
(၈) ရဲဘော် မောင်ထွေး ( ဗန်းမော်)
(၉) ရဲဘော် ဖိုးနှောင်း ( ဗန်းမော်)
(၁၀) ရဲဘော် သက်လင်း ( ဗန်းမော်)
စစ်ကြောရေးအဖွဲ့ဝင်များ
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -၂
အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ( လှဆောင်) ဆိုသူဟာ တရုပ်နယ်စပ်မှာ ဇာတ်မြှုပ်နေနေတယ် လို့ သိရတယ်။
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး)
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁ ) တပ်ရင်းမှူး)
(၄) သက်ထွန်း ( မိုးညှင်း တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( သူလည်း ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထောက်လှမ်းရေးအဖြစ် ဖမ်းခံရပြန်တယ်)
ထောင်မှူးတာဝန်ခံများ
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း)
တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်)
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း)
ရဲဘော် လက်သီး
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)
တပ်ကြပ်ကြီး စောမြမောင်
(၄) တပ်ကြပ်ကြီး လှမျိုးအောင် ( မိုးညှင်း- တာဝန်ပေါ့လျော့မှုဖြင့် သေဒဏ်ချ သတ်ဖြတ်ခံရသည်)
ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင်၊ စစ်ကြောရေးစခန်းမှာ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)
ဘာကြောင့် ဒီလို အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေဖြစ်ခဲ့ရတာလဲ။ ပြဿနာရဲ့ အဓိကတရားခံဟာ ဘယ်သူတွေလဲ။ ဇာတ်လမ်းတခုလုံးကို တတိယပိုင်းမှာ ရေးသွားပါမယ်။ ခုခံချေပ ချင်သူတွေရဲ့ ဇာတ်လမ်းတွေကိုလည်း ဖတ်ချင်ပါတယ်။ ပြည်သူလူထု ဆိုတာ အကောင်းဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေပါ။
“ ဒီအိမ်ပေါ်မှာ ကောင်းချီးမင်္ဂလာရောက်စေသော်” တဲ့
ခရစ်စမတ်မှာ မိတ်ဆွေတွေအားလုံး ကံကောင်းကြပါစေ။
0 "ပြုံးရင်လှမှာလားတဲ့"
-ပြုံးရင်လှမှာလားတဲ့၊
အဲ့ဒီ့ကစလို့ အပြုံးဆိုတဲ့ဝေါဟာရ ပြန်အမှတ်ရခဲ့ရတယ်။
၂၀၁၀
-ပြုံးရင်လှမှာလားတဲ့
ဟန်ဆောင်လို့တောင် မပြုံးတတ်တော့ သူတွေကြား
အပြုံးဒဿနတွေ ဖွေရှာဖို့ လမ်းညွှန်လိုက်တဲ့စကား
ဖိစီးနေတဲ့ လူမှုဒုက္ခကြားမှာ
အပြုံးဆိုတာလည်း မေ့သွားလောက်ရဲ့မဟုတ်လား အမေ။
-ပြုံးရင်လှမှာလားတဲ့
လောကသဘာဝကိုက ပြုံးရင်တော့လှမှာပါပဲ အမေ။
ရုန်းကန်ခဲ့ရ အမေ့ဘ၀ထက်ကိုပဲ
သားတို့ကြုံရ လူမှုဒုက္ခက ဘာပိုမှာလဲ
အမေတောင်ပြုံးနိုင်မှတော့ သားတို့လည်း ပြုံးကြရမှာပေါ့။
၂၀၁၁
-ပြုံးရင်လှမှာလားတဲ့
ပြုံးဖို့ဆုံးဖြတ်တဲ့ အမေ့နှလုံးသား
သွေးချင်းနီးသလိုနဲ့ ဝေးနေသူတွေလည်း ပြန်နားလည်စေချင်ပါရဲ့
အမေယုံကြည်တဲ့ အပြုံးပန်း ထာဝစဉ်အစွမ်းကုန်လန်းနိုင်မှာပါ
အပြုံးတစ်ချက်ကမ်းလိုက်တိုင်း အပြုံးတွေပြန်ပြန်ရနေတာ
အမေ ဖွေရှာတွေ့ရှိလိုက်တဲ့ အမှန်တရားဖြစ်ပါစေ။
-ပြုံးရင်လှပါတယ် အမေ
အမေလည်းပြုံး သားလည်းပြုံးမယ်
အပြုံးကိုယ်စီနဲ့
သားတို့ကြိုလိုက်ပါမယ်
၂၀၁၂ နှစ်သစ်ကို ။
ကိုမျိုး(မြန်မာစာ)