Monday, November 1, 2010

0 တောင်ဒဂုံမြို့နယ်မှာ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်များအား အာဏာပိုင်များမှ တားဆီးပိတ်ပင်နေပုံ သတင်း၊ ဓာတ်ပုံ.....







သတင်းဓာတ်ပုံ။ ။ ကိုဒီမိုဝေယံ

Sunday, October 31, 2010

0 မဲရုံတွေကိုမသွားပါနဲ့ မဲမပေးပါနဲ့ (ဦးဝင်းတင်နှင့်မေးမြန်းချက်)

၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။

No Vote interview BaBa Uwin tin (30.10.2010)DVB by dawmanhon
ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့တပတ်ကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထပ်မံ သိရှိနိုင်ဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားတာပါ။

ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဆိုတော့ ထပ်ပြီး အဖွဲ့ချုပ်ကလည်း ဆန့်ကျင် သပိတ်မှောက်ထားတယ်ဆိုတော့ ဘာကြောင့် အဓိကအားဖြင့် ဆန့်ကျင် သပိတ်မှောက်ရတယ် ဆိုတဲ့ အချက်လေးတွေ ပြန်ပြီး ရှင်းပြစေချင်တာပါဗျာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ထမင်းဝိုင်းကြီးကျွေးတယ်ဗျာ။ ကျနော်တို့လည်း ထမင်းဆာနေကြတယ်ဗျာ။ ကျနော်တို့လည်း ဒီမိုကရေစီကို လိုလားတောင့်တနေတယ်ဗျာ။ ကျနော်တို့ လိုလားနေသလို ရွေးကောက်ပွဲ ၀င်တဲ့သူလည်း လိုလားတယ်။ ပြည်သူတွေလည်း လိုလားတယ်။ အကုန်လုံးလိုလားနေတဲ့ အချိန်မှာ ဒီမိုကရေစီဆိုတဲ့ ထမင်းဝိုင်းကြီးကို ချကျွေးရင် ကျနော်တို့ စားမှာ ပေါ့ဗျ။ သို့သော် အဆိပ်ခပ်ထားတဲ့ ထမင်းပွဲဆိုရင် ကျနော်တို့ မစားနိုင်ဘူး။ စားလို့မဖြစ်ဘူး။ အခုလည်း ဒါပဲ။ ဒီထမင်းပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဥပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီးကျနော်တို့ ငြင်းပယ်ပါတယ်။

ဟုတ်ကဲ့ သပိတ်မှောက်တဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဘဘတို့ ဘယ်လို လုပ်ဆောင်သွားမှာလဲ ခင်ဗျ။

ဒီသပိတ်ကို ကောင်းပြီ။ ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့်သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။ ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ အန်ဒီအက်ဖ်ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဦးသုဝေရဲ့ ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေ ရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့လို့မပြောပါဘူး၊ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဥဿုံ သပိတ်မှောက်တယ်ဆိုတဲ့ နည်းကို သုံးပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ဆန့်ကျင်ရမယ်၊ သပိတ်မှောက်ရမယ်၊ အဖွဲ့ချုပ်က ချထားတာပေါ့နော်။ ဒါကို လူအများစုက လက်သင့်ခံမယ်လို့ရော ယုံကြည်ပါသလားခင်ဗျ။

ယုံကြည်ပါတယ်။

ကျနော်တို့ရဲ့ စည်းရုံးမှုအားလည်း ရှိပါတယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်မှုအားလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်း ရှိပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား၊ ဦးဆောင်နိုင်တဲ့ အနေအထား၊ ရှေ့ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါတွေကိုလည်း လူထုက လက်ခံပါတယ်လို့ ပြောချင်ပါတယ်။

ထပ်မေးချင်တာက တချို့ကလည်း ပြောကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီကို သွားမှာပဲ၊ ရွေးကောက်ပွဲကို ဖြတ်ရမယ် ဒီမိုကရေစီဆိုရင်။ အဲတော့ ရွေးကောက်ပွဲကြီးက လုံးလုံးကြီးပေါ့၊ ဒီမိုကရေစီကို ပြောင်းပြန်ကြီး လှန်ပြီးပြောင်းမသွားပေမယ့် နည်းနည်းတော့ ဒီမိုကရေစီကို ဦးတည်ပြီးတော့ သွားမယ်လို့ပြောနေကြပါတယ်။ သူတို့ဥပမာပေးတာက က ကြီးကို ယ ဖြစ်အောင် မလုပ်နိုင်ပေမယ့် ၀ လုံးကိုတော့ ဗ လောက်လေးဖြစ်အောင် နည်းနည်းလေးတော့ချိုင့်နိုင်သေးတယ်ဆိုပြီး ပြောနေတာလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။

အဲဒါကတော့ စကားပမာတွေ ပြောနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေက ဘာလဲ၊ နောက်အခြေအနေကဘာလဲ၊ ရွေးကောက်ပွဲအလွန်ကာလဆိုတဲ့စကားကို ကျနော်တို့ ပထမနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် ဖြတ်သန်းတယ်၊ လိုအပ်တယ်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလကို ထည့်တွက်ရဲ့လား။ ဒီကမ္ဘာပေါ်မှာ စကားတွေ အများကြီးရှိပါတယ်။ ဥပမာ အိုဘားမားကိုယ်တိုင် ပြောတဲ့စကား ရှိဖူးပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့အဖြေလည်းမဟုတ်ဘူး၊ ပြဿနာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ဟာဆိုရင် ရွေးကောက်ပွဲဟာ အဓိပ္ပါယ်ရှိတယ်ပေါ့ဗျာ။ ခုနကပြောတဲ့ ၀ ကို ဗလချိုင့် ပဲဖြစ်ဖြစ်ယပလက် ကကြီးပဲဖြစ်ဖြစ်၊ ထဆင်ထူး ပဲဖြစ်ဖြစ် ၀လုံး ၀ိ ပဲဖြစ်ဖြစ် ထားချင်တာထား။ ဆိုလိုတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲဆိုတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၈ အခြေခံဥပဒေအတိုင်းပဲ၊ စစ်အာဏာရှင်များဟာ ဆက်ပြီးတော့ စိုးမိုးနေမယ်။ ကြီးစိုးနေမယ်။ သူတို့ခြယ်လှယ်နေမယ်။ သူတို့စိတ်တိုင်းကျ လုပ်နေနိုင်တဲ့အနေအထား။ အဲလိုဆိုရင် ရွေးကောက်ပွဲဟာ ဘာအဓိပ္ပါယ်မှမရှိဘူး။ သူတို့ဟာသူတို့ထင်ပြီးတော့ လွှတ်တော်ထဲမှာ လက်ညိုးထောင်ခေါင်းညိတ်အခြေအနေမျိုးကို ရောက်မှာပဲ။

ဘဘဦးဝင်းတင်အနေနဲ့ ၇ ရက် ၈ ရက်မှာ ဖြစ်လာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေသိအောင်၊ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံကနေ ပြောချင်တာ ဘာများရှိသေးလဲ နောက်ဆုံးအနေနဲ့ပေါ့။

ထပ်ပြောချင်တဲ့စကားက မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့၊ မဲရုံထဲကို မသွားမနေရ ဆွဲသွင်းရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြပါ။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။

မူရင်း။ ။ ဒီမိုကရက်တစ်မြန်မာ့အသံ

0 မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ


    (၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။

    (၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။

    (က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”

      ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။

    (ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”

      စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။

(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”

      ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။

(ဃ) “တသီးပုဂ္ဂလများ”

      ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။

(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။

    (၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။

      (က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။

      (ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။

      (ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။

      (ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။

    (၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။

    (၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

    (၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။

    (၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။

ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု

ပေးပို့သောမမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 မဲပေးလိုသူများ သေသေချာချာ စဉ်းစားလေ့လာကြပါရန် မြန်မာ့အရေးမှ နှိုးဆော်ခြင်း


ကဗျာ။ ။ ကိုကိုအောင်( ဆန်ဖရန်စစ္စကို)

ခုချိန်မှာ အရေးကြီးနေတာက ပြည်သူတွေအတွက်ဘာမှ မလုပ်ပေးနိုင်မဲ့ လွှတ်တော် ဖြစ်လာရေး၊မလာရေးထက် စစ်အစိုးရက ပြည်သူတွေကို တရားဝင် ဖိနှိပ်ခွင့်ရရှိစေမဲ့ ၂၀၀၈ နာဂစ်ဥပဒေ အတည်မဖြစ်ရေးက ပိုပြီးအရေးကြီးနေပါတယ်ခင်ဗျာ။ လွှတ်တော်ထဲမှာလည်း အမတ်များ ဘာဆိုဘာမှ လုပ်လို့မရနိုင်စေရန် အခြေခံဥပဒေထဲတွင် နည်းလမ်းပေါင်းစုံဖြင့် ထိန်းချုပ်ထားပါတယ်။ဥပဒေများ ကိုပြင်ဆင်ပြောင်းလဲဖို့ ဆိုသည်မှာလည်း လုံးဝ မဖြစ်နိုင်ပါ။လွှတ်တော်ကိုယ်စားလှယ်၇၅%အထက် ဆိုသည့် ကိစ္စမှာ စိတ်ကူးယဉ်ချင်စရာမဟုတ်ပါ။

အခု ဒီပွဲလုပ်ပေးတာကိုက မလုပ်ပေးရင်မဖြစ်တဲ့ အနေအထားတွေရှိနေလို့ မလုပ်ချင်၊လုပ်ချင်နဲ့ လုပ်ပေးရတဲ့ပွဲပါ။ စေတနာရှိလို့မဟုတ်ပါဘူး။ ပွဲအောင်မြင်ရင် (ဖြစ်မြောက်ရင်မဟုတ်ပါ၊ဖြစ်မြောက်တိုင်းမအောင်မြင်နိုင်ပါ) နောင် အနှစ်၂၀ ဆိုလည်းဟုတ်၊အနှစ်၅၀ ဆိုလည်းဟုတ် ပြည်သူများစစ်ကျွန် ဖြစ်သွားနိုင်ပါတယ်။

"အခြေခံ ဥပဒေကို တပ်မတော်က အဓိက ကာကွယ်ရမည်" ဆိုတဲ့စကားက အရမ်းအရေးကြီးပါတယ်။လက်ရှိ ဒီဥပဒေက အသက်မ၀င်သေးပါဘူး။ အသက်ဝင်ပြီးသွားရင် ပြန်ပြင်ဖို့ဆိုတာ ပိုခက်သွားပါလိမ့်မယ်။ဖြစ်နိုင်ရင် ၂၀၀၈ အခြေခံဥပဒေကို သေချာလေ့လာကြစေချင်ပါတယ်။

ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လွတ်လပ်ခွင့်၊ပြည်သူ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးရမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ပြောင်းပြန်ဖြစ်ပြီး ပြည်သူတွေကို လက်ရှိ ဘ၀ထက်ပိုမို ဆိုးရွားအောင် စီမံထားတာတွေ့ရပါလိမ့်မယ်။

ဥပမာ ထုတ်ပြရရင် ယခုပြည်သူတွေရဲ့မြေတွေကို မတရားသိမ်းယူတယ်၊ကလေးတွေကိုစစ်သားအဖြစ် စုဆောင်းတယ်၊တိုင်းရင်သားတွေကိုအဓမ္မလုပ်အားပေးခိုင်းစေနေတယ်။ပြည်သူကိုထင်သလိုချယ်လှယ်နေတယ်။ ဒါ တရားမ၀င်ခိုင်းနေတာပါ။

နိုင်ငံတကာက ကန့်ကွက်နေကြသလို၊ILO ကြောင့် လယ်သမားအချို့ မြေပြန်ရကြပါတယ်၊ကလေးအချို့ မိဘရပ်ထံ ပြန်ခွင့်ရခဲ့ကြပါတယ်။နိုင်ငံတကာမီဒီယာမှ ထောက်ပြ ပြောဆိုဝေဖန်လို့ ရနေပါသေးတယ်။ အခြေခံ ဥပဒေအသက်ဝင်သွားပြီဆိုရင်တော့ ဒါတွေလုပ်တာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီလုပ်တော့မှာ ဖြစ်တဲ့အတွက် ဘယ်သူကမှ မကယ်နိုင်တော့ပါဘူး။နောက်ဆုံး နိုင်ငံတကာက ပြောဆိုလာရင်လည်း အခြေခံဥပဒေနဲ့အညီ လုပ်နေတာပါဆိုပြီးပြန်လည်ခြေပဖို့ အခွင့်အရေးရရှိသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီဥပဒေ အသက်မ၀င်ရေးဟာ အဓိကဖြစ်သည့်အတွက် မဲမပေးသင့်ကြောင်း၊ မဖြစ်မနေ မဲပေးရမယ်ဆိုရင် ပယ်မဲဖြစ်အောင် လုပ်သင့်ကြောင်းပြောဆိုနေရခြင်းဖြစ်ပါတယ်။မဲမပေးသည့် အတွက်ကြောင့်သင့်အား မည်သည့်ဥပဒေနှင့်မျှ အရေးမယူနိုင်ပါ။ သင်မဲမပေးခြင်းသည် ဥပဒေနှင့်အညီ မဲမပေးခြင်းသာဖြစ်ပါသည်။
မဖြစ်မနေ မဲရုံကိုသွား၊မဲပေးရတော့မယ် ဆိုရင်ဖြင့် နည်းပေးလမ်းညွှန်ပြုလုပ်လိုသည်မှာ ဆန္ဒမဲပေးအခန်းတွင်းကိုဝင်ပြီး ခြင်္သေအမှတ်အသားကိုရှောင်ကာ အခြားအမှတ်အသားနှစ်ခုကိုရွေးချယ်ကာ အမှန်နှစ်ခါခြစ်၍ ပယ်မဲဖြစ်အောင်ကိုယ်တိုင်ခြစ်ကာ မိမိကိုယ်တိုင် မဲပုံးအတွင်း သေသေချာချာထဲ့ခဲ့စေလိုပါတယ် ခင်ဗျား။

ထိုသို့ ပယ်မဲဖြစ်အောင်ပြုလုပ်ခြင်းအားဖြင့် သင်တို့အား မည်သည့်ဥပဒေနှင့်မျှ အရေးယူနိုင်ခြင်း မရှိသည့်အပြင် သင်အမှန်နှစ်ခါခြစ်ကြောင်း ချောင်းမြောင်းကြည့်ရှုသူ မဲရုံဝန်ထမ်းအား အရေးယူပေးပါရန် တိုင်ကြားနိုင်ပါတယ်။အရေးကြီးသည်မှာ မကြောက်ရွံ့ ရန်သာဖြစ်ပါတယ်။

သင်၏ကိုယ်ပိုင်လွတ်လပ်မှု အခွင့်အရေးအား အာဏာဖြင့်ထိန်းချုပ်ရန် ကြိုးစားသူအား တရားဥပဒေနည်းလမ်းကျ ပြန်လည်တုံ့ပြန်ရန် လိုအပ်ပါတယ်။

မိမိရဲ့ အသိဥာဏ်ေ၀၀ါးမှုကြောင့်၊မိမိ၇ဲ့အသုံးမကျမှုကြောင့် နောင်သားစဉ် မြေးဆက် ဒုက္ခရောက်မဲ့ အဖြစ်မျိုး မကြုံတွေ့စေလို၍ ပြောဆိုတိုက်တွန်းနေခြင်းဖြစ်ပါတယ်ခင်ဗျား။
ခြင်္သေအမှတ်အသားကိုရှောင်ကာ အခြားအမှတ်အသားနှစ်ခုကိုရွေးချယ်ကာ အမှန်နှစ်ခါခြစ် ၍ပယ်မဲဖြစ်အောင် ပြုလုပ်ခြင်း၏ ထိရောက်မှုများအား အောက်ဖော်ပြပါ ဗီဒီယိုမှ ရှင်းလင်းချက်များအား ကြည့်ရှုခြင်းဖြင့် သင်နားလည်နိုင်မည်ဖြစ်ပါတယ်။

http://www.dawnmanhon.com/2010/10/blog-post_6127.html

(မြန်မာ့အရေး)

0 လွတ်ငြိမ်းခွင့် Freedom


လွတ်ငြိမ်းခွင့် Freedom

ငါ … ဘာမှ မဟုတ်တဲ့ငါ။

ဘာမှ အသုံးမဝင်တဲ့ငါ။

ဘာမှ အကျုံးမဝင်တဲ့ငါ။

လူမှုရေးတော့ သိ။

စီးပွားရေးက မရှိ။

ပညာရေးက မဟုတ်။

ကျန်းမာရေးက ဆုတ်ယုတ်။

ဖွဲ့စည်းပုံက ထွေပြား။

နိုင်ငံရေးက ဝေဝါး။

ဘာမှ အသုံးမကျတော့တဲ့ငါ။

ဘာမှ အကျိုးမပြုတော့တဲ့ငါ။

ငါ့ကို မင်းတို့ရဲ့ ချည်နှောင်မှုကနေ လွတ်ငြိမ်းခွင့်တော့ ပေးပါတော့ … ။

ငါ မဟုတ်တော့တဲ့ငါ …။

ဒါပေမယ့်…ငါ့မှာ မင်းတို့အသိုင်းအဝိုင်းတွေ မလုပ်နိုင်တဲ့ ပညာရပ်ရှိတယ်။

ငါ့မှာ မင်းတို့အဖွဲ့အစည်းတွေ မမြင်နိုင်တဲ့ အမြင်အာရုံရှိတယ်။

ငါ့မှာ မင်းတို့အသင်းအဖွဲ့တွေ မတွေးနိုင်တဲ့ အတွေးမျိုးရှိတယ်။

ငါ့မှာ မင်းတို့ပညာတတ်တွေ မစွမ်းနိုင်တဲ့ ပညာစွမ်းရှိတယ်။

ဒါ . . . ငါ့ရဲ့စွမ်းအား။ ငါ့ရဲ့ ပါဝါဘဲ။

အဲဒီ ငါရဲ့ အင်အားကို မင်းတို့ ခုတုံးတော့မလုပ်ကြပါနဲ့။

ငါရှက်လှပါဘိ။

ဒါကြောင့် . . .ငါ, ထပ်ပြောမယ်။

ငါဟာ ငါမဟုတ်တော့ဘူး။

ငါ့မှာ မင်းတို့ကို အကျိုးပြုစရာ ဗလာ။

ငါ့မှာ မင်းတို့အသုံးပြုစရာ နတ္တိ။

ငါ့လမ်း ငါသွားပါရစေတော့။

ငါ့အလုပ် ငါလုပ်ပြီး ငါ့သမိုင်း ငါရေးဖို့ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်

ပေးကြပါတော့။

နောင်တစ်ချိန်ချိန်မှာတော့ . . . တရားသိသလိုလို တရားရှိသလိုလိုနဲ့

ဝင်လေ ထွက်လေရပ်ပြီး

ငါ့နောက် မလိုက်လာကြနဲ့ လို့ ငါ မှာခဲ့ပါရစေ။

ငါ မဟုတ်တော့တဲ့ငါ။ (ကျော်သူ)

( ၂.၁၁.၁၉၅၉ှ မှ ၂၀ ? ? )

0 ရွေးကောက်ပွဲတွင် မဲလိမ်ရန်စီစဉ်နေ

photo by AP
မြန်မာနိုင်ငံအတွင်းရှိ မ.ယ.က ၇ုံးများသို့ ယနေ့ညနေပိုင်းတွင် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပုံးနှင့် မဲပြားများရောက်ရှိလာပြီဖြစ်ပြီး၊၇ ရက်နေ့မှ ရွေးကောက်ပွဲ ပြုလုပ်ရမည် ဖြစ်သော်လည်း မဲလိမ်ရန် အတွက် ကြိုတင်စီစဉ်နေကြောင်းသတင်းရရှိပါသည်။

စီစဉ်ပုံမှာ ၄ ရက်နေ့တွင် မ.ယ.က ရုံး၌ ကြိုတင်မဲများ စတင်ကောက်ယူမည်ဖြစ်ပြီး ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရပ်ကွက် ရ.ယ.က ၇ုံးများတွင်ပါ ကောက်ယူမည်ဖြစ်ပါသည်။ထိုသို့ ကောက်ယူရာတွင် ၇ပ်ကွက်အတွင်းရှိပြည်သူများအား အိမ်တိုင်ရာရောက် လိုက်၍ခေါ်ဆိုကာ ကြိုတင်မဲပေးခိုင်းမည်ဖြစ်ပြီး၊ မဲရုံ စောင့်ကြည့်မည့် တာဝန်သိပြည်သူများ နှင့်အတိုက်အခံ မှ လူများအား ၀င်ရောက်ခွင့် ပေးမည်မဟုတ်ကြောင်းသိရပါသည်။

ထို့အပြင် မဲရုံဝန်းကျင်တွင် စောင့်ကြည့်ရန်အတွက် စွမ်းအားရှင်အဖွဲ့များအား ထားရှိမည် ဖြစ်ပြီး မဲရုံအတွင်း၌လည်း ပြည်သူများ၏ မဲပြားများအားစောင့်ကြည့်၍ ကြံ့ဖွံ့ပါတီ မဲရရှိစေရန် ဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် မဲရုံ၏ မဲမသမာမှုများအား ဖော်ထုတ်မည့်သူ၊တိုင်တန်းမည်ဟု ယူဆရသူများအား အထူးစောင့်ကြည့်ရန်၊လိုအပ်ပါက ရွေးကောက်ပွဲလွန် ကာလအထိ ဖမ်းဆီးထိန်းသိမ်းထားရန် နှင့် မဲရုံတွင်ဖြစ်သော ပြသနာများအား ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်မှ တာဝန်ယူကာကွယ်ပေးရန် အထက်မှ လျို့ဝှက် အမိန့်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။

မြန်မာအရေး

Saturday, October 30, 2010

0 ပြည်တွင်းမှာလက်စွမ်းပြမည့်Citizen journalismကင်မရာသူရဲကောင်းများအတွက်ရုပ်သံအခြေခံ


၂၀၀၇ စက်တင်ဘာ ဆန္ဒပြပွဲများမှ စတင်ပြီး citizen journalism ဟူသော စကားလုံးကို မြန်မာပြည်တွင် တွင်ကျယ်စွာ သုံးလာခဲ့သည်။ ထိုအချိန်မတိုင်မီက blog များ ခေတ်စားနေပြီ ဖြစ်သော်လည်း ရသကိုသာ အလေးပေးခဲ့ပြီး သတင်းအတွက် အသုံးပြုသူ နည်းပါးခဲ့သည်။ ယခုတော့ သတင်းဦးစားပေး blog များစွာ ရှိနေပြီဖြစ်သည်။ နာဂစ်မုန်တိုင်း၊ ရတနာပုံဈေးနှင့် မင်္ဂလာဈေး မီးလောင်မှုများ၊ မန္တလေးရေကြီးမှုနှင့် ပဲခူးစစ်တပ်မှ လူသတ်မှုတို.တွင် ဗီဒီယိုနည်းပညာကို အင်တာနက်မီဒီယာဖြင့် တွဲဖက်အသုံးပြုကာ ရုပ်သံဖြင့် သတင်းမျှဝေသူများကိုပင် တွေ.လာရပါသည်။

မြန်မာပြည်တွင်း၌ ဗီဒီယိုရိုက်ကူးခဲ့သူ တစ်ဦးအနေဖြင့် ထိုသူများ မည်မျှ ကြိုးစားအားထုတ်ရသည်ကို သိပါ၏။ အများပြည်သူ သိသင့်သိထိုက်သော သတင်းအချက်အလက်များ၊ မျှဝေသင့်သော လူထုအချင်းချင်း၏ ခံစားချက်များကို ဝေမျှရန် ကြိုးစားသည့် ထိုသို.သော ပုဂ္ဂိုလ်များ မည်မျှ ပေးဆပ်ရင်းနှီးရသည်ကို ကိုယ်ချင်းစာမိ၏။ ဘ၀ကိုရင်းပြီး ထောင်နှုတ်ခမ်း နင်းကြသူများပင် ဖြစ်ပါသည်။ လေးစားမိပါသည်။ သို.သော် စွန်.စားရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများ ရရှိသင့်သည့် အရည်အသွေး မမီသောအခါ အားမလိုအားမရနှင့် ကျနော့်မှာ အမြဲလိုလို မချိတင်ကဲ ဖြစ်ရပါသည်။

မြန်မာပြည်အတွက် အရေးကြီးသည့် ရွေးကောက်ပွဲသည် နိုဝင်ဘာ ၇ ရက်နေ.တွင် ကျင်းပရန် ရှိပါသည်။ ထိုနေ.တွင် ရည်ရွယ်ချက်မျိုးစုံဖြင့် မှတ်တမ်းတင်ကြမည့် ကင်မရာ သူရဲကောင်းများ ရှိကြပါဦးမည်။ ၄င်းတို.ထဲမှ အချို.သည် ရိုက်ကူးရေးပညာနှင့် အစိမ်းသက်သက် ဖြစ်နေနိုင်ပါသည်။ ထိုသူများအတွက် အနည်းငယ်မျှ အထောက်အကူ ရစေရန် ရည်ရွယ်ရင်း လေ့လာဖူးသည့် အခြေခံ ကင်မရာ စည်းကမ်းအချို.ကို မျှဝေအပ်ပါသည်။ လိုအပ်သလို အသုံးပြုနိုင်ပါသည်။

အဆင့်မီ ကင်မရာသမားတစ်ဦး ဖြစ်ရေးအတွက် နှစ်ရှည်လများ လေ့ကျင့်ပျိုးထောင်ရသည်ဖြစ်ရာ ယခုစာတိုလေးမှာ သိသင့်သည်များကို အားလုံး ခြုံငုံမိသည်ဟု မဆိုလိုပါ။ သို.သော် အခြေခံ ဆောင်ရန်/ရှောင်ရန်များကို လေ့လာနိုင်ပါက ပိုမိုကောင်းမွန်သော မှတ်တမ်းရုပ်သံများ ရိုက်ကူးရန်အတွက် ဆက်လက်လေ့ကျင့်နိုင်မည်ဟု ယုံကြည်ပါသည်။ အထပ်ထပ် လေ့ကျင့်ပါရန် တိုက်တွန်းအပ်ပါသည်။ သိရှိပြီးသည်များကို ထပ်မံပြောဆိုမိပါက ဆရာလုပ်သည်ဟု မယူဆစေလိုပါ။ ၁။ Zoom ကို မလိုအပ်ဘဲ မသုံးပါနှင့်။

မြင်ကွင်းတစ်ခုကို ရိုက်ကူးနေစဉ် အနီးအဝေး zoom ဆွဲခြင်းကို အတွေ.အကြုံနည်းသည့် ကင်မရာသမားများ မကြာခဏ ပြုလုပ်တတ်ကြသည်။ အထူးသဖြင့် လမ်းမကြီး၊ မော်တော်ကား၊ အိမ်၊ ဈေးဆိုင်ကဲ့သို.သော ငြိမ်သက်နေသည့် အရာဝတ္ထုများကို ရိုက်ကူးပါက ကင်မရာကို ရွှေ.ခြင်း zoom ကစားခြင်းတို.ကို ပြုလုပ်တတ်သည်။ ဗီဒီယိုသည် ဓာတ်ပုံမဟုတ် လှုပ်ရှားမှု ပါရမည်ဆိုသည့် psycho ကြောင့်ဖြစ်သည်။ မလိုအပ်ပါ။ ရုပ်မြင်သံကြားမှ သတင်းများကို လေ့လာပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာဘောင် အတွင်းမှ subject များကသာ လှုပ်ရှားနေသည်ကို တွေ.ရပါလိမ့်မည်။

မလိုပဲ zoom အသုံးပြုပါက ပြန်ကြည့်သောအခါ ပြလိုသော အရုပ်ကို ပရိသတ်က သေချာမမြင်ဘဲ ရှိတတ်သည်။ ထို.အပြင် zoom အသုံးပြုသော အချိန်များတွင် လက်လှုပ်ရှားမှုကြောင့် ကင်မရာ မငြိမ်ဘဲ အရုပ်များပါ လှုပ်နေပြီး ကြည့်သူကို ခေါင်းမူးစေတတ်သည်။

၂။ ရိုက်ချက်များ မတိုလွန်းပါစေနှင့်။

မြင်ကွင်းတစ်ခုကို ရိုက်ကူးပါက အစမှအဆုံး အနည်းဆုံး ၁၀ စက္ကန်. ကင်မရာကို ငြိမ်ထားပါ။ အချို.အခြေအနေများတွင် ရိုက်ချက်တစ်ခုအတွက် ၅ စက္ကန်.လည်း လက်ခံနိုင်ပါသည်။ သို.သော် တစ်စုံတစ်ယောက်က မိမိပြုလုပ်သော သတင်းနှင့် သက်ဆိုင်သော အကြောင်းအရာကို ပြောဆိုနေသည့် အချိန်တွင် အဆိုပါ ပုဂ္ဂိုလ်၏ စကား အစအဆုံး ရရှိရန်လိုသည်။ ကျနော့် Subject များ၏ အလွန်တန်ဖိုးရှိသော တိုက်ရိုက်ပြောစကားများ တစ်ဝက်တစ်ပျက် ဖြစ်နေသောကြောင့် သုံးမရသောအခါ နောင်တနှင့် ရင်နာရဖူးသည်။ နောက်တစ်ချက်မှာ ၅ စက္ကန်.ထက်နည်းပြီး အချိန်တိုလွန်းပါက MTV ပုံစံ ဖြတ်ခနဲ ဖြတ်ခနဲ ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားသောကြေင့် ပရိသတ်က ဘာကြည့်ရမှန်းမသိ ဖြစ်တတ်သည်။ ကျန်အချက်များသည် နံပါတ် (၁) ပါ အချက်များနှင့် အတူတူပင် ဖြစ်သည်။

၃။ ကင်မရာကို တတ်နိုင်သမျှ ရွေ.လျှားမှု မလုပ်ပါနှင့်။

နိုင်ငံတကာသတင်းများကို လေ့လာကြည့်ပါ။ ကင်မရာက ငြိမ်နေပြီး ကင်မရာအတွင်းမှ အရုပ်များကသာ ရွေ.လျှားနေသည်ကိုသာ အများဆုံး တွေ.ရပါလိမ့်မည်။ ရုပ်မြင်သံကြားကို ဓာတ်ပုံရိုက်သလိုသာ သဘောထားပြီး ရိုက်ရပါမည်။ လက်ငြိမ်ငြိမ်ထားသင့်သည်။

၎။ မလိုအပ်သော အသံများ မပါဝင်စေရန် ဂရုပြုပါ။

အဖော်ပါလာသည့် ဘေးမှလူက စကားပြောနေခြင်း၊ မိမိကပြောခြင်းမျိုးကို ရှောင်သင့်ပါသည်။ မလိုလားအပ်သည့် အသံများသည် မိမိတင်ပြလိုသည့် သတင်းအပေါ် ပရိသတ်၏ အာရုံဝင်စားမှုကို ကျဆင်းစေပါသည်။

၅။ အင်တာဗျုး

မိမိမေးခွန်းကို ဖယ်ထုတ်လိုက်သော်လည်း အဖြေချည်းသက်သက် အဓိပ္ပါယ်ထွက်စေရပါမည်။ ပရိသတ်က မေးခွန်းကို ဖယ်လိုက်ပြီး အဖြေကိုသာ နားထောင်ပါက နားလည်နိုင်ရမည်။ အင်း (သို.မဟုတ်) ဟုတ်ကဲ့ စသော ထောက်ပေးခြင်းကို ရှောင်ပါ။ မိမိအသံက နှောက်ယှက်နေတတ်သည်။ ဆက်ပြောစေလိုပါက ပြုံးပြီး ခေါင်းညိတ်ပြခြင်းသည် ဟုတ်ကဲ့/အင်း ပြောခြင်းထက် ရုပ်သံအတွက် ပိုမိုအန္တရာယ်ကင်းစေပါသည်။

၆။ ကြားအရုပ်များ ရအောင် ရိုက်ကူးပါ။

Cut Away ဟု ခေါ်ပါသည်။ မိမိတင်ပြလိုသည့် အကြောင်းအရာနှင့် ပက်သတ်သည့် အရုပ်မှန်သမျှအပြင် အင်တာဗျုးတွင် ဖြေဆိုသွားသည့် အကြောင်းအရာများနှင့် ပက်သတ်သည်များကို ရသရွေ. ရိုက်ကူးသင့်ပါသည်။ ကြံ့ဖွတ်ပါတီမှ မဲဆွယ်ခြင်းနှင့် ပက်သတ်သည့် သတင်းတွင် ကြံ့ဖွတ်ပါတီက ခင်းထားသော လမ်းများကို ရိုက်ကူးခြင်းမျိုး ဖြစ်သည်။ မည်သည့်အရုပ်ကို ရိုက်ကူးမည်ဆိုသည်မှာမူ တင်ပြသူ၏ စိတ်ကူးနှင့် အတွေးပေါ်တွင် မူတည်ပါသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ.ရက်ကို အစိုးရက ကြေငြာလိုက်သည်ဟူသော သတင်းမျိုးတွင် မနက်စောစော သတင်းစာ ထိုင်ဖတ်နေသော လူတစ်ဦး လူတစ်စုကို ရိုက်ပြီး cut away အဖြစ် သုံးနိုင်သည်ကို တွေးရပါမည်။



၇။ အဓိက ပုဂ္ဂိုလ်များ ပါအောင် ရိုက်ကူးရမည်။

ရေဘေးဒုက္ခသည်များကို ဆရာတော်ကြီးက ကူညီသော သတင်းတွင် ဆရာတော်ကြီးပုံ မပါပါက အရုပ် အားမကောင်းပါ။ ခိုင်မာမှု အားနည်းသွားပါသည်။ စစ်သားက လူငယ်နှစ်ဦးကို ပစ်သတ်သော သတင်းတွင် လူငယ်နှစ်ဦး၏ မိဘများကဲ့သို.သော အရင်းနှီးဆုံး ဆွေမျိုးများကို ဖော်ပြနိုင်ပါက သတင်းပိုမို အားကောင်းသော သဘောဖြစ်သည်။

ရိုက်ချက်များ (Shots)

အခြေအနေ ပေးပါက အဓိက ရိုက်ချက်ငါးမျိုး ပါဝင်အောင် ရိုက်ကူးပါ။ စာတစ်ပုဒ် ဖြစ်ပေါ်လာရန် စာလုံးများစွာ စုစည်းရသကဲ့သို. အဓိပ္ပါယ်ရှိသော ဗီဒီယိုမှတ်တမ်းတစ်ခု ဖြစ်ပေါ်လာရန် ရိုက်ချက်များစွာ စုစည်းရပါသည်။ အစ အလယ် အဆုံး ပါဝင်ရန် လိုအပ်သည့်အတွက် ရိုက်ချက်များ စုံလင်လေ သတင်းကို စိတ်ကြိုက် ပုံဖော်နိုင်လေ ဖြစ်ပါသည်။ အောက်တွင် အဓိက ရိုက်ချက် ငါးမျိုးကို ဖော်ပြထားပါသည်။ ရုပ်ထွေးမှုများ မရှိစေရန်နှင့် အင်တာနက်တွင် ဆက်လက်လေ့လာနိုင်ရန် မူရင်း အခေါ်အဝေါ်များအတိုင်း ဖော်ပြထားပါသည်။

Establishing Shot

သတင်းတစ်ပုဒ်တွင် Who What When Where Why and How ဟူသည့် “ဘ” ခြောက်လုံး ပါဝင်သည်ကို အများအားဖြင့် သိရှိကြပါသည်။ Establishing Shot သည် နေရာ၊ အချိန်၊ မည်သည့် အနေအထား စသည်ကို ပရိသတ်အား အသိပေးသော shot ဖြစ်သည်။ မြင်ကွင်းကျယ်ကျယ်တွင် ပတ်ဝန်းကျင်မှ အားလုံး ၀ါဝင်သည်။

Wide Shot

မိမိရိုက်ကူးသော subject ကို အားလုံးဖော်ပြပြီး ခြေဆုံးခေါင်းဆုံး ရိုက်ကူးသော ရိုက်ချက်ဖြစ်သည်။ မည်သူ၏ သတင်း၊ မည်သည့်အကြောင်းအရာ၏ သတင်း ဆိုသည်ကို ပရိသတ်ကို မိတ်ဆက်သော ရိုက်ချက်လည်း ဖြစ်ပါသည်။

Medium Shot / Mid Shot
ခါးတစ်ပိုင်း ရိုက်ချက်များအားလုံး ပါဝင်သည်။

Close Up

Passport ဓာတ်ပုံ အရွယ်အစားကို မှတ်ထားပါ။ ၄င်းသည် Close Up Shot နှင့် အနီးစပ်ဆုံး ဖြစ်သည်။ လူ၏ စိတ်ခံစားမှုများကို ဖော်ပြရန်သုံးသည်။ ငိုနေခြင်း၊ ဒေါသထွက်နေခြင်း၊ စိတ်ပျက်နေခြင်း၊ တက်ကြွခြင်း၊ ပျော်ရွှင်ခြင်း စသည့် message များကို Close Up ဖြင့် ပြပါက ပိုမိုထိရောက်ပါသည်။

Extreme Close Up

မြန်မာပြည်တွင်း အနေအထားတွင် များသောအားဖြင့် ရိုက်ကူးရန် ခက်ခဲလေ့ရှိသည်။ သို.သော် ပရိသတ်ကို ဖမ်းစားနိုင်သည့် ရိုက်ချက်များသည် Extreme Close Up များ ဖြစ်ကြပါသည်။ ဥပမာ ဖရဲသီးရောင်းသူတစ်ဦးကို ရိုက်ကူးပါက ဖရဲသီးလှီးလိုက်ပုံ အနီးကပ်၊ တယ်လီဖုန်းဆက်နေပုံကို ရိုက်ကူးပါက ဖုန်းနံပါတ်ကို နှိပ်နေသောလက်ချောင်းလေး၏ အနီးကပ်၊ ဘဏ်တစ်ခုကို ရိုက်ကူးပါက ငွေရေစက်တွင်း၌ တစ်ဖြတ်ဖြတ် လှုပ်ရှားနေသော ငွေစက္ကူများ၏ အနီးကပ် စသည့် အလားတူ အရုပ်များကို ဆိုလိုပါသည်။ ငိုနေသော အမျိုးသမီးကို ရိုက်ကူးပါက မျက်ရည်စီးကျနေသော မျက်လုံး ပါးပြင် စသည်တို.ကို ရိုက်ကူးနိုင်ပါသည်။

ကင်မရာကို မလှုပ်မရှား မိနစ်ပေါင်းများစွာ ဖွင့်ထားပြီး တောက်လျှောက် ပြနေခြင်းထက် ယခုကဲ့သို. မတူညီသော ရိုက်ချက်များကို အမျိုးမျိုး ဖန်တီးပြီး ပြောင်းလဲပြခြင်းက ပရိသတ်ကို ပိုမို စိတ်ဝင်စားစေပါသည်။

အားလုံး ဘေးကင်းကြပါစေ။ လွတ်လပ်အေးချမ်းကြပါစေ။

ကျော်ဇွ

၂၇ အောက်တိုဘာ ၂၀၁၀

0 ပြည်ပရောက်သံဃာတော်များဒုက္ခသည်များသတင်းထောက်များ အနုပညာရှင်များအလွှာအသီးသီးမှရင်ဖွင့်ပြောဆိုချက်(ရုပ်/သံ)




newyorker.comမှ

0 လွှတ်တော်အမတ်တို့၏ လေးနှစ်တာ တာဝန် ၀တ္တရား နှင့် ကျင့်စဉ်

ကိုအေးဆွေ တစ်ယောက် ရွေးကောက်ပွဲ ဆိုသည့် အသံ ကြားကတည်းက ဏနာမငြိမ်တော့  ။ လွှတ်တော် အမတ် ဖြစ်ချင်ဇောက အားကြီးနေသည် ။ သတင်းများကို နားစွင့်နေသည် ။ အကြားချင်ဆုံး သတင်း ကြားရပါပြီ သတင်းကောင်း NLD ရွေးကောက်ပွဲ မ၀င် ။ ထိုအချိန်မှ စ၍ ကိုအေးဆွေ တစ်ယောက် အမတ်ရောဂါ ရနေပြီ ။ သူသာမဟုတ် နိုင်ငံရေး လက်စလက်န နည်နည်း ရှိသူများကလည်း ပါတီတွေ အပြေးအလွှား ထောင်ကြသည် ။ သူသာ မဟုတ် နိုင်ငံကျော် တဲ့လူတွေပင် လွှတ်တော် အမတ်ဖြစ်ချင်ကြသည်ဟု မီဒီယာများကို ဖွင့်ဟ ကြသည် ။ မလုပ်၍ မရ ဒေါ်စု ဦးဆောင်သည့် NLD မပါတုန်းအပီအပြင် ၀င်ကြုံးရမည့် ဟု အားလုံးက အားခဲထားသည့် ပွဲဖြစ်သည် ။ အခြေခံ ဥပဒေ စာအုပ်ကို ယောင် ၍ တောင် ပြီးအောင် မဖတ်ဖူး ။ လိုချင်သည့် အချက်အလက်ကို သာ နူတ်တိုက် ကျက်ထားရသည် ။

ဒေါ်စု ဆိုသည့် အမျိုးသမီးကလည်း သူ့အဖလို ဘဲ တော်တော်လေးကို တိုင်းပြည်ကို ချစ်သည် ။ တရားမျှတမှု မရှိ၍ ရွေးကောက်ပွဲ မ၀င် ။ တုံးလိုက်သည့် အမျိုး ၊ အလိုက်သည့် အမျိုးဟု သူ့စိတ်ထဲက ထင်မိနေသည် ။ ဘာဘဲ ဖြစ်ဖြစ် လွှတ်တော် အမတ်ဖြစ်ဖို့က အဓိက ဆိုသည့် သူ့ဝါဒအတိုင်း ဟုတ်သည် မဟုတ်သည် အသာထား လူထု ယုံကြည်လာအောင် ကြားဖူးသမျှ အကုန် ဖျန်းဖြီးရသည် ။ လိမ်နိုင်လျှင် သမာဓိ ၊ ညာနိုင်လျှင် ပညာရှိ ဆိုသည့် ခေတ်ကြီးတွင် များများ လိမ်နိုင် ၊ ညာနိုင်မှ လွှတ်တော် အမတ် ဖြစ်ဖို့ လမ်းစရှိသည် ။ လူလိမ်နေအေး စာအုပ်ထဲက လိမ်နည်းများကို လည်း ကျင့်ကြံရသေးသည် ။

ပါတီတံဆိပ် အတွက်လည်း သိပ်ပူစရာ မလို ၊ ရှိပြီးသား တံဆိပ်ကို နည်းနည်းလေး မွမ်းမံ လိုက်လျှင် အလုပ်ဖြစ်သွားမည် ။

ဒီလောက် ကောင်းတဲ့ အစိုးရ ရှိအုံးမလား ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် နောက်ကွယ်ကနေ ငွေများ ပံ့ပိုးပေးသေးသည် ။ လူထုကို အသိမပေးပါနှင့်လို့တော် မှာထားသည် ။ ဘာဘဲ ဖြစ်ဖြစ်ကိစ္စမရှိ ၊ လွှတ်တော် အမတ်ဖြစ်ရေးက အဓိက ။

လွှတ်တော် အမတ် ဖြစ်ရေး အတွက် လူထုကို အသည်းအသန် စည်းရုံးနေပါသည် ။ မသိနားမလည်တဲ့ လူငယ်တွေကို NLD နှင့်ဒေါ်စု မကောင်း ကြောင်း နည်းနည်းချင်းစီ မှိုင်းတိုက် သွင်းထား၍ တော်တော်လေးကို ဟုတ်နေသည် ။ သမိုင်းကြောင်းကို ပြောင်းပြန်လှန်ရလည်း ကိစ္စမရှိ ။ နဂိုက အသိညဏ် မရှိတာကို အချို့က အသိညဏ်ကို သစ္စာဖောက်သည် ဆိုသည့် စကားကို နည်းနည်းတော့ ၇ီချင်သေးသည် ။ သို့သော ရီ၍ မဖြစ် ၊ ဟန် တခွဲသားနှင့် နိုင်ငံရေး စကားတွေ များများ ပြောပေးရသည် ။

တွေ့သမျှ စာအုပ်တွေကို ဖတ်ပြီး ကောင်းတာ မှန်သမျှ အကုန် ကော်ပီ ကူးကာ ကျက်မှတ်ထား၍ ပြောသမျှ စကားလုံးတိုင်းက လည် လူထု ကောင်းစားရေး ဆိုသည့် စကားလုံးကို တွင်တွင် သုံးထား၍ ပြည်သူလူထုက တော်တော်လေးကို အထင်ကြီးနေသည် အချိန်တွင် ရှိသမျှ ပစ္စည်းရောင်းကာ အကုန်ပုန်အော၍ မဲဆွယ်နေရသည် ။

ပြည်သူလူထုကို သူ့ပါတီကိုသာ အမှန်ချစ်ခိုင်းနေရသည် ။ မဲရုံများကိစ္စကို သေချာ မသိ ။ ဒါတွေက ကိစ္စမရှိ ၊ အင်တာနက် ဆိုသည့် အရာကြီးကိုတော့ တော်တော်လေးမုန်းတီးသည် ။ သူတို့ လုပ်သမျှ လိုက်လိုက်ဖော်နေသည် ၊ သမိုင်းစာအုပ် အမှန်များကလည်း ထွက်ထွက်လာသေးသည် ။ ဒီကြားထဲ အချို့လူငယ်လေးတွေက သမိုင်းအမှန်များကို ထထအော် နေကြသေးသည် ။ ဒီကောင်တွေ လုပ်ပုံနဲ့ ဆို အကုန်ခက်ပြီ ။ နံမည် အကြီးဆုံး စာရေးဆရာကို ရှာ ၊ သူ့ကို ငွေပုံပေးပြီး သမိုင်းတွေ ဆက်လက် ပြောင်းပြန် လှန်ခိုင်းရမည် ။ ထိုစာရေး ဆရာ ဆောင်းပါးကို ဖတ်၍ သဘောကျ လွန်းလှသည် ။၊ စာရေးဆရာက လည်း ဆော်ချင်စိတ်တွေ ဘယ်လောက်ပြင်းပြနေသည် မသိ အကုန် သိမ်းကြုံးရမ်းပြထားသည် ။

သိပ်မကြာ ထိုဆောင်းပါး ကို တုန့်ပြန်သံတွေ ညံလာသည့် အခါ စာရေးဆရာက လည်း ထိုရွေးကောက်ပွဲကို စိတ်မ၀င်စား တော့ပါဟု ထအော်လာ သည့်အတွက် စိတ်တော့ ပျက်မိသေးသည် ။ ရွေးကောက်ပွဲ ကြီး ဖြစ်မြောက်မှ လွှတ်တော် အမတ် ဖြစ်ရမည့် အတွက် ဆန့်ကျင်သူများ ကို တန်ပြန် တိုက်ထုတ်ရန် လူငယ်များကို နေ့စားဖြင့် ဌားရသည် ။ ကိုယ်ဌားထားတဲ့ကောင်တွေ မဆိုးဟု တွက်ဆမိသည့် အချိန်တွင် သူတို့ပြန်မေးသည့် မေးခွန်းများကို ပြန်မဖြေတတ်တော့ စိတ်တော့ပျက်မိသေးသည် ။ လူငယ်တွေ နားမလည်နိုင်သည့် စကားလုံးတွေ လှိုင်လှိုင် သုံးပြီး ဖြေရှင်းလိုက်သည် ။ နောက်ဆုံး ဒေါ်စု နှင့် ခမောက်ကို အားကိုး၍ လူထုကို တပါတ်ရိုက်သင့်သည့် နေရာတွင် ရိုက် ၊ ခြေထိုးသင့်သည့် နေရာတွင် ခြေထိုးနှင့် စခန်းသွားနေရာက ရွေးကောက်ပွဲ ကြီး အထမြောက်ဖို့ က အဓိက သာ ဖြစ်သည် ဟု နှလုံးသွင်းထားသည် ။

တွေ့သမျှ လူတိုင်းကို ကျွန်တော်တို့ကတော့ ပူးသတ်မှာပါ ။

ဒီမိုကရေစီ ရဖို့ နည်းလမ်းကတော့ဒီတလမ်းထဲ ရှိလို့ ကျွန်တ်ာတို့ ရသလောက်လေး တိုးကြည့်မှာပါ ။ ထိုသို့သော စကားများကြောင့် ကိုအေးဆွေနားကိုလူများ သိပ်မကပ်ရဲ။

ကံအားလျော်စွာ ကိုအေးဆွေ တစ်ယောက် လွှတ်တော်ထဲ ကို ရောက်ခဲ့ပါသည် ။ နေရာတော်တော်များများတွင် နေရာယူထားသည်က အရေခွံလည်းထားသည့် ကြံ့ဖွတ်များ နှင့် အစိမ်းရောင် လူသားများသာဖြစ်သည့်အတွက် ဒီမိုကရေစီ ဘက်တော်သား အဖြစ် သူကိုယ့်သူလည်း တော်တော်လေးကို ဘ၀င်မြင့်ချင်သလို ဖြစ်သွားသည်။

အစည်းအဝေး စတင်ကျင်းပသည့် နေ့တွင် သဘာပတိ အဖြစ် အမိုက်မဲဆုံးနှင့် အယုတ်မာဆုံး လူသားဆုကို ရရှိထားသူက လွှတ်တော်တွင် ပထမဆုံး မိန့်ခွန်းပြောပါ သည် ၊ ဘယ်သူက ဘယ်လို အဆို ကို တင်သွင်းရင် ဘယ်လို တုန့်ပြန်လိုက်မည် ဟု ကိုအေးဆွေ စဉ်းစားနေပါသည် ။ သဘာပတိ၏ မိန့်ခွန်းမှာ မည်သည့် လွှတ်တော် အမတ်မဆို တင်းသွင်းလာသည့် အဆိုမှန်သမျှကို ကျွန်ူပ်က သဘောတူလျှင် လက်ညိုးထောင် ခေါင်းငြိမ့်ရမည် ။

ကန့်ကွက်ကြောင်း အဆို တင်သွင်းလျှင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်သည် ။ လွှတ်တော် အမတ်တိုင်လက်ညိုးထောင် ခေါင်းငြိမ့်တတ်ရမည် ။ ထိုကဲ့သို့ မဟုတ်ဘဲ ဆန့်ကျင်လျှင် အခြေခံ ဥပဒေတွင် ပါရှိသည့် အတိုင်း ဥပဒ အသစ်ထုတ်ကာ ကန့်ကွက်ပြောဆိုသူအား လွှတ်တော် အမတ်အဖြစ်မှ အနားပေးမည် ။

ကိုအေးဆွေ တစ်ယောက် လွှတ်တော်မှ အပြန် ကိုယ်လုံးပေါ်မှန်ကြီးကို ၀ယ်ချလာပါသည် ။ အိမ်ရောက်သည်နှင့် တပြိုက်နက်ထဲ လက်ညိုးထောင် ၊ ခေါင်းငြိမ့် လေ့ကျင့်ခန်းကို စတင် လုပ်ဆောင်ပါတော့သည် ။ သို့သော သူ့မျက်နှာ အနေအထားက လက်ညိုးထောင် ခေါင်းငုံ့သည့်အခါ ပုံသိပ်မကျချင် ။ ကိုအေးဆွေ တစ်ယောက် အသည်းအသန် ကြိုးစားကြည့်သည် ၊ မဟုတ်သေး ။ ဘာသူ့ဆီက သင်ရရင် ကောင်းမလည်း စဉ်းစားကြည့်သည် ။ အိမ်တွင် ချစ်စရာ အကောင်းဆုံးမှာ သူ့မြေးလေးသာ ရှိသည် ။ သူ့မြေးလေး ဆီက အမူအရာကို အတုခိုးလျှင် တော်တော်လေး ဟုတ်ကာ လွှတ်တော်ထဲ တွင်

သူ့လက်ညိုးထောင် ခေါင်းငြိမ့်ပုံက ချစ်စရာကောင်းနေမည် ဟု အကြံရသည် ။

ထိုကြောင့် မြေးလေးအား အခန်းထဲ ခေါ်ကာ လက်ညိုးထောင် ခိုင်းလိုက် ၊ မုန့်လေး ပေးလိုက် ခေါင်းငုံ့ခိုင်းလိုက်မုန့်လေး ပေးလိုက်နှင့် သူ့လုပ်ရပ်ကို အတော်လေး သဘောကျနေသည့် အချိန်တွင် သူ့မိန်းမ မှ လွှတ်တော် အကြောင်းကို သိချင်ဇော အားကြီးလျှက် အခန်းထဲကို ဗြုန်းစားကြီး ၀င်ချလာပါသည် ။

မိန်းမ ။ ။ ကိုအေးဆွေ .......ရှင်ဘာလုပ်နေတာလည်း ၊ မကြီးမငယ်နဲ့ ၀တ်စုံအပြည့် ၀တ်ထားပြီး

လက်ညိုးထောင်ခိုင်း လိုက် ခေါင်းငုံ့ခိုင်းလိုက် ကလေးကို မုန့်လေးပေးလိုက် နဲ့ ။

ကိုအေးဆွေ ။ ။ မသိရင် အသာနေစမ်းပါ ။ ဒီနေ့ဘဲ လွှတ်တော်ထဲမှာ အမိန့် ထုတ်ထားတယ် ၊

လွှတ်တော် အမတ်တိုင်း လက်ညိုးထောင် ခေါင်းငြိမ့်တတ်ရမည် တဲ့ မိန်းမရဲ့ ။ သူတို့ ပြောတဲ့အတိုင်း မလုပ်ရင် နောက်နေ့ ရာထူးပြုတ်ဘဲကွ ။ ဒါကြောင့်ငါ လက်ညိုးထောင် ခေါင်းငြိမ့် ကျင့်စဉ်ကို သင်ယူနေတာ

မိန်းမ ။ ။ ဒါဆို ရှင်စည်းရုံးရေး ဆင်းတုန်းက ရွတ်ခဲ့တဲ့ ပြည်သူ့အကျိုးပြု စာသားတွေအတွက် ဘယ်လို လုပ်မလဲ ။

ကိုအေးဆွေ ။ ။ ဒီစာသားတွေ က နောက် တခါ မဲဆွယ်ခါနီး ကျရင်တော့ ပြန်သုံးရမှာပေါ့ ။

ပထမ နှစ်ကို လွှတ်တော် ထဲမှာ အခြေကျအောင် ကြိုးစားရမယ် ။

ဒုတိယနှစ်ကို မဲဆွယ်ပွဲမှာ ကုန်ထားတဲ့ ငွေ ရဖို့ အတွက် အတိုးကို အရင်းပါ ရအောင် ဂွင်ဖန်ရမယ် ။

တတိယနှစ်ကတော့ နောက်နှစ် မဲဆွယ်ဖို့ ကြံရဖန်ရမယ် ။

နောက်ဆုံးနှစ်ကြရင် အကောင်းဆုံး ဆိုတဲ့ စာအုပ်တွေ ဖတ် ၊ အလန်းဆုံးစကားလုံး ကို ပြန်ရှာ ၊ အဲဒီစာတွေကို အလွတ်ကျက် ပြီး ရွေးကောက်ပွဲ အတွက်ပြင်ဆင်ရမယ်လေ မိန်းမရဲ့ ။ ဒါဟာ လွှတ်တော် အမတ်တွေရဲ့အဓိကလုပ်ဆောင်ရမည့် လေးနှစ်တာ တာဝန် ၀တ္တရားတွေပါဘဲ ။

အေးဆွေပိုင်ပါတယ်ကွ ၊ ပူးသတ်မှာပါ ၊ ရသလောက်လေး ၀င်တိုးကြည့်အုံးမှာပါ ။ ကဲမြေးလေးရေ

လက်ညိုးထောင်ပါ အုံး ၊ ခေါင်းငြိမ့်ပါအုံးကွာ ..................။

ထိုနေ့မှ စ၍ ကိုအေးဆွေ နားကို အိမ်သူအိမ်သား တွေ သိပ်မကပ်ကြတော့ ၊ မုန့်လိုချင်သည့် သူ့မြေးနှင့်သူ လက်ညိုးထောင်လိုက် ခေါင်းညိတ်လိုက် နှင့် အဟုတ်မှတ်ကာ လေးနှစ်တာ လွှတ်တော် အမတ်တို့၏ အဓိက လုပ်ဆောင်ရမည့် အချက်များကို သာ တစိုက်မတ်မတ် လုပ်နေကြလေတော့ သတည်း ...................။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 နအဖစစ်အုပ်စု၏(၂၆.၁၀.၂၀၁၀)ရက်နေ့သတင်းထုတ်ပြန်မှုအပေါ် ABSDFကျောင်းသားတပ်မတော်၏သဘောထားထုတ်ပြန်ချက်

0 " ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) ”


" ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသား ပုံရိပ်များ-အပိုင်း ( ၅ ) ”

(မောင်မောင်ဝမ်း)

ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကတော့တော်တော်များပါတယ်။ ဒီအထဲက အဓိကကျတဲ့ အကြောင်းအရာများနဲ့အတွေ့အကြုံများကိုပဲ ဦးစားပေးတင်ပြလိုပါတယ်။

နောက်ထပ်တစ်ခါ ၀ိဓူရ သခင်ချစ်မောင်လို့ လူသိများခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတစ်ယောက်နဲ့ ကျနော်တို့တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့သခင်ချစ်မောင်နဲ့ တွေ့ဆုံဖို့ ကို ခွင့်တောင်းတော့ အဆင်ပြေစွာပဲ တွေ့ခွင့်ပေးခဲ့ပါတယ်။ ကျနော်တို့ကို သူ့ပါတီက ဗဟိုအလုပ်အမှု့ဆောင်လူကြီးတချို့နဲ့ပါ တွေ့ဆုံပေးခဲ့တယ်။ သူတို့ဘ၀ သူတို့အတွေ့အကြုံတွေက ကျနော်တို့အတွက် စိတ်ဝင်စားဖွယ်ရာတွေ အများကြီးပါခဲ့ပါတယ်။ သူပြောတာတွေထဲမှာ သဘောကျတာလေးက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ -လူမသိသေးတဲ့စကားတွေနဲ့ အကြောင်းရာလေးပါ။ (သိပ်တော့ မထူးဆန်းပါဘူး။) ဒါပေမယ့် လေးစားစရာကောင်းပါတယ်။ ချစ်စရာကောင်းပါတယ်။

တနေ့ ဗိုလ်ချုပ်နဲ့ သခင်ချစ်မောင်တို့ ဒို့ဗမာအစည်းရုံး ရုံးခန်းမှာဆုံကြတော့ (အဲဒီတုန်းက ဗိုလ်ချုပ်က သခင်ပေါက်စ ဘ၀ပဲ ရှိပါသေးတယ်။) ဗိုလ်ချုပ်က စာအုပ်တအုပ်ကို သေသေချာချာ လေးလေးနက်နက် ဖတ်နေရာကနေ မျက်စိ၊အကြောတွေ ညောင်းလို့ထင်ပါရဲ့ ။ ထလာပြီး ခါးကို ဟိုဘက်ချိုး ဒီဘက်ချိုး လုပ်ရင်း…..

“ ကိုချစ်မောင်ရေ ..ခင်ဗျားကို ကျုပ်မေးခွန်းတစ်ခုမေးဦးမယ်ဗျာ..“ ဆိုတော့ သခင်ချစ်မောင်က...

“ မေးလေဗျာ .. ရပါတယ်…. ဘယ် နိုင်ငံရေး အယူအဆ အကြောင်း ဆွေးနွေးချင်လို့လည်းဗျ...” ဆိုတော့...ဗိုလ်ချုပ်က -

“ လောလောဆယ်… အဲဒါတွေ မပါသေးဘူးဗျ …….။ ကျုပ်မေးချင်တာ … ကျူပ် ဒီပုံစံနဲ့ မိန်းမရော ရနိုင်ပါ့မလားဗျာ..။” ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် မေးလိုက်တော့ သခင်ချစ်မောင်တောင် ရုတ်တရက် အံ့အားသင့်သွားတယ်။

ပြီးမှ သူက အလိုက်သင့်ပဲ--

“ ခင်ဗျား လိုချင်ရင် … ရတာပေါ့ဗျာ… ဒါပေမယ့်… ခင်ဗျားက မိန်းမ ပိုးချိန်ရော ရလို့လား…….”

“ ပြောလည်း ခံရမှာပဲဗျ.. အဲဒီဘက်ကို မလှည့်အားဘူး … တခါတရံကျလည်း မိသားစုဘ၀လေးနဲ့ အေးအေးချမ်းချမ်းလေး နေကြည့်ချင်တယ်… ဘယ်လို နေမလဲ မသိဘူး။”

သခင်ချစ်မောင်ဟာ ကျနော်တို့ကိုပြောပြနေစဉ်မှာ အတိတ်ကို ပြန်လွမ်းဆွတ်နေပုံပါ။ ပြီးမှ သူကပဲ ဆက်ပြီး..

“ဘဘ ကိုယ်ချင်းစာပါတယ်။ လူပဲလေ ...လူ့ဘ၀ရဲ့အရသာကို ခံစားချင်တာပေါ့ … ဒါပေမယ့် သူ့မှာ နိုင်ငံတာဝန်တွေက ၀န်ထုတ်ဝန်ပိုးဖြစ်နေတော့ လူငယ်ဘ၀ လူငယ်အလုပ်တွေတောင် မလုပ်နိုင်ရှာဘူး။ အိမ်ထောင်ကျသွားတော့လည်း အိမ်ထောင်ရဲ့မိသားစုအရသာ ဘယ်လောက်ကြာကြာ ခံစားသွားရလို့လဲ။ သူ့ခမျာ ငယ်ငယ်လေးနဲ့ အသက်ဆုံးရှုံးသွားရရှာတယ်။”

သခင်ချစ်မောင်ဟာ ပြောပြောဆိုဆိုနဲ့ သူထိုင်နေတဲ့နေရာရဲ့နောက်ဘက်မှာ ဖန်ပေါင်းချောင်နဲ့ ထည့်ထားတဲ့ ကိုယ်တပိုင်းပြတ် ဗိုလ်ချုပ်ရုပ်ထုငယ် ပုံလေးကိုကြည့်ပြီး လွမ်းလွမ်းဆွတ်ဆွတ်ပြောပြနေစဉ်မှာ .. ကျနော်မျက်စိကစားကြည့်လိုက်တော့ ...တဘက်မှာလည်း လီနင် ကိုယ်တပိုင်းပြတ်ရုပ်ထုကို ဖန်ပေါင်းချောင်လေးနဲ့ ထည့်ထားတာကို တွေ့လိုက်ရတယ်။ ဒါတွေဟာ သခင်ချစ်မောင်ရဲ့ယုံကြည်ချက်နဲ့လေးစားမှု့ကို ဖော်ကျူးပြသနေတဲ့ သင်္ကေတတွေ ဖြစ်နေမှာ အသေအချာပါပဲ။

 “ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးပါ……။ ဖအေ့ခြေရာကို နင်းနိုင်ပါတယ်…။ ဘဘ သူ့ကိုယုံတယ်..။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အမျိုးသား လိုအပ်ချက်လမ်းစဉ်ကို ဒီကနေ့ အကောင်ထည်ဖော်ပေးနိုင်မှာ.. ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ .. ကျန်တဲ့သူတွေအဖို့ သိပ်မလွယ်လှပါဘူး….။ဘဘတို့လည်း ကြိုးစားခဲ့တာပါပဲလေ..။ ဒါပေမယ့် မဖြစ်ထွန်းခဲ့ပါဘူး…….။”

ကျနော်တို့အထဲက တစ်ယောက်က မေးခွန်းတခု မေးလိုက်ပါတယ်။

“ ဘဘ... စစ်အစိုးရရဲ့နောက်ကွယ်မှာ ဦးနေ၀င်း ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုသံများအပေါ် … ဘဘ ဘယ်လိုမြင်ပါသလဲ….။”

သခင်ချစ်မောင်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဘေးနားမှာရှိနေတဲ့ ရှုဆေးဗူးလေးကို ကောက်ရှုတယ်….။

“ ဒါကတော့သားရယ် ..။ ဘဘ အတတ်တော့ မပြောနိုင်ဘူးပေါ့…။ ဒါပေမယ့် ဥပမာပေးရရင်…. ချောင်းလေး တစ်ချောင်းရှိတယ်…။ ချောင်းရဲ့ ဒီဘက်မှာလည်း သမင်ခြေရာကို တွေ့နေရတယ် ။ချောင်းရဲ့တဘက်မှာလည်း ခြေရာကို တွေ့နေရရင် .. အဲဒါ ဘာဖြစ်လိမ့်မလဲ…။ ကိုယ်ကိုယ်တိုင် မမြင်သည့်တိုင်အောင်.. သမင်ဟာ စမ်းချောင်းကို ခုန်ပြေးသွားတယ် ဆိုတာ ပြောနိုင်ပါတယ်..။ ဒီလိုပါပဲ ။”

“ ဘဘ ..အန်တီနဲ့တွေ့ဆုံမယ်ဆိုရင် .. ဘဘ သဘောထားဘယ်လိုရှိပါသလဲ…။ နောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ် အပေါ်မှာ... ဘဘ ဘယ်လောက် ပူးပေါင်းပါဝင် ကူညီနိုင်ပါသလဲ ။” ဆိုတော့.........

“ ဘဘ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချင်ပါတယ်…။ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကိုလည်း ဘဘ အကြွင်းမဲ့ယုံကြည်တယ်..။ ဘဘ အသက်နဲ့ ခန္ဓာရှိနေသရွေ့ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ကူညီပါ့မယ်။ ”

ကျနော်တို့ရင်ထဲမှာ ပီတိတွေကိုယ်စီနဲ့…။

ဝိဓူရ သခင်ချစ်မောင် လို့ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးဆီက မမေ့နိုင်တဲ့ စကားလက်ဆောင်လေးတခ မှတ်သားမိခဲ့တယ်။အဲဒီ စကားလေးဟာ ကျနော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

အဲဒါကတော့ ........” လူထုကို ဘယ်သောအခါမှ အပြစ်မမြင်ပါနဲ့ ...တဲ့ ။ ဘယ်လိုအကြောင်းမျိုးနဲ့မှလည်း အပြစ်မမြင်ပါနဲ့.....တဲ့ ။လူထုဆိုတာ နိုင်ငံရေးလုပ်တဲ့ အမျိုး မဟုတ်ဘူး။သူတို့ကို နိုင်ငံရေး နားလည်အောင်လုပ်ပေးဖို့သာ လိုတယ်..တဲ့ ။ ကိုယ့်ဘက်ကို ခြေလေး တစ်ချောင်း ရပ်ပေးတယ်ဆိုရင်ကို တာဝန်ကျေပါတယ်...တဲ့။”

ဘယ်လောက်ကောင်းလိုက်တဲ့ စကားလဲ ဗျာ။

(လူထုဟာ ကိုယ့်နောက်က မပါလို့..နောက်က မလိုက်လို့ ဆို ပြီး ဒေါသပြင်းထန်နေသူများ ...မှတ်သားသင့်တဲ့ အဆိုအမိန့်တခုပါ။)

တခါတုန်းက ကျနော် ဖတ်ကြည့်ဖူးတဲ့ (Our daily bread)ဆိုတဲ့ ခရစ်ယာန်ဘာသာရေးစာအုပ်ထဲက အမေရိကန် သမတဟောင်း ဂျော့ဝါရှင်တန် ပြောသွားတဲ့စာသားလေးကိုလည်း ပြန်ပြောင်းသတိရမိတယ်……။

”သင်မှန်တာလုပ်နေသမျှ ကာလပတ်လုံး.. သင့်ရဲ့ဘေးမှာ လူအုပ်ကြီး မမြင်ရလို့ စိတ်ဆင်းရဲနေသလား၊ သင်မမြင်ရတဲ့ ဖြူစင်တဲ့စိတ်ဝိညာဉ်တွေ သင့်မျက်စိတဆုံးမှာ ရှိနေပါတယ်...” တဲ့ ။

ကျနော်တို့ ကျောင်းသားတွေ အကုန်လုံး သခင်ချစ်မောင်ကို ၀ိုင်းကန်တော့ကြပြီး ပြန်လာခဲ့ကြတယ်။

နောက်ရက်တွေမှာတော့ အန်တီစုဟာ သခင်ချစ်မောင် ရှိရာ အိမ်ကို သွားရောက်ပြီး ဂါရ၀ပြူ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ပြီး သခင်ချစ်မောင်တို့ အဖွဲ့ ဖြန့်ခဲ့တာ အဲဒီကာလက တော်တော်ပြန့်နှံ့ခဲ့ပါတယ်။

ဒီလိုနဲ့ ကျနော်တို့ ကျောင်းသားလူငယ်တွေဟာ အစဉ်လာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးများကို ဂါရ၀ပြုဖို့ အစီအစဉ်တွေကို စတင်ရင်းနဲ့ဆက်လက် အကောင်ထည်ဖော်ခဲ့ပါတယ်။

တကယ်တော့ ဂါရ၀ပြုခြင်းရဲ့နောက်မှာ ညီညွတ်ခြင်း၊သင့်မြတ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနိုင်ခြင်းဆိုတဲ့ ရည်ရွှယ်ချက်များလည်း ပါ ပါတယ်။

ကျနော်တို့ အတိုက်အခံနိုင်ငံရေးလောကထဲမှာကို တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့ မရအောင် မုန်းတီးခြင်းတွေနဲ့ ရင်ဆိုင်နေတဲ့သူတွေ ရှိပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကို ပြေလည်ဖို့  ဆိုတာ ဒီနည်းလမ်းက လျော်ကန် အသင့်မြတ်ဆုံးပဲ..လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကျနော်တို့ အဖွဲ့ထဲက ကျောင်းသားတွေဟာ တက္ကသိုလ်များ ဓမ္မာရုံကို ဂါရ၀ပြူပွဲ အခမ်းအနားကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သက်ဆိုင်ရာ တက္ကသိုလ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ကျနော်တို့ တော်တော်လေး အကြံအိုက်သွားကြတယ်။ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့ရာက --- ကျနော်တို့ထဲက တစ်ယောက်က အကြံပြုလာပါတယ် --။

” ဒေါ်အောင်ဆန်းစုကြည်ခြံထဲ လုပ်ခွင့်ရရင် မကောင်းဘူးလား..”တဲ့ ။”ကြိုးစားကြည့်ကြရအောင်..”တဲ့ ။

ကျနော်တို့ ရင်ထဲမှာ အလင်းစလေး တစ်ချက် လင်းလက်သွားတယ်။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အန်တီ့ကို တင်ပြကြည့်မယ်ဆိုပြီး.. တနေ့မှာတော့ အန်တီ့ကို ပြောပြကြတယ်---။

အန်တီက ချက်ချင်းပဲ သဘောပေါက်သွားသလား မသိဘူး။ ဒါပေမယ့် ချက်ချင်းတော့ မတုန့်ပြန်ခဲ့ဘူး။

”သူတို့ လူကြီးတွေ ဆွေးနွေးလိုက်ဦးမယ် ” ဆိုလို့ ကျနော်တို့ကို နောက်ထပ် ၃ ရက်လောက် အစောင့်ခိုင်းခဲ့တယ်။ ကျနော်တို့က အန်တီ့ကို တင်ပြခဲ့တာ ..”အန်တီကသာ ခြံထဲမှာ လုပ်ခွင့်ပေးပါ။ ကျန်တဲ့ကုန်ကျစရိတ် ကျနော်တို့ခံပါ့မယ်..” လို့ဆိုတော့ အန်တီက ကျနော်တို့ကို ခပ်ထေ့ထေ့လေး ပြုံးကြည့်တယ်။
(အဲဒီအပြုံးဟာ အဓိပ္ပါယ်ရှိမှန်း နောက်မှသိလိုက်ရပါတယ်။)

 နောက် ၃ ရက်လောက်အကြာမှာတော့ အန်တီက ကျနော်တို့ကို သူ့ခြံဝင်းအတွင်းမှာ အခမ်းနားလုပ်ဖို့ ခွင့်ပြူခဲ့တယ်။ ကျနော်တို့ တော်တော်ပျော်သွားကြတယ်---။ အန်တီကကျနော်တို့ကိုကြည့်ပြီး ပြုံးရင်း လှမ်းမေးလိုက်တယ်--။

”အဆောက်ဦ ဆောက်ရင် ပိုက်ဆံက တော်တော်ကုန်မှာ ---။ သားတို့ ဘယ်လို စီစဉ်ထားသလဲ..” တဲ့---။

ကျနော်တို့အားလုံး ရုတ်ကနဲ ငြိမ်သွားပြီး.. တစ်ယောက်နဲ့တယောက် ကြည့်နေမိတယ်။

“ အန်တီ သဘောပေါက်ပြီးသားပါ..။ သားတို့ကျောင်းသားတွေ ဘယ်ကလာ ၀င်ငွေရှိမှာလဲ။ အခု အဆောက်အဦက ဆောက်မယ်ဆို ပိုက်ဆံက တော်တော်ကုန်ကျမှာဆိုတော့ အန်တီတို့ပဲ အကုန်ကျခံပါမယ်။”

ကျနော်တို့အရှက်ပြေ ရိုးတိုးရွတ ဖြစ်ကုန်ကြတယ်။ အခုမှ သဘောပေါက်မိလိုက်တာက ဟိုတနေ့က အန်တီ ကျနော်တို့ကို ခတ်ထေ့ထေ့လေး ပြုံးကြည့်တာ ဒါ့ကြောင့်ကိုး။ ကျနော်တို့အကြောင်းကို အန်တီက ရှေ့ကြို တွေးထားပြီးသား။

တကယ်တော့ ကျနော်တို့က လုပ်ချင်ဇောကြောင့်သာ အာမ ဘန္တေခံပြီး ပြောခဲ့ကြတာ။ လက်တွေ့မှာ ဒီ ကုန်ကျငွေ ရှာဖို့ ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စပါ။

ဒီလိုနဲ့ ကျနော်တို့ သင့်မြတ်ရေးလမ်းစဉ်ကိစ္စကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့ကိစ္စများကိုလည်း လူကြီးတွေနဲ့ တိုင်ပင်ဆွေးနွေး ၊ အမြင်တွေ ဖလှယ်ရင်းက -- ကျနော်တို့ထဲက ကျောင်းသားတယောက်က -- တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ=တ-စ-ည (၈လေးလုံးအရေးတော်ပုံကြောင့် ဖျက်သိမ်းပေးလိုက်ရတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ=မဆလ မှ နာမည်ပြောင်းလိုက်သောပါတီ) ကို ဖိတ်ခေါ်ရန် ကိစ္စကို ဆွေးနွေးကြတော့ .. အားလုံးက သဘောတူခဲ့ကြပါတယ်။

Your browser may not support display of this image.  နောက် တယောက်က မေးခွန်းတခု ထမေးလာပါတယ်---။

” ဒါဆို ဦးနေ၀င်းကိစ္စကိုရော ဘယ်လိုစဉ်းစားမလဲ ”

ဆိုတော့.. ဒီမေးခွန်းကို ကျနော်တို့ ရင်တုန်မိတာ အမှန်ပါ..။ ကျနော်တို့ အဆုံးဖြတ် မပေးရဲပါဘူး..။

ဒီအချိန်မှာပဲ ဘဘ ဦးတင်ဦးက ထပြောလာပါတယ်…။

“ ဦးနေ၀င်းကို ဖိတ်ခေါ်ဖို့ ကိစ္စက မူအရ ကမ်းလှမ်းရမှာပဲ..။ လက်ခံတာ...လက်မခံတာက သူ့အပိုင်းပေါ့ ” ဆိုတော့ ဦးအောင်ရွှေက ဦးတင်ဦးရဲ့ အဖြေကို ထပ်ဆင့် ထောက်ခံခဲ့ပါတယ်။

အန်တီကတော့ လူကြီးတွေရဲ့အကြံပြုချက်များကို ခပ်မဆိတ်လေးပဲ နားထောင်နေရှာတယ်။

ဘဘ ဦးတင်ဦးက ပဲ ဆက်လက်ပြီး………

“ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဟိုလူတော့ လာ၊ ဒီလူတော့ မလာနဲ့..လို့ ခွဲခြားလို့ မရကောင်းဘူး…..။ ဦးနေ၀င်းဟာလည်း သမိုင်းမှာ တာဝန်ရှိသူတယောက်ပဲ။ သူ့ကို ကမ်းလှမ်းသင့်တယ် …။ နောက်ပြီး နအဖ ခေါင်းဆောင်ပိုင်းတွေလည်း ကမ်းလှမ်းရမှာပဲ…။ လက်ခံခြင်း လက်မခံခြင်းက ကာယကံရှင်များရဲ့အခန်းကဏ္ဍပဲ...။”

ကျနော်က ဘဘ ဦးတင်ဦး ပြောအပြီးမှာ မေးခွန်းတခု မေးမိတယ်.....။

“ ကျနော်တို့ ကျောင်းသားများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မူအရ အားလုံးကို ကမ်းလှမ်းပါမယ်…။ ဒါပေမယ့် ပြဿနာက တစည ပါတီ ရယ် ...ဦးနေ၀င်းရယ် .....နအဖ စစ်ခေါင်းဆောင်တွေရယ်.....ကို ဖိတ်ခေါ်ကမ်းလှမ်းရမယ်ဆိုတာကို ...ကျန်တဲ့ အင်အားစုတွေက ၀ိုင်းဝန်းပြစ်တင်ကြရင် ......ကျနော်တို့ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ....။“ ဆိုတော့ ဦးကြည်မောင်က စကားလုံးဝ မပြောဘဲ နားထောင်နေရာကနေ ၀င်ထောက်ပေးလာတယ်….။

“ မူအရ လုပ်တဲ့ကိစ္စပဲ..။ အားလုံးနားလည်လာမှာပါ ။”

ကျနော်တို့ရင်ထဲမှာတော့ လူကြီးတွေရဲ့အားပေးသံတွေကြောင့် လိပ်ပြာလုံခြုံခဲ့ပါတယ်။

အဲဒီအချိန် ငြိမ်ငြိမ်လေးနားထောင်နေတဲ့ အန်တီက---
“ လုပ်ရပ်တိုင်း..လုပ်ရပ်တိုင်းမှာ ရည်ရွှယ်ချက်နဲ့ စေတနာမှန်ဖို့ အဓိကပါ..။ အထင်မှားခဲ့ရင်လည်း တဖြေးဖြေးချင်း နားလည်သဘောပေါက်လာမှာပါ ။”

အားလုံးစက္ကန့်ပိုင်းမျှ ငြိမ်သက်သွားကြတယ်။ အတွေးကိုယ်စီနဲ့.....။

ထိုင်နေရာက ညောင်းလို့ ဟန်ချက်ပြောင်းထိုင်တဲ့ အသံမှတပါး.... (တဖျတ်ဖျတ်ရိုက်နေတဲ့ ကင်မရာခလုတ်အသံလေးတွေက အခန်းတွင်းမှာ လူးလာပြေးနေကြတာက လွဲလို့…) တိတ်ဆိတ်သွားနေတဲ့ အချိန်မှာပဲ…….အန်တီက အေးအေးဆေးဆေး ၀င်ပြောပါတယ်။

“ ဖေဖေ့တုန်းကလည်း ဒီလိုပါပဲ..။ သူဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တိုင်းအပေါ် အားလုံးက တပြိုင်နက်ထဲ ထောက်ခံခဲ့တာမှ မဟုတ်တာ..။သဘောကျတဲ့သူတွေ ရှိသလို.. ကန့်ကွက်တဲ့သူတွေ ရှိနေမှာပဲ..။ ဒါဖြစ်စဉ်ပဲလေ…..။
ဖေဖေဆို ဘယ်လောက် ရင်ဆိုင်ခဲ့ရသလဲဆိုတာ ဘဘတို့ ( ဦးတင်ဦး၊ဦးအောင်ရွှေ၊ဦးကြည်မောင် ၊ ဦးလွင် တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။)ဆို အသိဆုံးပါ။
အန်တီ မှတ်မိနေသေးတယ်…အိမ်မှာဖေဖေက စာတန်းတောင် ချိတ်ဆွဲထားတာ ..။ ရိုးရိုးလေးပါ..။

” ကိုယ်ကောင်းရင် ခေါင်း ဘယ်မှ မရွေ့ဘူး...တဲ့။"

အဲဒီနေ့က အန်တီရဲ့ ခြံရှေ့ဟောပြောပွဲလုပ်မယ့်နေ့ ဖြစ်တဲ့အပြင် ဟောပြောပွဲစဖို့ကလည်း အချိန်က နီးကပ်လာပြီမို့… ကျနော်တို့ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့တယ်။
ကျနော်တို့ အန်တီ့ အိမ်ထဲက ထွက်လာတော့ အိမ်ရှေ့မှာ ဟောပြောပွဲက စခါနီးနေပြီ၊ လူတော်တော်များများ တံခါးပေါက်ရှေ့မှာ ပိတ်နေလို့ တောင်းပန်ပြီး ကျော်ခွထွက်လာခဲ့ရတယ်။ မျက်နှာချင်းဆိုင် လမ်းတဘက်မှာရှိတဲ့ အိမ်ကြီးထဲမှာတော့ ထောက်လှမ်းရေးများကလည်း နေရာယူလို့ စတော့မယ့် ဟောပြောပွဲအတွက် ဗွီဒီယိုရိုက်ဖို့ ပါ။ လူတွေက တဖွဲဖွဲ၊ ယာဉ်ထိန်းရဲတွေက လမ်းဘေး တဘက်တချက်ကို သံဆူးကြိုးတွေနဲ့ ကာထားတဲ့ အတွင်းပိုင်းမှာ ယာဉ်တန်းတွေကို လက်ပြနေတယ်။ အန်တီ ထွက်လာတယ်ဆိုရင်ပဲ......

Your browser may not support display of this image.  “ ဒေါ်အောင်ဆန်းစုကြည်………… ကျန်းမာပါစေ ..”

ထပ်ခါ.. ထပ်ခါ ဆိုတဲ့ သံပြိုင် အော်ဟစ် ဆုတောင်းပေးသံတွေက မိုးထိ ညံတက်သွားတယ်။

အန်တီက လက်လေးဝှေ့ရမ်း၊ အပြုံးတွေနဲ့နှုတ်ဆက် ……..။
ခေါင်းပေါ်မှာလည်း ပန်းတွေ ဝေဆာလို့………..။

ဘေးတဘက်တချက်မှာတော့ တချိန်က မြန်မာ့တပ်မတော်ရဲ့ကာကွယ်ရေးစစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး ၊ နောက်တစ်ယောက်က စစ်တိုင်းမှုးတာဝန်ကိုယူခဲ့တဲ့ ဗိုလ်မှုးကြီးကြည်မောင် ………။
သူတို့နှစ်ယောက်က ခြံစည်းရိုး တံခါးပေါ်က ငေါထွက်နေတဲ့ သံတိုင်လေးတွေကို ဘယ်ညာဆုပ်ကိုင်ထားရင်း .. မျက်လုံးတွေကတော့.. လူထုကြီးဆီကို ဖြန့်ဝဲလို့………။

“ ကျမကို မေးလာတဲ့မေးခွန်းလေးက … ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့ အခါ … ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်ပါသလား....တဲ့ ။ သိပ်ကောင်းတဲ့မေးခွန်းလေးပါ ” …။

အန်တီဟာ သူဖတ်လိုက်တဲ့ စာရွက်လေးကို ကိုင်ထားတဲ့လက်ကို ဘေးကို ချလိုက်ရင်း… ပရိသတ်ကို ပြုံးကြည့်လိုက်တယ်…..။ ညာဘက်လက်က မိုက်ကရိုဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း….

“ ကျမဟာ.. သာမန်လူသားပါ..။ ကြောက်စရာနဲ့တွေ့ရင်… ကြောက်တတ်တာပေါ့…..။" (လက်ခုပ်သံများ)

"........ကိုယ်ယုံကြည်တဲ့ အလုပ်တွေကို လုပ်တဲ့အခါ တခါတလေ.. ကြောက်ကြောက်နဲ့လုပ်ရတဲ့ အခါလည်းရှိပါတယ်…။ကြောက်နေတယ်ဆိုတာ တခါတလေ့ အကျင့်လည်းဖြစ်တတ်တယ်…..။ဒါပေမယ့် အမြဲတန်း ကြောက်နေရင် အကျင့်ပါသွားတတ်တယ်…..။" (လက်ခုပ်သံများ )

"…………သတ္တိအစစ်မှန်ဆိုတာ ကြောက်လျှက်နဲ့မှန်တာကို လုပ်ရဲတာပဲ ”

ပရိသတ်ကြီးဟာ ငြိမ်သက်စွာနဲ့  အန်တီစုရဲ့ စကားလုံးတွေကြားမှာ နစ်မျောသွားတယ်..။
တခါတရံ ကုက္ကိုင်းလမ်းမကို ဖြတ်မောင်းလာတဲ့ကားတွေရဲ့ ဟွန်းသံတွေ ထွက်ထွက်လာတာကတော့ .. စိတ်အာရုံကိုအနှောက်အယှက်ဖြစ်သွားစေခဲ့တာအမှန်ပါ..။ သို့သော်လည်း သူတို့လည်း သူတို့ခရီးကို သူတို့သွားကြတာဆိုတော့ … နားလည်ပေးလိုက်ကြပြန်ပါတယ်….။

“ ဒီခေတ်မှာဆိုလို့ ရှိရင် မှန်တာလုပ်သူတွေ အများကြီး အချုပ်အနှောင်ခံရတယ်…။ အများကြီး ဒုက္ခအပေးခံရတယ်….။ ဒါပေမယ့်လည်း မှန်တာမို့လို့ဆိုပြီး.. လုပ်ရဲတဲ့သတ္တိ မွေးဖို့ လိုတယ်…….။” (လက်ခုပ်သံများ)

လက်ခုပ်သံတွေတောင် မဆုံးခင်မှာ ကားတစ်စီးက ဖြတ်မောင်းလာပြီး ဟွန်းသံကို မနားတမ်း ပေးတယ်။ လမ်းပေါ်မှာ ကားတွေက သိပ်ညှပ်နေတာလည်း မဟုတ်ဘဲနဲ့ .....အန်တီစုနဲ့ မျက်နှာချင်းဆိုင်နားလောက်ရောက်တော့ ကားကို ဖြေးဖြေးလေးမောင်းလာပြီး ဟွန်းသံကို လုံးလုံးမရပ်ဘူး၊

အန်တီစုလည်း စကားဆက်ပြောလို့ မရတော့ဘူး။နားထောင်နေတဲ့လူအုပ်ကြီးက ပွစိပွစိဖြစ်ကုန်တော့မှ ကားကိုမောင်းပြေးတယ်။ မကြာခင်မှာပဲ အလားတူ ဟွန်းသံရှည်ဆွဲလာတဲ့ ကားတစ်စီး၊ နောက်ထပ် တစ်စီး….. နောက်ထပ်…….နောက်ထပ်…….။

အားလုံးအတွက် စိတ်အနှောက်ယှက် ဖြစ်စေခဲ့တာတော့အမှန်ပါ..။ဒါပေမယ့် အန်တီစု အပါအ၀င် လူထုကြီးက စိတ်ရှည်ရှည်နဲ့ သည်းခံရှာပါတယ်။ အဲဒီလို အဖြစ်ပျက်တွေက ဟောပြောပွဲကာလ အချိန်တွေ မှာ နေ့စဉ်နဲ့ ဆိုသလို ကြုံတွေ့ခဲ့ရတာပါ။

တခါ စစ်ထောက်လှမ်းရေးတွေဟာ တာဝန်အရ လူတွေကို အရက်မူးအောင်တိုက်ပြီး လူအုပ်ကြီးကြားထဲ လွှတ်လိုက်တယ်။ အရက်မူးသမားတွေက လူအုပ်ကြီးကို စိတ်အနှောင့်ယှက်ဖြစ်အောင်လုပ်တော့တာပဲ။ သို့သော်လည်း NLD က လုံခြုံရေးယူပေးနေတဲ့ လူငယ်တွေက ဘယ်တော့မှ သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း မပြုမူခဲ့ဘူး ။ အဲဒီလိုလူတွေကို အသာပဲ ခေါ်ပြီး လူအုပ်ကြီးနဲ့ဝေးရာကို သွားပို့လိုက်တယ်။

စဉ်းစားကြည့်မိတယ်။ တကယ်လို့ ဒီနေရာမှာ နအဖရဲ့ စစ်ဗိုလ်ချုပ်တစ်ဦး မိန့်ခွန်းပြောခဲ့ချိန် ဖြစ်မယ်ဆိုရင်.. ဒီလိုလုပ်လို့ရနိုင်မလား…။ ချက်ခြင်းကို ထောင်ထဲပို့ပစ်လိုက်မှာ အမှန်ပါ။

အမှန်တရားတစ်ခုရှိတယ်.. ။
"စိတ်နဲ့တန်သော ဘ၀...." တဲ့။

"စိတ်ကောင်းရင်---ဘ၀ကောင်းမယ်။

စိတ်မြင့်ရင်------ဘ၀မြင့်မယ်။

စိတ်ယုတ်ရင်---ဘ၀ယုတ်မယ်။

စိတ်ကောက်ရင်----ဘ၀ကောက်မယ်။”

ဒီလိုယုတ်မာမှု့တွေရှိသလို အင်မတန်မှ မြင့်မြတ်ဖြူစင်တဲ့နှလုံးသားပိုင်ရှင်များကိုလည်း ဟောပြောပွဲ အပြီးမှာ တွေ့ရပါတယ်။ အဲဒါကတော့ ဟောပြောပွဲပြီးလို့ ကျန်ရစ်ခဲ့တဲ့ အမှိုက်သရိုက်တွေကို လိုက်လံရှင်းလင်းပေးတဲ့ NLD ပါတီဝင်များအပါဝင် လူပုဂ္ဂိုလ်အချို့ပါ။

သူတို့ကိုဘယ်သူကမှခိုင်းတာမဟုတ်ဘူး။ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ကူညီကြတာ ၊ ဘာအကျိုးစီးပွားမှ မမျှော်လင့်ဘူး ။ ကိုယ့်စရိတ်နဲ့ကိုယ် လာတယ်၊ သူတို့တတ်နိုင်တဲ့အားနဲ့ ကူညီကြတယ်………။

ဘယ်လောက်ချစ်စရာ…လေးစားစရာကောင်းတဲ့ဆောင်ရွက်မှု့တွေလည်းဆိုတာ ….. စဉ်းစားကြည့်ရအောင်ပါ.....။

( မောင်မောင်ဝမ်း )

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.