Sunday, September 27, 2009

0 ရင်ထဲက စက်တင်ဘာရာဇ၀င်

Saffron Revolution (Burma)
ကျနော်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်နှစ်မွှာဆုံတဲ့ အောက်ဘက်နားက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း ကမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့လေးကပါ။ စက်တင်ဘာ သံဃာလှုပ်ရှားမှု စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ ဆိုရင်တော့ လူသိပိုများမှာပါ။
ကျနော်တို့ ပခုက္ကူဟာ အရောင်းအဝယ် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့အပြင် စီးပွားရေးလည်း ဖွံဖြိုးပြီး မန္တလေးပြီးရင် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းကားတဲ့အရပ်ပါ။ တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ သီဟိုဠ်ရှင်၊ ကမ္ဘာကျော် တံကဲရှိတဲ့ ရွှေကူဘုရား၊ ဖေါင်တော်ဦးနဲ့ မြစ်ကမ်းနဘေးက သာယာတင့်တယ်စွာ သပ္ပါယ်တည်ရှိနေတဲ့ ရွှေမုဋ္ဌောဘုရားတို့ဟာ ပခုက္ကူရဲ့ ကျက်သရေဆောင်တွေပါ။

စီမံသူ ဦးဘိုးလှဲ့ဆိုတဲ့ စာတန်းတွေ အများကြီးတွေ့ရတဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်မှာ စာသင်သားသံဃာ ၆ဝဝ ကျော်၊ အင်္ဂလန်နိုင်ငံက ဂေးလက်အင်ဂျွန်စတင် လီမီတက်က လာဆောက်ပေးတဲ့ နာရီစင်ကြီးရှိတဲ့ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ အလယ်တိုက်မှာ စာသင်သား တထောင်ကျော်၊ နောက် သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ်လို့ခေါ်တဲ့ အနောက်တိုက်မှာ စာသင်သား ၂ဝဝ ကျော်နဲ့ သာသနာ ပြန်‹ပွားအောင် ဗုဒ္ဓသာသာနာကို လက်ဆင့်ကမ်း သယ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က သံဃာတော် တွေစာဝါ လိုက်နေတဲ့ နေရာကြီးတွေ ရှိတယ်ဗျာ။


ဒီလို ပရိယတ်တင် မဟုတ်ဘူး၊ ပရိပတ်တွေပါ နည်းပေးလမ်းပြနေတဲ့ မိုးကုတ်ရိပ်သာလို၊ မဟာစည်ရိပ်သာတို့လို ကမ္မဌာန်း ဘဝနာ နည်းပေးတဲ့ ရိပ်သာတွေလည်း အများကြီးဗျ။ သီလရှင်တွေအတွက် စာဝါပို့ချနေတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ ပရိယတ်ဘက်မှာ စာဝါလိုက်မယ်ဆိုရင် ပခုက္ကူ စာချနည်းကို မသင်ဘူးတဲ့ ဘုန်းကြီးဟာ ပညာစုံတယ်လို့ ဆိုမရဘူးလို့ ဆရာတော်ကြီးတွေ မိန့်ခဲ့တာ ကြားဖူးပါရဲ့။ အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ ကျေးဇူးတော်ရှင် အရှင် ဇနကာဘိဝံသ
ကိုယ်တိုင်ရေးတဲ့ တဘဝသာသနာ ထေရုပ္ပတိမှာ ပခုက္ကူဟာ သာသနာထွန်းကားကြောင်းနဲ့ ဒကာဒကာမတွေက သံဃာတော်တွေကို ကြည်ညိုရာမှာ အထူးအားရမိကြောင်း ဖတ်ဖူးခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုလှတဲ့ သမိုင်းကြောင်းလေးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နေ့က အရောင်ဆိုးခဲ့တာကတော့ အာဏာအတွက် သာသနာကွယ်ချင် ကွယ်ပလေ့စေဆိုတဲ့ စိတ်နဲ့ လုပ်ရက်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျနော့် မျက်စိထဲ၊ နားထဲ ဘယ်တော့မှ ဖျောက်ဖျက်ရမှာ မဟုတ်ပါဘူး။

ကျနော်တို့ မြန်မာလူမျိုးတွေဟာ အရိုးခံစိတ်ရင်းကောင်းပြီး ခန္တီပါရမီလည်း တော်တော်ရှိကြတယ် ပြောရမလား။ မဆလ ၊ နအဖ က အကွက်ချ ဖျက်ဆီးခြောက်လှန့်ထားလို့ မနိုင်လို့ သီးခံနေကြတယ်ဆိုရမလား၊ ကျနော် ၈ တန်း က ဖြစ်ခဲ့တဲ့ ၈၈ နောက်ပိုင်း လူထုအများစုပါတဲ့ အုံကြွမှု မဖြစ်ခဲ့ဘူးဗျ။

ဖြစ်မယ့်ဖြစ်တော့လည်း သြဂုတ်လလယ်မှာ နအဖ က လောင်စာဆီဈေး အဆမတန် တက်လိုက်တော့ ရင်ထဲမှာ ကြိမ်မီးအုံးသလို ခံစားနေရတဲ့ မီးက ထတောက်တော့တာပါပဲ။

သြဂုတ်လ ၂၂ ရက်ကို တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ အကိုကြီး ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ရပါပြီ။ ပခုက္ကူသံဃာထုက လူထုရဲ့အခြေအနေကို သူတို့အသိဆုံးဆိုတော့ စက်တင်ဘာလ ၅ ရက်မှာ သံဃာ ၅ဝဝ ကျော်လောက် နေပူကျဲကျဲမှာ လူထုအတွက် မေတ္တာပို့ဖို့ ကျောင်းအသီးသီးကနေ ကြွချီကြပါတယ်။ ဒီအချိန်မှာ ကျနော် ဆိုင်ကယ်တစီးနဲ့ ပတ်လာတော့ တပ်မ ၁ဝ၁ က ဗျူဟာမှူးနဲ့ ခမရ ၂၃၅ က တပ်ရင်းမှူး အပါအဝင် တပ်သား ၂ဝ လောက် ပခုက္ကူမြို့လယ်လို့ ဆိုရမယ့် ဆေးရုံ ၂ ရုံအကြားက မီးပွိုင့်လမ်းဆုံမှာ ကျောချင်းကပ်ပြီး ဘုန်းကြီးတွေ အလာကို စောင့်နေတာကို အထိတ်တလန့် မြင်လိုက်ရပါတယ်။

ဒါကို မြင်လိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ သံဃာတွေရှိတဲ့ဆီ အပြေးသွားလျှောက်တင်တော့ သံဃခေါင်းဆောင် တပါး မိန့်ကြားခဲ့တာကို အသဲထဲ စွဲနစ်ဝင်ခဲ့ရပါတယ်။

'ဒကာ ကျုပ်တို့က မေတ္တာနဲ့ ပြည်သူအတွက် မေတ္တာပို့တာ အပြစ်လား၊ သူတို့ကို မေတ္တာနဲ့ပဲ ဖြတ်ကျော်မယ်။ ဦးဇင်းတို့ မကြောက်ဘူး။ ဆက်ကြွမယ်' တဲ့။

ဘာပြောကောင်းမလဲ၊ ဘေးက လက်အုပ်ချီနေတဲ့ ပြည်သူတွေ လက်ခုပ်တီးလိုက်တာ တဖြောင်းဖြောင်းနဲ့ပါပဲ။ ပရိသတ်ကလည်း လမ်းကို ညွတ်နေတာပဲ။

သံဃာတော်တွေကလည်း ကြည်ညိုစရာ ကောင်းလိုက်တာ။ ဘုရားရှင် ရဟန်း ၅ဝဝ နဲ့ ကြွချီလာသလိုကို စိတ်ထဲမြင်ယောင်လိုက်မိတယ်။ သံဃာတန်းကြီး ကြွချီတာဆုံးမှ ကျနော်လည်း သမီးပါတာကို အမှတ်ရပြီး အိမ်ကို အပြေးပြန်ပို့ပြီး တောက်လျှောက်ပြန်လာပါတယ်။ ဒီအချိန်မှာ သေနတ်သံ ၂ ချက်လောက် ကြားတော့ ထိတ်ပြာပြီး ဦးဇင်းတွေဆီ အရောက်ပြေးတဲ့အခါ လမ်းပေါ်မှာ ဘုန်းကြီးစီးဖိနပ်တွေ ကျဲပြန့်နေပါပြီ။

စစ်သားတွေက လမ်းဘေးမှာ ရပ်ကြည့်တဲ့ လူတွေကို လိုက်ရိုက်နေပါတယ်။ အထင်းသား မြင်ရတာပါ။ ဖြစ်တဲ့နေရာက အရှေ့တိုက်နဲ့နီးတော့ အရှေ့တိုက်ထဲကို သံဃာတွေ ဝင်ပြေးကြတာပေါ့။ ဘယ်ကိုယ်တော်တွေ အဖမ်းခံရလဲ၊ ဘာတွေဖြစ်သလဲ မေးတော့ ကိုယ်တော်တပါးက ‘ဒကာရေ ... နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဦးတေဇော ရောက်လာပြီး ကျူပ်တို့ကို ဒီကောင် ဖမ်းဖမ်းနဲ့ ပြောတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း စစ်သားတွေက ကြိုးနဲ့ ပစ်ဖမ်းတာပဲ။ ကျုပ်ကို အခု အနောက်တိုက် လိုက်ပို့စမ်းပါ။ ကျောင်းက ကျန်တဲ့ သံဃာတွေကို စိုးရိမ်တယ်’ ဆိုလို့ ဖိနပ်မပါတဲ့ ဦးဇင်းကို အနောက်တိုက် လိုက်ပို့ရပါတယ်။ လမ်းမှာ ဦးဇင်းပြောတာက ...

'ဒကာရာ ဦးဇင်းတို့က အိမ်တွေ ဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေ သိတယ်။ အရင်က ၅ အိမ်လောက် ဆွမ်းခံရင် ကျုပ်တို့ သပိတ်ပြည့်ပြီ။ အခု ၁၅ အိမ်လောက်ခံမှ တပါးစာ ဝ ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမဝယ်နိုင်တော့ဘူးဗျာ။ ဒါ ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့ တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ' တဲ့။

မျက်ရည် မဆယ်နိုင်ဘူး။ ကျနော်က မျက်ရည်လွယ်တတ်တယ်။ ဒါနဲ့ ပြန်လှည့်လာရင်း ကျောင်းတိုက်တွေ ဝင်ကြည့်တယ်။ ဘယ်ကိုယ်တော် ပါသွားတယ်၊

ပျံတော်မူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဆေးရုံပြေး၊ ရင်ခွဲရုံပြေးကြည့်တယ်။ မရှိပါဘူး၊ တော်သေးတာပေါ့။ ဒါနဲ့ ကျောင်းတိုင်း လိုက်မေးတော့ ၁ဝ ပါး အဖမ်းခံရသလို ဘာလိုလိုနဲ့ ဖြစ်နေရော။ နောက် ညနေကျ ဆရာတော်ကြီးတွေကို အာဏာပိုင်ဆိုသူတွေက အလက (၃) ကျောင်းထဲ ပင့်ပြီး ဆွေးနွေးတယ်။

ဆရာတော်တွေ တောင်းဆိုမှုတွေကြောင့် ဖမ်းထားတဲ့ သံဃာတွေ ပြန်လွတ်ခဲ့တယ်။ ပြန်ကြွလာတဲ့ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့ ၃ ပါး အဖမ်းခံထားရတာ ပြန်လွှတ်ပေးပြီဆိုလို့ ဒီကိုယ်တော်တွေကို ဘယ်လိုနေလဲ မေးကြည့်ရတယ်။

ရေဒီယိုတွေမှာ ကာယကံရှင် ကိုယ်တော်တွေ ကိုယ်တိုင် မိန့်ခဲ့တာကို ခင်ဗျားတို့ နားထောင်ခဲ့ရင် သိမှာပါ။ ကျနော်လည်း မီဒီယာတွေမှာ အဖြစ်မှန်တွေ ပြောဖြစ်ခဲ့တယ်။

ကျနော် မခံနိုင်လွန်းလို့ တော်တော်ကို ပြောဖြစ်ခဲ့တယ်။ အဖမ်းခံ အနှိပ်စက်ခံခဲ့ရတဲ့ ဦးဇင်းတွေဖြစ်တဲ့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင် စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒ၊ သူတို့ ပျံတော်မမူသေးပါဘူး၊ အခု မေးရင်လည်း ရပါသေးတယ်။ သူတို့ကို နှိပ်စက်ခဲ့တဲ့သတင်းကို နိုင်ငံရေး တက်ကြွသူတွေနဲ့ မီဒီယာတွေ ပေါင်းပြီး လုပ်ကြံဖန်တီးတယ်ဆိုတာ နအဖ က ပြောခဲ့တယ်။ ဟုတ်၊ မဟုတ် လှမ်းမေးကြည့်လေ။

ဦးဇင်းတွေက ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က ‘ဟိုထဲမှာ ၂ ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း’ ဆိုပြီး ပြောခဲ့တယ်။ နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ဝင်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ်ဆိုတာ မုသား မပါပါဘူးဗျာ။

ကျနော်တို့ နိုင်ငံတော်တည်ငြိမ်ရေးကို မနှောင့်ယှက်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ဘာသာ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့လို့ ဒီလိုဖြစ်ခဲ့တာပါ။

နောက်နေ့ မနက်မှာ တိုင်းသာသာနာရေး ဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ဝင်လျှောက်တော့တာပဲ။

ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် ၁၃ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့စီးတဲ့ ကားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ ကျနော်တော့ လူငယ်အတွေးနဲ့ မမှားဘူးပဲ ထင်တယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။

အဲဒီမှာတင် ဇာတ်လမ်းစတော့တာပဲဗျို့။ ၇ ရက်မနက်ခင်းပိုင်း ကျနော် သွားရာနောက် ကြွက်တကောင်ဟာ တကောက်ကောက်နဲ့ လိုက်တော့တာပဲ။ ကျနော် သိလိုက်ပြီ၊ ကွိုင်တော့မယ်ဆိုတာ။ အိမ်မပြန်ရဲတော့ဘူး။ ညနေခင်း လိုအပ်တဲ့ အဝတ်အစားနဲ့ ပိုက်ဆံကို အိမ်ကနေ ကပျာကရာ ဝင်ယူပြီး အေးမြတဲ့ ဘုရားရိပ် တရားရိပ် သံဃာရိပ်မှာ ခိုလှုံနေရတော့တာပေါ့။ စကားလုံး လှအောင် ရေးတာပေါ့ဗျာ။ အဖမ်းခံရမှာ ကြောက်လို့ ကြောက်ချေးပါတာ၊ ပြေးတာပါပဲ။ ၅ ရက်နေ့က အင်္ကျီကြယ်သီးဖြုတ်ပြီး လမ်းလယ်ခေါင်မှာ ‘ပစ်ချင်ရင် ငါ့ ပစ်ကွာ၊ မပြေးကြနဲ့’ လို့ ကုန်းအော်ခဲ့တဲ့ ကိုယ့်အသံကိုတောင် ပြန်ကြားပြီး ရှက်မိပါရဲ့။ ၇ ရက်နေ့ညမှာပဲ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်လို့ယူဆပြီး အပြစ်မရှိတဲ့ ဦးသန့်ရှင်း ၊ ဦးနေလ ၊ ဦးစိန်လင်း ၊ ဦးသာအောင် တို့ကို ဖမ်းဆီးပြီး သရက်ထောင် မှာ ၂ နှစ်ကနေ ၉ နှစ်ထိ ထောင်ချခဲ့ပါတယ်။ သူတို့ခိုင်းလို့လုပ်ရတဲ့ နှစ်တစ် ခင်မောင်ဝင်းလည်း ထိုးကျွေးတာခံရပြီး သရက်ထောင်မှာ ထောင် ၂ နှစ်အပြစ်ပေးထားပါတယ်။

ဒီလိုနဲ့ ကျနော် ဘုန်းကြီးကျောင်းမှာ ပုန်းနေပြီး သံဃာတော်တွေနဲ့ ဘာဆက်လုပ်မလဲ တိုင်ပင်ရပါတယ်။ တနိုင်ငံလုံးက သံဃာတွေကလည်း ပခုက္ကူသံဃာတွေကို ကျေနပ်အောင် တောင်းပန်၊ မတောင်းပန်ရင် ပတ္တနိကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာက လွဲပြီး ဘာမှ သောက်ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီတော့ တနိုင်လုံး စက်တင်ဘာ ၁၈ မှာ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။

ကျနော့်ကိုတော့ မြေလှန်ရှာနေတယ်ဆိုတဲ့ သတင်းတွေအပြင် ညပိုင်းမှာ ဘုန်းကြီးကျောင်းကို ဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘုန်းကြီးတွေကို မထိစေချင်တာရော၊ ကိုယ်တိုင်လည်း ကြောက်တာရောကြောင့် ပြေးမိပြေးရာ ပြေးရင်းကနေ အိန္ဒိယကို ရောက်ခဲ့ရတာပါပဲဗျာ။

ဒီဆောင်းပါးကို ဖတ်မိတဲ့ ခင်ဗျားကတော့ ဘယ်လိုနေမယ် မသိဘူး၊ ကျနော်တော့ သွေးဆူနေသေးတယ်ဗျာ။ ကျနော့်လို ပုန်းအောင်းနေရတဲ့ ပခုက္ကူက ဦးဇင်းလေးတွေ ရှိသေးတယ်။ တွေ့များ တွေ့ခဲ့ရင် ကျနော် ဒီက စောင့်နေပါတယ်လို့။ ပခုက္ကူမှာ ကျန်ခဲ့တဲ့ ဦးဇင်းတွေနဲ့ မြန်မာပြည်သူ ပြည်သားတွေကိုတော့ ပြောချင်တာ တခုရှိတယ်။ ကျနော့်နိုင်ငံရေးအဆင့် မူကြိုအဆင့်မှာပဲ ရှိပါသေးတယ်။ မှားရင် ခွင့်လွှတ်ဗျာ။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်အမေနဲ့ အတူနေချင်တယ်။

အဲဒီတော့ ကျနော့်တို့ နိုင်ငံမှာ စစ်အာဏာရှင် ရှိနေသေးသရွေ့ သားတကွဲ မယားတကွဲ ဒုက္ခ၊ မိဘမဲ့တဲ့ ကလေးငယ်တွေ၊ မတရား စော်ကားခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။

ဒါတွေ ချုပ်ငြိမ်းသွားအောင် ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ လူဦးရေ သန်း ၅ဝ ကျော်တဲ့ ပြည်သူက လက်တဆုပ်စာ အာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇဝင်ရိုင်းပါတယ်။ ဒီတော့ ချိနဲ့သူကို ဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန် တိုက်ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

မကြာခင်လာတော့မဲ့ တဖက်သတ်ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ အပြတ်ဖြတ်သင့်ပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲ ကျနော် မဲမပေးခဲ့ရပေမဲ့ တကယ် သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်လို့ အနိုင်ရပါတီ အန်အယ်လ်ဒီဟာ အနိုင်ရပြီးသူဖြစ်ပါတယ်။ သူတို့နဲ့ လက်ရှိ အာဏာရှင်တွေ ညှိနိုင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်မချင်း ကျနော်တို့ ဆက်တိုက်ရမှာပါပဲ။

ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွှတ်အလေးပြုလိုက်ပါတယ်။

ဇာနည် (ပခုက္ကူ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.