Friday, November 27, 2009

1 အခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ဟာ ပြီးပြည့်စုံတဲ့ ဥပဒေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံထားပြီး ဖြစ်ပါတယ်။ စစ်တပ် ဘက်ကလည်း ဒီဥပဒေမှာ အားနည်းချက် တစ်ချို့ ရှိတယ်။ သို့သော် သမိုင်း သင်ခန်းစာနဲ့ လက်ရှိ ပကတိ အရှိတရားများ အရ ဒီလောက်ပဲ ရနိုင်မယ်။ ဒီအခြေခံ ကနေပဲ အားလုံး ပေါင်းလုပ်ရင်း သူတို့အဆို ဒီမိုကရေစီ အတွေ့အကြုံများ ရင့်ကျက်လာရင် ပြောင်းကြတာပေါ့ ဆိုတဲ့ သဘောထားကို ဂမ်ဘာရီကို ပြောတဲ့ ရှင်းလင်းချက်တွေ၊ သတင်းစာ ဆောင်းပါးတွေမှာ မကြာခဏ ရည်ညွှန်းပြောတာ သတိထားမိပါတယ်။

ဒီလို အဆင့်ဆင့် ကူးပြောင်းရေး သဘောထားကို လက်မခံနိုင်သူတွေ ကတော့ အခြေခံဥပဒေ ၂၀၀၈ ဟာ ပြင်ဆင်ဖို့ ခက်တယ်။ စစ်တပ်က ပြင်ဖို့ခက်အောင်တမင်ရေးထားတာဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေက အခြေခံဥပဒေတွေဟာ ဒီလို ပြင်ဖို့ မခက်ဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒီတော့ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုတာ ဘယ်လိုလဲ။ နိုင်ငံတကာ အခြေခံဥပဒေတွေမှာ ဘယ်လိုပါလေ့ရှိသလဲ ဆိုတာ လေ့လာ ကြည့်ရအောင်။

နိုင်ငံတကာ အခြေခံဥပဒေ တွေကို လေ့လာရင် အကြမ်းဖျဉ်း အားဖြင့် ပြင်ဆင်ရန် လွယ်ကူသော ဥပဒေ (Flexible Constitution) နဲ့ ပြင်ဆင်ရန် ခက်ခဲတဲ့ဥပဒေ (Rigid Constitution) ဆိုပြီး ခွဲခြားနိုင်ပါတယ်။ ပြင်ဆင်ရန် လွယ်ကူသော ဥပဒေ ဆိုတာကတော့ အခြေခံဥပဒေကို သာမန် ဥပဒေကြမ်း တစ်ခုလိုပဲ လွှတ်တော်မှာ မဲပေးတဲ့ လွှတ်တော် ကိုယ်စားလှယ် အများစု (Simple Majority) ရဲ့ ထောက်ခံချက်နဲ့ ပြင်ဆင်လို့ရတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဗြိတိသျှ ပုံစံ ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံအများစုမှာ ဒီလို အခြေခံ ဥပဒေကို ကျင့်သုံးလေ့ ရှိပါတယ်။ ဗြိတိန် နိုင်ငံဟာ အခြေခံဥပဒေ မရှိပေမယ့် နိုင်ငံ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပါလီမန် အဆက်ဆက်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများကို သာမန် ဥပဒေကြမ်း ပြင်သလိုပဲ ပြင်ဆင် ကျင့်သုံး နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၄၇ အခြေခံ ဥပဒေဟာ အဲဒီလို ပြင်ဆင်လို့ ရတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတဲ့ကိစ္စ၊ ပြည်နယ် နယ်နမိတ် ပြင်ဆင်တဲ့ ကိစ္စ၊ ပြည်နယ်အသစ် သတ်မှတ်တဲ့ ကိစ္စတွေမှာ လွှတ်တော်ထဲမှာ အများစု ရထားတဲ့ ဖဆပလ၊ ပထစ အစိုးရများရဲ့ သဘောအတိုင်း လုပ်ဆောင် ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီစနစ်ကို ထောက်ခံသူများ ကတော့ လွှတ်တော်ရဲ့ သဘော တစ်ခုတည်းနဲ့ ပြောင်းလဲလို့ ရတဲ့အတွက် အခြေခံ ဥပဒေကို ခေတ်နဲ့ စနစ်နဲ့ လိုက်လျော ညီထွေအောင် ပြောင်းလွယ် ပြင်လွယ် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ မကြိုက်တဲ့ သူတွေ ကတော့ ဒါဟာ လွှတ်တော်ထဲမှာ ပါတီ တစ်ခုထဲက အများစု ရထားတဲ့ အချိန်မှာ ပါလီမန် အာဏာရှင်စနစ် ဖြစ်သွား လိမ့်မယ်။ မဲဆန္ဒရှင်တွေက လွှတ်တော် အမတ်များကို ရွေးချယ် တင်မြှောက် ထားတာဟာ သူတို့ ကိုယ်စား အခြေခံဥပဒေနဲ့ အညီ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးတွေ ဆောင်ရွက်ဖို့သာ ဖြစ်တယ်။ အခြေခံဥပဒေကို ပြောင်းဖို့ အခွင့်အာဏာ မပါဘူး။ ဒါကြောင့် အခြေခံဥပဒေကို ပြင်ချင်ရင် ပြည်သူ့ဆန္ဒကို ထည့်သွင်း စဉ်းစားတဲ့ နည်းလမ်းများ သတ်မှတ်ရမယ်လို့ စောဒက တက်ကြပါတယ်။ ဒီ အယူအဆ ကြောင့်လည်း ပြင်ဆင်ရန် ခက်ခဲတဲ့ အခြေခံဥပဒေတွေ ပေါ်လာတာ ဖြစ်ပါတယ်။

ပြင်ဆင်ရန် ခက်ခဲတဲ့ ဥပဒေ ဆိုတာကတော့ လွှတ်တော်ထဲမှာ သာမန် အများစု မဲနဲ့ ပြင်ဆင်လို့ မရဘဲ နောက်ထပ် လုပ်ငန်းစဉ် တွေကို ဖြတ်ကျော်ဖို့ လိုတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒီ အခြေခံဥပဒေ မျိုးကိုတော့ ပြည်ထောင်စု စနစ် ကျင့်သုံးတဲ့ နိုင်ငံများမှာ အများဆုံး တွေ့ရပါတယ်။ ဒါကတော့ ပြည်နယ်တွေက အခြေခံဥပဒေ ပြင်ဆင်ခြင်းလို အရေးကြီးတဲ့ အာဏာမျိုးကို ဗဟို(ပြည်ထောင်စု) အဆင့် ဥပဒေပြု အဖွဲ့တွေ၊ အစိုးရတွေကို ပုံအပ် မထားချင်လို့လည်း ဖြစ်ပါတယ်။ နောက်တစ်ခါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို ခွဲခြား ကျင့်သုံးတဲ့ နိုင်ငံများမှာလည်း ကျင့်သုံးလေ့ ရှိပါတယ်။

ဒီလို ပြင်ဆင်ရန် ခက်ခဲတဲ့ ဥပဒေတွေမှာ ယျေဘုယျအားဖြင့် အချို့ ပုဒ်မများကို လွှတ်တော် နှစ်ရပ်လုံးမှာ လွှတ်တော် အမတ် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ပြင်လို့ရပြီး အချို့ပုဒ်မ များကိုတော့ ပြည်သူ့ဆန္ဒ ခံယူပွဲနဲ့မှ ပြင်လို့ ရပါတယ်။ အချို့ နိုင်ငံတွေမှာတော့ ပြည်ထောင်စု အဆင့် လွှတ်တော်မှာ သုံးပုံနှစ်ပုံ ထောက်ခံမှုရဖို့ လိုတဲ့အပြင် ပြည်နယ် လွှတ်တော် များရဲ့ သုံးပုံနှစ်ပုံ သို့မဟုတ် ထက်ဝက်ကျော်က မဲခွဲပြီး အတည်ပြုပေးဖို့ လိုတယ်လို့ ပြဋ္ဌာန်း ထားတာမျိုးလည်း ရှိပါတယ်။

ဒီတော့ အဲဒီလို ပြင်ဆင်ရန် ခက်ခဲတာကြောင့် ဒီမိုကရေစီ မဖော်ဆောင် နိုင်ဘူးလား၊ ဖော်ဆောင် နိုင်လားလို့ ပြန်ကြည့်ဖို့လိုပါတယ်။ ဒီမိုကရေစီ ရှေ့ဆောင် နိုင်ငံလည်းဖြစ်၊ ကမ္ဘာပေါ်မှာ ပထမဆုံး အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ အစိုးရကို ဖွဲ့စည်းခဲ့တဲ့ အမေရိကန် အခြေခံ ဥပဒေဟာ ကမ္ဘာပေါ်မှာ ပြင်ဖို့ အခက်ဆုံး အခြေခံဥပဒေတွေ ထဲမှာ ပါပါတယ်။ အမေရိကန် အခြေခံဥပဒေမှာ အခြေခံဥပဒေကို ပြင်ဆင်ဖို့ နည်းလမ်း နှစ်ခု သတ်မှတ် ထားပါတယ်။ ပထမ နည်းလမ်း ကတော့ ပြည်နယ် လွှတ်တော်များရဲ့ သုံးပုံနှစ်ပုံက အမျိုးသား ညီလာခံ ခေါ်ဖို့ အဆိုပြု၊ အဲဒီ ညီလာခံမှာ ဆွေးနွေး အတည်ပြုတဲ့ နည်း ဖြစ်ပါတယ်။ ဒီနည်းကို ကျင့်သုံးပြီး ပြင်ဆင်တာ မရှိခဲ့ပါဘူး။ ဒုတိယ နည်းလမ်း ကတော့ အောက် လွှတ်တော်နဲ့ အထက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတည်ပြုတဲ့ နည်း ဖြစ်ပါတယ်။ အမေရိကန် သမိုင်းမှာ ဒီနည်းနဲ့ပဲ အခြေခံဥပဒေကို ပြင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဥပဒေရဲ့ ထူးခြားချက်က ပထမနည်းနဲ့ပဲ ပြင်ပြင်၊ ဒုတိယ နည်းနဲ့ပဲ ပြင်ပြင် အမျိုးသား ညီလာခံ သို့မဟုတ် လွှတ်တော် နှစ်ရပ်မှာ အတည်ပြုပြီးရင် ပြည်နယ် လွှတ်တော်တွေမှာ ထပ်ပြီး ဆွေးနွေးပြီး မဲခွဲရပါတယ်။ ပြည်နယ် လွှတ်တော် လေးပုံသုံးပုံက ထောက်ခံ အတည်ပြုမှသာ အဲဒီ အခြေခံ ဥပဒေ ပြင်ဆင်ချက်က အတည် ဖြစ်ပါတယ်။ ပြည်နယ် လွှတ်တော် လေးပုံသုံးပုံ ထောက်ခံမှု ရဖို့ဆိုတာက ပြည်သူ့ ဆန္ဒခံယူပွဲမှာ မဲပေးသူ အများစုရဲ့ ထောက်ခံမှု ရဖို့ထက် ပိုပြီး ခက်ပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန် ဥပဒေကို ပြင်ဖို့ အလွန်ခက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။ အမေရိကန်လိုပဲ ခက်တာက ဆွစ်ဇာလန် ဖြစ်ပါတယ်။ ဆွစ်ဇာလန် မှာလည်း လွှတ်တော်က အတည်ပြုပြီးရင် ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်ပြီး အတည် ပြုရပါတယ်။ အဲဒီ ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် အများစုက ထောက်ခံတဲ့ အပြင် ပြည်နယ် (သူတို့ကတော့ Canton လို့ သုံးပါတယ်။) အများစု မှာလည်း မဲဆန္ဒရှင် အများစုက ထောက်ခံ ရပါတယ်။ ဆိုလိုတာက တစ်ပြည်လုံးမှာ မဲပေးသူ ၅၁%က ထောက်ခံရုံနဲ့ မရပါဘူး။ ပြည်နယ် ဆယ်ခုရှိရင် ခြောက်ခုမှာ တစ်ပြည်နယ်ချင်း မဲပေးသူ ထက်ဝက်ကျော်က ထောက်ခံ ရပါတယ်။ ဒါက လူဦးရေ နည်းတဲ့ ပြည်နယ်များရဲ့ အခွင့်အရေးကို ကာကွယ် ပေးထားတာ ဖြစ်ပါတယ်။

ဒီလို ပြင်ဆင်ဖို့ ခက်တဲ့အတွက် အမေရိကန် အခြေခံဥပဒေ ရေးဆွဲခဲ့တဲ့ ၁၇၈၇ ခုနှစ် ကနေပြီး အခု အချိန်အထိ နှစ်ဆယ့် ခြောက်ကြိမ်ပဲ ပြင်ဆင် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် နိုင်ငံရေး ပုံစံဟာ အခြေခံဥပဒေ စပေါ်တဲ့ အချိန်ကနေပြီး အခု အချိန်အထိ အများကြီး ပြောင်းလဲခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချို့ ပြောင်းလဲမှု တွေဟာ အခြေခံဥပဒေ ပြောင်းလဲမှု ကနေ ပေါ်ပေါက်လာတာ ဖြစ်ပြီး အချို့ကတော့ အခြေခံဥပဒေ ပြောင်းလဲတာ မဟုတ်ဘဲ မဲဆန္ဒရှင် ပြည်သူများရဲ့ အခန်းကဏ္ဍ မြင့်မားလာလို့ ပြောင်းလဲလာတာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် အမေရိကန် အခြေခံ ဥပဒေကို ရေးဆွဲစဉ်က နိုင်ငံ့ ခေါင်းဆောင်များဟာ သမ္မတ ရွေးချယ်မှုကို ပြည်သူတွေ လက်ကို တိုက်ရိုက် မပေးလိုပါဘူး။ အဲဒီလို ပေးလိုက်ရင် မဲဆန္ဒရှင် တွေက အရည်အချင်းကို မကြည့်ဘဲ အပြောကောင်းသူ၊ အများကြိုက် ပေါ်ပင် ပြောတတ်သူ တွေကို ရွေးလိုက်မှာကို စိုးရိမ် ခဲ့ကြပါတယ်။ ဒါ့ကြောင့် အမေရိကန် သမ္မတကို တိုက်ရိုက် မရွေးဘဲ သမ္မတ ရွေးချယ်ရေး ကောလိပ် (Electroal College) ကနေ ရွေးဖို့ သတ်မှတ် ခဲ့ပါတယ်။ ဒီစနစ် ကတော့ ပြည်နယ်အလိုက် ပြည်သူတွေက မိမိတို့ ကိုယ်စား သမ္မတ ရွေးပေးမယ့် လူတွေ၊ တနည်းအားဖြင့် ပညာရှိ၊ အမြော်အမြင် ကြီးသူတွေကို ရွေးပေး၊ အဲဒီသူတွေက အစည်းအဝေး လုပ်ပြီး သမ္မတလောင်း နှစ်ဦးထဲက သင့်တော်တဲ့ သူကို ရွေးချယ်ဆိုပြီး သတ်မှတ် ခဲ့ပါတယ်။ ဒီ ပုဒ်မက အခုအထိ ဒီအတိုင်းပဲ ရှိပါသေးတယ်။ သို့သော် ပြည်သူတွေရဲ့ အခန်းကဏ္ဍ မြင့်လာတော့ ပြည်နယ် အလိုက် မဲပေးတဲ့ အခါ ပြည်နယ်မှာ မဲအများဆုံး ထောက်ခံမဲရတဲ့ သမ္မတလောင်းက အဲဒီပြည်နယ် အတွက် သတ်မှတ်ထားတဲ့ သမ္မတ ရွေးချယ်ရေး ကောလိပ်မဲ အားလုံးရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ ဥပဒေ အရတော့ အဲဒီ ကိုယ်စားလှယ် တွေဟာ သူတို့ကြိုက်တဲ့ သမ္မတလောင်းကို ရွေးခွင့် ရှိပေမယ့် (၁၉ ရာစု ကုန်လောက်အထိ အဲဒီလိုပါပဲ) ဘယ်သူကမှ ပြည်နယ် မဲဆန္ဒရှင်တွေရဲ့ သဘောကို လွန်ဆန်ပြီး မဲပြောင်းပေးတာ မလုပ်တော့ပါဘူး။ ဒါကြောင့် ဒီနေ့ အမေရိကန် သမ္မတ ရွေးချယ်မှုဟု ဥပဒေအရ သွယ်ဝိုက် ရွေးချယ်တယ် ဆိုပေမယ့် လက်တွေ့မှာ ပြည်သူ့ ဆန္ဒနဲ့ တိုက်ရိုက် ရွေးတဲ့သဘော ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ် တစ်ခုနဲ့ တစ်ခု ကိုယ်စားလှယ် မဲအရေအတွက် မတူတော့ ပြည်သူ့ ထောက်ခံမှု များပေမယ့် ကိုယ်စားလှယ် မဲမှာ ရှုံးတာမျိုးတော့ ရှိပါသေးတယ်။ ၂၀၀၀ ရွေးကောက်ပွဲမှာ အဲဒီလို ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန် ဥပမာကို ကြည့်ရင် ပြင်ဆင်ဖို့ ခက်တာဟာ ဒီမိုကရေစီ စနစ် ပြောင်းလဲမှုအပေါ် အတားအဆီး မဖြစ်ဘူး ဆိုတာ တွေ့နိုင်ပါတယ်။

ဒီတော့ အခြေခံ ဥပဒေ ၂၀၀၈ ကို ကြည့်ရအောင်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေခံဥပဒေ သုံးခုအနက် ၇၄ နဲ့ ၂၀၀၈ ဥပဒေ များဟာ ပြင်ဖို့ခက်တဲ့ ဥပဒေများ ဖြစ်ပါတယ်။ ၂၀၀၈ ဥပဒေမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော် (လွှတ်တော်နှစ်ရပ်ပေါင်း) ရဲ့ အမတ် ၂၀ % က တင်ပြလာရင် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲရမယ်။ (ပုဒ်မ ၄၃၅)။ ပုဒ်မ ၄၃၆ (က) မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်များက လွဲရင် ကျန်တဲ့ ပြဋ္ဌာန်းချက် များကို လွှတ်တော် အမတ် ၇၅%ကျော်ရဲ့ ထောက်ခံမှုနဲ့ ပြင်နိုင်တယ်။ ၄၃၅ (က) မှာပါတဲ့ အချက်များကို ပြင်ချင်ရင်တော့ ၇၅% ထောက်ခံမှု ရရင် ပြည်သူ့ဆန္ဒ ခံယူပွဲ ထပ်လုပ်ပြီး မဲပေးခွင့် ရှိသူ (မဲလာပေးသူ မဟုတ်ပါ) အားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်နိုင်တယ် လို့ ဆိုပါတယ်။ ပုဒ်မ ၄၃၆ (က) ပါ အချက်တွေ ကတော့ အခြေခံမူများ၊ သမ္မတ ရွေးချယ်ရေး စနစ်၊ ပြည်နယ်နဲ့ နိုင်ငံနယ် နမိတ်များ ပြင်ဆင်ခြင်းလို နိုင်ငံတော် ဖွဲ့စည်းပုံနဲ့ ဆိုင်တဲ့ အချက်များ ဖြစ်ပါတယ်။

ဒီတော့ စစ်တပ် ၂၅ % ကိစ္စကို ပြင်ချင်တယ် ဆိုရင် လွှတ်တော်အမတ် ၇၅% ကျော်ရဲ့ ထောက်ခံမှု ရဖို့ လိုသလို ဆန္ဒခံယူပွဲ လုပ်ဖို့လည်း လိုပါတယ်။ ဒီတော့ ရွေးချယ်ခံ အမတ် ၇၅% သာ ညီညွတ်မယ် ဆိုရင် စစ်တပ် ကိုယ်စားလှယ် တစ်ယောက်ကိုပဲ စည်းရုံးဖို့ လိုပါတယ်။ အဲဒါဆိုရင် လွှတ်တော်မှာ အတည်ပြုလို့ ရပါတယ်။ ဆန္ဒ ခံယူပွဲမှာ ပြည်သူ ကလည်း ထောက်ခံတယ် ဆိုရင်တော့ ပြီးပြီပေါ့ဗျာ။ အရွေးခံများကြား ညီညွတ်ရေး၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ပါတီနဲ့ တစ်ပါတီကြား ယုံကြည်မှု ရှိရေး ဆိုတာကတော့ လွှတ်တော်ထဲမှာ လုပ်ရင်း ကိုင်ရင်း တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ အခုအချိန် အထိ ကျွန်တော်တို့ဟာ မတူတာတွေ ကိုပဲ ထိုင်ပြီး ငြင်းနေကြတယ်။ တူတာတွေ အတွက် လက်တွဲလုပ်ဖို့ အခွင့်အရေး မရှိသေးဘူး။ နောင် ပေါ်လာမယ့် လွှတ်တော်ဟာ တူတာတွေ တွဲလုပ်နိုင်မယ့် အခွင့်အရေး ပေးမယ့် နေရာ ဖြစ်ပါတယ်။ အဲဒီလို လုပ်နိုင်မယ် ဆိုရင် နိုင်ငံရေး သမားတွေ၊ စစ်သားတွေ၊ ပြည်သူတွေ အတွေ့အကြုံရလာတာနဲ့အမျှ အခြေခံဥပဒေ ဆိုတာ ပြောင်းပြောင်း သွားမှာသာ ဖြစ်ပါတယ်။ အခုရှိနေတဲ့ အခြေခံဥပဒေ ၂၀၀၈ ဟာလည်း လုံးဝ ပြင်မရအောင် ခက်တဲ့ ဥပဒေ လို့တော့ ကျွန်တော့် အနေနဲ့ မထင်ဘူး။ သုံးတတ်ဖို့ပဲ လိုတယ်လို့ ထင်မိကြောင်း ပါဗျာ။

ပေးပို့သူ။ Mg naing

1 comment:

  1. ko Mg naing ရေးတဲ့ ဆောင်းပါးလေး အရမ်းကောင်းတယ် အကို ဖော်ပြပေးတာ ကျေးဇူးတင်ပါသည်ခင်ဗျာ
    လေ့လာမှတ်သားသွားပါကြောင်း
    -----------------------------------

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.