Saturday, December 26, 2009

0 မြန်မာနိုင်ငံရေးအကျဉ်းသားမတင်တင်ထွေးအကျဉ်းချနေစဉ် ကွယ်လွန်ခြင်းနှင့်ပတ်သတ်သည့် နောက်ဆက်တွဲသတင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် မတင်တင်ထွေးသည် အသက် ၃၈ နှစ်ရှိပြီး အမှတ် ၄၈(ဘီ)၊ အုဌ်လမ်း၊ ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပါသည်။ သားသမီး ၃ ယောက်ရှိပြီး အကြီးဆုံးသားမှာ တက္ကသိုလ်တွင် ပထမနှစ်တက်နေသောကျောင်းသားတဦး ဖြစ်ပါသည်။

မတင်တင်ထွေးသည် ရွှေဝါရောင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်ခဲ့ပြီး စစ်ထောက်လှန်းရေးတို့၏ ဖမ်းဆီးခြင်းကိုခံရကာ ထောင်ဒဏ် ၃နှစ်နှင့် ၃ လ ချမှတ်ထားခြင်းခံခဲ့ရပါသည်။ နိုင်ငံရေးရပ်တည်ချက်အရ၎င်း၊ ထောင်တွင်းဖြတ်သန်းမှုအရ၎င်း ရပ်တည်ချက် ခံယူချက်ခိုင်မာသူတဦးလည်းဖြစ်ပါသည်။

၎င်းမကွယ်လွန်မီ ၄ ရက်အလို စနေနေ့(ဒီဇင်ဘာ ၁၉၊ ၂၀၀၉)တွင် နောက်ဆုံးထောင်ဝင်စာတွေ့ခဲ့ပြီး မိသားစုအား ဗဟန်းမြို့နယ် အဖွဲ့ချုပ်ရုံးသို့ သွားရောက်ကာ စည်းအဖွဲ့ဝင်းများနှင့်တွေ့ဆုံရန် ပြောကြားခဲ့ပါသည်။
၎င်းသည် သွေးတိုးရောဂါရှိသူတဦးဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် အင်္ဂါနေ့တွင် အင်းစိန်ဆေးရုံသို့တင်ပြီး နောက်တရက် ဒီဇင်ဘာ ၂၃ ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။ ကွယ်လွန်ပြီးချိန်တွင် မိသားစုက ၎င်း၏ရုပ်အလောင်းကို အင်းစိန်အကျဉ်းထောင်မှ ပြန်ထုတ်ယူရာတွင် ဆူဆူပူပူမလုပ်ရန်အတွက် ထောင်အာဏာပိုင်များထံ လက်မှတ်ထိုးပေးခဲ့ရပါသည်။

ယခုလည်း သူမ၏နာရေးအခမ်းအနားတွင် ဓါတ်ပုံ မထောင်ရန်၊ မချိတ်ရန်အတွက် မြို့နယ်အာဏာပိုင်များက မိသားစုဝင်များကို လာရောက်ပိတ်ပင်ထားပါသည်။ ၎င်း၏ မိသားစုဝင်တချို့မှာ စည်ပင်သာယာမှ ၀န်ထမ်းများဖြစ်ပြီး အာဏာပိုင်တို့၏ ဖိအားပေးမှုများကြောင့် ၎င်း၏အသုဘ အခမ်းအနားကိုအဖွဲ့ချုပ် အဖွဲ့ဝင်များအား ဖိတ်ကြားရန် မ၀ံ့မရဲဖြစ်နေကြပါသည်။

သို့အတွက်ကြောင့် မတင်တင်ထွေး၏နာရေးသတင်းနှင့်ပတ်သက်၍ မီဒီယာများ၏ စုံစမ်းမေးမြန်းမှုများကို လက်ခံဖြေကြားပေးမည့်သူမရှိဘဲဖြစ်နေသည်ဟု နောက်ဆုံးအချိန်အထိ စုံစမ်းသိရှိရပါသည်။
ဒီဇင်ဘာ ၂၄၊ ၂၀၀၉ ( ၂၃း ၄၅)
ပေးပို့သူ။ ။ မမြတ်လေးငုံ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.