Sunday, December 13, 2009

0 ဗိုလ်ချုပ်မှူးကြီး ကိုယ်ရံတော်အထူးတပ်ဖွဲ့ ထူထောင်ထား



အံ့ဘုန်းမြတ်(DVB)

နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်တော်စောင့်အထူးတပ်ဖွဲ့ကို ထူထောင်ထားပါတယ်။ ဒီအထူးတပ်ဖွဲ့ကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက စစ်ပညာသင်ပေးခဲ့တဲ့ ကလေးစစ်သားတွေနဲ့ ဖွဲ့စည်းထားတာလို့ တပ်မတော်အဆင့်မြင့်အရာရှိအသိုက်အ၀န်းနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ် တချို့က ပြောပါတယ်။

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်နဲ့ တပ်မတော်ကို ဗိုလ်ချုပ်မှူးကြီးက ကြိုးကိုင်ရာမှာ အထောက်အကူဖြစ်စေဖို ဒီလိုဖွဲ့စည်းထူထောင်ထားတာလို့ ဆိုပါတယ်။ ဒီတပ်ဖွဲ့အတွက် နအဖစစ်တပ် ထိုးစစ်ဆင်ခဲ့တဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် မိဘဆုံးရတဲ့ တိုင်းရင်းသားကလေး ငယ်တွေကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီးရွေးချယ် စုဆောင်းခဲ့တာလို့လည်း သူတို့က ပြောပါတယ်။

ဒီကလေးတွေကို ပဲခူးတိုင်း၊ အုတ်တွင်းမြို့နားက တိုင်းဗဟို ၆ လေ့ကျင့်ရေးစခန်း၊ ရန်ကုန်တိုင်း ရဲမွန်လေ့ကျင့်စခန်းနဲ့ ဒီ့ပြင် လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေမှာ စခန်းသွင်းစစ်ပညာတွေသင်ပေးခဲ့ပြီး အထူးတပ်ဖွဲ့အနေနဲ့ ပြုစုပျိုးထောင်ခဲ့တာလို့ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

“မိဘမဲ့လိုဟာမျိုးတွေ နေရာပေါင်းစုံကနေပြီးတော့ စုဆောင်းထားတဲ့ဟာတွေက တော်တော် ကြီးနေပြီ၊ သုံးလို့ ကိုင်လို့ ရနေပြီလေ။ ဘယ်သူမှ ပြောလို့မှ သိပ်အရာမ၀င်ဘူး။ သူပြောမှ ပြီးတဲ့ကိစလေ။ အဲဒါမျိုး ထားတာဗျ၊ ထရိန်နီက ရိုးရိုးတပ်မတော်စစ်သားစုဆောင်းရေးထက် အများကြီးသာတယ်။ လက်နက် ပစည်းကိရိယာအစုံအလင်နဲ့ တကယ့်အဆင့်မြင့်ထရိန်နင်တွေဘာတွေ ပေးတယ်။”

ကလေးစစ်သားတွေအရေး အိုင်အယ်အို (နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်) ကို တိုင်းကြားရာမှာ ကူညီဖြေရှင်းပေးနေတဲ့ လမ်းပြကြယ် ဦးအေးမြင့်ကလည်း ဗိုလ်ချုပ်မှူးကြီးဟာ အထူးသက်တော် စောင့်တပ်ဖွဲ့ကို ထူထောင်ထားတာဟာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

“ဗိုလ်ချုပ် ဗိုလ်မှူးတွေကလည်း တယောက်ကိုတယောက် ယုံကြည်မှုရရှိတယ်ဆိုတဲ့အဆင့် မရရှိတဲ့အတွက် ကလေးတွေကိုမွေးတယ်။ ကိုယ်ပိုင် မိသားစုစစ်တပ်သဖွယ် အခုလို အဆင့်မြင့်တိုင်းဗဟို ၆ လို နီးစပ်ရာကလေးတွေ မွေးစားပြီး အရွယ်ရောက်လာတဲ့အခါ သူတို့ကို စောင့်ရှောက်ဖို့အတွက် စစ်သားတွေ မွေးယူတယ်လို့ ယူဆလို့ရတယ်၊ ဟုတ်လည်းဟုတ်နေပါတယ်။”

ကလေးပျောက်ဆုံးမှုတွေမှာ လိုက်ပြီးစုံစမ်းတဲ့အခါ စစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးစခန်းတွေကို မရောက်ဘဲ လမ်းမှာပျောက်ဆုံးသွား မှုတွေ ရှိနေတယ်လို့လည်း ဦးအေးမြင့်ကပြောပါတယ်။

“ဒီကလေးမျိုးတွေဟာ မိသားစုကို ကာကွယ်မယ့်၊ မိသားစုတပ် ဖြစ်ဖို့အတွက် ဆောင်ရွက်နေတဲ့ တပ်တနေရာရာမှာတော့ ရှိတယ်လို့ ယူဆလို့ရတယ်။”

မြန်မာစစ်ဥပဒေမှာ အသက် ၁၈ ပြည့်ပြီး မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရမှ စစ်မှုထမ်းခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် လက်တွေ့မှာတော့ တပ်မတော်အကြီးအကဲတွေကိုယ်က ဒီဥပဒေကို မလိုက်နာတာ တွေ့ရတယ်လို့ ဦးအေးမြင့်ကပြောပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Right Watch ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကလေးစစ်သား ၇၀၀၀၀ လောက် ရှိနေပြီး ရန်ကုန်အခြေစိုက် အိုင်အယ်အိုရုံးကို ၂၀၀၇ ဖေဖော်ဝါရီကနေ အခုအထိ တရားဝင်တိုင်ကြားလာတဲ့ ကလေးစစ်သား အမှုပေါင်းကတော့ ၁၀၂ မှုရှိနေပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.