Sunday, January 3, 2010

0 ရန်ကုန်မြို့တွင် နာရေးစရိတ် တက်မည်ဟုဆို

အံ့ဘုန်းမြတ် (DVB)

ရန်ကုန် မြောက်ဥက္ကလာပရှိ ရေဝေးသုသာန်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ရန်ကုန်မြို့က သုသာန်တွေမှာ မီးသဂြိုဟ်ခ တွေကို ဒီနှစ်ဆန်းကနေ စတင်ပြီး တိုးမြှင့်ကောက်ခံတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နာရေးကူညီမှုအသင်း ဥက္ကကိုကျော်သူက အခုလိုပြောပြပါတယ်။

“အရင်တုန်းကဆိုရင် လူကြီးအလောင်းကို အရင်က ၁ ထောင်၊ အခု ၇ ထောင်ဖြစ်မယ်။ ကလေး အလောင်းက ၃ ထောင်ဖြစ်မယ်၊ အဲ့လိုတွေကြားတယ်။ ကလေးအလောင်းက အရင်တုန်းက ၅ နှစ်အောက်ဆိုရင် ၅ ရာ။ အခုက ကလေးဆိုရင် ၃ ထောင်ဖြစ်သွားပြီ။ ကျနော်တို့က လိုက်ပြီးတော့ မေးနေတာပဲ မသေချာသေးဘူး။ တချို့ကတော့ ကောလဟာလ ဘာညာနဲ့ ပြောနေတာပဲ။”

လက်ရှိမှာတော့ အလောင်းတလောင်းအတွက် ရေခဲတိုက်ခ နှစ်ရက်စာအတွက် ကျပ်သုံးထောင်၊ မီးသဂြိုဟ်ခ တထောင်အပါအ၀င် စည်ပင်သာယာကို တရားဝင်ပေးသွင်းရတာက လေးထောင်ပဲရှိပေမယ့် သဂြိုဟ်ခတိုးမြှင့်လိုက်ရင် အလောင်းတလောင်းအတွက် စည်ပင်ကိုပေးဆောင် ရတာတင် ကျပ်တသောင်းဖြစ် သွားမယ်လို့လည်း ကိုကျော်သူက ရှင်းပြပါတယ်။

မိုးထဲရေထဲက နာရေးကူညီရေးအသင်းသားများ

သုသာန်ဝန်ထမ်းတွေနဲ့နီးစပ်သူတွေရဲ့ အပြောအရေတော့ အစိုးရက မီးသဂြိုဟ်ဖို့ လောင်စာဆီ မပေးတော့တာကြောင့် အပြင်က လောင်စာဆီ ၀ယ်သုံးရမှာဖြစ်ပြီး လက်ရှိမှာလောင်စာဆီ ချွေတာတဲ့အနေနဲ့ အလောင်းတွေကို စုပြီးမီးရှို့ နေရတယ်လို့ ပြောပြပါတယ်။

ဒီလို တကယ်သာ ဈေးတက်သွားမယ်ဆိုရင် နာရေးကူညီမှုအသင်း အနေနဲ့ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့လည်း ကိုကျော်သူက ပြောပါတယ်။

“ကူညီဖို့က ကျနော်တို့ တော်တော်စဉ်းစားရမယ့်အပိုင်းဖြစ်သွားပြီ။ ဘာဖြစ်လည်းဆိုတော့ အခုဆိုရင် တရက်ကို အလောင်းလေးဆယ်ကျော် ငါးဆယ် ပျမ်းမျှလုပ်နေရတယ်။ ကျနော်တို့ အားလုံးတွက်လိုက်ပြီဆိုရင် တနေ့ကို အလှူငွေ နာရေးအတွက် ၁၀ သိန်း အထက်မှာရှိမှ ဒီအလောင်း လေးငါးဆယ်အတွက် ကျနော်တို့ လုပ်နိုင်တော့မယ်။ ဈေးတက်ပြီဆို တာနဲ့ ကျနော်တို့ကို အကူအညီတောင်းတဲ့ သူတွေကများ လာလိမ့်မယ်။ အရင်တုန်းက လေးဆယ်အကူအညီတောင်းရင် အခုနောက်ပိုင်းဆိုရင် ခြောက်ဆယ် ရှစ်ဆယ်လောက် ဖြစ်သွားနိုင်တယ်။ အဲ့ဒီအပိုင်းကျတော့ ကျနော်တို့ မလုပ်နိုင်တော့ဘူး။”

နာရေးကူညီမှုအသင်းအနေနဲ့ နာရေးကူညီတဲ့နေရာမှာ အလောင်းသယ်ရာမှာ ကုန်ကျတဲ့ လောင်စာဆီဖိုး၊ အလောင်းတင်တဲ့ကတ် စတဲ့စရိတ်အားလုံးအတွက် စုစုပေါင်းကုန်ကျငွေဟာ ကျပ်တသောင်းခွဲ ၀န်းကျင်လောက် ရှိနေတယ်လို့လည်း ကိုကျော်သူကပြောပါတယ်။ ရန်ကုန်က သုသာန်တွေမှာ နေ့စဉ်အလောင်း ငါးဆယ်ကနေ ရှစ်ဆယ်ကျော် တရာအထိ နေ့စဉ် မီးသဂြိုဟ်နေရတယ်လို့ မြို့တော်စည်ပင်အသိုက်အ၀န်းနဲ့ နီးစပ် သူတွေဆီက သိရပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.