Saturday, April 17, 2010

0 ဘလော့ဂါ နေဘုန်းလတ်ကို နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်

စစ်အစိုးရက ထောင်သွင်းအကျဉ်းချထားတဲ့ ဘလော့ဂါ ကိုနေဘုန်း လတ်ကို နိုင်ငံတကာက လူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။ ပင်းန်-အမေရိကန်စင်တာက ၂၀၁၀ ခုနှစ်အတွက် Barbara Goldssmith Freedom to write Awardလွတ်လပ်စွာ ရေးသားဖော်ပြခွင့်ဆိုင်ရာ လူ့အခွင့် အရေးဆု ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီဆုဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းရင်း ညှင်းပမ်းနှိပ်စက်ခံရ၊ အကျဉ်းကျခံရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့် တာပါ။ ကိုနေဘုန်းလတ်ဟာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် အတွက် ကြိုးပမ်းကာကွယ်တဲ့ မြန်မာလူငယ် မျိုးဆက်သစ်တွေကို ကိုယ်စားပြုသူ ပါလို့ ပင်းန် အမေရိကန်စင်တာ ဥက္ကဋ္ဌ ကွမ်အန်ထနီ အပီယာ က ပြောပါတယ်။ ဆုပေးပွဲကို ဧပြီ ၂၇ ရက်နေ့ နယူးယောက်မြို့ရှိ အမေရိကန် သဘာဝ သမိုင်း ပြတိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အခုလို ကိုနေဘုန်းလတ် ဆု ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး သူ့မိခင် ဒေါ်အေးအေးသန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ အာဏာ ပိုင် တွေက အကျဉ်းချထားတဲ့ သူ့သားကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အပေါ် ကျေးဇူးတင် ဝမ်းသာကြောင်း စတင် ပြောပြပါတယ်။ “အန်တီဝမ်းတော့ သာတာပေါ့။ သားရဲ့စာပေနဲ့ ပတ်သက်လို့ ဆု ချီးမြှင့်ခံရတဲ့ အတွက်ကြောင့်၊ ကမ္ဘာ့နိုင်ငံအသီးသီး အသိအမှတ်ပြုတာ ဝမ်းသာပါတယ်။ သားလည်း ဝမ်းသာမှာပါ။ ဒီလို အသိအမှတ် ပြုခံရတာကို၊ အားလုံးကို ကျေးဇူး တင်ပါတယ်။”

ိုနိုင်ငံတကာကနေပြီးတော့ သူ့အတွက် ဆု ချီးမြှင့်လိုက်တာက သူ့လွတ်မြောက်ရေး အတွက်များ တစုံတရာ အကျိုးသက်ရောက်မှု ဖြစ်စေမယ်လို့ အန်တီ ယုံကြည် ထားလား။

“အန်တီကတော့ စပြီးထောင်ကျကတည်းက သူ့မှာ အပြစ်မရှိဘဲနဲ့ ထောင် ချခံရတယ်ဆိုတာ စွဲစွဲမြဲမြဲမှတ်ယူထားတယ်။ အန်တီ့သားက သူတပါး အကျိုးစီးပွား ပျက်ပြားအောင် တခုမှ လုပ်ခဲ့တာ မရှိဘူး။ သူတပါးကို တိုက်ခိုက်ပြီးတော့ ပြောဆို တာလည်း မရှိခဲ့ဘူး။ အဲလိုကနေ သက်သက် ပုဒ်မတွေအများကြီးနဲ့ နှစ်ရှည် ထောင် ဒဏ်တွေ အများကြီး ချလိုက်တာပေါ့နော်။ စပြီးတော့ ထောင်ချတဲ့ရက်က အန်တီ သတင်းပို့လိုက်တာကို မယုံတဲ့သူတွေ အများကြီးပဲ။ ဒီသတင်းကို ဘယ်ကပို့လဲ။ မဖြစ်နိုင်ဘူးပေါ့၊ အဲလိုတောင် အပြောခံရတယ်။ “အဲဒါကြောင့်မို့လို့ ဘယ်သူမှ မထင်မှတ်လောက်အောင် နှစ်ရှည် အပြစ် ဒဏ်တွေ ကျခံရတာပေါ့။ ဒါပေမယ့် သူပြစ်မှု ကျူးလွန်လားဆိုတော့ အန်တီ့သားက သူတပါး အကျိုးစီးပွား ပျက်ပြားအောင် ဘာမှလည်း မလုပ်ခဲ့ဘူး။ အဲတော့ ဒါမတ ရား ထောင်ချခံရတဲ့အတွက်ကြောင့် တချိန်ချိန်မှာတော့ နှစ်ပြည့်နေရမယ်လို့တော့ အန်တီလုံးဝ မယုံကြည်ဘူး။ ဒါကတော့ သူတယောက်ထည်း မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းးသား အားလုံးပေါ့။” အန်တီသားရေးတဲ့ စာပေတွေနဲ့ ပတ်သက်လို့ကော အန်တီ ဘယ်လိုမြင်တွေ့ရလဲ။ “သူရေးတဲ့ စာထဲမှာဆိုရင်တော့ လူငယ်တွေ လမ်းမှား မရောက်အောင် စာကြည့်တိုက်တွေ များများဖွင့်ဖို့၊ နောက်ပြီးတော့ အင်တာနက်နဲ့ ပတ်သက်လို့ရှိရင် ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်။ ဒါပေမယ့် အဲဒီ ကောင်းတာနဲ့ ဆိုးတာ နဲ့ ဆိုရင် ကောင်းတာကို ယူဖို့၊ အဲဒါမျိုးလေးတွေ သူရေးသားတာပေါ့။ အကျိုးပြု စာပေ ရေးသားတာ များတာပေါ့။” ဒီလိုမျိုး လူငယ်တွေအတွက် အကျိုးပြု စာပေတွေ ရေးနေတယ်။

ကိုနေဘုန်းလတ်က ကောင်းတာတွေ လုပ်နေတယ်ပေါ့နော်။ စောစောက အန်တီ့သားကို သက်သက် မယ့် ပုဒ်မတွေ တပ်ပြီးတော့ နှစ်ရှည်ထောင်ချ လိုက်တယ်လို့ ပြောပါတယ်၊ ဒါဆို အာဏာပိုင်တွေက အန်တီ့သားကို ဘာတွေများ သူတို့က စိုးရိမ်ကြောင့်ကြပြီး ဒီလို နှစ်ရှည် ထောင်ဒဏ်တွေ ချလိုက်တယ်လို့ ယူဆရသလဲ။ “အထူးသဖြင့်ကတော့ အန်အယ်ဒီ လူငယ်အဖွဲ့မှာ သားက ပါနေတာပေါ့၊ အန်အယ်ဒီ လူငယ်ဖြစ်နေတဲ့ အတွက်ကြောင့် ဒီလို ကြီးလေးတဲ့ ပုဒ်မတွေကို တမင် သက်သက်ပေါ့၊ ဒါက အန်အယ်ဒီအဖွဲ့ရဲ့ အမြဲတမ်းခံနေရတဲ့ ပြဿနာတွေပေါ့၊ အန် အယ်လ်ဒီ ဆိုလို့ရှိရင် လွတ်ကို မလွတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။” အန်တီထောင်ဝင်စာဘယ်နေ့က တွေ့ပြန်လာပါလဲရှင်။

“ဧပြီလ ၁ ရက်နေ့က တွေ့ခဲ့တယ်။” သူ့ရဲ့အခြေအနေနဲ့ သူ့ရဲ့ ကျန်းမာရေး စိတ်ပိုင်းရုပ်ပိုင်း အခြေအနေကော ဘယ်လို ရှိပါသလဲ။ “ကျန်းမာရေးကတော့ ကောင်းတယ်၊ ဘာလို့လဲဆိုတော့ သူတို့က လူငယ် တွေချည်းပဲ နေတာဆိုတော့ ဖားအံ့ထောင်မှာက ဒေါက်တာနေဝင်းနဲ့ ပြစ်ဒဏ်အဟောင်းနဲ့ ကျနေတဲ့ နေကျော်တို့ပဲ သူတို့ပဲ အသက်ကြီးပိုင်းရှိတယ်၊ ကျန်တာက လူငယ်တွေချည်းပဲ။ အဲတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ အားလုံး ကောင်း တယ်။” ဟိုထဲမှာ သူစာဖတ်ခွင့် အခြေအနေရော အန်တီ။ “စာကတော့ အများကြီး ဖတ်လို့ ရပါတယ်၊ တခါတလေတော့ နည်းနည်း ကန့်သတ်ခံ ရတာပေါ့။ စာအုပ်တွေကို သူတို့ ဘာသာမပြန်နိုင်လို့ အင်္ဂလိပ် စာအုပ် တွေတော့ တခါတလေကျ ကန့်သတ်ခံရတယ်၊ သူမှာတာ များသောအားဖြင့် အင်္ဂ လိပ် စာအုပ်တွေ များတယ်။” အသက် ၂၉ နှစ်အရွယ် ကိုနေဘုန်းလတ်ကို ရွှေဝါရောင် စက်တင်ဘာ လှုပ် ရှားမှုအပြီး ၂၀ဝ၈ ခုနှစ် ဇန်နဝါရီ အတွင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် အီလက်ထရောနစ်ပုဒ်မ၊ ဗီဒီယို အက်ဥပဒေပုဒ်မ၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုပုဒ်မတွေနဲ့ ထောင် အနှစ် ၂၀ နဲ့ ၆ လ ချမှတ်ခဲ့ပါတယ်။ အယူခံ ဝင်တဲ့အတွက် ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့ပေးခဲ့တာကြောင့် ဒီ ထောင်ဒဏ် ၁၂ နှစ် နဲ့ ကရင်ပြည်နယ် ဘားအံ့ထောင်ဆီ ပို့ထားတာ ဖြစ်ပါတယ်။
(ဒီဗီဘီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.