Sunday, April 25, 2010

0 လူမှုရေး လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်မှာကြား

နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်း စနေနေ့က သွားရောက် တွေ့ဆုံခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃နှစ် ချမှတ်ခဲ့တာအပေါ် အထူး အယူခံဝင်ရေးနဲ့ ပတ်သက်လို့ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး လာမဲ့ သီတင်းပတ်အတွင်း တင်နိုင်ဘို့ကြိုးစားနေတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

တခါ ပညာရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး ပြည်သူတွေကို ထိထိရောက်ရောက် ကူညီနိုင်မဲ့ ကိစ္စတွေ ဆောင်ရွက်နိုင် ရေးကို လေ့လာကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပြပါတယ်။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျောင်းသားတွေကို ထောက်ပံ့ကြေး ပေးရေးနဲ့ စာအုပ်၊ ခဲတံ အစရှိသဖြင့် အကူအညီတွေ ပေးရေးတွေကို ကြိုတင် စီစဉ်ဖို့မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

NLD ပါတီနဲ့ ပတ်သက်လို့တော့ ဧပြီလ ၇ ရက်နေ့ တွေ့ခဲ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားတဲ့ NLD ပါတီအနေနဲ့ ပါတီ မှတ်ပုံ တင်ရမဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ မေလ ၆ရက်နေ့ နောက်ပိုင်းမှာလည်း ပါတီရုံးတွေ၊ ပါတီဆိုင်းဘုတ်တွေ၊အလံတွေကို ဆက်လက် ထားရှိသွားဖို့ ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

ဥပဒေအရ အဲဒီရက် ကျော်သွားပြီးနောက်ပိုင်း ပါတီ ပျက်ပြယ်ပြီး ဖြစ်သည်လို့ မှတ်ယူရမည်လို့ဖေါ်ပြထားတာဟာ တရားတဲ့ ဥပဒေမဟုတ်တဲ့အတွက် NLD က လက်မခံကြောင်း၊ ဒါပေမဲ့ ဥပဒေဟာ ဥပဒေပဲ ဖြစ်တဲ့အတွက် NLD အဖွဲ့နာမည်နဲ့ နိုင်ငံရေး လှုပ်ရှားမှု လုပ်မှာ မဟုတ်ပေမဲ့ နိုင်ငံရေး စိတ်ဓါတ်တော့ ဆက်ရှိနေမယ်ဆိုတဲ့ မူကို ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတယ်လို့ ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။
(ဘီဘီစီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.