U.S.SenatorJimWebbeeနဲ့Yettawတို့ယနေ့(August16,2009)က ထိုင်းနိုင်ငံအခြေစိုက် စစ်လေတပ်စခန်းသို့ရောက်ရှိလာသောဓာတ်ပုံများ
မစ္စတာယက်တောဟာအခုဆိုရင် အမေရိကန်လွတ်တော်အမတ်နဲ့အတူပြည်တော်ပြန်ခရီးကိုစတင်နေပါပြီ။
သူ့ကိုအင်းစိန်ထောင်အတွင်းကနေအမေရိကန်သံရုံးကားနဲ့သွားရောက်ခေါ်ထုတ်ခဲ့ပြီးလွတ်တော်အမတ်
ဂျွန်ဝက်ဘ်နဲ့အတူအမေရိကန်နိုင်ငံသို့ပြည်တော်ပြန်ပြီဖြစ်ပါတယ်။
ကျနော်တို့ရဲ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတော့ယခုအချိန်ထိလွတ်ပေးဖို့ရာအရိပ်အရောင်မပြသေးပါဘူး
ပြည်သူအများကတော့ဒေါသထွက်နေပါပြီ။ ကိုယ့်အိမ်ထဲကို မပင့်မဖိတ်ရောက်လာသူကတော့ လွတ်မြောက်သွားပါပြီ။
ကိုယ့်အိမ်ထဲကိုယ်နေပြီး တော့ ပြဿနာတက်သွားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့
လွတ်မြောက်ခွင့်မပေးနိုင်တာဟာ ယုတ်ညံ့လှတဲ့ကိုယ့်အမျိုးသားအချင်းချင်းကို နေရာမပေးနိုင်တဲ့
စစ်အာဏာရှင်တို့ရဲ့လုပ်ရပ်ဖြစ်ပါတယ်။
Sunday, August 16, 2009
0 U.S. Senator Jim Webbနဲ့ Yettawတို့ထိုင်းနိုင်ငံစစ်လေတပ်စခန်းသို့ရောက်ရှိ
0 ဗိုလ်ချုပ်မှူးကြီး၏ အဓိပ္ပာယ်မဲ့ မဟာကရုဏာတော်
ပြီးခဲ့သည့် အင်္ဂါနေ့က နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့် ချမှတ်လိုက်သည်။ ဒေါသများကို ထိန်းထားကြပါဦး။ အဘယ်ကြောင့် ဆိုသော် အထက်က မဟာကရုဏာတော်များ ချက်ချင်းဆိုသလို ယိုဖိတ်ကျဆင်း လာခဲ့သောကြောင့် ဖြစ်သည်။
တရားသူကြီးများ ပြင်းထန်စွာ ချမှတ်ထားသည့် ပြစ်ဒဏ်နှစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြားဝင်၍ ထက်ဝက် လျှော့ချပေး လိုက်သည်။ ထိုမျှသာ မကသေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲတွင် မနေစေဘဲ အိမ်ပြန်နေခွင့် လည်း ပေးခဲ့ပြန်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကျေးဇူးတော် အနန္တပင် မဟုတ်ပါလော။
တရားရုံးက ဆုံးဖြတ်ချက်ကို ဖတ်ကြားပြီးသည့် ခဏတွင်းမှာပင်၊ ကယ်တင်ရှင် နတ်မင်းကြီး တပါးအလား ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တရားရုံးအတွင်းသို့ ၀င်လာခဲ့သည်။ သူက စစ်အစိုးရ၏ ထိပ်သီးအကြီးအကဲ ဗိုလ် ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ကို ၀င်ရောက် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်တွင် ဒေါ်အောင်ဆန်း စုကြည် ကို အဘယ်ကြောင့် သက်ညှာ ဆုံးဖြတ် ရသည်ဆိုသည့် အကြောင်းရင်း ၄ ချက်လည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်နေခြင်း၊ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကျိုးကိုရှေ့ရှုလိုခြင်း၊ အာဃာတ တရားများ မထားစေ လိုခြင်းနှင့် ဒီမိုကရေစီသို့ သွားရာ ခရီးလမ်းတွင် အနှောင့်အယှက် မဖြစ်စေလိုခြင်း တို့ကြောင့် ယခုကဲ့သို့ သက်ညှာခြင်း ဖြစ်သည့်ဟူ၍ ပြည်ထဲရေးဝန်ကြီးက ဖတ်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တ၀က်လျှော့ချရုံမျှမက ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ်အဖြစ်သာ ကျခံစေရန် လျှော့ပေါ့စဉ်းစားပေးသည်ဟုလည်း ဆိုသေးသည်။ သနား ကရုဏာများက ဤမျှနှင့် မပြီးသေး။ ပြစ်ဒဏ်ကျခံစဉ် အချိန်အတွင်း ချမှတ်ထားသည့် စည်းမျဉ်းများအတိုင်း လိုက်နာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာ ခွင့်ပင် ခံစား ရနိုင်ဖွယ်ရှိသေးကြောင်း ပါဝင်သေးသည်။
နေအိမ်အကျယ်ချုပ် ကျခံစဉ် လိုက်နာရမည့် စည်းမျဉ်းများတွင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ကျန်းမာရေးအတွက် ဆရာဝန်နှင့် ပြသ စစ်ဆေးကြည့်ရှုနိုင်ခွင့် ရရှိမည့်အပြင်၊ တခြား ဧည့်သည်များနှင့်လည်း တွေ့ဆုံနိုင်မည်၊ အစိုးရက ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားနှင့် သတင်းစာများ၊ ပြည်တွင်းထုတ် ဂျာနယ်၊ မဂ္ဂဇင်းများလည်း ရရှိနိုင်ဦးမည်ဟု ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သနားကြင်နာမှုကို ခံစားကြရဦးမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ဖြစ်ကြသည့် ထို အမျိုးသမီး နှစ်ဦးသည် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကျူးကျော် ဝင်ရောက်လာသည်ကို လက်ခံခဲ့မှု၊ နေထိုင်ခွင့် ပေးခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အလားတူ စွပ်စွဲခံထားကြရသူများ ဖြစ်သည်။ ၎င်းတို့၏ ပြစ်ဒဏ်များကိုလည်း တ၀က် လျှော့ပေါ့ပေးကာ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေအိမ်အကျယ်ချုပ်သာ ကျခံရမည် ဖြစ်သည်။ ဂျွန် ဝီလျံ ယက်ထော ကတော့ ကံမကောင်းသူ ဖြစ်သည်။ သူ့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် အပြစ်ဒဏ်ချမှတ်လိုက်သည်။
ယခု တရားရုံး ဆုံးဖြတ်ချက်အပေါ်တွင် ဗိုလ်ချုပ်မှူးကြီး ၀င်ရောက်စွက်ဖက်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူနှင့် သူ၏ စစ်အစိုးရကို နိုင်ငံတကာက ပြစ်တင်ဝေဖန်လာမည့် အရေးအား ရှောင်လွှဲခြင်း ဖြစ်ပုံရသကဲ့သို့၊ ဟန်ပြ တရားခုံရုံးများက အပြစ်မဲ့ လူတဦးကို ထောင်ချ ပြစ်ဒဏ်ပေးနေသည်ကို ဝင်ရောက် ကယ်တင်ပေးသည့် သနားကြင်နာစိတ် ကြီးမားသော ခေါင်းဆောင်များဟု အထင်ခံချင်ပုံလည်း ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အပြစ်မရှိပါဘဲလျက် လွန်ခဲ့သည့် အနှစ် ၂၀ ကာလအတွင်း ၁၄ နှစ်ကျော်နေအိမ်အကျယ် ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။ အကြောင်းမှာ မြန်မာစစ်ဗိုလ်ချုပ်များက သူ့ကို ကမ္ဘာပေါ်တွင် အန္တရာယ် အရှိဆုံးသောသူ တဦးအဖြစ် ယူဆထားရုံမက လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပရန် ကြံရွယ်ထားသည့် ရွေးကောက်ပွဲကို ဖျက်ဆီး နိုင်စွမ်းရှိသည်ဟူ၍လည်း ယူဆထားသောကြောင့် ဖြစ်သည်။
မေလက ဒေါ်အောင်ဆန်းစုကြည်ကို ခုံရုံးတင်စစ်ဆေးခဲ့စဉ် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်ခြေ ရှိသည်ဟု ယူဆခဲ့ကြသည်။
မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးသည့်တိုင် ဆက်လက် ချုပ်နှောင် ထားလိုကြသည်။ ယခု ၁၈ လ အပြစ်ဒဏ်သည် သူတို့လိုချင်သည့် ရည်ရွယ်ချက် ပြည့်မြောက်စေမည့် အတိုင်း အတာဖြစ်ရုံမက တရားရုံး၏ ဆုံးဖြတ်ချက်ကို ငဲ့ညှာသနား၍ လျှော့ပေါ့ပေးသယောင်လည်း မြင်စေမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၂၀၀၈ ခုနှစ်က စစ်အစိုးရ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်မယူနိုင်စေရန် အပိုဒ်တခု ထည့်သွင်းပြဌာန်း ထားခဲ့သေးသည်။ ပုဒ်မ ၅၉ တွင် ပြဌာန်း ထားသည့် သမ္မတနှင့် ဒု - သမ္မတတို့၏ အရည်အချင်းများတွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တဦးဦး သော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသည်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရများ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်း တပါး၏ နိုင်ငံသား များ မဖြစ်စေရ” ဟု ပြဌာန်းထားသည်။
ဤပုဒ်မအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် နေရာမယူနိုင်ရန် အလိုအလျောက် တားမြစ်ထားပြီး ဖြစ် သည်။ အကြောင်းမှာ သူက ကွယ်လွန်လေသူ ဗြိတိန်ပညာရှင်တဦး၏ ဇနီးသည် ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသားမဟုတ်သည့် သားနှစ်ဦး၏ မိခင်ဖြစ်နေသည့် အတွက်ကြောင့်ပင်။
စစ်ဗိုလ်ချုပ်များအတွက် ဤမျှနှင့် လုံလောက်ပုံ မရသေးဘဲ ယခုကဲ့သို့သော လှည့်ဖျားအမှုဆင် ပြစ်ဒဏ် ချမှတ်ထား၍ နိုင်ငံရေး အ၀န်းအ၀ိုင်းအတွင်းသို့ ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရမ၀င်နိုင်စေရန် ထပ်မံတားမြစ်လိုက်ပြန်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ (၁၂၁) တွင် ပြစ်မှုတခုခုကို ကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှား စီရင် ခြင်းခံရပြီး ထောင်ဒဏ်ကျခံနေရသူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေ ရဟု ဆိုထားပြန်သည်။ သို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သည့်အခါမျှ ရွေးကောက်ပွဲဝင်နိုင်ရန် လမ်း မမြင်တော့ပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ “ကဲ... ဒေါ်အောင်ဆန်းစုကြည်ရေ .. ရွေးကောက်ပွဲပြီးတော့မှ ပြန်တွေ့ကြတာပေါ့၊ ဒါပေမယ့် နိုင်ငံရေးနယ်ပယ်ထဲမှာတော့ တွေ့နိုင်စရာ မရှိပေဘူး” ဟု ပြောနေပေလိမ့်မည်။
ကျော်စွာမိုးရေးသားသည့် Than Shwe’s ‘Mercy’ is Meaningless ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။(ဧရာဝတီ)
0 အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် CEC လူကြီးများ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် တွေဆုံခဲ့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်လူကြီးများမနေ့က နေပြည်တော်မှာ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့တွေ့ဆုံခဲ့ကြောင်း ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
မနေ့က နေပြည်တော်မှာ NLD CEC အဖွဲ့ဝင်လူကြီးတွေနဲ့ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဒီတခါတွေ့ဆုံခွင့် အချိန်ရရှိခဲ့တယ် ပြောပါတယ်။ NLD အနေနဲ့တောင်းဆိုချက်
၃ခုတောင်းဆို ခဲ့ပါတယ်။
မစ္စတာ ဂျင်မ်ဝက်ဘ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ပြောဆိုပေးမယ်လို့ကတိပေးပါတယ်။ ဒီတခေါက် တွေ့ဆုံခွင့်ရတာကိုတော့ တစိတ်တပိုင်း ကျေနပ်မှုရှိတယ်လို့ လူကြီးတွေက ပြောပါတယ်။ တင်ပြတောင်းဆိုခဲ့တဲ့ အချက်၃ချက်ကတော့
၁....ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး။
၂....အမျိုးသားရင်ကြားစေ့ရေး။
၃....၂၀၀၈ခုနှစ် အခြေခံဥပဒေကို ဒီမိုကရေစီဖော်ဆောင်နိုင်အောင် ပြန်လည်
Rivew လုပ်ပေးဖို့ တောင်းဆိုခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မိနစ်၄၀လောက် တွေ့ခွင့်ရခဲ့တယ်လို့ သိရပေမယ့်ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေကိုတော့ အန်ကယ်တို့မသိရပါဘူး။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
သတင်းပေးပို့သော ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။
4 ဓါတ်ပုံ နှစ်ပုံ ကို ယှဉ်ကြည့်ပါ။
ပညာရှိတို့များ စကားပြန်မလိုပါ။ တိုက်ရိုက် ကိုစကားပြောနိုင်တယ်။ အရည်အချင်း တွေ ကဒီလို ကွာတာ။
(သန်းရွှေ)တို့က အင်္ဂလိပ်လို မှမတတ်တာ... တိုင်းပြည်အတွက်.. ၁၀ တန်းတောင် မအောင်ဘဲ.. စစ်ထဲဝင်လိုက်ရတာကို...
သူ ကမတတ်တော့ english လို ကြေညာချက်တွေထုတ်တော့ သူမသိဘူးပေါ့.. အဲ့ဒါကြောင် နိုင်ငံတကာ ကဘာပြောပြော သူ ဂရုမစိုက်တာ..
0 ဆိပ်ကမ်းသာလမ်း၊ စသုံးလုံး စစ်ကြောရေးစခန်း ၏ဖြစ်ရပ်မှန်
သံစဉ်မြင်ကွင်း
လျှပ်တပြက်၊ သြဂုတ် ၁၅၊ ၂၀၀၉
ယာဉ်ကြောတွေအကြား စူးစူးဝါးဝါး
သူနာတင်ယာဉ် အချက်ပေးသံ၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့က ပုံရိပ်
နောက်မှာလည်း ဌာနဆိုင်ရာ အစိမ်းရောင်ကားတစ်စီး။ မြင်ကွင်း ကို တိုးဝှေ့စပ်စုမိရဲ့
ဟာ ... ထမ်းစင်လှည်းနဲ့ မအပ်စပ်သော ရုပ်ရည်နုနယ် မိန်းမငယ်လေး နှစ်ဦး မဆွေနဲ့ မခိုင် တဲ့.
အလုပ်က ၁၀၆ လမ်း၊ အလှပြင်ဆိုင် နန်းဧပရယ်က အလုပ်သမ
ဖြစ်ပျက်ခဲ့တာ ဆိပ်ကမ်းသာလမ်း၊ စသုံးလုံး စစ်ကြောရေးစခန်း
တာဝန်ကျဆရာဝန်၏ ကြည်လင်ပြတ်သားတဲ့အသံ၊ (ဘယ်မှာလဲ ရဲဆေးစာ)
သမရိုးကျမဟုတ်သော အနာတရ/ရာဇ၀တ်မှုမြောက်သော ပြုလုပ်မှု ဆိုလား
လူအုပ်ကြားက ညှင်းသဲ့သဲ့အသံ၊ စသုံးလုံးက ဦးစီးအရာရှိ ဇော်ဝင်းပါ၊ ကျွန်တော်တို့ရဲ့ ဒုညွှန်ချုပ် ဦးရဲမြင့်
စေခိုင်းချက်အရ စစ်ဆေးရင်း နဲနဲ လက်လွန်သွားလို့ ကူညီပါနော်။
သြော် ... ရာဇ၀င်လူဆိုးကြီးလား ၊ လူသတ်မှုကို ကျူးလွန်ပြီလား ၊ ဘ၀ခရီးကြမ်းကို ပူလောင်စွာဖြတ်သန်းနေ သူလား၊ တွေးတောရင်း .
မိန်းမကြီးတစ်ယောက်ရဲ့ ငိုညီးသံ၊ သမီးလေးက ရိုးရိုးသားနဲ့ ကျွန်မ မုဆိုးမအိုကြီးကို လုပ်ကျွေးနေတာပါ ..
အလုပ်ရှင်လည်းမဟုတ် ပြစ်မှုကျူးလွန်ခဲ့တာလည်းမဟုတ် စွပ်စွဲခံရတာလည်းမဟုတ်
ပြစ်မျိုးငယ်ထင်ရက်စရာ ရှိပါရဲ့လား .. ကြည့်ကြပါဦး အရပ်ကယ်တို့ (ကယ်ကြပါဦး)0 ကြောက်လို့မဟုတ်ဘူးကွ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စည်းကမ်းချိုးဖေါက်သည် ဟုစွပ်စွဲပြီး တရားစွဲဆိုထားသည့်အတောအတွင်… နအဖ အကြီးအကဲ များ ဆွေးနွေးပွဲတခုမှာ--
ဗိုလ်ချူပ်မှူးကြီး- - “ဟို မိန်းကလေးကို ထောင်ခြောက်နှစ်ချလိုက်”
ဗိုလ်ချုပ်ကြီး- -- - “ ဟာ… ရွေးကောက်ပွဲပြီးရင်းပြန်လွတ်လို့ရတာ ဘဲ၊ တနှစ်ခွဲလောက်ဆို လုံလောက်မယ်ထင်တယ်၊ သိပ်များလွန်းးရင် လည်း ဟိုဟိုဒီဒီက ဝေဖန်တာတွေ၊ ဖိအားဆိုတာ တွေကလာနေအုံး မယ်၊
ဗိုလ်ချုပ်မှူးကြီး- - “ အပြစ်မထင်ရှားတုန်းကတောင်မှ ငါးနှစ်တို့ ခြောက်နှစ်တို့ ချခဲ့တာဘဲကွာ။ ဟိုအော်-ဒီအော် အော်နေတဲ့ကောင် အကောင်တွေ ဘာတတ်နိုင်လို့လဲ…. အခုဟာက အပြစ် ထင်ရှား တယ်လို့ပြောလို့ရပြီဘဲ….. ဘာဂရုစိုက်စရာမှတ်လဲ။ သူ့ကိုအချုပ်ချ ထားပြီး တိုင်းပြည် ကို ငါအုပ်ချုပ်လာတာ အနှစ် ၂၀ ကျော်လာပီ…. ဂရုစိုက်မနေနဲ့ ……. ချပစ်လိုက်“။
ဗိုလ်ချူပ်…- - “ ဟာ.. စဉ်းစားပါအုန်း ဘ ဘ… ဟိုအမေရိကန် ကောင်ကလဲ ပါနေရသေး တယ်မဟုတ်လား..”
ဗိုလ်ချူပ်မှူးကြီး- - “ အေး…. ဒါဆိုလည်း ကြည့်ချလိုက်…..ပြီးရင် သူ့အိမ်မှာ ပြန်ပို့ထားလိုက် အရင်ကလိုဘဲ နေပလေ့စေ.. ဟိုဖိအား ဒီဖိအားတွေကို ဘာ ဂရုစိုက်စရာ မှတ်လို့…”
ဒေါ်အောင်ဆန်းစုကြည်အားအမိန့်ချမှတ်ပြီး နောက်တစ်ရက်တွင်..
ဗိုလ်ချူပ်ကြီး- - “ အမေရိကန် ဆီနီတာ ဂျင်မ်ဝက် လာဖို့ သေချာ ပြီတဲ့…. မှူးကြီးနဲ့တွေ့မယ် ပြောတယ်… ဟို မိန်းကလေးနဲ့လည်း တွေ့ ချင်တယ်ဆိုဘဲ…. ”
ဗိုလ်ချူပ်မှူးကြီး- - “ ဟေ… ဟုတ်လား…. တွေခွင့်ပေးလိုက်….” ပါးစပ်.. မနှေးနဲ့ …… ယက်ထောကိုလဲ ခေါ်ချင်ရင်.. ပြန် ခေါ်သွားလို့ ပြောလိုက်… မိန်းကလေးကို လွတ်ပေး ဖို့ပြောရင်တော့ အချိန်ဆွဲ… အဲ..အဲ..”
ဗိုလ်ချုပ်- - “ဘ ဘ ကလည်းဗျာ… ဘန်ကီးမွန်းလာတုန်းကတောင်မှ ဟိုမိန်းကလေးနဲ့ တွေ့ခွင့်မပေးဘဲ သူ့ကျမှ တွေ့ခွင့်ပေးလိုက်တော့…အဲ….ဟို….”
( ဗိုလ်ချုပ်မှူးကြီးမှာ ချက်ဆို နားခွက်ကမီးတောက်သူပီပီ ဆက်ဒမ်ဟူ စိန်ကို ပြေးမြင်မိလိုက်သည်)
ဗိုလ်ချုပ်မှူးကြီး- - “ ဟိုတွေ ဒီတွေ လုပ်မနေနဲ့…. ဟိုကောင်တွေ က.. တို့ထက် မိုက်တယ်.. မောင်..။ ကြားဖူးတယ်မဟုတ်လား…အဲ.. ဟို.. အသက်ကိုဥာဏ်စောင့်ဆိုတဲ့ စကားပုံကို လေ…”
၁၅-၀၈-၂၀၀၉
0 Senator Wins Release of US Prisoner in Myanmar
The office of Virginia Senator Jim Webb says he's won the release of a U.S. prisoner in Myanmar and met with detained democracy leader Aung San Suu Kyi. (Aug. 15)
Saturday, August 15, 2009
0 အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၆)
Researcher
Mg Si Thu
ကမ္ဘာနှင့်အ၀န်းပြုပြင်ပြောင်းလဲနေသော ဖြစ်စဉ်ကြီးအတွင်း၌ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် နိုင်ငံတော်ကြီး အတွင်း လောကပါလတရားများ ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ မည်သည့်အတိုင်းအတာထိ တိုင်းပြည် အား အကျိုးသက်ရောက်ခဲ့သည် (သို့) မိမိတို့၏အခြေအနေမှန်များအပေါ် ပြန်လည်သုံးသပ်ဆင်ခြင်၍ အနာဂတ်လူငယ် လူရွယ်များအတွက် စွန့်လွှတ်ခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း၊ အနစ်နာခံခြင်းအရာ၌ စံနမူနာအဖြစ်လည်းကောင်း လက်တွေ့ကျကျ လုပ်ဆောင်ကျင့်သုံးသွားရန် လိုအပ် ပေလိမ့်မည်။
ဤအကြောင်းအရာနှင့်ပက်သတ်၍ ဗုဒ္ဓလမ်းစဉ် ရှု့ထောင့်မှ နမူနာယူအပ်သော စံအဖြစ်ထားအပ်သော အတွေးအခေါ် အယူ အဆအချို့နှင့် ဆရာကြီး ဦးရွှေအောင်ရေးသားသော “ဗုဒ္ဓ” အနှိုင်းမဲ့ကျေးဇူးရှင် စာအုပ်မှ အဆို အမိန့်များဖြင့် ကိုးကား နှိုင်းယှဉ် ဆက်လက်လေ့လာသွားပါမည်။
လူသည် ဘ၀အား လောဘဖြင့် စတင်ခဲ့သူဖြစ်၏။ ထို့ကြောင့် လူသည် မိမိလိုချင်သောအရာ မိမိ ရပ်တည် နိုင်ဖို့ရန်အတွက် အရာရာကိုလိုချင်တတ်မက်၍ ရအောင်လည်း အားထုတ်လေ၏။ ဤသည်မှာ လောကသဘာဝ တရား ပင်ဖြစ်ပေသည်။ တနည်း အားဖြင့်လည်း သူလို ကိုယ်လို သာမန်တွေးနိုင်သော လူသာမန်အတွေးမျိုးလည်းဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အတ္တ မိမိအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရပ်တည်နေခြင်း (သို့) အတ္တ၀ါဒ အတ္တဓမ္မတာ ဖြစ်သောကြောင့်ပင်ဖြစ်၏။
နိုင်ငံတော် ပြည်သူလူထု လူ့အဖွဲ့အစည်း အကျိုးစီးပွါးအတွက် ဆောင်ရွက်မည် ဆိုပါက (သို့) ဆောင်ရွက်နေ ပါသည် ဟူသော ပုဂ္ဂိုလ်၊ ဆောင်ရွက်မည့်ပုဂ္ဂိုလ် (သို့) လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်အဖြစ်ဆောင်ရွက်လိုသည့် ခေါင်းဆောင်ငယ် ခေါင်းဆောင် လောင်းလျှာများအတွက်မူ အထက်၌ဖေါ်ပြခဲ့သော သူလို ကိုယ်လို သာမန်အတွေးမျိုးဖြင့် အတ္တ၀ါဒ၊ အတ္တဓမ္မတာ ဟူသော ကိုယ်ကျိုးစီးပွါး၊ ဆွေမျိုးကောင်းစားရေး၊ ကိုယ့်အုပ်စုအကျိုး ကိုယ့်ပါတီအကျိုး တခုတည်း အပေါ်အခြေခံသော အတွေးအခေါ်မျိုးဖြင့် မရရှိနိုင်ပါပေ။
နိုင်ငံရေးဟူသည်…
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတတ်မှုကို ရှေ့ရှု့သော လုပ်ငန်းဖြစ်၏၊ မိမိအကျိုးထက် အများအကျိုးကို ရှေးရှု့သော လုပ်ငန်းဖြစ်၏။ တနည်း အားဖြင့်လည်း မိမိတို့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် နေအောင် ဤတရားများဖြင့် စည်ပင်နေ အောင် လူအဖွဲ့အစည်းအတွင်း ဟောပြောစည်းရုံး၍ ဆောင်ရွက်ရသော လုပ်ငန်း မျိုးလည်းဖြစ်၏။
ထိုသို့ဆောင်ရွက်ရာ၌ မိမိအကျိုးထက် လောကအကျိုးကို ရှေးရှု့ဆောင်ရွက်ရ၏။ မိမိတို့ဘ၀များကိုလည်း ပေးဆပ် ကောင်းပေးဆပ်ရ၏။ လုပ်သမျှလည်းအောင်မြင်လိမ့်မည်မဟုတ် သို့သော် အောင်မြင်သည်ဖြစ်စေ မအောင်မြင် သည်ဖြစ်စေ မျက်မှောက် လုပ်ဆောင်သော အခြေအနေများသည် အဖြေမဟုတ်ဘဲ မိမိ၏ လောကအပေါ် လူ့အဖွဲ့ အစည်းအပေါ်ထားရှိသော စေတနာသည်သာ အဓိကကျသည်ဖြစ်သောကြောင့် ဤသည်ကိုပင် မိမိလုပ်ငန်းအထ မြောက်သည်ဟု၍ဆိုအပ်ပါ၏။
ဤကဲ့သို့သော လုပ်ငန်းမျိုးသည် အနတ္တ၀ါဒီ အများအကျိုးကိုသာ ရှေးရှု့သော လမ်းစဉ် အနတ္တပဓါန လမ်းစဉ် ဟုဆိုပါ၏။
ဤသို့သောလုပ်ငန်းမျိုးကိုလည်း လူသာမန် သူလို ကိုယ်လိုကျင့်ကြံ ဆောင်ရွက်နိုင်ပါ၏။ ဤသို့အားဖြင့် အကြောင်းတရား အကျိုးတရားတို့အပေါ် အခြေခံ၍ လောက ခေတ်အဆက်ဆက်၌ အာဇာနည်များ ပေါ်ထွက်ခဲ့ကြ ခြင်းဖြစ်၏။ နောင်လည်းပေါ်ထွက်နေ အုံးမည် သာဖြစ်ပါ၏။
နိုင်ငံရေးဟုခေါ်သော “ တိုင်းပြု ပြည်ပြုလုပ်ငန်း” (သို့) “ လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ထွန်းကား စည်ပင်သထက် စည်ပင်အောင် ဟောပြောစည်းရုံး ဆောင်ရွက်သောလုပ်ငန်း” (သို့) လောကအကျိုးစီးပွါးကို ဦးတည်ဆောင်ရွက်ရ သောလုပ်ငန်း” ကို သာမန်သူလို ကိုယ်လိုမည်သူမဆို ဆောင်ရွက်နိုင်သော်လည်း သာမန် သူလိုကိုယ်အတွေးမျိုးဖြင့် မဆောင်ရွက် နိုင်ပါပေ။ ထိုသို့ဆောင်ရွက်ပါက တနည်းအားဖြင့် …
ဥပမာအားဖြင့်…
မြန်မာ စကားပုံများလာ အဆိုအမိန့်များမှ တခုဖြစ်သော…
“ အူမတောင့်မှ သီလစောင့်မယ်” ဟူသော စကားပုံမျိုးဖြင့် ၄င်းကို ယုံကြည်လက်ခံကျင့်သုံးသူများအတွက်တော့ လောက ဆိုသည့်၊ လူ့အဖွဲ့အစည်းဆိုသည့်၊ နိုင်ငံရေးဆိုသည့် ( အထက်၌ဖေါ်ပြထားသော အဓိပ္ပါယ်အတိုင်းရှိသော လုပ်ငန်းစဉ်) ဝေါဟာရမျိုးကိုပင် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲနေပေလိမ့်မည်။
ဤအတွေးမျိုးဖြင့် ဆောင်ရွက်ပါက လောက၌ လောကပါလတရားများ စည်ပင်ဖို့ဝေးစွ တိုင်းပြည်အကျိုး လူ့အဖွဲ့အစည်း အကျိုး မဆိုထားနှင့် မိမိအကျိုးစီးပွါးပင် ပျက်ဆီးပေလိမ့်မည်။ လောက၌လည်း လောကပါလတရားများ ချုပ်ငြိမ်းသထက် ချုပ်ငြိမ်းသွား စေလိမ့်မည်ဖြစ်၏။ ထို့အပြင် ထို့လူအဖွဲ့အစည်းသည် ယဉ်ကျေးမှုနိမ့်ကျလျှက် အရိုင်း အစိုင်းများသာ ဖြစ်နေပေလိမ့်မည်။
မြန်မာနိုင်ငံသမိုင်းတလျောက် တိုင်းပြည်အား ပြန်လည်စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏။
၁. အနော်ရထာ (ပုဂံခေတ်)
၂. ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃. အလောင်းဘုရား (ကုန်းဘောင်ခေတ်)
၎. ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)
ဤပုဂ္ဂိုလ်ကြီးများသည် လူသာမန်တွေဖြစ်သော်လည်း သာမန်သူလို ကိုယ်အတွေးမျိုးဖြင့် နိုင်ငံတော်ကြီးနှင့် လောကအတွက် ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ထို့ကြောင့်ပင် ဤ ပုဂ္ဂိုလ်ကြီးများကို မြန်မာနိုင်ငံသမိုင်း၌ အထူးလေးစားတန်ဖိုးထား အပ်သူများအဖြစ် မှတ်တမ်းတင်ထားခြင်းဖြစ်၏။
လောက၌လူရယ်လို့ ဖြစ်လာသောအခါ ယေဘူယျအားဖြင့် တောင်းတခြင်း (၄) မျိုးရှိပါ၏။
၁. အိမ်ယာထူထောင်လိုခြင်း၊
၂. စီးပွါးပစ္စည်းဥစ္စာ ပြည့်စုံသထက် ပြည့်စုံလိုခြင်း၊
၃. တရားဓမ္မနှင့်အညီ နေထိုင်လိုခြင်း၊
၎. လွတ်လပ်မှုနှင့် နေထိုင်လိုခြင်း စသည်တို့ဖြစ်၏။
ဖေါ်ပြပါအခြေအနေလေးရပ်သည် လူတိုင်းလူတိုင်း ခံစားလိုသော သဘောတရားများပင်ဖြစ်၏။ တနည်းဆိုသော် ပုထုဇဉ် လူသားများ လိုလားသော တောင့်တချက်များသာဖြစ်ပါ၏။ သူလို ငါလိုသူများလည်း တောင့်တပါ၏။ သူလို ငါလိုအဆင့်ထက် ကျော်သူများ လည်း လိုလားတောင့်တကြပါ၏။
သို့သော် သူလိုငါလို အဆင့်ထက်ကျော်လွန်သော သူများတောင့်တခြင်းသည် ဤတောင့်တခြင်းလေးမျိုးထက် လောက အကျိုး စီးပွါးကို ပိုမိုလိုလားတောင့်တကြပါ၏။ လောကအကျိုးအတွက်သော်၎င်း၊ အများအကျိုးအတွက်သော်၎င်း၊ တနည်းအားဖြင့် အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးနေမှုကို ပို၍လိုလားတောင်းတကြပါ၏။
ထိုသို့ပို၍ လိုလားတောင်းတသည်နှင့်အမျှ ကြိုးလည်းကြိုးစားကြ၏။ အားလည်းအားထုတ်၏။ ထိုသို့သော ပုဂ္ဂိုလ်များ၏ စိတ်သန္တာန်၌ သူလိုငါလို တောင့်တခြင်းမျိုး မရှိတော့ဘဲ လောကကောင်းကျိုးတခုတည်းအပေါ်၌သာ လုံလပြုသောကြောင့် တိုင်းပြည်များ မှာ လောကပါလတရားဖြစ်ထွန်းစည်ပင်ပြီး ဖွံ့ဖြိုးတိုးတတ်ကြကြောင်း လေ့လာ တွေ့ရှိရပါ၏။
ဤသို့သော ပုဂ္ဂိုလ်များကို မျိုးချစ်အာဇာနည်များဟု သက်ဆိုင်ရာနိုင်ငံတိုင်း နိုင်ငံတိုင်း၌ ခေါ်ဝေါ် ဂုဏ်ပြုကြခြင်းဖြစ်၏။ ဤသို့သော ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၌လည်းရှိပါ၏။ ၄င်း ပုဂ္ဂိုလ်တို့သည် လောကအတွက် မိမိဘ၀များကို ပေးဆပ်သူများဖြစ်၏။ ဤ ပုဂ္ဂိုလ်များကို နမူနာယူအပ်၏။ ထိုသို့နမူနာယူ ကျင့်ကြံဆောင်ရွက် နေသူများသည် သာမန်အတွေးအခေါ်များရှိသော သူများအမြင်၌ “လူအ” “လူညံ့” ဟုမြင်နေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် အာဇာနည်စိတ်သဘောတရားကို နမူနာယူကျင့်ကြံအားထုတ်သော သူများသည် အခွင့်အရေး ဟူ၍လည်း မမက်မော၊ ရာထူးစည်းဇိမ်ဟူ၍လည်း မမက်မောဘဲ လောကသားတို့အပေါ်၌သာ လောကပါလ တရား၊ ချမ်းသာခြင်းတရား၊ စသည့် ဓမ္မတရားများ လွှမ်းမိုးရေးကိုသာ လိုလားသူများဖြစ်သောကြောင့်ပင်ဖြစ်၏။
ဤကမ္ဘာ၌ နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကိုပေးဆပ်သူများ ပေါများလေလေ ထိုနိုင်ငံ ထိုလူမျိုးတို့သည့် ကမ္ဘာ၌ထိပ်တန်းနိုင်ငံများ ထိပ်တန်းလူမျိုးများအဖြစ် ရပ်တည်နိုင်ကြပါ၏။ ထိပ်တန်း ဟုဆို ရာ၌ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုချည်းသက်သက်မဟုတ်ဘဲ ကိုယ့်ကျင့်တရား၊ လူ့ကျင့်ဝတ်သိက္ခာစောင့်စည်းလိုက်နာ ကျင့်သုံးခြင်းအရာ၌လည်း ထိပ်တန်းအဆင့် မြင့်မားတိုးတတ်ကြပါ၏။ ထို့ကြောင့်ပင် ထိုနိုင်ငံများသည် ကမ္ဘာ၌ ၀င့်ကြွားစွာရပ်တည်နိုင်ကြခြင်း ဖြစ်ပါ၏။
ဥပမာအားဖြင့် …..နယူးဇီလန်၊ နော်ဝေး၊ ဆွီဒင် …အစရှိသည်အားဖြင့်
“မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် မြန်မာပြည်သည် အာရှ၌ နိုင်ငံရေးအရလည်းကောင်း၊ စီးပွါးရေးအရ လည်းကောင်း၊ လူမျိုးဂုဏ်သိက္ခာမြင့်မားသော အခြေအနေတရပ်ဖြစ်ခဲ့ဘူးပါသည်။”
သို့သော် နိုင်ငံဖြစ်စေ၊ ဒေသဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်လူမျိုးအတွက် အနစ်နာခံသူများ ဘ၀ကို ပေးဆပ်သူများ နည်းပါးလေလေ (သို့) ကိုယ်ကျိုးစီးပွါးတခုတည်းကိုသာကြည့်သောသူများ ပေါများလေလေ ထိုနိုင်ငံ၊ ထိုဒေသ၊ ထိုလူမျိုးတို့သည် အဓမ္မတရားများဖုံးလွှမ်းနေပြီး၊ ဆင်းရဲခြင်းအပေါင်း၊ ဒုက္ခအပေါင်းနှင့် ရင်ဆိုင်နေရပေ လိမ့်မည်။ ကမ္ဘာ့အလယ်၌လည်း လူလုံးမလှ လူရာမသွင်း အနှိမ်ခံ ဘ၀များဖြင့်သာ ဖြစ်နေပေလိမ့်မည်။
တဖန် တရားတော်လာ ဓမ္မပဒ စာအုပ် အပိုဒ် (၉၈) ၌
ဒေသတခုသည် ရွာဖြစ်ချင်ဖြစ်၊ တောဖြစ်ချင်ဖြစ်မည်၊ ကျီးကုန်းဖြစ်ချင်ဖြစ်မည်၊ချိုင့်ဝှမ်းဖြစ်ချင်ဖြစ်မည် သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်၊ သူတော်ကောင်း (သို့) ဓမ္မတရားကို လက်ကိုင်ပြုကျင့်သုံးနေသူများ ဖြစ်ရိုးမှန်ပါက ထိုဒေသသည် ဤကမ္ဘာမြေပေါ်တွင် မွေ့လျှော်ဖွယ်အကောင်းဆုံးဖြစ်၏”
ဟူ၍ ရေးသားထားပါ၏။
အထက်ပါစာပိုဒ်သည် မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် အထူးသတိပြုရန်လိုအပ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး အယူအဆ တရပ်အနေဖြင့် ရှုမြင်ကြည့်ပါက နိုင်ငံအကျိုး၊ လောကအကျိုး ကိုဆောင်ရွက်ရာတွင် တနည်းအားဖြင့် လောကပါလတရားများ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းအောင် ဆောင်ရွက်ရာ၌ ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ တို့သည်လည်း ဓမ္မတရား များကို လိုက်နာကျင့်သုံးရန်အထူးသတိတရားထားရှိဖို့ကိုလည်း လမ်းညွှန် ထားပါ၏။
နိုင်ငံနှင့်လူမျိုး၊ မိမိတို့နေထိုင်ရာလူ့အဖွဲ့အစည်းတို့အပေါ် ဒုက္ခစုံကျရောက်နေသော ကာလ၊ တနည်းအားဖြင့် အဓမ္မတရားများ ဖုံးလွှမ်းနေသောအချိန်များ၌ စွန့်လွှတ်စွန့်စားအနစ်နာခံဆောင်ရွက်ကြသူများသည် တိုင်းနိုင်ငံအသီးသီး တို့၌ ပေါ်ထွန်းကြပါ၏။ ထိုသို့ နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် စွန့်လွှတ်အနစ်နာခံဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၌လည်း (၂) မျိုးရှိပါ၏။
၁. နိုင်ငံနှင့်လူမျိုး လူ့အဖွဲ့အစည်းအတွက် ပစ္စည်းဥစ္စာစွန့်ကြပါ၏။ ခြေလက်အင်္ဂါများလည်း စွန့်လွှတ်ကြပါ၏၊ ထို ပုဂ္ဂိုလ်များ သည် ထိုနိုင်ငံ ထိုလူမျိုး ထို့လူ့အဖွဲ့အစည်းအတွက် အဓမ္မတရားအပေါ် ဓမ္မတရားက ဖုံးလွှမ်း အောင်ဆောင်ရွက်ကြသူများပင်ဖြစ်ပေ၏။ တနည်းအားဖြင့် လောက၌ အဓမ္မတရား မထွန်းကားအောင် မိမိတို့ဘ၀ ဥစ္စာပစ္စည်း၊ စည်းဇိမ်တွေကို လောကအတွက် စတေးသော သူများပင်ဖြစ်၏။ သို့သော် မိမိတို့၏ အနစ်နာခံမှုကြောင့် အကျိုးတရားများပေါ်ထွန်းလာသောအခါ မိမိသည် ရာထူး၊ စည်းဇိမ်၊ အာဏာစသည့် အခွင့်အရေးများကိုလည်း ခံစားထိုက် သည်ဟု ခံယူသော ပုဂ္ဂိုလ်များလည်းရှိကြောင်းတွေ့ရမည်ဖြစ်၏။
၂. လောက၌ အဓမ္မတရားအပေါ် ဓမ္မတရားမှ ဖုံးလွှမ်းအောင်ဆောင်ရွက်ရာ၌ မိမိ၏ စွန့်လွှတ် အနစ်နာခံမှုများ၏နောက်၌ မည်သည့်အခွင့်အရေးကိုမျှ မမက်မော၊ မည်သည့်ခံစားခွင့်ကိုမှလည်း မမျှော်လင့်သော ပုဂ္ဂိုလ်များလည်း ရှိပါ၏။ ထို ပုဂ္ဂိုလ်မျိုးတို့ သည်သာ တကယ့်အာဇာနည်သူရဲကောင်း အစစ်အမှန်ပင်ဖြစ်ပေ၏။ လောက၌ အဓမ္မအပေါ် ဓမ္မတရားက လွှမ်းမိုးအောင် ဆောင်ရွက် ရာ၌ မိမိအတ္တအကျိုးပါမှ၊ ရာထူး၊ ငွေကြေး၊ စည်းဇိမ်ရမှ (သို့) ရသင့်သည်ဟူသောအယူအဆသဘောတရားများသည် စစ်မှန်သောစွန့် လွှတ်ခြင်း အနစ်နာခံခြင်းဟု မမည်ပေ။ ထို့ကြောင့် အာဇာနည် ပုဂ္ဂိုလ်ဟု မဆိုအပ်၊ တနည်းအားဖြင့် ဤသည်မှာ အတ္တ၀ါဒ အတ္တလမ်းစဉ် သာဖြစ်ပေ၏။
ဤကမ္ဘာ၏ တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်း အသီးသီးတို့၌ အာဇာနည် ပုဂ္ဂိုလ်များသည် ရှိကြပါ၏။ထို ပုဂ္ဂိုလ်များသည် လောကအတွက် မိမိတို့ ဘ၀ကိုစတေး၍ လောကအကျိုးစီးပွါးတခုတည်းအပေါ်၌သာ ရှေးရှုကြပါ၏။ ထို့ကြောင့်လည်း ထို ပုဂ္ဂိုလ်များကို သူလို ငါလို သာမန်အဆင့်ထက် ကျော်လွန်မြင့်မြတ်သောသူ၊ သူရဲကောင်းများ၊ အာဇာနည် ပုဂ္ဂိုလ်ကြီးများအဖြစ် တိုင်းနိုင်ငံအသီးသီး၊ လူ့အဖွဲ့အစည်းအသီးသီးတို့၌ ၄င်းနိုင်ငံ၊ ၄င်းလူမျိုးတို့ကို ကိုယ်စားပြုသော ပုဂ္ဂိုလ်ကြီးများအဖြစ် တန်ဖိုးထားကဗျည်းထိုး အလေး အမြတ် ပြုကြခြင်းဖြစ်ပါ၏။
မြန်မာ့နိုင်ငံရေးအယူအဆများအနက် အောက်ဖေါ်ပြပါ အဆုံးအမတခုမှာ လွန်စွာမှတ်သား လိုက်နာကျင့်သုံး ဖွယ်ဖြစ်၏။
ဗုဒ္ဓလမ်းစဉ်အရ လူတိုင်း၌ ကျင့်စဉ်အားဖြင့် သုံးဆင့်ရှိပါ၏..
၁. လောကအတွက်ဖြစ်သည်။
၂. နိုင်ငံနှင့်လူမျိုးအတွက်ဖြစ်သည်။
၃. မိမိနှင့် မိမိတို့မိသားစုအတွက်ဖြစ်သည်။
မိမိနှင့် မိမိ မိသားစုအကျိုးစီးပွါးကို ဆောင်ရွက်ရာ၌ မိမိနိုင်ငံ၊ မိမိတို့အမျိုးသားများအရေးနှင့်လည်း ဆက်စပ် ပေသည်။ မိမိ “အား” ကောင်းလျှင် ကောင်းသလို နိုင်ငံအကျိုး၊ အမျိုးသားရေးအကျိုးတို့ကို ပိုမိုဆောင်ရွက်နိုင်ပေမည်။ ထို့ကြောင့် မိမိ “အား” ကောင်းပါမှ နိုင်ငံ လူမျိုးအတွက် လူ့အဖွဲ့အစည်းအတွက် ဆောင်ရွက်နိုင်ပေမည်၊ နိုင်ငံနှင့်လူမျိုး “အား” ကောင်းမှ ဤကမ္ဘာလောက အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်ပေမည်ဖြစ်ပါ၏။
ထို့ကြောင့် မိမိအကျိုးစီးပွါးကို တနည်းအားဖြင့် မိမိကိုယ်မိမိ “အား” ကောင်းအောင် မြင့်မားသည် ထက်မြင့်မားအောင် ဆောင်ရွက်ခြင်းသည် မိမိနိုင်ငံ မိမိလူမျိုး မိမိတို့လူ့အဖွဲ့အစည်းအကျိုးစီးပွါးအတွက် ဆောင်ရွက်ရန် ဖြစ်ပါ၏။ တနည်းအားဖြင့် မိမိအား လောက အတွက် အသုံးချရန်ဖြစ်၏။ ဤသို့ဆောင်ရွက်နိုင်ပါမှ လောက၌ လူ ပီသ၏၊ လောက၌ လူဖြစ်ရကျိုးနပ်၏၊ ထို့ကြောင့်ပင် မြန်မာ့ နိုင်ငံရေးအယူအဆ၌ စံတန်ဖိုးများသည် -
“ ငါကောင်းစားရေးသာ ပထမ” ဟူသော အယူအဆမဟုတ်ဘဲ “ လောက ကောင်းစားရေးသည်သာ ပထမ” ဟူသော စံတန်ဖိုးပင်ဖြစ်ပါ၏။ တနည်းအားဖြင့် “အနတ္တပဓါန လမ်းစဉ်” ပင်ဖြစ်ပေသည်။
အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၇)ဆက်လက်ဖော်ပြမည်။
0 ဆီနိတ်တာ ၀က်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ
မနေ့က သတင်းစာထဲမှာ နိုင်ငံတော်အပိုင်းက change လို့ ခြေတလှမ်းစတင်လိုက်ခြင်း ဖြစ်နိုင်တယ်လို့ ဆိုထားတာတွေ့ရပါတယ်။ သူတို့က အပြောင်းအလဲလို့ မပြောတော့ဘဲ ဘိုဆန်ဆန် change လို့ပဲ ပြောထားတာ တွေ့ရပါတယ်။ ဒါ အမေရိကန်ဘက်က ပြောင်းလဲမယ်ဆိုရင် သူတို့လည်း ပြောင်းလဲဖို့ အဆင်သင့်ပဲ ဆိုတာကို ပြောတဲ့သဘောပါပဲ။ အပြုံးကို အပြုံးနဲ့ မေတ္တာကို မေတ္တာနဲ့ တုံ့ပြန်မယ်လို့ ဆိုထားပါတယ်။ တကယ်တော့ စစ်အစိုးရ အနေနဲ့ အခု အမေရိကန်က ဆီနိတ်တာ တယောက် မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို ရောက်ရှိနေတာကို အမေရိကန်အစိုးရက သဘောထားပြောင်းလဲဖို့ နိမိတ်ပြတယ်လို့ သူတို့ အဓိပ္ပါယ် ထုတ်ယူလိုဟန် ရှိပါတယ်။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ကတော့ သူတို့အစိုးရ အနေနဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ဘယ်လို သတင်းစကားမျိုးမှ စစ်အစိုးရဆီကို မပါးလိုက်ပါဘူး ဆိုပြီး မနေ့ကပဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း အခုလို ငြင်းဆန်သွားပါတယ်။ “သူဟာ အစိုးရဆီက ဘယ်သတင်းစကားမျိုးကိုမှ သယ်ဆောင်သွားခြင်း မရှိပါဘူး။” - လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိုယ်တိုင်က ပြောသွားတာဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အင်တာနက် အွန်လိုင်းမှာ ကာတွန်း ဟန်လေး ကလည်း မြန်မာနိုင်ငံက အစိုးရက change လို့ ပြောပေမယ့် change ချင်းမတူဘူး ဆိုတာကို သူက ကာတွန်းထဲမှာ ဆွဲပြထားပါတယ်။ သမ္မတ အိုဘားမားကတော့ change - အပြောင်းအလဲ လုပ်ရမယ်၊ ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်ရမယ် ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လို ကာတွန်းဆွဲပြီးတော့ သူက အော်ပြောနေတာက - chains we need။ chain ကို chain လို့ ပြောင်းထားပါတယ်။ ဒါက နှောင်ကြိုးတွေ၊ သံကြိုးတွေပေါ့လေ ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံရဲ့ နောက်မှာလည်း ဘာလုပ်ထားလဲ ဆိုတော့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ခမောက်ဆောင်းတဲ့သူတွေ၊ ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေကိုပဲ သံကြိုးနဲ့တုတ်ပြီးတော့ တသီတတန်းကြီး ထိုင်ခိုင်းထားတာ တွေ့ရပါတယ်။ ဆိုတာကတော့ ဒါဟာ မြန်မာစစ်အစိုးရ လိုလားတဲ့ chain ဖြစ်တယ်။ အိုဘားမား အစိုးရပြောတဲ့ change၊ အပြောင်းအလဲ မဟုတ်ဘူး ဆိုတာကို ကာတွန်း ဟန်လေးက ကာတွန်းဆွဲပြီး လှောင်ပြောင်ထားတာလည်း တွေ့ရပါတယ်။ တကယ်တော့ ဒီလို ကာတွန်းဟန်လေးလို အဓိပ္ပါယ်ဖွင့်တာဟာ သူသာ မကပါဘူး။ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေး လေ့လာသူတွေ ကျွမ်းကျင်သူ တော်တော်များများကလည်း အလားတူ သုံးသပ်ကြပါတယ်။ အမေရိကန်က Heritage Foundation ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Walter Lohman ဆိုရင် စစ်အစိုးရကို ခိုင်မြဲသွားအောင် ပံ့ပိုးရာရောက်တယ် ဆိုပြီးတော့ ဝေဖန်တဲ့ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ သူက မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ ဆီနိတ်တာ တယောက် အနေနဲ့ သူ ကြိုက်သလိုသွားနိုင်ပေမယ့် အခုလို အချိန်အခါမျိုး သွားတာကတော့ unfortunate ဖြစ်တယ်ပေါ့လေ။ သိပ်ကို ကသိကအောင့်ဖြစ်စေတဲ့အချိန် ဖြစ်နေတယ်ဆိုပြီးတော့ အခုလို ပြောပါတယ်။ “သွားတဲ့အချိန်က နည်းနည်း ကသိကအောင့် ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းချုပ်နှောင်ထားတဲ့ကိစ္စကို စစ်အစိုးရက ထပ်ပြီး တိုးချဲ့လိုက်တဲ့အချိန်ပါ။ ဒါဟာ မသွားသင့်တဲ့အချိန်ပါ။ စစ်အစိုးရကို ကမ္ဘာ ပြစ်တင်ရှုတ်ချနေချိန်မှာ ထွက်ပေါက်ပေးလိုက်သလို ဖြစ်နေပါတယ်။ စစ်အစိုးရနဲ့ စကားပြောတာကတော့ ပြောပေါ့ဗျာ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ၂ ကြိမ်လောက်သွားပြီး ပြောခဲ့တာပဲ။ ဒါပေမယ့် အခုချိန်က ပြဿနာဖြစ်နေတဲ့အချိန် မဟုတ်လားဗျာ။” ဒါပေမယ့် မနေ့ကထုတ်တဲ့ မြန်မာစစ်အစိုးရ သတင်းစာထဲမှာ သူတို့ကလည်းပဲ အိုဘားမားက change လို့ပြောတဲ့အခါ သူတို့ကလည်း change ကို လိုချင်တဲ့သဘော ခြေတလှမ်းပြလိုက်တယ်လို့ ယူဆထားတယ် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲဒါကိုရော မစ္စတာ Lohman ဘယ်လိုများ အဓိပ္ပါယ် ဖွင့်မလဲခင်ဗျ။ - “ကျနော့်အထင်ကတော့ စစ်အစိုးရက အပြောင်းအလဲ တစုံတရာ လုပ်ချင်တဲ့ဆန္ဒ အစစ်အမှန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားလိုက်တာက သူတို့အနေနဲ့ အပြောင်းအလဲ လုပ်ဖို့ အဆင်သင့်မရှိဘူး ဆိုတာကို ပြသလိုက်တာပါ။ တကယ်လို့သာ စစ်အစိုးရဘက်က ပြောင်းလဲချင်တဲ့သဘော ပြသတာဖြစ်တယ်လို့ ယူဆကြမယ်ဆိုရင်တော့ ဒါဟာ ဖြစ်ချင်တာတွေကို စိတ်ကူးတွေယဉ်ပြီး တွေးတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရက ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်က အရင်ကထက်တောင် ပိုပြီးများလာနေတာ မဟုတ်ဘူးလားဗျာ။ သူတို့သာ တကယ် ပြောင်းလဲချင်တယ်ဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်မှုအောက်မှာ တရားမျှတစွာ ပြုလုပ်ပေးပါမယ်လို့ သူတို့က ကြေညာရမှာပေါ့ဗျာ။” ဒါကတော့ အမေရိကန် အခြေစိုက် Heritage Foundation ရဲ့ ညွှန်ကြားရေးမှူး Walter Lohman ပြောသွားတာဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအစိုးရက ဘယ်လိုပဲ အမေရိကန်အစိုးရ ရဲ့ အပြောင်းအလဲတွေကို လိုက်ပြီးတော့ သူတို့လုပ်ဖို့ ကြိုးစားတယ်ဆိုပေမယ့် လက်မခံတဲ့သူတွေ အများကြီးဆိုတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ ဒီကနေ့ ဆောင်းပါးမှာ ရေးတာကလည်း အမေရိကန်ဘက်က အထက်လွှတ်တော်အမတ် တယောက် လာလည်နေတာဟာ သူတို့ စစ်အစိုးရကို လိုလိုလားလား ဆက်ဆံဖို့ နိမိတ်ပြလာတယ် ဆိုတဲ့သဘောမျိုး ဖော်ပြလိုဟန် ရှိပါတယ်။ တနည်းပြောရရင် ဂျင်မ်ဝက်ဘ် ရဲ့ ခရီးစဉ်ကို အမြတ်ထုတ် အသုံးချလိုက်တယ်လို့ ဆိုရလိမ့်မယ်ထင်ပါတယ်။ (voa)ကာတွန်းပညာရှင် ဆရာဟန်လေး၏လက်ရာ
မနေ့က စစ်အစိုးရ သတင်းစာတွေထဲမှာ “မေတ္တာကို မေတ္တာနှင့်သာ” ဆိုတဲ့ ဆောင်းပါးတပုဒ် ပါလာတာ တွေ့လိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စီရင်ချက်ချတဲ့ကိစ္စနဲ့ ဗိုလ်ချုပ်မှူးကြီးက သက်ညှာခွင့်ပေးတာ ပြည်သူတွေက ကြိုဆိုကြပါတယ်တဲ့။ နောက်ဆုံးအပုဒ်မှာတော့ မဆီမဆိုင်ဘဲ အမေရိကန်သမ္မတ က - change ဆိုပြီးတော့ အပြောင်းအလဲ ကိစ္စကို ကြွေးကြော်သလို စစ်အစိုးရကလည်း ပြောင်းလဲချင်တယ်ဆိုတဲ့သဘော ပြတယ်လို့ ဆိုပါတယ်။ စစ်အစိုးရက တကယ်ပဲ ပြောင်းလဲတော့မှာလား… ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။
Friday, August 14, 2009
0 လူပြောများနေသော ရန်ကုန်မြို့လယ်ကခေတ်သစ် ကင်ပေတိုင်စခန်း
A crowd waits outside Rangoon’s passport office. (Photo: Yuzo/The Irrawaddy)
ပြည်သူ့အထောက်တော်၊ ရန်ကုန်
သြဂုတ် ၁၄၊ ၂၀၀၉
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးနဲ့ ၃၇၊ ၃၈ လမ်းတ၀ိုက် ကျင်လည်နေသော ပတ်စပို့ (လမ်းလျှောက်ပွဲစား)အယောက် ၂၀ ကျော်ကိုဖမ်းဆီးခဲ့ပြီးနောက် အချို့အား ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က ကျောက်တံတားတရားရုံး၌ ချုပ်နှောင်ခွင့်စတင်ယူခဲ့တယ်လို့ ၃၇ လမ်းတွင်နေထိုင်သူ တစ်ဦးက ပြောတယ်။ အဆိုပါပုဂ္ဂိုလ်က
'' ဇူလိုင်လစောစောပိုင်းက ၃၇ လမ်းအလယ်နှင့်အောက်ဘလောက်၊ ၃၈လမ်းက လဘက်ရည်ဆိုင်တွေမှာထိုင်နေ ကြတဲ့ ပတ်စပို့ပွဲစားမှန်သမျှ အကုန်ဖမ်းခေါ်သွားတယ်။ ဒါပေမယ့် တကယ်အလုပ်ဖြစ်နေတဲ့ ပွဲစားကြီးတွေကိုတော့ ကြို တင်ဆက်သွယ်ရှောင်တိမ်းခိုင်းထားလို့ ဒီနေ့ထိ စီအိုင်ဒီ နဲ့ အက်စ်ဘီက မဖမ်းနိုင်ခဲ့တာကို နေပြည်တော်မှအထူးအဖွဲ့ ဖြစ် တဲ့ ပြည်ထဲရေးဝန်ကြီး၏ အာဏာကုန်လွှဲအပ်ခံရသော အောက်ဗမာပြည်ညွှန်ချုပ်ဆိုသူက ဆက်လက်တာဝန်ယူစစ်ဆေး နေပြီး ပတ်စပို့ရုံးအတွင်း အမြဲတမ်းတာဝန်ကျခဲ့တဲ့ အောက်ခြေ၀န်ထမ်းငယ်များရဲ့ ပိုင်ဆိုင်မှုစာရင်း၊ ရုံးသက်သာချောင် ချိရေးငွေစာရင်းအပါအ၀င် ဓါတ်ပုံရိုက်ကူးရေးလုပ်ငန်းငွေစာရင်းများကိုသာ အထပ်ထပ်လှန်လှောနေတယ်လို့ပြောသံကြား တယ် '' ဟုဆိုပါသည်။
ကျောက်တံတားမြို့နယ်ရှိ ၀ါရင့်ဝန်ထမ်းဟောင်းတစ်ဦးက ပြောဆိုရာတွင်မူ
'' ဟုတ်တယ်။ စသုံးလုံး ဆိုတာကတော့ မဆလကိုကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့ခဲ့တာလေ။ သူတို့အနေနဲ့ ငွေကြေး ဘဲအဓိကဖြစ်ပြီး စီးပွားရေးနဲ့ ပတ်သက်လို့ မျိုးရိုးစဉ်ဆက်ကိုကြည့်အုံး ဈေးဗန်းတစ်ဗန်း၊ ကွမ်းယာတစ်ခုံ ရောင်းဝယ် ဖောက်ကားဘူးတာ မရှိဘူး။
တစ်ချိန်က ကာစတန် ကိုဖြိုခွင်းတုန်းကလည်း ယောက်ျားသားဝန်ထမ်းတွေကို ဥပဒေနဲ့ မညီဘဲ စစ်ဆေး ထိန်း သိမ်းထားပြီးနောက်ပိုင်း နေအိမ်တွေကို ခြိမ်းခြောက်တော့ မသိနားမလည်မိန်းမသားတွေမှာ သက်သာရာ သက် သာကြောင်း အားကိုးခဲ့ပြီး ငွေကျပ် သိန်းရာနှင့်ချီနေသော နိုင်ငံတော်ဘဏ္ဍာ ဖြစ်သင့်သည့် ငွေကြေးများအား စစ်ဆေးသူ စ သုံးလုံးအရာရှိများ၏ ကိုယ်ပိုင်ဘဏ်ငွေစာရင်းများသို့ ထည့်သွင်းဖျောက်ဖျက်တဲ့နည်းသုံးတယ်။
နာဂစ်ကိစ္စနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းက အလွဲသုံးစားပြုတယ်လို့ဆိုပြီး အရေးယူဆောင်ရွက်ရာမှာလည်း ဆန်
ခိုးမမိ၊ ဖွဲခိုးမိ ပြောရမလား၊ တကယ်တော့ပြည်တွင်းဖြစ်ပစ္စည်းတွေရဲ့ အဲဒီကာလကဈေးနှုန်းနဲ့ ဒီကနေ့ဈေးနှုန်း
အမှန်မသိရှိဘဲ တွက်ချက်ခြင်းနဲ့အတူ ကြောက်ရွံ့ပြီး လာဘ်လာဘ၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့တာကို
ရယူ၍ တန်ဘိုးအားနေ့စဉ်ဝင်ငွေဟု သတ်မှတ်လျှက် ၃၆၅ ရက်နှင့်မြှောက်သည့်တွက်ချက်ခြင်းတို့ဖြင့် အထက် လူကြီးအကြိုက် ကိန်းဂဏန်းများကို တရားမ၀င်ပိုင်ဆိုင်ခဲ့သည်ဟု ရေးသားဘူးပါတယ်။
မနှစ်က ပဲကုန်သည်ကြီးတွေရဲ့ အဖြစ်အပျက်ကလည်း ဘာမှမထူးပါဘူး။ ဒီနေ့ထိ စ သုံးလုံး ရုံးကြီးလို့ လူသိများတဲ့ ရန်ကုန်မြို့လယ်က ခေတ်သစ်ကင်ပေတိုင်စခန်းကြီးမှာ အများပြည်သူမြင်သာအောင် နေ့ခေါ်ယူ၊ ညခိုးလွှတ်နဲ့ ပိုင်ဆိုင်မှုတွေ ရှာဖွေသိမ်းဆည်း ချိပ်ပိတ်နေတာကလည်း နေအိမ်အချို့နဲ့ မြေကွက်များကို ထက်ဝက် စားဖျောက်ဖျက်ပေးနေတယ်လေ။ အမှန်တကယ် နစ်နာတဲ့ ပွဲစားငယ်နဲ့ တောင်သူတွေက ရလိမ့်နိုးနိုးမျှော်လင့်နေသော်လည်း အမှုဖွင့်မထားဘူး၊ စာရင်းမပေါ်ဘူး၊ကုန်သည်မှာပိုင်ဆိုင်မှုမရှိတော့ဘူးလို့အကြောင်းအမျိုးမျိုးပြတယ်။
အခုလည်းဘဲ ပတ်စပို့ရုံးနဲ့ပတ်သက်ပြီး အဖြစ်မှန် စုံစမ်းစစ်ဆေး ဖော်ထုတ်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် အက်စ်ဘီကို တကယ်စစ်မှာလား၊ တကယ်ညှစ်မှာလားဆိုတာ စောင့်ကြည့်ရအုံးမယ်။ လမ်းလျှောက်ပွဲစားကို စစ်ဆေးရုံနဲ့ရုံးတံစက်မြိက်ကအောက်ခြေ၀န်ထမ်းလောက်အကြောင်းဖော်ထုတ်ပြီး ပြည်သူနဲ့အစိုးရကို လိမ်လည်
ရန်တိုက်တဲ့အဆင့်မှာ ပြီးသွားမယ်လို့ထင်တယ်။
လာမယ့်အပတ်ထဲမှာလည်း အခွန်ရုံးက ၀န်ထမ်းတွေအပြင် ပတ်စပို့ရုံးမှာ တာဝန်ကျခဲ့တဲ့ လ၀ကအရာရှိ ၇၀
ကျော်ကိုလည်း စစ်ဆေးဘို့ လိုအပ်တယ်ဆိုပြီး ခေါ်ထားတယ်လို့ကြားတယ်။ ဒီရက်ပိုင်းတစ်နေကုန်တစ်နေခန်း
ရန်ကုန်တိုင်းက ရဲအရာရှိအချို့နဲ့ရဲမေတွေလည်း စသုံးလုံးမှာ လာရောက် အစစ်ဆေးခံနေတာ တွေ့နေတယ်။''
ဟု ဖြစ်ပေါ်နေသောအခြေအနေကို ပြောပြပါတယ်။
လူပြောများနေသော ရန်ကုန်မြို့လယ်က ခေတ်သစ် ကင်ပေတိုင်စခန်းဖြစ်သည့် စသုံးလုံးရုံးကြီးအတွင်း အာဏာ ပါးကွက်သားပမာ အကြောင်းအမျိုးမျိုးပြ၍ ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေပါသည်။ ဥပဒေနဲ့မညီဘဲ ခြိမ်းခြောက်ခြင်း၊ ဆန္ဒမပါသော ထွက်ဆိုချက်ရယူခြင်း၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်ခြင်း၊ ရိုင်းပြသော ပြောဆိုဆက်ဆံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ တရားဥပဒေအား ကျောခိုင်းပြီး ထင်ရာစိုင်းနေသည့်အပြုအမူများအပေါ် မည်သည့် ၀န်ထမ်းဌာန အဖွဲ့အစည်းကမျှ တုံ့ပြန်နိုင်ခြင်းမရှိသည်ကို အာဏာပိုင်များအနေဖြင့် ပြန်လည်စီစစ်ခြင်းမရှိဘဲ စသုံးလုံးက ပြောဆို ရေးသားမှုမှန်သမျှ အမှန်တရားဟုလက်ခံနေခြင်းအပေါ် နိုင်ငံ့ဝန်ထမ်းများအစား ရင်လေးမိပါတယ်။