Monday, November 16, 2009

0 ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်

0 ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုခြင်းကို သံသယရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောဆို

NEJ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာမီ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိမ့်မည်ဆိုသည့် ပြောဆိုချက်များအပေါ် သံသယဖြစ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် လာမည့်တနင်္ဂနွေနေ့၌ အမေရိကန်သမ္မတ အိုဘားမားနှင့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ တွေ့ဆုံမည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတွင် မြန်မာနိုင်ငံအနေဖြင့် အထူးတလည် ထုတ်ပြန်ပြောဆိုလိမ့်မည်ဟု မထင်ကြောင်း ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေသည့် မစ္စစ် ကလင်တန်က ပြောကြားခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နောက်နှစ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအရေးသည် စိတ်ရှည်သည်းခံရန်လိုအပ်ပြီး ရေရှည်အားထုတ် လုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်ဟုလည်း မစ္စစ်ကလင်တန်က ABS-CBN သတင်းချယ်နယ်က ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတခုတွင် ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြသည်။

ထို့အပြင် ရှေ့နှစ်မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အများလက်ခံနိုင်ရန် မြန်မာစစ်အစိုးရအနေဖြင့် အတိုက်အခံများ၊ တိုင်းရင်းသားများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ပြည်တွင်း၌ စတင်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားသည်။

“ကျမတို့အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးမှုတွေမှာ ပါဝင်လာအောင် အားပေးတာ၊ တိုက်တွန်းတာ၊ ဖျောင်းဖျတာတွေ လုပ်ပါတယ်။ ဒါတွေဟာ ပထမဆုံးလိုအပ်ချက်ပါ” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံအတွင်း ပြောနိုင်ဆိုနိုင်ရှိသည့် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကိုလည်း မြန်မာပြည်သူများ အကျိုးရှိစေမည့် ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကူညီလုပ်ဆောင်ပေးရန် ပြောဆိုထားကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ ခေါင်းဆောင်မှု မှားယွင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ မေးစရာရှိတာက သူတို့တွေ ဘယ်လောက်ကြာကြာမှားနေမလဲဆိုတာနဲ့ ကိုယ့်ပြည်သူတွေအတွက် လွတ်လပ်မှုနဲ့ အခွင့်အရေး လမ်းကြောင်းဆီ ဦးတည်ဖို့ သူတို့ကို အားပေးတိုက်တွန်းနိုင်မလား ဆိုတာပါပဲ ” ဟုပြောသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်တွေ့ဆုံမှုများ စတင်လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မဖြစ်မချင်း ပိတ်ဆို့တားမြစ်မှုများကို ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးကြောင်း မစ္စစ်ကလင်တန်က ပြောသည်။

“ကျမတို့အနေနဲ့ လုပ်နိုင်စရာတွေ အများကြီးရှိတာကို လုပ်မှာမဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ အခုအစိုးရကို ကူညီထောက်ပံ့မှု မပေးချင်လို့ပါပဲ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် မစ္စစ်ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ထပ်မံတောင်းဆိုခဲ့ပြီး လွတ်လပ် တရားမျှတပြီး အများလက်ခံသည့် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့်ရမှသာ ရွေးကောက်ပွဲရလဒ်ကို တရားဝင်အဖြစ် နိုင်ငံတကာက မြင်ကြမည်ဖြစ်ကြောင်း မစ္စစ်ကလင်တန်က ပြောကြားသည်။

ယခုလအစောပိုင်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်သည် ဆယ်စုနှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိများ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

0 Obama tells Myanmar to free Suu Kyi

Obama, second-right, urged Myanmar's rulers to end oppression and free all political prisoners [AFP]

Barack Obama, the US president, has told Myanmar's military government to free Aung San Suu Kyi, the country's jailed pro-democracy leader.

Obama delivered the message on Sunday at a summit with leaders of 10 Southeast Asian nations, which included General Thein Sein, Myanmar's prime minister.

Robert Gibbs, the White House press secretary, told reporters that Obama called on Myanmar to free his fellow Nobel Peace laureate and other political prisoners, and end oppression of minorities.

"Obama brought that up directly with that government," Gibbs said, indicating that the president addressed Thein Sein.


Sunday, November 15, 2009

0 နအဖခေါင်းဆောင်ကြီး သန်းရွှေ လမ်းတွဲလျှောက်နေရ၍ ပြည်တော်ပြန်ပြီ


နအဖခေါင်းဆောင်ကြီး သန်းရွှေ ကျန်းမာရေး ချို့ယွင်းပြီး သူကိုယ်တိုင်လမ်းလျှောက်ရန်ခက်ခဲနေပြီး သီရိလင်္ကာနိုင်ငံ၊ Colomboမြို့ရှိ Bandaranaike International airport မှ ယနေ့မြန်မာနိုင်ငံသို့ပြန်သွားပြီဖြစ်ပါသည်။

Saturday, November 14, 2009

0 နအဖခေါင်းဆောင်ကြီး သန်းရွှေ လမ်းတွဲလျှောက်နေရ


သတင်းမီဒီယာတွေမှာ ကျန်းမာရေး ကောင်းမွန်နေသေးတဲ့ပုံစံနဲ့  ဟန်ဆောင်လုပ်ပြနေပေမယ့် အိုမင်းခြင်းရဲ့  ဝေဒနာကို သန်းရွှေ ခံစားနေရပါပြီ။

ဘုရားကျောင်းကန်တွေကို သွားရောက်ဖူးမြော်နေပေမယ့် ကိုယ်ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို နောင်တမရ သင်ခန်းစာ မယူနိုင်သ၍၊ ကိုယ်ကျူးလွန်ခဲ့တဲ့ ဒုစရိုက်တွေကို မသုံးသပ်မိဘဲ မရပ်သ၍၊ သတ်ဖြတ်စော်ကားမှုတွေအတွက် မှားယွင်းကြောင်း မပြောမဆို ၀န်မခံသ၍၊ တိုင်းသူပြည်သား လူအများကို ဆက်လက် ညဉ်းပမ်းနှိပ်စက်နေသ၍ သန်းရွှေ အတွက် ကြီးမားသော ၀ဋ်ကြွေးဒဏ်တွေ လောကအပြစ်ဒဏ်တွေကို ယခုဘ၀မှာရော နောင်အဆက်ဆက်ရော မကြာခင် ကြီးမားပြင်းထန်စွာနဲ့  ခံစားရတော့မှာပါ။

ရာထူးအာဏာ စည်းစိမ်ဥစ္စာ ဘယ်လောက်ပြည့်ဝနေပါစေ သတ္တ၀ါတိုင်း လွန်ဆန်မရတဲ့ နာခြင်း အိုခြင်း သေခြင်း ဒုက္ခကို နအဖခေါင်းဆောင်ကြီး သန်းရွှေ လက်တွေ့  စတင် ကြုံနေရပါပြီ။

သတင်း။ ။ ကိုနစ်နေမန်း

Friday, November 13, 2009

0 ရဲချုပ်ခင်ရီကို သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ်ပြောင်းရွှေ့


ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့ အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူး လို့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်းတွက်ဆကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်း တဦးကပြောပါတယ်။
အဆိုပါ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ကို စစ်ဆေးနေစဉ်မှာ အကျယ်ချုပ်နဲ့ ထားရှိဖို့ စီစဉ်တာရော၊ တိမ်းရှောင်သွားဖို့ လမ်းဖွင့်ပေးရာမှာပါ ရဲချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါဝင်ခဲ့တဲ့လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကပြောဆိုကြပါတယ်။ အဲဒီလို မလုပ်ဆောင်ပဲ ရဲမှူးကြီး ၀င်းနိုင်ကို ဆက်လက်စစ်ဆေးမယ် ဆိုရင် တနွယ်ငင် တစင်ပါဆိုသလို အခြားဝန်ကြီးတွေပါ ပါလာလိမ့်မယ် လို့လည်း အထက်ပါ သတင်းရပ်ကွက်များက ပြောဆိုကြပါတယ်။
ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း ကာလမှာ ရန်ကုန်မှာ ဒုတိုင်းရဲမင်းကြီး အဖြစ်တာဝန်ယူခဲ့သူ ၂၀၀၈ ခုနှစ်ဆန်းပိုင်း စိမ်းလဲ့ကန်သာလမ်း ၅လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများမှာ တာဝန်ယူခဲ့သူ၊ ယခုနှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ဝင်ရောက်မှု နောက်ပိုင်း အဖြစ်အပျက်တွေမှာ တာဝန်ယူခဲ့ရသူ တဦးဖြစ်ပါတယ်။
၅လောင်းပြိုင်လူသတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဖို့ နအဖ အထက်ပိုင်းက တိုက်ရိုက်အမိန့်ပေးခဲ့တာ၊ အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းသိရှိခဲ့ရသမျှ မှတ်တမ်းတွေကို ကာကွယ်ရေး ၀န်ကြီးဌါနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက လာရောက်သိမ်းဆည်းသွားခဲ့တာ တွေဟာ အထက်ပါအမှုနဲ့ ပတ်သက်လို့ ထပ်မံဖေါ်ထုတ်တာကို နအဖ အထက်ပိုင်းက မနှစ်သက်ဘူးလို့ ရန်ကုန်တိုင်းမှာ တာဝန်ယူနေတဲ့ အမည်မဖေါ်လိုသူ ရဲအုပ်တဦးက ပြောဆိုပါတယ်။
ထို့အတူပဲ ဂျွန်ယက်တော ရေကူးဝင်ရောက်တဲ့ ကိစ္စမှာလည်း နအဖ အစိုးရက ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်း ရဲမှူးကြီးလုပ်တဲ့သူက အသိရှိဆုံး ဖြစ်မှာပါ။ ထိုသို့သော အချက်အလက်တွေဟာ ရဲမှူးကြီး ၀င်းနိုင်ကို ပေးတိမ်းရှောင်စေလိုက်တာလား၊ ရဲချုပ်ကို အခြားနေရာရွေ့စေသွားတာလား ဆိုတာစဉ်းစားစရာပါလို့ ရန်ကုန်မြို့ခံတဦးက သုံးသပ်ပြောဆိုပါတယ်။ (မိုးမခ)

Thursday, November 12, 2009

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ပြုလုပ်သော (၈၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနား



အညွန်း။ ။ ဓာတ်ပုံကိုနှိပ်၍ အပေါ်ဘယ်ညာဒေါင့်တွင် mouse တင်လိုက်ပါက PREV , NEXT နှိပ်၍ဆက်လက်ကြည့်ရူနိုင်ပါသည်။

Tuesday, November 10, 2009

0 အင်္ဂါဂြိုလ်သို့ ပြောင်းရွေ့ခြင်း


ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည်စခန်းကနေ ယူကေနိုင်ငံ Sheffield မြို့ကို ရောက်လာတဲ့ ကရင်မိသားစုနှစ်ခုရဲ့ တကယ့်လက်တွေ့ဘ၀ ကို အခြေခံပြီးရိုက်ကူးထားတဲ့ Moving to Mars သတင်းမှတ်တမ်းရုပ်ရှင်ကားကို ပြီးခဲ့တဲ့အပတ်က Documentary Festival ရုပ်ရှင်ပွဲတော်မှာပြသခဲ့ရာ Sheffield မြို့သူမြို့သားတွေ ရုံပြည့် ရုံလျှံအားပေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

သူ့ရဲ့ မူရင်းလင့် မှာလည်း ဗီဒီယို၊ ဇာတ်လမ်း storyတွေကိုလည်း သွားရောက်ကြည့်ရူ ဖတ်နိုင်ပါတယ်။

0 သုံးရောင်ချယ်အဖွဲ့  ကျောင်းသား ကိုမြတ်စံ၏ ဖခင် ဈာပနဖြစ်ပါတယ်။


နအဖ၏ မတရားဖမ်းဆီးမှုကြောင့် အကျဉ်းကျခံနေရသော သုံးရောင်ချယ်အဖွဲ့  ကျောင်းသား ကိုမြတ်စံ၏ ဖခင် ကွယ်လွန်သွားကြောင်း သိရှိရတဲ့အတွက် ကိုမြတ်စံနှင့်အတူ ကျန်ရစ်သော မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါကြောင်း ပြောကြားလိုပါတယ်။

Sunday, November 8, 2009

0 ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း


သတင်း။ ။ မိုးသောက်ကြယ်

မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

နိုဝင်ဘာ(၇)ရက်(စနေနေ့) ညနေ ၅း၃၀အချိန်တွင် မြန်မာသံရုံးသို့လာရောက်၍သံအမတ်ကြီးဦးလှမြင့်နှင့်တကွ သံရုံးသူ/သားများမှ ဗိုလ်သိန်းစိန်ကို ဂါရ၀ပြုဖို့စီစဉ်ထားကြောင်း မြန်မာ့ဒီမိုကရေစီသမားများမှသိရှိသဖြင့် သံရုံးရှေ့တွင် နေလယ် ၃ နာရီမှစပြီး `လူသတ်စစ်အုပ်စုကိုယ်စားလှယ် သိန်းစိန်အလိုမရှိ`၊ ’Get out Thein Sein’ အစရှိသည့်ဆိုင်းပုဒ်များကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြဖို့ပြင်ဆင်ထားကြသည်။
နံနက်ပိုင်းတွင်လည်း ဗိုလ်သိန်းစိန်တည်းခိုသည့် ‘New Otani Hotel’ရှေ့တွင် မြန်မာ့ဒီမိုသမားများမှ နံနက် ၉း၀၀ နာရီကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့စောင့်ဆိုင်းခဲ့ကြသော်လည်း ဟော်တယ်၏ရှေ့ပေါက်မှမထွက်ပဲ တခြားနေရာမှထွက်ခွာ၍ ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမနှင့် သီးသန့်တွေ့ဆုံမည့် ဂျပန်လွှတ်တော်အဆောက်အဦသို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

“ကျနော်တို့ လူသတ်ကောင်သိန်းစိန်ကို ဂျပန်ကိုစရောက်ကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဆန္ဒပြပြ အားလုံးဟာ မြန်မာ့ဒီမိုကရေစီအရေးကိုလိုလားလို့ မိမိဆန္ဒကိုထုတ်ဖော်ပြသကြတယ်လို့ပဲ ကျနော်တို့သဘောထားပါတယ်။ ဒီနေ့(နိုဝင်ဘာ ၇ ရက်)ဆိုရင် မနက်ကတည်းက သူတည်းခိုတဲ့ ‘New Otani Hotel’ရှေ့တည့်တည့်မှာ ပိတ်စောင့်ခဲ့တယ်။ နေ့လယ် ၁၁း၃၀ အထိ ထွက်လာတာမတွေ့ဘူး။ နောက်တော့ ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်ဦးချင်းသီးသန့်တွေ့ဆုံဖို့ ဂျပန်လွှတ်တော်ကိုထွက်သွားပြီလို့သိရတယ်။ အဲဒီ့နေရာအထိ ကျနော်တို့လိုက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အခုညနေပိုင်းမှာတော့ ဒီအခွန်ရုံး(မြန်မာသံရုံး)မှာ လာရောက်ပြီး ဂါရ၀ပြုခံမယ်လို့သိရှိရလို့ ကျနော်တို့အားလုံး ဆန္ဒပြဖို့ပြင်ဆင်စောင့်ဆိုင်းနေကြတာ။ ခုနက ကျနော်ပြောခဲ့သလို လူသတ်ကောင်သိန်းစိန် ဂျပန်ရောက်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း တာဝန်ကျေကြောင်းပြသတဲ့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်...“ဟု ကိုစောမျိုးခိုင်ရှင်းမှ ပြောကြားသွားခဲ့သည်။

မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအထိသာစီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။
ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။

ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထားစောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါစောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။

ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။
နအဖစစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဂျပန်သို့ရောက်တိုင်း တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်ကြည့်ရှုစစ်ဆေးရစမြဲဖြစ်ပြီး “မြန်မာသံရုံးဝန်ထမ်းများ၏ ဂါရ၀ပြုပွဲ“ဟု ဆိုင်းပုဒ်တပ်ကာ တန်စိုးလာဒ်ဆောင်ပေးအပ်ခြင်းကို ကျေကျေနပ်နပ်ကြီးယူကြစမြဲဖြစ်သည်။ ဗိုလ်သိန်းစိန်လက်ထက်ကျမှ မိမိအား မြန်မာ့ဒီမိုကရေစီလိုလားသူများနှင့် မြန်မာ့အရေးကိုထောက်ခံသည့် ဂျပန်လူမျိုးတို့မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံရမည်ကို စိုးရိမ်ကြောင့်ကျသဖြင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ပြုတ်သွားပြီး နေအိမ်အကျယ်ချုပ်အချခံထားရသည့် နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့်လာရောက်ခဲ့စဉ်အချိန်တုန်းက မြန်မာသံရုံးသို့ ဂါရ၀ပြုခံဖို့လာသည့်အချိန်တွင် မြန်မာ့ဒီမိုသမားအချို့မှ ဟိုင်းဝေးလမ်းမပေါ်အထိ သက်စွန့်ဆံဖျားသွားရောက်ပြီး ဗိုလ်ခင်ညွန့်ကားကို ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဗိုလ်ခင်ညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဗိုလ်ဝင်းအောင်(ကွယ်လွန်)ကို တစ်ရှုးဖြင့်အနီးကပ်ပစ်ပေါက်ခြင်းများ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ သံရုံးရှေ့တွင်လည်း ဆန္ဒပြသူအင်အားရာနှင့်ချီကာ ပိတ်ဆို့ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် ဗိုလ်ခင်ညွန့်အကြီးအကျယ်စိတ်ဆိုးကာ မြန်မာသံရုံးဝန်ထမ်းများကို ကြိမ်းမောင်းဆဲဆိုခြင်း၊ ဂျပန်ရဲများ၏လုံခြုံရေးအားနည်းကြောင်း ဂျပန်ဝန်ကြီးချုပ်(ဟောင်း) ကိုအိဇူမိနှင့်တွေ့ဆုံစဉ်တိုင်တန်းပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ဗိုလ်သိန်းစိန်သည်လည်း ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ခင်ညွန်လိုပုံစံမျိုး မိမိကားအား ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဖိနပ်၊ ရေးဗူး၊ အမှိုက်သရိုက်အစရှိသဖြင့် တစုံတခုသော ပစ္စည်းကိရိယာနှင့် ပစ်ပေါက်ခံရခြင်းရှိခဲ့ပါက အရှက်တကွဲဖြစ်ကာ၊ ကံနိမ့်သည်ဟုယူဆသဖြင့် သံရုံးသို့လာရောက်မည့်အစီအစဉ်ကို ယခုလိုမျိုးရုတ်တရက်ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ဂျပန်ရှိ မြန်မာ့ဒီမိုသမားများမှ သုံးသပ်ပြောဆိုကြသည်။

0 ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမမှ သိသာထင်ရှားမဲ့ နိုင်ငံရေးပြောင်းလဲမှုပြုလုပ်မှသာလျှင် ထောက်ပံ့ကြေးပေးမည်ဟုပြောဆို


ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမမှ မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံ စီမံကိန်း အစည်းအဝေးသို့ တက်ရောက်လာသော စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်အား လာမဲ့ (၂၀၁၀)ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ သူတွေ သိသာထင်ရှားမဲ့ နိုင်ငံရေးပြောင်းလဲမှုပြုလုပ်မှသာလျှင် ဂျပန်အစိုးရမှ မြန်မာနိုင်ငံအား ဘက်စုံကူညီမှု၊ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့ကြေးများပေးမည်ဟုပြောဆိုလိုက်ပါတယ်။

နအဖ၀န်ကြီးချုပ်ဆိုသော သိန်းစိန်ကတော့ လာမဲ့ (၂၀၁၀)မှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာ စစ်အစိုးနဲ့အမြင်မတူသူတွေလည်းပါဝင်နိုင်အောင် စီစဉ်ပြုလုပ်နေပါတယ်လို့ပြောဆိုသွားပါတယ်။

မဲခေါင်-ဂျပန်ထိပ်သီးဆွေးနွေးပွဲအတွင်း ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ တွေဟာ မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့အဖွဲ့ တည်းခိုနေတဲ့ တိုကျိုမြို့က New Otani ဟော်တယ်ရှေ့မှာ အဲဒီနေ့မနက် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး League for Democracy in Burma အဖွဲ့က ကိုကျော်ကျော်စိုးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

ကိုကျော်ကျော်စိုး။ ။“အဓိကအကြောင်းရင်းကတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးနဲ့ Engage လုပ်တဲ့ဟာမျိုးကို မလိုလားတဲ့သဘော ဆန္ဒပြတာပါ။ နောက်တချက်က လက်ရှိ စစ်အစိုးရက မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အဓိက တာဝန်ရှိတယ်လို့ ထင်တဲ့အတွက်ကြောင့် ဒါကိုကန့်ကွက်ကြောင်း အဓိက Highlight လုပ်ပြီး ဒီကနေ့ ဆန္ဒပြကြတာပါ”

မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘော့ဒီးယားနိုင်ငံနဲ့ ဂျပန် နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့က စပြီး နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် ဖိအားပေးတဲ့နည်းကို မသုံးဘဲ မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံတဲ့နည်းလမ်းကို တောက်လျှောက်ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.