လူ့ဘ၀ရဲ့ ၀ဋ်ဒုက္ခများကို ကြောက်ရွံ့၍၄င်း၊ ၀ဋ်ကြွေးကံကြမ္မာ ပါလာ၍၄င်း၊ မိခင်၏ ၀မ်းတွင်းမှ လူ့လောကဆီသို့ ရောက်ရှိမလာမီ ဘ၀ပြောင်းသွားရှာသော ဘေဘီ မကြည်ကြည်စန်း (ကျား / ကိုယ်ဝန်ဆောင် ၆ လ) အရွယ်နှင့် ဘေဘီ မအိအိအောင် (ကျား / ကိုယ်ဝန်ဆောင် ၄ လ) အရွယ်ရှိ ရင်သွေးငယ် (၂) ဦး၏ ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ Baby Only ဟု ခေါ်ဆိုသော ကလေးနိဗ္ဗာန်ယာဉ်ဖြင့် ဂန္ဓီဆေးရုံမှ ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် အသင်းလုပ်အားပေးများနှင့် ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ပေးခဲ့ပါသည်။
ဘေဘီ မကြည်ကြည်စန်း (ဒလမြို့နယ်) နှင့် ဘေဘီ မအိအိအောင် (သာကေတမြို့နယ်) တို့၏ ဆွေမျိုးသားချင်းတို့အား ကလေးနိဗ္ဗာန်ယာဉ်ဖြင့် မသယ်ဆောင်မီ အသင်းမှ လုပ်ဆောင်ပေးမှု၊ အခမဲ့ ၀န်ဆောင်ပေးမှုတို့ကို သိရှိအောင် နွေးထွေးစွာ ရှင်းလင်းပြောကြားပြီး ယင်း ကလေး နိဗ္ဗာန်ယာဉ်ဖြင့် ကလေး၏ ရုပ်အလောင်းနှင့်အတူ ရေဝေးသုဿန်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
ယင်းကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တို့သည် စီးပွားရေးချို့တဲ့၍ ဆင်းရဲဒုက္ခကြားမှာ ရုန်းကန်နေ ရသော လောကဓံ၏ ရိုက်ခတ်မှုကြောင့် မိခင်ဖြစ်သူမှာ အဟာရချို့တဲ့ခြင်း၊ အသွားအလာ အနေအထိုင် မဆင်ခြင်ခြင်းတို့ကြောင့် ရေတွင်းတွင် ရေခပ်စဉ် ချော်လဲ၍၄င်း၊ ပျက်စီး ယိုယွင်းနေသော လမ်းခရီးများကြောင့် ကိုယ်ဝန်ပျက်ကျရခြင်း စသည် စသည်တို့ကြောင့် ရင်သွေးငယ်များ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။ ထိုကြောင့် မိခင်တို့အနေနှင့် ကိုယ်ဝန်ဆောင် အချိန်ကာလ အတွင်း အသွားအလာ၊ အနေအထိုင်၊ အစားအသောက်မှ အစ လူ့လောကထဲသို့ ၀င်ရောက်လာမည့် မိမိ၏ မျိုးဆက်သစ် ရင်သွေးငယ်များ၊ တိုင်းပြည်၏ မျိုးဆက်သစ် ကလေးငယ်များ အတွက် အထူးဂရုစိုက်ရန် အရေးကြီးပေသည်။
အချုပ်ဆိုရသော် . . . မြန်မာပြည်တွင် လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များပင် ဖြစ်တော့သည်။
ကျော်သူ
Tuesday, June 29, 2010
0 မြန်မာပြည်မှာ လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များ
0 သမိုင်းမော်ကွန်းဝင် သစ်ပင်ကြီးများ
ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ)နေ့တွင် MONSOON Nursery & landscape Group မှ အုပ်ချုပ်သူ ဦးကြည်စိုးနှင့် ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦး တို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံမြို့နယ် ရုံးချုပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးရှေ့ မြေကွက်လပ်တွင် မြက်ခင်းနှင့် အလှပင်များကို လာရောက် ကုသိုလ်ဖြစ် လှူဒါန်းစိုက်ပျိုး ပေးခဲ့ပါသည်။
ကုသိုလ်ဖြစ် လာရောက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက် ငွေလှူဒါန်းကြသော အလှူရှင်များ၊ အခမဲ့ ဆေးဝါး လာရောက်ကုသကြသော လူနာများ၊ နာရေးကိစ္စလာရောက် အကူအညီတောင်းခံကြသော (၇)ရက် သားသမီးအပေါင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ခြံဝင်းထဲသို့ ၀င်ရောက်လာသည်နှင့် စိတ်ကြည်နူး ရွှင်လန်း ငြိမ်းချမ်း သွားစေလိုသော ဆန္ဒနှင့် မိမိတို့တွင် တွယ်ငြိလာသော အပူများ၊ သောကများ လျော့ပါး ကင်းဝေး သွားစေရန် ရည်ရွယ်ပါသည်။
ဆက်လက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပန ရုံးခန်း အဆောက်အဦး တည်ဆောက်မည့် မြေကွက်လပ် အလွတ်များတွင်လည်း မြန်မာနိုင်ငံရှိ အထင်ကရ ပုဂ္ဂိုလ်ကျော်များ၏ အမည်နာမများနှင့် ကိုက်ညီမည့် သမိုင်း မော်ကွန်းဝင် အထိမ်းအမှတ် အရိပ်ရသစ်ပင်ကြီးများကိုလည်း စိုက်ပျိုးသွားမည်ဟု ဥက္ကဌ ဦးကျော်သူမှ MONSOON Nursery & landscape Group အုပ်ချုပ်သူ ဦးကြည်စိုး၊ ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦးတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ထိုကြောင့် အနာဂတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွရောက်လာကြမည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ လူနာများ၊ နာရေးရှင်များ၊ မျိုးဆက်သစ် ကလေးငယ်များနှင့် လေ့လာသူ အပေါင်းတို့အတွက် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သည် အေးချမ်း သာယာ စိုပြေသည့် ငြိမ်းချမ်းသော ကမ္ဘာသစ်ကလေးတစ်ခု ဖြစ်ပေတော့မည်။
ကိုကျော်သူ
Monday, June 28, 2010
0 နအဖစစ်အစိုးရမှ လူသားမဆန်စွာ အမျိုးသမီးများအပေါ်ကျူးလွန်ထားသည့် ပြစ်မှုများကို တိုကျိုတွင်ရုံးတင်စစ်ဆေး
တိုကျို၊ ဇွန်(၂၇)
သတင်း-သန့်မျိုးထွေး
နအဖစစ်အစိုးရမှ စစ်တပ်အာဏာကိုအသုံးပြု၍ မြန်မာနှင့်တိုင်းရင်းသားအမျိုးသမီးများအပေါ် လူသားမဆန်စွာ ပြုမှုကျူးလွန်ထားမှုများကို စုံစမ်းဖော်ထုတ်ရန်အတွက်အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှတာဝန်ယူ၍ နိုင်ငံတကာပြည်သူ့ခုံရုံး(International Tribunal - Japan)ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေးမှုကိုတိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။
Crime Against Huminity Act၏ ပုဒ်မ(၇)အရ လူသားမဆန်စွာ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်းပန်းသည်ဆိုသော ဆွဲဆိုချက်ဖြင့် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကတရားခံအဖြစ် တရားဆွဲဆိုသည့် စုံစမ်းကြားနာမှုအတွက် ချီးဘားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)အပါအ၀င် ဂျပန်တရားရုံးချုပ်တရားသူကြီးများ၊ ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များစသည့်စုစုပေါင်း(၅)ဦးပါဝင်သည့်ခုံရုံးတရားသူကြီးများဖြင့်တရားဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ရှေ့နေရှေ့ရပ်များကိုအသုံးပြုကာ အပြန်အလှန်ချေပ ရင်ဆိုင်ကြားနားခဲ့ကြသည်။
တရားရုံးကျင်းပ၍ စစ်ဆေးနိုင်ရန် ဦးဆောင်လှုပ်ဆော်ခဲ့သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ နအဖ ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထားအချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။
တရားလိုလည်းဖြစ်၊ အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရသည့် အမျိုးသမီး(၃)ဦးက တရားရုံးတော်ရှေ့တွင် ကိုယ်တိုင်ထွက်ဆိုအစစ်ဆေးခံခဲ့ကြပြီး တရားလိုများဖက်မှ မြန်မာ့အရေးကို အစဉ်တစိုက်ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ရှိုဂိုဝါတာနာဘဲနှင့်ယုကိဒါ ဂျူရိအပါအ၀င် ရှေ့နေ(၈)ဦးမှ သက်သေများကို စစ်ဆေးမေးမြန်း၍ စွဲချက်ကို တက်ပြလျှောက်ထားခဲ့ကြသည်။``ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမဆန်တဲ့ စစ်တပ်က လူသတ်မုဒိန်းကျင့်မှု၊ ဖမ်းဆီးမှု၊ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်မရတဲ့ တဖက်သတ် တရားစွဲဆိုမှုတွေကို လုပ်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာက နားလည်လက်ခံထားတဲ့ လူသားဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေ့ရုံးတော်မှာ လာရောက်ထွက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ထွက်ဆိုချက်ကို နားထောင်ကြည့်မယ်ဆိုရင် ဘယ်လောက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်´´ဟု စသဖြင့် တရာလိုရှေ့နေများက လျှောက်လဲတင်ပြခဲ့ကြသည်။
တရားခံဖက်မှရှေ့နေများက စစ်တပ်အနေနှင့်မြန်မာအမျိုးသမီးများအပေါ်ကျူးလွန်မှုမှာ သိသာထင်ရှားပေါ်လွင်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်အမိန့်ချပြောဆိုနိုင်ရန်မှာ သက်သေမလုံလောက်ကြောင်းစသဖြင့် လျှောက်လဲချက်တင်ပြပြောဆိုပြီး တရားသူကြီးများက စီရင်ချက်ချရန် မိနစ်နှစ်ဆယ်ခန့်အချိန်ယူစဉ်းစားချိန်တွင် ဂျပန်အမျိုးသမီးအောက်လွတ်တော်အမတ်တဦးနှင့် Social Democtratic Party၏ဥက္ကဋ္ဌ မစ္စမိဇူဟို ဖူကူရှီးမားတို့က အမျိုးသမီးများအခွင့်အရေးအတွက် ကျင်းပသော အဆိုပါတရားခွင်အတွက် ထောက်ခံအားပေးစကားနှင့်သ၀ဏ်လွှာကိုအသီးသီးပေးပို့ပြောဆိုပေးခဲ့ကြသည်။
တိုကျိုမြို့၊ အအိုးရာမတက္ကသိုလ်ဝင်းအတွင်း နေ့လယ်(၁)နာရီမှစတင်ကြားနာစစ်ဆေးသော တရားရုံးတွင် ထူးခြားချက်တခုအနေနှင့် တရားခွင်သို့ ဂျပန်လူမျိုးများစွာ လာရောက်လေ့လာ နားထောင်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများအပါအ၀င် လူဦးရေ ၁၀၀ ကျော်ခန့်တက်ရောက်နားထောင်ခဲ့ကြ၍ တရားခွင်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘမှပင်ဆောင်ရွက်ပေးခဲ့သည်။
တရားရုံး၏အမိန့်အဖြစ် စီရင်ချက်အစား လူ့အခွင့်အရေးပြသနာဖြစ်သည့်အတွက် တရားရုံး၏သဘောထားနှင့် အချက်(၈)ချက်ပါသည့် အကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မမုဒိမ်းကျင့်မတရားပြုကျင့်မှု၊ အကြမ်းဖက်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်ဝေသော လူ့အခွင့်အရေးကြေငြာချက်များနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမှန်တကယ်ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်းနှင့် ဂျပန်နိုင်ငံအပါအ၀င် ကုလသမဂ္ဂ၊ နိုင်ငံတကာအနေနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန် တာဝန်ဝတ္တရားအမှန်တကယ်ရှိပါကြောင်း တရားခွင်၏ တရားသူကြီးချုပ်အဖြစ်ဆောင်ရွက်သည့် ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
0 အာဏာရှင်တွေနေတဲ့ တိုင်းပြည်....

စစ်တပ်အတွင်းမှာ ဗိုလ်ကြီးအဆင့်ရဲ့ အောက်ပိုင်းက အခြားအဆင့်တော်တော်များများဟာ စားဝတ်နေရေး ကြပ်တည်းကြပါတယ်။ အဲဒါပေမယ့် ဗိုလ်မှုးကြီးအဆင့် ဆိုရင် တိုက်ခန်းစရပါပြီ ...အိုးအိမ်နဲ့ ပေါင်းဆောက်ထားတဲ့ တိုက်ခန်းတခန်းကို ရပါတယ်။ ဗိုလ်မှူးချူပ်အဆင့် ကြတော့နောက်ထပ် ကားတစီးနဲ့ တိုက်ခန်း ကွန်ဒိုမိနီယံအဆင့် ထပ်ရပါတယ် (အောင်ဆန်းကွင်း စီးတီးမတ်နားက မြန်မာ့ဂုဏ်ရည်အိမ်ယာ ကွန်ဒို ဆို သူတို့ချည်းပဲ အရင်ရပါတယ်။ သူ့တိုက အင်မတန်သက်သာတဲ့ ဈေးနဲ့ရပြီးမှ ပြန်ရောင်းစားကြပါတယ်) ကျန်တဲ့ပြည်သူဘဏ္ဍာငွေတွေ အလကားရရှိတာတွေ အများကြီးရှိပါသေးတယ်။
ဒုဝန်ကြီးအဆင့် လောက်ဆို ကားက(၃)စီး အနည်းဆုံး ဌာနကပေးထားရတယ် ဆီကတလကို ကားတစီး (၅၆) ဂါလံလောက်က အနည်းဆုံးရတယ်...။ အောက်ခြေ ၀န်ထမ်းတွေက ဖယ်ရီပျက်လို့ လမ်းတ၀က်မှာ ရပ်နေကြတာတွေ အများကြီး နောက်ြပီး .... ဗိုလ်ချူပ်အဆင့်ကြတော့ တိုင်းမှုးဆိုရင်လည်း သူ့တိုင်းမှာ အ၀အပြဲ စားထားတာတွေ ထားလိုက်ဦး... ရန်ကုန်မှာထက်ပြီးတော့ ဗိုလ်ချူပ်အဆင့်နဲ့ လျှော်ညီအောင်လို့ ဆိုပြီး နောက်ထပ် လုံးချင်းအိမ်ရာတွေကို ကိုဈေးသက်သာစွာနဲ့ ထပ်ရပြန်ပါတယ်။ ပြည်သူတွေအတွက် မရောင်းခင်မှာ သူတို့ကို အကုန်အရင်ပြရပါတယ်။ ပြီးတော့စီးဖို့ ကားတစီးထပ်ရပါတယ် အဲ့ဒါကလည်း အနည်းဆုံး သိန်း၁၈၀၀လောက် တန်ပါတယ်။ သက်သာတဲ့ဈေးနဲ့ ငွေကိုသွင်းရပါတယ်...။
နောက်စက်မှု့ဇုံက ကားတွေ ဈေးကောင်းတုန်းရလို့ ကတော့ ဗိုလ်ချူပ်တွေအကုန်လုံး ကားထုတ်ရရေးကို သူ့ ထက် ငါအလုအယက်နော် ဈေးကွက်တွေပျက် ကားဈေးတွေ မကောင်းတော့မှ သူတို့မထုတ်ချင်တော့မှ ပြည် သူတေရတာ ... တလောကစစ်ဝန်ကြီးတွေ ဘဝကနေ အမတ်ရွေးခံဖို့ လူဝတ်လဲခိုင်းလိုက်တဲ့ ဗိုလ်သိန်းစိန်တို့ အဖွဲ့လည်း တော့လည်း နောက်ထပ် လင့်ခရုဇာစာကား တစ်ယောက်တစ်စီးစီ ထပ်ရပြန်ပါတယ်။ ဒါက ဗိုလ်ချုပ်အဆင့်တွေအထိ လောက်ပဲမြင်လောက်အောင် ရေးပြထားတာပါ... ။ အဲ့ထက်ကြီးတဲ့အဆင့် သရဲကြီးတော့ သဘက်ဖြစ်နေတဲ့ အဆင့်တွေဆိုရင် ဘယ်လောက်ထိတောင် ပြည်သူ့ဘဏ္ဍာတွေကို အသုံးချနေမယ်...ဆိုတာတွေကို တွက်ကြည့် လို့ တောင်မရပါဘူး။
စားစရာ အလျှံအပယ် ပေးမယ့်သူ မတရားငွေအလျှံအပယ်နဲ့ ဒီဗိုလ်ချုပ်တွေကပဲ စစ်တပ်ထဲ တပ်သားကိုပဲ အိမ်မှာ ကားမောင်းခိုင်းပါတယ်။ ခြံသန့်ရှင်းရေး လုပ်ခိုင်း ... အဲ့ဒီ့လို အလျှံအပယ်ရနေတဲ့ သူတို့ မိသားစုတွေကပဲ အိမ်အကူကို သေသေချာချာ လုပ်တတ်ကိုင်တတ်တဲ့ အရွယ်ရောက် မိန်းကလေးတွေကို အပြင် ကပေါက်ဈေးအတိုင်း ပေးပြီးမခိုင်းပါဘူး...။ အလကားရရင် ရသလိုခိုင်းတာ ထမင်းစား ကျွန်ခံပေါ့။ ဒါတွေက သူတို့အတွက် ဒါတွေက တကယ့် အသေးအမွှားလေးတွေပါ။ ငါးထောင်ကျပ်တန်တွေ ထုတ်တာလည်း ပြည်သူတွေ အတွက် ဆိုတာထက် သူတို့မတရားရထားတဲ့ မသထာရေစာ ရထားတဲ့ ငွေတွေကို ဝန်ထုပ်ကျဉ်းကျဉ်းနဲ့ ထားနိုင်အောင်ပါ။ နောက် သူတို့ချမ်းသာပုံတွေမှာ ဆည်မြောင်းဝန်ကြီး (ကြံ့ဖွတ်အတွင်းရေးမှုး) ဗိုလ်ချုပ်ဌေးဦး အိမ်ဆို ရန်ကုန်(၉) မိုင် ဂေါက်ကွင်းထဲ ကနေတောင် မြင်နေရတယ် အကျယ်ကြီး... အကြီးကြီးပဲ။
တကယ်တော့ အဲ့လောက်တွေက ထည့်တွက်စရာ မလိုပါဘူး ကျွန်တော်တို့ အကိုတို့တကယ် ပစ်မှတ်ထားရမှာက ခေါင်ပိုင်းတွေနဲ့ သူ့မြေးတော်သူ ဆိုတာတွေကိုပါ။ အဲ့ဒီ့ဖိုးလပြည့်(ခ) နေရွှေသွေးအောင် ငယ်ငယ်က မန္တလေးနန်းတွင်းထဲ ကိုသွားလည်တယ်လေ... အဲဒီမှာ နန်းတွင်းက မှန်တွေကို ကျောက်ခဲ တွေနဲ့ ပစ်တော့ ဘယ်သူမှ မပြောရဲဘူးပေါ့ ။ တခွမ်းခွမ်းနဲ့ကွဲရောလေ အဲ့ဒီမှာလူကြီးကတော် ဒုတိုင်းမှုးကတော်ကြီးက ဟယ် သားက တော်လိုက်တာ လက်တည့် လိုက်တာဆိုပြီး လက်ခုပ် တီးပေးရတယ်တဲ့။ အဲ့လောက်ထိ ကပ်ဖားရပ်ဖားနေကြတာလေ ... ။
မနှစ်က လေးလပိုင်းက ချင်ချောင်းခြံရှေ့မှာ တင်အောင်မြင့်ဦးသား က ဦးဆောင်ပြီးဖွင် ဖွင့်တဲ့ 7Luckerဆိုင်... ဆိုင်ကုန်ကျစရိတ် သိန်း၂၀၀၀နီးပါးရှိတယ်။ ဆိုင်ထဲကလည်း ခမ်းနားသလို အစားအသောက်ကလည်း ကောင်းပါတယ်။ နာမည်ရပီး စားစရာလည်းကောင်းတော့ တတ်နိုင်တဲ့ မိသားစုတွေနဲ့ ပြည့်စုံတဲ့ ကလေးတွေကြားမှာဆိုင် ကနာမည်ရလာပါတယ်။ လှလှပပ၀တ်စားပီးလာတဲ့ သူများတော့ ဖိုးလပြည့် တို့လည်း ဆိုင်ကိုမျက်စိကြမှာပေါ့။ နောက်ဆိုင်ကို စဆောက်တော့ ခုချိန်ကျမှ ဒီနေရာမှာ ဆောက်တာ ဘယ်သူလည်း ဘာညာဆိုပြီး မျက်စိကျတဲ့ သူတွေရှိနေတော့ဆိုင်က တရားဝင်ဖွင့်လို့မရသေးဘူး သူ့သားထက် ငါသားတွေကြီးတဲ့ ခေတ်ဖြစ်နေတာလေ...။
အဲ့လိုနဲ့  ဆိုင်ကို အဲဒီ့မျောက်လာပြီး ဈေးအကြီးဆုံး ဘီယာ ရှိလား ဆိုတာကနေ စပြီးပြသနာ တက်ကြတယ်။ နောက်ဆုံးအဲ့ဒီဆိုင်မှာတင် ပြသနာဖြစ်တော့  မျောက်က သူ့ အဘွားကို ချက်ခြင်းဖုန်းဆက်တယ်လေ အဲ့မှာတင် အနီးဆုံးရှိတဲ့ နေရာက ဘူဒိုဇာနဲ့ ဆိုင်ကို ထိုးခိုင်းတာ။ ညတွင်းချင်း သိန်း၂၀၀၀တန် ဆိုင်က အုပ်ဖိနပ်ပဲကျန်တယ်။ နောက်သီဟသူရတင်အောင်မြင့်ဦး ကတော်ကို အဘွားကြီးက ခေါ်ပြီး ပါးရိုက်တယ်။ ဆိုင်ရှင်ကို တင်အောင်မြင့်ဦး သားက ဦးဆောင်ြပီးဖွင့်တာကိုး။ နောက် တယောက်ကလည်း ဗိုလ်ချုပ်သားပဲ သူ့ကိုလည်း ခြေထောက်နဲ့ ကန်တယ်တဲ့ .. အတွင်းသိတွေကြားထဲမှာ နာမည်ကို ကြီးရော..အခုတော့ဒီကလေး လူကြီးဖြစ်လာတော့ ကြားရသိရတာတွေက အားလုံးသိကြတဲ့ အတိုင်းပဲလေ။ ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ ဗီဇနဲ့ မြှောက်ထိုး ပင့်ကော်တွေကြောင့် ဖြစ်ချင်တိုင်းဖြစ်နေပါပြီ။

နောက်ပိုင်းတွေမှာ စစ်တပ်အတွင်းက ဗုဒ္ဓဘာသာတရားထက် ဘိုးတော် ၊ဗေဒင် ၊ယတြာတွေ ကိုးကွယ်မှု ... ဗိုလ်ချုပ်တွေရဲ့ မသမာမှုတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ GRW မှအတွင်းသိ တစ်ဦးမှ ပေးပို့လာတာကို ဖော်ပြလိုက်ရပါတယ်။ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျစိတ်ဓာတ်တွေနဲ့ ဘာသာတရားတွေ ရှိမှ ရှိသေးရဲ့လို့ စဉ်းစားရတဲ့ အထိပါပဲ။ ဒီလို အထက်အောက် ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်တွေကြောင့် အောက်ဆုံးက ပြည်သူတွေ အဖို့မှာတော့ နင်းပြားခံ ဘဝတွေပါ... သူတို့ ဓနအင်ပါယာ၊ စည်းစိမ် ၊အာဏာတွေကို အဆုံးရှုံးခံပြီး ဘယ်တော့မှလည်း နေရာကနေ ဖယ်ရှားပေးဖို့ စိတ်ကူးမရှိပါဘူး.. (၂၀၁၀)ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
သတင်း။ ။ ဒီမိုဝေယံ
Sunday, June 27, 2010
0 နွားဝါဒ
နွားဝါဒီများအား သတိထားကြလော့ …..
အိုးဝေမဂ္ဂဇင်းဟူသော အမည်ကို မြန်မာ့နိုင်ငံရေး နှင့် သမိုင်းကို လေ့လာသူတိုင်း သိကြသည်။ မူလ ရန်ကုန် တ က္ကသိုလ်သမဂ္ဂ မှ အမည်ပြောင်းခဲ့သော အိုးဝေမဂ္ဂဇင်းသည် ဒုတိယတက္ကသိုလ်သပိတ်ကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ ငရဲခွေးကြီးလွတ်နေပြီ ( Hell Hound at Large ) ဟူသော ဆောင်းပါး အိုးဝေမဂ္ဂဇင်း၌ ပါလာသောအခါ တက္က သိုလ်အာဏာပိုင်များ ဆတ်ဆတ်ခါသွားပြီး အယ်ဒီတာ ကိုအောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း ) စတင် အရေး ယူရာမှ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။
ထို ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရှင်မှာ ညိုမြ ဖြစ်သည် ဟု နောင်အခါ သိကြရသည်။ ညိုမြ၏ ကလောင် စွမ်းသည် လောင်မြိုက်သောမီး၏ အစဖြစ်သော မီးပွား နှင့် တူလှသည်။ ပြောင်မြောက်ထိမိသော ညိုမြ၏ ဆောင်းပါးများတွင် နွားနှင့် သပိတ် ဟူသော ဆောင်းပါးလည်း အပါအ၀င်ဖြစ်သည်။ ၁၉၇၁ တွင် ထုတ်ဝေသော အိုးဝေ ရွှေရတုသဘင်လက်ရွေးစဉ်ဆောင်းပါး
အာဏာပိုင်များကို ဆတ်ဆတ်ခါစေသော ဆောင်းပါးများသာမက သူနှင့်ခေတ်ပြိုင်လူအများကို ဆတ်ဆတ်ခါ စေသော ဆောင်းပါးအဖြစ် နွားနှင့်သပိတ် ကို ညွှန်းကြရသည်။ ထိုခေတ်က မြန်မာနိုင်ငံသားအများ မျိုးချစ်စိတ် ရှိကြပုံမှာ ပါးစပ်ဖျားတွင်သာ ဖြစ်ပြီး တကယ်တမ်း လူမြင်ကောင်းရုံ မျိုးချစ်စိတ်သာဖြစ်ကြောင်းကို အောက်ပါ အတိုင်း နွားနှင့်သပိတ် ၌ ဖော်ပြထားသည်။
လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော်ကြ၏။ မျိုးချစ်စိတ်ရှိ အပ်ကြောင်း ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။ ထိုသို့ပြောဆို ကြွေးကြော် အော်ဟစ်ကြသူတို့ အား တကယ်မြင့်မြတ်သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည်ရှိသောအရပ်များတွင် စင်မြင့်သို့တက်၍ စွာလောင်စွာလောင် လုပ်ကြ၏။ ဟုမ္မရူး၊ ဒိုင်အာကီ၊ နောင်လာမည့် အုပ်ချုပ်ရေးစဖြင့် လျှာအရိုးမရှိသည့် ဖိုးပြောချင်၊ ဖိုးအော်ချင်ကြီး များပင်။ သို့သော် မိမိအပေါင်းအဖော်များနှင့် ရိုးရိုးနေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်းသတိမရကြ ကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမသားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်းတို့ကိုသာ ပွားများကြ လေသည်။ မျိုးချစ်စိတ်အမှန် ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန်ဘ၀ကို တကယ်နာကြည်းသူဖြစ်က ထိုသို့ မနေနိုင်ရာ
မျိုးချစ်စိတ်အမှန်မှာ စားလျှင်လည်း အမိမြန်မာပြည်၊ အိပ်လျှင်လည်း မြန်မာပြည်အမိ၊ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည်၊ စာရေးလျှင်လည်း အမိမြန်မာပြည် ဟူ၍ သို့သာလျှင် ဖြစ်စေရမည်။ အနှီသို့သော ပုဂ္ဂိုလ်ကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး၊ ငွေပန်းကုံးများ စွပ်သင့်ကြပေသည် ဟု မီးမောင်းထိုးပြခဲ့သည်။
တက္ကသိုလ်ကျောင်းသားသပိတ် ( ဒုတိယကျောင်းသားသပိတ် ) ကို အစိုးရကျွန်များ မှတပါး ချီးကျူးထောက်ပံ့ ကြသူချည်းဖြစ်ကြောင်း၊ သောတာပန်ရွာတွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင် ပင်တစ်ဦး ဖြစ်လာသူ တီ ပီ အက်စ် ဖေဖေမှတပါး သပိတ်ကို အားရကြသူချည်းဟု ဆိုသည်။ အစိုးရကျွန် နှင့် အစိုးရကျွန်ဟောင်းများသည် သပိတ်ကို လန့်ကြသည်ချည်းဖြစ်သည်။ အတိတ်၌သာမဟုတ်သေး၊ ယခုလက်ရှိ အခြေအနေတွင်လည်း အစိုးရကျွန်သစ်၊ ကျွန်ဟောင်းများက ဆရာညိုမြခေတ်မှာလိုပင် အရေးတော်ပုံကိုလန့် ကြ၊ ကပျက်ကယက်လုပ်ကြကြောင်း တွေ့မြင်နိုင်ပါသည်။
အညာတခွင် သပိတ်စည်းရုံးရေးဆင်းရင်း နွားကျားကြီးအား ဆရာညိုမြက ဤသို့ပြောဆိုလိုက်သည်။ အခု ကျ နော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်း ကျောင်း ထုတ်ခံရလွန်းလို့ …
နွားကြီးကား မြက်ကို စားမြဲစားနေ၏။ ကိုစိုးမြင့်ကို ဆာ မထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်း ရှင်းလင်းလင်းမဟုတ်ဘူး။ ပြန်သွင်းမလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့်မပေးဘဲ ငြင်းထား တယ်။ ကုန်ကုန်ပြောကြစို့ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပြီလေ။ ကျနော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂဥက္ကဌ ကိုနု ကို ကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျနော်တို့ကိုပါ စော်ကားတာနဲ့အတူတူပေါ့ ဟုတ်ကဲ့ မှုတ်လား နွားကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မြက်များကို ဆက် လက်စားနေ၏။
ဆရာညိုမြ၏ အရေးအသားမှာ ပညာသားပါလှသည်။ နိုင်ငံရေးဒီရေ တိုးတက်နေချိန်တွင် ဘာကိုမှ စိတ်မ၀င် စားဘဲ မြက်ကိုသာ တွင်တွင်စားနေသော နွားအကြောင်းမှာ ယနေ့ခေတ်အထိ ကွင်းကွင်းကွက်ကွက် မြင်နိုင် သော ပြောင်မြောက်သည့် ဥပမာတင်စားချက်ဖြစ်သည်။ ကိုအောင်ဆန်း မတရားသဖြင့် ကျောင်းထုတ်ခံရပုံ၊ ထို သို့ ကျောင်းထုတ်ရန် သတင်းစာက လှုံဆော်ပုံ၊ မတရားသဖြင့် ကျောင်းထုတ်ခြင်းဖြစ်၍ မိန်းကလေးများပင် မ ကျေနပ်ကြပုံ၊ တက္ကသိုလ်မှ အင်္ဂလိပ်လူမျိုးဆရာများက ကျောင်းထုတ်ခြင်းကို ထောက်ခံကြပုံတို့ကို နွားကြီးအား ပြောပြမိသည်။ နွားကြီးကား နားရွက်တခတ်ခတ်နှင့် တဖြုတ်ဖြုတ်စားလျက် မြိန်လျက်ပင်။
ရုတ်တရက် နွားကြီးသည် နောက်ချေးများ ယိုချလိုက်သဖြင့် ဆရာက နှစ်မိနစ်ခန့် စကားကို ရပ်တန့်ထားရ သည်။ ထို့နောက်မှ အိုင်ယာလန်တို့၏ နိုင်ငံရေးလှုပ်ရှားမှုကို အင်္ဂလိပ်လူမျိုး ဆစ်တနီစမစ် ရေးသားထားသော စာကို ကိုးကား၍ ရွတ်ဆိုပြသည်။
အိုင်ယာလန်သည် အဘယ့်ကြောင့် ဤမျှဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကိုကား တိမ်မြှုပ်၍ သင်တို့ သည် ချော်တောငေါ့ကာ ထင်ရာပြောဖို့သာ တတ်ကြ၏။ သင်တို့ ဖိစီးနှိပ်ကွပ်သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတစ်ကောင်ကို တံခါးဝတွင် ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထို မြင်း သင့်ကို ပြန်ကန်ကြောက်က မြင်းကို အဆိုးဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲနှိပ်စက် ခဲ့ပြီးလျှင် ထိုခွေး သင့်ကို မြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းသားတို့ သည် ပဋိသန္ဓေအားဖြင့် ယုတ်ညံ့သောသဘောရှိကြ၍ အလွန် ဆူဆူပူပူလုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဖူးပါ၏လော၊ သင်သည် သူတို့၏ အမျိုးဘာ သာ၊ သာသနာကို လေးစားခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင်လိုလားခဲ့ ၏လော၊ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်သည်ကား သူတို့မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏၊ တကျွန်းပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မပေးခဲ့။ သို့စဉ် လျက် အိုင်ယာလန်တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ်သ ဘောထားယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း၊ အမျိုးကိုကပင် ခေတ်မမီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ် ကျေးသိမ်မွေ့ခြင်းဌာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် …
နွားတို့ကား မည်မျှ အသိတရားရအောင် ဟောပြောသော်လည်း နားမ၀င်ပေ။ နွားနှင့်တူသော လူများမှာ မိမိတို့ အပေါ် မတရားအုပ်ချုပ်နေသည့် အစိုးရထက် မိမိမြက်စားရရေးကိုသာ အလေးဂရုပြုကြလေသည်။ မြက်စားရုံ တင်သာမဟုတ်သေး…..
စိတ်ပါ လက်ပါ ထိုဆစ်တနီစမစ် ၏ စာကို ရွက်လေပြီးသည်၏ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များကြားတွင် နွားနီမကဘေးတစ်ကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။
မှန်လိုက်တာ ဆရာရယ်၊ မှန်လိုက်တာ ဆရာရယ် ဟု အကြိမ်ကြိမ်အော်မိလောက်သည်။ မြန်မာ့နိုင်ငံရေး၌ အ တိတ်ရော၊ ပစ္စုပ္ပန်ပါ နွားများစွာ ရှိနေကြဆဲ။ ယနေ့ခေတ်နွားများမှာ မြက်စားရုံ၊ နွားနီမကလေးနောက်လိုက်ရုံ သာမဟုတ်၊ မတရားမှုကို တွန်းလှန်နေသူများအား လိုက်၍ဝှေ့သော ဓလေ့တစ်ခု တိုးတက်နေကြပြီ။ နိုင်ငံရေး၌ နွားကိစ္စကို သပိတ်တရားဖြင့်ရှင်းလျှင် အဝှေ့ခံကြရုံရှိတော့မည်။ ထိုနွားများအား မည်သို့ သုတ်သင်ပစ်ရမည်ကို ဆက်လက် အဖြေရှာဖို့ လိုလာပြီ။ မသုတ်သင်နိုင်ခင် ဆရာညိုမြ ညည်းငြူသလို ညည်းငြူရတော့မည်။
ဂရုစိုက်ပုံလည်းမပေါ်၊ နားလည်ဟန်လည်းမရှိ၊ ဟောရပြောရသူတွင်ကား မောလှ။ အို … နွားတွေ … နွားတွေ … နွားတို့သည်ကား အဟိတ်တိရစ္ဆာန် အန္တများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်၊ တရားကိုလည်း နားမ၀င်၊ ၎င်းတို့၏၀ါဒနှင့်လုပ်ငန်းအား သံသရာတစ်လျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြလေတော့သည်တကား။
( မောင်ညိုမြရေး နွားနှင့်သပိတ် ကို ဆက်လက်ဖတ်ရှုပါ။ )
အလင်းဆက် ( ANO )
0 ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ
ခ န္တီး အကျဉ်းထောင်တွင် ထောင်ဒါဏ် ၁၅နှစ် ၆လ အကျဉ်းကျခံ နေရသော ဒီငြိမ်းလင်း၏ ကျမ္မာရေး အခြေအနေဆိုးဝါးမှုကို ဆေးကုသပေးရန် အာဏာပိုင်တို့ကခန္တီးထောင်မှခေါ်ဆောင် လာပြီး မုံရွာဆေးရုံသို့ယနေ့ နေ့လည်ပိုင်းတွင်ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိရသူတဦးမှ Freedom News Group သို့ပြောကြားသည်။
ဒီငြိမ်းလင်း ၏အဖိုးဖြစ်သူ ဦးစောဝင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ထီးလင်းလွှတ်တော် ကိုယ်စားလှယ် အမတ်တဦးဖြစ်ပြီး သြဂုတ်လ ၇ရက်၊ ၁၉၉၈ ခုနှစ်၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်သူတဦးဖြစ်ပြီး တောင်ငူထောင်တွင် ထောင်ဒါဏ် ( ၆၅ ) နှစ်ကျခံနေရသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗကသ ခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်အပြီး တွင် စစ်အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကိုတိမ်းရှောင်ရင်း ၂၃ရက် အောက်တိုဘာ၂၀၀၇တွင် ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒါဏ် ၁၅နှစ်နှင့် ၆လ ချမှတ်ခံရပြီး ရန်ကုန်မြိုကမှ မိုင်၁၀၀၀ကျော်ဝေးသော ခန္တီး အကျဉ်းထောင်သို့ပြောင်းရွှေ့ခံခဲ့ရသည်။ ခန္တီးအကျဉ်းထောင်သည် ရာသီတုလွန်စွာဆိုးဝါးသောနေရာတခုဖြစ်ခြင်း၊ အကျဉ်းထောင်အတွင်း ပုံမှန်ဆေးကုသခွင့်မရှိခြင်း တို့ကြောင့် ဒီငြိမ်းလင်းငှက်ဖျားရောဂါ နှင့်အခြားရောဂါများခံစားနေရသည်။ မျက်စိကိုက်ခြင်းဝေဒနာမှ သက်သာလာခြင်း မရှိဘဲ ပိုဆိုးလာကြောင်း ကို မိသားစုနှင့်နီးစပ်တဦးကပြောပြသည်။ မိခင်ဖြစ်သူမှာလည်း သားကိုတလှည့် ခင်ပွန်းဖြစ်သူကိုတလှည့် ထောင်ဝင်စွာသွားတွေ့နေရသည်မှာ လွန်စွာဒုက္ခပင်ပန်းဆင်းရဲလှ ကြောင်းကိုဆက်ပြောပြသည်။ ယခင်ကလည်းဒီငြိမ်းလင်း အဖွားဖြစ်သူမှာ ယ္ခုကဲ့သို့ ဒုက္ခမျိုး ကြုံတွေ့ခဲ့ရသူတဦးဖြစ်သည်။
သတင်း။ ။ Freedom News Group
0 အနာဂတ်အတွက် “မင်းမြတ်” လမ်းဖြောင့်သွားပြီ။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးမရွေး ဘာသာမရွေး ဆင်းရဲချမ်းသာမရွေး လူနာမျိုးစုံတို့လာရောက် အခမဲ့ ဆေးဝါး ကုသပေးလျက်ရှိရာ … မျက်စိ၊ ကလေး၊ နား နှာခေါင်း လည်ချောင်း၊ သွား၊ ခွဲစိတ်၊ အပ်စိုက်၊ သားဖွားနှင့် မီးယပ်၊ အထွေထွေ၊ ဓါတ်မှန်၊ USG၊ ECG၊ ဓါတ်ခွဲခန်းတို့အပြင် အရိုးအကြောရောဂါ ဝေဒနာရှင်များကိုပါ နွေးထွေးစွာ ကုသပေးလျက် ရှိပါသည်။
ထိုသို့ ကုသပေးရာတွင် ၂၇.၆.၂၀၁၀ (တနင်္ဂနွေ)နေ့ နေ့လည် (၁း၀၀) နာရီခန့်က မွေးရာပါ ခြေထောက် နှစ်ဖက်စလုံး ခွင်နေသော မောင်မင်းမြတ်ပြည့်စုံ (၂ နှစ်ခွဲ) ကလေးငယ်ကို အရိုးအကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုင်းဇော်ဝင်းနိုင်နှင့် သုခကုသိုလ်ြဖစ်ဆေးခန်း သူနာပြုဆရာမ များက ခွင်နေသော ခြေထောက်နှစ်ဖက်အား ပြည်လည်တည့်မတ်သွားစေရန် ကလေးအား ကျောက်ပတ်တီးစီး၍ အထူးဂရုစိုက် ကုသပေးခဲ့ပါသည်။
ထိုကြောင့် … နောင်တစ်ချိန်တွင် မောင်မင်းမြတ်ပြည့်စုံ တစ်ယောက် နိုင်ငံ၏ အနာဂတ် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် လမ်းဖြောင့်ဖြောင့် သွားနိုင်ပြီ ဖြစ်ပါကြောင်း မုဒိတာပွား နိုင်ရန် တင်ပြအပ်ပါသည်။
0 ရေအကျိုး (၁၀)ပါး အပြင် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြုထားနိုင်သော အလှူရှင်များ
အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။
ထွက်ရှိလာသော ရေချိုများအား အများပြည်သူ သိုလှောင်သုံးစွဲနိုင်ရန်အတွက် အုတ်ရေကန် တည်ဆောက်ပေးခြင်းကို ၁၂.၆.၂၀၁၀ (စနေ)နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ၂၆.၆.၂၀၁၀ (စနေ) နေ့တွင် အပြီးသတ် အောင်မြင်စွာဖြင့် ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထု အပေါင်းတို့အား လက်လွှဲပေးအပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။
ထို့ကြောင့် အများပြည်သူအတွက် လိုအပ်သော ရေကုသိုလ်အလုပ်မျိုးကို ပြည်တွင်း ပြည်ပ အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါ၍ ရေအကျိုး (၁၀)ပါး အပြင် ပြည်တွင်းမှ ရေဒုက္ခသည်များအား လူလူချင်း စာနာစိတ်၊ မေတ္တာစိတ်၊ ကရုဏာစိတ်တို့ဖြင့် ဖေးမကူညီခဲ့ခြင်းတို့ကြောင့် ဗြဟ္မစိုရ်တရား လေးပါးကိုပါ အလှူရှင်များအနေနဲ့ လက်ကိုင်ပြု သွားပြီဖြစ်ပါကြောင်း သာဓု .. သာဓု .. သာဓု ခေါ်ဆိုလိုက်ပါသည်။
ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။
0 ရဲတိုင်းမှူး ဦးအောင်ဒိုင်းရဲ့အရှိန်နဲ့ထင်ရာစိုင်းခေါင်းပုံဖြတ်နေတဲ့ ကြည်ခိုင်ကျော်
ကြည့်လုပ်ပါဦး ရဲတိုင်းမှူး ဦးအောင်ဒိုင်း ရေ။ရဲမှူးကြီးခင်ဗျား၊
မဖြစ်သင့်တာတွေ ဖြစ်ပျက်နေတာ ကြိမ်ဖန်များစွာကြားကြားနေရလို့၊ ရိုးသားစွာ တင်ပြပါရစေ။တခြားမဟုတ်ပါ၊ သက်ဆိုင်ရာနယ်မြေက လုပ်ငန်းရှင်တွေ၊ အခြားလုပ်ဖေါ်ကိုင်ဖက်တွေက ၁။ ကင်ပေတိုင် ၂။ ပုလိပ် ၃။ ဖာဂူဆန် (မန် လည်းမန်၊ ယူလည်းယူ) ရယ်လို့ နာမည်ပေးကြသည့် ရဲမှူးကြီးရဲ့ တပည့်အရင်းခေါက်ခေါက်ကြီး ထလရ(နိုင်) က မောင်ကြည်ခိုင်ကျော် အကြောင်းပါ ခင်ဗျား။
အဆိုးများစွာထဲက ထင်ရှားသည့် အဖြစ်အပျက်တစ်ချို့ကို တင်ပြပါရစေ။
၁။ မြောက်ဥက္ကလာအဝိုင်းနားမှ နာမည်ကျော် KTVဆိုင်ကိုအပိုင်စီးမှု။
၂။ နယ်မြေမှ လက်အောက်ငယ်သားများအား ချဲဒိုင်မှ လိုင်းကြေးကောက်ခိုင်းရယူပြီးကာမှ၊ လိုင်းကြေး မရရှိသေးဟုဆိုကာ ထပ်မံ၍ တောင်းခံပြီး ၄င်းချဲဒိုင်ကိုဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးရရှိသည့် လောင်းကစားကြေငွေများကို တစ်ဝက်သာဌာနသို့တင်ပြ၍ ကျန်တစ်ဝက်ကို ဝေစုမခွဲပဲ တစ်ဦးတည်းမောင်ပိုင်ဆီးမှု။
၃။ အင်းစိန်ကုန်းတံတားနားမှ ဆီမှောင်ခိုဆိုင်အား အထက်ပါအတိုင်း အလားတူ ဧဓားပြတိုက်မှု။
၎။ နယ်မြေမှ လုပ်ဖေါ်ကိုင်ဖက်တစ်ဦးအား အခြားဌာနများနှင့် သတင်းဖလှယ်သည်ဟုဆိုကာ မဟုတ်မမှန် လုပ်ကြံပြီး ဌာနစုမှူးထံ တင်ပြမှု။ (ဟိုလူခင်မြာ သားသမီးတသီတတန်းနဲ့၊ အလုပ်ကထွက်ရပြီး ဒုက္ခရောက်နေပါရောလား)။
၅။ အင်းစိန်ဘိုကုန်း (အမိုး) ဇိမ်ခန်း (ဘိ) မှ မိန်းခလေးတစ်ဦးကို (ချုပ်ထားသော) ဌာနဆိုင်ရာအချင်းချင်းလက်မှ ဖြတ်ခုတ်ပြီး၊ အချင်းချင်း ပြဿနာပေါ်သောအခါ မရတဲ့အမဲသဲနဲ့ပက်မယ် ဆိုသည့်အတိုင်း ၄င်းဇိမ်ခန်းကို ဝင်ရောက်ဖမ်းဆီးခဲ့မှု။
တိတိကျကျဆိုရလျှင်၊ ၁၂-၅-၂၀၁၀ နေ့တွင် မြောက်ဥက္ကလာရှိ နာမည်ကြီး ဘီယာစတေရှင်တွင် စစစ၊ နှင့်အခြားဌာနဆိုင်ရာများနှင့် လူအများရှေ့တွင် တိုင်းရဲမှူးကို ငါပိုင်တယ်၊ (၅)ပုံးသာယူခဲ့၊ ကြည်ခိုင်ကျော် လို့ဆိုတာနဲ့ တရေးနိုးတောင် ထတွေ့လို့ရတယ်။ ငါ့ကိုထိရဲထိကြည့် မီးပွင့်သွားမယ်။ အောင်ဒိုင်း တပြည့်ကွ။ ဟုဆိုသောစကားလုံးများကိုလူအများရှေ့တွင်အမြဲတစေကြိမ်းဝါးနေလေ့ရှိပါသည်။အထက်ပါဖေါ်ပြချက်များသည် အဆိုးများများစွာထဲမှ တစ်ချို့တစ်ဝက်သာဖြစ်သည်ကို ၄င်း၏လုပ်ဖေါ်ကိုင်ဖက်များအပါအဝင် နယ်မြေဌာနဆိုင်ရာများကို မေးမြန်းကြည့်လျှင် သိနိုင်ပါသည်။ရဲမှူးကြီး တပည့်ဆိုး၏ လုပ်စားခံနေရခြင်းမှ ကင်းဝေးပါစေ။
ပေးပို့သူ။ ။ toke gyi
ကျောက်မဲမြို့ဟာ ခရိုင်မြို့ဖြစ်တာနဲ့အညီ ခရိုင်ရုံးများ စိုက်ရာမြို့လဲဖြစ်ပါတယ်။ အဲသည်ခရိုင်ဌာနဆိုင်ရာတွေထဲမှာ ခရိုက်ရဲတပ်ဖွဲ့မှူးဟာ တော်တော်ကြီးကို လာဘ်စားတယ်၊ စက်ကြေးတွေကိုလဲ များများ ကောက်ခိုင်းနိုင်ဘို့အတွက် ကျောက်မဲရဲစခန်း နယ်ထိန်းအင်ချပ်ဝင်းနိုင်ကို အပီပေါင်းပြီးတော့ ပိုက်ဆံများ များ ရအောင်ဆိုပြီးတော့ လိုက်တောင် ခိုင်းပါတယ်။ နယ်မြေမှာနေတဲ့ ပြည်သူလူထုတော်တော်များများ ရယ်မြို့နယ် နဲ့ခရိုင်အဆင့် ဌာနဆိုင်ရာတော်တော်များများ ကိုလဲ သူ့လက်အောက်ကပဲ ဆိုပြီးတော့မှ လက်အောက်ငယ်သားများကို ဆက်ဆံတဲ့ပုံစံမျိုး နဲ့ဆက်ဆံလို့ ဌာနဆိုင်ရာတော်တော်များများကလဲ ထွက်ချင်နေကြပြီဖြစ်တယ်။ ခရိုင်ရဲတပ်ဖွဲ့မှူး ကိုရဲတပ်ဖွဲ့များက တစ်လတစ်လ ကို ငွေ သိန်းနှစ်ဆယ်ကျော်ကို ရှာပေး နေကြရပါတယ်။ ကျောက်မဲမှာ ရှိတဲ့ ရဲတပ်ဖွဲ့ထဲမှာ နယ်ထိန်းနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မျာကတော့ တော်တော်ကို သောင်ကျန်းကြပါတယ်။ ငွေလဲ တော်တော်ကြီးကို အတောင်းကျန်းကြလို့ ပြည်သူတွေ တော်တော်များများက အောင့်အည်းသည်းခံနေကြရပါတယ်။
ပေးပို့သော ပြည်တွင်းမှမိတ်ဆွေအားကျေးဇူးတင်ရှိပါသည်။
0 ကမ္ဘာကြီးကိုပြောင်းလဲမယ့် အမျိုးသမီးများခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ တိုကျိုတွင်ကျင်းပ
တိုကျို၊ ဇွန်(၂၆)
သန့်မျိုးထွေး
မြန်မာအမျိုးသမီးများအပေါ် စစ်အစိုးရ၏ အကြမ်းဖက်မှုများတားဆီးရေးနှင့်ဖော်ထုတ်ရေးအတွက် နအဖစစ်အစိုးရကို ခုံရုံးတင်စစ်ဆေးရေးအကြိုပြင်ဆင်မှုအနေနှင့် “ကမ္ဘာကြီးကိုပြောင်းလဲမယ့် အမျိုးသမီးများ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတခုကို ဂျပန်နိုင်ငံတိုကျိုမြို့တွင်ပြုလုပ်ခဲ့ကြသည်။ ဟောပြောဆွေးနွေးသူများအဖြစ်အိန္ဒိယနိုင်ငံမှရောက်ရှိလာသည့်မြန်မာအမျိုးသမီးသမဂ္ဂသဘာပတိအဖွဲ့ဝင်ဒေါ်သင်းသင်းအောင်၊ မြန်မာ့အရေးကို ဆောင်ရွက်နေသည့်ရှေ့နေကြီး ရှိုဂိုဝါတာနဘဲနှင့် မစ္စယုကိဒါဂျူရိတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြသည်။
အမျိုးသမီးများအား အကြမ်းဖက်ခံနေရမှုမှာ အာရှတိုက်အပါအ၀င် တကမ္ဘာလုံးတွင် နည်းလမ်းပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခံနေရသလို အမျိုးသမီးများအနေနှင့် မိမိတို့ကိုယ်တိုင် အားနည်းနေသည့်အတွက် ရှက်စိတ်၊ ကြောက်စိတ်တို့ဖြင့် မိမိတို့အကြမ်းဖက်ခံနေရမှုတို့ကို ဖွင့်မပြောဘဲ မထားသင့်တော့ကြောင်း၊ စုစည်း၍ ပြန်လည်တွန်းလှန်ဖို့လိုသလို အကြမ်းဖက်ခံရသည့် အမျိုးသမီးများဖက်မှနေ၍ အမျိုးသားများကလည်း ကူညီပံ့ပိုး၍ တိုက်ဖျက်ဖို့လိုကြောင်း ဒေါ်သင်းသင်းအောင်မှဆွေးနွေးပြောပြသည်။
``အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ဒီအကြမ်းဖက်မှုတွေကို၊ မတရားမှုတွေကို အတူလက်တွဲပြီး တိုက်ဖျက်ဖို့လိုပါတယ်။ အထူးသဖြင့် အခုတက်ရောက်လာတဲ့အထဲက ပံ့ပိုးခဲ့ကြတဲ့ အမျိုးသားတွေကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း နောက်ထပ်အမျိုးသားတွေကို စည်းရုံးပြီးတော့မှ တိုက်ပွဲဝင်ကြပါလို့ပြောချင်ပါတယ်´´ဟုဒေါ်သင်းသင်းအောင်က ပြောဆိုသွားသည်။
မြန်မာ့အရေးကို အစဉ်တစိုက်ကူညီဆောင်ရွက်နေသည့် ရှေ့နေကြီးဝါတာနာဘဲက ဂျပန်နိုင်ငံနှင့်မြန်မာအမျိုးသမီးများအခွင့်အရေးအကြောင်းကို အဓိကဦးစားပေး ဆွေးနွေးသွားပြီး စစ်အစိုးရအုပ်ချုပ်ရေးအောက်တွင် တိုင်းရင်းသားများအနေနှင့် အဖိနှိပ်ခံဘ၀ဖြင့်နေနေရသည့်အကြောင်းကို ဂျပန်အစိုးရကိုယ်စား ဒုက္ခသည်အရေးဆောင်ရွက်နေသည့် ဂျပန်လ၀ကအနေနှင့် လုံးဝနားလည်ပုံမရကြောင်း၊ တိုင်းရင်းသားအမျိုးသမီးများနှင့်မြန်မာအမျိုသမီးများအကြား ကွဲပြားခြားနားသော ဖိနှိပ်ဆက်ဆံမှုမျိုး ရှိကြောင်းရှင်းပြပြောဆိုသည်။
တိုကျိုမြို့၊ ရှိဘူယအရပ်ရှိ အအိုးယာာမတက္ကသိုလ်၊ ဆိုးကန်းအဆောက်အဦး၏ ၁၁ ထပ်ခန်းမ၌ ဂျပန်စံတော်ချိန် (၁)နာရီမှ စတင်ပြုလုပ်သောပွဲတွင် မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေးအကြောင်းကို စိတ်ပါဝင်စားသူ ဂျပန်လူမျိုးအတော်များများတက်ရောက်သည်ကိုတွေ့ခဲ့ရပြီး ဂျပန်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘ(ခ)တာနာဘဲစံက ဆောင်ရွက်၍ လူဦးရေ ၁၅၀ ခန့်က စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြသည်။
ဇွန်လ(၂ရ)ရက်နေ့တွင် ပြုလုပ်မည့် တရားရေးခုံရုံးတွင် နအဖစစ်အစိုးရ၏ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တွေ့ခံစားခဲ့ရသည့် မြန်မာအမျိုးသမီးများက ရုံးရှေ့တွင် တရားလိုအဖြစ် ကိုယ်တိုင်ထွက်ဆိုပြီး ၄င်းတို့ဘက်မှရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်မည့်သူတဦးလည်းဖြစ်ယခုပွဲကိုတာဝန်ယူဆောင်ရွက်ပေးခဲ့သည့် (Human Right Now-Japan)အဖွဲ့မှ ရှေ့နေယုကိဒါ ဂျူရိက လိင်ပိုင်းဆိုင်ရာအပါအ၀င် အမျိုးမျိုးသောပုံစံဖြင့် အကြမ်းဖက်ခံနေရသည့်အမျိုးသမီးများအနေနှင့် တရားဥပဒေအရ ကျူးလွန်သူအပေါ် အရေးယူနိုင်ရန်အတွက် ဖွင့်ဟထွက်ဆိုရန် အလွန်ဝန်လေးတတ်ကြကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးဦးရေ၏ ၆၀ ရာခိုင်းနှုန်းအထိပင်ရှိကြောင်း ပြောပြသည်။
``လိင်မှုဆိုင်ရာအရ အမျိုးသမီးတဦးဟာ အကြမ်းဖက်ခံရပြီဆိုရင် ကိုယ်ရော၊ စိတ်ရော မလှုပ်ရှားချင်လောက်အောင်ဖြစ်သွားပြီးအခြားသူကိုဖွင့်ပြောဖို့ဆိုဘယ်လိုမှမတတ်နိုင်တော့တဲ့အထိဖြစ်သွားခဲ့ရတယ်။ ဒီလိုမျိုးအခြေအနေမှာ ရဲကိုတိုင်တန်းပြိး ကျူလွန်သူကိုအရေးယူဖို့ဆိုပြီး ဖွင့်ပြောလာတဲ့သူက ခံရသူအားလုံးရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲရှိတဲ့အခါ ဥပဒေရှိပေမဲ့ ဒီအမျိုးသမီးတွေအတွက် စိတ်ရောကိုယ်ပါ ကူညီဖြေရှင်းပေးနိုင်မယ့်နည်းလမ်းမျိုးကို ရှာလို့မရတဲ့အခြေအနေမှာတောင်ရှိတယ်´´ဟုပြောဆိုသည်။
အမျိုးသမီးတဦးအနေနှင့် အကြမ်းဖက်ခံရသည့်အခါ ခန္ဓာကိုယ်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်ပျက်စီးဆုံးရူံးရသည့်အပြင် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပျက်စီးမှုသည် ခန္ဓာကိုယ်ထိခိုက်ပျက်စီးခြင်းထက် များစွာပိုမိုသည့်အတွက် အကြမ်းဖက်ခံရသော အမျိုးသမီးများကို မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂအနေနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာပြီး ပကတိလူကောင်းတဦးကဲ့သို့ ဖြစ်လာစေရန် နှစ်သိမ့်ဆွေးနွေးမှုများကို အကြမ်းဖက်မှုများနည်းတူ လုပ်ဆောင်နေကြောင်း ဒေါ်သင်းသင်းအောင်က ရှင်းပြသည်။
``သေချာပါတယ်၊ အဲ့လိုဖြစ်ပြီးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ငါတို့အနေနဲ့မထူးတော့ပါဘူး၊ ငါတို့ဟာဒုက္ခခံရတဲ့ဘ၀ပါပဲတို့ သေမထူးနေမထူးစိတ်မျိုးခံစားသွားရတာရှိပါတယ်၊ အဲ့လိုဖြစ်တဲ့အခါ ကျမတို့အနေနဲ့သူတို့ကို နှစ်သိမ့်ဆွေးနွေးပေးတဲ့နည်းနဲ့ ကုစားပေးတာရှိတယ်။၊ Team လေးတွေဖွဲ့ထားတယ်။ ဒေသလေးတွေမှာ ကော်မတီဝင်တွေက အဲ့ဒိCase လေးတွေကို ကြားပြီးဆိုရင် အဲ့ဒိအမျိုးသမီးဆီကိုသွားလည်တယ်၊ သူတယောက်တည်းမဟုတ်ဘူး၊ သူလိုမျိုးခံရတဲ့အမျိုးသမီးတွေရှိတယ်။ စိတ်အင်းအားဖြစ်ဖို့ အမျိုးသမီးအချင်းချင်း ကူညီရိုင်းပင်းမယ့်သူတွေရှိတယ်၊ အားမငယ်ဖို့ကို ကူညီပေးနေတာတွေရှိပါတယ်´´ဟု အကြမ်းဖက်ခံရသည့်အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် WLB အနေနှင့်လုပ်ဆောင်နေမှုများကို မိုးသောက်ကြယ်သို့ရှင်းပြသွားသည်။
အဆုံးပိတ်တွင် ယခုပွဲဖြစ်မြောက်ရန် စတင်လှုပ်ဆော်ခဲ့သည် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချိုချိုအေးမှ တက်ရောက်လာသူများနှင့် မြန်မာနယ်စပ်ဒေသမှ တရားရုံးအစစ်ဆေးခံရန် ဂျပန်နိုင်ငံသို့လာရောက်ထွက်ဆိုပေးမည့် အမျိုးသမီးများနှင့် ပံ့ပိုးကူညီသည့် ဂျပန်အဖွဲ့အစည်းများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာရိုးရာအစားအသောက်များအပြင် မြန်မာအကများဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ustream video။ ။ BCJP Television
ဓာတ်ပုံ။ ။ ဦးသန်းဝင်း
Saturday, June 26, 2010
0 လေ့လာ … မှတ်သား … အနာဂတ်ခေါင်းဆောင်များ
အနာဂတ် တိုင်းပြည်တစ်ပြည်တွင် ဦးဆောင်ကြမည့် အနာဂတ် မျိုးဆက်သစ် ကလေးငယ် များအတွက် အခြေခံအုတ်မြစ် တစ်ခုဖြစ်သော ပန်းချီပညာရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၂၆.၅.၂၀၁၀ (ဗုဒ္ဓဟူး)နေ့တွင် စတင်ပြီး ပန်းချီဆရာ ဦးဝင်းကြည် (ကွယ်လွန်သူ ပန်းချီ သန်းမြင့်အောင်၏ ဆရာတစ်ဦး)မှ ပန်းချီရေးဆွဲခြင်း ပညာရပ်ကို သင်ကြားပေးခဲ့ရာ ယနေ့ ၂၇.၆.၂၀၁၀ (စနေ)နေ့တွင် တစ်လ ပြည့်မြောက်ခဲ့ပါသည်။
တစ်လပြည့် အထိမ်းအမှတ်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မျိုးဆက်သစ် ကလေးငယ်များအား ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Morekha Art Gallery ပိုင်ရှင် ဦးဘိုဘိုဦး၏ ပန်းချီပြခန်းအတွင်းတွင် ပန်းချီပညာရှင်ကြီး (၅၄) ဦးတို့ ရေးဆွဲထားသော ပန်းချီကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ပန်းချီဆရာ ဦးဝင်းကြည်၊ အင်္ဂလိပ်စာဆရာမ ဒေါ်ဧရာမောင်မောင်နှင့် လုပ်အားပေး အသင်းသူ/သားများတို့မှ လိုက်လံ ရှင်းလင်း ပြသ လေ့လာခဲ့ကြသည်။
ပန်းချီဟာ လူသားတွေရဲ့ စိတ်ကို နူးညံ့သိမ်မွေ့စေသည်။
ပန်းချီပညာရှင်ဟာ ဘယ်တော့မှ အလှအပကို မဖျက်ဆီးပါ။
ပန်းချီပညာရှင်ဟာ လောကရဲ့အလှကို ရှာဖွေ တည်ဆောက်ပေးတတ်သည်။
ပန်းချီပညာဟာ အမှန်တရားကို မြတ်နိုးတတ်သည်။
ကိုကျော်သူ