Sunday, June 27, 2010

0 နွားဝါဒ


နွားဝါဒီများအား သတိထားကြလော့ …..

အိုးဝေမဂ္ဂဇင်းဟူသော အမည်ကို မြန်မာ့နိုင်ငံရေး နှင့် သမိုင်းကို လေ့လာသူတိုင်း သိကြသည်။ မူလ ရန်ကုန် တ က္ကသိုလ်သမဂ္ဂ မှ အမည်ပြောင်းခဲ့သော အိုးဝေမဂ္ဂဇင်းသည် ဒုတိယတက္ကသိုလ်သပိတ်ကို ဖြစ်ပေါ်စေခဲ့ဖူးသည်။ ငရဲခွေးကြီးလွတ်နေပြီ ( Hell Hound at Large ) ဟူသော ဆောင်းပါး အိုးဝေမဂ္ဂဇင်း၌ ပါလာသောအခါ တက္က သိုလ်အာဏာပိုင်များ ဆတ်ဆတ်ခါသွားပြီး အယ်ဒီတာ ကိုအောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း ) စတင် အရေး ယူရာမှ ဒုတိယကျောင်းသားသပိတ်ကြီး ဖြစ်ပေါ်လာခဲ့သည်။

ထို ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရှင်မှာ ညိုမြ ဖြစ်သည် ဟု နောင်အခါ သိကြရသည်။ ညိုမြ၏ ကလောင် စွမ်းသည် လောင်မြိုက်သောမီး၏ အစဖြစ်သော မီးပွား နှင့် တူလှသည်။ ပြောင်မြောက်ထိမိသော ညိုမြ၏ ဆောင်းပါးများတွင် နွားနှင့် သပိတ် ဟူသော ဆောင်းပါးလည်း အပါအ၀င်ဖြစ်သည်။ ၁၉၇၁ တွင် ထုတ်ဝေသော အိုးဝေ ရွှေရတုသဘင်လက်ရွေးစဉ်ဆောင်းပါးများစာအုပ်၌ ရေးသူမောင်ညိုမြအမည်ဖြင့် နွားနှင့်သပိတ် ဆောင်း ပါးကို ပြန်လည် ဖော်ပြထားသည်။

အာဏာပိုင်များကို ဆတ်ဆတ်ခါစေသော ဆောင်းပါးများသာမက သူနှင့်ခေတ်ပြိုင်လူအများကို ဆတ်ဆတ်ခါ စေသော ဆောင်းပါးအဖြစ် နွားနှင့်သပိတ် ကို ညွှန်းကြရသည်။ ထိုခေတ်က မြန်မာနိုင်ငံသားအများ မျိုးချစ်စိတ် ရှိကြပုံမှာ ပါးစပ်ဖျားတွင်သာ ဖြစ်ပြီး တကယ်တမ်း လူမြင်ကောင်းရုံ မျိုးချစ်စိတ်သာဖြစ်ကြောင်းကို အောက်ပါ အတိုင်း နွားနှင့်သပိတ် ၌ ဖော်ပြထားသည်။

လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော်ကြ၏။ မျိုးချစ်စိတ်ရှိ အပ်ကြောင်း ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။ ထိုသို့ပြောဆို ကြွေးကြော် အော်ဟစ်ကြသူတို့ အား တကယ်မြင့်မြတ်သည့် မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေဟု ထင်စရာအကြောင်းရှိသော်လည်း အများအားဖြင့် စဖြီး များသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည်ရှိသောအရပ်များတွင် စင်မြင့်သို့တက်၍ စွာလောင်စွာလောင် လုပ်ကြ၏။ ဟုမ္မရူး၊ ဒိုင်အာကီ၊ နောင်လာမည့် အုပ်ချုပ်ရေးစဖြင့် လျှာအရိုးမရှိသည့် ဖိုးပြောချင်၊ ဖိုးအော်ချင်ကြီး များပင်။ သို့သော် မိမိအပေါင်းအဖော်များနှင့် ရိုးရိုးနေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်းသတိမရကြ ကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမသားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်းတို့ကိုသာ ပွားများကြ လေသည်။ မျိုးချစ်စိတ်အမှန် ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန်ဘ၀ကို တကယ်နာကြည်းသူဖြစ်က ထိုသို့ မနေနိုင်ရာ

မျိုးချစ်စိတ်အမှန်မှာ စားလျှင်လည်း အမိမြန်မာပြည်၊ အိပ်လျှင်လည်း မြန်မာပြည်အမိ၊ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည်၊ စာရေးလျှင်လည်း အမိမြန်မာပြည် ဟူ၍ သို့သာလျှင် ဖြစ်စေရမည်။ အနှီသို့သော ပုဂ္ဂိုလ်ကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး၊ ငွေပန်းကုံးများ စွပ်သင့်ကြပေသည် ဟု မီးမောင်းထိုးပြခဲ့သည်။

တက္ကသိုလ်ကျောင်းသားသပိတ် ( ဒုတိယကျောင်းသားသပိတ် ) ကို အစိုးရကျွန်များ မှတပါး ချီးကျူးထောက်ပံ့ ကြသူချည်းဖြစ်ကြောင်း၊ သောတာပန်ရွာတွင်လည်း လွန်လေပြီးသောအခါက ရွှေတောင်ကြားပါတီဝင် မင်းတိုင် ပင်တစ်ဦး ဖြစ်လာသူ တီ ပီ အက်စ် ဖေဖေမှတပါး သပိတ်ကို အားရကြသူချည်းဟု ဆိုသည်။ အစိုးရကျွန် နှင့် အစိုးရကျွန်ဟောင်းများသည် သပိတ်ကို လန့်ကြသည်ချည်းဖြစ်သည်။ အတိတ်၌သာမဟုတ်သေး၊ ယခုလက်ရှိ အခြေအနေတွင်လည်း အစိုးရကျွန်သစ်၊ ကျွန်ဟောင်းများက ဆရာညိုမြခေတ်မှာလိုပင် အရေးတော်ပုံကိုလန့် ကြ၊ ကပျက်ကယက်လုပ်ကြကြောင်း တွေ့မြင်နိုင်ပါသည်။

အညာတခွင် သပိတ်စည်းရုံးရေးဆင်းရင်း နွားကျားကြီးအား ဆရာညိုမြက ဤသို့ပြောဆိုလိုက်သည်။ အခု ကျ နော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကားနေရင်း ကျောင်း ထုတ်ခံရလွန်းလို့ …

နွားကြီးကား မြက်ကို စားမြဲစားနေ၏။ ကိုစိုးမြင့်ကို ဆာ မထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်း ရှင်းလင်းလင်းမဟုတ်ဘူး။ ပြန်သွင်းမလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့်မပေးဘဲ ငြင်းထား တယ်။ ကုန်ကုန်ပြောကြစို့ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပြီလေ။ ကျနော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂဥက္ကဌ ကိုနု ကို ကျောင်းထုတ်တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျနော်တို့ကိုပါ စော်ကားတာနဲ့အတူတူပေါ့ ဟုတ်ကဲ့ မှုတ်လား နွားကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မြက်များကို ဆက် လက်စားနေ၏။

ဆရာညိုမြ၏ အရေးအသားမှာ ပညာသားပါလှသည်။ နိုင်ငံရေးဒီရေ တိုးတက်နေချိန်တွင် ဘာကိုမှ စိတ်မ၀င် စားဘဲ မြက်ကိုသာ တွင်တွင်စားနေသော နွားအကြောင်းမှာ ယနေ့ခေတ်အထိ ကွင်းကွင်းကွက်ကွက် မြင်နိုင် သော ပြောင်မြောက်သည့် ဥပမာတင်စားချက်ဖြစ်သည်။ ကိုအောင်ဆန်း မတရားသဖြင့် ကျောင်းထုတ်ခံရပုံ၊ ထို သို့ ကျောင်းထုတ်ရန် သတင်းစာက လှုံဆော်ပုံ၊ မတရားသဖြင့် ကျောင်းထုတ်ခြင်းဖြစ်၍ မိန်းကလေးများပင် မ ကျေနပ်ကြပုံ၊ တက္ကသိုလ်မှ အင်္ဂလိပ်လူမျိုးဆရာများက ကျောင်းထုတ်ခြင်းကို ထောက်ခံကြပုံတို့ကို နွားကြီးအား ပြောပြမိသည်။ နွားကြီးကား နားရွက်တခတ်ခတ်နှင့် တဖြုတ်ဖြုတ်စားလျက် မြိန်လျက်ပင်။

ရုတ်တရက် နွားကြီးသည် နောက်ချေးများ ယိုချလိုက်သဖြင့် ဆရာက နှစ်မိနစ်ခန့် စကားကို ရပ်တန့်ထားရ သည်။ ထို့နောက်မှ အိုင်ယာလန်တို့၏ နိုင်ငံရေးလှုပ်ရှားမှုကို အင်္ဂလိပ်လူမျိုး ဆစ်တနီစမစ် ရေးသားထားသော စာကို ကိုးကား၍ ရွတ်ဆိုပြသည်။

အိုင်ယာလန်သည် အဘယ့်ကြောင့် ဤမျှဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကိုကား တိမ်မြှုပ်၍ သင်တို့ သည် ချော်တောငေါ့ကာ ထင်ရာပြောဖို့သာ တတ်ကြ၏။ သင်တို့ ဖိစီးနှိပ်ကွပ်သည်ကို မခံနိုင်ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတစ်ကောင်ကို တံခါးဝတွင် ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထို မြင်း သင့်ကို ပြန်ကန်ကြောက်က မြင်းကို အဆိုးဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲနှိပ်စက် ခဲ့ပြီးလျှင် ထိုခွေး သင့်ကို မြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည်ဆိုအံ့လော။ အိုင်ယာလန်တိုင်းသားတို့ သည် ပဋိသန္ဓေအားဖြင့် ယုတ်ညံ့သောသဘောရှိကြ၍ အလွန် ဆူဆူပူပူလုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူမိတ်ဆွေ လူလူချင်းဟု သဘောထားဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်းရောင်းဝယ်ရေးတွင် သူတို့အကျိုးကို ကြည့်ရှုကာကွယ်ခဲ့ဖူးပါ၏လော၊ သင်သည် သူတို့၏ အမျိုးဘာ သာ၊ သာသနာကို လေးစားခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင်လိုလားခဲ့ ၏လော၊ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်သည်ကား သူတို့မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏၊ တကျွန်းပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေးများကို မပေးခဲ့။ သို့စဉ် လျက် အိုင်ယာလန်တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ်သ ဘောထားယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း၊ အမျိုးကိုကပင် ခေတ်မမီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ် ကျေးသိမ်မွေ့ခြင်းဌာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် …

နွားတို့ကား မည်မျှ အသိတရားရအောင် ဟောပြောသော်လည်း နားမ၀င်ပေ။ နွားနှင့်တူသော လူများမှာ မိမိတို့ အပေါ် မတရားအုပ်ချုပ်နေသည့် အစိုးရထက် မိမိမြက်စားရရေးကိုသာ အလေးဂရုပြုကြလေသည်။ မြက်စားရုံ တင်သာမဟုတ်သေး…..

စိတ်ပါ လက်ပါ ထိုဆစ်တနီစမစ် ၏ စာကို ရွက်လေပြီးသည်၏ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များကြားတွင် နွားနီမကဘေးတစ်ကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

မှန်လိုက်တာ ဆရာရယ်၊ မှန်လိုက်တာ ဆရာရယ် ဟု အကြိမ်ကြိမ်အော်မိလောက်သည်။ မြန်မာ့နိုင်ငံရေး၌ အ တိတ်ရော၊ ပစ္စုပ္ပန်ပါ နွားများစွာ ရှိနေကြဆဲ။ ယနေ့ခေတ်နွားများမှာ မြက်စားရုံ၊ နွားနီမကလေးနောက်လိုက်ရုံ သာမဟုတ်၊ မတရားမှုကို တွန်းလှန်နေသူများအား လိုက်၍ဝှေ့သော ဓလေ့တစ်ခု တိုးတက်နေကြပြီ။ နိုင်ငံရေး၌ နွားကိစ္စကို သပိတ်တရားဖြင့်ရှင်းလျှင် အဝှေ့ခံကြရုံရှိတော့မည်။ ထိုနွားများအား မည်သို့ သုတ်သင်ပစ်ရမည်ကို ဆက်လက် အဖြေရှာဖို့ လိုလာပြီ။ မသုတ်သင်နိုင်ခင် ဆရာညိုမြ ညည်းငြူသလို ညည်းငြူရတော့မည်။

ဂရုစိုက်ပုံလည်းမပေါ်၊ နားလည်ဟန်လည်းမရှိ၊ ဟောရပြောရသူတွင်ကား မောလှ။ အို … နွားတွေ … နွားတွေ … နွားတို့သည်ကား အဟိတ်တိရစ္ဆာန် အန္တများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်၊ တရားကိုလည်း နားမ၀င်၊ ၎င်းတို့၏၀ါဒနှင့်လုပ်ငန်းအား သံသရာတစ်လျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြလေတော့သည်တကား။

( မောင်ညိုမြရေး နွားနှင့်သပိတ် ကို ဆက်လက်ဖတ်ရှုပါ။ )

အလင်းဆက် ( ANO )


0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.