မြန်မာနိုင်ငံအတွင်းမှစာရေးဆရာများဟာ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့အချိန်လောက်ကစပြီး ပြုလုပ်လာတဲ့ပြည်တွင်းပြည်ပစာပေဟောပြောပွဲတွေမှာ နိုင်ငံ
ရေး၊ အမျိုးသားရေးတွေနဲ့ ပက်သက်တဲ့အတွေးအမြင်များကို ပိုမိုရဲရင့်ပွင့်လင်းစွာ ပြောဆို လာကြတာကို
တွေ့ ရပါတယ်။ အုပ်ချုပ်သူအာဏာပိုင်များကလည်း ပိုမိုလိုက်လျောလွတ်လပ်ခွင့် ပြုလာတာကိုတွေ့ရပါတယ်။
အတွေးကောင်းကောင်းနဲ့  သရော်တတ်တဲ့ ကာတွန်းဆရာအော်ပီကျယ်၊ တက်ကြွစွာဟောတတ်တဲ့ မောင်သာချို၊ မန္တလေးက ကိုဘုန်း (ဓာတု)၊ ဆရာဦးအောင်သင်း၊ နုနုရည် (အင်းဝ) နဲ့  စာရေးဆရာမ ဂျူး တို့ ရဲ့ ဟောပြောပွဲဒီဗီဒီအခွေတွေကို ကြည့်ရှုနားထောင်လိုက်ရပြီး စာရေးဆရာမ ဂျူး ဆွေးနွေးသွားတဲ့ နိုင်ငံခြားက သုသေတီစာရေးဆရာတစ်ဦးရေးတဲ့ ကမ္ဘာ့ ဆင်းရဲတဲ့နိုင်ငံများမှာ တွေ့ ရတတ်တဲ့အချက် ၄ ချက် အကြောင်းကို မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ထပ်ဆင့်မျှဝေလိုက်ရပါတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာတွေ့ ရတဲ့ တူညီတဲ့အချက်တွေကတော့...
(၁) နိုင်ငံဟာ သံယံဇာတပေါများခြင်း
(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း
(
၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း
(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း
.. တို့ ဘဲဖြစ်ပါတယ်။
(၁) နိုင်ငံသယံဇာတပေါများခြင်း
နိုင်ငံသယံဇာတပေါများခြင်းဟာ ဖြစ်သင့်တာက နိုင်ငံချမ်းသာတိုးတက်ရမယ့်အစား ဆင်းရဲတဲ့နိုင်ငံများ ဖြစ်နေကြတာကို အံ့သြဖွယ်တွေ့ ရှိရပါတယ်လို့  သုသေတီစာရေးဆရာကဆိုပါတယ်။ အဲဒီသယံဇာတများကို နိုင်ငံစီမံအုပ်ချုပ်သူလူတစ်စုရဲ့ မတော်လောဘနဲ့  ကိုယ်ကျိုးအတွက်အလွဲသုံးစားခြင်း ၊သယံဇာတကို အကျိုးရှိအောင်မသုံးစွဲနိုင်ခြင်း၊ သယံဇာတများရဲ့  အကျိုးစီးပွားကိုခွဲဝေရာမှာ ညီမျှမှုမရှိခြင်း၊ သယံဇာတများကြောင့် ကွဲလွဲသောသဘောထားများဖြစ်လာကြခြင်းတို့ ကြောင့် သယံဇာများဟာ နိုင်ငံဆင်းရဲစေဖို့  ထောင်ချောက်တစ်ခုလိုဖြစ်လာရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို အခြေအနေမျိုးတွေရှိနေပါတယ်။
(၂) ပြည်တွင်းစစ်မက်ဖြစ်ပွားနေခြင်း
ပြည်တွင်းစစ်များဖြစ်ပွားနေတာဟာ နိုင်ငံဆင်းရဲစေတဲ့အကြောင်းအရင်းပါဘဲ။ နိုင်ငံရဲ့ သယံဇာတများရဲ့ အကျိုးစီးပွားခွဲဝေ သုံးစွဲမှု မညီမျှခြင်းဟာလည်း ပြည်တွင်းစစ်ဖြစ်စေပါတယ်။ ပြည်တွင်းနိုင်ငံရေး ပြေလည်မှု မရှိခြင်း၊ တိုင်းရင်းသားလူမျိုးစုများနဲ့  တန်းတူညီမျှအခြေခံထားပြီး ယုံကြည်မှုနဲ့စည်းလုံးမှု မတည်ဆောက် နိုင်ခြင်း တို့ ကြောင့်ပြည်တွင်းစစ်မက်တွေဖြစ်ပွားစေပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားနေပြီး ခုတော့ နိုင်ငံရေးအရညှိနှိုင်းနိုင်ဖို့  လုပ်ဆောင်လာကြမယ်လို့ ထင်ရပါတယ်။ ပြည်တွင်းစစ်စရိတ်တွေကြောင့်ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေရဲ့ အသုံးစရိတ် များ လျောလာရပြီး လူ့ စွမ်းအားအရင်းအမြစ်တွေပါ ထိခိုက်လာရလို့  တိုင်းပြည်ကိုဆင်းရဲစေပါတယ်။
(၃) မကောင်းတဲ့ပတ်ဝန်းကျင်အိမ်နီးချင်းနိုင်ငံများရှိခြင်း
မြန်မာနိုင်ငံအဖို့  မကောင်းတဲ့အိမ်နီးချင်းနိုင်ငံများထဲမှာ အဆိုးဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး သူ့ နောက်မှာယိုးဒယားနိုင်ငံနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ လို့  ပြောရမှာဖြစ်ပါတယ်။ တရုတ်ကတော့ ကမ္ဘာ့ စီးပွားရေးနဲ့ စစ်ရေးအင်အားကြီးနိုင်ငံ ဖြစ်လာတော့ မြန်မာနိုင်ငံအရေးကို ကမ္ဘာ့ နိုင်ငံတွေ ၀င်ပါလာမယ် ဆိုရင် ကုလသမဂ္ဂမှာ ဗီတိုအာဏာနဲ့  ပယ်ချပြီး သူ့ အကျိုးစီးပွားအတွက်တော့ အရပ်ဝတ်အသွင်ပြောင်း အစိုးရနဲ့ ရော၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ ပါ ဆက်ဆံရေးပုံစံအမျိုးမျိုးကျင့်သုံးပြီး နယ်မြေနဲ့သယံဇာတကို လက်ဝါးကြီးအုပ်ကာ ယခုလက်ရှိအစိုးရကို တိတ်တဆိတ်အနိုင်ကျင့်နေနိုင်ခြင်းဟာ တိုင်းပြည်ကိုပျက်ဆီးဆင်းရဲစေဖို့ ဖြစ်နေပါတယ်။
ယိုးဒယားနိုင်ငံဟာလည်း မြန်မာရဲ့ နိမ့်ကျနေတဲ့အခြေအနေကို အသုံးချအခွင့်ကောင်းယူပြီး ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နယ်စပ်က မြန်မာပိုင်နယ်မြေတွေကိုသိမ်းယူထားပါတယ်။
(၄) စီမံအုပ်ချုပ်မှုညံ့ဖျင်းခြင်း
မဆလ အစိုးရလက်ထက်မှာရော၊ ၈၈ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပါ မြို့ ပြအုပ်ချုပ်ရေးနဲ့ စက်ရုံတွေမှာပါ အစိုးရအဖွဲ့ ကစပြီး စက်ရုံနဲ့ မြို့ နယ်အုပ်ချုပ်မှုအဆင့်တွေအထိ စစ်တပ်ကအရာရှိ အရာခံအကြပ်တွေကို ယူနီဖောင်းချွတ်ပြီး ထိပ်ပိုင်းနေရာတွေကို ၀င်ရောက်စီမံ အုပ်ချုပ် စေတာကစပြီး မြန်မာနိုင်ငံရဲ့ စီမံအုပ်ချုပ်မှုဟာ ပိုမိုညံ့ဖျင်းလာခဲ့ပါတယ်။ အရပ်သားပညာရှိပညာတတ် ကျွမ်းကျင်သူတွေဟာ သူတို့ ရဲ့ အလုပ်ခွင်တိုးတက် ဖို့  အခွင့်အလမ်းနဲ့ စားဝတ်နေရေးကို တိုက်ရိုက်ထိခိုက်လာတာကြောင့် အရပ်သားဝန်ထမ်းတွေဟာ အလုပ်ခွင်ထဲမှာစိတ်ဓာတ် ကျလာခြင်း၊ မကျေနပ်ခြင်းတို့ ကြောင့် အလုပ်တွေထဲမှာ စေတနာနဲ့  ကြိုးကြိုးပမ်းပမ်းစီမံခန့် ခွဲလုပ်ကိုင်
လိုခြင်းမရှိတော့ဘဲ ရတဲ့နေရာမှ လာဘ်စားခြင်း၊ ခိုကပ်ခြင်းတွေပြုလုပ်လာကြတာကြောင့် စီမံအုပ်ချုပ်မှုဟာ
ညံ့ဖျင်းလာရပြီး တိုင်းပြည်ဆင်းရဲလာရပါတော့တယ်။
အထက်ပါ အကြောင်းအချက် (၄)ချက်ဟာ တိုင်းပြည်ဆင်းရဲစေတဲ့အချက်တွေဖြစ်ပြီး တိုင်းပြည် တိုးတက်ကြွယ်ဝစေချင်တယ်ဆိုရင် ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲနိုင်ရပါမယ်။
အခုအုပ်ချုပ်နေတဲ့အစိုးရသမ္မတသစ်က ကောင်းသောအစိုးရ၊ သန့် ရှင်းသောအစိုးရဖြစ်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်တွင်းရင်ကြားစေ့ရေးကောင်းမွန်ဖို့  အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံညှိုနှိုင်းမှုတွေလုပ်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့  လမ်းစရှာတာတွေကိုစလုပ်နေပြီလို့ ပြောပါတယ်။ ကောင်းတဲ့ မင်္ဂလာသတင်းပါဘဲ။ အစိုးရဘက်က ဒေါ်စုကို ပါတီမှတ်ပုံပြန်တင်ဖို့ ၊လူမှုရေးလုပ်ငန်းလုပ်ငန်းလုပ်မယ်ဆိုရင်လည်း ပြည်ထဲရေးဌာနမှာ မှတ်ပုံတင်ဖို့ ဆွေးနွေးတယ်လို့ ပြောပါတယ်။
ဒေါ်စုဘက်ကလည်း နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ပြန်လွှတ်ပေးဖို့ ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်ဆိုင်းပြီး နိုင်ငံရေးအရညှိုနှိုင်းနွေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ဘက်စလုံးပြောတဲ့အချက်တွေဟာ ကောင်းမွန်တဲ့အချက်တွေပါ။
ဒေါ်စုရဲ့ ပါတီ မှတ်ပုံတင်ပြီး တရားဝင်နိုင်ငံရေးပါတီ ပြန်လုပ်လာရင် လက်ရှိအစိုးရအဖို့  ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ တို့ အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လမ်းပွင့်လာနိုင်ပြီး ပြည်တွင်းသို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်ပါတယ်။
အစိုးရရဲ့ ပုံရိပ်ဟာလည်း နိုင်ငံတကာမှာ ပိုပြီးလင်းလက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ NLD ပါတီအဖို့ လည်းအစိုးရနဲ့ ရော၊ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာပါ လုပ်ပိုင်ခွင့် ချောမွေ့ ကျယ်ပြန့် လာမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ တိုးမြှင့်ဆက်ဆံနိုင်မှသာ အိမ်နီးချင်းဆိုးတရုတ်နိုင်ငံကို တဖြည်းဖြည်းချင်း ထိန်းညှိလာနိုင်မှာဖြစ်ပြိး တရုတ်ကို မနီးလွန်းမဝေးလွန်းဆက်ဆံလာနိုင်မှာဖြစ်ပါတယ်။ မြန်မာဟာ တရုတ်ကို သိပ်နီးနီးပေါင်းလွန်းရင် တရုတ်ရဲ့ လောဘကို ဆွပေးရာရောက်ပါလိမ့်မယ်။
ယခုလက်ရှိအစိုးရအဖွဲ့ မှာလည်း ဒုတိယသမ္မတတစ်ဦးကို ဆရာတစ်ဆူတင်ပြီး သဘောထားတင်းမာတဲ့ ၄ ဦးအုပ်စုအဖွဲ့ က တရုတ်ကို ဆရာတင်ထားနိုင်ရင် လုံလောက်တယ်လို့ ယူဆနေကြပုံပေါက်ပါတယ်။
NLD ဘက်မှာလည်း ၉၀ ခုနှစ်ရွေးကောက်ပွဲကိစ္စ၊ ဒီပဲယင်းတိုက်ခိုက်မှုကိစ္စ၊ ၂၀၀၈ ဖွဲ့ စည်းပုံကို လက်မခံတဲ့သဘောထားတင်းမာတဲ့အုပ်စု ရှိနေတယ်လို့ ကြားရပါတယ်။ နှစ်ဘက်စလုံးမှာ ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အရေးတွေရှိနေပါတယ်။ ဒါပေမယ့်တရုတ်ကို ဆရာတင်ထားရတာမှာ နောက်ပိုင်းမှာ ဆရာအဆင့်လောက်နဲ့ တင်ရတော့ဘဲ သခင်အဆင့်နေရာကနေပြီး မြန်မာအစိုးရနဲ့မြန်မာပြည်သူတွေကို ဆက်ဆံလာတာဟာ အစိုးရထိပ်ပိုင်းက ပုဂ္ဂိုလ်များ ခန့်မှန်းနိုင်ကြမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ထိန်းညှိုနိုင်ဖို့  မြန်မာနိုင်ငံမှ ဒုသမ္မတနဲ့ အမေရိကန်လွှတ်တော်အမတ်ဂျွန်မက်ကိန်းတို့  တွေ့ ဆုံဆွေးနွေးပြောဆိုကြတဲ့အကြောင်းတွေထဲက တချို့ဆောင်ရွက်လာနိုင်တဲ့ အခြေအနေ မျိုးဖြစ်လာတာကတော့ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို့ ထင်မြင်ယူဆမိပါတယ်။
မြန်မာပြည်ကောင်းကျိုးအတွက် ဒီ့ထက်ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ထင်ထင်သာသာရှိဖို့ ကိုလည်း ပြည်သူအားလုံးက မျှော်လင့်နေကြပါတယ်။
S ခင်ဇိုင်
Sunday, July 31, 2011
0 စာပေဟောပြောပွဲများမှ နိုင်ငံ့အရေးအတွေးများ
0 နောက်ဆုံးပေါ် apple ကွန်ပြူတာ
apple ကနေ နောက်ဆုံးပေါ်ကွန်ပြူတာထွက်ပေါ်လာပါပြီ...အားသာချက်ကတော့ ရှေ့ဘာဖြစ်မယ်ဆိုတာက မေးရင်ကွန်ပြူတာ က၅ မိနစ်အတွင်းတိကျမှန်ကန်တဲ့ အဖြေကိုထုတ်ပေးနိင်သတဲ့...
အဲဒီကွန်ပြူတာကိုအမေရိကန်သမတ အိုဘားမားစမေးတယ်.....
အမေရိကန်စီးပွါးရေးဘယ်တော့ပြန်ကောင်းမလဲတဲ့  ကွန်ပြုတာက ၁မိနစ်အတွင်းပြန်ဖြေတယ်.. နောင်၁၀ နှစ်တဲ့.....
အိုဘားမားစိတ်ညစ်သွားတယ် သူကနောက်ထပ်လေးနှစ်သက်တမ်းဘဲသမတလုပ်ရတော့မှာဆိုတော့
ဒုတိယမေးခွန်းကိုမေးတဲ့ သူကတော့တရုတ်သမတကြီးပါ ...သူမေးတဲ့ မေးခွန်းကတော့တရုပ်ပြည်ကြီးက ဘယ်အချိန်မှာ ကမ္ဘာမှာနံပတ် ၁နေရာကိုရောက်မလဲတဲ့ ....
ကွန်ပြူတာက၂မိနစ်အတွင်းဖြေတယ် နှောင်အနှစ် ၅၀ တဲ့ ...
တရုတ်သမတကြီးတော်တော်စိတ်ညစ်သွားတယ်...သူကလူပြည်မှာနောက်ထပ်နေနိင်တဲ့ နှစ်ကအနှစ်၂၀ ဘဲရှိတော့တာလေ......
တတိ ယမေးခွန်းကိုမေးတဲ့ သူကတော့ဗမာပြည်ကသမတအသစ်စက်စက်ဖြစ်တဲ့ ဦးသိန်းစိန်ပါ...
ဦးသိန်စိန်မေးတဲ့ မေးခွန်းကတော့ဗမာပြည်မှာဘယ်တော့ပြည်တွင်းငြိမ်းချမ်းရေးရမလဲတဲ့ ?
ကွန်ပြူတာအရမ်းကအလုပ်လုပ်နေရတယ် ၅ မိနစ် အဖြေမထုတ်နိင်သေးဘူး ၁၀မိနစ်ကြာတော့ကွန်ပြူတာကြီးထပေါက်ကွဲသွားတယ်လေ.... apple ကွန်ပြူတာထုတ်လုပ်တဲ့ ပညာရှင်ကြီးမျက်နှာပျက်သွားတာပေါ့ ..
ဒါပေမဲ့ သူကစိတ်မပျက်ပါနဲ့ နောက်တလုံးရှိပါသေးတယ်တဲ့..တော်သေးတာပေါ့ ..မရှိရင်အရှက်ကွဲမှာလေ
ဒါနဲ့ ဘဲ နောက်ကွန်ပြူတာကိုဗမာသမတဦးသိန်းစိန်မေးခွန်းကို ထပ်မေးတယ်လေ
၅မိနစ် အဖြေ မထွက် ၁၀ မိနစ် အဖြေမထွက် ၁၅မိနစ်ကြာတော့ကွန်ပြူတာကစိတ်ဆိုးမှန်ဆိုးနဲ့ ဖြေတယ်
နောက်ကွန်ပြုတာတလုံး မဆုံးရှုံးစေလိုလျှင်မဖြစ်နိင်သောမေးခွန်းတွေကိုမမေးပါနဲ့ တဲ့ .......
ရယ်မောရင်းဖြင့် အသက်ရှည်နိင်ကြပါစေ
လေးစားစွာဖြင့် 
ဂေါ်ဇီလာ
Saturday, July 30, 2011
0 ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ
၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel
The Fourth Estate Symposium တွင်အော်ပီကျယ်၏ ဆွေးနွေးချက်
ဆရာအော်ပီကျယ်၏ facebookမှရယူဖော်ပြပါသည်..
အရင်တစ်ပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ - - -” လို့ စကားစလိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင်- ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့ကို နောက်နေတယ်ထင်ပြီး စကားဆက်မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲ ဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလားတွေးပြီး စကား မဆက်ရဲတော့ဘူး။
ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခဲ့ရတယ်။ “သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်က အင်မတန်အရေးကြီးတယ် လို့ ပြောသွားတယ်လေ။ ကိုမြင့်မောင်ကျော်၊ ကိုအော်ပီကျယ်- ခင်ဗျားတို့ ရေးနေတာ အရင်အတိုင်းပဲ၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ပေးနေပြီလေ” လို့ ရပ်ကွက်ထဲမှာ အပြောခံရတယ်။ သူတို့အမြင်မှာ ခွင့်ပြုပေးလျက်နဲ့ ကိုယ်တောင် တာဝန်မကျေသလိုလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို ထိန်းကျောင်းပေးရမယ်လို့ ဆိုလိုတာပေါ့။ တနည်းပြောရရင် ဟောင်ပေးရသောခွေး (Watchdog) လို့လည်း ခေါ်ကြတယ်။ ယဉ်ယဉ်ကျေးကျေးဆိုရင် ခေါင်းလောင်းထိုးသူတွေ ပေါ့။
ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ရင် of the people, by the people, for the people လို့ ဆိုကြတယ်။ ဒီအခန်းအနားမစခင်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့တွေ့တော့ “ဘာတွေလုပ်နေ၊ ဆွေးနွေးနေလဲ” လို့ မေးမိတယ်။ သူက “ဆွေးနွေးနေတာတွေ အတည်မပြုရသေးခင် ပြောခွင့်မရှိဘူး” တဲ့။ ဒါဆို by the people က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ပြည်သူလူထု people က တို့အတွက် (for the people) ဖြစ်ရဲ့လားဆိုတာ သိခွင့်မရှိဘူးဆိုတဲ့သဘော ဖြစ်နေတယ်။
ကိုယ်က ကာတွန်းဆရာဆိုတော့ ကာတွန်းတွေး တွေးတယ်။ စတုတ္ထမဏ္ဍိုင် ဆိုပေမဲ့ သုံးချောင်းထောက်ထိုင်ခုံတွေ တွေ့တိုင်း “အော်- သုံးချောင်းထဲနဲ့လည်း ဖြစ်သားပဲ” လို့ တွေးမိတယ်။ အရက်ဘားတွေမှာ ဒေါက်တိုင်တစ်ချောင်းတည်းနဲ့ ခုံတွေ တွေ့ရတော့လည်း “တစ်ချောင်းတည်း ထောက်ထားတဲ့ ခုံတွေလည်း ရှိနေတာပဲ” လို့ တွေးမိပြန်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ထိုင်ခုံကျတော့ အောက်ဘက်မှာ တန်းလေးတစ်တန်း ရိုက်ထားတယ်။ တိုင်တွေ မရွဲ့စောင်းအောင် ချုပ်တန်းသဘောရိုက်ထားတာလားလို့ မေးတော့- မိတ်ဆွေက “ မဟုတ်ဘူး၊ ခြေတင်ဖို့ လုပ်ထားတာ” တဲ့။ အဲဒီတိုင်လေး စတုတ္ထမဏ္ဍိုင် ဖြစ် မဖြစ် တွေးမိတယ်။
ကျွန်တော်တို့ စာနယ်ဇင်းမှာ တွေ့နေတာ ရှိတယ်။ အဘိုးကြီးတစ်ယောက်က မြေးဖြစ်သူကို ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ခွေးတစ်ကောင်က စိတ်ဓာတ် ယုတ်ညံ့တယ်၊ ရန်လိုတယ်၊ အတ္တကြီးတယ်။ နောက်တစ်ကောင်က စိတ်ရင်းကောင်းတယ်။ သိမ်မွေ့တယ်။ အများအကျိုး ကြည့်တတ်တယ်။ တစ်နေ့မှာ အဲဒီခွေးနှစ်ကောင် ကိုက်ကြရော တဲ့။ နားထောင်နေတဲ့ မြေးက “ဘယ်ခွေး နိုင်သွားလဲ”လို့ သိချင်ဇောနဲ့ မေးလိုက်တယ်။ အဘိုးဖြေလိုက်တာက “ငါမွေးထားတဲ့ခွေး နိုင်တာပေါ့” တဲ့။ အဲဒီလို ငါမွေးထားတဲ့ခွေး ပြဿနာတွေလည်း ရှိတာပဲ။
မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။
အခု စာပေလွတ်လပ်ခွင့် အချို့အဝက် ရလာတော့ မဆိုးဘူး၊ ကောင်းတယ်လို့ မြင်တဲ့ အကောင်းမြင်သမားတွေ တွေ့ရတယ်။ ကျွန်တော်က ကာတွန်းဆရာဆိုတော့ အဆိုးမြင်တတ်သူလို့ ထင်ကြတယ်။ ကျွန်တော် အဆိုးမြင် မဟုတ်ပါဘူး။ အမှန်မြင်ပါ။ အကောင်းမြင်၊ အဆိုးမြင်ကို ရေခွက်ထဲမှာ ရေတစ်ဝက်ရှိတာနဲ့ ဥပမာပေးကြတယ်။ အကောင်းမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်လို့ မြင်တယ်။ အဆိုးမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတယ်လို့ မြင်တယ်။ ဒီဥပမာမှာ ပမာဏ၊ အရည်အတွက် ကိုပဲ ကြည့်တာဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော်က ရေဆာနေလို့ အခုရတဲ့တစ်ဝက်သောက်မယ်။ နောက်တစ်ဝက်ထပ်ရတဲ့အခါ ထပ်သောက်ရင် ဗိုက်ပြည့်မယ်။ အရည်အချင်းသဘောဆိုရင်တော့ ကိစ္စရှိတယ်။ ရေဆူရမယ့် ကိစ္စမျိုးဆိုရင် ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေဆူမယ်။ ရေထဲက ပိုးမွှားတွေ သေမယ်။ အဲဒီနေရာမှာ ၅၀ ဒီဂရီပဲ အပူရမယ်။ တော်ကြာ အေးသွားပြီးမှ နောက် ၅၀ ဒီဂရီ ထပ်ရမယ်ဆိုရင် တစ်သက်လုံး ၁၀၀ ဒီဂရီ မရောက်တော့ဘူး။ ရေက ဘယ်တော့မှ မကျက်တော့ဘူး။ မကျက်တဲ့ရေသောက်ရင် ဝမ်းလျှောမယ်။ ပိုးတွေကလည်း မသေတော့ဘူး။ ဒါ အကောင်းမြင်လဲ မဟုတ်ဘူး။ အဆိုးမြင်လည်း မဟုတ်ဘူး။ အမှန်အတိုင်း မြင်တာပါ။ အပြောင်းအလဲဖြစ်ဖို့ မြန်ဖို့ မလောပေမဲ့ မှန်ဖို့တော့ လိုတယ်။ တစ်ရင်ချင်းပဲ လျှော့လျှော့၊ တစ်လှမ်းချင်းပဲ သွားသွား ဘယ်လောက်ကြာမှာလဲဆိုတာကတော့ အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တောတို့ ၅၀ ဒီဂရီပဲ အပူပေးထားတဲ့ မကျက်တဲ့ရေကိုပဲ သောက်နေရသလို ဖြစ်နေမယ်လို့ ထင်ပါတယ်။
0 စည်းကမ်း မရှိကြဘူး ဆိုသတဲ့လား...
ကျွန်တော့ ဘ၀မှာ ဒီမိုကရေစီ နဲ့ မနေဘူးဘူး..........
မွေးလာကတည်းက စစ်ကျွန်လက်အောက် စည်းကမ်းမရှိတာအမှန်ပဲ..လူကူးမျဉ်းကျား က လမ်းဖြတ်ကူးတာ လက်ချိုးရေလို့ရတယ် အမှိုက်လား လမ်းတွေ့ပစ်တယ်..
ဆေးလိပ် နေရာတကာသောက်တယ် ( ဒါတွေ ဘာလို့ ဖြစ်နေသလဲ စဉ်းစားပါ)
ကျွန်တော်တို့ တိုင်းပြည်မှာ စည်းကမ်းမဲ့တာ လူတိုင်းပဲ ဒီလိုဖြစ်နေတာ အနှစ် ၄၀ ရှိပြီ..ကျွန်တော်တို့ ကို ဒီလိုဖြစ်အောင် ဘယ်သူတွေလုပ်ခဲ့ကြတာလဲ နိမ့်ကျတဲ့ လူမှုဘ၀တွေနိမ့်ကျတဲ့ အခြေခံပစ္စည်းတွေ နိမ့်ကျတဲ့ ပညာရေး စနစ်တွေ နိမ့်ကျတဲ့ သင်ကြားမှုတွေပြော၇ရင် တထောင့်တစ်ည ပုံပြင်တွေပါပဲ
ကိုယ်တိုင်လည်း သိတယ် မြင်နေရတယ် လူတွေဘယ်လောက် အောက်တန်းကျ ကိုယ်ကျင့်တရားပျက်နေ ကြပြီလဲ ဆိုတာ ...ဟုတ်ပြီ ဒါဆို ကျွန်တော်တို့ တစ်နိုင်ငံလုံးကို လက်ညိုးထိုး အပြစ်ပြောရင် ပြီးပြီလား...........
လူတိုင်းကို အပြစ်ပြောကြမှာလား ... အခြေခံ လူတန်းစားတွေ အသိပညာ အတတ်ပညာ စားဝတ်နေရေးအတွက်
တိုင်းပြည်က လုပ်ပေးနေသလား တိုင်းပြည်က လုပ်ပေးနိုင်ပြီလား.. တိုင်းပြည်အုပ်ချုပ်သူတွေ ကို ပြည်သူက ဘယ်လိုသဘောထားသလဲ အဘက်ဘက်စဉ်းစားရမှာပါ၊
ဥပမာ- တခု ( အခု ရန်ကုန်မှာ အထူးကားတွေ ခေတ်စားနေတယ် စစခြင်းတုန်းက လူပို မတင်ရပါဘူး တယောက်ကို 200 ပေးစီးရပါတယ်. တကယ်လဲ လူပိုမတင်ကြပါဘူး နောက်ပိုင်း လူစီးများလာတော့ ရသလောက်တင်တယ် ဆန့်သလောက် စီးခိုင်းတယ်။ကားမှာလည်း စာတန်းကြီးက ကပ်ထားသေးတယ်.. လူပိုမတင်ပါတဲ့ ဒါဆို ဒီကိစ္စကို အထက်ကလူကြီးတွေ မသိကြဘူးလားမသိချင်ယောင်ဆောင်နေတာလား...... တွေးကြည့်ကြပါ။)
စည်းကမ်းတခု ထုတ်ရင် စည်းကမ်း ထုတ်တဲ့လူတွေကိုယ်တိုင် လိုက်နာမှ ဖြစ်မှာပါ ..အခုတော့ မြန်မာပြည်မှာ မသိရင်ပြည်သူတွေ ကပဲ အောက်တန်းကျနေသလို ပြည်သူတွေပဲ စည်းကမ်းဖောက်နေကြသလိုလို...
* ပြည်သူကို သေနတ်ကိုင် အုပ်ချုပ်နေတဲ့ စစ်တပ်ရှိနေသရွေ့တော့ သူတို့ ထုတ်တဲ့ ဥပဒေကို ဘယ်သူက လေးစားချင်မှာလဲဗျာ
* တိုင်းပြည်ကို စည်းကမ်းရှိချင်တယ် ဆိုရင် အုပ်ချုပ်သူကိုယ်တိုင် စည်းကမ်းကို လိုက်နာမှရပါမယ်
လေးစားစွာဖြင့်
ချမ်းမြေ့
0 *BG သွေးအကူအညီ၏ နောက်ထပ်ခြေလှမ်းသစ်တစ်ရပ်ဖြစ်သော အသိပညာအတတ်ပညာ သင်ကြားပေးရေး ပညာဒါန*
ပြည်သူကိုညာရင် ပြည်သူက ညှာလိမ့်မည်မဟုတ်..."
၂၀၀၆ မှ စတင်၍ သွေးအကူအညီပေးခဲ့သည်။ ၈၈ မျိုးဆက်သစ် ကျောင်းသားများ (ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများ) ၏ စိတ်ကူး ၊ ၂၀၁၀ ဆယ်နှစ်လပိုင်း (၁၁) ရက်နေ့မှ စတင်၍ အမေစု လွတ်မြောက်မှု အကြိုအဖြစ် လူထုအင်အားကိုယူ၍ ရန်ကုန်မြို့ရှိ ဆေးရုံတိုင်းတွင် သွေးအကူအညီပေးခဲ့ရာ ပြည်သူနှင့် ဆေးရုံဆရာဝန်များ၏ ထောက်ခံမှုဖြင့် BG (Blood Group @ Bo-Gyoke ) ဟူ၍ အမည်တွင်ခဲ့သည်။ ယခုဆိုလျှင် မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ကချင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် သွေးအကူအညီပေးရေး အဖွဲ့များဖွဲ့နိုင်ခဲ့သည်။ လူငယ်မျိုးဆက်သစ်များစွာ မွေးထုတ်နိုင်ခဲ့သည်.။
ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယနေ့အထိ သွေးအလုံးရေ (၃၀၀၀) ၀န်းကျင်ခန့် လှူဒါန်းနိုင်ခဲ့ပြီး လူနာများ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ လူမှုရေး လုပ်ငန်းများဖြင့်လည်း ရေရှားပါးသော နေရာများတွင် ရေတုံကင်လှူဒါန်းပေးခြင်း၊ အ၀တ်အထည်များ လှူဒါန်းပေးခြင်း၊ ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် အာဟာရတိုက်ကျွေးခြင်းများ အပြင် ယခုဆိုလျှင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ်အနေဖြင့် မိဘမဲ့ လေလွင့် အမှိုက်ကောက် ကလေးငယ်များ၏ ပညာရည် တိုးတက်မြင့်မားရေးအတွက် အသိပညာ အတတ်ပညာများအား သင်ကြားပေးသော အခမဲ့ ပညာဒါနကျောင်းအား (၁၇ - ၇ - ၂၀၁၁) နေ့ နံနက် ကိုးနာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်ကြားခြင်းအစီအစဉ်ကို (၂၃ - ၇ -၂၀၁၁ ) တွင် စတင်ခဲ့ပါသည်။
ကွန်ပြူတာအခြေခံသင်တန်းအတွက် သင်တန်းသား (၁၀၀) ကျော်ကို Section - A , B , C ခွဲ၍ သင်ကြားလျက်ရှိပါသည်။ လေလွင့် ကလေးငယ် (၇၅) ယောက်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို တစ်ပတ်နှစ်ရက် သင်ကြားပေးပြီး သင်ကြားပြီးသည်နှင့် ထမင်းအာဟာရ ဆက်လက်ကျွေးမွေးပါသည်။ အသက်မွေးဝမ်းကြောင်းပညာများကို ရှစ်လပိုင်း လဆန်းပိုင်းမှစ၍ သင်ကြားသွားမည်ဖြစ်သည်။ အခက်အခဲများရှိသော်လည်း ယုံကြည်မှုကိုအားပြု၍ ဆက်လက် ကြိုးစားသွားမည်ဖြစ်သည်။
ကိုညီ
တာဝန်ခံ
(ဗမာနိုင်ငံလုံးဆိုင်ရာ BG သွေးအကူအညီပေးရေး)
(BG ပညာဒါနနှင့်အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးရေး )
(ဆက်သွယ်ရန် အကြံပေးရန် ၊ ဝေဖန်ရန် - ဖုန်း - ၀၉-၄၉၃၂၈၀၅၅ ၊ ၀၉-၇၃၀၇၉၇၉၂)
0 အတွေ့အကြုံနည်းသေးလို့ကိုး
ကော်မရှင်အမျိုးပေါင်းများစွာရှိပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကတော့ ကျန်တာတွေနဲ့ မတူ တမူ ထူးခြားပါတယ်။ သူဆောင်ရွက်ရမဲ့လုပ်ငန်းအတွက် သူ့မှာက ဥပဒေပြုနိုင်ခွင့်ရှိပါတယ်။ ကော်မရှင်ဥက္ကဌကအစ အဖွဲ့ဝင်များအလယ် ဝန်ထမ်းများအဆုံး သမာသမတ်ကျရပါတယ်။ ဘက်မ လိုက်ရပါ။ မှန်ကန်တဲ့သစ္စာတရား လက်ကိုင်ထားရပါတယ်။ ဖြောင့်မတ်တဲ့ သမာဓိဂုဏ်ရှိရပါတယ်။ တရားမျှတမှု ရှိရပါတယ်။ အကျင့်သိက္ခာပြည့်ပြည့်ဝဝနဲ့ တာဝန်ကျေကျေထမ်းဆောင်ရမှာပါ။ ဥပဒေ ရေးရာနဲ့ဆက်နွယ်နေတာကြောင့် ‘ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ’ ထုံးကို ကျင့်သုံးရမှာ ဖြစ်ပါ တယ်။ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာစံနှုန်းများလို့ သတ်မှတ်နိုင်ပါတယ်။
နေပြည်တော်မှာကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကအတည်ပြုလိုက် ပါတယ်။ ဦးတင်အေးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အဖြစ်ကနေ ၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့က ရုတ်တရက်နုတ်ထွက်သွားပြီး၊ နောက်ရက်မှာ သမ္မတဦးသိန်းစိန်ကအဆိုတင်ခဲ့ကာ လွှတ်တော် က သဘောတူခဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လာတာပါ။
နအဖစစ်အစိုးရလက်ထက် စစ်တပ်ရန်ပုံငွေအတွက်ရှာရတဲ့ ဦးပိုင်ကုမ္ပဏီအကြီးအကဲအပြင် အရေးပါ တဲ့ရာထူးများယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဟာ အဆင့်မြင့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင် ဖြစ်ပါ တယ်။
နေပြည်တော်မှာ ၂၀၁၁ ခု ဇူလိုင် ၂၇ ရက် ဗုဒ္ဓဟူး နေ့က ၃၆ ပါတီခေါင်းဆောင်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ခေါင်းဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ကော်မရှင်ဥက္ကဌက သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ပြောကြားခဲ့ပါတယ်။ တဆက်ထဲဘဲ တပ်မ တော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်လိုတယ်လို့လဲ ဦးတင်အေးက ပြောဆိုခဲ့ ပါတယ်။ ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အနိုင်ရခဲ့ကြောင်းလဲ သူက ဝန်ခံ ပြောသွားခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက အဲန်အယ်လ်ဒီက တပ်မတော်အကြီးအကဲတွေကို စစ်ခုံရုံးတွေ ဘာတွေ တင်မယ်ဆိုလို့ အာဏာမလွှဲခဲ့တာလို့ဆိုပါတယ်။
အမှန်တကယ်က စစ်တပ်ကပဲအနိုင်ရမယ်လို့ ကြိမ်းသေတွက်ထားခဲ့ကြတာပါ။ မဆလ ပါတီ တဖြစ်လဲ တစည ပါတီ သေချာပေါက် နိုင်ကိုနိုင်မှာလို့ တကယ်ယုံကြည်စိတ်ချခဲ့တာပါ။ ဒါကြောင့် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲကို ရဲရဲကြီး လုပ်ပေးခဲ့ကြတာပါ။ ၁၉၇၄ ခုနှစ်ကစတင်ဖွဲ့ခဲ့တဲ့ မဆလ ပါတီရဲ့ ၁၄ နှစ်ကျော်အင်အားကို အယုံကြီးခဲ့တာပါ။ အရပ်သားတွေရဲ့ တနှစ်ကျော်ကျော်အင်အားကို အထင်သေး လျှော့တွက်ခဲ့ကြတာပါ။ ပြည်သူတွေနဲ့ ယူနီဖောင်းဝတ်တို့ရဲ့ အာဏာရှင်စံနစ်ကို ရွံရှာမုန်းတီး ခါးသီး စက်ဆုပ်တဲ့ စိတ်ဓါတ်ကို အထင်သေးမျက်ကွယ်ပြုခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ်ထွက်လာတော့မှ မျက်ဖြူဆိုက် အကျပ်ရိုက်ခဲ့ကြတာပါ။ အဲဒီတော့မှ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံစွက်ကာ အာဏာ သိမ်းဘို့ အကွက်ချခဲ့ကြတာပါ။ ဒီဖြစ်ရပ်မှန်တွေအတွက် သမိုင်းသက်သေတွေရှိလျက်ပါ။
လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်တဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး မှာ နိုင်ငံရေးပါတီများ ပါဝင်လုပ်ဆောင်ကြဘို့ အဲဒီတွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက် ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အစိုးရနဲ့နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနဲ့ ပြည် သူလူထုများကို ထိခိုက်တာမို့ ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီဆောင်ရွက်သွား ဘို့ လိုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ပါတီတွေက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ပတ်သက်လို့ တင်ပြကြပါတယ်။ အဲဒီတော့ ကော်မရှင်ဥက္ကဋ္ဌသစ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကြံ့ဖွံ့ပါတီခေါင်းဆောင်ဟောင်း ဦးတင်အေးက ရွေး ကောက်ပွဲအတွင်း မဲ မသမာမှုတွေ၊ ကြိုတင်မဲနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ပေါ်ပေါက်လာ တာဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးလို့ပါဆိုပြီး ဆင်ခြေပေးလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို အကဲခတ်အဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံတကာက ကမ်းလှမ်းတုန်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက်ရှိတဲ့အတွက် အကဲခတ်တွေ မလိုဘူးလို့ ပြောခဲ့ဘူးပါတယ်။ ဒါကြောင့် ကော်မရှင်ဥက္ကဌရဲ့ အခုပြောဆိုချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလိုက်တဲ့ ဘက်လိုက်တဲ့ စကားပါ။
တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေုးပြုလုပ်ရန်ပြောကြားဘို့ အဆိုတင်တာကိုတော့
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ လာမဲ့ပြည်ထောင်စုလွတ်တော် ကိုတင်ပြဘို့အကြံပြုခဲ့ပါတယ်။ သူတို့ဘက်လှည့်လာမဲ့မြားဦးတော့ ရှောင်တတ်သားပါကလား။ တိုင်း ရင်းသားတွေကို စစ်ဘေးစစ်ဒဏ်က အကာအကွယ်ပေးဘို့ကိုတော့ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။ ဒါကျတော့ အတွေ့အကြုံက ရင့်ကျက်နေလို့ပေါ့။ သူတို့ရဲ့စီမံကိန်းပျက်မှာကို ရှောင်ရှားဘို့ပေါ့။
အရင်က ဘယ်အဆင့်နဲ့ ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ ယခုအခါမှာ ရာထူးနဲ့လိုက်ဘက်ညီအောင် တာဝန်ထမ်း ဆောင်ရမှာပဲဖြစ်ပါတယ်။ ဦးတင်အေးဟာ စစ်ကောင်စီရဲ့အဆင့်မြင့် ဒုဗိုလ်ချုပ်ကြီး၊ ကြံ့ဖွံ့ဗဟိုကော် မီတီဝင် မဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဌဖြစ်နေပါပြီ။ ရွေးကောက်ပွဲနဲ့စပ်ဆိုင်သမျှ လုပ်ငန်းဆောင်တာများကို ပီပီပြင်ပြင် ကျေပွန်စွာထမ်းရွက်ရတော့မှာသာဖြစ်ပါတယ်။ တရားမျှတ ဘက်မလိုက်တဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်ပြောနေရမှာ မဟုတ်ပါ။ ပြောဆိုပိုင်ခွင့်အာဏာလဲ မရှိတော့ပါ။ အာဏာပိုင်တွေလို ညွှန်ကြား ပြောဆိုနေရမဲ့အခါလဲ မဟုတ်တော့ပေ။ ဘူးလုံးနားမထွေးနဲ့ ရူးချင်ယောင်ဆောင်လို့ မဖြစ်တော့ပါ။ ရောထွေးယှက်တင် ထင်တိုင်းပြောဘို့မလိုတော့ပါ။ လက်ရှိရာထူးနဲ့အညီ ကျင့်ကြံ ထမ်းဆောင်ရတော့ မှာသာဖြစ်ပါတယ်။
အခုလို မိမိကိုယ်မိမိ အုပ်ချုပ်ရေးအာဏာပိုင်တဦးလို လက်ရှိတာဝန်ပိုင်းနဲ့ လုံးဝမဆိုင်တဲ့ ‘တပ်မတော်
ကို သွေးမခွဲဘို့၊ မဖြိုခွဲဘို့၊ အဲန်အယ်လ်ဒီကို အာဏာလွှဲမပေးခဲ့တာတို့၊ ဆန်ရှင်ကိုဆန့်ကျင်ဘို့’ တွေကို
ဦးတင်အေးက သတိပေးပြောကြားသွားခဲ့တာကတော့ သူ့ခမျာ ကော်မရှင်ဥက္ကဌသက်တမ်း လပိုင်း ပဲရှိသေးပြီး လုပ်သက်ကနုသမို့ အတွေ့အကြုံကနည်းသေးလို့ကိုး။
မောင်မောင်လှကြိုင်
၂၀၁၁ ဇူလိုင် ၂၉
Friday, July 29, 2011
1 သုဝဏ္ဏ ကွင်း၊ ဘောလုံးပွဲတစ်ပွဲ၊ မြန်မာတို့၏စိတ်ဓာတ် နှင့် နာယက ခေါင်းဆောင်

ရေးသားသူ. .Ernesto Kee Ling


ဂျူလိုင်လ ၂၈ ရက်နေ့ တိမ်ကင်းစင်လေသော အခါသမယ ညနေ ၂နာရီခွဲ Ernesto တစ်ယောက် မြန်မာတို့၏ အမှတ်မရှိသောစိတ်ဓာတ်အပြည့်နှင့် သုဝဏ္ဏ ကွင်းဆီသို့ ချီတက်ခဲ့သည်။ ကွင်းဝအရောက် ရွှေမြန်မာတို့ အကျင့် အတိုင်း မှောင်ခိုဈေးကွက်မှ လက်မှတ်များကို အထူးတန်းမှကြည့်ရန် ၃၀၀၀ ဖြင့်ဝယ်ယူခဲ့သည်။ တရားဝင်ရောင်းဈေးမှာ ၁၀၀၀ ..။ သို့နှင့် လက်မှတ်ကိုင်ကာ သူငယ်ချင်းတစ်စုနှင့် ဂိတ်ပေါက်မှ ၀င်မည်ဟု တန်းစီလူတန်းကြီးနောက် ၀င်ရောက်တန်းစီ..။သို့ရာတွင် နေထိုင်သည်က မြန်မာပြည်၊ကိုင်ထားသည်က မှောင်ခိုလက်မှတ် ပုံမှန်ဂိတ်က ပိတ်နေ။ သြော် မြန်မာ ပြည်သားပေပဲ ။ ဘယ်ရမလဲ အကောင်ကြီးကြီး အမြီးရှည်ရှည်တွေကားဝင်ရန်ဂိတ်မှ တံခါးနားတွင်သွားစောင့် ။ လာပါပြီ
အမြီးရှည်နဲ့ တစ်ကောင် သူ့ကားအ၀င် သူငယ်ချင်းတစ်အုပ် လက်ကိုတွဲ “ သားကြီးတို့ရေ ကိုင်ထားဟ လူစုကွဲနေမယ် ” အချင်းချင်း အော်ပြော ... အတင်းတိုးဝင်..။ ဒီလိုနဲ့ အထူးတန်းပေါ်ပြေးတက် လားလား နည်းတဲ့လူအုပ်ကြီးလား မြန်မာဟူသော အသိ အချင်းချင်းစည်းလုံးလိုက်ကြတာ “ မြန်မာ မြန်မာ မြန်မာ ” အော်သံတွေ ပဲ့တင်ထပ်လို့ပေါ့ ။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော်တို့ကို လှမ်းပြော ဟေ့ကောင်တွေ ငါတို့နေရာတွေ မှာ လူအပြည့်ပဲ နေရာမရှိတော့ဘူး ။ အာကာ က ပြန်ပြောလိုက်တယ် ဒါဆိုလည်း ရတဲ့နေရာမှာ မတ်တပ်ရပ်လို့ရမယ့်နေရာ ရှာကွာ တဲ့။ ရပ်ဖို့နေရာရ ပါပြီ။ အာကာနဲ့ ကျောင်းတော်က ရန်စမကင်းတဲ့ကောင်နဲ့ ကပ်လို့ ..။ ဒါပေမယ့် မြန်မာ အသင်းကိုချစ်လို့တူတူ လာအားပေးကြတာပဲ တစ်ယောက်နဲ့ တစ်ယောက် ဟေ့ကောင် နေရာမရရင် ငါ့နားမှာလွတ်တယ် လာခဲ့...။ တည့်နေကြတာပေါ့ဗျာ..။ အဲ့ဒါမြန်မာလေ..။မြန်မာအသင်းကိုချစ်တဲ့ မြန်မာတွေလေ။
ဘေးဘီဝဲယာ တစ်ချက်ဖမ်းရှိုးတော့ လားလား GTC ကျောင်းဝတ်စုံတွေနဲ့ ဆေး-၂ က သူငယ်ချင်းတစ်ချို့ နှင့် လား လား.. အဖြူအစိမ်းတွေနဲ့တောင်ပါသေး။ သူတို့တွေ ဒီပွဲအတွက် အတန်းတွေ ဖျက်လာကြတယ်လေ။ Ernesto ရောဘာထူးလဲ မကွေးကနေ လာကြည့်တာဆိုတော့ ကျောင်းက ပျက်ပေါ့။ မြန်မာအသင်းကိုချစ်တဲ့ မြန်မာဆိုတဲ့နာမည်ပါရင်တောင် အားပေးတတ်တဲ့ ညာဉ်ဆိုးကြောင့်ပေါ့။
Ernesto လေ မြန်မာပွဲတွေကြည့်ရင် ကြက်သီးထတဲ့ အချိန်တစ်ချိန်ရှိတယ် ။ ပရိသတ်တွေ အားလုံးတူညီ “နိုင်ငံတော်သီချင်း” ဆိုတဲ့အချိန်ပေါ့။ ပွဲစပြီ နိုင်ငံတော်သီချင်းနဲ့ ။ Ernesto တို့နားက ဗုံနဲ့ဗျား...။ပွဲစတော့ မြန်မာက နည်းနည်းဖိထားပါတယ်။ ဂိုးနားတော့ သိပ်မရောက်သေးပါဘူး။ အိုမန်တွေက skill သာတယ် ( မြန်မာတွေထက်ပေါ့ )။ ဒီလိုနဲ့ ၂၂မိနစ်လောက်မှာ ဂိုးပေးလိုက်ရတယ် ။မြန်မာဂိုးသမားနဲ့ နောက်တန်းတို့ ညံ့ဖျင်းမှုကြောင့်ပေါ့။ ဆဲဆိုသံတွေ ဆူညံပွက်သွားတယ် ။ ဒါပေမယ့် ခဏပါပဲ ဗုံသံမြိုင်မြိုင် နဲ့ “ မြန်မာ ” အော်သံတွေ ကွင်းလုံးလျှံတက် ထွက်လာတာပါပဲ။
မြန်မာတွေလေဗျာ.. မြန်မာ ဆိုတဲ့အသံကြားရင် သွေးသားထဲက ဆူတက်နေတဲ့ မြန်မာတွေလေဗျာ။ Ernesto တို့ သူငယ်ချင်းတစ်စုထဲ မှာ အသက်အကြီးဆုံး ကိုလင်းထွန်းက သူ့ရှေ့က အလံ လွှင့်နေတဲ့ နှစ်ယောက်ကို “ ဟေ့ကောင်တွေ ထမီ အလံတွေ လွှင့်မနေနဲ့ ကျက်သရေရှိတဲ့ တို့နိုင်ငံ အလံ ပါလာရင်လွှင့် မပါရင် မလွှင့်နဲ့ တဲ့ ” ဖြန်းခနဲ ထ လာတယ်...။ နိုင်ငံတော်အလံ အတွက် မခံချင်စိတ်လား....၊ ဇာတိမာန်လား....။ အိုမန်သားတွေကလည်းဗျာ သူတို့ခန္ဓာကိုယ်မှ သူတို့အားမနာ တဖုန်းဖုန်းလဲပြနေတယ်ဗျာ....။ ကျွန်တော်တို့ ရှေ့တန်းက ရန်ပိုင် အ၀ါကဒ်ထိပြီ။ မကြာပါဘူး နောက်တန်းက ရှင်းထုတ်တာ ဘောလုံးထိပါတယ် ပင်နယ်တီ ပေးလည်းရတယ် မပေးလည်းရတယ်ပေါ့ ဒီအလုံးက။ ဒိုင်က ပင်နယ်တီ ပေးလိုက်တော့ စတာပါပဲ အဲ့မှာ မြန်မာ စိတ်ဓာတ်...။
Ernesto တို့တစ်စု သွားအားပေးတယ်..။ ရှုံးမယ်ဆိုတာ သိနေတာပဲ ။မကျော်နိုင်ဘူးသိနေတာပဲ ဗျာ..။ မြန်မာဆိုတဲ့ စိတ်ဓာတ်ရယ်.. အားကစားစိတ်ဓာတ်အပြည့်နဲ့ ဘောလုံးပွဲတစ်ပွဲ ကြည့်ချင်လို့ပါ။ ပစ်ခတ်ပွဲတွေ စတာပါပဲဗျာ။ ပထမက Ernesto တို့ အထူးတန်းနဲ့ ကပ်လျက် ရိုးရိုးတန်းက ပရိသတ်တွေက အိုမန် အရန် အသင်းက သွေးပူလေ့ကျင့်ခန်းဆင်းနေတဲ့ကောင် တွေကို ရေသန့် ပုလင်းနဲ့ စပေါက်တာပဲ( သူတို့ ပင်နယ်တီကန်ခါနီးမှာပေါ့ ) ပေါက်လည်းပေါက်ချင်စရာဗျာ။ မြန်မာဂိုးစည်းနားကပ် နေကြတော့ စည်းကြပ်ဒိုင်က ဝေးဝေးသွားခိုင်းတယ်..။သူတို့က ရစ်သီ ရစ်သီ လုပ်နေကြတော့ နီးနီးကပ်ကပ် မြင်နေရတဲ့ ပရိတ်သတ် ဘယ်ခံ နိုင်မလဲဗျာ။ ပြုပြင်သင့်တဲ့ မြန်မာ့စိတ်ဓာတ်တစ်ခုပေါ့။ ရေသန့်ဘူးနဲ့ ထုတော့တာပဲ အဲ့ကောင်တွေကို...။ပွဲက စတည်းက ယဉ်သကို ဆိုသလိုပါပဲဗျာ
အယ်ဟက်ဘ်စီနဲ့ သူ့အရန် ဂိုးသမားတို့ ပွဲမစခင် သွေးပူလေ့ကျင့်နေတုန်းတည်းက ရေသန့်ဘူးတွေ ၀င်နေတာ။ အဲ့ဒီ ဂိုးသမားကလည်း နည်းနည်း ရိုင်းတယ်ဗျ...။ပွဲက ပင်နယ်တီကနေ ဂိုးပေးရပြီးတည်းက ပိုပို ဆူလာတယ်..။နောက် သည်းမခံနိုင်တဲ့ စိတ်ဓာတ်တွေ မရင့်ကျက်သေးတဲ့ စိတ်ဓာတ်တွေကြောင့် ပွဲက ပျော်စရာ မောစရာ ဆိုတဲ့ အတိုင်း အစက ပျော်ပျော် ရွှင် ရွှင် ကြည့်နေရာက မောလာရပြီ။ အိုမန်ကစားသမားတွေ ဘောလုံးတောင် သွားမကောက်ရဲတော့ဘူး..။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးဇော်ဇော်ဆိုတဲ့ လူကြီး ကွင်းထဲ ၀င်လာတယ် .....သူဝင်လာပြီးမကြာပါဘူး.. ရဲတပ်ရင်း ၂ ရင်းစာလောက် ကွင်းထဲဝင်လာကြတယ်... ပွဲက ပိုဆူလာတယ် ဘောလုံးသမားတွေ မဟုတ်ဘူး ပရိသတ်တွေ... ကွင်းလုံခြုံရေးဆိုတဲ့ ရဲတွေဟာ နိုင်ငံရပ်ခြားမှာလည်းရှိပါတယ်... ဒါပေမယ့် သေနတ်ကိုင်တာတော့ မတွေ့ဖူးဘူး... မြန်မာပြည်သုဝဏ္ဏ ကွင်း မှာတေ့ ရှိတယ်ဗျာ...။အေးလေ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ အုပ်ချုပ်ဆဲ တိုင်းပြည်ပဲကိုး...။ မလုပ်ပါနဲ့ဗျ မြန်မာတွေဟာ ယဉ်ကျေးပါတယ် ဒါပေမယ့် မေတ္တာ ဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန် ရှိတယ်လေ .. ။
ပြောပြလည်း ကျွဲပါးစောင်းတီး သလို နွားပလာတာ ကျွေးသလို နားလည်မှာ မဟုတ်ဘူးလို့ပြောရင်လည်း Ernesto လွန်ရာကျမယ်။ အဲ ဦးဇော်ဇော်ဆိုတဲ့ မြန်မာ့ဘောလုံးဥက္ကဌကြီး ကွင်းထဲ ၀င်ပြီးလိုက်တောင်းပန်တယ်...။ ပိုဆိုးလာပါရောဗျာ...။ သူ့ပါ ပစ်တော့တာ..။ အဲ့မှာ Ernesto အတွေးတစ်ခုဝင်လာတယ်... ဥက္ကဌရာထူးဘယ်သူက ပေးတာလဲတော့မသိဘူး လက်ရှိနိုင်ငံ့ခေါင်းဆောင် တွေမရနိုင်တဲ့ ပြည်သူ( ပရိသတ်) ဆီကလေးစားမှု ရ နိုင်လောက်အောင် သူဘာတွေ လုပ်ထားလို့ လိုက်တောင်းပန်ပြီး ငြိမ်ဖို့ ပြောရဲရတာလဲ ရှင်းပါတယ်... သူ အာရှ ဘောလုံးလောကမှာ မျက်နှာပျက်မှာစိုးတာ ထိပ်ဆုံးက နေမှာမလို့ပါ...။ ဒီလိုလုပ်လိုက်တော့ မြန်မာတွေရဲ့ အဆင့်အတန်းကို ဟိုး အ၀ီစိရဲ့အောက် သူကိုယ်တိုင်ပို့လိုက်တာပါပဲ။ နဂိုရ်ကမှ ရေသန့်ပုလင်း ကွင်းထဲရောက်လို့ကျနေရတဲ့ အဆင့်အတန်းကို ... သူ့ အဆင့်နဲ့ မရ နိုင်တဲ့ respect ကို အတင်းကာရော ဟန်ဆောင်ပြီး ကွင်းပတ် လိုက်တောင်းပန်နေတော့ကော ရနိုင်ပါ့မလား...။( Ernesto ရဲ့ အမြင်သီးသန့်ပါ)
သူလည်း တောင်းပန်လို့အပြီး နားနေတဲ့နေရာကိုပြန်သွားရော... အိုမန်အသင်းရဲ့ နည်းပြအဖွဲ့ထိုင်နေတဲ့နားက ခွမ်းခနဲ အသံကြားလိုက်ရလို့ လှည့်အကြည့် အိုမန်တွေ ကွင်းလယ်စည်းထဲ ပြေးဝင်သွားတာမှ လုံးခနဲပဲ။ သူတို့ဂိုးနည်းပြက ခေါင်းကိုလက်နဲ့ အုပ်လဲကျလို့ပေါ့..။
သွားပြီ..... Ernesto စိတ်ထဲတွေးလိုက်ပါပြီ။ ပိုးစိုးပက်စက်ကို ရှုံးပြီ။ ရလာဒ် ကြောင့်ရှုံးတာက လက်ခံနိုင်လောက်ပါတယ်။ဂုဏ်သိက္ခာ ရှိပါတယ်။ ခုဟာက စိတ်ဓာတ် sport spirit ရှုံးပြီ။ သူတစ်ပါးရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးပြီ။ နောက်တော့ ဦးဇော်ဇော်က ပွဲဖျက်လိုက်ကြောင်းကြေညာတယ် ။
ဒီလိုနဲ့ ပြန်လာတော့ ဘလော့ ၂ ခုလောက်ထိ ရဲက လမ်းပိတ်ထားတယ်။ တစ်ခြားလမ်းက သွားပါတဲ့။ ရဲတပ်ရင်းအပြင်မှာ တပ်ရင်း ၃ ခုလောက်ရှိလောက်တယ် ။ အကုန် လက်နက်ကိုင်တွေ ????? ဘာလို့လဲ Ernesto စဉ်းစားမရဘူး ။ဒီလိုနဲ့ အိမ်ပြန်ရောက်လို့ အားကစားဆိုဒ်တစ်ခုကို လှန်လှောအကြည့် comment တစ်ခုက ဒီလိုရေးထားတာကိုတွေ့လိုက်ရတယ် “ဦးဇော်ဇော်နဲ့ ပြိုင်ဘက်ကစားသမားအားဖိနပ် ထီး ရေသန့်ဘူးတို့နှင့် ပစ်ပေါက်သူအား ရှုံ့ချကြောင်း (ပစ်တဲ့လူကိုလည်းကိုယ်ချင်းစာပါတယ် ဒါပေမယ့် ပွဲဖျက်တဲ့အထိတော့မဖြစ်သင့်ပါဘူး) ဦးဇော်ဇော်ရေ ဟတ်ပြီလား ကိုယ့်အတတ်ကိုဆူးတာ ရိုးရိုးတန်းကို အလာကားပေးဝင် ရိုးရိုးတန်းက အောက်တန်းစားတွေက အရင်ပစ်ပေါက်ကြတာ”.....
“ စိတ်ဓါတ်အောက်ဆုံးထိထိုးကျနေတဲ့ အပေါစားပရိတ်သတ်တချို့ကြောင့် ပွဲပျက်ပါတယ်... ဥက္ကဌက လိုက်တောင်းပန်နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ဘောလုံးဥက္ကဌဆိုတဲ့ ဂုဏ်ပုဒ်ကို လေးစားပြီး ရေဘူးတွေ၊ပုလင်းတွေနဲ့ မပစ်တင့်ဘူး... ဒီပွဲလာကန်တဲ့အိုမန်..နောက်လာကြည့်တဲ့ တခြားနိုင်ငံက တာဝန်ရှိသူတွေ မြန်မာတွေကို စည်းမရှိ ကမ်းမရှိလို့ စည်းကမ်းမဲ့လူနည်းစုကြောင့် အထင်သေးခံရပါလိမ့်မယ်.. နဂိုက ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ကြားထဲ တချို့ ပရိတ်သတ်တွေရဲ့ အဆင့်မရှိတဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာ့ အဆင့်အတန်းကျတယ်ဗျာ..... ” အစ ရှိသည်ဖြင့်ပေါ့ဗျာ..့ ပြါဗျာ ကျွန်တော်တို့ မြန်မာတွေ ဘာဆက်လုပ်သင့်သလဲ... ဂျပန်စကားပုံတစ်ခု ရှိတယ်ဗျ....
“ အပြစ်မရှာပါနဲ့ အဖြေကိုရှာပါ လူတိုင်း အပြစ်ရှာတတ်ပါသည် ” တဲ့ အဖြေရှာရအောင်ဗျာ....
Ernesto ထင်တာက စိတ်ဓါတ်တွေက အစ ပြင်ရမယ် ... ဒါပေမယ့် ဒီလိုမျိုးရိုးရိုး ပြင်လို့မရဘူး... ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ မြတ်နိုးပြီး နှစ်နှစ်ကာကာ ချစ်ခင်လေးစားတဲ့ နာယက ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ပြုပြင်ကြရပါမယ် ။ဒီလိုဆိုရင် အခုလို အဖြစ်မျိုး နောက်ထပ် မဖြစ်လာနိုင်တော့ပါဘူး။ ဖြစ်လာပါဆိုရင်တောင်မှ ဖြစ်လာမှာ မဟုတ်တော့ပါဘူး...။ သုဝဏ္ဏ ကွင်း က ဘောလုံးပွဲ တစ်ပွဲကနေ Ernesto ရဲ့ ကိုယ်ပိုင် သီးသန့် အမြင် ချဲ့ထွင်မှုပါ....
Photo ..Reuters
Ernesto facebookမှ
0 တစ်ခန်းရပ်ပြဇာတ်
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ်သင်တန်းဆင်းပွဲအား ၂၈.၇. ၂၀၁၁ (ကြာသပတေး)နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းဆင်းပွဲ၌ မိမိတို့ ပြီးခဲ့သော (၅) ပါတ် ခန့်တွင် စာတွေ့သင်ကြားခဲ့သော အတွေ့အကြုံများအား ယခု သင်တန်းဆင်းသည့်နေ့တွင် အတွေ့ အကြုံရှိပြီးသော သင်တန်းသား/သူဟောင်းများတို့မှ တစ်ခန်းရပ် ပြဇာတ်တိုလေးများဖြင့် လူမှုရေး (နာရေး) လုပ်ဆောင်ရာတွင် တွေ့ကြုံရမည်ဖြစ်သော အယူသီးသော နာရေးရှင်များ၊ အရက်သေစာ မူးယစ်သောက်စားထားသော နာရေးရှင်များ၊ စိတ်ဝေဒနာ ခံစားနေရသော နာရေးရှင်များနှင့် မူုခင်း ဆိုင်ရာများတွင် တွေ့ကြုံရမည့် သင်ခန်းစာများကို သဘာရင့် ၀ါရင့်သရုပ်ဆောင်ကြီးများကဲ့သို့ သရုပ်ဆောင်ပြသခဲ့သည်။ သင်တန်းသား/သူ အသစ်များအနေဖြင့် ယခုကဲ့သို့ လက်တွေ့ရင်ဆိုင်ရမည့် အခက်အခဲများကို ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ မည်သို့မည်ပုံ ဖြေရှင်းရမည် ဟူသော သင်ခန်းစာများကို ရရှိသွားခဲ့သည်။
တစ်ခန်းရပ်ပြဇာတ် သင်တန်းအစီအစဉ်ပြီးဆုံးသွားချိန်တွင် ၄/၂၀၁၁ လူမှုရေးမျိုးဆက်သစ် သင်တန်းဆင်းများ စုပေါင်းလှူဒါန်းငွေအား လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ ၀န်ထမ်းများ အသင်းသူ/သားများ၊ ဆေးဝါးကုသရန် လာရောက်ကြသော လူနာများ၊ လူနာရှင်များအား နံနက်စာ ထမင်း+ဟင်း၊ တို့စရာအစုံအလင်ဖြင့် လာရောက်ကုသိုလ်ဖြစ် ကျွေးမွေးလှူဒါန်းသော အလှူရှင် ဒေါ်နှင်းနှင်းအောင်၊ ဒေါ်သင်းသင်းရွှေတို့၏ အာဟာရကုသိုလ်ဖြစ် ထမင်းဟင်းအား မြိန်ရည် ရှက်ရည် သုံးဆောင်ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူတစ်ဦးဖြစ်သော မသန်းသန်းဋ္ဌေး၏ ဖခင်ဖြစ်သူ ဦးချစ်ထွန်း (ထားဝယ်)၊ စွန်းလွန်းယောဂီ၊ အသက် (၉၁) နှစ်၏ ဈာပနကိစ္စရပ်အား နေ့လည် (၂း၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ ဗြဟ္မစိုရ်လမ်း နေအိမ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ ယနေ့ သင်တန်းဆင်း အသင်းသား/သူများ၊ အလုပ်အမှုဆောင်များတို့ဖြင့် စည်းလုံးညီညွတ်စွာ သွားရောက်ပြီး ရေဝေး သုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လူမှုရေးစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကုသိုလ်ယူလိုသော သင်တန်းတက်ရောက်နေသည့် အသင်းသား/သူတို့သည် မြတ်ဗုဒ္ဓဟောကြားထားသော ဗြဟ္မစိုရ် တရားလေးပါးအား လက်ကိုင်ပြု၍ လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကုသရေး၊ ပညာရေး စသည့်နိုင်ငံတော်တွင် လိုအပ်နေသော ကွက်လပ်များအား တဖက်တလမ်းမှ ဖြည့်ဆည်း နေသူများဖြစ်သည်။ ထိုကဲ့သို့ တဖက်တလမ်းမှ ကူညီဖေးမ ပေးဆပ်မှုတို့သည် တော်ရုံတန်ရုံ ဇွဲ၊ လုံ့လ၊ ၀ီရိယတို့နှင့် မပြီးချေ။ မိမိတို့၏ အချိန်၊ မိမိတို့၏ စီးပွားရေး၊ မိမိတို့၏ မိသားစုအရေး စသည်တို့ ကိုပါ စွန့်လွှတ်ပေးဆပ်ရသည်များလည်း ရှိသည်။ ထိုသို့ စွန့်လွှတ်ပေးဆပ်မှုများကို ဘာသာ သာသနာ အတွက်၎င်း၊ နိုင်ငံ့အရေး၊ ပြည်သူ့အရေးတို့ကို စွန့်လွှတ်ပေးဆပ်နေကြသော အများစုမှ မလုပ်လိုကြ သော အနိမ့်ကျဆုံးကုသိုလ်အလုပ်ကို လုပ်ကိုင်နေကြသော၊ လုပ်ကိုင်ရန် ပြင်ဆင်နေကြသော တိုင်းပြည်၊ နိုင်ငံ၊ မိသားစုတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေကြသော လူမှုရေးသူရဲကောင်းများ အဖြစ်၎င်း၊ မိမိတို့၏ မိသားစုဝင်များ၊ မိမိတို့၏ စီးပွားရေးလုပ်ငန်းရှင်များ၊ မိဘပြည်သူများကပါ အသိအမှတ်ပြု အားပေးကြမည်ဆိုလျှင် သာယာလှပပြီး ငြိမ်းချမ်းမှုရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာ လိမ့်မည်ဟု ထင်မြင်မိပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)
0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားများထံသို့အိပ်ဖွင့်ပေးစာ...
တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။
အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။
ဦးအုန်းကြိုင်
သတင်းနှင့်ပြန်ကြားရေးဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
aungsansuukyi openletter
0 ရင်ထဲကရှစ်ဆယ့်ရှစ်-အပိုင်း ၂ - (မောင်မောင်ဝမ်း )
တကယ်တော့ဗိုလ်ချုပ်ကြီးနေ၀င်း(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်း)၁၉၆၂ခုနှစ်မှာအာဏာသိမ်းလိုက်ခြင်းဟာ…ဒီမိုကရေစီကိုသင်းကွပ်ပစ်လိုက်တာပဲဖြစ်ပါတယ်….သူအာဏာရချိန်ကစလို့ ပါတီစုံဒီမိုကရေစီဆိုတာလည်းဆိပ်သုဉ်းသွားရရှာတယ်…၁၉၇၄မှာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုအတည်ပြုပြီး….တိုင်းပြည်ကိုတပါတီအာဏာရှင်စနစ်နဲ့သွားတယ်….စီးပွားရေးပုံစံမှာလည်းဆိုရှယ်လစ်စီးပွားရေးဆို… .ပြည်သူပိုင်အခန်းကဏ္ဍကိုမှေးမှိန်အောင်လုပ်…တံခါးပိတ်စီးပွားရေးမူဝါဒကိုချမှတ်ပြီး…နိုင်ငံတကာရဲ့လာ ရောက်ရင်းနှီးမြုတ်နှံမူ့တွေကိုလက်မခံဘူး…အဲဒီတော့ဘာဖြစ်လာသည်းဆိုတော့…မှောင်ခိုစီးပွားရေးစနစ်ဟာ…မဆလအစိုးရခေတ်မှာအရမ်းကြီးထွားခဲ့တယ်….ကျနော်တို့တိုင်းပြည်ကနည်းပညာအားနည်းတော့…ဘာများဖြစ်ဖြစ်မြောက်မြောက်တီထွင်နိုင်မှာလည်း….ပြည်တွင်းမှာထုတ်လုပ်တဲ့ခပ်ညံ့ညံ့ပစ္စည်းတွေကိုပဲသုံးစွဲရတော့တယ်..….ကျနော်တို့ကျောင်းသားဘ၀က..တက္ကသိုလ်အဆောင်တွေမှာပေးထားတဲ့..ဆင်တဲထုတ်ရုပ်မြင်သံကြားတွေဆို…ဒီနေ့လူငယ်တွေတွေ့လိုက်ရင်ရီကြမှာအမှန်ပဲ….ထင်းရူးသေတ္တာပုံးကြီးလိုဟာမျိုး….
နောက်တခါအံ့အားသင့်စရာမဆလအစိုးရရဲ့လုပ်ရပ်တခုရှိသေးတယ်ဗျ….ပိုက်ဆံချမ်းသာလို့အဖမ်းခံရတယ်ဆိုရင်…ယုံမလားမသိဘူး..အဲဒါတကယ်ပါ…ပိုက်ဆံချမ်းသာတဲ့သူတွေကို“ဆူဇကာစစ်ဆင်ရေး”ဆိုထောင်ထဲထဲ့ထားတယ်….သဘောကတော့…ဂုတ်သွေးစုတ်အရင်းရှင်တွေပေါ့…ဒီလုပ်တွေလုပ်လာနေမှာတော့…ဒီတိုင်းပြည်မှမမွဲ..ဘယ်သူမွဲတော့မှာလည်း….ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားတယ်….ဒီလိုနဲ့…၁၉၆၂စစ်အာဏာသိမ်းစဉ်ကပါဝင်ပြီး တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ စစ်ကောင်စီမှာအကြီးအကဲ တယောက်အဖြစ် ပါဝင်ခဲ့တဲ့…ဦးအောင်ကြီးဗိုလ်မူးချုပ်ဟောင်းအောင်ကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ..ခနလေး ဥက္ကဌဖြစ်ခဲ့ဘူးသူ)သူက..ဦးနေ၀င်းဆီပေးပို့ထားတဲ့..စာမျက်နှာလေးဆယ်ကျော်ပါစာတမ်းတခုကလူထုကြားထွက်ပေါ်လာတယ်လေ…..ဦးအောင်ကြီးဟာဦးနေ၀င်းရဲ့ အမျက်တော်ရှမူ့ကြောင့် အာဏာရုတ်သိမ်းခံရသူ တယောက်ပေါ့…..မဆလကနေအထုတ်ခံလိုက်ရပြီး..ရန်ကုန်မြို့စမ်းချောင်းအရပ်ဒေသမှာလဘက်ရည်ဆိုင်ကြီးဖွင့်ထားပြီး…နိုင်ငံကျော်“အောင်ကြီးကိတ်”ဆိုတာသူ့စီးပွားရေးလုပ်ငန်းတွေပါ….သူ့စာတမ်းက..လူထုကြားမှာတော်တော်လေးပြန့်ပြန့်နှံ့နှံ့ရောက်သွားခဲ့တယ်…ဗိုလ်ချုပ်ကြီးခင်ဗျားဆို…အစချီထားပြီး…ဖြစ်ပေါ်နေတဲ့…လူမူ့၊စီးပွား၊နိုင်ငံရေးအကြပ်အတည်းတွေကိုတင်ပြထားတယ်….ဒါပေမဲ့သူ့စာထဲမှာဦးနေ၀င်းကိုတော့အပြစ်ဖို့မထားဘူး…ဒါတွေဦးနေ၀င်းမသိပါဘူးေးပါ့(သဘောကတော့…သူမသိလို့..ဒီလိုတွေဖြစ်နေရတာပါပေါ့)…နောက်တခါ၁၉၆၂အာဏာသိမ်းစဉ်က ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးဖောက်ခွဲပြီး..ကျောင်းသားအများအပြားသေဆုံးခဲ့ကြရတဲ့ဖြစ်စဉ်မှာ..သူရော..ဦးနေ၀င်းရောနှစ်ယောက်လုံး..အပြစ်ကင်းမဲ့လေဟန်တွေပါ ပါဝင်တယ် (၁၉၆၂အာဏာသိမ်းတော့စစ်အာဏာရှင်များဟာ…ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာရှိတဲ့…ကျောင်းသားသမဂ္ဂအဆောက်အဦကိုဗုံးဖောက်ခွဲပြီး ပစ်ခပ်နှိမ်နင်းတဲ့အတွက် ကျောင်းသားပေါင်းများစွာ သေကျေခဲ့ရပါတယ်…. များစွာ..ထောင်သွင်းအကျဉ်းချခြင်းခဲ့ရပါတယ်…အဲဒါကိုတော့…ဆဲဗင်းဂျူလိုင်ကျောင်းသားလှုတ်ရှားမူ့လို့သမိုင်းတွင်စေခဲ့ပါတယ်…အဲဒီအချိန်ကစလို့ ကျောင်းသားသမဂ္ဂကို တရားဝင်ရပ်တည်ခွင့်မပေးတော့တာအခုထိပါပဲ)
ဘာပဲဖြစ်ဖြစ်…ဦးအောင်ကြီးရဲ့စာတမ်းကတော့…မျက်မှောက်အခြေနေနဲ့အနီးစပ်ဆုံးအံဝင်ဂွင်ကျဖြစ်သွားတဲ့အတွက်…လူထုကြားမှာ..တော်တော်..ဂယက်ထသွားပြီ…ဘယ်လောက်ထိဂယက်ရိုက်သလည်းဆို တော့ပါတီညီလာခံမှာ…ဦးနေ၀င်းကိုယ်တိုင်ကျောင်းသားသမဂ္ဂကိစ္စ္ဂကိုဖြေရှင်းချက်ပေးရတော့တယ်…သူ့ဖြေရှင်းက…ဦးအောင်ကြီးကိုပဲ…ပြန်ပြီးလက်ညှိုးထိုးတရားခံအဖြစ်အပြစ်ဖို့သရောင်ရောင်ပြောဆိုချက်တွေနဲ့ပြောဆို ထားတယ်လေ….အဲဒီပါတီညီလာခံမှာပဲ…ဦးနေ၀င်းကနိုင်ငံရေးအစတခုကိုဟပေးလိုက်တယ်…တိုင်းပြည်ကို…တပါတီစနစ်နဲ့ပဲသွားမလား…ပါတီစုံစနစ်နဲ့ပဲသွားမှာလားဆိုတာ…အဆုံးအဖြတ်ပေးဘို့…ညီလာခံကိုတင်ပြခဲ့ တယ်…..အဆိုးဆုံးက…လူထုကိုစိမ်ခေါ်တဲ့စကားပြောဆိုသွားခြင်းပါ…ကျနော်တို့…တခုတည်းသောမြန့်မာ့ရုပ်မြင်သံကြားကတဆင့်ပါတီညီလာခံကျင်းပတာကိုကြည့်လိုက်ရတယ်…ကျနော်မှတ်မိသေးတယ်….ဦးနေ၀င်းဟာ..မိန့်ခွန်းပြောဆိုနေရင်းက..ဒေါသတွေထွက်လာတယ်….
(ကြည့်ရတော်တော်ကိုရုပ်ဆိုးတာပါ)…ဘာပြောသလည်းဆိုတော့…..“ဒီတခါတိုင်းပြည်မှာ..ဆူဆူပူပူလုပ်တဲ့သူတွေကိုသတိပေးချင်တယ်……စစ်တပ်ဆိုတာမိုးပေါ်ထောင်မဖောက်ဘူး…ပစ်ရင်မှန်အောင်ပစ်တယ်…နောက်တခါဆူဆူပူပူလုပ်လို့ကတော့…မလွယ်ဘူးသာပြင်”ဆိုတော့တိုင်းပြည်ကလူထုကပိုချဉ်သွားကြတော့တယ်….စဉ်းစားကြည့်ပါ…တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့သူ ပြောအပ်သောစကားလားဆိုတာ…. .ဒါဟာ.. ခေတ်အဆက်ဆက်ကျန်ရစ်နေတဲ့..ဦးနေ၀င်းရဲ့သမိုင်းဝင်မိန့်ခွန်းပါ….လူထုကဘာဖြစ်လာသလည်းဆိုတော့….ကြောက်လန့်မလာပဲ….ဒေါသတွေပိုထွက်လာကြတယ်…….နဂိုကမှအထွေထွေအကြပ်အတည်းတွေငွေစက္ကူတွေကိုတရားမ၀င်သတ်မှတ်လိုက်တဲ့ကိစ္စတွေကြောင့်..မကျေနပ်မူ့အဆိုင်အခဲက..ဦးနေ၀င်းမိန့်ခွန်းကြောင့်…ပိုဆိုးလာကြတယ်……
ကျနော်ဇာတိမြေကိုပြန်ရောက်တော့…ထူးခြားချက်တခုက…သက်ဆိုင်ရာနယ်မြေများမှာပါတီဝင်များကနေ…ကျောင်းသားများကိုအနီးကပ်စောင့်ကြည့်ဘို့ကိုညွှန်ကြားထားတယ်လေ….ကျနော်ရေနံချောင်းပြန်ရောက်တော့…အိမ်ကခြံဝန်းအတွင်းမှာ စစ်ပြန်စစ်မူ့ထမ်းဟောင်း အမိန့်ရလိုင်စင်ထန်းရည်ဆိုင် ဌားတယ်… အဲဒီမှာတာဝန်ခံလုပ်နေတဲ့…ဦးအံ့မောင်ဆိုတာသူကရပ်ကွက်ပါတီစိတ်မှုး…သူ့ကိုမြို့နယ်ပါတီယူနစ်က…တာဝန်ပေးထားတာ..ကျနော့်ကိုအနီးကပ်စောင့်ကြည့်ဖို့ပေါ့…ကျနော်ကလည်း…ဟန်မပျက်နေရတယ်…သူကလည်းအရိပ်တကြည့်ကြည့်…ကျနော်အိမ်ကိုဝင်ထွက်သွားလာတတ်တဲ့သူငယ်ချင်းတွေကိုအမြဲလေ့လာတယ်ပြီးရင်မှတ်တမ်းတင်တယ်…သတင်းပို့တယ်…..ဦးအောင်ကြီးစာတမ်းတွေကိုဖြန့်တော့….သူငယ်ချင်းတယောက်ကစာရွက်တွေကိုကော်ပီကူးလို့ရအောင်…လက်နဲ့လုပ်ထားတဲ့ပစ္စည်းလေးသူကဖန်တီးလာတယ်…လုပ်ရမဲ့နေရကလည်းမရှိတော့…..ကျနော့်အိမ်မှာပဲကူးကြတယ်….ကျနော်ကတခုကြံရတော့တယ်…အခန်းထဲမှာဆိုရိပ်မိနိုင်တယ်… ဒါ့ကြောင့်အခန်းထဲမှာမကူးပဲ..အပြင်မှာပဲပေါ်တင်လုပ်တယ်….ဘယ်လိုလုပ်သလည်းဆိုတော့….ကူးပြီးသားစာရွက်တွေကိုဖွက်ထား…တရွက်ထွက်လာ..တရွက်ဖွက်ပေါ့….ဘေးနားမှာ…ဆယ်တန်းသချာင်္သင်ကြားချက် စာရွက်တွေကိုအသင့်ပုံထားတယ်…..ထင်တဲ့အတိုင်း….သူကလာကြည့်တယ်….ဘာတွေလုပ်နေကြတာလည်းပေါ့….ဒါနဲ့ကျနော်က…“ကျောင်းအားရက်သုံးဘို့ပိုက်ဆံမရှိတာနဲ့…ကျူရှင်ကစာရွက်တွေကိုကူးရင်း..ပိုက်ဆံရှာ နေတာပါ ”လို့ဆိုတော့…သူကတရွက်ယူကြည့်ပြီး…အဖြေကိုကျေနပ်သွားပုံရတယ်…
“ ကောင်းပါတယ်…မုန့်ဘိုးရှာကြပေါ့…ပေါက်တတ်ကရတွေမလုပ်ပြီးတာပါပဲ ”
ကျနော်က မကျေနပ်တဲ့ပုံနဲ့….“ ပေါက်တတ်ကရတွေဆိုတာ…ဘာကိုဆိုလိုတာလည်းဗျ ”
“ဆူဆူပူပူမလုပ်ရင်ပြီးတာပါပဲကွာ…ငါ့ကိုပါတီက..ခိုင်းထားလို့ကွ…..ငါလည်းမင်းကိုစောင့်ကြည့်ရတာ..တဒုက္ခ….” သူကရိုးတယ်…သူ့ရင်ထဲကပွင့်ပွင့်လင်းလင်းထွက်ကျလာတယ်…ကျနော်သနားသွားမိတယ်……
ကျနော်တို့ဖြန့်လိုက်တဲ့ဦးအောင်ကြီး.စာတမ်းတွေကလည်း…လက်သိပ်ထိုးတော်တော်ပြန့်သွားတယ်….အဲဒီကာလတွေကရေဒီယိုအသံလွင့်ဌာနဆိုတာ..သုံးခုလားပဲရှိတယ်..ဘီဘီစီရယ်၊ဗွီအိုအေ၊အောအိန္ဒိယ …တသက်လုံးကရေဒီယိုနားမထောင်ဘူးတဲ့ကျနော်တို့တတွေ…အခုမပြတ်တမ်းနားထောင်နေရတယ်လေ…လူတွေတော်တော်များများလည်း..နားထောင်ကြတယ်….တိုင်းကျော်…လဘက်ရည်ဆိုင်မှာရေဒီယိုအသံလွင့် ချိန်ဆိုဆိုင်ရှင်ကဖွင့်ပေးထားတော့…လဘက်ရည်လာသောက်သူရောပြင်ပကသူတွေရောနေ့စဉ်လာနား ထောင်ကြတာအများသားလား….အဲဒီမှာ….သတင်းထောက်ခရစ္စတိုဖာဂါးနက်ဆိုသူကကျောင်းသားခေါင်း ဆောင်..ကိုဌေးကြွယ်၊ကိုဌေးအောင်၊ကိုတင်မောင်မောင်ထွေး၊ကိုကိုလတ်တို့နဲ့တွေ့ပြီး….အဖမ်းခံလိုက်ရတဲ့ ကျောင်းသူတွေထဲက…တစ်ယောက်ပေါ့..သူ့နဲ့အင်တာဗျူးခန်းကလူထုစိတ်ကိုနှိုးဆွစေခဲ့တာ..သူကအဖမ်းခံရ စဉ်မှာ..လုံခြုံရေးတပ်သားတွေရဲ့မုဒိန်းကျင့်ပုံတွေကိုပြောပြတယ်…ကြားရတဲ့လူထုရင်ထဲ..မခံစားပဲမနေနိုင်ကြ တော့ဘူး….မျက်ရည်ကျ..ကြတယ်….
ကျနော်တို့ကလည်း…လူထုအရေးတော်ပုံကြီးပေါ်ပေါက်ရေးအတွက်…တမြို့နယ်နဲ့တမြို့နယ်..လျှို့ဝှက်ဆက်သွယ်ကြ…အသင့်ပြင်ကြပေါ့….ဒီကြားထဲမှာ…လူထုရဲ့အစိုးရပေါ်မကျေနပ်မူ့ကြီးကို…အာရုံပြောင်းစေချင် တော့….မဆလအစိုးရကဘာလုပ်သလည်းဆိုတော့….လူမျိုးရေးအဓိကရုန်းကိုဖန်တီးပေးလိုက်တယ်…ဒါက လည်းဦးနေ၀င်းအာဏာသိမ်းပြီးကထဲက…တိုင်းပြည်မှာ..အစိုးရကို..လူထုကမကျေနပ်မူ့ကြီးလာပြီဆို…အာရုံ ပြောင်းအောင်လုပ်နေကြ…ဒါမှအစိုးရကိုဆန့်ကျင်တဲ့..ဆန္ဒပြပွဲတွေမပေါ်ပေါက်တော့မှာကိုး…..တောင်ကြီး ၊အောင်လံ၊ပြည်၊ပဲခူးဘက်တွေမှာကုလားဗမာအဓိကရုန်းတွေဖြစ်တယ်…မွတ်စလင်တော်တော်များများခံလိုက်ရတယ်…သေဆုံးမူ့တချို့ရှိခဲ့တယ်…….ဒီအချိန်မှာတနိုင်ငံလုံးကိုရိုက်ခပ်စေမဲ့တပ်လှန့်သံက..အသံလွှင့်သတင်း ဌာနတွေကထွက်လာပြီ….၁၉၈၈သြဂုတ်လ၈ရက်နေ့မှာ..တနိုင်ငံလုံးမဆလလို့ခေါ်တဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရကိုတပြိုင်နက်ထဲတော်လှန်ကြမယ်…လူထုတော်လှန်ရေးကြီးဆင်နွှဲကြမယ်………အဲဒီနေ့ကလည်း…သိပ်ထူးခြားတဲ့နေ့ ရှစ်လေးလုံးပေါင်းဆုံထားတဲ့နေ့…၈.၈.၁၉၈၈………..
သတင်းတွေကပြန့်နေပြီ….အရပ်ထဲ..ရွာထဲ..ဈေးထဲ..ကျောင်းထဲ….ကျောင်းသားတွေ…ဆန္ဒပြကြတော့မယ်တဲ့…ဒါပေမဲ့….မဆလအစိုးရက..သိပ်ထိပ်လန့်ပုံတော့မပြဘူး…အရင်အခါတွေတုန်းကလို…နှိမ်နင်းပြလိုက်ရင် ပြတ်သွားမယ်ပဲထင်နေဆဲ….တနိုင်ငံလုံးမှာ..သူတို့ပါတီတွေ…လုံခြုံရေးတွေကိုနည်းနည်းပါးပါးတပ်လှန့်ထားယုံကလွဲလို့အရမ်းကာရောကြီးတင်းကြပ်မထားဘူး…မြို့နယ်အသီးသီးက…အထက်တန်းကျောင်းတွေမှာတော့ ဆရာတွေကိုယ်တိုင်ကင်းစောင့်နေရတယ်….ကျနော်တို့အားလုံးစီစဉ်ရတော့တယ်…..အဲဒီမှာပြသနာကဘာလည်းဆိုတော့..ကျနော်တို့ကကျောင်းသားတွေ…၀င်ငွေမရှိဘူး….ပိုက်ဆံဆိုတာမိဘတွေကပေးမှမုန့်ဘိုးအဖြစ်ရကြတာ…နယ်အသီးသီးကိုသွားဖို့..ဆက်သွယ်ဖို့…စာရွက်စာတမ်းတွေဖြန့်ဝေဖို့ငွေလိုတယ်…လူတကာဆီလိုက်အလူခံလို့ရတဲ့အမျိုးလည်းမဟုတ်ဘူး….ဒါနဲ့လျှို့ဝှက်အစည်းဝေးထိုင်ဘာလုပ်ခဲ့ရသလည်းဆိုတော့….ချဲရောင်းမယ်…များများစားစားမဟုတ်ဘူး…၁၀ဘိုးအကွက်လားမသိဘူး..ဒါနဲ့လူခွဲပြီးလိုက်ရောင်းတယ်….တယောက်က မေးတယ်…ပေါက်ရင်ဘယ်လိုလုပ်မလည်းဆိုတော့…ငါတို့က ၈ရက်နေ့မှာ လူထုအုံကြွမူ့စမှာ… ချဲက ၁၅ရက်နေ့မှထွက်မှာ…အဲဒီတော့..ဒါထဲ့တွက်ဘို့မလိုတော့ဘူး…ပေါက်တဲ့သူရှိရင်လည်းတောင်းပန်လိုက်မယ်ကွာဆိုပြီး…ကိုယ်မြင်တဲ့အမြင်သေးသေးလေးလေးနဲ့ဖြေရှင်းခဲ့ကြတယ်…ချဲရောင်းလို့ရတဲ့ငွေတွေနဲ့..နယ်အသီးသီးကိုသွားကြ…စာရွက်စာတမ်းတွေဝေကြပေါ့……
ဒီလိုနဲ့တဖြေးဖြေးသြဂုတ်လ၈ရက်နေ့နီးကပ်လာတယ်…….တနေ့…ကျနော့်သူငယ်ချင်းတယောက်ကအူယားဖားရားသတင်းလာပေးတယ်…..
“ဟေ့ကောင်…ငါသတင်းအတိကျရထားပြီ…..ပါတီယူနစ်အတွင်းသတင်းကပေါက်ထွက်လာတာ….ငါတို့ကျောင်းသားတွေကိုဒီရက်ပိုင်းအတွင်းအကျယ်ခေါ်ပြီးထိန်းသိမ်းထားလိမ့်မယ်…..အထူးသဖြင့်ရန်ကုန်မှာကျောင်းတက် နေတဲ့သူတွေဖြစ်ဘို့များတယ်…..”ကျနော်လည်းခေါင်းတော်တော်စားသွားတယ်..ဘာလုပ်ရမှန်းမသိတော့ဘူး…အတွေ့အကြုံကလည်းမရှိ…အသက်အရွယ်ကလည်းငယ်ရွယ်တဲ့သူတွေဆိုတော့…ဆုံးဖြတ်ရခက်သွားတယ်..ဒါနဲ့ကျနော်တို့ချက်ခြင်းလူစုပြီး…အစည်းအဝေးထိုင်တယ်….အားလုံးကသဘာတူညီစွာနဲ့…ဆန္ဒပြပွဲကိုသြဂုတ်လ၈ရက်နေ့လုပ်မဲ့အစားရှေ့တိုးပြီး၆.ရက်နေ့မှာစတင်ဘို့ဆုံးဖြတ်ချက်ချလိုက်ကြတယ်…..ရက်ကအရမ်းနီးနေပြီ..လုပ်စရာရှိတာစီစဉ်စရာရှိတာတွေကိုအသေးစိတ်စီစဉ်ရတော့တယ်….နောက်တခါရေနံမြေကအလုပ်သမားတချို့နဲ့ကျနော်တို့ကျောင်းသားတွေချိတ်ဆက်မိတယ်…သူတို့ပါ..ပါဝင်လာတယ်..
လူထုဆန္ဒပြပွဲကိုစတင်ဘို့…မြို့လယ်နဲ့မနီးမဝေးမှာရှိတဲ့…အထက(၁)ကိုရွေးချယ်လိုက်တယ်..ဒီ ကျောင်းကသမိုင်းအစဉ်လာကြီးတဲ့ကျောင်း…ဗိုလ်ချုပ်အောင်ဆန်းကစလို့ အရှင်ဆန္ဒာဓိက၊ စာရေးဆရာမဂျူးတို့ပညာရည်နို့စို့ခဲ့ရာ ကျောင်းတော်ကြီး…. တယောက်ကကျောင်းရဲ့ မြေပုံကိုပြုစုတယ်… အဖွဲ့တွေအသီးသီးခွဲလိုက်ကြတယ်…..ပြန်စဉ်းစားကြည့်လိုက်တိုင်းကျေနပ်မိတာတခုကကျနော်တို့အားလုံးကထင်ရာမြင်ရာတွေနဲ့စုပေါင်းလုပ်လိုက်ကြတာ…နည်းနည်းတော့စနစ်ကျတယ်ပြောလို့ရပါတယ်…အဖွဲ့အသီးသီးခွဲပြီးဘယ်သူကဘယ်ကျောင်းဆောင်မှာတာဝန်ယူမယ်…ဘယ်သူနဲ့အဖွဲ့ကကျောင်းရှေ့တံခါးကိုပိတ်လုံခြုံရေးစောင့်ကြည့်တာဝန်…မြို့ထဲတလျှောက်ကနေကျောင်းအထိ..ကြားထဲမှာကျနော်တို့လူတွေတယောက်ပြီးတယောက်ချထားတယ်…အချိန်ကိုက်…တပ်လှန့်ထားတယ်….သတ်မှတ်တဲ့အချိန်ရောက်တာနဲ့မြို့ထဲမှာရှိနေတဲ့လူထုကိုကျောင်းသားတွေဆန္ဒပြပြီဆိုတာကိုဆော်သြဘို့ပေါ့…….
၁၉၈၈ သြဂုတ်လ (၆)- ရက်
ကျနော်….၅..ရက်နေ့တညလုံးနီးပါးလောက်မအိပ်ရဘူး…ကြွေးကြော်သံစာရွက်ငယ်လေးတွေကူးနေတာ…မနက်လင်းခါနီးလောက်ကြမှတမှေးလောက်ပဲမှေးလိုက်ရတယ်…မနက်..၈နာရီလောက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ရင်း..ဆုံရပ်ရှိရာကိုထွက်လာခဲ့တယ်….လမ်းတလျှောက်ဖြတ်လာရင်းကြည့်လိုက်တော့ ရေနံမြေက အလုပ်သမားတချို့အနည်းငယ်အကွာဝေးဆီမှာမရောင်မလည်လုပ်ရင်းနေရာယူနေတာကိုတွေ့လိုက်ရတော့ တော်တော်အားတက်သွားမိတယ်…..
အထက(၁)ကျောင်းရှေ့မှာရှိတဲ့လဘက်ရည်ဆိုင်ကနေကျောင်းထဲကိုလှမ်းပြီးအဆက်မပြတ်အကဲခပ် ကြည့်လိုက်တော့..ကျောင်းဝန်းတံခါးအ၀င်ဝမှာဆရာတွေကကျောင်းသားတွေကိုစောင့်ကြည့်စစ်ဆေးတာတွေလုပ်နေတာကိုလှမ်းမြင်နေရတယ်….ရှေ့တံခါးပေါက်မကြီးက၀င်ရောက်ရမှာက သုံးဦး… ကျနော်ရယ်… သက်နိုင် (ဒသာနိကဗေဒ)ရယ် ကျော်ဆန်းဦး (မကွေးကောလိပ်) ……အားလုံးကရင်ခုံနေကြတယ်…. ဘာရယ်မဟုတ်ဘူး..ကျနော်ခါးကြားမှာဓါးမြှောင်တိုလေးတချောင်းဆောင်လာတယ်…ပထမကျောင်းတက်ခေါင်းလောင်းထိုးသံကြားလိုက်ရပြီ……ရင်ခုံသံတွေက..အရင်ကထက်ပိုကျယ်လောင်လာပြီ….သုံးရောက်လုံးလဘက်ရည်ဆိုင်ကနေ…ထထွက်လာပြီးအသင့်နေရာယူလိုက်တယ်…ဒုတိယခေါင်းလောင်းထိုးပြီးရင်ကျောင်းတံခါးကိုပိတ်လိုက်တော့မှာ လေ… အချိန်က နောက်ထပ်ငါးမိနစ်ပဲ ကျန်တော့တယ်…. ခပ်လှမ်းလှမ်းကိုလှမ်းကြည့်လိုက်တော့ စီးပွားရေးတက္ကသိုလ်ကျောင်းသားကျော်လင်းနဲ့ သူ့အဖွဲ့သားတွေက ..ကျောင်းဝန်းတံခါးတွေကိုပိတ်ပြီးထိန်းသိမ်းထားဘို့အသင့်…ကျနော့်ကိုသူကလက်မထောင်ပြတယ်( အားလုံးအိုကေပေါ့)…နောက် ကျောင်းနောက်ဖက်ကနေ ပတ်ဝင်ပြီးသွားမဲ့ကျော်စွာတို့အဖွဲ့က ခပ်သုတ်သုတ်ပြေးသွားပြီ…..သက်နိုင်ကကျနော်ကိုကပ်ပြီးတိုးတိုးလေး လှမ်းပြောတယ် …..
“ကိုဝမ်း…မတတ်နိုင်ဘူးဗျာ…ရှေ့ကစောင့်နေတဲ့ဆရာတွေက…ခင်ဗျားတို့ကျနော်တို့ဆရာတွေ…..သူတို့ဘယ်လိုတားတား ကျနော်တို့နားမရောင်နဲ့ တွန့်မသွားနဲ့ရှေ့ဆက်တိုးမယ်….”ဆိုတော့ ကျော်ဆန်းဦးက….
“ငါတို့ဆုံးဖြတ်ချက်ချပြီးသားပဲ….သေချင်သေပါစေ…နောက်မဆုတ်ဘူး….ဆက်လုပ်မယ်…”
တောင်ဘက်အရပ်ဆီကတိုက်ခပ်လာတဲ့တချက်သောလေအဝှေ့မှာ….ဖုန်မူန့်တွေဖွားကနဲလွင့်ထွက်လာတယ်…ရှေ့မှာမောင်းနှင်လာတဲ့…မြင်းလှည်းတစီးရဲ့မြင်းခွာရိုက်သံက..ဂီတစည်းချက်အလား…ကျနော်တို့ရဲ့ရင်ခုန်သံ များအလား…ပြီးတော့ပတ်ဝန်းကျင်ကြီးဟာ…ပုံမှန်ထက်များငြိမ်သက်နေရော့သလားစိတ်အစဉ်မှာခံစားနေရင်းက….ကျောင်းဝန်းအတွင်းက…ဒုတိယခေါင်းလောင်းသံကထိုးဖောက်ထွက်လာပြီ…….
……….ဂလိုင်….ဂလိုင်….ဂလိုင်….ဂလိုင်…..ဂလိုင်………..
အပိုင်း ( ၃ ) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )