Saturday, July 30, 2011

0 အတွေ့အကြုံနည်းသေးလို့ကိုး


ကော်မရှင်အမျိုးပေါင်းများစွာရှိပါတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲကော်မရှင်ကတော့ ကျန်တာတွေနဲ့ မတူ တမူ ထူးခြားပါတယ်။ သူဆောင်ရွက်ရမဲ့လုပ်ငန်းအတွက် သူ့မှာက ဥပဒေပြုနိုင်ခွင့်ရှိပါတယ်။ ကော်မရှင်ဥက္ကဌကအစ အဖွဲ့ဝင်များအလယ် ဝန်ထမ်းများအဆုံး သမာသမတ်ကျရပါတယ်။ ဘက်မ လိုက်ရပါ။ မှန်ကန်တဲ့သစ္စာတရား လက်ကိုင်ထားရပါတယ်။ ဖြောင့်မတ်တဲ့ သမာဓိဂုဏ်ရှိရပါတယ်။ တရားမျှတမှု ရှိရပါတယ်။ အကျင့်သိက္ခာပြည့်ပြည့်ဝဝနဲ့ တာဝန်ကျေကျေထမ်းဆောင်ရမှာပါ။ ဥပဒေ ရေးရာနဲ့ဆက်နွယ်နေတာကြောင့် ‘ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ’ ထုံးကို ကျင့်သုံးရမှာ ဖြစ်ပါ တယ်။ ဒါတွေကတော့ အပြည်ပြည်ဆိုင်ရာစံနှုန်းများလို့ သတ်မှတ်နိုင်ပါတယ်။

နေပြည်တော်မှာကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကအတည်ပြုလိုက် ပါတယ်။ ဦးတင်အေးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အဖြစ်ကနေ ၂၀၁၁ ဖေဖော်ဝါရီ ၁၇ ရက် နေ့က ရုတ်တရက်နုတ်ထွက်သွားပြီး၊ နောက်ရက်မှာ သမ္မတဦးသိန်းစိန်ကအဆိုတင်ခဲ့ကာ လွှတ်တော် က သဘောတူခဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဖြစ်လာတာပါ။

နအဖစစ်အစိုးရလက်ထက် စစ်တပ်ရန်ပုံငွေအတွက်ရှာရတဲ့ ဦးပိုင်ကုမ္ပဏီအကြီးအကဲအပြင် အရေးပါ တဲ့ရာထူးများယူခဲ့သူ ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဟာ အဆင့်မြင့် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဝင် ဖြစ်ပါ တယ်။

နေပြည်တော်မှာ ၂၀၁၁ ခု ဇူလိုင် ၂၇ ရက် ဗုဒ္ဓဟူး နေ့က ၃၆ ပါတီခေါင်းဆောင်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲကို ၂၀၁၀ ရွေးကောက်ပွဲဝင် ၃၇ ပါတီထဲက ၃၆ ပါတီက ခေါင်းဆောင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ကော်မရှင်ဥက္ကဌက သူ့ရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းကို ပြောကြားခဲ့ပါတယ်။ တဆက်ထဲဘဲ တပ်မ တော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိစေရန်လိုတယ်လို့လဲ ဦးတင်အေးက ပြောဆိုခဲ့ ပါတယ်။ ၁၉၉၀ ခုနှစ်က အဲန်အယ်လ်ဒီ အနိုင်ရခဲ့ကြောင်းလဲ သူက ဝန်ခံ ပြောသွားခဲ့ပါတယ်။ အဲဒိ အချိန်တုန်းက အဲန်အယ်လ်ဒီက တပ်မတော်အကြီးအကဲတွေကို စစ်ခုံရုံးတွေ ဘာတွေ တင်မယ်ဆိုလို့ အာဏာမလွှဲခဲ့တာလို့ဆိုပါတယ်။

အမှန်တကယ်က စစ်တပ်ကပဲအနိုင်ရမယ်လို့ ကြိမ်းသေတွက်ထားခဲ့ကြတာပါ။ မဆလ ပါတီ တဖြစ်လဲ တစည ပါတီ သေချာပေါက် နိုင်ကိုနိုင်မှာလို့ တကယ်ယုံကြည်စိတ်ချခဲ့တာပါ။ ဒါကြောင့် ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲကို ရဲရဲကြီး လုပ်ပေးခဲ့ကြတာပါ။ ၁၉၇၄ ခုနှစ်ကစတင်ဖွဲ့ခဲ့တဲ့ မဆလ ပါတီရဲ့ ၁၄ နှစ်ကျော်အင်အားကို အယုံကြီးခဲ့တာပါ။ အရပ်သားတွေရဲ့ တနှစ်ကျော်ကျော်အင်အားကို အထင်သေး လျှော့တွက်ခဲ့ကြတာပါ။ ပြည်သူတွေနဲ့ ယူနီဖောင်းဝတ်တို့ရဲ့ အာဏာရှင်စံနစ်ကို ရွံရှာမုန်းတီး ခါးသီး စက်ဆုပ်တဲ့ စိတ်ဓါတ်ကို အထင်သေးမျက်ကွယ်ပြုခဲ့ကြတာပါ။ ရွေးကောက်ပွဲရလဒ်ထွက်လာတော့မှ မျက်ဖြူဆိုက် အကျပ်ရိုက်ခဲ့ကြတာပါ။ အဲဒီတော့မှ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံစွက်ကာ အာဏာ သိမ်းဘို့ အကွက်ချခဲ့ကြတာပါ။ ဒီဖြစ်ရပ်မှန်တွေအတွက် သမိုင်းသက်သေတွေရှိလျက်ပါ။

လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်တဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေး မှာ နိုင်ငံရေးပါတီများ ပါဝင်လုပ်ဆောင်ကြဘို့ အဲဒီတွေ့ဆုံပွဲမှာ ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်းလိုက် ပါတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ အစိုးရနဲ့နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနဲ့ ပြည် သူလူထုများကို ထိခိုက်တာမို့ ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေးပါတီများမှ ကူညီဆောင်ရွက်သွား ဘို့ လိုတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ပါတီတွေက ကြံ့ဖွံ့ပါတီရဲ့ ရွေးကောက်ပွဲ မဲ မသမာမှုတွေနဲ့ပတ်သက်လို့ တင်ပြကြပါတယ်။ အဲဒီတော့ ကော်မရှင်ဥက္ကဋ္ဌသစ်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ကြံ့ဖွံ့ပါတီခေါင်းဆောင်ဟောင်း ဦးတင်အေးက ရွေး ကောက်ပွဲအတွင်း မဲ မသမာမှုတွေ၊ ကြိုတင်မဲနဲ့ပတ်သက်တဲ့ အငြင်းပွားစရာတွေ ပေါ်ပေါက်လာ တာဟာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးလို့ပါဆိုပြီး ဆင်ခြေပေးလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အကဲခတ်အဖွဲ့ စေလွှတ်မယ်လို့ နိုင်ငံတကာက ကမ်းလှမ်းတုန်းကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ အလုံအလောက်ရှိတဲ့အတွက် အကဲခတ်တွေ မလိုဘူးလို့ ပြောခဲ့ဘူးပါတယ်။ ဒါကြောင့် ကော်မရှင်ဥက္ကဌရဲ့ အခုပြောဆိုချက်ဟာ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးလိုက်တဲ့ ဘက်လိုက်တဲ့ စကားပါ။

တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေုးပြုလုပ်ရန်ပြောကြားဘို့ အဆိုတင်တာကိုတော့

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ လာမဲ့ပြည်ထောင်စုလွတ်တော် ကိုတင်ပြဘို့အကြံပြုခဲ့ပါတယ်။ သူတို့ဘက်လှည့်လာမဲ့မြားဦးတော့ ရှောင်တတ်သားပါကလား။ တိုင်း ရင်းသားတွေကို စစ်ဘေးစစ်ဒဏ်က အကာအကွယ်ပေးဘို့ကိုတော့ လုပ်ပိုင်ခွင့်မရှိဘူးတဲ့။ ဒါကျတော့ အတွေ့အကြုံက ရင့်ကျက်နေလို့ပေါ့။ သူတို့ရဲ့စီမံကိန်းပျက်မှာကို ရှောင်ရှားဘို့ပေါ့။

အရင်က ဘယ်အဆင့်နဲ့ ဘာကြီးဖြစ်ခဲ့ဖြစ်ခဲ့ ယခုအခါမှာ ရာထူးနဲ့လိုက်ဘက်ညီအောင် တာဝန်ထမ်း ဆောင်ရမှာပဲဖြစ်ပါတယ်။ ဦးတင်အေးဟာ စစ်ကောင်စီရဲ့အဆင့်မြင့် ဒုဗိုလ်ချုပ်ကြီး၊ ကြံ့ဖွံ့ဗဟိုကော် မီတီဝင် မဟုတ်တော့ပဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ဥက္ကဌဖြစ်နေပါပြီ။ ရွေးကောက်ပွဲနဲ့စပ်ဆိုင်သမျှ လုပ်ငန်းဆောင်တာများကို ပီပီပြင်ပြင် ကျေပွန်စွာထမ်းရွက်ရတော့မှာသာဖြစ်ပါတယ်။ တရားမျှတ ဘက်မလိုက်တဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို ဝင်ရောက် စွက်ဖက်ပြောနေရမှာ မဟုတ်ပါ။ ပြောဆိုပိုင်ခွင့်အာဏာလဲ မရှိတော့ပါ။ အာဏာပိုင်တွေလို ညွှန်ကြား ပြောဆိုနေရမဲ့အခါလဲ မဟုတ်တော့ပေ။ ဘူးလုံးနားမထွေးနဲ့ ရူးချင်ယောင်ဆောင်လို့ မဖြစ်တော့ပါ။ ရောထွေးယှက်တင် ထင်တိုင်းပြောဘို့မလိုတော့ပါ။ လက်ရှိရာထူးနဲ့အညီ ကျင့်ကြံ ထမ်းဆောင်ရတော့ မှာသာဖြစ်ပါတယ်။

အခုလို မိမိကိုယ်မိမိ အုပ်ချုပ်ရေးအာဏာပိုင်တဦးလို လက်ရှိတာဝန်ပိုင်းနဲ့ လုံးဝမဆိုင်တဲ့ ‘တပ်မတော်
ကို သွေးမခွဲဘို့၊ မဖြိုခွဲဘို့၊ အဲန်အယ်လ်ဒီကို အာဏာလွှဲမပေးခဲ့တာတို့၊ ဆန်ရှင်ကိုဆန့်ကျင်ဘို့’ တွေကို
ဦးတင်အေးက သတိပေးပြောကြားသွားခဲ့တာကတော့ သူ့ခမျာ ကော်မရှင်ဥက္ကဌသက်တမ်း လပိုင်း ပဲရှိသေးပြီး လုပ်သက်ကနုသမို့ အတွေ့အကြုံကနည်းသေးလို့ကိုး။

မောင်မောင်လှကြိုင်

၂၀၁၁ ဇူလိုင် ၂၉

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.