Wednesday, July 27, 2011

0 ၀န်ကြီးအဆင့်ထက် ပိုမြင့်သူနှင့် ဒေါ်စု ဆွေးနွေးရန် တိုင်းရင်းသားများ လိုလား

(YPI) -မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာအစိုးရသစ်ထဲမှ ၀န်ကြီးအဆင့်သာ ရှိသည့် ဦးအောင်ကြည် နှင့် တွေ့ဆုံနိုင်မှု အပေါ် ကချင် ၊ ချင် ၊မွန် ၊ ကရင် စသည့် ခေါင်းဆောင်များက အားရစရာ မရှိကြောင်း ပြောဆိုလိုက်သည်။ အထူးသဖြင့် တိုင်းရင်းသား အရေးတွင် လက်ငင်း မျှော်လင့်နိုင်စရာ မရှိဟု ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည့်တို့၏ ယနေ့ တွေ့ဆုံပွဲ အပြီး ထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင် “ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်” ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသော်လည်း ကချင်တိုင်ရင်သား အတိုင်ပင်ခံအဖွဲ့ ဦးဆင်ဝါးနော်က တိုင်ရင်းသားအရေး နှင့် ပတ်သက်ပြီး ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်နိုင်ကြောင်း ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီတွေ့ဆုံမူအပေါ်မှာဘာမှ မမျှော်လင့်ပါဘူး မျှော်လင့်နေရင် မောရုံပဲပေါ့ ” ဟု ဦးဆင်ဝါးနော်က ပြောသည်။

တိုင်းရင်းသား အရေး ဖြေရှင်းပေးနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော် ဒုတိယ သမ္မတ အဆင့်နှင့် တွေ့ဆုံသင့်သည်ဟု ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဘောက်ဂျာကပြောသည်။

“ဦးအောင်ကြည်ဆိုတာ အလုပ်သမားဝန်ကြီးပဲ တကယ်ဒေါ်စုနဲ့တွေ့သင့်တာက ဒုသမ္မတအဆင့် တွေ့သင့်တယ်လို့ ထင်ပါတယ်၊ အခုတွေ့ဆုံမှုကနေ ကျွန်မအနေနဲ့ ဘာမျော်လင့်ချက် မရှိပါဘူး” ဟု သူမကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲဝင် ချင်းတိုင်ရင်သား ပါတီတစ်ခုဖြစ်သည့် ချင်းအမျိုးသားပါတီ ဥက္ကဌဦးဇိုဇမ် ကလည်း ဦးအောင်ကြည်သည် ယခင်စစ်အစိုးရလက်ထက်က ဆက်ဆံရေးဝန်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အလုပ်သမားဝန်ကြီး၊ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး အနေဖြင့် တွေ့ဆုံသည့်အတွက် “တိုင်ရင်သားအနေနဲ့ ဘာမှာမမျော်လင့်ပါဘူး” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း ၉ကြိမ် တိုင်တွေ့ဆုံခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့သဖြင့် ယခု နောက်ဆုံး တွေ့ဆုံမှုသည်လည်းတိုင်ရင်းသား နှင့် ပြည်သူများအတွက်ပါ အကျိုးရှိမည် မဟုတ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းကပြောသည်။

ထို့အတူ ကရင်အမျိုးသား အရေး လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူးချူပ် နော်စီဖိုးရာစိန်ကလည်း ယခုအစိုးရသည် ယခင် စစ်အစိုးရ၏ အဆက် ဖြစ်သောကြောင့် ယခုတွေ့ဆုံမှုမှ မျှော်လင့်စရာမရှိ ဟုဆိုပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ “ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါ။” ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲ အပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ် အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် “အမည်ခံ” အရပ်သားအစိုးရသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရဝန်ကြီး အဆင့်ရှိသူတစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

ယခင်အစိုးရဟောင်းလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ကိုးကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ဇန်န၀ါရီ ၁၅ တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီး ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်အမြင်ချင်း မတူသည့် မြန်မာနိုင်ငံသားဖြစ်ကြသည့် ပြည်တွင်ပြည်ပ အဖွဲ့အစည်းများလည်း ရှိနေသေးသည်ကို အသိအမှတ်ပြုထားပြီး ထိုသို့ကွဲပြားသည့် အမြင်ရှိသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် တူညီသည့် ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ကြမည်ဟု ထည့်သွင်းပြောကြားခဲ့ဖူးသည်။
Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.