
ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါသည်။ ဧရာဝတီမြစ်ဆုံရေ ကာတာကိစ္စအတွက် ဆွေးနွေးရန်သွားကြောင်း အတည်ပြုဆဲ သတင်းများ အရ သိရပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ သို့ရောက်ရှိနေပြီး သမ္မတအိမ်တော်မှတာဝန်ရှိသူများနှင့်သမ္မတ၏အထူးကိုယ်စားလှယ် DerickMitchell တို့နှင့်တွေ့ဆုံဆွေးနွေး နေပြီဖြစ်ပါသည်။
တရုပ်နိုင်ငံ သည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့နှင့်ပြဿနာဖြစ်နေသော South China Sea အတွင်း Spratly ကျွန်းစုအရေးကိစ္စ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အား တရုပ်နိုင်ငံ ဘက်မှထောက်ခံရန် ရပ်တည်ပေးရန်သမ္မတဦးသိန်းစိန်ကိုဖိအားပေးလျက် ရှိကြောင်း သိရပါသည်။ သမ္မတဦးသိန်းစိန် အနေဖြင့် တရုပ်နိုင်ငံ၏ တောင်းဆိုချက်ကို လက်ခံလိုစိတ်မရှိကြောင်း အာဆီယံနိုင်ငံများ နှင့် သာလက်တွဲသွားလိုသည့်ဆန္ဒရှိသဖြင့် တရုပ်ခေါင်းဆောင်များမကြေမနပ် ဖြစ်နေကြပါသည်။ Spratly ကျွန်းစုအရေးကိစ္စ ဖြစ်နေသောနိုင်ငံများအနေဖြင့်လည်း လက်ရှိအနေအထားအရ တရုပ်တို့ကို ရင်ဆိုင်ရန် အမေရိကန်နိုင်ငံ ထံမှ စစ်ရေးအကူညီရရေး ချဉ်းကပ်နေကြပါသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်မူ တရုပ် နိုင်ငံအစိုးရကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ရဲသလို လူ့အခွင့်အရေးချိုးဖေါက်မှုများကြောင့် အမေရိကန်အစိုးရ ကိုချဉ်းကပ်ရန် မဝံ့မရဲဖြစ်နေရသည့် အခြေအနေမျိုးဖြစ်နေပါသည်။
ထို့အပြင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ တစ်ဦးတည်းမှားယွင်းစွာဆုံးဖြတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ သည် တရုပ်အစိုးရ ၏ လက်ဝေခံဘဝရောက်ခဲ့ရပါသည်။ စာချုပ်ပေါင်းများစွာကို တရုပ်တို့ အလိုကျ လက်မှတ်ထိုးရေးထိုးပေးခဲ့ရသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ချီတုတ်ခံထားရသည့် သဘောဖြစ်နေပါသည်။ တရုပ်တို့၏ တောင်းဆိုချက်အတိုင်း သမ္မတဦးသိန်းစိန် အစိုးရသည် နယ်စပ်ဒေသရှိ ”ဝ“ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များ ကိုယခင်အခြေအနေများအတိုင်းနေထိုင်ခွင့်ပြုရန် သဘော တူညီခဲ့ရပါ သည်။ ယနေ့ မြန်မာတစ်မျိုးလုံး၏ အမျိုးသားရေးကိစ္စဖြစ်သော ဧရာဝတီမြစ်ကယ်တင်ရေး သည် အစိုးရအာဏာပိုင်အများစုအပါဝင် တစ်မျိုးသားလုံး၏ တောင်းဆိုမှုကြောင့် သမ္မတဦးသိန်းစိန် အနေဖြင့် ရေကာတာ တည်ဆောက်ရေးကို ရပ်တံ့ရန်ဆန္ဒရှိကြောင်းသိရပါသည်။သို့သော်တရုပ်အစိုးရ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပေ ဦးမည်။ ယခင်အစိုးရလက်ထက် တရုပ်တို့နှင့် သဘောတူလက်မှတ်ထိုးခဲ့သည့် ကိစ္စဖြစ်နေ၍ တရုပ်တို့၏ သဘောထားကိုပြန်လည်မေးမြန်းဘို့လိုသလိုကုန်ကျသုံးစွဲပြီးငွေကြေးများ မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကိုလည်းညှိနှိုင်းရပေဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် သီဟသူရဦးတင်အောင်မြင်ဦး တရုပ်နိုင်ငံသို့ သွားနေရပါသည်။
ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ကိစ္စ အတွက် မြန်မာပညာရှင်များ တရုပ်နိုင်ငံသို့ သွားရောက်စဉ် တရုပ်တာဝန်ရှိသူများမှ ရေကာတာတည်ဆောက်မှုကြောင့် ဆိုးကျိုးများဖြစ်လာမည်ကို သိရှိပြီး ဖြစ်သောလည်း ဘာကြောင့်လုပ်ရသလဲဆိုတော့” မင်းတို့အစိုးရ ကိုယ်တိုင်သဘောတူလို့ ငါတို့ လုပ်တာ၊မင်းတို့အစိုးရကိုမင်းတို့ အပြစ်တင်၊မင်းတို့အချင်းချင်းပြဿနာဖြစ်တာ ငါတို့နှင့်မဆိုင်ဘူး၊ ငါတို့ကတော့အကျိုးအမြတ်ရှိရင် ဘာမဆို လုပ် မှာဘဲ” လို့ပြောလွှတ်လိုက်ကြောင်းသိရပါသည်။ အကယ်၍ တရုပ်အစိုးရက ဧရာဝတီမြစ်ဆုံရေ ကာတာ တည်ဆောက်မှု ရပ်စဲရေးကို သဘောမတူခဲ့ဘူးဆိုလျှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဆိုတာကိုလဲ စဉ်းစားထားဘို့လိုမည်ဖြစ်ပါသည်။
သို့ပါ၍ ဧရာဝတီမြစ်ကယ်တင်ရေးအတွက် လက်ရှိဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး အချိန်ဆွဲ မည်ဆိုပါက မြန်မာနိုင်ငံသည်မကြာမှီ တရုပ်တို့၏ရန်အန္တရယ် နှင့်ရင်ဆိုင်ရလာနိုင်ကြောင်းသုံးသပ် တင်ပြအပ် ပါသည်။
-ဗိုလ်မှူးအောင်လင်းထွဋ်
၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၂၉ ရက်
ဝါရှင်တန်မြို့
Tuesday, October 4, 2011
0
အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ-
စာရေးသူ-ဗိုလ်မှူးအောင်လင်းထွဋ်
Monday, October 3, 2011
1 ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )
လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)
အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။
ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။
မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။
ခေါင်းမာသူ
သတိပေးသူတွေကို ကျေးဇူးတင်ပေမယ့် မူနဲ့ပတ်သက်ရင်တော့ နည်းနည်းမှအထိမခံဘူး။ ဒါကြောင့် လူအတော်များများက 'ခေါင်းမာသူ' လို့ သတ်မှတ်ကြတယ်။ တကယ်တော့ ခေါင်းမာတာမဟုတ်ဘူး။ ရောယိမ်းလိုက် ဘသားယိမ်းလိုက် မလုပ်တာပါ။ အစိုးရက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာလိုက်ချိန်ကစပြီး ဖြည်းဖြည်းချင်း လျော့ချသွားတာပေါ့တို့ ၊ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့တို့ ဆိုတဲ့အသံတွေ ကျယ်လောင်လာခဲ့တယ်။ နောက်တော့ အားလုံး ယိမ်းဝင်ကကြတယ်။ အဲဒီအချိန်မှာ'ယိမ်းကတဲ့ထဲ ၀င်မပါဘူး'ဆိုတဲ့ ခေါင်းစဉ်နဲ့ အတိအလင်း ရေးခဲ့တယ်။တကယ်လည်း ဘာမှမရေးခဲ့ဘူး။ ကိုယ့်မူအတိုင်းရပ်ခဲ့တယ်။
သတင်းသမားမူနဲ့ နိုင်ငံရေးသမားမူ
သတင်းသမားရဲ့မူက နိုင်ငံရေး သမားရဲ့ မူနဲ့ မတူဘူး။ နိုင်ငံရေးသမားရဲ့ မူဆိုတာက သူ့ပါတီက ချမှတ်ပေးတာဖြစ်တယ်။ ပါတီကို အမြဲနာခံရတယ်။ ပါတီကဖြူရင် လိုက်ဖြူရပြီး ပါတီကမည်းရင် လိုက်မည်းရတယ်။ မလိုက်နာနိုင်ရင် ပါတီက ထွက်ပြီး အပြင်မှာ ကိုယ့်သဘောနဲ့ကိုယ်လုပ် နိုင်တယ်။ ပါတီထဲမှာရှိနေသမျှ ပါတီကို နာခံရတယ်။ ဒါနိုင်ငံရေးပါတီတိုင်း ချမှတ်ထားရမြဲ စည်းကမ်းဖြစ်တယ်။ ဒီလိုစည်းကမ်း မျိုးမရှိရင် ပါတီပျက်မှာပဲ။ တစ်ယောက်တစ်မျိုး ထင်ရာတွေလုပ် ကုန်ကြမှာပေါ့။
အတွင်းစိတ်က သတ်မှတ်တာ
သတင်းသမားမူဆိုတာက ပါတီအဖွဲ့အစည်းတစ်ခုက ချမှတ်တာမဟုတ်ဘူး။ ဘယ်ပြင်ပပုဂ္ဂိုလ်ကမှ ညွှန်ကြားတာလည်းမဟုတ်ဘူး။ သတင်းသမားကိုယ်တိုင်ရဲ့အတွင်း အဇ္ဈတ္တစိတ်ကလေးက သတ်မှတ်တာဖြစ်တယ်။ အဲဒီ အဇ္ဈတ္တစိတ်ကလေး (Conscience) ကပဲ သူ့ကို တည်ဆောက်ပေးတယ်။ သူ့အတွက် အမှားအမှန် အကောင်းအဆိုးကို ညွှန်ပြပေးတယ်။ လောကလူသားမှန်သမျှ သူတို့ရဲ့ အဇ္ဈတ္တစိတ်ကလေးက ဖန်တီးပေးလိုက်တဲ့အတိုင်း လိုက်ပါလုပ် ဆောင်နေကြရတာ ဖြစ်တယ်။
ပြည်သူက ပြဋ္ဌာန်းပေးလိမ့်မယ်
သတင်းသမားဟာ သူ့အဇ္ဈတ္တ ကလွဲပြီး ဘယ်သူ့အမိန့်ကိုမှမနာခံဘူး။ ဘယ်သူ့ ညွှန်ကြားချက်ကိုမှလည်း စောင့်ဆိုင်းနေစရာ မလိုဘူး။ သူ့အတွင်းစိတ်ကလေးက ဖန်တီးပေးတဲ့မူကို ကိုင်စွဲပြီး လုပ်စရာရှိတာ လုပ်ရတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတဲ့အချက်ကို သူ့ပြည်သူလူထုက ပြဋ္ဌာန်းသတ်မှတ်လိမ့်မယ်။ သတင်းသမားဟာ သူ့အဇ္ဈတ္တနဲ့ သူ့ပြည်သူလူထုကလွဲပြီး ဘယ်သူ့ကိုမှ နာခံစရာမလိုဘူး။ ဘယ်သူ့မျက်နှာမှလည်း ထောက်စရာမလိုဘူး။ ရေးစ ရာရှိရင် ရဲရဲရေးပြီးပြောဖို့ လိုအပ်ရင် ပြတ်ပြတ်သားသားပြောရမယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ . . .
ဘယ်အာဏာရှင်မှမကြိုက်
သိချင်လို့ မေးလာကြသူအားလုံးကို ရှင်းရှင်းပြတ်ပြတ်ပဲ ဖြေပါမယ်။ အာဏာရှင်စနစ် မှန်သမျှ တစ်ပါတီ အာဏာရှင်စနစ်ကိုလည်း မထောက်ခံ ဘူး။ စစ်အာဏာရှင်စနစ်ကိုလည်း မထောက်ခံဘူး။ ကလိတိတိ၊ ရိတိ တိမေးချင်သူတွေကိုလည်း ဒီကနေ အတိအလင်းဖြေလိုက်ပါမယ်။ ကွန်မြူနစ်အာဏာရှင်စနစ်ကိုလည်း မကြိုက်ပါဘူး။ ဒါပေမဲ့ အောက်ခြေက ဆင်းရဲသားလူတန်းစားတွေသွေး စုပ်မခံရအောင် အကာအကွယ်ပေးတဲ့ ကားလမတ်စ်ရဲ့ အတွေးအခေါ် အယူအဆတွေကိုတော့ ဒီနေ့အထိ နှစ်နှစ်ကာကာ ယုံကြည်နေဆဲဖြစ်တယ်။
စောင့်ကြည့်ဆဲ
ကိုယ့်အဇ္ဈတ္တက ပြဋ္ဌာန်းပေးလိုက်တဲ့ မူအတိုင်း မြန်မာ့ဆိုရှယ်လစ် အစိုးရကို မထောက်ခံခဲ့သလို သူ့ကိုဆက်ခံတဲ့ အစိုးရတွေကိုလည်း မထောက်ခံဘူး။ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံဘူး ဆိုတာလည်း သတင်း မီဒီယာတွေကတစ်ဆင့် အတိအလင်းပြောခဲ့တယ်။ ဦးသိန်းစိန်အစိုးရကိုလည်း မထောက်ခံသေးဘူး။ စောင့်ကြည့်ဆဲ အဆင့်ပဲရှိသေးတယ်။
ပထမဆုံးမိန့်ခွန်း
သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်က ပထမဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တဲ့အတွက် ပြည်သူ့ဆန္ဒကို လေးစားရမယ်။ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ ပြည်တွင်းငြိမ်းချမ်းရေးရအောင် အမြန်ဆုံး ဆောင်ရွက်မယ်။ ဒီမိုကရေစီလိုလား သူအားလုံးနဲ့လည်း ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်မယ်။ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီမယ်စတဲ့ စကားများကို ပြောသွားခဲ့တယ်။ ဒီစကားတွေဟာ အပေါင်းလက္ခဏာဆောင်တယ်လို့ ချက်ချင်းစိတ်ထဲမှာ မှတ်သားထား လိုက်တယ်။
ကြိုဆိုကြောင်းရေးခဲ့ပြောခဲ့
အဲဒီနောက် ဆက်တိုက်ဆိုသလို ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတယ်။ မတူတာတွေအသာထားပြီး တူတာတွေပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်း ချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်တယ်။ ပြည်ပရောက်သွားသူတွေ ပြန်လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ အတိအလင်း ကြေညာတယ်။ ဒါတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ပါ လက်တွဲဆောင်ရွက်နိုင်အောင် ညှိနှိုင်းဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ သမ္မတကိုယ်တိုင်က ပြောကြားခဲ့တယ်။ ကိုယ်တိုင်က အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေထဲက တစ်ယောက်ဖြစ်လေတော့ ဒီစကားကို ကြိုဆိုတယ်။ကြိုဆိုကြောင်း အတိအလင်း ရေးခဲ့ပြောခဲ့တယ်။
တိုးတက်မှုလို့ ပြောနိုင်
အပေါင်းလက္ခဏာ ဆောင်ရုံမက တိုးတက်မှုလို့ပါပြောနိုင်တဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံမှုဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကြီးရှေ့မှာ ခေါင်းဆောင်နှစ်ဦး ယှဉ်တွဲရပ်နေတဲ့ပုံကို ရုပ်မြင်သံ ကြားမှာ ဖျတ်ကနဲမြင်တွေ့လိုက်ရတော့ ပြည်သူတွေအားလုံး အံ့အားသင့်ပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြတယ်။ နောက်နေ့မနက်ထွက်တဲ့ သတင်းစာတွေရော၊ ဂျာနယ်တွေပါ ၀ယ်မရတဲ့အထိဖြစ်သွားတယ်။ ပြည် သူအားလုံး ၀မ်းသာကြိုဆိုကြတယ်။
အရှိကိုအရှိအတိုင်း
အဲဒီနောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ဓာတ်ပုံတွေကို ဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတယ်။ ဦးဝင်းတင်ရဲ့စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရလာလို့ လူတွေက အလုအယက် ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးတွေ ထည့်ခွင့်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆောင်းပါးကို ဖော်ပြခွင့်ရလာတယ်။ ဒါတွေ အားလုံးဟာ လွန်ခဲ့တဲ့ခြောက်လကျော် ကအိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေ ဖြစ်တယ်။ အပေါင်းလက္ခဏာ ဆောင်တာတွေချည်းဖြစ်တယ်။ သတင်းသမားဆိုတာ အရှိကိုအရှိ အတိုင်းတင်ပြရတယ်။ ဒါတွေဟာ လက်တွေ့မြင်တွေ့နေရတဲ့ အရှိတရားတွေဖြစ်ပြီး အကောင်းဘက်ကိုဦး တည်နေကြတယ်။
အနှုတ်လက္ခဏာဆောင်တာတွေ
အကောင်းဘက်ကို ဦးတည်နေတာဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ' တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့ ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။
အကဲခတ်ဆဲ
ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီအရေးကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ ယူဆတယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲခတ်နေကြပုံရတယ်။ အကဲ ခတ်ဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အနှစ် နှစ်ဆယ်လုံးလုံး ဆန့်ကျင်ဘက်မှာ ရှိနေတဲ့သူတွေက ရုတ်တရက်ချက်ချင်းကြီး ပြောင်းလဲလာတယ်ဆိုတာ သံသယဖြစ်မှာပဲ။ ဒါ သဘာဝကျတယ်ဆို တာကို တစ်ဖက်က နားလည်ပေးသင့်တယ်။ အလားတူပဲ သမ္မတဦးသိန်းစိန်အစိုးရဟာ အရပ်သားအစိုးရအဖြစ် အသွင်သဏ္ဌာန်ပြောင်းလာပေမယ့် သူတို့ရဲ့ မူလဇစ်မြစ်က နှစ်ပေါင်း ငါးဆယ်လုံးလုံး အုပ်ချုပ်လာခဲ့တဲ့ စစ်အစိုးရဆိုတာ သဘောပေါက်ထားကြရမယ်။
သံသယစိတ်နဲ့
ဦးသိန်းစိန်ကိုယ်တိုင်က အရင် အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဖြစ်တယ်။ စစ်တပ်များရဲ့ သဘောသဘာဝကိုလည်း နားလည်ထားကြဖို့ လိုတယ်။ စစ်တပ်ရဲ့ သဘာဝက လုံခြုံရေးကိုအဓိက ဦးစားပေးတယ်။ ဘယ်ကိစ္စမျိုးမဆို လုံခြုံရေး မျက်စိနဲ့ကြည့်တယ်။ ချဉ်းကပ်လာသူ မှန်သမျှကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်တယ်။ ရန်သူ ဖြစ်နေမလားဆိုတဲ့ သံသယစိတ်နဲ့ စစ်ဆေးစမ်းသပ်တယ်။ ရာနှုန်းပြည့်စိတ်ချရမှ သူတို့နား အကပ်ခံတယ်။ ဒါ သူတို့ရဲ့ သဘာဝပဲ။ စစ်မြေပြင်မှာ ဒီလိုမလုပ်ရင် ချေမှုန်းခံရမှာဖြစ်တယ်။ စစ်တပ်က ပြည်သူတွေကြားထဲ ၀င်ရောက်နေထိုင်ပြီး ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ရာမှာ စစ်မြေပြင်မှာ ကျင့်သုံးသလို ကျင့်သုံးလို့မရဘူးဆိုတာ အခုမှ နားလည်စပြုလာချိန်ဖြစ်တယ်။
ထိလွယ် ရှလွယ်
ဒီလိုနားလည်စပြုလာတာကို ကြိုဆိုပြီး ပိုနားလည်လာအောင် ပြည်သူလူထုက ကူညီရမှာဖြစ်တယ်။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွးမှုကို အချိန်နည်းနည်းယူပြီး စောင့်ကြည့်ရမယ်။ ခုအချိန်ဟာ အင်မတန်မှ နူးညံ့သိမ် မွေ့တဲ့ ထိလွယ်ရှလွယ် အခြေအနေဖြစ်တယ်။ အကောင်းဘက်ကို ရောက်သွားနိုင်သလို ရုတ်တရက်ချက်ချင်း အဆိုးဘက်ရောက်ပြီး ဒုံရင်းပြန်ဖြစ်သွားနိုင်တယ်။ နှစ်ဖက်စလုံးက ခြေလှမ်း မမှားအောင် သတိကြီးစွာထား ပြီးဆောင်ရွက်ကြဖို့လိုတယ်။ ဒုံရင်းပြန်ရောက်သွားရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်တယ်။
ခဏစောင့်ကြည့်
ဒုံရင်းပြန်မရောက်အောင် တားနိုင်တာလည်း ပြည်သူတွေဖြစ်တယ်။ ဒီမိုကရေစီစနစ်ကြီး အောင်မြင်အောင် တည်ဆောက်နိုင်တာကလည်း ပြည်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ ပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တို့က ကြိုးစားနေကြတာဖြစ်တယ်။ သူတို့နှစ်ယောက် အခုမှတစ်ကြိမ်ပဲ တွေ့ရသေးတယ်။ တစ်ကြိမ်တွေ့ရုံနဲ့ 'ဟပ်ချလောင်း'ဆိုပြီး ချက်ချင်းပြောင်းမသွားနိုင်ဘူးဆိုတာ နားလည် ပေးသင့်တယ်။ သူတို့ကို အချိန် နည်းနည်း ပေးသင့်တယ်။ ခဏလေး စောင့်ကြည့်သင့်တယ်။
ခဏကြီး၊ ခဏလေး
ခဏလေးဆိုတာက နှစ်ငါးဆယ်ကြာတဲ့ ခဏကြီးကိုပြောတာမဟုတ်ပါဘူး။ ခဏကြီးကတော့ ရှည်ကြာလွန်းပြီး ခါးသီးလှပါတယ်။ ရှေ့တိုးမလား၊ နောက်ဆုတ်မလား၊ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာကို 'စံနှစ်ခု' နဲ့ ချိန်ထိုးကြည့်နိုင်တယ်။ (၁) ထောင်ထဲကလူတွေ လွှတ်၊ မလွှတ်ဆိုတဲ့ စံ။ (၂)တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့ စံ။
နှစ်ချက်စလုံးဆောင်ရွက်ဆဲ
ဒီစံနှစ်ခုအနက် ပထမအချက် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စကို လွှတ်တော်က ထောက်ခံထားပြီးဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်များကပါ ထောက်ခံတယ်။ တပ်မတော်သားဆိုတာ အထက်အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်နာရတာဖြစ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ထောက်ခံတယ်ဆိုတာ ဟာ တပ်မတော်တစ်ခုလုံးက ထောက်ခံတယ်လို့ပဲ မှတ်ယူနိုင်တယ်။ ဒုတိယအချက် ငြိမ်းချမ်းရေးစံ လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ပြန်ပြီး ဆောင်ရွက်နေတာ တွေ့ရတယ်။
နည်းနည်းအချိန်ပေးပါ
ဒီအချက် နှစ်ချက်လုပ်၊ မလုပ် မကြာမီမှာပဲ အဖြေသိရမယ်လို့ ယူဆတယ်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဒီအချက်နှစ်ချက်စလုံးကို ငြင်းပယ်မယ်ဆိုရင်တော့ ပြည်သူတွေက ကောင်းကောင်းကြီး ဒဏ်ခတ်မှာ သေချာပါတယ်။ ပြည်သူ့စွမ်းအား (People Power) ကို အကြွင်းမဲ့ ယုံတယ်။ အခုတော့ ခဏလေး စောင့်လိုက်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ကို နည်းနည်းလေး အချိန်ပေးလိုက်ပါ။ ခဏကြီး မဟုတ်ပါဘူး။ ခဏလေးပါ။
http://www.weeklyeleven.com
0 မနေ့ကဖြစ်ပွားခဲ့သောလှည်းတန်း ၊ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ၏ငြိမ်းချမ်းစွာ ဆန္ဒပြဓာတ်ပုံများ(၂.၁၀.၂၀၁၁)
0 မတရားသော တည်ဆဲဥပဒေများကို ဆက်လက်ကျင့်သုံးနေခြင်းသည် ဒီမိုကရေစီ၏ အနုတ်လက္ခဏာ

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၌မဆို အဓမ္မကျင့်သုံးသည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို ပြည်သူလူထုက မလိုလားပါ။ မလိုလားသည့်အတိုင်း ဆန့်ကျင်နေမည်သာ ဖြစ်သည်။
သို့သော်..
ပြည်သူလူထုက ထိုသို့ဆန့်ကျင်ခြင်းကို ကာကွယ်တားဆီးနိုင်ရန် အဓမ္မဝါဒီ အစိုးရတို့က ဥပဒေများ ထုတ်ပြန်ကာ အရေးယူသည်။ မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့သော မတရားသည့် ဥပဒေများသည် ခေတ်စနစ်နှင့် မလျော်ညီ တော့သည့်တိုင်အောင် ဖျက်သိမ်းခြင်း မပြုသေးဘဲ တည်ဆဲဥပဒေများအဖြစ် ယနေ့တိုင် ကျင့်သုံးကာ အရေးယူနေဆဲဖြစ်သည်။
မတရားသော တည်ဆဲဥပဒေများကို မဖျက်သိမ်းသရွေ့ မည်သူမဆို တနေ့နေ့တွင် မတရား ဖမ်းဆီးခံရသော အကျဉ်းသား ဖြစ်သွားနိုင်သည်။ မိမိကိုယ်တိုင်မဖြစ်နိုင်ခဲ့သည့်တိုင် မိမိ၏သားသမီး၊ မြေးမြစ်များက အကျဉ်းသား ဖြစ်သွားနိုင်သည်။ ကိုယ်နှင့်မဆိုင်ဟုလည်း သဘောထား၍မဖြစ်။ လူတိုင်းအား အပြစ်ပေးလိုက ပေးနိုင်အောင် လည်ပင်း ကြိုးကွင်းစွပ်ထားပြီး ဖြစ်သည်။ စစ်အစိုးရခေတ်တွင် အာဏာရှင်စနစ် သက်ဝင်တည်တံ့နိုင်ရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ဓနဥစ္စာများ ပေးကမ်းထောက်ပံ့ခဲ့ရသူတချို့ပင်လျှင် အာဏာရှင် အလိုမကျသည်နှင့် ချက်ချင်းဘဝပြောင်းကာ အကျဉ်းသားပြန်ဖြစ်ရသည်များ ရှိနေခဲ့သည်။ ကျန်သူတို့အဖို့ကား ဆိုဖွယ်ရာမရှိတော့ပြီ။
သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ယုံကြည်ပါသလော။
လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ကျနော့်တဦးတည်း၏သဘောမှာ မယုံတဝက်-ယုံတဝက် ဖြစ်နေသေးသည်ဟု ပွင့်လင်းစွာ ဆိုပါမည်။
သမ္မတဦးသိန်းစိန်သည် သန့်ရှင်းကောင်းမွန်သော အစိုးရတရပ် ဖြစ်အောင် ကြိုးပမ်းသည့်အနေဖြင့် ပြည်သူတို့၏ ပကတိလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ရပ်တန့်ထားရေး၊ မီဒီယာလွတ်လပ်ခွင့်၊ လွှတ်တော်အတွင်း ပွင့်လင်း လွတ်လပ်စွာ ဆွေးနွေးခွင့်များ၊ ခေတ်စနစ်နှင့် လျော်ညီသောဥပဒေများ ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်း အစရှိသည့် ဒီမိုကရေစီအပေါ် စိန်ခေါ်ရဲမှုများကို စတင် လမ်းဖွင့်ပေးလာပြီဖြစ်၍ တဝက်ယုံခြင်း ဖြစ်သည်။
တချိန်တည်းမှာပင် အထက်တွင် ရေးသားခဲ့သည့် တရားမျှတမှု မရှိသော နိုင်ငံရေးစနစ်ကို ဆန့်ကျင်သူတို့အား ကာကွယ်တားဆီးရန် နယ်ချဲ့ဗြိတိသျှခေတ်ကစ၍ စစ်အစိုးရခေတ်အထိ (စုစုပေါင်း နှစ် ၁၅ဝ တိုင်အောင်) ကျင့်သုံးနေခဲ့သည့် တည်ဆဲဥပဒေများကို သမ္မတဦးသိန်းစိန်၏ အစိုးရလက်ထက်၌လည်း ဖျက်သိမ်းခြင်း မပြုဘဲ ကျင့်သုံးနေသေးသောကြောင့် တဝက်မယုံခြင်း ဖြစ်သည်။
ကျနော်ကဲ့သို့ မယုံတဝက်-ယုံတဝက် ဖြစ်နေသူများ ရှိနေနိုင်သည်။ လုံးဝ မယုံသူများလည်း ရှိနိုင်သည်။ လုံးဝ ယုံကြည်နေသူလည်း ရှိနိုင်ပါသည်။
ကျနော်တဦးတည်း၏ ယုံခြင်း-မယုံခြင်းကို သမ္မတက အလေးအနက် ထားမည် မဟုတ်ပါ။
သို့သော်..
သမ္မတဦးသိန်းစိန်၏ အစိုးရသည် ဒီမိုကရေစီ + ဓမ္မဝါဒီ အစိုးရ ဖြစ်သည်ဟု ပြည်သူတရပ်လုံး မဟုတ်သည့်တိုင် အများစုက မယုံကြည်လျှင် ဒီမိုကရေစီကို တန်ဖိုးထားသော သမ္မတ တဦးအနေဖြင့် အလေးအနက် ထားလာနိုင် ပါသည်။
လူထုတောင်းဆိုမှုကြောင့် အချိန်တိုအတွင်း ဖြေရှင်းနိုင်ခဲ့သော ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ယာယီရပ်ဆိုင်း လိုက်သည့်ကိစ္စမှာ လူထုဆန္ဒအပေါ် သမ္မတဦးသိန်းစိန်၏အစိုးရက အလေးအနက်ထားမှုကြောင့် ဖြစ်ပေါ်လာ ရသည့် သာဓကကောင်းဖြစ်သည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ အခြားသာဓကကောင်းတခုမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် တစိုက်မတ်မတ်တောင်းဆိုလာခဲ့ပြီးနောက် ယခုအချိန် စတင်လမ်းပွင့်လုနီးပါးဖြစ်နေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးကိစ္စ ဖြစ်သည်။
“ပြည်တင်းလျှင် မင်းမခံနိုင်” ဆိုသည့် ဆိုရိုးစကား မှန်ကြောင်း သက်သေထူလျက်ရှိသည်။ အကျိုးအကြောင်း ပြည့်ဝမှန်ကန်သည့် လူထုဆန္ဒဖြစ်လျှင် မင်းနှင့်ပြည်သူ ကြည်ဖြူသောကာလ၌ ဤဆိုရိုးစကား အမြဲမှန်နေကြောင်း သမ္မတက သက်သေပြလိုက်ပြီဟု ယူဆနိုင်သည်။ တချိန်တည်းမှာပင် လူထုဆန္ဒကို ဦးထိပ်ပန်ဆင်ရမည့် အချိန် ကာလကလည်း အမှန်တကယ် ရောက်ရှိနေပြီဖြစ်ရာ လူထုအနေဖြင့် အမြော်အမြင်ကြီးစွာ ညီညွတ်သော ခြေလှမ်းများဖြင့် ပန်းတိုင်သို့ ချီတက်ရမည့် အချိန်အခါကောင်း ဖြစ်သည်။
မတရားသော တည်ဆဲဥပဒေများကြောင့် ပြည်သူတို့ အကျဉ်းကျခံရခြင်း၊ အာဏာရှင်အလိုကျ ကျင့်သုံးခဲ့သော တည်ဆဲဥပဒေ ကြိုးကွင်းစွပ်ထားသည့်ဘဝတွင် ထာဝစဉ် စိုးရိမ် ပူပင်နေရခြင်းနှင့် မလိုလားအပ်ဘဲ အခက်အခဲ ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရခြင်း အစရှိသည်တို့သည် အာဏာရှင်ခေတ်မှ လက်ဆင့်ကမ်း အမွေအနှစ်ဆိုးများ ဖြစ်ပြီး ဒီမိုကရေစီ၏ အနုတ်လက္ခဏာတရပ် ဖြစ်သည်။ ဤသို့ပြောနိုင်သည်မှာ ဒီမိုကရေစီ အခြေပြု နိုင်ငံရေး စနစ်သည် အာဏာရှင်စနစ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်သို့ ဦးတည်သွားနေခြင်းကြောင့် ဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားတို့အနေဖြင့် အာဏာရှင်စနစ်ဘက်သို့ တလှမ်းလှမ်းတိုင်း အနုတ်လက္ခဏာ တခုစီ ပြသနေမည် ဖြစ်သည်။
လူထုဆန္ဒအရ ဒီမိုကရေစီအရေးများကို စတင်လုပ်ဆောင်ပေးမှုကြောင့် သမ္မတ ဦးသိန်းစိန်အား ဝိုင်းဝန်း ချီးကျူး နေကြသူများစွာ ရှိလာသည်ကို မငြင်းနိုင်ပါ။ အစိုးရတရပ်အနေဖြင့် မတူကြွဲပားကြသော ပြည်သူလူထု၏ ယုံကြည် ကိုးစားမှုကို ရယူရန် အမှန်ပင် ခက်ခဲလှသောကိစ္စဖြစ်သည်။ သို့သော် ယခုကဲ့သို့ နိုင်ငံရေးအလားအလာများ ကောင်းမွန်လာနိုင်စရာ ရှိနေချိန်တွင် သမ္မတဦးသိန်းစိန်နှင့်တကွ ဒီမိုကရေစီ ဘက်တော်သား ဥပဒေပြုလွှတ်တော် အမတ်များနှင့် အစိုးရဝန်ကြီးများအဖွဲ့အားလုံးတို့အနေဖြင့် ဒီမိုကရေစီ၏ အနုတ်လက္ခဏာများကို ဆက်လက်၍ သော်၎င်း၊ ထပ်မံ၍သော်၎င်း အလိုရှိနေဦးမည်ဟု မထင်ပါ။
ဒီမိုကရေစီ၏အနုတ်လက္ခဏာများကို ပယ်ရေးအတွက် အရေးတကြီး လိုအပ်နေသည်မှာ မတရားသော တည်ဆဲ ဥပဒေများကို အရင်ဦးဆုံး ပယ်ဖျက်ပေးဖို့ ဖြစ်သည်။ ဧရာဝတီမြစ်ဆုံအရေးတွင် သွေးစည်းညီညွတ်မှုကို ပြသနိုင် ခဲ့ကြသည့် ပြည်သူနှင့်အစိုးရတို့၏ အမြော်အမြင်ကြီးမားသော နိုင်ငံရေးအဖြေထွက်မှုသည် မတရားသော တည်ဆဲ ဥပဒေများအားလုံးကို အကြွင်းမဲ့ ဖျက်သိမ်းနိုင်ရေးအတွက် နိဒါန်းအစပျိုးလိုက်ခြင်း ဖြစ်သည်ဟု ယုံကြည်နိုင်စရာ ရှိနေပါသည်။
လွင်အောင်စိုး
Sunday, October 2, 2011
0
သူခိုးလက်ကသူဝှက်လု။ -
ရေးသူ-ထွန်းအောင်ကျော်

ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီ ဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့ သူဝှက်ကြီး ဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီး ဂုဏ်သရေရှိရှိ ဆက်ခိုးကြဘို့သာရှိပေသည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလို ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ် ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကို ဝေစားမျှစား လုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့် စကား ထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့် သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကို သွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာ မှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင် ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ စဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့် တစင်ထောင်ပြီးယူရိုငွေကို ဖေါဖေါသီသီသုံးရင်း တိုင်းရင်းသားခေါင်းဆောင်များ၏ နောက်ကွယ်မှ စီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့် ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့ မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ တချိန်ကျရင် ရွှေဖြစ်မှာ" လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့ စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါး မရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့ မပေါ်အောင် စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူး ဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟု အဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲ ဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။ NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက် ထားပြီး ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
လက်ရှိ ယာယီ DVB၏ ဦးဆောင်ညွှန်ကြားရေးမှူးတာဝန်ခံ စပ်ဟန်ညောင်ရွှေ
ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ်ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့ အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါတာဘဲ” အင်မတန် စော်ကားတဲ့ လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုး ရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လို အချောင် နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲ ခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။
တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်
မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။
Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.
0 ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား
ကျော်ဇင်မန်း(မြစ်မခ)
၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
`အဓိကကတော့ ကျွန်တော်တို့ ငှားရမ်းဝယ်ယူထားတဲ့ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော်တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့တောင်းဆိုတာပါ။ ဒီနေရာလေးမှာလဲ ၁၀ နှစ်မကလုပ်လာတာပါ။
သိန်းကိုဆယ်နဲ့ချီပြီးဝယ်ထားရတဲ့သူတွေပါ။ အချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်၊ အဲဒါကိုဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိုနိုင်းပေးတာမျိုးလည်း မရှိဘူး။ ချက်ခြင်းကြီးမောင်းချတာ ´ ဟု ဆန္ဒပြသူများထဲတွင်ပါဝင်သူတစ်ဦးကပြောသည်။
ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း (၉၈)ခန်းရှိပြီး၊ အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင်ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရ သည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ်ပေးမှုတစ်စုံတစ်ရာမရှိမှုကြောင့် ယခုလိုဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။
အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်းသိရှိရသည်။
ယနေ့ ဆန္ဒုပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထားသော အားဖြင့် တစုံတရာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြနေသူ တစ်ဦးက ပြောသည်။
ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့်ကြာမြင့်ပြီး လူဦးရေ (၂၀)၀န်းကျင် ပါဝင်ကြောင်းသိရသည်။
`ကျွန်တော်တို့ ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး(၂) ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ် အကြီးတွေ ကိုင်ပြီးဆန္ဒပြကြတဲ့သူတွေပါ ´ ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင် ဖွင့်ခဲ့သူ ကိုလှိုင်မိုးကပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦး၏အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက်(၃၀)၀န်းကျင် ရှိကြောင်း သိရသည်။ ၎င်းတို့ကိုင်ဆောင်ထားသောဆိုင်းဘုတ်များတွင် `ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည်´ ဟုရေးထားကြောင်း သိရသည်။
ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ(၂)ဦးနှင့်ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မ.ယ.က ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအားပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မ.ယ.က ရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
သို့သော် မ.ယ.က ရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏အမဖြစ်သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ဝင်ခွင့်မပြုကြောင်း ပြောသည်။
`သူတို့ပြန်လွှတ်မပေးသေးပါဘူး။ ကျွန်မက ကျွန်မညီမလေးကိုခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေတာပါ။ ရုံးထဲကိုလဲ ၀င်ခွင့်မပေးပါဘူး။ ကျွန်မညီမလေးကိုစိတ်ပူလို့ပါ ´ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏အမ မစိုးကပြောသည်။
ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။
`ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်ကပါ၊ သူတို့က အရင်စီးပွားကူးသန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့ သူတွေကို ကျေနပ်အောင် တစုံတရာ ဆောင်ရွက်ပေးထာမျိုး ညှိုနှိုင်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး၊ ညှိုနှိုင်ဆောင်ရွက်ပေးသင့်တယ်`ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
မြစ်မခမီဒီယာမှကူးယူဖော်ပြပါတယ်.
0 ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါ

ကာတွန်း။ ။ ကူမိုးကြိုး -မိုးမခ၀က်ဆိုဒ်
(၁) ရိုးရိုးလေးစဉ်းစားကြည့်ရင်..ဒီသဝဏ်လွှာမထုတ်ပြန်ခင်..တရုတ်နဲ့ အရင်ညှိရမှာ သေချာတယ်... ကျေနပ်အောင်..ဘယ်နေရာ ကဘာ နဲ့ အစားထိုးပေးမလဲ..တရုတ်က တော့ အနစ်နာ မခံမှာ သေချာတယ်...ဒါကြောင့် " အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။ " တဲ့...ဒါတစ်ချက်...
(၂) စာပိုဒ် (၃)မှာ "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် " တဲ့ ...သတင်း update မသိရတဲ့...့ မဆလ ခေတ်တုံးက ဆိုရင်တော့ ယုံချင်စရာစကားလုံးတွေပေါ့... ခုတော့ သဝဏ်လွှာပို့တဲ့ နေ့မှာ ဘဲ ကချင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်... သူတို့ ဆွေးနွေးတဲ့ ဝ က စစ်တပ်အင်အား ၃၀၀၀၀ နဲ့ လေယာဉ်ပစ်ဒုံးတွေပါ ပိုင်တဲ့ အဖွဲ့လေ...အားကြီးသူကိုစေ့စပ်ညှိနှိုင်း အပေးအယူလုပ်..အားနည်းတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုအနိုင်ကျင့် သတ်ဖြတ်...အစိုးရအဖွဲ့ ရဲ့ စာ (.သမ္မတ.ဦးသိန်းစိန် ရဲ့ စာလို့ မသုံးချင်ပါ ) ဟာအဖြစ်မှန်တွေဖုံးထားတယ်..မမှန်ကန်ဘူး..
(၃) စာပိုဒ် (၄) မှာ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်း ထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တဲ့ .. ဒီစာပိုဒ် အတွက်တော့ သမ္မတကြီး ကို စာနာမိပါတယ်. " အခြေခံဥပဒေပုဒ်မ ၂၀၄ တွင် ပြ ဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတ သည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် တဲ့ " ..ဦးသိန်းစိန်ဟာ တကယ်အပြောင်းအလဲ လိုလားတဲ့ သူဆိုရင်တောင်မှ...ကာလုံ..လို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ...လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သေးဘူးဆိုတာ ပြသနေပါတယ်...
(၄) ဒါကြောင့်ဘဲ....ဒီမိုကရေစီ ရဲ့ အသီးအပွင့် ဆန္ဒ ပြပွဲ တွေတောင်မလုပ်ရသေးဘူး...ငြိမ်းချမ်းတဲ့ ဆုတောင်းပွဲ ဘုရားပေါ်မှာ လုပ်ဖို့ ကြိုးပမ်းသူတွေကို "ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်လုပ်ဆောင်နေ " ဆိုတဲ့ စကားသုံးသွားရတယ်....
(၅) စာပိုဒ် (၆) ရဲ့ မြုပ်ကွက်က တော်တော်ရိုက်ချက်ပြင်းပါတယ်... " ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်" တဲ့ ...ကဲ..ဘယ့်နဲ့ ရှိစ....ဘာ အတိုးတွေလဲ... လွှတ်တော်မှာ ဘာကြောင့် မဆွေးနွေးကြတာလဲ... ပြည်သူတွေတောင် ငတ်နေတဲ့ ကြားက ဝိုင်းဆပ်ပေးရမဲ့ အပေါက်... ဒီ အကြောင်းရှင်းရှင်းလင်းလင်းပြောသင့်ပါတယ်...
(၆) စာပိုဒ် (၈) နဲ့ (၉) မှာ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ...တဲ့ ... သေသေချာချာ ဆိုလိုရင်း ကို ကြည့်ရင် " မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့်ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခု" ဆိုတာ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း (ရ) ခု....ဧရာဝတီမြစ်ဆုံစီမံကိန်း (၁) ခု ပေါင်း (၈) လို့ ဆိုလိုတာပါနော်.... ဒီတော့ ကျန်တဲ့ စီမံကိန်း ရ ခုမှာ ချီဖွေက ၉၇ ရာခိုင်နှုန်း ပြီးနေပြီ... ၁၉-၀၉-၂၀၁၁ EMG သတင်းအရ.... ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းမှာမူ ၉၇ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေးအကြို လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ တဲ့..
(ရ) ဒီတော့ သူတို့ က ပြည်သူတွေ ဆန္ဒအတိုင်းမြစ်ဆုံ တော့ ရပ်ထားပေးတယ်...ကျန်တာ ဆက်ဆောက်မယ်ဆိုရင်တော့ ဧရာဝတီ ဟာ ငိုကြွေးမြဲ ငိုကြွေးနေရမှာဘဲ...ကျွန်တော်တို့ ပြည်သူအများစု ဆန္ဒကတော့ ဧရာဝတီမြစ်မှာ ဘယ်ဆည်မှ ဆက်မဆောက်ပါနဲ့ တော့ ...အသက်ငင်နေတဲ့ မြစ်ကြီးကိုလည်း ကုသမှုတွေ ထိထိရောက်ရောက်လုပ်ပေးပါ...မလုံလောက်တဲ့ ဌာနတွေ.. နိုင်ငံတော်ဘတ်ဂျက်တွေ..အစား အထူးစီမံကိန်းကြီးများနဲ့ မြစ်ကြီးကိုကယ်တင်ပေးစေချင်ပါတယ်....
(၈) ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြောသလို တက်မ မထောင်ကြပါ နဲ့ အုံး...ဆက်လက် လေ့လာ တောင်းဆိုစရာတွေ ရှိပါသေးတယ်... ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါခင်ဗျား...
အောင်မျိုးနိုင်
Saturday, October 1, 2011
0 ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းပြဿနာဖြစ်
ဖုံးဖိမထားအတွင်းကျိတ်မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးခဲ့တဲ့ဒီဗီဘီ
ပြည်ပမှာ အချို့ဟာ အဲယားကွန်းအခန်းထဲကနေ ဟမ်ဘာဂါစားပြီး တော်လှန်ရေးလုပ်နေပါတယ်လို့ စွတ်စွတ်စွဲစွဲပြောနေကြတာ တကယ်တော့ အတိုင်းအတာတစ်ရပ်အထိ မှန်တယ်ဆိုတဲ့ အထောက်အထား တစ်ချို့ထင်ထင်ရှားရှား ရှိလာနေပါပြီ။
ကမ္ဘာ့စေတနာရှင်များရဲ့ အလှူငွေနဲ့ ရပ်တည်ပြီး သတင်းနဲ့နည်ပညာကိုသုံးကာ မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အားသွန်ခွန်စိုက် လုံ့လပြုနေတဲ့ ဒီဗီဘီရဲ့ ၂၀၁၀ ခုနှစ် ငွေကြေးအသုံးအစွဲမှာ အမေရိကန်ဒေါ်လာ သုံးသိန်းခန့် (မြန်မာငွေ သိန်းသုံးထောင်နီးပါး) အလွဲသုံးစားမှု ရှိခဲ့တယ်ဆိုတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက အလွဲသုံးစားလုပ်သူတွေကို ဒီဗီဘီအခြေစိုက်ရာ နော်ဝေးတရားရုံးကို တင်ပြီ တရားတဘောင်စွဲဆိုထားပါသတဲ့။
အဲဒီမှာ အလွဲသုံးစားလုပ်ခဲ့တာ ၂၀၁၀ တစ်နှစ်ပဲလား ရှေ့ဘယ်တုန်းကတည်းက လုပ်နေသလဲ စတဲ့ မေးခွန်းတွေ ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တကယ်ဆို ဒီကိစ္စဟာ အင်မတန်စက်ဆုတ်စရာကောင်းတဲ့ကိစ္စပါ၊ သူတော်စင်တစ်ယောက်လို နေရမယ်လို့ မပြောချင်ပေမဲ့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသူတွေဟာ ဒီလိုအခွင့်အရေးရတာနဲ့ ဖောက်ပြန်တာမျိုး မဖြစ်သင့်ပါဘူး၊ ဒါဟာ အင်မတန်ရွံရှာဖို့ကောင်းတဲ့ အချောင်သမားတွေရဲ့ လုပ်ရပ်ပါပဲ။ ဒေါ်လာသုံးသိန်းနဲ့ စစ်ဗိုလ်ကြီးတွေစားနေတဲ့ ဘီလီယံပေါင်းများစွာဟာ နိုင်းယှဉ်လို့မရပါဘူးဆိုပေမဲ့ သူတစ်ပါးကို ဖောက်ပြန်ပါတယ်လို့လက်ညိုးတွင်တွင်ထိုးနေသူဟာ ကိုယ်တိုင်က ဖောက်ပြန်မှု မြူမှုန်လောက်ပင် မရှိသင့်ပါဘူး၊ ဒီလိုမှမဟုတ်ရင် တစ်ကောင်စားနေတဲ့ အညစ်အကြေးကို မစားရလို့ ဘေးကနေ ဂူးဂဲလုပ်နေတဲ့ ခွေးတွေလိုဖြစ်သွားမှာပါ။
အဆိုးထဲက အကောင်းလို့ပြောရမှာတစ်ခုက ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီဗီဘီဟာ ရှက်စရာကောင်းတဲ့ ဒီကိစ္စကိုဖုံးဖိမထား အတွင်းကျိတ် မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးတာဟာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါပဲ၊ ဒီအတွက် လေးစားဂုဏ်ယူမိပါတယ်။
ချုပ်ပြောရရင် ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးပြီး သူတစ်ပါးကိုဝေဘန်စတမ်းဆိုရင် မြန်မာပြည် ဒီကနေ့အခြေအနေအထိ ဆိုက်သွားတာ ပြည်ပရောက် ကိုယ်တော်ကြီးတွေမှာလည်း အင်မတန်တာဝန်ရှိပါတယ်၊ တကယ်တန်းယုံကြည်ချက်ကြောင့် ရေခြားမြေခြားမှာ ရုန်းရင်းကန်ရင်း မြန်မာဒီမိုကရေစီရရှိရေး တက်စွမ်းသလောက် ကြိုးပမ်းနေကြသူတွေရှိသလို မြန်မာဒီမိုကရေစီအရေးကို မျောက်တစ်ကောင်လို သဘောထားပြီး မျောက်ပြဆန်တောင်းစားနေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဆိုးတာက တကယ်အလုပ်လုပ်သူတွေထက် အဲဒီမျောက်ပြဆန်တောင်စားသူတွေက လက်တံခြေတံ ပိုရှည်နေတာပဲ။
ဒီအချက်ကို ကောင်းကောင်းအသုံးပြုပြီး သုဘဒ္ဒါဦးကျော်ဆန်းက ဒေါ်လာစားတွေ ဒေါ်လာစားတွေလို တွင်တွင်သုံးပြီး သူရဲ့ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ စစ်ရေးအစီးအမံမှာ ထည့်သွင်းအသုံးပြုလိုက်တာ အတော်အောင်မြင်သွားတယ်လို့ ပြောရပါမယ်။ ပြည်တွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့အမြင်မှာ ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေကို စားဖားကြီးတွေလို့ အမြင်စောင်းလာကြတဲ့ လေသံမျိုးတွေ ကြားလာနေရပါပြီ။
တကယ်တော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့အဖြစ်မျိုးဆိုပေမဲ့ အဲဒီပုပ်တဲ့ကောင်က ကျန်တဲ့ကောင်တွေထက် ကြီးတာက ခက်ပါတယ်။
mokenlay(mmcp community)




