Saturday, October 1, 2011

0 ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေး အရှုပ်အရှင်းပြဿနာဖြစ်


ဖုံးဖိမထားအတွင်းကျိတ်မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးခဲ့တဲ့ဒီဗီဘီ

ပြည်ပမှာ အချို့ဟာ အဲယားကွန်းအခန်းထဲကနေ ဟမ်ဘာဂါစားပြီး တော်လှန်ရေးလုပ်နေပါတယ်လို့ စွတ်စွတ်စွဲစွဲပြောနေကြတာ တကယ်တော့ အတိုင်းအတာတစ်ရပ်အထိ မှန်တယ်ဆိုတဲ့ အထောက်အထား တစ်ချို့ထင်ထင်ရှားရှား ရှိလာနေပါပြီ။

ကမ္ဘာ့စေတနာရှင်များရဲ့ အလှူငွေနဲ့ ရပ်တည်ပြီး သတင်းနဲ့နည်ပညာကိုသုံးကာ မြန်မာပြည်ဒီမိုကရေစီရရှိရေး အတွက် အားသွန်ခွန်စိုက် လုံ့လပြုနေတဲ့ ဒီဗီဘီရဲ့ ၂၀၁၀ ခုနှစ် ငွေကြေးအသုံးအစွဲမှာ အမေရိကန်ဒေါ်လာ သုံးသိန်းခန့် (မြန်မာငွေ သိန်းသုံးထောင်နီးပါး) အလွဲသုံးစားမှု ရှိခဲ့တယ်ဆိုတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက အလွဲသုံးစားလုပ်သူတွေကို ဒီဗီဘီအခြေစိုက်ရာ နော်ဝေးတရားရုံးကို တင်ပြီ တရားတဘောင်စွဲဆိုထားပါသတဲ့။

အဲဒီမှာ အလွဲသုံးစားလုပ်ခဲ့တာ ၂၀၁၀ တစ်နှစ်ပဲလား ရှေ့ဘယ်တုန်းကတည်းက လုပ်နေသလဲ စတဲ့ မေးခွန်းတွေ ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တကယ်ဆို ဒီကိစ္စဟာ အင်မတန်စက်ဆုတ်စရာကောင်းတဲ့ကိစ္စပါ၊ သူတော်စင်တစ်ယောက်လို နေရမယ်လို့ မပြောချင်ပေမဲ့ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေသူတွေဟာ ဒီလိုအခွင့်အရေးရတာနဲ့ ဖောက်ပြန်တာမျိုး မဖြစ်သင့်ပါဘူး၊ ဒါဟာ အင်မတန်ရွံရှာဖို့ကောင်းတဲ့ အချောင်သမားတွေရဲ့ လုပ်ရပ်ပါပဲ။ ဒေါ်လာသုံးသိန်းနဲ့ စစ်ဗိုလ်ကြီးတွေစားနေတဲ့ ဘီလီယံပေါင်းများစွာဟာ နိုင်းယှဉ်လို့မရပါဘူးဆိုပေမဲ့ သူတစ်ပါးကို ဖောက်ပြန်ပါတယ်လို့လက်ညိုးတွင်တွင်ထိုးနေသူဟာ ကိုယ်တိုင်က ဖောက်ပြန်မှု မြူမှုန်လောက်ပင် မရှိသင့်ပါဘူး၊ ဒီလိုမှမဟုတ်ရင် တစ်ကောင်စားနေတဲ့ အညစ်အကြေးကို မစားရလို့ ဘေးကနေ ဂူးဂဲလုပ်နေတဲ့ ခွေးတွေလိုဖြစ်သွားမှာပါ။

အဆိုးထဲက အကောင်းလို့ပြောရမှာတစ်ခုက ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီဗီဘီဟာ ရှက်စရာကောင်းတဲ့ ဒီကိစ္စကိုဖုံးဖိမထား အတွင်းကျိတ် မဖြေရှင်းပဲ အများပြည်သူကို ရဲရဲဝံ့ဝံ့အသိပေးတာဟာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါပဲ၊ ဒီအတွက် လေးစားဂုဏ်ယူမိပါတယ်။

ချုပ်ပြောရရင် ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးပြီး သူတစ်ပါးကိုဝေဘန်စတမ်းဆိုရင် မြန်မာပြည် ဒီကနေ့အခြေအနေအထိ ဆိုက်သွားတာ ပြည်ပရောက် ကိုယ်တော်ကြီးတွေမှာလည်း အင်မတန်တာဝန်ရှိပါတယ်၊ တကယ်တန်းယုံကြည်ချက်ကြောင့် ရေခြားမြေခြားမှာ ရုန်းရင်းကန်ရင်း မြန်မာဒီမိုကရေစီရရှိရေး တက်စွမ်းသလောက် ကြိုးပမ်းနေကြသူတွေရှိသလို မြန်မာဒီမိုကရေစီအရေးကို မျောက်တစ်ကောင်လို သဘောထားပြီး မျောက်ပြဆန်တောင်းစားနေတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ဆိုးတာက တကယ်အလုပ်လုပ်သူတွေထက် အဲဒီမျောက်ပြဆန်တောင်စားသူတွေက လက်တံခြေတံ ပိုရှည်နေတာပဲ။

ဒီအချက်ကို ကောင်းကောင်းအသုံးပြုပြီး သုဘဒ္ဒါဦးကျော်ဆန်းက ဒေါ်လာစားတွေ ဒေါ်လာစားတွေလို တွင်တွင်သုံးပြီး သူရဲ့ မီဒီယာကိုမီဒီယာနဲ့တိုက်ဆိုတဲ့ စစ်ရေးအစီးအမံမှာ ထည့်သွင်းအသုံးပြုလိုက်တာ အတော်အောင်မြင်သွားတယ်လို့ ပြောရပါမယ်။ ပြည်တွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့အမြင်မှာ ပြည်ပက အတိုက်အခံအဖွဲ့အစည်းတွေကို စားဖားကြီးတွေလို့ အမြင်စောင်းလာကြတဲ့ လေသံမျိုးတွေ ကြားလာနေရပါပြီ။

တကယ်တော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရတဲ့အဖြစ်မျိုးဆိုပေမဲ့ အဲဒီပုပ်တဲ့ကောင်က ကျန်တဲ့ကောင်တွေထက် ကြီးတာက ခက်ပါတယ်။

mokenlay(mmcp community)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.