Monday, August 24, 2009

0 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့် အရင်ထက်ပိုပြီး ဆိုးရွားနိုင်


ဆိုင်းငံ့ပြစ်ဒါဏ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အရင် နေအိမ်အကျယ်ချုပ် ကျတုန်းကထက် အခွင့်အရေးတွေ ပိုရတယ်ထင်ရပေမယ့် ကန့်သတ်ချက်တွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် တကယ်တမ်းမှာ အရင်ထက်ပိုပြီး ဆိုးအောင် လုပ်လို့ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက သုံးသပ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆိုင်းငံ့အပြစ်ဒဏ်နဲ့ အကျယ်ချုပ် ချလိုက်ချိန်မှာ ပုဒ်မ ၄၀၁ အရ နိုင်ငံတော် အကြီးအကဲရဲ့ ကန့်သတ်ချက်တွေအရ လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ချက်တွေ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အချက် ရှစ်ချက် ချမှတ်ထားပေမယ့် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အချက်တွေ ပါဝင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဧည့်သည်တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က ခွင့်တောင်းရမှာလား၊ တွေ့ဆုံချင်သူက ခွင့်တောင်းရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ရှေ့နေဦးကြည်ဝင်း။ ။“စည်းကမ်းထဲမှာတော့ ဧည့်သည်တွေ့မယ်ဆိုရင် တောင်းဆိုတင်ပြ ခွင့်ပြုချက်နဲ့မှ တွေ့ခွင့်ရှိမယ်။ အဲဒီသဘောမျိုးပဲ။ အဲဒီအချက်ကမရှင်းတော့ မေးမြန်းဖို့ရာ လုပ်ထားတယ်။ ဘယ်သူဘယ်ဝါ တွေ့ခွင့်ရှိမယ် ဘယ်သူဘယ်ဝါတော့ တွေ့ခွင့်မရှိဘူး၊ အဲဒါမျိုး မပါဘူး”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ခွင့်ပြုထားတဲ့ အချက် ရှစ်ချက်ထဲမှာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီက ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ၊ နေ့စဉ်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေ ဖတ်ရှုခွင့် ရှိတယ်လို့ဆိုပေမယ့် ရေဒီယို နားထောင်ခွင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ သေသေချာချာ မသိရသေးဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် သက်ဆိုင်ရာကို မေးမြန်းဘို့ ပြင်ဆင်နေရတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရှေ့နေဦးဥာဏ်ဝင်း။ ။“တွေ့ဖို့ စီစဉ်နေတယ်၊ မေးဖို့ စာတွေရေးနေတယ်။ ဒါလည်း ဒေါ်စုနဲ့ ပြန်ပြီး အတည်ပြုပြီးမှ ကျနော်တို့ ဆောင်ရွက်လို့ ရမယ်။ ဒီကြားထဲမှာတော့ ကျနော်တို့ တွေ့ခွင့်မရသေးဘူး။ ကျနော်ပြောနိုင်တာက အခု ကန့်သတ်ချက်တွေက သာမန်ကြည့်လို့ရှိရင်တော့ အရင်ကန့်သတ်ချက်ထက် အများကြီး လျှော့ထားတယ်လို့ ယူဆရတယ်။ ဒါပေမယ့် လက်တွေ့ ဒီကန့်သတ်ချက်ကို အကောင်အထည် ဖော်လို့ရှိရင် ပိုပြီးတော့ ဆိုးအောင်လည်း အကောင်အထည်ဖော်လို့ရတယ်။ အဲဒါကြောင့် ကန့်သတ်ချက်ကိုက သိပ်ပြီးတော့ မရှင်းလင်းဘူး။ အဲဒီအဓိပ္ပါယ်ရတယ်။ ဒါကြောင့် ဒီဟာကို ရှင်းလင်းအောင် ဦးစွာဆောင်ရွက်ဖို့ လိုတယ်လို့ ကျနော်တို့ ဆွေးနွေးကြတာ”

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီး ရှေ့နေအဖွဲ့အနေနဲ့ စောင့်ဆိုင်းနေဆဲဖြစ်ပြီး လာမယ့်အပတ်အတွင်း တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
(RFA)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.