Saturday, August 29, 2009

0 တရုတ်နိုင်ငံသို့ထွက်ပြေးခိုလှုံသော ကိုးကန့်စစ်ပြေးဒုက္ခသည်များ


မြန်မာစစ်အစိုးရတပ်တွေက တရုတ်နယ်စပ် ယုနန်ပြည်နယ်နဲ့ တမိုင်လောက်သာ ဝေးတဲ့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံခရိုင်တွင်းက ကိုးကန့်လက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသကို ထိုးစစ်ဆင်နေတာကြောင့် အနည်းဆုံး ဒေသခံ ၃ သောင်းလောက် တရုတ်ပြည်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ AFP သတင်းက ရေးသားပါတယ်။

တိုက်ပွဲအခြေအနေတွေဟာ တနေ့ထက်တနေ့ ပြင်းထန်လာနေပြီး မြန်မာ စစ်အစိုးရဖက်ကလည်း တပ်အင်အားတွေ ဆက်ပြီး ဖြည့်တင်းနေတယ်လို့ တရုတ်နယ်စပ်က ရတဲ့ သတင်းတွေအရ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက် မနေ့ မနက်ပိုင်း ၊ တရုတ် မြန်မာနယ်စပ်နားက ရန်လုံကိုက်နဲ့ နမ်ဆာဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား စစ်ပွဲအခြေအနေကို နယ်စပ်စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောက အခုလို ပြောပြပါတယ်။

ဦးအောင်ကျော်ဇော။ ။ “မနေ့ကမနက်က ၇ နာရီလောက်က ဖြစ်တဲ့ အဲဒီ ရန်လုံကိုက်နဲ့ နမ်ဆာကြားမှာ ဖြစ်တဲ့ ဟို ဗမာပြည်ရဲ့ လုံထိန်းရဲတွေနဲ့ ဖြစ်တဲ့ ကိစ္စမှာ အဲ တယောက်သေတယ်၊ တယောက် ဒဏ်ရာရပြီးတော့ လေးယောက်က တရုတ်ပြည်ထဲ ထွက်ပြေးသွားတယ်။ ကျန်တဲ့ ၄၂ ယောက် ကျွန်တော်တို့ ဖမ်းမိတယ်။ အရာရှိ နှစ်ယောက်အပါပေါ့နော်။ ဖမ်းမိတယ်။ ဖမ်းမိတယ်ဆိုတာ ကျွန်တော်တို့က ပစ်ဖို့ ခတ်ဖို့ မဟုတ်ဖူး၊ ကျွန်တော်တို့က သူ့ကို ရန်လုံကိုက်ကနေ ဆုတ်ဖို့ သွားပြီးတော့ ရှင်းတာပါ။ သေနတ် အလက် ၅၀ ကျော် ရတယ် ကျွန်တော်တို့။ အဲဒီ ၄၂ ယောက်တော့ မနေ့ ညနေက ပြန်လွှတ်လိုက်ပါတယ်။”

ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးအောင်ကျော်ဇောကပဲ ခုလို ထပ်ပြောပါတယ် ။

ဦးအောင်ကျော်ဇော။ ။ “အဲ နောက်တခုက ဒီနေ့မနက် အရုဏ်ဦး ၃ နာရီလောက်ကတည်းက ကျွန်တော်တို့ တိုက်ပွဲတွေ တိုက်တယ်။ အဲဒီ ဖိုးခွားကျိုက်တို့ ဘာတို့ ရွာတွေဖက်မှာ ညဖက် ရန်သူ့တပ်ရှိနေတဲ့နေရာ ပြောက်ကျားတွေ ဘာတွေ လိုက်ပစ်တယ်။ ဒါတခုပေါ့။ နောက် မနေ့ ညနေပိုင်း ၂ နာရီခွဲလောက်မှာ ဒီနေ့မှ ရတဲ့ သတင်းပေါ့၊ ကျွန်တော်တို့ ရင်ခွဲတောင်ပေါ်ကနေ မူကကျိုက် ရှိတဲ့ ရန်သူကို လှမ်းပစ်တဲ့အခါမှာ ပွိုင့်ဖိုက်တွေ ဘာတွေ လှမ်းပစ်တဲ့အခါမှာ ရန်သူ့ကားတန်းက တိုက်ရိုက် ထိမှန်ပြီး လေးစီး မီးလောင် ပျက်စီးသွားတယ်။ အဲဒီမှာ လူတချို့ ဒဏ်ရာရတယ်ပေါ့။”

ကိုးကန့်လက်နက်ကိုင်တပ်တွေ ဖက်က UWSA ဝပြည် သွေးစည်းရေးတပ်မတော် အပါအဝင် အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကပါ စစ်ကူအနေနဲ့ ဝင်တိုက်ပေးနေတယ်လို့ သိရပါတယ်။

အဖွဲ့ကနေ လတ်တလော အဖယ်ရှားခံထားရတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင်ကတော့ ပြဿနာတွေကို အဖွဲ့ပေါင်းစုံပါပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလိုကြောင်း ဩဂုတ်လ ၂၇ ရက် ကြာသပတေးနေ့ညက ကြေညာချက် ထုတ်ခဲ့ပါတယ် ။

တရုတ်အစိုးရ ရုပ်မြင်သံကြားကတော့ ကိုးကန့်ဒေသတခုလုံးကို မြန်မာစစ်တပ်က ထိန်းချုပ်ထားလိုက်ပြီလို့ ဒီကနေ့မှာ တရုတ်ဘာသာနဲ့ ကြေညာလိုက်ပါတယ် ၊ ဒီအချက် မမှန်ကန်ဘူးလို့ ဦးအောင်ကျော်ဇောက ပြောဆိုပါတယ် ။

ဦးအောင်ကျော်ဇော။ ။ “တရုတ် မီဒီယာဖြစ်တဲ့ စင်ထရယ်တီဗီကနေပြီးတော့ ကိုးကန့်တခုလုံးကို ဗမာအစိုးရ ချုပ်ကိုင်လိုက်ပြီလို့ ပြောပါတယ်။ မဟုတ်ပါဘူး။ အခု ကျွန်တော် စကားပြောချိန်အထိ ဗမာအစိုးရ ယူထားတာ လောက်ကိုင်းနဲ့ ချင်းရွှေဟော် ဒေသပဲ ဖြစ်ပါတယ်။ ကျန်တဲ့ တောင်တန်းဒေသနဲ့ မြေပြန့် တချို့က ခုထက်ထိ ကိုးကန့် အထူးဒေသ (၁) ရဲ့ တပ်ဖွဲ့တွေနဲ့ အစိုးရလက်ထဲမှာ ရှိပါတယ်။”

တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို မြန်မာစစ်အစိုးရက သက်ဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ပြဿနာတွေကို အမြန်ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုပါတယ်။

ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ တရုတ်မြန်မာနယ်စပ် စစ်ရေး၊ နိုင်ငံရေး စောင့်ကြည့်သူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာစစ်အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တို့အကြား ဒီကနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတယ်လို့ သတင်းတွေရရှိပါတယ်။

မနက် ၈ နာရီလောက်မှာ ကိုးကန့်တပ်တွေက မြန်မာစစ်အစိုးရရဲ့ တပ်စခန်းတခုကို သိမ်းပိုက်လိုက်တယ်လို့သိရပြီး လောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို ကိုးကန့်တပ်ဖွဲ့ အဆက်အသွယ်ရှိပြီး လောက်ကိုင်မြို့နဲ့ မလှမ်းမကမ်း တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ချင်းရွှေဟော်မှာ နေထိုင်သူ ဒေသခံက RFA ကို ခုလိုပြောပြပါတယ်။

ဒေသခံ။ ။ “အခုပစ်နေသေးတယ်၊ နေ့လည် ၁၂ နာရီ မထိုးခင်ကနေ လောက်ကိုင်မှာလည်းဖြစ်၊ ချင်းရွှေဟော်မှာလည်းဖြစ်၊ အဲဒီကြားမှာလည်း တနေရာဖြစ် လက်နက်ကြီးနဲ့လည်း ထုခွဲနေကြတယ်၊ ကျဆုံးမှု အတိအကျတော့ ဘာမှတော့မရသေးဘူး၊ နမ့်ဆန် ဝပြည်ထဲ ဝင်သွားတဲ့ ဂိတ်ပေါ့ သူတို့ရဲ ပို့စ်ရှိတယ်၊ နယ်စပ်ပေါ့ ကိုးကန့်ကိုလည်း ဝင်လို့ရတယ် ဝကိုလည်းသွားလို့ရတယ်၊ နယ်စပ်ဂိတ်ပေါ့ ၈ နာရီနီးပါးပေါ့ မနက်စောစောပိုင်းက။”

ဒီသတင်းနဲ့ ပတ်သက်လို့ ကိုးကန့်အရေးနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့်နေတဲ့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း အတည်ပြုပြောဆိုပြီး မနေ့ကထက် တိုက်ပွဲတွေက ပိုပြီးတော့ ပြင်းထန်လာတယ်လို့လည်း သူကပြောပါတယ်။ ဒီနေ့တိုက်ပွဲမှာ UWSA ဝတပ်တွေလည်း ပါဝင်လာတယ်လို့လည်း သတင်းတွေ ထွက်နေပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။

မနေ့က တိုက်ပွဲတွေ မဖြစ်ခင် ကွမ်းလုံ၊ လောက်ကိုင် ပတ်ဝန်းကျင်မှာရှိတဲ့ အရပ်သားတွေကို မြန်မာစစ်အစိုးရတပ်တွေက ပေါ်တာအဖြစ် ဖမ်းဆီးတာတွေ ရှိသလို အရွယ်ကောင်းတဲ့ လူငယ်တချို့ကို အရေးပေါ် စစ်သင်တန်းပေးနေတယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

ဒေသခံ။ ။ “လက်နက်ကိုင်တတ်တဲ့လူရော မကိုင်တတ်တဲ့ လူရော၊ မသိတဲ့လူကို သိတဲ့လူက သင်ပေးပေါ့၊ တပတ်ဆိုတပတ်၊ ၅ ရက်ဆို ၅ရက်၊ လေ့ကျင့်ပြီးမှ အရှေ့ကို မောင်းပို့ဖို့ပေါ့။ သူတို့က နယ်မြေကျွမ်းကျင်တယ် သူတို့နေရာဆိုတော့ သူတို့သွားခိုင်းဖို့ ၊ လေ့ကျင့်ပေးတာပေါ့ အကုန်လုံး အရပ်သားတွေ အဲဒါမျိုးဖြစ်တာ ၆၀ လောက်ရှိသွားပြီ။”

ကိုးကန့်မှာ တိုက်ပွဲတွေ စဖြစ်နေတဲ့ တချိန်တည်းမှာ တခြား အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကလည်း သူတို့ရဲ့တပ်တွေကို အဆင်သင့် တပ်လှန့်ထားကြတယ်လို့ သိရပါတယ်။ (RFA)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.