Saturday, September 12, 2009

1 ကြက်ခြေနီတပ်ဖွဲ့ဘာတွေလုပ်နေလဲ

ကျနော် ငယ်စဉ် ကာလက ဗဟိုရုပ်ရှင် (ယခု သတင်းရုပ်ရှင်) မှ ပြသသော မြန်မာနိုင်ငံကြက်ခြေနီ အသင်း သတင်းကား ကို ကြည့်ရှုပြီး ပရဟိတ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လိုသောကြောင့် (၈) တန်းရောက်တော့ ကျောင်းရဲ့ ကြက်ခြေနီအသင်း ကို ဝင်ခဲ့ပါတယ်။ ကျနော် (၉၊ ၁၀) တန်းကျောင်းသား ဘဝ တုံးက ဇာတိ မော်လမြိုင်မြို့ တစ်ဝိုက်ဟာ အညိုရောင် နယ်မြေ ဖြစ်ခဲ့ရပါတယ်။ ပြည်ပြေးအဖွဲ့ တွေ က မော်လမြိုင်မြို့ ပေါ်မှာ လည်းကောင်း မြိုအနားမှာ လည်းကောင်း ဗုံးထောင်ခြင်း၊ လူစုလူအုပ်ထဲ ဗုံးခွဲခြင်း ပြုလုပ်ခဲ့ကြပါတယ်။ ကျနော် (၁၀) တန်း ပထမနှစ် အောင်စာရင်း မထွက်ခင် ကာလ (မေလ လို့ထင်ပါတယ်) တစ်နေ့ မုတ္တမမြို့ ရှိ ရထားဘူတာ ၌ ကုန်တင်ကုန်ချ အလုပ်သမားတွေ အကြား လက်ပစ်ဗုံး (ဘယ်နှစ်လုံးလဲတော့ မမှတ်မိတော့ပါ) ပေါက်ကွဲမှု ဖြစ်ခဲ့သဖြင့် အပြစ်မဲ့သူ ကုန်တင်ကုန်ချ အလုပ်သမား များ သေကြေဒဏ်ရာရခဲ့ကြတယ်။ ဒဏ်ရာရ လူနာများ ကို မော်လမြိုင်မြို့ ဆေးရုံကြီး ကို သယ်ဆောင် လာခဲ့ကြပါတယ်။ ကျနော် နှင့် သူငယ်ချင်း ထိုသတင်းကို ကြားတာနဲ့ မော်လမြိုင် ဆေးရုံကြီး ကို သွားခဲ့ကြပါတယ်။ ကျနော် တို့ ကျောင်းမှ အခြားသော ကြက်ခြေနီအသင်းဝင် များ နှင့် တွေ့ပြီး တာဝန်လွှဲယူခဲ့ပါတယ်။ ကျနော် နေသော ပန်းဘဲတန်းရပ် မှ အိမ် က ဆေးရုံကြီး နှင့် တော်တော်နီးပါတယ်။

ဆေးရုံ ရောက်ရောက်ခြင်း မြင်တွေ့လိုက်ရတာကတော့ ဆေးရုံ ကုတင်တွေပေါ်မှာ သွေးတွေ အလိမ်းလိမ်းလူးနေတဲ့ အပြာရောင် အင်းကျီဝတ် ဘူတာ ကုန်တင်ကုန်ချ အလုပ်သမားတွေ။ ဒဏ်ရာပြင်းထန်လွန်းလို့ အော်ငြီးသံတွေ၊ သွေးအညှီနံ့တွေ၊ သူတို့ ရဲ့ ဆွေမျိုးသားချင်းများ ရဲ့ ပူပင် သောကရောက်နေတဲ့ ပုံပန်းတွေ၊ အားလုံးဟာ အနိဌာရုံတွေပါ။ နေ့လည်နေ့ခင်း က ဖြစ်ခဲ့ရတာမို့ ညနေစောင်းတော့ လူနာတွေ နှင့် သူတို့ ရဲ့ ဆွေမျိုးသားချင်းတွေ ညနေစာ စားဖို့ အခက်အခဲ ရောက်နေတာမို့၊ ပန်းဘဲတန်း၊ ကျားတံတား၊ ထားဝယ်စု၊ သိမ်ကုန်း အရပ် တွေမှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူတွေ က ရပ်ကွက်ထဲ ထမင်းထုတ် တွေ ကို သွားအလှူခံလာခဲ့ပေးပြီး ဒဏ်ရာမပြင်းထန်တဲ့ လူနာများ၊ လူနာတွေ ရဲ့ ဆွေမျိုးသားခြင်းတွေ ကို ကျွေးမွေးပေးခဲ့ကြပါတယ်။ ကျနော်တို့ ကျောင်းသားတွေက လူနာတွေ ကို ဓါတ်မှန်ရိုက်ဖို့ ထမ်းစင်ဖြင့် သယ်ယူပေးခြင်း၊ သွေးပုလင်းတွေချိန်ဆွဲဖို့ ပြင်ဆင်ခြင်း စသည်ဖြင့် ဆရာဝန်များ၊ သူနာပြုများ ကို ကူညီပေးခဲ့ကြပါတယ်။ ကျနော်တို့ရဲ့ လက်တွေမှာ သွေးတွေ ပေကျန်ခဲ့တယ်။ သွေးညှီနံ့တွေ စွဲရစ်ခဲ့တယ်။ ဆရာဝန်တွေ ပြသလို့ လူနာတွေ ရဲ့ ခန္ဓာကိုယ်ထဲ မှာ ဝင်ရောက်နေတဲ့ ဗုံးအစအန တွေ ကို အဖြူရောင် အစက်အပျောက်များ အဖြစ် လူနာများ ရဲ့ ဓါတ်မှန်တွေမှာမြင်ခဲ့ရတယ်။

နောက်တစ်နှစ် (၁၀) တန်း ကို ဒုတိယ အကြိမ် ဖြေဆိုအပြီး မေလ အတွင်းမှာပဲ ကျုံဒိုး မှ မော်လမြိုင် ကိုလာတဲ့ သင်္ဘော လမ်းတစ်ဝက်မှာ ကေအင်ယူများ က မြစ်ကမ်းဘေး မှ လောင်ချာ၊ သေနတ်တွေနဲ့ ဝိုင်းပစ်တာကိုခံခဲ့ရပါတယ်။ နေ့ခင်းက ဖြစ်ခဲ့ပြီး အပစ်ခံရတဲ့ သင်္ဘော ကို အမှတ် (၄) တံတား မှာ ဆိုက်ကပ်စေပြီး၊ သေဆုံးသူများ၊ ဒဏ်ရာ ရသူများကို အထက်လမ်း အတိုင်း ဆေးရုံကြီး ကို သယ်ဆောင်သွားခဲ့ကြပါတယ်။ နေ့ခင်း ထိုသတင်း ကို ကြားကြားခြင်း ဈေးကြီး၊ ရွှေတောင်ရပ်၊ စစ်ကဲကုန်းရပ် တို့မှ ကြက်ခြေနီ အသင်းဝင် ကျောင်းသူကျောင်းသားများ အမှတ် (၄) တံတား ကို လာကြပြီး သေဆုံးသူများ၊ ဒဏ်ရာရ လူနာများ ကို ဆေးရုံကြီး ကို အခေါက်ခေါက် အခါအခါ ပို့ပေးကြလို့ သူတို့ရဲ့ ကိုယ်တွေမှာလည်း သေဆုံးသူများ၊ ဒဏ်ရာရ သူများ မှ သွေးတွေ စွန်းပေခဲ့ပြီး သွေးညှီရနံ့တွေ စွဲကျန်နေတယ်။

သူငယ်ချင်း တစ်ယောက် ပြောပြတာကတော့ လောင်ချာ ထိသွားလို့ သင်္ဘော ခေါင်မိုး ဟာ ချိုင့်ဝင်သွားတယ်။ သင်္ဘောကြမ်းပြင် မှာကတော့ သင်္ဘောစောင်းရင် သွေးတွေဟာ ရေလိုပဲ တစ်နေရာ ကနေ တစ်နေရာ ကို စီးနေတယ်။ သွေးချောင်းစီး တယ်ဆိုတာ အဲဒီတုံးကပါ။ ခေါက်ထီး အနက် တွေဟာ သွေးတွေကြောင့် အနီရောင်ပြောင်းကုန်ုတယ်တဲ့။ သင်္ဘော ကို အစောင့်လိုက်လာတဲ့ ရဲသား တစ်ဦး ကတော့ လောင်ချာ ဒဏ်ကြောင့် ရင်ဘတ် ကို ပွင့်ထွက်နေပြီး အထဲက ကလီစာ တွေ ကိုထွက်နေတယ်။ အဲဒီလိုမျိုး ရုပ်ပျက်ပြီး သေနေတဲ့ သူတွေ ကို ကြက်ခြေနီ အသင်းဝင် ကျောင်းသားတွေ နဲ့ လူမှုဝန်ထမ်း စိတ်ဓါတ်ရှိတဲ့သူတွေ က လက်နဲ့ ကို ကိုင်တွယ်ပြီး ဆေးရုံကို သယ်ဆောင်ပေးကြတယ်။ ဒဏ်ရာရ လူနာတွေ ကို ကျောင်းကြက်ခြေနီ ထမ်းစဉ်တွေပေါ် တင်ပြီး ဆေးရုံကို ပို့ခဲ့ကြတာ၊ ကျနော် တို့ အမှတ် (၅) အထက ကျောင်း ကြက်ခြေနီ အသင်းပိုင် ထမ်းစဉ် (၂) ခု ကို ရေနဲ့ ဘယ်လောက် ဆေးဆေး သွေးကွက်တွေ မပျောက်လို့ လွှင့်ပစ်ခဲ့ရပါတယ်။

ကျနော် ညနေ (၃) နာရီကျော် မှ သတင်းရလို့ ဆေးရုံ ကို ရောက်တော့ ဒဏ်ရာရ လူနာတွေ အတွက် ဆေးရုံ ကုတင်တွေ တောင် မလောက်လို့ ဆေးရုံ ကြမ်းပြင်ပေါ်ထား ထားရတာတွေ ကို တွေ့ခဲ့ရတယ်။ လူနာတွေ မှာ သွေးစွန်းနေတဲ့ ပတ်တီး၊ သွေးစွန်းနေတဲ့ အဝတ်အစား၊ အော်ဟစ်ညီးညူသံတွေ၊ ဆွေမျိုးသားခြင်းတွေ ရဲ့ အော်ဟစ်ငိုနေသံများ က တော့ နှစ်ပေါင်း (၃၅) နှစ်ကြာခဲ့ပေမဲ့ မမေ့နိုင်သေးပါ။ ထုံးစံ အတိုင်းပဲ ကြက်ခြေနီ အသင်းဝင် ဆရာမများ၊ ကျောင်းသူများ က ရက်ကွပ်ထဲမှာ ထမင်းထုတ်တွေ ကို လိုက် အလှူခံပေးခဲ့ပါတယ်။ ထိုနေ့ ကတော့ ဒဏ်ရာရသူတွေ များလွန်းလို့ ရပ်ကွက်များမှ စေတနာရှင်တွေ ဆေးရုံအထိ ထမင်းထုတ်တွေ ကို (၃) ရက် ဆက်တိုက်လာပို့ပေးကြတယ်။ ထိုနေ့မှာ လည်း ကျနော့် ရဲ့ လက်မှာ သွေးစွန်းပေခဲ့သလို သွေးအညှီနံ့တွေလည်း စွဲကျန်ရစ်ခဲ့တယ်။

မော်လမြိုင်မြို့ ပေါ်မှ ကြက်ခြေနီ အသင်းဝင် အထက ကျောင်းသူကျောင်းသား များရဲ့ လူမှုလုပ်ငန်း ဆောင်ရွက်ချက်တွေပါ။ ကျနော် လည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။

(၁၀) တန်း ပထမနှစ် ဘဝ တုန်းက မိုးတွင်းကာလမှာ ယူဘီအေ လေယဉ်တစ်စင်း သံတွဲ လေယဉ်ကွင်း မှ တက်တက်ခြင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်။ ရက်အတော်ကြာမှ သေဆုံးသူများ ရဲ့ ရုပ်အလောင်းများ ကမ်းစပ်သောင်ကမ်း မှာ လာတင်နေတာ သံတွဲမြို့မှ ကြက်ခြေနီ အသင်းဝင် များ က မရွံရှာ လက်အိတ်မျှပင် မပါပဲနှင့် ပုတ်ပွနေသော ရုပ်အလောင်းများ ကို သယ်ယူပြီး ဆေးရုံကို ပို့ပေးခဲ့လို့ သူတို့ ကို နိုင်ငံတော်မှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခဲ့တာ ကို ထိုကာလ က ထုတ်ဝေတဲ့ သတင်းစာ၊ စာစောင်များ မှာ ပြန်လည်လို့ ဖတ်ရှုနိုင်ပါသေးတယ်။

ဒါတွေဟာ ကြက်ခြေနီ အသင်းဝင် များရဲ့ ကောင်းကွက်တွေပါ။

မော်လမြိုင်ကောလိပ် က ဘွဲ့ရပြီး ရန်ကုန် မှာ ဘွဲ့လွန် အတန်း လာတက်တုန်း နွေရာသီကျောင်းပိတ်တော့ အိမ်ပြန်လာခဲ့စဉ်ကာလ က အဖြစ်အပျက်တစ်ခု ကို သတိရမိတယ်။ သင်္ကြန်အကျနေ့ ... မော်လမြိုင်မြို့် ရဲ့ထုံးစံ အတိုင်း သင်္ကြန်အကျနေ့ ဆိုရင် ခလေးတွေ နဲ့ လူငယ်တွေ တစ်ချို့ပဲ ရေကစားကြပါတယ်။ အိမ်ထဲမှာ စာဖတ်နေတုံး လမ်းမပေါ်မှာ ဝီစီသံ တရွှီးရွှီး ညံနေတယ်။ အော်ဟစ်သံတွေကြားရလို့ထွက်ကြည့်မိတယ်။ အကြောင်းကတော့ နို့ဆီခွက် နဲ့ ရေပက်မိတဲ့ လူငယ်လေးတွေ ကို ဆယ်ကျော်သက် အရွယ် ကြက်ခြေနီ တွေ က လိုက်ဖမ်းနေတယ်။ ကိုင်း ကောင်းကြသေးရဲ့လား။ လူမှုဝန်ထမ်း လုပ်ရမဲ့ ကြက်ခြေနီ လူဆိုးဖမ်းတဲ့ ရဲ အလုပ် ကိုလုပ်နေကြတယ်။ နို့ဆီခွက် နဲ့ ခွက်စောင်းခုတ် ပြီး ရေကစားတဲ့ ကလေးတွေ လိုက်ဖမ်းရတာ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင် တွေ ရဲ့ အလုပ် လားလား မှ မဟုတ်။

ကျနော် ဘန်းကျော် နဲ့ ဝေးနေတာ နှစ်ပေါင်းကြာနေပြီ။ အင်တာနက် ကနေ ဖတ်လိုက်ရတဲ့ သတင်းစာ ထဲမှာ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား မှာ ကြက်ခြေနီ တပ်ဖွဲ့ ဝင်တွေများ ကလည်း စစ်ကြောင်း ပုံစံဖြင့် ချုပ်ချုပ် မင်းတရားကြီး ကို ချီတက် အလေးပြု ကြတယ်ဆိုပါလား။ အမ်အေ သေနတ်တွေ ကို လွယ်ပြီးတော့များ စစ်ကြောင်း ပုံစံနဲ့ ချီတက်နေကြပြီလား။ (ကျနော် ဓါတ်ပုံတွေ ကိုတစ်ခါမှ မတွေ့ဖူးပါ။) ကျော်မကောင်း ကြားမကောင်း ဘာတွေ လုပ်နေကြတာလဲ။ ကြက်ခြေနီ ဆိုတာ လူမှုရေးလုပ်ငန်း ကို ဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နှင့် ဖွဲ့စည်းထားတဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်း တစ်ခုပါ။ လက်နက်စွဲကိုင်ပြီးတော့ ရန်သူကို တိုက်ခိုက် ရတဲ့ တပ်ဖွဲ့ တစ်ခု မဟုတ်ပါလေ။ ကြက်ခြေနီအသင်း စတင် ပေါ်ပေါက်လာတာ ကရိုင်းမီးယား စစ်ပွဲ ကြောင့်ပါ။ ရန်သူ မိတ်ဆွေ မရွေး ဒုက္ခရောက်သူတိုင်း ကို ကယ်ဆယ်၊ ကူညီပေးဖို့ပါ။ တပ်မတော်နေ့ မှာ စစ်ကြောင်းတွေ ပါဝင်ကြတဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန်ရှိကြတဲ့ လက်နက်အဖွဲ့အစည်းတွေ အတွက် (ရန်သူ) ဆိုတာရှိတယ်။ ကြက်ခြေနီအသင်း အတွက် (ရန်သူ) ဆိုတာ မရှိပါ။

၂၀ဝ၇ ခုနှစ် မတ်လ (၂၇) ရက်နေ့ မှာ မြဝတီစစ်ကြောင်း နဲ့ တပ်ချုပ်ကြီး ကို ချီတက် အလေးပြုခဲ့ကြတဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ မေလ (၂) ရက်နေ့ မှာ နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်း ကို ဝင်ရောက် ဖျက်ဆီးသွားခဲ့တုန်း က ဘယ်ရောက်နေကြသလဲ။ အမောင် ကြက်ခြေနီအသင်းဝင် တွေ မုန်တိုင်းဒဏ်ကြောင့် သေသွားကြတဲ့ လူသေ အလောင်းတွေ ကို မကောက်ချင်ကြတော့ဖူးလား၊ စားစရာမရှိ အတိ ဒုက္ခရောက်နေတဲ့ နာဂစ် မုန်တိုင်းဒဏ်ခံ မြစ်ဝကျွန်းပေါ်ဒေသ မှ သွေးချင်းသားချင်းတွေ အတွက် စားစရာတွေ ဝေငှပေးချင်တဲ့ ဆန္ဒ မရှိကြပေဖူးလား။ တောနယ် ဒေသ ကျေးရွာ တွေ ကို မဆင်းချင်ကြပေဖူးလား။ မြို့ပေါ်မှာ သာ ဇိမ်ကျကျ နေချင်ကြပေလားမသိပါ။

အဆိုတော် ဝင်းဦး နှင့် မာမာအေး တို့ ဆိုခဲ့ကြတဲ့ ကြက်ခြေနီ သီချင်း တွေကို ပြန်လည် ကြားယောင်နေမိတာကတော့ (ကျေးရွာ အရောက် ဒို့ခရီးပေါက်ရမည် ... ကြက်ခြေနီ)။

မှားတာရှိရင် ခွင့်လွှတ်ကြပါ။
koluchaw

1 comment:

  1. ဟုတ်ပါတယ် ဒါပေမဲ့ ကူညီတဲ့နေရာမှာတော့ နေရာဒေသ လူမျိုးဘာသာ အဆင့်အတန်း ခွဲခြားမှု မရှိဘဲ အခြေခံမူ ၇ချက် အခြေခံကျင်ဝတ် ၁၀ ချက်နဲ့ အညီ ရန်သူမိတ်ဆွေ ခွဲခြားမှု မရှိဘဲ ကူညီနေကြပါတယ် ဆိုတာကိုတော့ သိရှိနားလည် လက်ခံပေးကြစေချင်ပါတယ်။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.