Monday, September 7, 2009

0 ပြည်တွင်းမှဒေါ်လာများဖြင့် မြန်မာ့ဖွတ်ဘော


တေဇနဲ့ အောင်မိုးဇော် (ဂရင်းရွယ်ရယ်ဝီစကီ စပွန်ဆာ) ဓာတ်ပုံ။ ။ moemakha
နီနီဝင်းရွှေ ရဲ့ (ကာယပညာတန်ဆောင်) ဆိုတဲ့သီချင်း ကို နားထောင်ရင်း မြန်မာသတင်းစာ ကို ဖတ်ကြည့်လိုက်တာ ရင်တွင်း ခံစားရချက် မသက်သာလှတာမို့ အားကစား ကဏ္ဍ မှ သိတာလေးတွေ ကို ဖေါက်သည်ချလိုက်ပါတယ်။

ကာယပညာတန်ဆောင် ဆိုတဲ့သီချင်းဟာ တော်လှန်ရေးအစိုးရခေတ် မှာ ပေါ်ထွက်လာခဲ့တာပါ။ မူရင်း အဆိုတော် က ပန်တျာတင်တင်မြင့် လို့ထင်ပါတယ်။ ဟိုခေတ်ဆီက စောစောအိပ်လို့ စောစောထကြပါစို့လို့ ဆိုပြီး ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့တဲ့အချိန်ပေါ့။ အားကစား နှင့် စီးပွားရေး ရောထွေးမှု မရှိခဲ့တဲ့ အချိန်တွေပေါ့။ အားကစား ကို အမျိုးသားအားကစား ရယ်လို့ သတ်သတ်မှတ်မှတ် ထားတဲ့အချိန်ပေါ့။

ယခုတော့ နိုင်ငံရေး အမြတ်ထုတ်ဖို့ရယ်၊ စီးပွားရေး လုပ်ငန်းတွေ မှာ အမြတ်ထုတ်ဖို့ရယ် ဆိုပြီး ပုဂ္ဂလိက ဘော်လုံးအသင်းတွေ ကိုထူထောင်၊ ပြည်တွင်း မှ သယံဇာတတွေ ကို ရောင်းစားပြီး နိုင်ငံခြား က ဘော်လုံးသမားတွေ ကို ဒေါ်လာပေးပြီး ငှားရမ်းနေကြတယ်။ ဒီဒေါ်လာတွေ ကို နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ မိမိတို့ တိုင်းရင်းသား တွေ ကို ထောက်ပံ့လိုက်ရင်ဖြင့် ဘယ်မျှလောက် ကောင်းသွားလေမလဲ လို့ ကျနော် စဉ်းစားမိတယ်။ ပြည်တွင်းရဲ့ အားဟာ ပြည်တွင်းမှာ ရှိပါတယ် ဆိုတဲ့ စကားဟာ အားကစား လောက အတွက်လည်း အကြုံးဝင်ပါတယ်။ တစ်ခါမှ အားလို့တောင်မှ မကားစားခဲ့တဲ့သူတွေ က ငွေကြေးကို ပုံအောပြီး အားကစားလောက ကို သိမ်းပိုက်လိုက်တာ ရင်နာမိပါတယ်။ မြန်မာ့အားကစား ကို ငွေနဲ့ အသိမ်းပိုက်ခံလိုက်ရပါတကားလို့လည်း သံဝေဂ ရမိပါတယ်။

တော်လှန်ရေးကောင်စီခေတ်က မြန်မာ့အားကစား လောက ကို ဦးဆောင်ခဲ့ကြတဲ့ ဗိုလ်မှူးကြီးဂွမ်ရှိန်၊ ဗိုလ်မှူးကြီးလှမိုး၊ ဗိုလ်မှူးကြီးကျော်စိန်ထွန်း (စစ်တပ်ဆရာဝန်)၊ ဗိုလ်မှူးကြီးဘရွှေ၊ တို့ဟာ ကိုယ်တိုင် ဘော်လုံးသမားတွေပါ။ တကဲ့ကို အားကစား စိတ်ဓါတ် နဲ့ ကို ဦးဆောင်ခဲ့လို့လည်း တစ်ချိန်သော ကာလ က (မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ) (အာရှချန်ပီယံ ဒို့မြန်မာ) ဆိုတဲ့ သီချင်းတွေ ကို မြန်မာ့အသံ က အောင်ပွဲခံ အသံလွှင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လဲ တစ်နှစ်မှာ မြန်မာလက်ရွေးစင် ဘောလုံးအသင်း နှင့် မြန်မာ့ လူငယ်လက်ရွေးစင် ဘောလုံးအသင်း (၂) သင်းဟာ တစ်ချိန်တည်းမှာ တောင်ကိုးရီးယားပတ်ချုံဟီးဖလား နဲ့ အာရှလူငယ် ဖလား (၂) ခု ကို နိုင်ငံ (၂) ခု က ရပြီး မင်္ဂလာဒုံ လေယဉ်ကွင်း ကို မြန်မာနိုင်ငံတော် အလံ ကို ကိုင်ဆောင်ပြီး လေယဉ်ပေါ် က အောင်ပွဲခံ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆင်းလာတာ ကို မြင်လိုက်ရ ရင်ပဲ ကြက်သီမွေးညှင်း ထမိခဲ့ပါတယ်။

၁၉၆၀ ကျော် ကာလများက အောင်ပွဲဝင် မြန်မာ မာရသွန် အပြေးချန်ပီယန် (၂) ဦးဟာ တိုင်းရင်းသား ကချင်လူမျိုးတွေပါ။ မြီတုန်းနော် နှင့် ရှင်ဗွေဂမ် တို့ဟာ အာရှတိုက်ရဲ့ အားကစားပြိုင်ပွဲတွေမှ အမိနိုင်ငံတော် အတွက် ရွှေငွေ တံဆိပ်တွေ ကို ရယူလာပေးခဲ့တဲ့ နိုင်ငံဂုဏ်ဆောင် အားကစားတွေပါ။ ထို့ အတူ မြန်မာ လက်ဝှေ့ချန်ပီယန် (ဦး) တင်ထွန်း ဆိုရင်လည်း ပြိုင်ဖက် ကို ကြမ်းပေါ်ကျအောင် ထိုးချပြီး နိုင်ငံတော် အတွက် ရွှေငွေ တံဆိပ်တွေ ကို ယူပေးခဲ့တဲ့ အောင်မြင်ကျော်ကြား မြန်မာ့ အားကစား သမားတစ်ဦးပါ။ ၁၉၆၉ ခုနှစ် က ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ မှာ အားကစား မီးရှုးတိုင် ကို အောင်ဆန်း အားကစားကွင်း မှာ ရှိတဲ့ အားကစား မီးတောက် မှာ ထွန်းညှိပေးခဲ့တဲ့သူပါ။ ၁၉၈၈ နောက်ပိုင်းမှာ (ဦး) တင်ထွန်း ခေတ်ပြိုင်စာစောင် လက်ဝယ်တွေ့ရှိမှု ဖြင့် ထောင်ဒဏ် ကျခံသွားရပါတယ်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလ က ရန်ကုန်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၅) ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ မှာ နာမည်ကျော်ခဲ့တဲ့ အမျိုးသမီး အားကစားမယ် တစ်ဦး ဟာ နိုင်ငံတော် အတွက် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပေးပြီး ရက်ပိုင်း အတွင်းမှာ မသမာသူ သောင်းကျန်းသူ များ ရဲ့ လက်ပစ်ဗုံး ဒဏ်ချက်ကြောင့် ငယ်ငယ်ရွယ်ရွယ် နဲ့ ကွယ်လွန်သွားခဲ့ရတယ်။ မြန်မာ့အမျိုးသမီး ဘော်လီဘော လက်ရွေးစင် အသင်းမှ အားကစားမယ် အေးအေးသင်း ဟာ လားရှိုးမြို့ဇာတိ ဂေါ်ရခါး အမျိုးအနွယ် တစ်ဦးပါ။ မြင့်မားသော အရပ်၊ တောင့်တင်းသော ကိုယ်လုံးကိုယ်ထည် နဲ့ အေးအေးသင်း ဟာ ဘော်လုံးကို ပိုက်ကွန်ကိုကျော်လွန်ပြီး တစ်ဖက်အသင်း ထဲရောက်သွားအောင် ပြင်းပြသော ရိုက်ခုတ်ချက် တွေနဲ့ လက်စွမ်းပြခဲ့ပြီး မြန်မာ့အမျိုးသမီး ဘော်လီဘော လက်ရွေးစင် အသင်းအတွက် ရွှေတံဆိပ် ကို ရယူပေးခဲ့ပါတယ်။ ကံကြမ္မာဆိုးချင်တော့ ရက်ပိုင်းလောက်ပဲကြာတယ် ၁၉၇၀ ခုနှစ် ဂျန်နဝါရီလ လားရှိုးမြို့ မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား မှာ သောင်းကျန်းသူ များ အားကစားပွဲအတွင်း ပစ်သွင်းလိုက်တဲ့ လက်ပစ်ဗုံး ဒဏ်ကြောင့် ကွယ်လွန်သွားခဲ့ရပါတယ်။

ဒီလိုမျိုး အောင်မြင်ကျော်ကြားတဲ့ မြန်မာ့အားကစား သမားတွေ ပြည်တွင်းမှာ ရှိရက်သားနဲ့ ပြည်တွင်းက ရသွားတဲ့ ဒေါ်လာတွေ ကို ဖြုန်းတည်းပြီး နိုင်ငံရပ်ခြား မှ ဘော်လုံးသမားတွေ ကို ငှားရမ်းတာကတော့ စိတ်မကောင်းစရာပါ။
(ကွယ်လွန်သွားပြီဖြစ်တဲ့ မြန်မာ့အားကစား နဲ့ နိုင်ငံဂုဏ်ဆောင် ခဲ့သူများ ကို ဒီ ပိုစ့် နဲ့ ဂုဏ်ပြုဦးညွတ်လိုက်ပါတယ်)

ကိုလူချော
မြန်မာ့ ဖွတ်ဘောလောက အဆင့်အတန်း မြင့်သည် မမြင့်သည်ထက် ပြည်သူ့ ခံစားပေါက်ကွဲမှုဒေါသတို့သည် နအဖ ဖက်မလှည့်ရေးသည်သာ အဓိကအဖြစ်သတ်မှတ်ထားသောကြောင့် မြန်မာ့ ဖွတ်ဘော လောကကြီးသည် ဖွတ်သံသရာ လည်နေဦးမည်သာ ဖြစ်ပေသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.