Saturday, February 13, 2010

0 လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ (၉၅)နှစ်ပြည့်မွေးနေ့ ဂုဏ်ပြုအမှတ်တရ

မြန်မာနိုင်ငံရဲ. လွတ်လပ်ရေး ဖခင်ကြီး အဖေ ဗိုလ်ချုပ်အောင်ဆန်း ..၉၅ နှစ်မြောက်မွေးနေ.မှ စပြီး နောက်နှစ်ပေါင်းများစွာ ရောက်ရာ ဘုံဘဝမှာ ကောင်းကျိုးချမ်းသာများ ခံစားရပြီး ပျော်ရွင်ချမ်းမြေ့ပါစေလို. ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

( ငါတို့၏ ကိုးကွယ်ရာ )

ကျနော် ကြက်သီးတွေထတယ် အဖေ
မနက်လင်းတိုင်း မနက်ခင်းတိုင်း
အဖေ မျှော်မှန်းခဲ့တဲ့ ပြီးပြည့်စုံတဲ့ဘဝ
သားတို့ရကြပြီလားလို့ ကိုယ့်သမိုင်းကို ကိုယ်ပြန်မေးကြည့်မိတယ် ။
အဖေ တည်ဆောက်ပေးခဲ့တဲ့ အုတ်မြစ်တွေကို
အရောင်အမျိုးမျိုးကြား ၊ အသွေးစုံ အလံတွေ ၊ ဦးထုပ်ဒီဇိုင်းများစွာ နဲ့
သူတို့တွေ .......
သူတို့တွေ တန်ဖိုးဖြတ်ခဲ့ကြတယ် အဖေ ။

ထွန်းလင်းတောက်ပနေဆဲံ ၊ ဘယ်တော့မှ မမှေးမှိန်နိုင်မယ့် အဖေ့ပုံရိပ်တွေကို
မူတွေ ၊ ဝါဒတွေ ၊ သဘောတရားတွေ ၊ ရယူပိုင်ဆိုင်လိုမှုတွေ
သွေးညှီနံ့တွေ နဲ့
သူတို့တွေ ....
သူတို့တွေ ဖုံးဖိချင်ကြတယ် အဖေ ။
အဖေ့ ရဲ့ အမိုးအကာအောက်မှာ
တည်ငြိမ်တဲ့ ရပ်တည်မှုမရှိ ၊ လူ့တန်ဖိုးမဲ့ချင် ကြလို့
သားတို့ လားရာလမ်းတွေ ၊ သားတို့ အနာဂါတ်ပန်းတိုင်တွေအတွက်
မနက်တွေကို စတေးခဲ့ကြရတယ် အဖေ ။
လုံလောက်ပြီလား ။
မနက် ၊ အသက် ၊ အရှက် ၊ သွေးချွေး ၊ သိက္ခာ ၊ လိပ်ပြာ
အဖေ ကြိုတင်ခန့်မှန်းခဲ့ဖူးတဲ့ ( .... ) လွတ်လပ်ရေး ။
သားတို့ ရင်လေးမိတယ် အဖေ ။

“ ငါတို့မြန်မာပြည်ဝယ်
မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို
သူရဲကောင်းတွေ မွေးရမယ် ...”
အဖေမမြင်ခဲ့ရတဲ့ ၊ အဖေ မမှီလိုက်တော့တဲ့
ပင်လုံ ရဲ့ အသီးအပွင့်တွေ ကျနော်တို့ ဆွတ်ယူစားသုံးနေကြတယ်အဖေ ။
ဒါပေမယ့်
အပင်စိုက်ခဲ့တဲ့ အဖေ့ကိုတော့ မေ့ယောင်ဆောင်ချင်ကြသေးတယ် အဖေ ။
သား ရင်နာတယ် ။
“ ကြည်ရေ ... ပဲပြုတ်နဲ့နံပြား ရရင် စားချင်တယ် ”
တဲ့လား အဖေရယ် ။
အခုတော့ ငါ့သားအတွက် ၊ ငါ့်သမီးအတွက် ၊ ငါ့သွေးအတွက် ၊ ငါ့မြေးအတွက် ......... ၊ ငါ့ .........၊ ငါ့ .....
ဆုံးခန်းမတိုင်နိုင်မယ့် ရလိုမှု လောဘဇောတွေ အတွက်
တစ်ချို့တွေ အရှက်ကို မငဲ့နိုင်တော့ဘူး ။
လာရာလမ်းအတိုင်း ပြန်သွားရမယ့် ဒီဘဝခရီး မှာ
“ အနတ္တ ” သဘောကို သိမြင်ပါလျက် ၊ ရသမျှကို ကဲ့ယူ
မသေခင်မှာ လက်ကုန်နှိုက်ချင်ကြတယ် အဖေရယ် ။
သား ရင်နာတယ် ။
မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့ လဲ လို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ် ။ သူရဲကောင်း တို့ ....
ဗိုလ်အောင်ဆန်း နဲ့ အာဇာနည်တွေရယ် ။

ရှက်ဖို့ကောင်းလိုက်တာ အဖေရယ် ..။
အဖေ့ အိပ်မက်တွေ မျှော်လင့်ချက်တွေကို မှ အားမနာ
သားတို့ ခမျာ နိပွန် မှာ ၊ မလေး မှာ ၊ စလုံးမှာ ၊ ယပက်လက်မှာ ၊ ကကြီးမှာ
ရှေ့မျက်နှာ နောက်ထားလို့ ကျွန်အကြီးစားဖြစ်နေရတယ် ။
ကိုယ့် မိခင်အရိပ် ၊ ဖခင်ကျေးဇူး ထက်
သူတထူးအတွက် သိတတ်နေရတဲ့ အဖြစ် ။
သား ရင်နာတယ် အဖေ ။
လေဒီဒိုင်ယာနာ သေတဲ့နေ့ ၊ ဘုန်းတော်ကြီးအသတ်ခံရတဲ့နေ့တွေ ဆို
သက္ကရာဇ် အချိန်အတိအကျပြောနိုင်ပေမယ့်
အဖေ့ မွေးနေ့ နဲ့ ငယ်နာမည်တောင် မသိတော့တဲ့ ၊ တာဝန်မကျေတဲ့ သားသမီးတွေကို
လာဆုံးမပါဦးအဖေ ။
အာဇာနည် ကိုးဦး အမည်စာရင်း မေး မလား ။ မမှတ်မိဘူး ။
အဖေ့ မွေးရပ် မမှတ်မိဘူး ။
ရဲဘော်သုံးကျိပ်ဆို ဝေးရော ။
ဒါပေမယ့် ....
ချန်ဂင် ၊ ဆွန်ဂျူး ၊ နေ့ကလပ် ၊ နိုကီယာ ၊ စည်ဘီယာ
နေတတ်သူတွေ အဖို့တော့ မီးမလာလည်း အင်ဗာတာ ရှိတယ် အဖေ ။
နတ်မောက်က အဖေ့ အိမ် ဘယ်သူတွေ သွားကြလို့လဲ
နတ်မောက်လမ်း က အဖေ့ပြတိုက် ဘယ်သူ ဦးခိုက်ကြမလဲ
အဖေ ပြောခဲ့တယ်နော် ။
စည်းကမ်းဆိုတာ မရှိမှတော့ ရထားတဲ့ လွတ်လပ်ရေးသာ ( .... ) လွတ်လပ်ရေးပဲ ဖြစ်မယ်တဲ့ ။
အဖေ့ ကြေးရုပ်နားက ကွမ်းမထွေးရ ဆိုတဲ့ ဆိုင်းဘုတ်ကိုမှ ပျစ်ခနဲ့ထွေးတဲ့ ငနဲ
အဖေ နာရင်းတီးချင်မှာပဲနော် ။
အဖေ
သား ရင်နာတယ် အဖေ ။
အဖေ့ မိန့်ခွန်းတွေ နားထောင်မိတိုင်း
အဖေ့ လက်ရေး နဲ့ ( ကြည်ရေ....) ဆိုတာလေး ပြန်မြင်မိတိုင်း
အဖေ့ ရည်မှန်းချက်တွေ ၊ အဖေ့ လုပ်ငန်းစဉ်တွေ ဖတ်ရတိုင်း
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သားတို့ဘဝ တွေ အတွက် အဖေ့ကို မျက်နှာပူတယ် ။
အိမ်သာအထွက် သိန်းဖေ ပုဆိုး နဲ့ လက်သုတ် တဲ့ အဖေ
ကဲ ယှဉ်စမ်း
သိန်းဖေ အောင်ဆန်း
သခင်စိုး အောင်ဆန်း
ဦးနု အောင်ဆန်း
သန်းထွန်း အောင်ဆန်း
နေဝင်း အောင်ဆန်း
ကျော်ငြိမ်း အောင်ဆန်း
............ အောင်ဆန်း
............ အောင်ဆန်း
ကြည့်တတ်ရင် မြင်နိုင်မယ် ။
ရုပ်ရှင်ရုံမှာတောင် အောက်တန်းကကြည့်တဲ့ အဖေ ။
ဘိလပ်သွားတာတောင် အနွေးထည်ကောင်းကောင်း မဆင်နိုင်တဲ့ အဖေ ။
သူရို့တွေ အစား သားရှက်တယ် အဖေ ။
အဖေ့ မွေးနေ့ဆိုတာ
မြန်မာပြည်ရဲ့ မွေးနေ့ပါ ။ ကလေးများနေ့ ဘယ်ရောက်သွားပြီလဲ?
မြန်မာ ပြည်ဟာ မွေးနေ့ကိတ် မဟုတ်ဖူးဆိုတာ သူရို့ သိပါလေစ ?
အချိန်တန်ရင်တော့ နွားပိန်က သေချာပေါက်ကန်လိမ့်မယ် ။
အဖေ့ မွေးနေ့နဲ့ ပင်လုံနိဒါန်းကို
အဖေ့အရိပ်ခို ၊ အဖေ့အိမ်မှာ နေဖူးတဲ့ သားမောင်ချမ်း
ကြက်သီးတဖြန်းဖြန်းထပြီး
ဒီစာကို ရေးတယ် ။
/ခသူသမ]
ငမား ( ၆ . ၂ . ၂၀၁၀ )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.