Saturday, February 13, 2010

0 မြန်မာနိုင်ငံသည် ကုန်ပစ္စည်းချင်းဖလှယ်သည့်ခေတ်သို့ ပြန်လည်ရောက်ရှိနေ

ရန်ကုန် - မြန်မာပြည်တွင် ငွေစက္ကူအကြွေရှားပါးမှုကြောင့် စီးကရက်၊ ခေါင်လျှော်ရည် အစရှိသဖြင့် ကုန်ပစ္စည်းချင်းဖလှယ်သည့်စံနစ်ကို ကျင့်သုံးနေကြရကြောင်း သိရှိရသည်။

နိုင်ငံတစ်ကာ၏ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများနှင့် အဆမတန် ငွေကြေးဖေါင်းပွမှုတို့ကြောင့် မြန်မာစစ်အစိုးရအနေဖြင့် ငွေစက္ကူအသေးများကို ရိုက်နှိပ်ထုတ်ဝေခြင်းမရှိတော့ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

ဈေးဆိုင်များနှင့် စားသောက်ဆိုင်များတွင် ပြန်အမ်းရမည့်အကြွေအစား ကော်ဖီမစ်ထုပ်၊ စီးကရက်၊ တစ်ရှူးထုပ် အစရှိသည်တို့ကိုသာ ပြန်ပေးလေ့ရှိပြီး တန်ဖိုးသေးငွေစက္ကူများကို မတွေ့ရသည်မှာ နှစ်နှင့်ချီနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခင်ကအစိုးရဘဏ်များတွင် ငွေစက္ကူအသေးများ လဲလှယ်ရယူနိုင်သော်လည်း ယခုအခါ ဈေးဆိုင်ပိုင်ရှင်တို့အနေဖြင့် လမ်းပေါ်တွင် လှည့်လည်တောင်းရမ်းနေသော သူတောင်းစားများကိုသာ အားကိုးလျက် တန်ဖိုးသေးငွေစက္ကူများကို လဲလှယ်နေရကြောင်း သိရှိရသည်။

ငွေကြေးအဆမတန်ဖေါင်းပွမှုကလည်း တန်ဖိုးသေးငွေစက္ကူများကို ပျောက်ဆုံးစေပြီး အာဆီယံဖွံ့ဖြိုးရေးဘဏ်၏ ကိန်းဂဏန်းများအရ ၂၀ဝ၅ မှ ၂၀ဝ၈ ခုနှစ်အတွင်း ပျမ်းမျှခြင်းအားဖြင့် စားသုံးသူဈေးနှုန်း ၂၄% ခန့်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

ချိုချဉ်ငွေကြေး
စီးပွားရေးမြို့တော်ရန်ကုန်တွင် ကော်ဖီမစ်တစ်ထုပ် (သို့) ခေါင်းလျှော်ရည် အထုပ်သေးတစ်ထုပ်ကို ၁၀ဝ ကျပ်အဖြစ် လဲလှယ်သုံးစွဲနေကြရပြီး တစ်ရှူးတစ်ထုပ် (သို့) စီးကရက်တစ်လိပ် (သို့) ချိုချဉ်တစ်လုံးသည် ငွေငါးဆယ်ကျပ်နှင့်ညီမျှကြောင်း သိရှိရသည်။

´ချောင်းဆိုးပျောက်ဆေး တစ်ပုလင်းဝယ်တာ ပြန်အမ်းငွေ ၁၅၀ အဖြစ် ဆိုင်က ချိုချဉ်သုံးလုံးပြန်ပေးတယ်´ဟု အငှါးကားမောင်းသူတစ်ဦးက ပြောကြားခဲ့သည်။ ´ချိုချဉ်စားရင် ချောင်းပိုဆိုးလိမ့်မယ်လို့ သူ့ကိုပြောတော့ ယိုးဒယားဖြစ် မီးခြစ်တစ်လုံးပေးတယ်။ ကျွန်တော်က ဆေးလိပ်မသောက်တတ်ဘူးလို့ ပြန်ပြောတော့ နှာစေးနေတာနဲ့ အသုံးတည့်မှာပါဆိုပြီး တစ်ရှူးသုံးထုပ်ပေးလိုက်တယ်´ဟု သူကဆက်လက်ရှင်းပြခဲ့သည်။

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ရှိ လက်ဖက်ရည်ဆိုင်အချို့တွင် အရှာရခက်သော တန်ဖိုးနည်းငွေစက္ကူအကြွေများအစား ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသော ကူပွန်များကို အသုံးပြုနေကြကြောင်း သိရှိရသည်။

´တိုလီမိုလီ ပစ္စည်းလေးတွေနဲ့ လဲပေးတာထက် ကူပွန်သုံးရတာက ပိုအဆင်ပြေပါတယ်´ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။ ကူပွန်ပေါ်တွင် ဆိုင်နာမည်နှင့် ငွေတန်ဖိုးတို့ကို ကွန်ပျူတာနှင့်ရိုက်နှိပ်လျက် ဆိုင်ပိုင်ရှင်ကလက်မှတ်ထိုးပြီး သုံးစွဲနေကြကြောင်း သိရှိရသည်။

ငွေကြေးလှည့်ပတ်မှုအတွက် ပြား ၅၀ မှအစပြုလျက် ၅၀ဝ၀ ကျပ်အထိ သုံးစွဲရန် တရားဝင်ပြဌါန်းထားသော်လည်း အမှန်တစ်ကယ်အားဖြင့် အကြီးသုံးခု (၂၀ဝ၊ ၅၀ဝ၊ ၁၀ဝ၀) တန်တို့ကိုသာ အတွေ့ရများလျက်ရှိ၏။

´ကျွန်တော်သိသလောက်ကတော့ အစိုးရက ၁၀ဝ၀ တန်ပဲထုတ်တော့တာခင်ဗျ´ဟု ရန်ကုန်တက္ကသိုလ် အငြိမ်းစားစီးပွါးရေးပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ ´ငွေစက္ကူအသေးတွေအတွက်မှာ ပုံနှိပ်ခက ငွေတန်ဖိုးထက်ကြီးမြင့်နေတော့ ဆက်မထုတ်နိုင်ကြတော့ဘူး´ဟု သူကဆက်လက်ပြောကြားခဲ့သည်။

ငွေကြေးလည်ပတ်မှုအတွက် အစိုးရက ငွေကြေးတန်ဖိုးပမာဏ မည်မျှထုတ်ဝေထားကြောင်း မည်သူမျှမသိရှိကြဘဲ အစိုးရအနေဖြင့် ၁၉၉၆-၉၇ ခုနှစ်တွင် ၁၇၉.၈၂ ဘီလျံကျပ်ရှိကြောင်း ထုတ်ပြန်ခဲ့အပြီးတွင် တရားဝင်ထပ်မံအသိပေးထုတ်ပြန်ခြင်း မရှိတော့ကြောင်း သိရှိရသည်။

Reuters က နောက်ဆုံးကိန်းဂဏန်းများကို မေးမြန်းလေ့လာသောအခါ ´နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဒါကိုပြောလို့မရပါဘူး´ဟု အဆင့်မြင့်အရာရှိတစ်ဦးက ဖြေကြားခဲ့ကြောင်း သိရှိရသည်။

မူရင်းသတင်း

Facing rampant inflation, Myanmar turns to bartering @ Reuter


မောင်သစ်စိမ်း အားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.