Sunday, March 28, 2010

0 ကျွန်မတို့ ဘာလုပ်ကြမည်နည်း

၂၉-၃-၂ဝ၁ဝ ဗဟိုဦးစီး အစည်းအဝေးသို့မိတ္ထီလာ-မြင့်မြင့်အေး၏ တင်ပြချက် - စာတမ်း

ကျွန်မတို့ ရှင်းရှင်းနားလည်ထားကြရမှာက ၂ဝဝ၈ အခြေခံဥပဒေဆိုတာ နိုင်ငံတော်မှာ စစ်အာဏာရှင်စနစ်ထူထောင်ရေး၊ စစ်အစိုးရက ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်နိုင်ရေးတို့အတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်။

စစ်အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံစည်းများအရ ၂ဝ၁ဝ ရွေးကောက်ပွဲကို ကျင်းပရန်အတွက် ရွေးကောက်ပွဲဥပဒေ၊
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ထုတ်ပြန်လိုက်ပါပြီ။ ဒီဥပဒေများဟာ အဖွဲ့ချုပ် NLD ပါတီအား
တရားဝင် ရပ်စဲရေး၊ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် NLD ပါတီတို့အား ခွဲခြားပစ်ရေး၊
ဒီမိုကရေစီဖော်ဆောင်ရေး တပ်ဦးးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား စစ်အာဏာရှင်အစိုးရရဲ့
နောက်လိုက်တပည့်အဖြစ် ပြောင်းလဲပစ်ရေးတို့အတွက် ရည်မှန်းချက်ရှိရှိနဲ့ လုပ်ဆောင်လိုက်တာပါ။

ဒီဥပဒေများကို ပြဌာန်းပြီး စစ်အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အပြီးသတ်ချေမှုန်းရေးအတွက်
ထိုးနှက်တိုက်ခိုက်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ဖို့ရန်အတွက် ဗဟိုခေါင်းဆောင်များ ခက်ခဲစွာရင်ဆိုင်နေကြရတယ် ဆိုတာကို
ကျွန်မတို့ နားလည်ပါတယ်။ ဒီအခက်အခဲများကို ကျော်လွှားနိုင်ဖို့ တိုးချဲ့ဖွဲ့စည်းပြီး၊ ပထမဆုံးအကြိမ် ကျင်းပမယ့်
ဗဟိုဦးစီးအစည်းအဝေးကို ၂၉-၃-၂ဝ၁ဝ နေ့မှာ ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မှန်ကန်တဲ့
ဆုံးဖြတ်ချက်ကျရေးဟာ ကျွန်မတို့ NLD ပါတီအတွက် အရေးတကာ့အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်နေပါပြီ။
ဒါ့ကြောင့် ကျင်းပတော့မယ့် ဗဟိုဦးးစီးအစည်းအဝေးမှာ ထည့်သွင်းစဉ်းစားရန်နဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်များ
စဉ်းစားနိုင်ရန်တို့အတွက် ကျွန်မ မိတ္ထီလာ-မြင့်မြင့်အေးရဲ့အမြင်ကို တင်ပြလိုက်ပါတယ်။


စစ်အစိုးရက NLD ပါတီအား အပြီးသတ်ချေမှုန်းရေး တိုက်ခိုက်လာတာဟာ ကျွန်မတို့အတွက် အံ့သြစရာမဟုတ်၊
ကြိုတင်မျှော်လင့်ပြီးသားလို့ ပြောလိုပါတယ်။ ဒီအန္တရာယ်ကို ဗဟို CEC နဲ့ အောက်ခြေပါတီဝင်များ
ပူးပေါင်းကာကွယ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ကြဖို့ နိုင်ငံလုံးဆိုင်ရာညီလာခံ ခေါ်ပေးပါ။ CEC, C.C. တိုးချဲ့
ပြင်ဆင်ဖွဲ့စည်းပေးပါဟု တောင်းဆိုခဲ့ပါသည်။ ဒီတောင်းဆိုချက်များကို ဗဟိုက ငြင်းဆန်ပြီး တောင်းဆိုသူတို့ကို
အရေးယူတာရှိခဲ့ပါသည်။ ဗဟိုက ဘာမှကြိုတင်ပြင်ဆင်မှုမလုပ်ခဲ့လို့ ဒီကနေ့ နဖူးတွေ့၊ ဒူးတွေ့ ဖြစ်လာမှ
လှုပ်လှုပ်ရှားရှား ဖုတ်ပူမီးတိုက် အခက်အခဲများနဲ့ ရင်ဆိုင်ကြရတာပါ။
ကျွန်မတို့အဖွဲ့ချုပ် NLD ဟာ ဒီစိန်ခေါ်မှုကို ရင်ဆိုင်နိုင်ဖို့ဆိုရင် ပထမဦးးစွာ အတွေးရှင်း၊ အမြင်ရှင်းပါမှ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်ပါလိမ့်မယ်။အတွေးရှင်း၊အမြင်ရှင်းဖို့ဆိုတာကျွန်မတို့မြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့
ပဋိပက္ခဟာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ဖြစ်ပါတယ်။ ဒီစနစ် (၂) ခုဟာ စေ့စပ်လို့ မရနိုင်ပါဘူး။
စစ်အာဏာရှင်စနစ်ကို ပြုပြင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့မရနိုင်ပါဘူး။ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်
ပူးပေါင်းပြီးတော့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လို့လည်း မရနိုင်ပါဘူး။ ဒီလို အမြင်ရှင်းနေရပါလိမ့်မယ်။
ပြည်သူလူထုက ဒီမိုကရေစီအစိုးရကို လိုချင်ပါတယ်။ စစ်အရာရှိကြီးများက စစ်အာဏာရှင်အစိုးရကို
လိုချင်တာပါ။ ဒါဟာ ပြည်သူလူထုနဲ့ စစ်အရာရှိကြီးများရဲ့ ဆက်ဆံရေးမြင်ကွင်းပါဘဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကြီးရှေ့က ခေါင်းဆောင်နေပါတယ်။ စစ်အာဏာရှင်စနစ်
ဖယ်ရှားရေး။ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး တိုက်ပွဲကို ဝင်နေကြရတာပါ။ ဒါ့ကြောင့် စစ်အစိုးရက NLD ကို
ရန်သူလို့သတ်မှတ်ပြီး မလှုပ်နိုင်အောင် အကျပ်ကိုင်ထားတယ်။ အမှဲ့ခြွေ ခြွေတယ်။ အခု အပြီးသတ်
ချေမှုန်းနိုင်ပြီလို့ ယူဆလို့ အပြီးသတ်ချေမှုန်းရေး တိုက်ပွဲဆင်လိုက်တာပါပဲ။
ကျွန်မတို့ ရှင်းရှင်းနားလည်ထားကြရမှာက ၂ဝဝ၈ အခြေခံဥပဒေဆိုတာ နိုင်ငံတော်မှာ စစ်အာဏာရှင်စနစ်
ထူထောင်ရေး၊ စစ်အစိုးရက ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်နိုင်ရေးတို့အတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့
ဒီမိုကရေစီအင်အားစုပါတီများကို အပြီးသတ်ချေမှုန်းဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေဆိုတာပါဘဲ။
ပါတီတည်မြဲရေးအတွက် ပါတီမှတ်ပုံတင်ရမယ်။ ရွေးကောက်ပွဲဝင်ရမယ် ဆိုတဲ့ အဆိုပြုချက်ကို
အတည်ပြုလိုက်ရင် - - -
- ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီကနေထုတ်ပြစ်ရပါမယ်။
- ၂ဝဝ၈ ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ သစ္စာဆို ဝန်ခံကတိပြုလက်မှတ်ရေးထိုး
ရပါမယ်။ လက်နက်ချရပါမယ်။
- ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ ဒီအလုပ်တွေကို လုပ်လိုက်တာနဲ့ NLD ပါတီဟာ
ပျက်သွားပါပြီ။ မြန်မာနိုင်ငံမှာ NLD ပါတီဆိုတာ မရှိတော့ပါဘူး။ ပါတီတည်မြဲရေးဆိုတာ အဓိပ္ပါယ်မဲ့တဲ့
အဆိုပြုချက်ဘဲ ဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းခဲ့တဲ့ အဆိုရှင်နဲ့ အဆိုထောက်ခံသူများဟာအမျိုးသားသစ္စာဖောက်၊ ဒီမိုကရေစီရေး သစ္စာဖောက်၊ စစ်အာဏာရှင်အစိုးရထံ လက်နက်ချတဲ့ လူတစ်စု၊
စစ်အုပ်စုနောက်လိုက် ဂိုဏ်းတစ်ဂိုဏ်းသာ ဖြစ်သွားပါတော့တယ်။ ၎င်းအဆိုရှင်နဲ့ နောက်လိုက်နောက်ပါတို့ဟာ
၂၁ နှစ်ကြာ ကိုယ်ကျိုးစွန့်အနစ်နာခံ တိုက်ခိုက်ကြရာက ကိုယ်ကျိုးအရိုးအရင်းကလေးတောင်မှ မကိုက်လိုက်ရဘဲ
နိုင်ငံရေး “ကျားသေ” များဖြစ်ကြရမှာ သေချာပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲမှာ “ဝိဓူရ” ဘွဲ့ရခဲ့ပြီး၊
စစ်အာဏာရှင်နဲ့ ဆက်ဆံရေး အမှားတစ်ချက်ကြောင့် “ဝိဓူရ” ဘွဲ့နဲ့ “ခွေးကတက်” ဘွဲ့ အလဲခံရပြီး နိုင်ငံရေး
“ကျားသေ” ဘဝနဲ့ ဇာတ်သိမ်းခဲ့ရတဲ့ အတိုက်အခံနိုင်ငံရေးသမိုင်းကို သတိရကြပါလို့ ၊ အချိန်မှီပြင်ဆင်နိုင်ရန်
ရဲဘော်ရဲဘက်စိတ်ထားနဲ့ သတိပေးလိုက်ရပါတယ်ရှင့်။
အဖွဲ့ချုပ်ခေါင်းဆောင်ကြီးများရှင့် - - -

၁။ ၂၉-၃-၂ဝ၁ဝ ဗဟိုဦးးစီးအဖွဲ့အစည်းအဝေးမှာ “ပါတီ တည်မြဲရေး” အတွက်၊ မှတ်ပုံတင်-ပြန်တင်ရမယ်၊
ရွေးကောက်ပွဲဝင်ရမယ် ဆိုတဲ့အဆိုကို ဗဟိုဦးးစီးအဖွဲ့ဝင်များက တညီတညွတ်တည်း ပယ်ချလိုက်ကြပါလို့
အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါတယ်။
၂။ အဆိုရှင်နဲ့ နောက်လိုက်နောက်ပါများကိုလည်း ယင်းတို့၏ အဆိုများးကို အချိန်မီ ပြန်လည်ရုပ်သိမ်းရန်နှင့်
လမ်းမှားမလိုက်မိကြပါစေနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
၃။ အကယ်၍ ဒီအဆိုကို မဲခွဲဆုံးဖြတ်ရမည်ဆိုပါရင် အဆိုရှင်နှင့် ထောက်ခံသူများ၊ ကန့်ကွက်သူများသည်
နိုင်ငံရေးခေါင်းဆောင်များပီပီ လျှို့ဝှက်မဲပေးစနစ်ကို မကျင့်သုံးကြရန်နှင့် မိမိတို့၏ ရပ်တည်ချက်ကို ရဲရဲတင်းတင်း
ပွင့်ပွင့်လင်းလင်း ဗြောင်(ပြောင်) မဲပေးစနစ်နဲ့ ပြသကြပါလို့ တောင်းဆိုပါတယ်ရှင့်။
၎။ ကျွန်မတို့ မိတ္ထီလာမြို့နယ်ကတော့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူရပ်တည်မယ်” လို့
ကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်ရေးNLD အဖွဲ့ချုပ် ရပ်တည်ရေးကို ဆက်လက်တင်ပြပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘယ်လိုရပ်တည်နိုင်တယ်။ မြဲနိုင်တယ်ဆိုတာကို “လုပ်ဖော်ကိုင်ဖက်များနှင့် အဖွဲ့ချုပ်ခေါင်းဆောင်ကြီးများသို့”ဆိုတဲ့ ကျွန်မရဲ့ ပန်ကြားချက်စာတမ်းမှာ အပြည့်အစုံ တင်ပြထားပါတယ်။ ဒီပန်ကြားချက်စာတမ်းထဲကလိုအပ်သလို ကောက်နှုတ်ဖော်ပြပါမယ်။

ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှာ ..
- မှန်ကန်တဲ့ “တရား” ၊ မှန်ကန်တဲ့ “နိုင်ငံရေးလမ်းစဉ်” ရှိပါတယ်။
- မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးမှာ ဖယ်ထားလို့မရတဲ့ နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရှိပါတယ်။
- ပြည်တွင်းမှာ လူမျိုးစု၊ လူမျိုးစုံနဲ့ ပြည်သူလူထုကြီးရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားပြီး
ဖြစ်ပါတယ်။
- ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံတကာ ဒီမိုကရေစီအင်အားစုကြီးများ၊ ကမ္ဘာ့နိုင်ငံကြီး၊ နိုင်ငံငယ်ပေါင်းစုံက
ကျွန်မတို့ NLD ဘက်မှာ ရပ်တည်နေပါတယ်။
- ကျွန်မတို့ NLD ပါတီမှာ ဒီမိုကရေစီယုံကြည်ချက်အပြည့်နဲ့ ၂၁-နှစ်တိုင်တိုင် ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့
သံမဏိစိတ်ဓါတ်နဲ့ ပါတီဝင်များလည်း ရှိနေကြပါတယ်။
ဒါ့ကြောင့် ဘယ်အာဏာရှင်ရဲ့ ဘယ်အမိန့်အာဏာနဲ့မှ ကျွန်မတို့ NLD ပါတီကို ချေမှုန်းလို့မရနိုင်ပါဘူး။ ကျွန်မတို့
ဒီကနေ့ ထိပ်တန်းတင်ရမှာက “ပါတီတည်မြဲရေး” ဖြစ်ပါတယ်။ ပါတီတည်မြဲရေးအတွက်
လက်နက်ချရမှာမဟုတ်ဘူး။ စစ်အာဏာရှင်ပြုသမျှ ငုံ့ခံရမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို
ထုတ်ပစ်ရမှာမဟုတ်ဘူး။ ပါတီတည်မြဲရေးအတွက် တိုက်ပွဲဝင်ရမယ်။ ခုခံတိုက်ကြရမယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ “မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြ” - လမ်းညွှန်မှုကို
လိုက်ကြရမှာဖြစ်ပါတယ်။

ပထမဆုံး နိုင်ငံရေးပါတီများ ရက်ပေါင်း (၆ဝ) အတွင်းမှတ်ပုံတင်ရမယ်ဆိုတဲ့ ဥပဒေကို ရှေ့တန်းတင်
တိုက်ရပါမယ်။ ပါတီရဲ့ တခြားပေါ်လစီတွေကို ယာယီလျှိုထားရပါမယ်။ အခွင့်သာမှ ရှေ့ထုတ်သင့်တဲ့အခါမှ
ထုတ်ရပါမယ်။
(၁) နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးကို ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးဖို့ တောင်းဆိုရပါမယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဆိုတာ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူးပါ။ ဗိုလ်ချုပ်မှူးကြီးစောမောင် မာရှယ်လော
အုပ်ချုပ်ရေးခေတ်မှာမှ စပေါ်လာတာပါ။ “မာရှယ်လောအုပ်ချုပ်ရေး” ဆိုတာ စစ်ဗိုလ်ချုပ်ကြီးရဲ့
စိတ်သဘောဆန္ဒအလျောက်၊ အလိုဆန္ဒအတိုင်း အုပ်ချုပ်တာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးစောမောင်က
ရှင်းပြပါတယ်။ လက်ရှိအုပ်ချုပ်ရေးက စစ်အစိုးရဆိုပေမယ့် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့
ဖွံ့ဖြိုးရေးကောင်စီပါ၊ ကောင်စီအဆင့်ဆင့်နဲ့ အုပ်ချုပ်တာပါ။ “မာရှယ်လောအုပ်ချုပ်ရေး” မဟုတ်တော့ပါဘူး။
ရွေးကောက်ပွဲနဲ့၊ လွှတ်တော်နဲ့၊ သမတနဲ့၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းးစည်းကမ်းဥပဒေနဲ့ပါ။ ဒါ့ကြောင့်
ဒီအုပ်ချုပ်ရေးစနစ် အောက်မှာ မာရှယ်လောစစ်အုပ်ချုပ်ရေးစနစ်လက်အောက်က လုပ်ခဲ့တဲ့ “နိုင်ငံရေးပါတီများ
မှတ်ပုံတင်ရေး” ကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်းနဲ့ ဖျက်ပေးဖို့ တောင်းဆိုကြောင်းကို အဖွဲ့ချုပ်က
ပြုလုပ်ရပါမယ်။(နိုင်ငံရေးပါတီများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပေးရပါမယ်။ နိုင်ငံတော်ကို ဖျက်ဆီးတဲ့
ပါတီပေါ်လာမှ မတရားသင်းဥပဒေနဲ့ အရေးယူဖျက်သိမ်းရမှာဖြစ်တယ်ဆိုတဲ့ ဥပဒေကရှိပြီးသားဖြစ်ပါတယ်။
နိုင်ငံရေးပါတီများဟာ တည်ဆဲဥပဒေဘောင်အတွင်း ရပ်တည်နေသမျှ တရားဝင်တည်ရှိခွင့်ပေးရပါမယ်
ပါတီမှတ်ပုံတင်တင်၊ မတင်တင် ဖျက်သိမ်းခွင့်မရှိပါ။)
(၂) နိုင်ငံရေးပါတီများဟာ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့
ဝန်ခံကတိပြု လက်မှတ်ထိုးရမယ်။ ဒါမှ ပါတီမှတ်ပုံတင်ခွင့်ပေးမယ်။ ရွေးကောက်ပွဲဝင်ခွင့်ပေးမယ် ဆိုတဲ့
စည်းမျဉ်းကို ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးဖို့တောင်းဆိုရပါမယ်။ ဒီ နအဖရဲ့ စည်းမျဉ်းကန့်သတ်ချက်ဟာ
“ပါတီစုံစနစ်”မဟုတ်ဘူး။ တစ်ပါတီစနစ်ရဲ့ အမိန့်အာဏာဖြစ်နေပါတယ်။ “ပါတီစုံစနစ်” ဆိုတာဘာလဲ၊ ဝါဒစုံ၊
လမ်းစဉ်စုံ၊ ကိုင်စွဲထားတဲ့ပါတီပေါင်းစုံကို လွတ်လပ်စွာ ပါတီထူထောင်ခွင့်၊တည်ရှိခွင့်ပေးထားတဲ့စနစ်ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ မဆလအစိုးရလက်ထက်မှာ တခြားပါတီတွေကို ဥပဒေပြဌာန်းပြီး ဖျက်သိမ်းခဲ့ပါတယ်။ အဲဒါကိုမဆလ တစ်ပါတီအာဏာရှင်အစိုးရလို့ခေါ်ပါတယ်။ တရုပ်ပြည်ဟာ ကွန်မြူနစ်ပါတီ တစ်ပါတီထဲဘဲရှိလို့အဲဒါတစ်ပါတီအာဏာရှင်စနစ်ဘဲ ဖြစ်ပါတယ်။
လက်ရှိ ၂ဝဝဂ ဖွဲ့စည်းပုံကို စစ်အာဏာရှင်စနစ်ထူထောင်တဲ့ ဖွဲ့စည်းပုံစည်းမျဉ်ဥပဒေလို့ NLD နဲ့
ဒီမိုကရေစီအင်အားစုများက ကန့်ကွက်နေကြတာဖြစ်ပါတယ်။ ဒီမိုကရေစီဝါဒ လက်ခံထားတဲ့ ပါတီတွေကို၊
စစ်အာဏာရှင်စနစ်တည်ဆောက်ရန် ရေးဆွဲပြဌာန်းထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေကို
ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ထောက်ခံပါမှ ပါတီတွေ ဖွဲ့ခွင့်ပေးမယ်ဆိုတာဟာ ပါတီစုံစနစ်နဲ့
ဆန့်ကျင်နေပါတယ်။ ဘာပါတီ၊ ညာပါတီနဲ့ ပါတီအမည်တွေ ကွဲနေသော်လည်းဘဲ စစ်အာဏာရှင်စနစ်တစ်ခု
တည်းက လက်ခံထူထောင်ခွင့်ရထားတဲ့ ပါတီတွေဖြစ်နေလို့မို့ တစ်ပါတီစနစ်ဘဲဖြစ်ပါတယ်။ မဆလ
ပါတီတစ်ခုထဲ ကျင့်သုံးခဲ့တဲ့ မြန်မာပြည်နဲ့၊ ကွန်မြူနစ် တစ်ပါတီထဲကျင့်သုံးနေတဲ့ တရုပ်ပြည်မှာ တစ်ပါတီ
အာဏာရှင်စနစ်ဆိုပေမဲ့ မဆလကို ထောက်ခံတဲ့၊ တရုပ်ကွန်မြူနစ်ပါတီကို ထောက်ခံတဲ့ အလုပ်သမားသမဂ္ဂ၊
လယ်သမားသမဂ္ဂ၊ တေဇလူငယ်၊ လမ်းစU်လူငယ်၊ ကွန်မြူနစ်လူငယ်၊ ဘာအဖွဲ့ ညာအဖွဲ့ ဆိုတဲ့
ပါတီအဖွဲ့အစည်းများ တစ်ပါတီထက်ပိုပြီး တစ်ဖွဲ့ထက်ပိုပြီး ရှိကြပေမဲ့ ဆိုလိုတာက ဒါဟာ ပါတီစုံမဟုတ်ဘူး။ “ဒီ
၂ဝဝ၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါ့မယ်လို့ ဝန်ခံကတိပြု လက်မှတ်ရေးထိုးထောက်ခံပြီးမှ
ပါတီထူထောင်ရတာဟာ ပါတီစုံစနစ်နဲ့ မကိုက်ညီဘူး။ တစ်ပါတီစနစ်ဘဲဖြစ်လို့ အဖွဲ့ချုပ်ဗဟိုက
ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပေးရန် တောင်းဆိုရပါမယ်။”
(၃) နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ရမယ်၊ မဝင်ရင် ပါတီမှတ်ပုံတင်ရုတ်သိမ်းမယ်ဆိုတဲ့ အမိန့်အာဏာကို
ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းပြစ်ဖို့တောင်းဆိုရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံရေးပါတီဖွဲ့တယ်ဆိုတာဟာ
နိုင်ငံအတွင်းမှာရှိတဲ့ လူအပေါင်းတို့ရဲ့အရေးကိုလုပ်ဖို့ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်ရာမှာ နိုင်ငံတော်အာဏာကို
ရယူပြီး နိုင်ငံရေးလုပ်မဲ့ပါတီက ရွေးကောက်ပွဲကိုဝင်ပြီး အာဏာယူရပါမယ် နိုင်ငံရေးအာဏာမယူဘဲ
နိုင်ငံရေးလုပ်မဲ့ပါတီအဖွဲ့အစည်းက ရွေးကောက်ပွဲကိုမဝင်ဘူး။ ဝင်စရာမလိုဘူး ဥပမာ-လယ်သမားပါတီ၊
လယ်သမားအဖွဲ့က လယ်သမားအရေးဘဲလုပ်မယ်။ အလုပ်သမားပါတီ၊ အလုပ်သမားအဖွဲ့က အလုပ်သမားအရေး
လုပ်မယ်။ သူတို့က အာဏာယူလုပ်မှဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မှာပေါ့။ အာဏာမယူဘဲ လုပ်လို့ရတဲ့
နိုင်ငံရေးဆိုရင် ရွေးကောက်ပွဲမဝင်ဘဲ အလုပ်လုပ်လို့ရပါတယ်။ ရွေးကောက်ပွဲဝင်မှ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့
အမိန့်အာဏာဟာ အဓိပ္ပါယ်မရှိပါဘူး။ ဒီအမိန့်အာဏာဟာ နိုင်ငံရေးနားမလည်လို့ထုတ်တဲ့ အမိန့်အာဏာ
ဖြစ်ပါတယ်။ ၎င်းအမိန့်အာဏာကို ကန့်ကွက်ကြောင်းနဲ့ ဖျက်သိမ်းရန်တောင်းဆိုကြောင်း အဖွဲ့ချုပ်က
လုပ်ရပါမယ်။
(၄) ရွေးကောက်ပွဲကော်မရှင်ဟာ ယ္ခုကျင်းပမဲ့ရွေးကောက်ပွဲအား တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက်
စီမံခန့်ခွဲရန် ဖွဲ့စည်းရခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ပြဿနာပေါ်လာရင် တရားမျှတစွာ ရှင်းပေးရပါမယ်။
ရွေးကောက်ပွဲအောင်မြင်စွာပြီးဆုံးတာနဲ့ ရွေးကောက်ပွဲကော်မရှင်က အစိုးရထံ အစီရင်ခံစာတင်ပြီးတာနဲ့
ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန် ကုန်ဆုံးတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ
အုပ်ချုပ်မှုအခွင့်အာဏာ တရားစီရင်မှုအခွင့်အာဏာ မရှိပါ။ ဒီအခွင့် အာဏာများဟာ လက်ရှိအုပ်ချုပ်နေတဲ့
အစိုးရမှာသာ ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းသည်မှ နောက်ရွေးကောက်ပွဲဖြစ်သည်အထိ
နိုင်ငံအတွင်းရှိ ပါတီအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့်ပေးခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ အရေးယူအပြစ်ပေးခြင်း၊
ဖျက်သိမ်းခွင့်ရှိခြင်း စသည့် အခွင့်အာဏာများကို နအဖက လွှဲအပ်ထားခြင်းဟာ နိုင်ငံအတွင်းမှာ နအဖက
အစိုးရတစ်ဖွဲ့ ထပ်ဖွဲ့စည်းပေးခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကတက်လာတဲ့ အစိုးရကိုပါ
အစိုးရသက်တမ်းတစ်ရပ်အတွင်း အုပ်ချုပ်ခြင်း၊ တရားစီရင်ခြင်း ပြုလုပ်နိုင်တဲ့ ရွေးကောက်ပွဲကောက်မရှင်
အစိုးရကို နအဖက ဖွဲ့စည်းပေးထားခြင်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပြီး
အာဏာအပ်နှင်းခြင်းနှင့် ဥပဒေပြဌာန်းခြင်းဟာ မြန်မာနိုင်ငံအတွင်းမှာ အစိုးရတစ်ရပ်
ထူထောင်ပေးထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် နအဖစစ်အစိုးရရဲ့ ဥပဒေမဲ့ ဒီလုပ်ဆောင်ချက်ကို
လက်ခံကြရမည်မဟုတ်ပါ။ ကန့်ကွက်ရပါမယ်။ ဖျက်သိမ်းဖို့တောင်းဆိုရပါမယ်။ ဖျက်သိမ်းပေးတဲ့အထိ
တိုက်ပွဲဝင်ရပါမယ်။
ကျွန်မတို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဝင်ထုနဲ့ ပြည်သူလူထုကို
မှာကြားချက်များမှာ တရားမျှတမှုမရှိတဲ့ ဒီလိုဥပဒေမျိုးကို တညီတညွတ်တည်း တုန့်ပြန်ကြဖို့လိုကြောင်း၊
လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေ များလာတာဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို
ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ခွန်အားဖြစ်စေတဲ့အကြောင်း ဒီဥပဒေတွေကြောင့်
ပါတီဝင်ရပ်တည်ခွင့် ၊ ပါတီရပ်တည်ခွင့်တွေနဲ့ ပတ်သက်ပြီးစိုးရိမ်ဖို့ မလိုကြောင်း မှာကြားချက်နဲ့အညီ ကျွန်မတို့
အဖွဲ့ချုပ်အဖွဲ့ဝင်ပါတီဝင်ထုတစ်ရပ်လုံးက ပါတီရပ်တည်နိုင်ရေးအတွက် ဥပဒေဘောင်အတွင်းမှ
နိုင်ငံရေးလမ်းကြောင်းအရ ညီညီညွတ်ညွတ် ရင်ဆိုင်ရပ်တည်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
မိတ္တူကို- ဒေါ်မြင့်မြင့်အေး
- CEC အဖွဲ့ဝင်များ အတွင်းရေးမှူး
- C.C. အဖွဲ့ဝင်များ မြို့နယ်စည်းရုံးရေးအဖွဲ့
- မြို့နယ်အဖွဲ့ချုပ်အဖွဲ့ဝင်များ အမျိုးသားဒီမိုကရေစီအဖွဲ့
မိတ္ထီလာမြို့နယ်။
သို့/ ၂၆ - ၃ - ၂ဝ၁ဝ
………………………………………………………..
…………………………………………………………

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.