ဇွန်ပန်းပွင့်
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၅)
ဓာတ်ပုံ-စိုးသန်းလင်း အချိန်က ည ၁၂ နာရီ။အမိုးနိမ့်နိမ့် ပျဉ်ကျောင်းတိုက်ထဲရှိ ကွပ်ပျစ်တန်းလျားတွေပေါ်မှာ ဦးပဉ္စင်းတွေ၊ ကိုယ်ရင်တွေ အိပ်ရာကိုယ်စီနဲ့ အနားယူနေချိန်။
ရုတ်တရက် ကျယ်လောင်တဲ့ဖုန်းမြည်သံကြောင့် အဆောင်တာဝန်ခံ ဦးပဉ္စင်း အရှင် ဉာဏောဘာသ တစ်ပါး အိပ်ရာမှထကာ ဖုန်းကိုင် လိုက်တယ်။
ကျန်တဲ့ သံဃာတော်တချို့လည်း ကျိန်းစက်ရာက နိုးကုန်ကြတယ်။
အရေးပေါ်လူနာအတွက် သွေးအလှူ ခံလိုသူတစ်ဦးက ဖုန်းဆက်တာပါ။
တစ်ဖက်ကအလှူခံသူက လိုချင်တဲ့သွေး အမျိုးအစားကို ပြောပြရင်း ဝေဒနာရှင်ရဲ့ နာကျင်ခံစားမှုတွေကိုပါ တုန်ရင်တဲ့ အသံနဲ့ မသဲမကွဲ ရှင်းပြနေတယ်။
ဒီလိုနဲ့ ဦးဉာဏောဘာသတစ်ပါး ခုနစ်ဧကမျှကျယ်တဲ့ ကျောင်းတိုက်ကြီးထဲက တစ်ဆောင်ချင်းစီကို ချက်ချင်း ဖုန်းဆက်ပြီး သွေး လှူဒါန်းနိုင်မယ့် သံဃာတစ်ပါးပါးကို ရှာရပါတော့တယ်။
မိနစ်အနည်းငယ်အတွင်းမှာပဲ ဝေဒနာရှင်လိုအပ်တဲ့ သွေးအမျိုးအစားရှိတဲ့ ဦးပဉ္စင်းတစ်ပါးကို ရှာတွေ့ပါတော့တယ်။ ပြီးတော့ ချက်ချင်းပဲ ဝေဒနာရှင်ရဲ့ မိသားစုနဲ့အတူ ဆေးရုံကို ထည့်လိုက်ရတယ်။
"တစ်ခါတစ်ရံမှာ ညနက်အချိန်ကြီးလည်း အရေးပေါ်ကိစ္စအတွက် ဒီကို ဖုန်းဆက်ပြီး သွေးအလှူခံလေ့ရှိပါတယ်" လို့ ရွာမ ပရိယတ္တိ စာသင်တိုက်မှ အုပ်ချုပ်ရေးတာဝန်ခံ ဆရာတော် အရှင် ကဉ္စန(စာချ)က မိန့်ကြားပါတယ်။
ရွာမပရိယတ္တိစာသင်တိုက်ကို ၁၉၇၀ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အင်းစိန်မြို့နယ်ထဲမှာ ရွာမပရိယတ္တိ စာသင်တိုက်က အကြီးဆုံးလည်းဖြစ်၊ သံဃာအရေ အတွက် အများဆုံးလည်းဖြစ်၊ သက်တော်ငယ် သံဃာအများအပြားရှိနေတဲ့ ကျောင်းလည်းဖြစ်လို့ အင်းစိန်ဆေးရုံက ဆရာဝန်ကြီးတွေကိုယ်တိုင် သွေးလိုအပ်ရင် ကျောင်းကိုပဲ အားကိုးပြီး လိုအပ် နေသူတွေ ကိုလည်း စာသင်တိုက်ကိုပဲ လမ်းညွှန်လေ့ရှိပါတယ်။
"လာအလှူခံတဲ့ ဝေဒနာရှင်တွေထဲက တချို့ဆို ငွေရေးကြေးရေး အခက်အခဲရှိတယ်။ သွေးလှူဖို့ လိုက်သွားတဲ့ ဒီက ကိုယ်တော်လေး တွေက ဟိုရောက်ရင် ကာယကံရှင်က သွေးထည့်ဖို့ ပိုက်တို့၊ အိတ်တို့မ၀ယ်နိုင်ရင် ကိုယ်တော်လေးတွေကပဲ စိုက်ပြီး ၀ယ်ပေးရတယ်။ တချို့ ဆင်းရဲလို့ ဘာမှတောင်မရှိရှာဘူး။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးတယ်"လို့ သွေးအလှူရှင် ဦးပဉ္စင်းတစ်ပါးဖြစ်သူ အရှင်ကဉ္စန က မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်နေ့ ဝေဒနာရှင်တွေ သုံးဦးကနေ လေးဦးအထိ လာတတ်ပြီး သွေးအလှူရှင် လာရှာကြပါတယ်။ တချို့ဆို အရေးပေါ်လူနာတွေ အတွက်ဖြစ်ပြီး ရောဂါစုံအတွက်လည်း လာရောက်အလှူခံကြတယ်လို့ သိရပါတယ်။
ကျောင်းမှာ အေဘီသွေးရှိတဲ့ ကိုယ်တော် သုံးပါးသာရှိပြီး အေ၊ ဘီနဲ့ အို အမျိုးအစားရှိတဲ့ ဦးပဉ္စင်းတွေတော့ အများကြီးရှိပါတယ်။
"တောနယ်တွေက ရန်ကုန်မှာဆေးလာကုတဲ့သူတွေ အသိအကျွမ်းလည်း မရှိ၊ ငွေရေးကြေးရေးလည်း မတတ်နိုင်လို့ သွေးဒုက္ခရောက် လို့ရှိရင် ဦးပဉ္စင်းတို့ ကျောင်းကို လာတယ်။ လာလို့ သွေးမရ ခဲ့ရင် စိတ်သောကဗျာပါဒ တော်တော်လေး များကြတာကို တွေ့ရတယ်။ သူတို့မှာ တောကလာတာဆိုတော့ အသိအကျွမ်းလည်းမရှိ၊ ကူညီမယ့်သူ လည်းမရှိ၊ ဦးပဉ္စင်းတို့ကျောင်းမှာလည်း သွေးရှာဖို့ ခက်ခဲ မယ်ဆိုရင် ဘယ်ကျောင်းမှာတော့ဖြင့် ရနိုင်တယ်လို့ ညွှန်ပေးပါတယ်"လို့ အရှင်ကဉ္စနက မြွက်ကြားပါတယ်။
ကျောင်းတိုက်ကို တစ်ဦးချင်းစီက လိုအပ်လို့ ဆက်သွယ်အလှူခံတာမျိုးတွေ တင်မကဘဲ အရှင်ဆေကိန္ဒ ဦးဆောင်ပြီး လှူဒါန်းတဲ့ သွေးလှူဒါန်းပွဲတွေမှာလည်း နှစ်ကြိမ်တိုင်တိုင် စုပေါင်းပါဝင် သွေး လှူဒါန်းခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အမျိုးသား သွေးလှူ ဘဏ်မှာ သံဃာ ၂၉ ပါး စုပေါင်းပြီး တခြားကျောင်း တိုက်က သံဃာတော် တွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့ကြပါသေးတယ်။
ရွာမ ပရိယတ္တိစာသင်တိုက်မှာ လက်ရှိ ရဟန်းအပါး ၃၃၀ ရှိပြီး သွေးလှူဖို့ အသက်ပြည့်ပြီး ကျန်းမာရေးလည်း ကောင်းတဲ့ ကိုယ်တော် ၁၅၀ ခန့်ရှိပါတယ်။
ပြီးတော့ သွေးလှူနိုင်တဲ့ ကိုယ်တော်တွေရဲ့ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ ရက်စွဲ၊ အကြိမ်အရေအတွက်ကို စာရင်းထားရှိပြီး သွေးအလှူလာခံရင် သင့်တော်မယ့် ကိုယ်တော်တွေကို ထည့်ပေးလေ့ရှိပါတယ်။
"ဒကာ၊ ဒကာမတွေက များသော အားဖြင့် ပိုက်ဆံမရှိဘူး။ သွေးတစ်ပုလင်းကို သုံး၊ လေးသောင်း မတတ်နိုင်ကြဘူး။ ဒီကို သွေး အလှူရှင် လာရှာတာ တောင်မှ ပိုက်ဆံမပါကြဘူး။ ဒီကနေ လမ်းစရိတ်ကအစ ပေးရတယ်။ စာသင်တိုက်ဆိုတော့ စာသင်သားတွေက ဆင်းရဲကြတယ်။ အဲဒီတော့ စာသင်သားတွေစုပြီး တကယ့်ကို နွမ်းပါးတဲ့ဝေဒနာ ရှင်တွေကို တတ်နိုင်သလောက်လှူကြတယ်"လို့ အရှင်ဉာဏောဘာသက မိန့်ပါတယ်။
သွေးလှူတဲ့ကိုယ်တော်တွေရဲ့ အမည်၊ သွေးအမျိုးအစား၊ လှူဒါန်းတဲ့ရက်စွဲ၊ သွားရောက်လှူဒါန်းတဲ့ဆေးရုံတွေကို စာရင်းပြုစုထားပြီး သွေးလှူပြီး လေးလ ပြည့်တိုင်း ဆေးရုံမှာ ဆက်လက်လှူနိုင် မနိုင်ကို သွားရောက်စစ်ဆေးလေ့ရှိတယ်လို့လည်း သိရပါတယ်။
ဝေနာရှင် မြန်မြန်ပြန်ကောင်းလာဖို့ကိုသာ မျှော်လင့်ပြီး ဒကာ၊ ဒကာမ တွေဆီက ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ လှူဒါန်းပေမယ့် ငွေကြေးတတ်နိုင်တဲ့ အလှူရှင်တွေကတော့ နွားနို့၊ ကြက်ဥ၊ ဖျော်ရည် စတာတွေကို လှူဒါန်းလေ့ ရှိပါတယ်။
ဒီလို စာသင်သားသံဃာတွေဟာ ဗုဒ္ဓစာပေတွေကို တပင်တပန်း လေ့လာရင်း သွေးလိုသူတွေအတွက် အချိန်အခါမရွေး သန့်ရှင်းတဲ့ သွေး လှူဒါန်းနိုင်တာကို ရဟန်းတို့ရဲ့ မြတ်သောအလှူအဖြစ် ဖွင့်ဆိုချင်ပါတော့တယ်။
http://www.baymyanmar.com/2010/03/blog-post_05.html
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်