Friday, February 25, 2011

0 အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ရခိုင်၊ ကရင် မျိုးချစ် ရဲဘော် (၃၄) ယောက် အပြီးတိုင်လွတ်မြောက်ရေး ဂျပန်ရှိုမြန်မာ့ဒီမိုကရေစီအင်အားစုများ အိန္ဒိယသံရုံးရှေ့တွင်ဆန္ဒပြ


ဓာတ်ပုံပေးပို့သော ကိုမင်းညိုဝမ်း (Moethaukkye)အားကျေးဇူးတင်ရှိပါသည်...

(၁၉၉၈) ခုနှစ် ဖေဖေါ်ဝါရီ (၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း (ဒ်) ဖေါ့ကျွန်း အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှု ရရှိပြီး ရေတပ် အထောက်စခန်း တည်ဆောက်ရန် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ ကာကွယ်ရေးဌာန တာဝန်ခံ၊ ရခိုင်ပြည် တပ်မတော် (Arakan Army – AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ အပါဝင် ရခိုင်ရဲဘော် (၂၇) ဦး၊ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ်အပါအ၀င် ကရင်ရဲဘော် (၁၃) ဦး စုစုပေါင်း (၄၀) ဦး ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွာလာခဲ့ကြသည်။

ဖေဖေါ်ဝါရီ (၁၀) ရက်နေ့တွင် လန်း(ဒ်)ဖေါ့ကျွန်းသို့ ဆိုက်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ ထောက်လှမ်းရေးများ၏ လှည့်စားမှုကြောင့် (NUPA) မှ ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင်နှင့် (KNU) မှ ဖဒိုမူးလွယ်၊ ဗိုလ်ကြီး မြင့်ဆွေတို့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ကျန်ရှိနေသည့် ရခိုင်၊ ကရင် (၃၆) ဦးတို့သည်လည်း မျှော်လင့်ချက်မဲ့ကာ ညှင်းပမ်းနှိပ်စက် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ ပို့ဒ်ဘလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစုံတရာမရှိဘဲ (၈) နှစ်ကြာမျှ ချုပ်နှောင်ထားခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရခိုင်ရဲဘော် (၁) ဦးနှင့် ကရင်ရဲဘော် (၁) ဦး ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအနကို ယနေ့အချိန်ထိ မရရှိခဲ့ဘဲ လုပ်ကြံ သတ်ဖြတ် လိုက်သည်ဟုလည်း ယူဆလျက် ရှိနေကြသည်။

(၂၀၀၆) ခုနှစ်တွင် လူ့အခွင့်အရေးတိုက်ပွဲဝင် ရှေ့နေ နန္ဒိတဟာ (က) ဆာနှင့် မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင် မျိုးချစ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုများကြောင့် ပို့ဒ်ဘလေးယား အကျဉ်းထောင်မှ ကာလက္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ တရားရုံးတော်နှစ် (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် အမှုကို အပြီးသတ် စီရင်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း လက်ရှိ အမှုသည် အိန္ဒိယဥပဒေကြောင်းအရ အတိုင်းအတာတခုထိ ပြီးစီးခဲ့ပြီဟု ယူဆနိုင်သော်လည်း အပြီးပိုင် လွတ်မြောက်ရေးအတွက် အခက်အခဲ ရှိနေသေးကြောင်း သိရှိရပါသည်။

Ref; Arakan review

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.