Monday, May 23, 2011

0 ဂီတအနုပညာသည်မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ်သို့

ရန်ကုန်၊ မေ ၂၁၊ ၂၀၁၁ (YPI) -

လွန်ခဲ့တဲ့ ၃နှစ်ကျော်က တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု နဲ့ဖမ်းဆီးထိမ်းသိန်းခံခဲ့ရတဲ့ လူငယ် ဟစ်ဟော့ အဆိုတော် ဇေယျာသော်ဟာ လွန်ခဲ့တဲ့ အင်္ဂါနေ့မှာ သမ္မတသစ် ဦးသိန်းစိန်ရဲ့ ပြစ်ဒဏ် ၁နှစ် လျော့ပေါ့ခွင့်နဲ့အကျုံးဝင်ပြီး လွတ်မြောက်လာပါတယ်။ သူဟာ လူငယ်ဟစ်ဟော့ အဆိုတော်ဖြစ်သော်ငြားလည်း မိမိတိုင်းပြည်အတွက် အပြောင်းအလဲတခု ဖြစ်ဖို့ လူထုရဲ့ပခုံးပေါ် သက်ရောက်နေတဲ့ နိုင်ငံရေး တာဝန်တရပ်ကို အန္တရာယ်များမှန်းသိလျက်နဲ့ ၀င်ပြီးထမ်းရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

သူ့နဲ့ အမြင်တူသူ လူငယ်တစု ဖွဲ့စည်းခဲ့တဲ့ Generation Wave မျိုးဆက်သစ် လူငယ်များအစည်းအရုံး ဖွဲ့စည်းလုပ်ဆောင်မှုကြောင့် ၂၀၀၈ ခုနှစ် မတ်လမှာဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။ ချမှတ်ထားတဲ့ ထောင်ဒဏ် ၄ နှစ်ကို ကော့သောင်းအကျဉ်းထောင်မှာ ကျခံနေရစဉ် ယခု မေ ၁၇ ရက်နေ့ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ၁ နှစ်ပြစ်ဒဏ်လျော့ပေါ့မှုနဲ့ အကျုံးဝင်လွတ်မြောက်လာ ခဲပါတယ်။ ဟစ်ဟော့ ဂီတ အနုပညာသည် အဖြစ်လူငယ် အများက သိရှိထားတဲ့ ကိုဇေယျာသော် တယောက် ဘယ်လို နိုင်ငံရေးနယ်ပယ်ထဲ ရောက်ရှိသွားသလဲ။ ဘယ်လိုခံယူချက်ကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တယောက် ဖြစ်ခဲ့သလဲဆိုတာကို ယခုအင်တာဗျူးမှာ ဖေါ်ပြထားပါတယ်။

YPI။ ။ နိုင်ငံရေး ကိုဘယ်လို စိတ်ဝင်စားလာခဲ့သလဲ။ ဘယ်တုန်းက စပြီးစိတ်ဝင်စားခဲ့တာလဲ။

ZYT။ ။ ပြောရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ စာတွေကို ကလေးထည်းက စဖတ်ဖြစ်တယ်။ ၆တန်း ၇ တန်းလောက်ကစပြီး နန္ဒာသိန်းဇံတို့ ဆရာ ဆန်းလွင်ရဲ့ ဖီလော်ဆော်ဖီကကြီးခခွေးတို့လို၊ နောက် ဆရာမောင်ကြည်သစ် စတဲ့ ဒဿနနဲ့ ဆိုင်တာတွေကိုဖတ်ဖြစ်တယ်။ အဲဒီကမှ တဆင့် အသက်အရွယ်အရတော့ မပြောတတ်ဘူး။ အတန်းအားဖြင့်ဆိုရင် ၆ တန်း၊ ၇ တန်းလောက်မှာ ကျွန်တော့်အရွယ် တခြားကလေးတွေဖတ်တာမျိုးထက် နည်းနည်းပိုမြင့်တယ်ဆိုလို့ရတဲ့ စာအုပ်တွေလှမ်းကိုင်နေပြီပေါ့။ ဒါပေမယ့် တဖက်မှာ ဖတ်တာကတော့ဖတ်တယ်။ တချို့စာအုပ်တွေကိုနားလည်လို့လည်း မဟုတ်ဘူး။ လက်ဖက်ရည်ဆိုင်တွေမှာ သူငယ်ချင်းအချင်းချင်းငြင်းကြခုန်ကြတဲ့ အခါ အဲဒီစာအုပ်ထဲက စကားလုံးကြီးကြီးနဲ့ကိုင်ပေါက်ချင်လို့၊ အဲဒီစကားလုံးရဲ့ မူရင်းအဓိပ္ပါယ်တွေကိုတော့နားလည်ချင်မှ နားလည်မှာပါ။ ဒါကတော့ ကျွန်တော် စာဖတ်ဖြစ်ခဲ့တဲ့အကြောင်းပါ။

အဲလိုမျိုးစာဖတ်ရင်း ဖတ်ရင်းနဲ့ မှ အဲဒီစကားလုံးတွေရဲ့ အနှစ်သာရ၊ဆိုလိုရင်းတွေကို ခံစားမိလာတယ်။ အဲလိုနဲ့ ပိုပြီးဖတ်ဖြစ်လာတယ်။ စာပေဖတ်တာနည်းနည်းများလာတဲ့ အခါမှာ အသိဥာဏ်ကြွယ်ဝလာပြီလို့ ကျွန်တော်မဆိုချင်ပေမယ့် အကြောင်းအရာ တော်တော်များများကို ယေဘုယျ အကြမ်းဖျဉ်းသဘောပေါက်လာတယ်။ အဲဒီလိုအချိန်မှာလည်း ကျွန်တော့်အနေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်း ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တို့တွေနဲ့ တွဲမိလာတယ်။

သူတို့တွေနဲ့ တွဲမိပေမယ့်လည်း ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော့်အနေနဲ့ နိုင်ငံရေး မလုပ်ရဲသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်ထောင်ကျမှာလည်း ကြောက်တယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက်ညှင်းပန်းမှာလည်း ကြောက်တယ်။ နောက်ပြီးတော့က ကိုယ့်ရဲ့ဘ၀ကိုယ့်ရဲ့နေထိုင်တဲ့ ပုံသဏ္ဍန် ဆုံးရှုံးသွားမှာလည်းကြောက်တယ်။

ဒီလိုကြောက်တယ် ဆိုပေမယ့် နိုင်ငံရေးလုပ်နေသူတွေကိုတော့ ကျွန်တော်လေးလည်း လေးစားတယ်။ အားလည်းအားကျတယ်။ ဒါပေမယ့် ကျွန်တော်နိုင်ငံရေးထဲကိုထဲထဲဝင်ဝင်မပါဝင်ခဲ့သေးဘူး။ အဲလိုနေရင်းနေရင်းက တဆင့် မသိမသာ နဲ့သူတို့တွေရဲ့ အလုပ်လေးတွေကို ကိုယ်တတ်နိုင်တဲ့ ဘက်ကပါဝင်ကူညီခဲ့ဖူးတယ်။

ဥပမာဗျာ တစ်ကနေ တစ်ရာထိရှိတယ် ဆိုရင် ကျွန်တော်က ငါးပြားဖိုးလောက် ဆယ်ပြားဖိုးလောက်လည်း ဖြစ်ရင်ဖြစ်မယ် ကျွန်တော် ကူညီခဲ့ဖူးတယ်။ အဲဒီအချိန်ထိနိုင်ငံရေး လုပ်မယ်လို့ ယတိပြတ်ဆုံးဖြတ်ထားတာ မရှိသေးဘူး။ အဲဒီကနေမှတဆင့် ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ်လမှ စက်သုံးဆီဈေးကို မြှင့်တင်လိုက်တယ်။

ပြည်သူတွေတော်တော် ကြပ်တည်းသွားတယ်။ အဲဒီဟာကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော်မခံနိုင်တော့ဘူးဗျ။ ကျွန်တော်စိတ်ထဲမှာမခံနိုင်တော့ဘူးဗျ။ ကျွန်တော် အပြောင်းအလဲတခုခု လိုချင်ခဲ့တယ်။

ကျွန်တော်တို့ နိုင်ငံဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။အပြောင်းအလဲဆိုတဲ့ဟာ မဖြစ်လာဘူးဆိုရင် ကျွန်တော်အပါအ၀င်ပြည်သူပြည်သားတွေရဲ့ ဘ၀ စုန်းစုန်းမြုပ်တော့မယ်။ ကျွန်တော်အဲလိုခံစားလာရတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ လိုအင်ဆန္ဒ၊ ကျွန်တော့်ရဲ့ စိတ်ကူး၊ကျွန်တော်ဖြစ်ချင်တဲ့ နိုင်ငံတော်ပုံစံ ဖြစ်လာရအောင် ကျွန်တော့်ရဲ့ ဆန္ဒကိုကျွန်တော်ထုတ်ဖေါ်ခဲ့တယ်။ အဲလိုဆန္ဒတွေကို ထုတ်ဖေါ်တာက တဆင့် ၀ါသနာတူတဲ့ကျွန်တော်တို့ သူငယ်ချင်း တစု စုပြီး Generation Wave မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို ကျွန်တော်တို့ စတင်ဖွဲ့ဖြစ်ပါတယ်။ ဒါနဲ့တပြိုင်နက်ထဲ ၂၀၀၇ စက်တင်ဘာလမှာ ရွှေဝါရောင် သံဃာ့အရေးအခင်း ပေါ်လာခဲ့တယ်။

အဲဒီတော့ ကျွန်တော့်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု အစကိုပြောရမယ် ဆိုရင်တော့ရွှေဝါရောင် တော်လှန်ရေးကနေ စတယ်လို့ ပြောလို့ရတယ်။

YPI။ ။ကိုယ့်ရဲ့ သူငယ်ချင်း အသိုင်းအ၀ိုင်းမှာရော နိုင်ငံရေး လုပ်ကိုင်တာကိုဆန့်ကျင်တာ၊ သဘောထားမတူတာတွေ ရင်ဆိုင်ခဲ့ရလား

ZYT။ ။ ပထမဦးဆုံး အနေနဲ့ ကျွန်တော့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကျွန်တော်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ လုပ်နေတယ်ဆိုတာကို မသိသေးပါဘူး။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရိပ်မိသိရှိလာကြတယ်။ ဥပမာ မိဘတွေဆိုရင်အထိန်းသိမ်းခံဖြစ်သွားမှာစိုးလို့ တားတာတွေတော့ရှိပါတယ်။သူငယ်ချင်းမိတ်ဆွေတွေထဲ ကပြောရင်တော့ ရန်ရန်ချန်းဟာ ကျွန်တော်ရဲ့ငယ်သူငယ်ချင်းလည်း ဖြစ်သလို ရဲဘော်ရဲဘက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့နိုင်ငံရေးကို သူကိုယ်တိုင်မပါဝင်ပေမယ့် ကန့်ကွက်ခြင်းလည်း မရှိပါဘူး။

YPI။ ။အခုဖြစ်ပျက်တဲ့ အဖြစ်ကို နည်းနည်းပြောပြပေးပါလား

ZYT။ ။ ၂၀၀၈ ခုမတ်လထဲမှာ ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် စုဖွဲ့ပြီး ဆိုင်တဆိုင်မှာ စကားပြောနေတဲ့ အချိန် စရဖ(စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့) ကလာပြီးဖမ်းသွားတာပါ။သူတို့လာဖမ်းသွားပြီး ဗဟန်းစခန်းမှာထားတယ်။ အဲဒီမှာ ထားပြီးညည့်နက်လာတဲ့အချိန်မှာ မျက်နှာအ၀တ်စည်းပြီး စစ်ကြောရေး စခန်းထဲကိုခေါ်သွားလိုက်တာပေါ့။နောက် အဲဒီစစ်ကြောရေး စခန်းမှာ စစ်ဆေးပြီး ရက်အပိုင်းအခြားတခုကြာသွားပြီးတော့ အင်းစိန်ထောင်ပို့ အဲဒီနောက်မှ အပြင်တရားရုံးထုတ်တာ။

YPI။ ။အဲဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ။ ကိုယ်လျှောက်ချင်တဲ့ လမ်း၊သွားချင်တဲ့လမ်းကို အများကြီး မသွားရသေးခင် ဖြစ်သွားတယ်လို့ ခံစားရသလား

ZYT။ ။ ကျွန်တော် အကြောင်းအရာတခုကို ပြန်ကောက်ပါရစေ။ စောစောပိုင်းကကျွန်တော်ပြောဖူးပါတယ်။ စစ်ကြောရေး စခန်းမှာ နှိပ်စက်ညှင်းပန်းမှုတွေအဖြစ်ခံရမှာ ကြောက်တယ်ဆိုတာကိုရော ၊ ထောင်ကျမှာ ကြောက်တယ်ဆိုတာကိုရောလက်ရှိဘ၀ အခြေပျက်မှာ ကိုကြောက်တယ်ဆိုတာကိုရော ပြောဖူးတယ်။ အဲဒီကမှတဆင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အနေနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာတဲ့အခါမှာဘယ်အရာကနေပြီး လှုံ့ဆော်လိုက်မှန်း ကျွန်တော်ကိုယ်တိုင်တောင် မသိဘူး။

ဒါပေမယ့် အဲဒီအကြောက်တရား ဆိုတဲ့ လစ်မစ်လေးတခုကိုကျွန်တော်ကျော်သွားတယ်ဗျ၊ အဲဒီအကြောက်တရားလစ်မစ်ကိုကျော်သွားတဲ့ အချိန်မှာ ဖမ်းဆီးခံရမယ်၊ ထိန်းသိမ်းခံရမယ်ဆိုတဲ့အရာတွေ ကျွန်တော့်ခေါင်းထဲမှာ မရှိတော့ဘူးဗျ။ သူကလည်းသူ့အလုပ်သူလုပ်မယ်။ မိမိက မိမိလုပ်စရာရှိတာကို လုပ်နေတဲ့အချိန်မှာသူတို့ဟာ သူတို့လုပ်စရာရှိတာကို လုပ်နေမယ်။ ဒါဟာ ကြုံတွေ့ရမယ့်အရာတခုလို့ပဲ သတ်မှတ်ထားလိုက်တော့တယ်။ ကျွန်တော့်ကို စရဖကစပြီးထိန်းသိမ်းတဲ့ အချိန်မှာ ပထမဦးဆုံး ကျွန်တော်တွေးမိတာကကျွန်တော့်ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ မလုပ်ဖြစ်ရသေးပဲနဲ့ထိန်းသိမ်းခံရတာကိုတော့ ကျွန်တော် နည်းနည်း နှမြောမိတယ်။

နောက်တခု ပြောချင်တာက စစ်ကြောရေး စခန်းထဲမှာတော့ သွေးထွက်သံယိုဖြစ်တဲ့အထိ စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီလို စကားပြောတယ်ဆိုတာလူတဦးတယောက်ကို အာဃာတတရားနဲ့ ပြောတာမဟုတ်ပါဘူး။

အခုလိုမျိုးနှိပ်စက်ညှင်းပန်းခံခဲ့ရပေမယ့် ပုဂ္ဂိုလ်တဦးချင်းစီပေါ် အာဃာတ မထားပါဘူး။သို့သော် ကျွန်တော် မုန်းတာတခုရှိပါတယ်။ မှားယွင်းနေတဲ့ စနစ်ဆိုးကြီးပါ။ဒီစနစ်ဆိုးကြီးရှိနေတဲ့ အတွက်သာ သူ့ဘက်ကိုယ့်ဘက် ဆိုပြီး ဘက်တွေကွဲသွားတာ။ ကျွန်တော်ဆိုလိုချင်တာက ဒီစနစ်ဆိုးကြီးကို တော်လှန်မယ် ၊ပုန်ကန်မယ်၊ ပြောင်းလဲမယ်ဆိုတဲ့ ဘက်မှာ ကျွန်တော်တို့က ရှိနေသလိုဒီစနစ်ဆိုးကြီးကို ကာကွယ်မယ်၊ ရပ်တည်ပေးရမယ်ဆိုတဲ့ဘက်မှာအခြားသူတွေရှိနေကြတာ။ အကယ်၍သာ ဒီစနစ်ဆိုးကြီးမရှိဘူးဆိုရင်ဘက်ဆိုတာလည်း မရှိတော့ပါဘူး။ ဘက်ဆိုတာလည်း မရှိတော့ပါဘူး။

ဘက်ဆိုတာမရှိတော့ရင် အာဃာတလည်း မရှိတော့ပါဘူး။ ကျွန်တော့်အနေနဲ့လူပုဂ္ဂိုလ် တဦးတယောက်ကို အာဃာတမထားပဲ ဒီစနစ်ဆိုးကြီးကိုသာတိုက်ဖျက်ချင်ပါတယ်။

YPI။ ။ ရုံးထွက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံနဲ့ပတ်သက်လို့ ပြောပြပေးပါဦး။

ZYT။ ။ ကျွန်တော်ရုံးချိန်းထွက်တဲ့ အချိန်မှာ ပြောစရာတွေထဲက တခုကိုပြောပြရရင် ကျွန်တော် ရုံးချိန်းထွက်စဉ်က အချုပ်သားတရားခံတွေဖိနပ်စီးခွင့်မရဘူးဗျ၊ ဒါဟာ ဘာကြောင့်လည်းဆိုတာ အဖြေကို ရေရေရာရာ မပေးဘူး။

ကျွန်တော်က ပြောရာမှာ အချုပ်သားတရားခံဆိုတာ တရားခံအစစ်မဟုတ်သေးပါဘူး။တရားလို တဦးဦးက ပြစ်မှု တစုံတရာ ကျူးလွန်တယ်လို့ ထင်မြင်ယူဆတဲ့အတွက်တရားရုံးမှာ စွဲတင်ပြီး တရားစွဲဆိုနေတာပါ။ အဲဒီအရာကို မိမိကျူးလွန်သည်၊ မကျူးလွန်သည် ဆိုတဲ့အချက်ကို တရားပြိုင်အဖြစ် ငြင်းဆိုနေတုန်းပဲရှိပါသေးတယ်။ အဲဒီတော့ အချုပ်တရားခံတဦးဆိုတာ လွတ်လပ်တဲ့လူသားတဦးပဲရှိပါတယ်။ ဒါကြောင့်မို့လို့ အချုပ်တရားခံတဦးကို သူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အပြုအမူ မပြုသင့်ဘူးလို့ ထင်ပါတယ်။

အဲဒါနဲ့ ကျွန်တော်တင်ပြတယ်။ ကျွန်တော်ဖိနပ်စီးမယ်။ ဘာကြောင့်ဆို စောစောကပြောတဲ့အချက်တွေကြောင့် ၊ အဲဒီမှာ ဖိနပ်စီးခွင့် မပြုဘူး ပြုမယ်ဆိုတာနဲ့နောက်ဆုံးကျတော့ ကျွန်တော်ဖိနပ်စီးခွင့်မရရင် ရုံးမထွက်နိုင်ဘူးလို့ပြောလိုက်တယ်။ ကျွန်တော်ရုံးချိန်း ၂ ပတ်လောက်မထွက်လိုက်ရဘူး။နောက်အပတ်တွေကျတော့ ဖိနပ်စီးခွင့်ပေးလိုက်တယ်။

YPI။ ။ ဖိနပ်စီးခွင့် မပေးတာ ဘယ်နေရာကနေ ဘယ်နေရာထိလဲ။

ZYT။ ။ အင်းစိန်ထောင်ကနေ ထွက်ကတည်းက ပြန်လာတဲ့အထိပါ။ သူတို့အကြောင်းပြတာကဖိနပ်ထဲမှာ သံဖြတ်လွှပါလာမလားဆိုတဲ့ အကြောင်းပြတာပေါ့။ အဲဒီကိစ္စမှာကျွန်တော်၊ ကိုဥာဏ်လင်းအောင်၊ ကိုကျော်သူထိုက်တို့ တိုက်ကြတာပါ။

အခြားအခြားသောနေရာမှာလည်း တိုက်တဲ့သူတွေ ရှိရင်ရှိနိုင်ပါတယ်။

YPI။ ။ အကျဉ်းထောင်နဲ့ ပတ်သက်လို့ ဘယ်လို ခံစားရပါသလဲ။

ZYT။ ။ အကျဉ်းထောင်က လူတွေကို အကြောင်းအရာအမျိုးမျိုးပြောင်းလဲစေပါတယ်။ ကောင်းတာတွေ ပြောင်းလဲစေတာ ရှိသလို မကောင်းတာတွေလည်းပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမယ့် အကောင်းပြောင်းလဲမှုကို လက်ခံပြီးအဆိုးပြောင်းလဲမှုကို ပြစ်ပယ်လိုက်ရမှာပဲ။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ပထမဦးဆုံး နိုင်ငံရေး တက်ကြွလှုပ်ရှားသူဖြစ်လာတာဟာ အမှန်တရားကိုမြတ်နိုးတဲ့ စိတ်၊ မဟုတ်မမှန်တာကို ခေါင်းငုံ့မခံချင်တဲ့စိတ်အဲဒီစိတ်မျိုးနဲ့ ဖြစ်လာတာ၊ ကျွန်တော်ကို နှစ်အပိုင်းအခြား တခုထောင်ဒဏ်ချမှတ်လိုက်တဲ့ အချိန်မှာ ကျွန်တော်လုပ်ခဲ့တဲ့အလုပ်၊ ကျွန်တော်ရဲ့လုပ်ရပ်တွေအားလုံးကို အပြန်ပြန် အလှန်လှန်သုံးသပ်ဖို့ အချိန်ရသွားပါတယ်။အပြန်ပြန်အလှန်လှန် သုံးသပ်နိုင်တဲ့ အခါကျတော့မှ ကျွန်တော်တို့ နိုင်ငံအတွက်လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ ကျွန်တော်တို့နိုင်ငံအတွက်ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ ကျွန်တော်တို့နိုင်ငံမှာရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးတွေ အဲဒါတွေကို ခြေခြေမြစ်ဖြစ် သဘောပေါက်လာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အဖြစ်ကနေ နိုင်ငံရေးကိုဇောက်ချလုပ်မယ့်သူ တယောက်ဖြစ်လာတာပေါ့ဗျာ။ ကျွန်တော့်အတွက်အပြောင်းအလဲဆိုရင် အဲဒီအချက်အလက်ပါပဲ။

YPI။ ။ အတွင်းမှာ စာတွေတော်တော်များများ ဖတ်ဖြစ်လား။

ZYT။ ။ အရင်တုန်းကတော့ စာတွေ အတော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်တဖက်မှာ အနုပညာ လည်းလုပ်နေတော့ သီချင်းနားထောင် ရေး၊တီးခတ်ဖို့လုပ်နေရတော့ အပြင်တုန်းက စာဖတ်ဖို့ အချိန်နည်းခဲ့ပါတယ်။

အကျဉ်းထောင်ထဲမှာတော့ အပြင်တုန်းက ဖတ်မယ်ဆိုပြီးဝယ်ထားပေမယ့်အပြီးမသတ်သေးတဲ့ စာအုပ်တွေ ဖတ်နိုင်ခဲ့ပါတယ်။

YPI။ ။ နိုင်ငံရေး ဇောက်ချလုပ်မယ့်သူ တယောက်ဖြစ်လာတော့ အနုပညာကိုရော ဘယ်လို သဘောထားပါသလဲ။

ZYT။ ။ အနုပညာအနေနဲ့ကတော့ ကျွန်တော်ရင်ထဲ ထိခိုက်မှု ၊ ခံစားမှုဒီအရာတွေအကုန်လုံးကို ဂီတနဲ့ဖြစ်စေ၊ ကဗျာနဲ့ဖြစ်စေ၊ ဆောင်းပါးတပုဒ်နဲ့ဖြစ်စေ ဖေါ်ထုတ်နိုင်သရွေ့ကတော့ ဖေါ်ထုတ်နေမှာပဲ။ ဒါကိုပရိတ်သတ်ရှေ့ချပြခွင့် ရမရကတော့ ကွာခြားသွားမှာပါ။

ကျွန်တော်တို့ အရင်တုန်းက သီချင်းဆိုခဲ့တာမှာ ဟစ်ဟော့ဂီတကိုမြန်မာနိုင်ငံမှာ ချပြချင်တဲ့စိတ်က အရင်းခံတာပါ။ အဲဒီကနေမှ တဆင့်ကျွန်တော်အဆိုတော်ဖြစ်လာတာ။ အဲဒီတော့ ဂီတနဲ့ နိုင်ငံရေး၊ အနုပညာနဲ့နိုင်ငံရေး ဒီနှစ်ခုယှဉ်မယ်ဆိုရင်တော့ ပထမအဆင့် ဒုတိယအဆင့်ရယ်လို့မဟုတ်ပဲ နှစ်ခုစလုံးက ပြိုင်ပြီးသွားနေမယ်လို့ ထင်ပါတယ်။

YPI။ ။ အနုပညာသည်ဘ၀နဲ့ နိုင်ငံရေး ကိုဘယ်လိုစည်းခြားထားလဲ။ အဲဒီနယ်ပယ် ၂ခုကိုဘယ်လိုကိုင်တွယ် ဖြေရှင်းလဲ။

ZYT။ ။ အနုပညာအသိုင်းအ၀ိုင်းကလူတွေကတော့ အနုပညာကို ပြန်လုပ်စေချင်ကြတယ်။ နိုင်ငံရေး အသိုင်းအ၀ိုင်း ကတော့ အနုပညာနဲ့ နိုင်ငံရေးကိုတွဲပြီးပြန်လုပ်စေချင်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်ဖို့အတွက်က ဘယ်သူမှ အတင်းအကြပ်စေခိုင်းလို့ မရပါဘူး။ မိမိရဲ့စိတ်ဆန္ဒအရသာ လုပ်ကြတာကိုး ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ဒီနိုင်ငံတိုးတက်ဖို့ ဒီနိုင်ငံအကျိုးရှိအောင် လုပ်မယ့်သူတွေ အင်မတန်နည်းနေပါသေးတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ကျွန်တော့်ကို နိုင်ငံရေး လုပ်စေချင်တာပါ။

ဒီနှစ်ခုကြားထဲမှာ ဘယ်လို ညီမျှအောင် လုပ်သလဲဆိုရင် နိုင်ငံရေး ဟာအနုပညာနဲ့ မသက်ဆိုင်ဘူးဆိုပေမယ့် အနုပညာနဲ့ နှီးနွယ်နေတဲ့အလုပ်ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် စာပေအနုပညာရှင်တွေက များသောအားဖြင့်နိုင်ငံရေး သမားဟောင်းတွေများပါတယ်။ အနုပညာရှင်တွေထဲကလည်း နိုင်ငံရေးသမားတွေထွက်ပေါ်လာတတ်ပါတယ်။ အဲဒီတော့ ဂီတအနုပညာကိုလုပ်ရင်းနဲလည်းနိုင်ငံရေးကိုလုပ်လို့ ရတယ်လို့ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ဆုံးဖြတ်ချက်နဲ့ မိမိရဲ့ စိတ်ဓါတ်ကိုတော့ ပိုင်ပိုင်နိုင်နိုင်ထိမ်းသိန်းကိုင်တွယ်သွားဖို့တော့လိုတယ်လို့ ကျွန်တော်ထင်တယ်ဗျ။

YPI။ ။ လက်ရှိ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲ

ZYT။ ။ ကျွန်တော့်မှာ အစာအိမ် အနာရှိတယ်ဗျ၊ ကျွန်တော်အထိန်းသိမ်းမခံရခင်ကတည်းက အစားအသောက်နဲ့ ပတ်သက်လာလို့ရှိရင်နည်းနည်းဆင်ခြင်ရပါတယ်။ အဲလို လူမျိုးက အကျဉ်းထောင်ထဲရောက်သွားတော့အစားအသောက်ကို တော်တော်လေး ဂရုစိုက်ရတယ်ဗျ၊ အထိန်းသိမ်းခံနေရစဉ်မှာအသဲအသန် မဟုတ်ပေမယ့်လည်း အပြင်းအထန် ဆိုတာမျိုး ၂ ခေါက်လောက်ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ကျန်းမာရေး စစ်ဆေးနေတုန်းပါပဲ။ ယေဘုယျပြောရရင်ကျန်းမာရေး အသင့်အတင့်ရှိတယ်လို့ပဲ ပြောရမှာပါ။

YPI။ ။ မိသားစုနဲ့ ပတ်သက်တဲ့ ခံစားမှု ပြောပြပေးပါလား။

ZYT။ ။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုပ်မယ်ဆိုရင်ရာခိုင်နှုန်းအတော်များများက တော့ ထောင်ထဲရောက်နိုင်တယ်။အကျဉ်းကျနိုင်တယ်ဆိုတာ နားလည်ပီးသားပါ။ နားလည်ပြီး စိတ်ပိုင်းဖြတ်ပြီးအကျဉ်းကျခံနေရတာ အထူးအထွေစဉ်းစားနေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် နယ်ဝေးထောင်တွေကို ပို့တယ်။ မိမိတင်မကပဲ မိမိရဲ့ မိသားစုတွေကိုပါအခက်အခဲအမျိုးမျိုးတွေ့အောင် လုပ်လိုက်တာမျိုးကိုတော့ ကျွန်တော်သဘောလည်းမကျဘူး။ ဒီလိုပုံစံမျိုးဟာ မဖြစ်သင့်ပါဘူး။ အခုဆိုလို့ရှိရင်အချို့အချို့သော မိသားစုဝင်တွေမှဆိုလို့ရှိရင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူက တအိမ်ထဲမှာ တယောက်မကတဲ့ မိသားစုတွေရှိပါတယ်။

ဥပမာ-

မိမိရဲ့ ယောင်္ကျားက တနေရာကိုရောက်နေပြီး သားက တနေရာကိုရောက်နေတာဆိုလို့ရှိရင် ဘယ်လို ခံစားရမလဲ ဆိုတာပါ။ အဲဒီလိုပဲ ကျွန်တော့်အနေနဲ့လည်းကိုယ်တိုင် ခံစားရနိုင်ပေမယ့်လည်း အသက်အရွယ်ကြီးပြီဖြစ်တဲ့ ကျွန်တော့်အမေကျွန်တော့်ဆီကို ရောက်အောင် လာဖို့ကြိုးစားရတဲ့ဟာတွေ မြင်ရတဲ့အခါဝမ်းသာရမယ့်အစား ရင်နာမိတာများတယ်ဗျ။

YPI။ ။ အပြင်လောကနဲ့ ကင်းကွာနေတဲ့ ၃ နှစ်လောက်ကာလမှာဘာတွေပြောင်းလဲသွားတယ်လို့မြင်လဲ။ ဘာတွေကို သတိထားမိပါသလဲ

ZYT။ ။ အပြင်ပုံသဏ္ဍန်အားဖြင့်ပြောင်းလဲနေတာ တော်တော်များများ တွေ့တယ်ဗျာ၊ဥပမာအားဖြင့် စောစောက ပြောတဲ့ မိုဘိုင်းဖုန်းကိစ္စလည်းပါတယ်ဗျာ။

ငါးသိန်းဖုန်းဆိုတဲ့ဟာတွေကို တော်တော်များများရဲ့ လက်ထဲမှာတွေ့လိုက်ရတယ်။ ဖုန်းတလုံး ငါးသိန်းဆိုတာတောင် တော်တော်များနေသေးတယ်။ဒါတောင် ဒိလောက်လူ အရေအတွက် များများကိုင်လာနိုင်တယ်ဆိုရင် ဒိထက်များထပ်လျော့ပေါ့နိုင်မယ်ဆိုရင် လူတွေပိုပြီး ကိုင်လာကြမှပဲ။ ဒါကတော့ပထမမြင်ရတဲ့ အခြေအနေပါ။ ဒုတိယမြင်ရတာကတော့ ၀တ်ပုံစားပုံပြောင်းလဲလာတာပြောပုံဆိုပုံ ပြောင်းလဲလာတာတွေ တွေ့ရတယ်။ အတွင်းအနှစ်သာရအပိုင်းပြောင်းလဲသလားဆိုတာ ကတော့ နည်းနည်း အချိန်ကြာပြီးမှ ပြောနိုင်မယ် ထင်တယ်။

YPI။ ။တခြား အပြောင်းအလဲတွေ အနေနဲ့ရော။

ZYT။ ။ ပထမဆုံး အနုပညာအနေနဲ့ ပြောရရင် အထိန်းသိမ်းမခံရစဉ်က အခြေအနေနဲ့အခုအခြေအနေကို ယှဉ်ကြည့်ရင် ဂျာနယ်တွေထဲမှာ ဆိုရင် အရင်တုန်းကခွင့်ပြုမယ် မထင်တဲ့ဟာမျိုးလေးတွေ တွေ့လာရတယ်။ နောက်ပြီးစာအုပ်စာတမ်းထဲကဆိုရင် အရင် ကျဖို့တော်တော်ကြာခဲ့တဲ့ စာအုပ်တွေ ၊အရင်တုန်းက ပြန်လည် ရိုက်ခွင့်ပြုမယ် မထင်တဲ့စာအုပ်တွေ တွေ့ရတယ်။

နောက်စာနယ်ဇင်းထဲမှာ အကောင်းဘက်ပြောင်းလဲမှုပေါ့။ အဆိုးဘက်ပြောင်းလဲမှုလို့ဆိုရင်တော့ စာနယ်ဇင်းထဲမှာ တိကျမှု လျော့လျဲတဲ့ ၊ တာဝန်ခံမှု လျော့နည်းတဲ့စာနယ်ဇင်း ဂျာနယ်မျိုးတွေ ထွက်လာတာလည်းတွေ့ရတယ်ဗျ၊ နောက်ပြီးပေါ့ပေါ့ပါးပါး ရောင်းကုန်ဖြစ်အောင် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေလည်းတွေ့ရတယ်ဗျ၊ ဒါကလည်း ကာလတခုကြာလာတဲ့ အခါ ပရိသတ်က စိစစ်သွားမယ်ထင်ပါတယ်။

ဂီတအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ကျွန်တော်တို့က တိုက်ခန်းနဲ့နေရတာဖြစ်လို့ တီဗီတွေ သီချင်းတွေ နားမထောင်ရလို့ (အကျဉ်းထောင်အတွင်းတိုက်ပိတ် ခံရသည့်အဖြစ်ကိုဆိုလိုခြင်း ဖြစ်သည်) မပြောတတ်ပါဘူး။

အခြားသူတွေ ပြောစကားအရရော ကျွန်တော်ပြန်ထွက်လာတဲ့ အခါမှာနည်းနည်းကြားမိသလောက် ပြောရရင် ဂီတကတော့ အခြေအနေသိပ်မကောင်းဘူး။အလွယ်တွေကို ပိုပြီးဖန်တီးနေတယ်။ အနှစ်သာရ ပျောက်နေ တယ်လို့ ထင်ပါတယ်။

ဒါကကျွန်တော့် တဦးချင်းရဲ့ အမြင်ပါ။ ကျွန်တော် အထိန်းသိမ်းမခံရခင်ကတည်းကကျွန်တော် အခြေခံဥပဒေကို လေ့လာခဲ့ဖူးပါတယ်။ မူကြမ်းက ၂၀၀၇စက်တင်ဘာလောက်မှာ အဆုံးသတ်တာပါ။ အဲဒီတုန်းက မူကြမ်းကိုကြေကြေညက်ညက်မဟုတ်တောင်မှ ထောင့်စေ့အောင်တော့ လေ့လာခဲ့ဖူးပါတယ်။ အဲဒီတော့ဘာသွားတွေ့သလဲ ဆိုရင် ဒီအခြေခံဥပဒေ အရသာ အစိုးရတရပ်ဖွဲ့စည်းပြီဆိုရင်ဖြစ်ပေါ်လာတဲ့ အစိုးရဟာ အာဏာရှင် တဦးတယောက် ၊ အဖွဲ့တဖွဲ့ရဲ့ကြိုးဆွဲရာကမယ့် အစိုးရ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအချိန်ထိတော့အဲဒီတုန်းက ထင်မှတ်ခဲ့တဲ့ အထင်ဟာ အပြောင်းအလဲမရှိသေးပါဘူး။

YPI။ ။ရှေ့ဆက်ဘာလုပ်ဖို့ စိတ်ကူးထားပါသလဲ။

ZYT။ ။ အနုပညာပိုင်းအရ ပြောရမယ်ဆိုရင်တော့ ဂီတ အနုပညာကိုကျွန်တော်ဆက်လက်ဖန်တီး ဖြစ်နေမှာပါ။ နိုင်ငံရေး အရပြောရရင်တော့ ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့်၊ ခံယူချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေအမြန်ဆုံး လွတ်မြောက်လာဖို့ အတွက် ကျွန်တော်ကြိုးစားပြီးဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။

YPI။ ။ အလေးစားဆုံး နိုင်ငံရေး ခေါင်းဆောင် ဘယ်သူလဲသိပါရစေ

ZYT။ ။ ပြည်တွင်းမှာဆိုရင်တော့ ကျဆုံးသွားပြီးဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းပါ။ ဒုတိယ အလေးစားဆုံး ခေါင်းဆောင်ကတော့ ခုထိသက်ရှိထင်ရှားနဲ့ နိုင်ငံရေး လုပ်နေတဲ့ ဗိုလ်ချုပ်ရဲ့ သမီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကိုအလေးစားဆုံး ဖြစ်ပါတယ်။ ပြည်ပမှာတော့တဦးတယောက်ကို ရွေးထုတ်ဖို့ခက်ပါတယ်။ တဦးတယောက်စီက ကောင်းတဲ့အချက်တွေရွေးထုတ်ပြီး သဘောကျတယ် ။

YPI။ ။လူငယ်တွေကို ဘာများပြောချင်ပါသလဲ။

ZYT။ ။ လူငယ်ဆိုတာ အမှန်တရားကို မြတ်နိုးပါတယ်။ မဟုတ်တာ မမှန်တာတွေ့ရင်လည်းမထောက်ခံပါဘူး။ မတရားတာတွေ့ရင်လည်း ငုံ့မခံပါဘူး။ ဒါဟာဘယ်လိုခေတ်ပဲဖြစ်ဖြစ် ဘယ်စနစ်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲ အုပ်ချုပ်သည်ဖြစ်စေမပြောင်းလဲတဲ့စိတ်ဓါတ်ပါ။ ဒီတန်ဖိုးရှိလှတဲ့ ရဲရင့်တဲ့ လူငယ်တွေရဲ့စိတ်ဓါတ် ကိုလူငယ်တိုင်း လူငယ်တိုင်း ရင်ထဲမှာ မွေးထုတ်ကြဖို့မွေးယူကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။


Yangon PressInternational

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.