Saturday, October 8, 2011

0 ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း( အပိုင်း-၁)

နေရာကား ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းဘေးတွင် ပလတ်စတစ်ခုံလေးများဖြင့် ချရောင်းသော လမ်းဘေး လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်တွင် ဖြစ်သည်။ တီရှပ်အဖြူနွမ်းနွမ်းနှင့် ဘောင်းဘီတို အညိုရောင်ကို ဝတ်ဆင်ထားသော ကတုံးဆံပင်ပေါက်ကေနှင့် ကုလားတစ်ဦးသည် ရှပ်လက်တိုအကွက် ခပ်နွမ်းနွမ်းနှင့် လုံချည်အဟောင်းလေး တစ်ထည်ကို ဝတ်ဆင်ထားသော ထိပ်ပြောင်ပြောင်၊ အသားဖြူဖြူ၊ မျက်မှန်ဝိုင်းကလေး တပ်ထားသော အဘိုးကြီးတစ်ဦးနှင့် စကားလက်ဆုံကျလျက်ရှိသည်။ ကုလားမှာ ဆူးလေအနီးတဝိုက်တွင် နာရီ ဓာတ်ခဲ၊ ခါးပတ်၊ ပိုက်ဆံအိတ် ရောင်းသော ပျံကျတစ်ဦးဖြစ်ပုံရပြီး အဘိုးကြီး၏ဘေးတွင် တက္ကစီအစုတ်ကလေး တစ်စင်း ရပ်ထားသောကြောင့် တက္ကစီဒရိုင်ဘာတစ်ဦး ဖြစ်ပုံရသည်။ စင်စစ်တွင်ကား အနှီကုလားမှာ စကြာဝတေးမင်းရာထူးနှင့် ညီမျှသော ရာထူးရှိသူ အမေရိကန်ပြည်ထောင်စု၏ သမ္မတ မစ္စတာအိုဘားမားဖြစ်ပြီး တက္ကစီဒရိုင်ဘာ အဘိုးကြီးမှာ မကြာသေးမီကမှ နိုင်ငံတော်သမ္မတအဖြစ်မှ ပြည်သူ့သမ္မတအဖြစ်သို့ အရှင်လတ်လတ် ပြောင်းလဲရောက်ရှိသွားသူ မြန်မာသမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်တော့သည်။ လမ်းသွားလမ်းလာများက ၎င်းတို့နှစ်ဦးကို ဈေးသည်နှင့် တက္ကစီဒရိုင်ဘာဟုပင် ထင်နေကြပြီး မည်သူကမျှလည်း အရေးတစ်စိုက် မရှိလှပေ။ ယခုကဲ့သို့ လျှို့ဝှက်စွာ တွေ့ဆုံ နေရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေလေသည်။

အိုဘားမားသည် ၎င်း၏ များပြားလှသော တာဝန်များကြောင့် အလွန်အမင်းစိတ်ညစ်ကာ အိမ်ဖြူတော်မှ မည်သူမျှမသိအောင် တိတ်တဆိတ် ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်ကမူ ရှေးမြန်မာရာဇဝင်ထဲက ဘုရင်များ ရုပ်ဖျက်၍ ပြည်သူအတွင်းအတွင်း ဆင်းကာ စနည်းနာသည်ကို အားကျ၍ တစ်ကြောင်း၊ ယခုတလော ပြည်သူတွေက ဦးသိန်းစိန် ပြည်သူ့သမ္မတကြီးဟု တဖွဖွ နှုတ်ကမချတမ်း တသသ လုပ်နေကြသည်ကို ကိုယ်တိုင် နားနှင့် ဆတ်ဆတ်ကြားလို၍ တစ်ကြောင်းတို့ကြောင့် မထင်မရှားရုပ်ဖျက်၍ တက္ကစီအစုတ်တစ်စင်းကိုမောင်းကာ အထက်ပါ လက်ဘက်ရည်ဆိုင်သို့ ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုဆိုင်သို့ လာရခြင်းမှာလည်း အိုဘားမားက သူအလွန်အမင်း စိတ်ညစ်နေကြောင်း၊ ဘယ်သူမှ မသိအောင် မြန်မာနိုင်ငံတွင် တစ်ရက်တန်သည် နှစ်ရက်တန်သည် လာရောက်လည်ပတ်လိုကြောင်း ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး နှစ်ကိုယ်ကြား ပြောကြားရာမှ ဦးသိန်းစိန်မှလည်း ကျွန်ုပ်လည်း သာမန်အရပ်သားအသွင်ဖြင့် အပြင်ထွက်၍ စနည်းနာရန် စဉ်းစားနေကြောင်း အကယ်၍ အဆွေတော် အိုဘားမားအနေဖြင့် ကျွန်ုပ်နှင့်အတူ စနည်းနာထွက်၍ ပြည်သူကြားထဲဆင်းပါက အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံကိုရလိမ့်မည်ဖြစ်ကြောင်း အဆွယ်ကောင်း၍ အိုဘားမားကလည်း လာခဲ့ပါမည်ဟု ကတိခံကာ မထင်မရှားရောက်ရှိလာပြီး ထိုလဘက်ရည်ဆိုင်တွင် ချိန်းဆိုသောကြောင့် ဦးသိန်းစိန်လည်း တက္ကစီအစုတ်မောင်းကာရောက်လာရခြင်း ဖြစ်သည်။ အိမ်ဖြူတော်နှင့် နေပြည်တော်ရှိ သမ္မတအိမ်တော်မှ ရုံးအဖွဲ့ အသီးသီးမှာမူ သူတို့၏ သမ္မတများ ရုတ်တရက်ပျောက်ခြင်းမလှ ပျောက်သွား၍ ခေါင်းမီး တောက်လျှက် ရှိကာ မီဒီယာများနှင့် လူထုကို အသိမပေးဘဲ အပူတပြင်း ကြိတ်၍ ရှာဖွေနေကြလေသည်။

“ခင်ဗျား လာမှ လာပါ့မလားလို့ဗျာ၊ မလာရင်တော့ ကွိုင်ပဲ၊ ကျုပ်လည်း ဗမာစကားဆိုလို့ ချိုဆိမ့်တစ်ခွက်၊ ဘူးသီးကြော်တစ်ပွဲ၊ ဘယ်လောက်လဲ ဆိုတာလောက်ပဲ အမြန်သင်ပြီး လာခဲ့ရတာ” ဟု အိုဘားမားက ရယ်ရယ်မောမော ပြောလိုက်သည်။

“လာမှာပါအဆွေတော်ရ၊ ကျုပ်က ခင်ဗျားထက် ထွက်ရတာခက်တယ်၊ ကျုပ်တို့နိုင်ငံ လူကြီးဆို အသားကုန်လွှတ်ဖားတာဆိုတော့ ကျုပ်မှာ အိမ်သာတက်တာတောင် သမ္မတကြီး ဘာလုပ်ပေးရမလဲဆိုပြီး လိုက်လိုက်မေးနေလို့ လစ်ထွက်ရတာ ခက်နေတာ၊ နေပြည်တော်နဲ့ ရန်ကုန်လမ်း တလျှောက်က စစ်ဆေးရေးဂိတ်တွေကလည်းများတော့ ကျုပ်မှန်းမသိအောင် တော်တော်ကို စွန့်စားပြီးထွက်လာရတာလေ၊ ဒါကြောင့် နဲနဲလေး နောက်ကျ နေတာ” ဟု ဦးသိန်းစိန်က ပြန်ပြောလိုက်သည်။ တဆက်တည်းမှာပင်

“ကဲ…လင်းစမ်းပါဦး အဆွေတော်ရ၊ ဒီလောက်ဒိတ်ဒိတ်ကျဲ နိုင်ငံကြီးရဲ့ သမ္မတလုပ်နေပြီး ဘာတွေညစ်စရာ ရှိနေလို့တုန်း၊ ခင်ဗျား တို့ဆီမှာ လူသား အရင်းအမြစ်ကလည်းပေါတော့ အလုပ်ပိတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလေ၊ ကျုပ်မှာသာ ငတုံးတသိုက်နဲ့ အလုပ်လုပ်နေရတာ ဖင်ဆောင့်ငိုချင်စိတ် ပေါက်တာပဲ” ဟု တဆက်တည်း အိုဘားမားကို မေးလိုက်သည်။

“မထင်ပါနဲ့ဗျာ၊ ကျုပ်တို့ဆီကအဖြူကောင်တွေလည်း တော်လွန်းလို့ ခက်နေတာဗျ၊ အခုကျုပ်မှာ နိုင်ငံခြားရေး၊ စီးပွားရေး အဲ့ဒါတွေနဲ့ ပတ်သက်လို့ ခက်ခဲနေတာတွေ အများကြီးပဲ၊ အခုလောလောဆယ် ပါလက်စတိုင်းက လွတ်လပ်ရေးကြေငြာမယ့် ကိစ္စဗျာ၊ အမှန်ကတော့ ပေးသင့်တယ်၊ ဒါပေမယ့် ကျုပ်တို့မှာ အစဉ်အလာအရကိုက ဂျူးတွေအတွက် ကြည့်ပေးရမယ့် ဝတ္တရားကရှိလေတော့ ထုံးစံအရ အစ္စရေးဘက်ကနေ ကာကွယ် ပေးရတာပေါ့ဗျာ၊ တကယ်တော့ ကျုပ်က နိုဗယ်ငြိမ်းချမ်းရေးဆုရလေ ဒီလိုပြဿနာတွေ၊ မတရားတာတွေ ဘယ်ဖြစ်ချင်ပါ့မလဲ၊ ဒါပေမယ့် အစဉ်အလာဆိုတာကြီးက ဖောက်ထွက်ဖို့ ခက်နေတယ်၊ ဒါက လောလောဆယ်ဖြစ်နေတာ တစ်ချက်ဗျ”

“အေးဗျာ၊ ကျုပ်တို့ကတော့ သူများကြားဝင်ပြီး ရှင်းပေးဖို့မပြောနဲ့၊ ကိုယ့်ပြည်တွင်းရေးနဲ့ကိုယ်တောင် တိုင်ပတ်နေတာ၊ အစဉ်အလာဆိုတာကြီး ဖောက်ထွက်ဖို့ခက်တယ်ဆိုတာတော့ ကျုပ်လဲလက်ခံတယ်၊ ကျုပ်တို့ မြန်မာစကားပုံမှာ ရှိတယ်၊ ထိုင်နေရင်းအကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုသလို ခေတ်ဟောင်းမှာ ကျန်ခဲ့ချင်သူတွေက အများသားဗျ၊ ဒါကလဲ စနစ်ပြောင်းရင် အရင်က အချောင်ရနေတဲ့ကောင်တွေက ကျိုးမှာ ကြောက်နေလို့ပါ၊ ကျုပ်လဲ ကျုပ်နိုင်ငံကို ပြောင်းလဲချင်သပေါ့ဗျာ၊ ဒါပေမယ့် မပြောင်းချင်တဲ့ကောင်တွေကြောင့် ခက်နေတယ်၊ အတူတူပါပဲ”

“မှန်တယ်၊ ကျွန်တော့် အစိုးရအဖွဲ့ထဲမှာကို ရှိနေတယ်၊ ပြောရရင် ဗျူရိုကရက်ဆန်တဲ့ ကောင်တွေကြောင့်ပေါ့၊ တခါတလေ အပြောင်းအလဲ ကောင်းကို ဆောင်ကြဉ်းဖို့ထက် သူတို့ရဲ့ ဦးနှောက်ထဲမှာ သံမှိုစွဲနေတဲ့ ကိစ္စတွေကြောင့် ခက်နေတာဗျ၊ ဥပမာ အရှေ့အလယ်ပိုင်းကိစ္စဆိုရင် သူတို့ကြောင့် ခက်နေတယ်၊ သူတို့ကပဲ နှောင့်နှေးကြန့်ကြာအောင် လုပ်နေတာဗျ၊ ချမယ်ဆိုတဲ့ကောင်းဘွိုင်တွေချည်းပဲ၊ ကျုပ်မှာက အရင်သမ္မတ ပေးသွားတဲ့ ဆိုးမွေကြီးကို ပိုက်ထားရသလို ဖြစ်နေတယ်”

“ဖြတ်ပြောလိုက်ဦးမယ်၊ ကျုပ်လဲဘာထူးသလဲ ဦးနေဝင်းကထားပါတော့၊ ဦးသန်းရွှေ ၂၃နှစ်လောက် ရှုပ်သွားတဲ့ အရှုပ်ထုပ်ကြီးကို ဖြည်ဖို့ ခေါင်းကြိမ်းနေရတယ်၊ ကြိုးစားပြီးဖြည်မယ်ဆိုရင်တောင် နှောင့်ယှက်ချင်တဲ့ကောင်တွေက အများသား၊ ခင်ဗျားတို့ကမှ သမ္မတနဲ့ အတိုက်အခံက တစ်ပါတီစီကွဲနေလို့၊ ကျုပ်မှာက ကိုယ့်ပါတီကကောင်တွေတောင် ကိုယ်ပြန်မထိန်းနိုင်ဘူး၊ ပြည်သူအတွက် တစ်ခုခု ကောင်းတာလုပ်မယ်ဆိုရင်တောင် ဒီကောင်တွေကပဲ ထထကန့်ကွက် နေတော့ ဘာလုပ်ရမှန်းကိုမသိဘူး၊ တစ်ခါတစ်ခါတော့ ငါသမ္မတ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ထကိုင်လိုက်ရင် ဖြစ်ပါ တယ်၊ ဒါပေမယ့် ပြည်သူတွေက လွှတ်တော်ကို အယုံအကြည်မဲ့သွားမှာစိုးလို့ပါ၊ ကိုရွှေမန်းကလည်း လွှတ်တော်ကို အတော်တည်ဆောက်ယူ ထားရတာလေ၊ ဒါပေမယ့် တော်သေးတယ် ပြည်သူကတော့ လွှတ်တော်ထက် ကျုပ်တို့ ကိုရွှေမန်းတို့ကို နားလည်မှု ပေးလာကြတယ်၊ ဒါပေမယ့် လွှတ်တော်ထဲက ကောင်တွေ၊ အစိုးရအဖွဲ့ထဲက ရှစ်လုံးတို့၊ ကျော် ဆန်းတို့လိုကောင်တွေ ကန့်လန့်တိုက်နေသေးတယ်”

“အင်း ကျွန်တော်တို့ အမေရိကားမှတော့ နိုင်ငံခြားရေးနဲ့ ပတ်သက်ရင် ဂိုဏ်းလေးဂိုဏ်းပေါ့ဗျာ၊ ဂျက်ဆင်ဂိုဏ်း၊ ဟာမီတန်ဂိုဏ်း၊ ဂျက်ဖာဆင် ဂိုဏ်းနဲ့ ဝီလ်ဆင်ဂိုဏ်းပေါ့၊ ကျုပ်ကတော့ ဂျက်ဖာဆင်ဂိုဏ်းသားဆိုပါတော့ဗျာ၊ ဘယ်သူနဲ့မှ သိပ်ပြဿနာမတက်ချင်သလို ယူအက်စ်ကို ကမ္ဘာ့ရေးရာ တွေမှာ ဝန်နည်းနည်းပဲ ထမ်းစေချင်တယ်၊ ငပွကြီး မဖြစ်ချင်ဘူး၊ အစ္စရေး-ပါလက်စတိုင်းကိစ္စကိုလည်း အရှိအတိုင်းလက်ခံဖို့ ကြိုးစားတယ်၊ ရုရှားနဲ့ တရုတ်ကလည်း ပြဿနာမဟုတ်ပါဘူး၊ စစ်ပွဲတွေလည်း ရပ်ပစ်ချင်တယ်၊ လစ်ဗျားကိစ္စဆိုကြည့်လေ ကျုပ် တာဝန်အများကြီးယူမထားဘူး၊ ခင်ဗျားတို့ မြန်မာ နိုင်ငံနဲ့လည်း ထိတွေ့ဆက်ဆံချင်ပါတယ်၊ ကျွန်တော်က အားလုံး သက်တောင့် သကသာနဲ့ ကျေနပ်နိုင်မယ့် ပုံစံကို ရွေး ချယ်ချင်တယ်”

“ကျွန်တော်လဲ အားလုံးသက်တောင့်သက်သာ ဖြစ်မယ့်ပုံစံကို လိုချင်ပါတယ်၊ ကိုယ်က အကောင်ပဲဆိုပြီး သွားထောင်လို့ မရဘူးဗျ၊ အခု ကျွန်တော် ပြည်တွင်းစစ်တွေ ရပ်ချင်တယ်၊ ကြိုးစားပေမယ့် အရင်အစိုးရဟောင်းလက်ထက်က တရုတ်ကို သဘာဝဓာတ်ငွေ့ ပို့ဖို့လုပ်ထားတဲ့ စီမံကိန်းကြောင့် ပိုက်လိုင်းတလျှောက်မှာရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်နေရတယ်၊ တရုတ်အားကိုးနဲ့ လူပါးဝနေတဲ့ ဝတွေကျတော့ နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းလို့ မရဘူးဖြစ်နေတယ်၊ အခု မြစ်ဆုံကိစ္စတောင် တိုင်းရင်းသားပြည်သူအားလုံးအတွက် စွန့်စွန့်စားစား ရပ်လိုက်ရတာပဲ၊ ဒါတောင် နောက်အစိုးရ လက်ထက် ဘယ်လိုလာဦးမလဲမသိဘူး၊ ခင်ဗျားတို့ အားပေးမှုလည်း လိုပါတယ်ဗျာ၊ ကျွန်တော်တို့အနေနဲ့ တရုတ်ကို တန်ပြန်ဖို့ လက်သီးထိုးကောင်းမယ့် မိတ်ဆွေတစ်ယောက်တော့ လိုတယ်လေ၊ မစုကြည်နဲ့ ကျွန်တော် ရန်သူမဖြစ်ချင်ဘူး၊ သူ့မှာ သြဇာ ရှိတယ်၊ ကျွန်တော်တို့မှာ ပါဝါရှိတယ်၊ တကယ်နိုင်ငံ ကောင်းမယ့် အလုပ်ကြီးဗျာ၊ ဒါကြောင့် ကျွန်တော်က မစုကြည်နဲ့ ရင်းနှီးမှုရှိအောင် ကြိုးစားတယ်၊ ဒါကို မကြိုက်တဲ့သူကလည်း မကြိုက်ဘူးဗျ”

“ဝီလ်ဆင်ဝါဒအရဆိုရင်တော့ ကမ္ဘာမှာ ဒီမိုကရေစီ ပြန့်ပွားရေးဆိုတာမျိုးကို ကျွန်တော်အားပေးပါတယ်၊ ဒါပေမယ့် အီရတ်ကိစ္စမှာလို အင်အားသုံး ဖြေရှင်းတာမျိုးတော့ ကျွန်တော် တယ်မကြိုက်လှဘူး၊ ကျွန်တော် ရာထူးယူပြီးနောက်ပိုင်းမှာ အီရတ်နဲ့ အာဖဂန်ကို စစ်တပ်တွေ ထပ်ပို့ခဲ့တယ်၊ ဒါပေမယ့် ပြန်ဆုတ်ရမယ့် ရက်အကန့်အသတ်ကိုလည်း တစ်ခါတည်းသတ်မှတ်ပေးလိုက်တယ်၊ တစ်ချက်က အမေရိကန်ပြည်သူတွေရဲ့ အခွန်အခတွေကို စစ်တိုက်ပြီး မဖြုန်းချင်တာရယ်၊ အရှေ့အလယ်ပိုင်းနဲ့ အစ္စလာမ်ဟာ အမေရိကားရဲ့ ရန်သူမဟုတ်ဘူး ဆိုတာကိုပြဖို့ ရည်ရွယ်တာကြောင့်ပါ၊ ခင်ဗျားတို့နဲ့လည်း ကျွန်တော် ဆက်ဆံဖို့ ကြိုးစားတယ်ဆိုတာ ဒီသဘောပါပဲ၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေနိုင်ငံဟာ ဒီမိုကရေစီ မဖြစ်မနေ ဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် တစ်ဖက်မှာလည်း အမေရိကားရဲ့ စံနှုန်းတွေအရ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သံတမန်နည်းအရ ခင်ဗျားတို့ကို ဖိအားပေးရတာ ရှိပါတယ်။ ဒါကလည်း မပူပါနဲ့ ခင်ဗျားတို့ပြောင်းလဲလာမှု တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့ဘက်က အဆင်သင့်ပါ၊ အခု ခင်ဗျားတို့ကို ပိတ်ဆို့မှု သက်တမ်း တစ်နှစ်တိုးတာဟာ ပြဿနာမဟုတ်ပါဘူး၊ ဒီတစ်နှစ်အတွင်း ၂၀၁၅ AFTA မတိုင်မီအတွင်း ခင်ဗျားတို့နဲ့ တိုက်ရိုက်ထိတွေ့နိုင်ပါလိမ့်မယ်၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်”

“အင်း ကျွန်တော်တို့အနေအထားအရ တရုတ်ကိုပဲ လုံးလုံးမှီခိုခဲ့ရတာဆိုတော့ အချို့ကိစ္စတွေမှာ မထွေးနိုင်မအံနိုင် ဖြစ်နေတာတွေလည်း ရှိပါတယ်၊ ကျုပ်ကတော့ရှင်းတယ်၊ ဘာမှ စားမထားတော့ ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး၊ တရုတ်ကို ကျွန်တော်ရန်လိုတဲ့ ကိစ္စရပ်မျိုး မရှိပါဘူး၊ ဒါပေမယ့် တဖြည်းဖြည်း လွှမ်းမိုးလာတာကိုတော့ power balance လုပ်နိုင်ဖို့ လိုပါလိမ့်မယ်၊ စီးပွားရေးအရ သူတို့ကို အားကိုးရမှာ ဖြစ်ပေမယ့် လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ခင်ဗျားလိုမိတ်ဆွေမျိုးလည်း လိုအပ်ပါတယ်၊ အာဆီယံဥက္ကဋ္ဌ ရာထူးယူတယ်ဆိုတာကလည်း ဒီအကြောင်းအရင်း တစ်ချက် ပါဦးမယ်၊ တရုတ်ကို တန်ပြန်ဖို့ အာဆီယံနိုင်ငံတွေ စုပြီးတန်ပြန်ရမယ်ဗျ”

“ကျွန်တော့်အနေနဲ့ကလည်း တရုတ်ပြည်နဲ့ ထိပ်တိုင်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပါဘူး၊ ရုရှားကြီးနဲ့လည်း ဒီလိုပါပဲ၊ ခင်ဗျားတို့ရဲ့ ကပ္ပလီ ပင်လယ်ပြင်မှာ ကျုပ်တို့ဆီက လေယာဉ်တင်သင်္ဘောထားမယ်ဆိုရင် တရုတ်ပြည်က မျက်စိနောက်မှာကတော့ အသေချာပါပဲ၊ နိုင်ငံတကာ ဆက်ဆံရေးမှာ Realist approach ကနေကြည့်ရင်တော့ ကျွန်တော်တို့လည်း တရုတ်ကို တန်ပြန်အင်အားညှိဖို့ ကြိုးစားရမှာပါပဲ၊ ဒါပေမယ့် စစ်အေးခေတ် ပုံစံမျိုးနဲ့တော့ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ ကျွန်တော်တို့ စစ်ရေးအရ ပြန်လည်ဆက်ဆံတာမျိုးဟာ တရုတ်ကို ခြိမ်းခြောက်တဲ့ ပုံစံမျိုး သွားလုပ်လို့မဖြစ်ဘူး၊ ဒါပေမယ့် အမေရိကားအနေနဲ့ ခင်ဗျားတို့ကို တရုတ်ရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်”

“ ဆိုစမ်းပါဦးဗျ၊ ဘယ်လိုကိစ္စမျိုးတွေလဲ”

အိုဘားမားက ရေနွေးတကြိုက် ကြိုက်လိုက်သည်။ ဦးသိန်းစိန်က နောက်ထပ်ရေနွေးတစ်အိုးနှင့် အကြော်တစ်ပွဲ ထပ်မှာလိုက်သည်။ သူတို့နှစ်ဦးသည် အခြားစားပွဲဝိုင်းများနှင့်ဝေးသော သစ်ပင်အောက်ရှိ စားပွဲတစ်လုံးတွင် ထိုင်နေကြခြင်းဖြစ်၍ မည်သူကမျှ သူတို့ပြောစကားကို မကြားပေ။ ရန်ကုန်မြို့၏ ညနေခင်းသည် အုံ့ပျပျရှိနေသော ကောင်းကင်အောက်တွင် ဘတ်စ်ကားမှ စပါယ်ယာများ၏ ခေါ်သံများ၊ ပုရွက်ဆိတ်အုံလို လူတွေ ကျပ်ကျပ် ညပ်ညပ် တိုးဝှေ့နေခြင်းများ ဖြင့် ပုံမှန်အတိုင်း အသက်ဝင်လျက်ရှိသည်။

“Soft Power ဗျ” အိုဘားမားက ရေနွေးခွက်ကို စားပွဲပေါ်ပြန်ချရင်း ဦးသိန်းစိန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။

“ Soft Power” “ Soft Power” ဦးသိန်းစိန်က အိုဘားမားပြောသည့်အတိုင်း တစ်လုံးချင်း ရေရွတ်လိုက်သည်။

(ဆက်လက်ဖော်ပြပါမည်)
Yangon Chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.