Saturday, February 25, 2012

0 "ပြန်လည်ဆုံတွေ့ခြင်း - ပေါင်းစည်းမှု - ၁" - မြန်မာပြည်မှစာ
ရေးသူ-ဒေါ်အောင်ဆန်းစုကြည်


အန်တီစုရဲ့ကချင်မနောမြေ စည်းရုံးရေးခရီးစဉ်မြင်ကွင်း(Photo-Min kyaw khine)
၂၀၁၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါး(ဘာသာပြန်)
ဖေဖော်ဝါရီလကို နှစ်တနှစ်ရဲ့ အလွန်အကောင်းဆုံးလလို့ ကျွန်မ အမြဲတမ်းတွေးခဲ့ပါတယ်။ ကျွန်မရဲ့ဘခင်၊ ကျွန်မမိခင်ဘက်ကအဘိုး၊ အေဘရာဟင်လင်ကွန်း၊ ဂျော့ဝါရှင်တန်၊ ကျွန်မချစ်ခင် လေးစားရဆုံး အမျိုးသားကြီးများဟာ ဖေဖော်ဝါရီလမှာ မွေးဖွားခဲ့ကြတာပါ။ ဒါကြောင့် ကျွန်မငယ်စဉ် ကတည်းက ဖေဖော်ဝါရီလကို ကောင်းမြတ်ခြင်းနဲ့ သူရ သတ္တိရဲ့လ လို့ ရှုမြင်ခဲ့တာပါ။ ဖေဖော်ဝါရီလရဲ့ ကျက်သရေကို ထပ် လောင်းပေါင်းဖြည့်ပေးလိုက်တာကတော့ လင်ကွန်းရဲ့မွေးနေ့ဖြစ် တဲ့ ၁၂ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့နဲ့ တထပ်တည်းကျနေတာပါပဲ။ အဲဒီနေ့ကို နိုင်ငံရဲ့လွတ်လပ်ရေးအတွက် အားထုတ် ကြိုးပမ်းမှုတွေစုပေါင်းဆောင်ရွက်ရန် တိုင်းရင်းသားလူမျိုးစုများစွာအတွင်း သဘောတူညီချက်စာချုပ် တခုကိုလက်မှတ်ရေးထိုးခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မကြုံစဖူး ထူး ကဲတဲ့ နိုင်ငံရေးခြေလှမ်းတရပ်ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ရှမ်းပြည်ကရွာ ကလေးကိုအစွဲပြုမှည့်ခေါ်ခဲ့တဲ့ “ပင်လုံစာချုပ်”ဟာ ညီညွတ်ရေးအတွက် ပြီးပြည့်စုံတဲ့လုပ်နည်းပုံစံတခု မဟုတ်ခဲ့ပေမင့် ပြည်ထောင်စုစိတ်ဓါတ်ရဲ့ အနှစ်သာရအဖြစ်တော့ ကိုယ်စားပြုခဲ့ပါတယ်။

ဒီနှစ်ရဲ့ဖေဖော်ဝါရီလဟာ ကျွန်မရဲ့မြော်လင့်ချက်များကို မပျက်ပြယ်စေခဲ့ပါဘူး။ ကြားဖြတ်ရွေး ကောက်ပွဲအတွက် အဲန်အယ်လ်ဒီရဲ့စည်းရုံးလှုံ့ဆော်ရေးများကို ဇန္နဝါရီလအကုန်မှာ မြန်မာနိုင်ငံ တောင်ဘက်အမြီးဖျားရှိ ထားဝယ်မြို့တွင် မင်္ဂလာရှိရှိ နိမိတ်အကောင်းဆုံး ဆောင်ရွက်ခဲ့ရပါတယ်။

၂၃ နှစ်အတွင်း အဲဒီအရပ်ကို ပထမဆုံးသွားရောက်ခဲ့တာပါ။ ပျော်ရွှင်စရာလဲ ကောင်းခဲ့ပါတယ်။ တနင်္သာရီတိုင်းမှပြည်သူများရဲ့ ထောက်ခံအားပေးမှုဟာ အရေအတွက်အင်အားနဲ့ စိတ်ဓါတ်ခိုင်မာမှု မနိမ့်တာကိုတွေ့မြင်ရလို့ စိတ်အားတက်ကြွခဲ့ရပါတယ်။ ဖေဖော်ဝါရီရဲ့ပထမပတ်အတွင်းမှာ ကျွန်မတို့ ပါတီရဲ့စည်းရုံးလှုံ့ဆော်ရေးဟာ ဟန့်တားမှုအနည်းငယ် ရှိလင့်ကစား သင့်တင့်တဲ့အရှိန်အဟုန်ရလာ ခဲ့ပါတယ်။ လူထုစုရုံးမှုအတွက်သင့်တင့်တဲ့နေရာအခက်အခဲများကြောင့် မန္တလေးကိုသွားဘို့ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမင့် ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိန်မြို့နဲ့ ကျွန်မမိခင်ရဲ့မွေးရပ် မြေဖြစ်တဲ့ မြောင်းမြမြို့တွေကိုတော့ စီစဉ်ထားတဲ့အတိုင်း သွားဖြစ်ခဲ့ပါတယ်။

ရန်ုကန်မြို့ကနေ နံနက်စောစော ကျွန်မတို့ စတင်ထွက်လာခဲ့ပါတယ်။ လမ်းတလျှောက်ရွာတွေက အားပေးထောက်ခံသူအများအပြားဟာ အဲန်အယ်လ်ဒီ အလံငယ်လေးများဝှေ့ရမ်းရင်း ပန်းများနဲ့ မျိုးကွဲ လက်ဆောင်များပေးခြင်းများဖြင့် နှုတ်ဆက်နေကြတဲ့အတွက် ခရီးပင့် နှေးကွေးစေခဲ့ပါတယ်။ လက် ဆောင်တွေအထဲမှာ ရိုးရာဆေးရေးပုသိန်ထီးများပါတဲ့အတွက် နေ့လည်ပိုင်းမှာ အသုံးဝင်ခဲ့ပါတယ်။ ပုသိန်ကိုရောက်တော့ သတ်မှတ်ချိန်ထက်နောက်ကျနေခဲ့ပါတယ်။ နေကလဲ အတော်ကိုပူနေပါပြီ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးက ထိုနေ့တွင်ကျောင်းတက်ရက်မပျက်ကွက်ရန်၊ အရပ်ဘက်ဝန်ထမ်းများကို လဲ ခွင့်မယူရန်၊ ပုသိန်ကောလိပ်မှကျောင်းသားများကိုလဲ ထိုနေ့တွင် စာမေးပွဲငယ်တခုကျင်းပကာ မပျက်မကွက်ဖြေဆိုရန်နဲ့ ပျက်ကွက်ပါက အတန်းတင်စာမေးပွဲကိုဖြေဆိုခွင့်မရှိဟူ၍ အမိန့်ထုတ်ပြန် လိုက်ပါတယ်။ ဒီလိုဆောင်ရွက်ချက်များဟာ ကျောင်းသားလူငယ်များနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ကျောင်းများအတွင်းမှာသာရှိနေစေဘို့နဲ့၊ ကျောင်းသားကျောင်းသူများနဲ့ အရပ် ဘက်ဝန်ထမ်းများ အဲန်အယ်လ်ဒီကို သူတို့ရဲ့ထောက်ခံအားပေးမှုကို ထွက်ကာဖော်ထုတ်မပြနိုင် အောင် တွက်ချက် လုပ်ကိုင်ထားကြောင်း ပေါ်လွင်လျက်ရှိနေပါတယ်။ ဒါပေမင့် ကျွန်မတို့ပါတီကို လာရောက်နှုတ်ဆက်တဲ့လူအုပ်ထဲမှာ လူငယ်အတော်များများ အင်အားပြ ပါဝင်တာတွေ့ရပါတယ်။ လူထုဟောပြောပွဲပြုလုပ်မဲ့ ဘောလုံးကွင်းကိုသွားတဲ့အခါမှာလဲ မော်တော်ဆိုင်ကယ်တန်းကြီးဟာ ကျွန်မတို့နဲ့အတူပါလာပါတယ်။ မြောင်းမြအသွား ဖုံထူတဲ့လမ်းတလျှောက်လုံးလဲ မော်တော်ဆိုင်ကယ် တော်တော်များများဟာ ကျွန်မတို့ကို အဖော်ပြုလိုက်ပါခဲ့ကြပါတယ်။ အဆိုးရွားဆုံးဆင်းရဲတွင်းမှာ နစ် မြုပ်နေကြတဲ့ ရွာသိမ်ရွာငယ်လေးများစွာကို ကျွန်မတို့ဖြတ်ခဲ့ကြပါတယ်။ ပြင်းပြတဲ့နေရောင်နဲ့ ဖုံထူထူ ကြားထဲက အားကိုးတကြီးနဲ့ ဝင်းလဲ့တောက်ပတဲ့အပြုံးများနဲ့ ဌာနေတို့ရဲ့ အားတက်သရောကြွေးကြော် ခေါ်ယူနှုတ်ဆက်သံများက အသည်းခိုက်စရာပါပဲ။ လုံခြုံစိတ်ချရတဲ့ဝန်းကျင်မှာ လိုက်လျောညီထွေရှိ တဲ့ လူနေမှုအဆင့်အတန်းကို ကျွန်မတို့ရဲ့ ပြည်သူလူထုတို့ရရှိဘို့ ကူညီရေးအတွက် ကျွန်မတို့ အစွမ်း ကုန်ကြိုးပမ်းကြရမယ်ဆိုတဲ့ ကျွန်မတို့တာဝန်ကြိးကို အိမ်ကိုသယ်ယူဆောင်ကြဉ်းခဲ့ရပါတယ်။ မြော် လင့်ထားခဲ့တဲ့အတိုင်း မြောင်းမြလူထုဟာ ကျွန်မကို ကြာရှည်စွာ ကွဲကွာနေတဲ့ မိသားစုဝင်တ ယောက်လို ကြိုဆိုခဲ့ကြပါတယ်။ မြို့နယ်ရဲ့ ရာနှုန်းများများဟာ ကရင်လူမျိုးများဖြစ်ကြပါတယ်။ သူတို့ အတော်များများဟာ ကျွန်မတို့ရဲ့ လူထုစည်းဝေးပွဲကို အရေအတွက်များစွာပါဝင်ခဲ့ကြပါတယ်။ အထူး သဖြင့် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းဟာ အများကြည်ညိုလေးစားတဲ့ ကရင်ကျောင်းဆရာတဦး ဖြစ်နေလို့ပါပဲ။ ရောင်စုံဝတ်စုံများဟာ ပျော်ရွှင်မြူးကြွခြင်းအာရုံကို ပိုမိုစေပါတယ်။ မွန်းတည့်နေဟာ ကြင်နာခြင်းကင်းစွာ ကျွန်မတို့အပေါ်ကျရောက်နေတဲ့ကြားထဲက သူတို့ရဲ့အားတက်သရောရှိနေခြင်းနဲ့ စိတ်ဓါတ်တက်ကြွခြင်းတို့ဟာ မြင့်မားနေဆဲဖြစ်ပါတယ်။

အများသုံးတဲ့ မြန်မာစကားတခုဟာ ရေရဲ့အစက်များလို့ အဓိပ္ပါယ်ရတဲ့ “ရေစက်”ဖြစ်ပါတယ်။ “ဒါဟာ ရေစက်ပဲ” ဒါမှမဟုတ် “ဒါဟာ ရေစက်ကြောင့် ဆုံတွေ့ရတာပဲ”လို့ တယောက်ကိုတယောက် ပြောခဲ့ ရင် အဓိပ္ပါယ်ကတော့ ကျွန်မတို့ချင်းမှာ ကောင်းမွန်တဲ့ကံကြမ္မာနှောင်ဖွဲ့မှုကြောင့် အတူတကွ ပြန်လည် တွေ့ဆုံရတာလို့ ဆိုလိုပါတယ်။ ရိုးရာအနေနဲ့ အလှူတခုပြုလုပ်ပြီးတဲ့အခါမှာ ရေခွက်တခုမှရေအချို့ကို ခွက်တခုအတွင်းသို့ တစက်ခြင်း ချပြီး နောက်တော့ အဲဒီရေများကို ကျွန်မတို့ရဲ့ ကောင်းမှုကုသိုလ်ကို သက်သေပြုမဲ့ မြေကြီးထဲသို့ သွန်ချလိုက်ပါတယ်။ ဒီအလုပ်ရဲ့ကောင်းမှုကုသိုလ်ကို မျှဝေခံစားချိန်မှာ အတူရှိနေကြတဲ့သူများဟာ သံသရာခရီးမှာ “ရေစက်”ရဲ့ ဖွဲ့နှောင်မှုကြောင့် တဖန်ပြန်လည် ဆုံတွေ့ ကြရပါတယ်။

ဖေဖော်ဝါရီ ဒုတိယပတ်ကတော့ ကရင်ပြည်သူများနဲ့ကျွန်မအတွက် “ရေစက်”အချိန်ပဲဖြစ်ပါတယ်။ အဲ ဒီလရဲ့ ၇ ရက်မှာတော့ ကရင်ပြည်သူများကို ကျွန်မမိခင်ရဲ့ဇာတိမြို့မှာ တွေ့ဆုံခဲ့ရပါတယ်။ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဘို့ရောက်ရှိခဲ့တဲ့ ကရင့်အမျိုးသားတပ်ပေါင်းစု/က ရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့ကို ကျွန်မရဲ့အိမ်မှာတွေ့ဆုံ ဧည့်ခံ ခဲ့ပါတယ်။ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ရန်ကုန်မှာ ကျွန်မနဲ့တွေ့နိုင်ဘို့ ကရင့်အမျိုး သားတပ်ပေါင်းစု/ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ဗဟိုဌာနချုပ်မှ စာကို လက်ခံရရှိ ချိန်မှာ မယုံနိုင်လောက်အောင်ကို ဖြစ်မိရပါတယ်။ နှစ်ပေါင်း နှစ်ပေါင်းများစွာ ပြည်ထောင်စုရဲ့ ငြိမ်းချမ်း ရေးနဲ့ စည်ပင်သာယာဝပြောရေးအတွက် ကျွန်မတို့ ရဲ့အောင်ပွဲအတွင်း မိတ်ဆွေများနဲ့ ရဲဘော်ရဲဘက် များလို့ထင်မှတ်ထားခဲ့ရသူများနဲ့ တွေ့ဆုံရတဲ့ အခွင့်အရေးကို နောက်ဆုံးမတော့ ရရှိလိုက်ရပါတယ်။ အဲဒိနှစ်ပေါင်းများစွာအတွင်းမှာတော့ ပထဝီအနေအထားအရဖြစ်စေ၊ နိုင်ငံရေးအခြေအနေများအရဖြစ် စေ သူတို့နဲ့ အနေဝေးအလှမ်းကွာနေခဲ့ကြပါတယ်။ အင်အားပြည့်ကိုယ်စားလှယ် ၁၄ ယောက်အဖွဲ့ ရောက်ရှိလာတဲ့အချိန်တိုအတွင်းမှာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားများကြားမှာ မလိုလားအပ်တဲ့အတား အဆီးများကိုဖန်တီးပေးထားတဲ့ အခြေအနေများကြောင့် ကျွန်မတို့ရဲ့ စိတ်နှလုံးတွေဟာ မဝေးကွာကြ တော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်

မိုအိနိချိသတင်းစာ၊ ဂျပန်။ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၂

(၂၀၁၂ ဖေဖေဖ်ာဝါရီ ၂၄ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ REUNION, Union-1 ဆောင်းပါးကို ဘာသာပြန်ဆိုပါတယ်။)

မောင်မောင်လှကြိုင်
http://mdn.mainichi.jp/perspectives/news/20120224p2a00m0na001000c.html
၂၀၁၂-၀၂-၂၅

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.