Photo..AP.Reutersဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့ အိုးတန်းဘောလုံးကွင်းတွင် ပြောကြားသည့်  မိန့်ခွန်းအပြည့်အစုံ အသံဖိုင် (dvb)ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့တွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက် ကျွန်မတို့ရောက်လာတာ အင်မတန်မှနောက်ကျပါတယ်။ ရန်ကုန်က လေယာဉ်ပျံထွက်တာနောက်ကျလို့ဖြစ်သွားတာပါ။ နောက်ကျပေမယ့်လည်း လာရကျိုး အများကြီးနပ်ပါတယ်။ ကျွန်မက မြို့သူမြို့သားတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ (ဟေးးး)နမ္မတီး-မိုးကောင်းလမ်းမှာ ကလေးလေးတွေ တော်တ်ာများတာပဲ။ လူကြီးတွေ ဘယ်ရောက်နေမှန်းတောင်မသိဘူး။ (ရယ်သံများ)နောက်မျိုးဆက်သစ်တွေက တက်တက်ကြွကြွရှိနေတယ်ဆိုတော့ ကျွန်မတို့ အင်မတန်မှအားတက်ပါတယ်။ ကျွန်မတို့ပါတီက စပြီးထူထောင်ကတည်းက လူကြီးလူငယ် လူလတ်မရွေး အားလုံးရဲ့အင်အားတွေကို စုပြီးတော့ ဒီမိုကရေစီရဖို့လုပ်ခဲ့ကြတာပါ။ အဓိကအားဖြင့်တော့ ဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ဖို့ ကျွန်မတို့ ကြိုးစားနေတာဖြစ်ပါတယ်။ အခုကျွန်မတို့ ကချင်ပြည်နယ်မှာဆိုရင် ဒီမိုကရေစီပြည်ထောင်စုရဲ့ တန်ဖိုးဘယ်လောက်ကြီးသလဲဆိုတာ လူတွေနားလည်ကြပြီထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ တစ်ကယ်ပဲ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်တယ်။ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ပြည်သူတွေရဲ့ စစ်မှန်တဲ့ပြည်ထောင်စု ဖြစ်တယ်ဆိုလို့ရှိရင် ကျွန်မတို့မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရှိမှာပါ။အခုကချင်ပြည်နယ်မှာ မငြိမ်းမချမ်းဖြစ်နေရတာဟာ ကချင်ပြည်နယ်တင်မက ကျွန်မတို့ တစ်နိုင်ငံလုံးအတွက် အင်မတန်မှ ၀မ်းနည်းကျေကွဲစရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နိုင်ငံကို ကိုယ်ခန္ဓာကြီးတစ်ခုလို့ပဲ စဉ်းစားရမယ်။ တစ်နေရာကနာနေလို့ရှိရင် နောက်တစ်နေရာကလည်းခံရတာပဲ။ လက်ညှိုးလေးနာရင် လည်း သိတာပဲ။ ခေါင်းနာနေရင်လည်းသိတာပဲ၊ ခါးနာနေရင်လည်းသိတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ပေါင်းတစ်စည်းထဲဖြစ်လို့။ ကျွန်မတို့တွေ တစ်ပေါင်းတစ်စည်းထဲဖြစ်တဲ့နိုင်ငံမို့လို့ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို တက်ညီလက်ညီလုပ်သွားဖို့လိုပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲတွေကို ပါဝင်ပြီးဆင်နွဲတဲ့အခါမှာ အဓိက ကိစ္စသုံးခုကိုရှေ့တန်းထားပါတယ်။ အဲဒီသုံးခုကဘာလဲဆိုတော့ ပထမကတော့ တရားဥပဒေစိုးမိုးရေး။ တရားဥပဒေစိုးမိုးရေးကို ဘာဖြစ်လို့ကျွန်မတို့တွေ အလေးထားရလဲဆိုတော့ မိုးကောင်းမြို့နယ် နယ်သားများအများကြီးနားလည်မှာပါ။ ဥပမာဆို လို့ရှိရင် မိုးကောင်းမှာဆိုရင် မိုးကောင်းတင်မကပါဘူး။ ဒီတစ်ဘက်လုံးမှာ လယ်မြေတွေ ယာမြေတွေကို မတရားသဖြင့် ၀ယ်ယူခဲ့တာ၊ သိမ်းဆည်းခဲ့တာဟာ ဒါဟာဥပဒေစိုးမိုးရေးမရှိခဲ့လို့။ (ဟေးးးးး)ဥပဒေစိုးမိုးရေးရှိလို့ရှိရင် ကိုယ့်လယ်ယာပဲဖြစ်ဖြစ်၊ မြေကွက်ကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့အိမ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်တဲ့ပစ္စည်းကို ဥပဒေလက်မဲ့ဘယ်သူမှ မတရားသိမ်းလို့မရဘူး။ ဒါဟာ တရားဥပဒေစိုးမိုးရေးပဲဖြစ်တယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖြစ်တယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်အောင်လို့ ပြောချင်ပါတယ်။ တရားဥပဒေဆိုတာ ပြည်သူတွေကိုကာကွယ်ဖို့ ဖြစ်အောင်လို့ ကျွန်မတို့ကြိုးစားနေတာပါ။ တရားဥပဒေစိုးမိုးရေးဆိုတာ ဒါပါပဲ။ တရားဥပဒေစိုးမိုးရေးဆိုတာ တရားဥပဒေကို ကိုင်ပြီးတော့ ပြည်သူတွေကို စိုးမိုးဖို့မဟုတ်ဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဥပဒေက စိုးမိုးဖို့ဖြစ်ပါတယ်။ (ဟေးးးးး) ဒါကြောင့် ကျွန်မတို့ဟာတရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်တာဖြစ်ပါတယ်။ နောက်ဒုတိယတစ်ခုက ထူးထူးထွေထွေ ထောက်ပြနေစရာမလိုပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ ကျွန်မတို့နိုင်ငံအတွက် တစ်ကယ့်ကိုလိုအပ်တယ်ဆိုတာ ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည်မယ်လို့ထင်ပါတယ်။ (ဟေးးးး)ကျွန်မတို့ပြည်သူပြည်သားတွေတိုးတက်ဖို့ဆိုတာ လုပ်စရာတွေအများကြီးပါပဲ။ ကျွန်မက လွယ်လွယ်နဲ့အဆင်ပြေသွားမယ်လို့ ကတိမပေးပါဘူး။ ဒါဆိုရင် ပြည်သူကိုစော်ကားရာရောက်ပါတယ်။ လွယ်လွယ်ကတိပေးတာ၊ စိတ်ထဲကမပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်လို့ပြောတာ ပြည်သူကိုေ စ်ာကားရာကျပါတယ်။ မဲလိုချင်တာကတော့ အမှန်ပဲ။ ဒေါ်ခင်ကြည်ကို မဲပေးကြပါလို့ ဆော်သြမှာ အမှန်ပါပဲ။ မဲတောင်းတဲ့နေရာမှာ ကျွန်မ ရိုးရိုးသားသား၊ ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်နဲ့ တောင်းခံတာပါ။ မဲတောင်းတယ်ဆိုတာ ပြည်သူလူထုအတွက် အမှန်တစ်ကယ်လုပ်ပေးနိုင်ဖို့ အခွင့်အရေးတောင်းတာပဲဖြစ်တယ်။ အခွင့်အရေးဆိုတာကလည်း ခုချိန်ထိ မစဉ်းစားသေးဘူး။ လွှတ်တော်ထဲမှာ လစ်လပ်တဲ့နေရာ ၄၈နေရာပဲရှိတယ်။ ၄၈နေရာမှာအောင်နိုင်ဖို့ ကျွန်မတို့ အင်မတန်ကြိုးစားရပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီတခုအဖြစ် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားလို့ရပြီဆိုတာ အခုဆို နှစ်လလောက်ပဲရှိပါသေးတယ်။ အဲဒီ နှစ်လလောက်ထဲမှာ ကျွန်မတို့ရဲ့ပါတီကို ဦးမော့လာပြီးတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် အလုပ်တွေဦးဆောင်ခဲ့ရတာ အင်မတန်မှခက်ခဲပါတယ်၊ ပင်ပန်းပါတယ်။ ပြည်သူရဲ့ထောက်ခံမှုအနေနဲ့ ဒီအခြေအနေကို ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်မက ပြည်သူတွေကို အခွင့်အရေးတောင်းတာပါ။ မဲပေးပါဆိုတာ ကျွန်မတို့ကို အခွင့်အရေးပေးပါလို့။ ကျွန်မတို့တွေ စပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စပြီးတော့ ခြေတစ်လှမ်း လှမ်းပါရစေလို့။ နောက်တစ်လှမ်းလို့ပြောတော့ ရှေ့တစ်လှမ်းကရောလို့ မေးဖွယ်ရှိပါတယ်။ ရှေ့တစ်လှမ်းက အနှစ်နှစ်ဆယ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးဖြစ်ပါတယ်။ကျွန်မတို့က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတာ ခုကလေးတွေပါခဲ့ရင်သိမယ်။ လူကြီးတွေလည်းသိမယ်။ ၁၉၉၀ဆိုတာ၂၂နှစ်ရှိသွားပြီ။ လူငယ်တွေ၊ ကလေးတွေ၊ အများက မမွေးသေးဘူး။ ၁၉၉၀တုန်းက ရွေးကောက်ပွဲကိုသိမှာ မဟုတ်ဘူး။ ၉၀ရွေးကောက်ပွဲက ဘာကအရေးကြီးသလဲဆိုတော့ အဲဒီရွေးကောက်ပွဲမှာ ဒီမို ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၉ တုန်းက ဖွဲ့စည်းပြီးတော့ ပထမဦးဆုံး ရွေးကောက်ပွဲဝင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ပါတီတွေလည်း အများကြီးဝင်ရောက်ကြပါတယ်။ ဒီမိုကရေစီရှိတဲ့ရွေးကောက်ပွဲကို ၀င်လာတဲ့ပါတီတွေလည်း အများကြီးရှိပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်ပါတယ်။ ၈၀ရာနှုန်းကျော် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။ လွှတ်တော်အတွင်း မရောက်ရှိခဲ့သော်လည်း အဖွဲ့ချုပ်က ဘယ်တော့မှအားမလျော့ခဲ့ပါဘူး။ ကျွန်မတို့တွေရဲ့ မူဝါဒတွေကိုလည်း လက်မလွှတ်ခဲ့ဘူး။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရဖို့အတွက် ကျွန်မတို့ဆက်လုပ်သွားပါမယ်။ အကြမ်းမဖက်တဲ့နည်းနဲ့လုပ်တယ်ဆိုတာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ အင်မတန်မှခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့နည်းက စွန့်စားရတယ်၊ ခံရဲရတယ်။ ကျွန်မတို့က ခွင့်လွှတ်ခဲ့တယ်၊ ခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ အကုန်လုံးမှန်ခဲ့လားဆိုတော့လည်း မပြောနိုင်ပါဘူး။ ပါတီ၊ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ မှားတာတွေလည်းရှိ။ ဒါပေမဲ့ ကျွန်မတို့ရဲ့အားနည်းချက်အမှားတွေအပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ ခုအချိန်မှာ အများပြည်သူကထောက်ခံတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ဆက်ပြီးရပ်တည်နိုင်တာပါ။အဲဒီလိုတည်ရှိနိုင်လို့လည်း ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြီးတော့ ပြည်သူတွေရဲ့တာဝန်တွေကို ပိုပြီးတော့ ထိထိရောက်ရောက် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။မိုးကောင်းမြို့နယ်အတွက် ရွေးချယ်တဲ့ကိုယ်စားလှယ်ကို ရွေးချယ်ပုံရွေးချယ်နည်း ရှင်းပြစရာရှိပါတယ်။ ပြည်သူတွေကို သတိပေးချင်ပါတယ်။ ဘယ်ပါတီနိုင်ငံရေးပဲဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် လာပြီးတော့စည်းရုံးလို့ရှိရင် ပြည်သူတွေဟာ မေးခွန်းမေးပိုင်ခွင့်ရှိတယ်။ မေးခွန်းတွေ ခေါင်းထဲမှာရှိရင် မေးပိုင်ခွင့်ရှိတယ်။ လူအုပ်ကြီးထဲမှာ တစ်ဦးချင်း မေးဖို့အခွင့်အရေးမရှိဘူး။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုလိုချင်တယ်။ ဘာလို့လိုချင်သလဲဆိုတာကို ရှင်းပြရမယ်။ ကျွန်မတို့က ဒေါ်ခင်ကြည်ကို မိုးကောင်းမှာ ကိုယ်စားလယ်လောင်းအဖြစ်နဲ့ ဘာကြောင့်ရွေးချယ်ရလဲဆိုတော့ အဖွဲ့ချုပ်မှာ အခြေခံမူတွေရှိပါတယ်။ ကိုယ်စားလှယ်တွေက ပြည်သူတွေလေးစားနိုင်လောက်အောင် ရှိရမယ်။ ကိုယ်ကျင့်တရားလည်း ကောင်းရမယ်။ ပြည်သူတွေလေးစားမှ ကျွန်မတို့ကိုယ်စားလှယ်တွေ ရွေးချယ်ခံရမယ်ဆိုတာ သိပြီးသားပါ။ အဖွဲ့ချုပ်ထဲမှာဆိုရင် သိက္ခာရှိရှိနဲ့ လျှောက်ခဲ့တဲ့လူတွေ အများကြီးရှိပါတယ်။ အဲဒီအထဲက ၄၈ယောက်ကို ဘယ်လိုရွေးမလဲလို့ ကျွန်မတို့စဉ်းစားရပါတယ်။ ပထမအချက် ပြည်သူတွေရဲ့ကိုယ်စားလှယ်တွေက လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိရမယ်။ အဲဒီလို အရည်အချင်းတွေက ဘာတွေလည်းဆိုရင် အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်း၊ အဲဒီအထဲမှာ တစ်ခု အနည်းဆုံး ပိုင်ပိုင်နိုင်နိုင်ရှိရမယ်။ မဟုတ်ဘူးဆိုရင် ပြည်သူတွေရဲ့တာဝန်တွေ ၀တ္တရားတွေကို ဘယ်လုပ်နိုင်မလဲ။ စေတနာရှိလို့လည်း မပြီးသေးဘူး၊ အလုပ် လုပ်တတ်ကိုင်တတ်မှ ဖြစ်မှာပါ။ စေတနာလည်းရှိပြီး လုပ်တတ်ကိုင်တတ်ရင် အကောင်းဆုံးပဲ။(Yangon press international)
ကားဘေးက တွယ်ပြီး ထီးလိုက်မိုးနေတဲ့မြင်ကွင်းက တမျိုးကြီး ခံစားရပါတယ်။ နေအရမ်းပူတာလဲမှန်ပါတယ်။ အန်တီစုကတော့ ဒီလိုမျိုး တသက်လုံး လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒီထက် ကောင်းမဲ့ နည်းလမ်းလေး စဉ်းစားကြပါ။
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်
ပို့စ်အသစ်များ အီးမေးမှ ဖတ်လိုလျင် အီးမေးလ်လိပ်စာဖြည့်ပါ။
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.
ကားဘေးက တွယ်ပြီး ထီးလိုက်မိုးနေတဲ့မြင်ကွင်းက တမျိုးကြီး ခံစားရပါတယ်။ နေအရမ်းပူတာလဲမှန်ပါတယ်။ အန်တီစုကတော့ ဒီလိုမျိုး တသက်လုံး လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒီထက် ကောင်းမဲ့ နည်းလမ်းလေး စဉ်းစားကြပါ။
ReplyDelete