Saturday, March 17, 2012

0 အမှတ်တရ မတ်လတံတားနီ(ကိုမိုးမောင်မောင်)

(၁၆)
ကွန်ဗိုကေးရှင်းကြီးကိုသတိရတယ်။စာရွက်အပိုင်းလေးတွေ ၊ထမင်းစေ့ လေးတွေကို သတိရတယ်၊ လှမျိုးနောင်၊ ဇော်မင်း၊ဌေးကြွယ်တို့ ကိုသတိရတယ်ကျောင်းသားတွေသူတို့ ကိုမချီ ပြီး ကျောင်းဝင်းတပတ် လှည့်လည်ကြပုံ ကိုသတိရတယ်၊၊အီကိုဆောင် ဂိတ်ပေါက်ကို သတိရတယ်။ ခင်မောင်၇ီ(ခ)တင်အေး၊ အိတ်ခ်ျယင်းမာ၊ညိုထွန်း ။ ညွန့် ဝင်းတို့ ကို သတိရတယ်၊ရေအိုးကြီးတလုံးရင်မှာပိုက်ပြီး ပြေးထွက်လာတဲ့ ခရမ်းပြာ လက်ဘက်ရည်ဆိုင်ဘေးက ငရုတ်ဆီချက်တဲ့အိမ်ပိုင်ရှင်ကယားသူဌေးမကြီးကိုသတိရတယ်
ကမ္ဘာမကျေ မြန်မာပြည် သီချင်းကိုသတိရတယ်၊မင်္ဂလာပါ ပြန်မထွင်းရသေးလို့ မြေစိုင်ခဲတွေ ပွထနေတဲ့ အင်းယားကန်ဘောင်ရိုးကိုသတိရတယ်၊

ဖွေးဖွေးဖြူတဲ့တံတားသေးသေးလေးကိုသတိရတယ်၊မြေစာရင်းဦးစီးဌာနနဲ့ သံဆူးကြိုးတန်းတွေကို သတိရတယ်၊ကုလသမဂ္ဂသို့ တင်ပြမည့် ကျောင်းသားထု၏နစ်နာချက် ၁၄ ချက်ဆိုတဲ့ ဗလာစာရွက် ပိုင်းလေးကိုသတိရတယ်၊ဝါးလုံးပိုင်းကို ဓါးနဲ့ ၂ချမ်းခွဲလိုက်သလို မာလာဆောင်ရှေ့ ကနေ ကန်ဘောင်ဘက် ကို တခြမ်း၊ခရမ်းပြာဘက်ကိုတခြမ်း သပ်သပ်ရပ်ရပ် ကွဲထွက်သွား တဲ့ပြာမွဲမွဲယူနီဖေါင်းအုပ်ကြီးကိုသတိရတယ်၊

အဲဒီ၂အုပ်ကြားကနေ လီဗာကုန်နင်းပြီးမောင်းထွက်လာတဲ့မျက်ရည်ယိုဗုံးကို ကားခေါင်မိုးကနေ ဒလက်နဲ့ ပြစ်လို့ ရတဲ့ကားပြာကြီးတွေကို သတိရတယ်၊သံဆူးကြိုးတန်းအေ၇ာက်မှာကားကို ဂငယ်ကွဲဆွဲကွေ့ လိုက်ပုံ၊ ခိုလိုက်လာတဲ့ ပြာမွဲမွဲကောင်က တမဟုတ်ချင်းခုန်ဆင်းပြီး အနီးဆုံးညီတစ်ယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ်ငါ့ကိုယ်ထဲက သွေး၆ပုလင်းကိုရိုက်ခွဲလိုက်တာကိုသတိရတယ်၊အင်းယားကန်ဘောင်ရိုးနဲ့ မာတင်ရိပ်သာလမ်းကြားကို သူရူးတယောက်လိုခေါက်တုံ့ ခေါက်ပြန်ပြေးပြီးပြာမွဲမွဲကောင်တွေကိုမြေစိုင်ခဲတွေနဲ့ တလစပ်လိုက်ပစ်နေမိတဲ့ ကဗျာဆ၇ာသိတ်ဖြစ်ချင်တဲကောင်လေးတယောက်ကိုသတိရတယ်၊ခြံလေးတခုထဲက မန်ကျဉ်းပင် ရိပ် အောက်မှာကွပ်ပျစ်လေးခင်းပြီးလသာသာညတွေမှာ ရေနွေးကြမ်းနဲ့ ငါးရံ ခြောက်ဖုတ်ဆီဆမ်းလေးစားပြီးမိန်းမကိုကဗျာတွေရွတ်ပြချင်တဲ့ အိပ်မက်လေး ကျိုးကျေ သွားတာ ကိုသတိရတယ်၊
ကြောက်လန့် တကြားနဲ့ ရေထဲကကနေကန်ဘောင်ဘက်ကိုပြန်ကူးလာတဲ့ ညီတယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက်သို့ မဟုတ်ငါ့ကိုယ်ထဲ က သွေးခြောက်ပုလင်းကို ပြာမွဲမွဲကောင်တကောင်ကဆွဲမတင်လိုက်ပုံ ပြီးတော့မှနဖူးကိုရိုက်ချလိုက်ပုံကို သတိရတယ်၊၃ပဲသားတမတ်သားဆွဲကြိုးလေးတွေနဲ့ ညီမတယောက်သို့ မဟုတ်အစ်မတယောက် ရဲ့ ဖူးသစ်စရင်သားတွေပေါ်မှာစော်ကားကျူးကျော်ခဲ့ တဲ့ ပြာမွဲမွဲကောင်တွေရဲ့ လက်သရမ်းတွေကိုသတိရတယ်၊
မာတင်ရိပ်သာလမ်းကြားကတိုက်ကြီးတလုံးကိုသတိရတယ်၊ကြောက်ကြောက်လန့် လန့် နဲ့ မလွယ်ပေါက် တံခါးလေးဖွင့် ထားတဲ့ အကြောင်းလာပြောတဲ့အိမ်ဖေါ်မလေးတယောက်ရဲ့ မျက်နှာကို သတိရတယ်၊

ညီတယောက်သို့ မဟုတ် အကိုတယောက် ငယ်ငယ်ကရေချမ်းစင်လုပ်တမ်းကစားသလိုလက်ချင်းယှက်ပြီး ညီမတယောက်သို့ မဟုတ်အစ်မတယောက်ကိုအုတ်တံတိုင်းတဖက်ကို ကျော်နိုင်အောင် ကူညီနေကြပုံ ကိုသတိရတယ်၊ရေစင်ကြီးအောက်ကဖါးလောင်းလေးတွေကူးနေပြီးရေညှိတွေနဲ့ ချွဲနေတဲ့  အုတ်ကန်လေး ထဲကရေတွေကို မောနေတဲ့ ညီတယောက်သို့ မဟုတ်အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ် ငါ့ ရင်ထဲကသွေးခြောက်ပုလင်းကို လက်ခုပ်လေးတွေနဲ့ ခံလို့ အပြန်အလှန်တိုက်နေကြပုံကိုသတိရတယ်၊

ဒီကောင်တွေကိုလက်စားချေရမယ်ကွဆိုပြီး ထော့ကျိုးထော့ကျိုးနဲ့ အင်းစိန်လမ်းမဘက်ကို ဦးဆောင်ထွက် သွားတဲ့ အောင်သူကိုသတိရတယ်၊

မျက်ရည်တွေနဲ့ နာနာကျဉ်းကျဉ်းရှိုက်ကြီးတငင်ငိုရင်းအောင်သူနောက်ကို ပြေးလိုက်သွားတဲ့ မင်းသူကို သတိရတယ်၊ဒေါသတွေနဲ့ အံကြိတ် တက်ခေါက်နေတဲ့ ကိုလင်း(ခ)ရွက်နုသစ်ကို သတိရတယ်၊ ရှေးဟောင်းသုတေသနဌာနဝင်းထဲက ကဗျာဆရာကိုဂျက်ရဲ့ တစ်ထပ်တိုက်ပုလေးကို သတိရတယ်၊

ညနေခြောက်နာရီကျော်မှာတိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပြည်လမ်းမကြီးအတိုင်း၈မိုင်ဘက်ကို ခံစားချက်မဲ့ လျောက်ပြန်လာခဲ့ ပုံ၊အာစီတူး အဝက အင်းယားလေးကန်နဲ့ စကားပြောခဲ့ပုံ အေဒီလမ်းထိပ်မှာ စစ်သား၂ယောက်ပျင်း၇ိပျင်းတွဲရပ်နေပုံကိုသတိရတယ်၊ငါတို့ အဖမ်းမခံရရင် နောက်နေ့  မနက် ရ နာရီမှာ သိပ္ပံကင်တင်းမှာတွေ့ မယ်ဆိုတဲ့ ကတိစကားကိုသတိရတယ်၊
(၁၇)
လိုင်ဘရီရှေ့ ကကံ့ကော်ပင်အောက်ကအုတ်ခုံလေးကိုသတိရတယ် ၊၈နာရီလောက်မှာ သွေးတွေပြန်လည် ပေါင်းစုံ လာကြပုံကိုသတိရတယ်၊သားရေဂျာကင်အနက်ကို ကံ့ကော်ပင်ကိုင်းတခုပေါ်ဟန်ပါပါပစ်တင်ရင်း အဓိပတိလမ်းနဲ့ လိုင်ဘရီအဝင်ဝ အုတ်ခုံလေးပေါ်ကနေ စကားပြောနေတဲ့ဇော်မင်းကိုသတိရတယ်၊

နယ်မြေ စည်းကမ်းထီမ်းသိမ်းရေး က ကုလားတယောက်ကို ထောက်လှမ်းရေးဆိုပြီး စဖမ်းတာ၊ ရယ်ရယ် မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လွှတ်ပေးလိုက်တာ သတိရတယ်၊ ကျောင်းသားများအပန်းဖြေ ရိပ်သာ အဝင်ဝကွန်ကရစ် အမိုးကြီး နဲ့ အောက်က နယ်မြေရုံးခန်းလေးကိုသတိရတယ်၊

ဆရာတွေဆရာမတွေရောက်လာပြီးတားမြစ်ပုံ၊ ညီတယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းရဲ့ ခံစားရပုံတွေကိုသတိရတယ်၊ ဆရာဆရာမတွေကိုထိုင်ကန်တော့ပြီး ခဲတွေနဲ့ ပေါက်မလိုရွယ်လိုက်တော့မှ အဓိပတိလမ်းဟိုဘက်ထိဆုတ်သွားပြီးသစ်ပုတ်ပင်ကြီးကနေ ဝမ်းနည်းကြေကွဲ စိုးရိမ်ခြင်းများစွာနဲ့ ရပ်ငေးနေကြရှာတဲ့တို့ ကျေးဇူးရှင်တွေရဲ့ မျက်နှာတွေကို သတိရတယ်။

သတင်းနှင့်ပြန်ကြားေ၇းကော်မီတီ၊လုံခြုံရေးကော်မီတီ၊ဘဏ္ဌာရေးကော်မီတီ၊စည်းရုံးရေးကော်မီတီဆိုပြီးဖွဲ့ ဖြစ်တာသတိရတယ်၊ခင်မာဝေ ၊ယုယုမော်၊မိုးမြင့်ဦး၊သက်ဇင်၊ရွှေတူ(ခ)ဝင်းထိုက် တို့ ကိုသတိရတယ်။ကွန်ဗိုကေးရှင်းနောက်မှာ ရပ်ကွက်ကောင်စီတွေ ရဲတွေနဲ့  လောက်စာလုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ဇော်ဇော်အောင်ကိုသတိရတယ်၊စာတိုက်ပုံးတွေနဲ့ အဓိပတိလမ်းဓါတ်တိုင်တွေမှာ ထောက်လှမ်းရေးက ကင်မရာတွေတပ်ထားတယ်လို့ ပြောတဲ့သူရိန် ကိုသတိရတယ်၊

ငါတို့ မိန်းမတွေတောင် စင်ပေါ်တက်ပြောနေတာ နင်တို့ ယောင်္ကျားတွေရှေ့ တိုးမလာရဲဘူးလားဆိုပြီး ထမိန်ကိုပေါင်ရင်းလောက် အထိဆွဲတင်လိုက်တဲ့ ယုယုမော်ရဲ့ဟန်ကိုသတိရတယ်။အဓိပတိလမ်းပေါ်မှာ ၅ယောက်တတွဲ ညီညီညာညာထိုင်ခဲ့ တဲ့  ညီတွေ အကိုတွေ ညီမတွေ အမတွေ သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းကိုသတိရတယ်၊လိုင်ဘရီအုတ်ခုံပေါ်ကနေ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့  မင်းဇေယျကိုသတိရတယ်၊ခုဖြစ်ရပ်ဟာ မြန်မာပြည်မှာဒီမိုကရေစီဆိုတာမရှိလို့ ဆိုပြီး ကျောင်းသားတွေနဲ့ ဒီမိုကရေစီကိုတရားဝင်မိတ်ဆက်ပေးခဲ့တဲ့ကိုမောင်မောင်(ခ)ဗိုလ်တိုက်မောင်းကိုသတိရတယ်၊စိုင်းထင်ကျော်(ခ)ခြင်္သေ့ကိုသတိရတယ်၊မောင်နှမ ၂ ယောက်တစ်ယောက်ကို တစ်ယောက် ပတ်ထွက်လာပြီး အာစီခေါင်မိုးပေါ်မှာ ပြန်ဆုံကြတဲ့ ညီမလေး ပေါက်စီနဲ့ အကို သာကျော်မောင်တို့ တစ်ယောက်ကို တစ်ယောက်တင်းတင်းဖက်ထားကြပုံကိုသတိရတယ်၊သူတို့ လိုဘဲ ရန်ကင်းက လိုက်လာတဲ့ ၉တန်းကျောင်းသားလေး စောလင်းကိုသတိရတယ်၊နင်တို့ ဒီအတိုင်းလုပ်နေလို့ မရဘူး၊အသံချဲ့ စက်သုံးမှရမယ် ဂျပ်ဆင်ချာခ်ျထဲမှာရှိတယ်လို့ လာအကြံပေးခဲ့ တဲ့  မေငြိမ်း၊ဇောင်းထက်၊အံ့ဘွယ်ကျော်တို့ အုပ်စုကို သတိရတယ်၊

ကျမတို့ လည်းဒီကျောင်းကထွက်တာဘဲ၊ရှင်တို့ မယုံရင်ကြိုက်တာလုပ်။တို့ ကျောင်းသားတွေ ဆီတို့ လာတာလို့ ရဲရဲကြီးပြောခဲ့တဲ့ မော်တော်ပီကယ် က ဒုရဲအုပ် အမကြီး ၂ယောက်ကို သတိရတယ်၊သာသနာပိုင်ပစ္စည်းကို ကျွန်တော့်လက်နဲ့ ပေးခွင့်မရှိပါဘူးဆိုပြီးသံကြိုးကွင်းပေါ်မှာခတ်ထားတဲ့ ဂျပ်ဆင် ချာ့ခ်ျ ဘေးအဝင်ပေါက်သော့ကို ကျောင်းသားတွေဘက်ကို လှည့်ပေးထားခဲ့တဲ့ ဂျပ်ဆင် ချာ့ခ်ျက အစောင့်အကိုကြီကိုသတိရတယ်၊ချာ့ခ်ျထဲကနေ အသံချဲ့ စက်ပစ္စည်းတွေယူကြတော့ ဘစ်ရှော့ကြီးရဲ့ အခန်းနဲ့  တရားဟောစင်မြင့်ပေါ်က သမ္မာကျမ်းစာအုပ်ကို လုံးဝမထိဘို့ ပြောခဲ့တဲ့ စကားသံတွေကို သတိရတယ်၊အသံချဲ့ စက်တွေအာစီအမိုးပေါ်မှာဆင်ရင်းချွေးတလုံးလုံးဖြစ်နေတဲ့ အံ့ဘွယ်ကျော်ကို သတိရတယ်၊ငွေစာရင်းဌာန အပေါ်ထပ်ကနေဓါတ်ပုံရိုက်တယ်ထင်ပြီး သွားစီးကြတာ သတိရတယ်၊လှည်းတန်းထိပ်ကနေ လက်ကိုင်ပုဝါတွေ ၊စားစရာတွေပို့ ပေး၊ကျောင်းသားတွေရေးသမျှကို သံစည်းရိုးကြားကစောင့်ယူပြီး စာကူးစက်နဲ့ ပွားပေးတဲ့ရတနာထွန်းစတိုးနဲ့  လူထုကြီးကိုသတိရတယ်၊
အာစီ အပေါ်ဆုံးထပ် ရိုးရာပွဲတော် တွေကျင်းပတဲ့ခန်းမကြီးထဲမှာဖွဲ့ စည်းတဲ့တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တ.တ.ဖ)ကို သတိရတယ်၊ကော်မီတီဝင်၂၁ဦးပါတာသတိရတယ်၊

သူတို့ တွေ မြန်မာ့အသံနားချိန် နေ့ လည် ၂ နာရီနဲ့  ပြန်စမယ့် ညနေ ၄ နာရီကြားမှာဖြိုခွင်းလိမ့်မယ်၊ တော်လှန်ရေးကို ဆက်လုပ်ဘို့  တို့ ထဲကတစ်ဝက် အပြင်ကို ထွက်ရလိမ့်မယ်လို့  အကြံပေးခဲ့တဲ့ မင်းဇေယျကို သတိရတယ်၊အလှုငွေတွေကို ခြေထောက်နဲ့ တောင်နင်းသိပ်ထည့်ထားရတဲ့ တက္ကသိုလ် အနုပညာအသင်းစတိုခန်းထဲက ယူလာတဲ့  ၂ပေ ပတ်လည်လောက်ရှိတဲ့  ၂ပေလောက်မြင့်တဲ့  အလူမီနီယမ် သေတ္တာ ၂လုံးကိုသတိရတယ်၊ကျောင်းသားတွေ ဒီနေ့ ကစပြီးသပိတ်စခန်းချကြတော့မယ် ဆိုတော့ မျက်နှာမှာ အဝတ်စီးထားတဲ့ ခပ်ဝဝအမကြီးတယောက်က ဒီနေ့ ညနေစာကို ကျွန်မတို့ မိသားစုကတာဝန်ယူတယ်၊အလှုငွေ အခုလည်း ၅၀၀၀ ကျပ်ထည့်ဝင်ပါတယ်၊အမည်မသိ အလှုရှင်တဦးလို့ မှတ်ထားပေးပါဆိုပြီးလှည့်ထွက်သွားတဲ့အချိန်မှာ စင်ပေါ်ကနေ ဒီနေ့ ညနေစာကို ဦးချစ် လက်ဖက်ရည်ဆိုင် မိသားစု က လှုဒါန်းပါတယ်လို့ ကြေငြာလိုက်တော့ ပြန်ပြေးလာပြီး ခွေးကောင်လေးတွေ နင်တို့ တော်တော်ဆိုးတယ် ဆိုပြီး ကျေနပ်ခြင်းတဝက် စိတ်လှုပ်ရှားခြင်းတဝက်နဲ့ ပြောသွားတဲ့ ဦးချစ်သမီး အကြီးဆုံး အမကြီးကို သတိရတယ်။

နေ့ လည် ၂နာရီကျော်ကျော်မှာ အဓိပိတိလမ်းမကြီးမိန်းတံခါးကနေ ခွာသံညီညီနဲ့ ဝင်လာတဲ့ ပြာမွဲမွဲကောင် တွေကိုသတိရတယ် ၊သူတို့ ရှေ့ ကနေ တဖျပ်ဖျပ်ဓါတ်ပုံရိုက်ရင်းလိုက်လာတဲ့ ကောင်တချို့ ကို သတိရတယ်၊တရားဟောနေတာမရပ်လို့ စင်ပေါ်ကနေ အတင်းဆွဲချပြီးပြေးခိုင်းရတဲ့အကသကျောင်းသားလေး စောလင်းရဲ့ မျက်လုံးတွေနဲ့ မေးရိုးတွေထောင်တက်နေတာကိုသတိရတယ်၊ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတစ်ယောက် သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းရဲ့ မုန်တိုင်းခေါ်သံတွေကို သတိရတယ်၊

ထင်းရူးသားအလံတိုင်ထက်ပိုင်းကျိုးတွေကိုသတိရတယ်အုတ်ခဲအပိုင်းအစတွေကိုသတိရတယ်၊ဖေါင် ဖေါင် ဆိုပြီးကြားရတဲ့ အသံအဆုံးမှာ နို့ ဆီဗူးခွံသေးသေးလေးတွေရှေ့ ကိုကျလာပြီးအငွေ့ တလူလူ ထွက်လာတာကိုသတိရတယ်၊ ပြာမွဲမွဲ လူအုပ်ကြားမှာ လေး ငါးယောက်ချုပ်လို့ မနိုင် ရိုက်လို့ မလဲတဲ့ ညီတစ်ယောက် သို့ မဟုတ် အစ်ကိုတစ်ယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲ ကသွေးခြောက်ပုလင်း၊ ငါ့ ရင်ထဲက သွေးခြောက်ပုလင်း တဖေါင်းဖေါင်း ပေါက်ကွဲနေ တာငါပြန်ကြားနေရတာသတိရတယ်၊ အဲဒီနေ့ မှာ ခြံတခြံထဲက မန်ကျဉ်းပင်ရိပ်အောက်မှာ ရေနွေးကြမ်း လေးသောက်လိုက် ၊ငါးရံ့ခြောက်ဖုတ်လေးမြည်းလိုက်နဲ့ မိန်းမကို ကဗျာလေးတွေရွတ်ပြနေတဲ့  ၂၃ နှစ်သားလေးတစ်ယောက်သေသွားတာကို သတိရတယ်၊ငါမွေးလာတာကို သတိရတယ်၊ငါမွေးလာတာကို သတိရတယ်၊ငါမွေးလာတာကိုသတိရတယ်၊

ပုဂံလမ်းပေါ်ကျောင်းပြင်ထွက်တဲ့တံခါးဝမှာ ငါတို့ ၅၁ယောက်ထိုင်ပြီးအဖမ်းခံဘို့ စောင့်နေတာကို သတိရတယ် ၊ကျောင်းဝင်းတံခါးကို ကျော်တက်ဘို့ လုပ်တဲ့ကျောင်းသားတွေကို ဘက်နက်နဲ့ လှန့် ပြီး ရယ်နေတဲ့ မြန်မာစကားမတတ်တဲ့ စစ်သားတွေကိုသတိရတယ်၊ပေါက်စီကလေးကို ….ိုးမလေး နင်တော့ဒီည ဆန္ဒပြတဲ့အရသာသိဘို့ ပြင်ထားပေတော့ လို့ ပြောခဲ့တဲ့ ပြာမွဲမွဲကောင်တကောင်ရဲ့ စကားသံကို သတိရတယ်၊ခင်ဗျားတို့  သားသမီးချင်းမစာနာမပြောပါနဲ့ လို့ ပြောလိုက်တဲ့ မိုးမြင့်ဦး ရဲ့ ခါးရိုးကို နောက် ပြာမွဲမွဲတကောင်က စစ်ဖိနပ်နဲ့ ကန်လိုက်တာသတိရတယ်၊စစ်သားတစ်စုဝင်လာပြီး ဗိုလ်ကြီးလုပ်သူက ကျောင်းသားတွေကို မနှိပ်စက်ဘို့ ၊ခနနေ အချုပ်ကားနဲ့ လာခေါ်မယ်လို့ ပြောတာသတိရနေတယ်၊
ပုဂံလမ်းက နေ အချုပ်ကားနဲ့ တင်ပြီးတက္ကသိုလ်ဓမ္မာရုံဝင်းထဲကို ခေါ်သွားတာ ၊အဲဒီမှာ ကျောင်းသားတွေအပြည့်နဲ့ အချုပ်ကားတွေ အများကြီးတန်းစီရပ်ထားတာ၊ရပ်ကွက်ထဲက လူတချို့  အောက်ကနေ ပြီး စားစရာတွေပေးတာ၊အိမ်လိပ်စာတောင်းတာတွေ သတိရတယ်၊

တလမ်းလုံးမှာ ကမ္ဘာမကြေ မြန်မာပြည်သီချင်းကို သံပြိုင် အော်ဆို သွားကြတာ၊ ကျောင်းသားကဒ်တွေ ပစ်ချပေးခဲ့ကြတာ၊စာတွေရေးပြီး လူစုစုရှိတဲ့ နေရာတွေမှာပြစ်ချပေးခဲ့တာ၊လူတွေကြောက်ကြောက်နဲ့ ပြေးကောက်ကြတာတွေသတိရတယ်၊အင်းစိန် ဂုံးကျော်တံတားကြီးပြင်နေတာသတိရတယ် ၊အင်းစိန်ဘူတာ သံလမ်းအကူးမှာ ဖရဲသီးသည်လေးတွေ ပြေးလာပြီး အကိုတို့ အမတို့ စားကြ စားကြ ဟိုလက်ဘက်ရည်ဆိုင် က အကိုကြီးတွေ ကျွေးတာဆိုပြီး ပြောတာ သတိရတယ်၊

အချုပ်ကားတံခါးဝက ရဲက ဖရဲသီးသည်မလေးကို ဆောင့်တွန်းလိုက်လို့ လဲသွားချိန် မှာဘဲတအုံးအုံး မြည်သံတွေ အချုပ်ကားနံဘေး နံရံမှာဆူညံနေတာ၊ အချုပ်ကား မြေအောက်ဓါတ်ကြိုးလိုင်း တွေသွယ်ဘို့ တူးထားတဲ့ မြောင်းထဲ ထိုးကျ သွားတာ သတိရတယ်၊ခုနက ခဲတွေတုတ်တွေခွေးခြေတွေနဲ့ ဝိုင်းသမကြတဲ့ ညီအကိုတွေ အချုပ်ကား တံခါးသော့ကို မဖွင့်တတ်တာ ၊တို့ တော့လွတ်ပြီဆိုပြီး ပျော်နေတုန်းမှာဘဲကားက ဘက်ဂီယာ ဆုတ်ပြီး မြောင်းထဲကလွတ်လာတာ ရှေ့ ကို တရှိန်ထိုး မောင်း ထွက်ပြီး လူအုပ်ကြီး ဝေးကျန်ခဲ့ တာ သတိ ရတယ်၊စိတ်ပျက်လက်ပျက်နဲ့ ကမ္ဘာမကြေ ကို ဆက်ဆိုရင်း တို့ ကာကွယ်မလေ အဖိုးတန် မြေဆိုတဲ့ အချပိုက်အဆုံးမှာ တိုက်တိုက်ဆိုင်ဆိုင် အင်းစိန်တွဲဘက်ထောင်ရဲ့ ဗူးဝကြီးမှာ အချုပ်ကားကြီး ရပ်လိုက်တာကို သတိရတယ်။

(၁၅)(၁၆)…..(၁၅)(၁၆) အသင်္ချေ
ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ကို လှုပ်ရှားမောင်းနှင်နေတဲ့ သွေးခြောက်ပုလင်း၊သေပြီးတဲ့သူကို သတ်လို့ မရဘူး ၊သူတို့ ကို သတိရခြင်းနဲ့  ငါ့လိပ်ပြာကို ထုံမွှမ်းထားတယ်ဟေ့၊ငါတို့ ဟာ ဝိဥဏ် တစ်ခုစီမဟုတ်ဘူး၊ငါတို့ ရဲ့ ဝိဥာဏ်တခုတိုင်းဟာ အခြား ညီတွေ၊အခြားအကိုတွေ ၊အခြားညီမတွေ၊အခြားအစ်မတွေ သို့ မဟုတ် အခြားသော သွေးအုပ်စုတူ သွေးပုလင်းပေါင်းသန်းနဲ့ ချီလို့ အပြန်အလှန် ကိုယ်စားပြုတယ်ဟေ့၊ငါတို့ ဟာဝိဥာဏ်တွေ၊မျိုးဆက်သစ်တွေ၊အမှန်တရားမြတ်နိုးသူတွေရဲ့ အသည်းနှလုံးထဲကို စိမ့်ဝင် ထုံကူးနိုင်စွမ်းတဲ့ ဝိဥာဏ်တွေ၊
ငါ အသက်ရှုရပ်သွားတဲ့တနေ့ မှာငါ့ဝိဥာဏ်ကညီတယောက်သို့ မဟုတ် အကို တစ်ယောက် သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် ရဲ့သွေးခြောက်ပုလင်း ထဲမှာပျော်ဝင်သွားလိမ်းမယ်လို့ ငါယုံတယ်။သင်ပုန်းချေတယ်ဆိုတာကို မေ့ပြစ်လိုက်တယ်လို့ ဘာသာပြန်လို့ မရ။
မိုးမောင်မောင်
(၁၆ မတ် ၂၀၁၂)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.