မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ဒီလိုခွင့်ပြုလိုက်တဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ လိုအပ်တာတွေကို စလုပ်နေပြီလို့ NLD ကပြောပါတယ်။ ပါတီကို အသစ် ပြန်လည် ဖွဲ့စည်းသွားမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက်လည်း ပြင်ဆင်မှုတွေလုပ်နေတဲ့အကြောင်း နောက်ဆုံးအခြေအနေကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က တင်ပြထားပါတယ်။
လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်နယ်နဲ့တိုင်းအစုံက အဖွဲ့ဝင် ၂၁ ယောက် နာမည်နဲ့ ပါတီတည်ထောင်ခွင့်လျှောက်ထားတာကို ခွင့်ပြုလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က တရားဝင်အသိပေး အကြောင်းပြန်ခဲ့တာပါ။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ ပထမအဆင့် ကျော်သွားပြီဖြစ်လို့ နောက်တဆင့် ဘာတွေလုပ်ရမယ် ဆိုတာကို NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ခုလိုရှင်းပြပါတယ်။
“ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီလို့ အကြောင်းကြားစာရပြီဆိုရင် ကျနော်တို့လုပ်ရမှာက စတင်တည်ထောင်ဖို့ သွားပြီးတင်တဲ့ ၂၁ ယောက် ထဲက ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် ရွေးရမယ်။ ရွေးပြီးတဲ့အခါကျ ကျနော်တို့ပါတီရဲ့နာမည်၊ ပါတီရဲ့အလံတော်၊ ပါတီရဲ့တံဆိပ်၊ ပါတီရဲ့သင်္ကေတ၊ ပါတီရဲ့မူဝါဒလမ်းစဉ်၊ ပါတီရဲ့ဘယ်လို ဖွဲ့စည်းမယ်ဆိုတဲ့ ဖွဲ့စည်းပုံ၊ အဲဒါတွေကို ပြုစုပြီးတော့ အဲဒီ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်တွေက နေပြည်တော် ကော်မရှင်ကို သွားတွေ့ပြီးတော့ မှတ်ပုံတင်ရမှာ။ အဲဒီအဆင့်ကိုလုပ်ဖို့ ဦးဉာဏ်ဝင်းတို့ ပြင်ဆင်နေကြတယ်”
ခေါင်းဆောင်တွေကို သဘောတူ ရွေးချယ်မယ့် အစည်းအဝေးမှတ်တမ်း မိတ္တူကိုလည်း ပါတီမှတ်ပုံတင်ခွင့်လျှောက်တဲ့အခါ ပေးဖို့ လိုတဲ့အတွက် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြတဲ့ ၂၁ ယောက်လုံး ပြန်ဆုံပြီး ဆုံးဖြတ်ရွေးချယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ၂၁ ယောက်ထဲမှာ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ အဖွဲ့ဝင်တွေလည်း ပါတာမို့ ဘယ်တော့ အချိန်အတိအကျဖြစ်နိုင်မလဲဆိုတာ မပြောနိုင်ပေမဲ့ အမြန်ဆုံး ကြိုးစားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
တကယ်လို့ ပါတီမှတ်ပုံတင်ခွင့် ရသွားပြီဆိုရင်တော့ ပါတီအဖွဲ့ဝင်အင်အား စည်းရုံးခွင့်ပါရမှာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီအခါကျရင် ၁၉၈၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ NLD ပါတီဆိုတာ ရှိတော့မှာ မဟုတ်တဲ့အတွက် လက်ရှိ ပါတီဝင်တွေက ဘယ်လို ဖြစ်သွားမှာပါလဲ၊ ဦးအုန်းကြိုင်ကတော့ NLD ကို အသစ်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာဖြစ်လို့ လူဟောင်း လူသစ် အားလုံးအဖွဲ့ဝင်သစ် ပြန်လျှောက်ကြရမယ်လို့ ပြောပါတယ်။
“အဲဒီနေရာမှာ လူကြီးတွေရဲ့သဘောထားကတော့လေ လက်ရှိပါတီဝင်တွေလည်း အသစ်ပြန်ပြီးတော့ လျှောက်ထားကြမယ်၊ အဲလို လုပ်မယ်လို့ စိတ်ကူးရှိပါတယ်။ အဲဒီလို ညွှန်ကြားထားတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့သည်ပင်လျှင်ကို ပါတီဝင်အဖြစ်နဲ့ ပြန်ပြီးတော့ လျှောက်ကြရမှာပေါ့”
နောင်ကျင်းပမဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ပြိုင်နိုင်ဖို့ NLD ပါတီက နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်တယ်လို့ အသိပေး ကြေညာ ခဲ့ပြီးကတည်းက ရွေးကောက်ပွဲ အောင်နိင်ရေးအတွက်ကိုလည်း လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ အဖွဲ့ဝင် ၂၁ ယောက်ပါဝင်တဲ့ ဗဟို အောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် နေရာ လစ်လပ်နေတဲ့ မြို့နယ်တွေ၊ ခရိုင်၊ ပြည်နယ်နဲ့တိုင်းတွေမှာလည်း ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့တွေဖွဲ့ကြဖို့ ဆောင်ရွက်နေတယ်လို့ NLD သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အဲဒီလိုဖွဲ့ကြတဲ့ထဲမှာ အလွှာစုံကသူတွေ ပါဝင်နိုင်ဖို့ အဆိုပြုစာရင်းတွေကို သက်ဆိုင်ရာ ပါတီရုံးတွေဆီက တောင်းခံထားပါတယ်။
“အဆိုပြုစာရင်းထဲမှာတော့ လက်ရှိဆောင်ရွက်နေတဲ့ အဖွဲ့ဝင်ဟောင်းတွေ၊ စည်းရုံးရေးမှူး အဟောင်းတွေလည်း ပါဖို့လိုသလို ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေ ပြီးတော့ လယ်သမားတွေ၊ အလုပ်သမားတွေ၊ NLD အောင်နိုင်ရေးအတွက် ပါဝင်ကူညီနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ၊ တတ်/သိ ပညာရှင်တွေ၊ နိုင်ငံရေးသမားဟောင်းတွေ- အဲဒါတွေပါ အကုန်လုံး ပါဝင်အောင်စည်းရုံးပြီးတော့ အောင်နိုင်ရေးကော်မတီဖွဲ့ဖို့ ပြင်ဆင်ပါ၊ စည်းရုံးညှိနှိုင်း ဆွေးနွေးပြီးပြီဆိုရင်လည်း လျာထားစာရင်းပေါ့ဗျာ-အောင်နိုင်ရေးကော်မတီကိုတော့ အောက်ပါပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းသင့်ပါတယ်ဆိုတဲ့ လျာထားစာရင်း၊ ကျနော်တို့ဆီကို တင်ပါ ဆိုပြီးတော့ ဗဟိုအောင်နိုင်ရေးကော်မတီက ညွှန်ကြားထားတယ်၊ အဲဒီညွှန်ကြားစာအရ ပြည်နယ်၊ တိုင်း တော်တော်များများကတော့ စာရင်းတွေပို့နေတယ်။ ကျနော်တို့ဆီ တချို့ရောက်တာတွေ ရောက်နေပြီ”
ရွေးကောက်ပွဲ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲက အချက်တချို့ကို ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခဲ့ပြီးနောက် NLD က ပါတီမှတ်ပုံ ပြန်တင်ပြီး ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ကြေညာခဲ့တာပါ။ ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ်အားလုံးမှာ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်ရောက် အရွေးခံသွားမှာ ဖြစ်တယ်လို့ NLD က ပြောထားပါတယ်။ နောင်ရွေးကောက်ပွဲတွေစည်းရုံးမဲဆွယ်တဲ့အခါ အနီရောင်အောက်ခံမှာ ခွပ်ဒေါင်းနဲ့ ကြယ်ပုံပါပြီး အောက်ဖက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတဲ့ အလံနဲ့အမှတ်တံဆိပ် သင်္ကေတကို အသုံးပြုသွားမယ်လို့ အသိပေးခဲ့သလို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့တဲ့ ခမောက်တံဆိပ်ကို လုံးဝ အသုံးပြုတော့မှာ မဟုတ်ဘူးဆိုတာကို တနင်္ဂနွေနေ့ကပဲ အစိုးရထုတ် သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။ သက်ဆိုင်ရာကတော့ ကြားဖြတ် ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို အသိပေး ကြေညာခြင်း မရှိသေးပါဘူးရှင်။
(Voa)
Wednesday, December 14, 2011
0 NLD ပါတီ ထူထောင်ခွင့်ရပြီ
0 Goodbye, Burma (ရုပ်/သံ)
Summer 2011. This is a film very close to my heart. It was filmed with the Tribeca Summer Institute program over the course of 5 weeks.
My Roles: Original Concept, Director, Camera Work, Co-editor, Narrator
0 ဗိုလ်ချုပ်အောင်ဆန်း လွမ်းစိမ့်. . . .
ဒီနေ့ဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိကို မြန်မာဗီဒီယို ရုပ်ရှင်သမားတွေအနေနဲ့ လူလိုသူလို အဆင့်အတန်းမီအောင် ရိုက်ဖို့ဆိုတာ မလွယ်လှပါဘူး။ ပြောရရင် အသံကို ပတ်လည်ပြေးစနစ်သုံးဖို့တောင် ပိုက်ဆံက နည်းလှတာမဟုတ်ဘူး။
မဖြစ်မနေ မရှိရှိတာနဲ့ မရရအောင် ဖန်တီးကြမယ်ပဲ ထားပါတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဘယ်လောက်ထိ ဖေါ်ပြခွင့်ရမလဲဆိုတာ အရေးကြီးပါတယ်။ အထူးသဖြင့် သင်ရိုးညွှန်းတမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ သမိုင်းတွေထက်၊ တကယ်ဖြတ်သန်းခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ထိန်ချန်ကျော်လွှားပြီး ရိုက်မယ်ဆိုရင် အဲဒီ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိဟာ တန်ဖိုးမဲ့၊ အနှစ်သာရကင်းမဲ့တဲ့ ရုပ်ရှင်ပဲဖြစ်သွားလိမ့်မယ်။
အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်း” ရယ်လို့ ရဲရဲတောက်မွေးဖွားပေးခဲ့တဲ့ ၁၉၃၆ ကျောင်းသားသမဂ္ဂ သမိုင်းကို ဘယ်လောက်ထိ ဖေါ်ပြခွင့်ရမှာလဲ။ ဗကသ ရဲ့သမိုင်း ဟာ ချန်လှန်ထားလို့ မရအောင်ပေါ်လာမယ်။ ကဒေါင်းကို ကိုလိုနီအစိုးရက လွှင့်ခွင့်မပေးခဲ့လို့ ခွပ်ဒေါင်းပြောင်းခဲ့တာ၊ ခွပ်ဒေါင်းကို အစောပိုင်းမှာ ပန်းချီ နဲ့ ဆွဲခဲ့ရာက ခုခေတ်မြင်ရတဲ့ ခွပ်ဒေါင်းကို ပြောင်းခဲ့ကြတာတွေဟာ ချန်လှပ်ထားလို့ မရတဲ့ အရေးပါတဲ့ သမိုင်းရဲ့ ဖြတ်သန်းမှုတွေ။ ဗကသ ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တာ။
ပထမဆုံးဗမာပြည်ကွန်မြူနစ်ပါတီမှာအတွင်းရေးမှူးတာဝန်ယူခဲ့တာ၊ဒို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး အနေနဲ့ အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်ဖို့ ညီလာခံမှာ အဆိုတင်သွင်းခဲ့၊ အဲဒီ အဆိုအတိုင်းကိုယ်တိုင် အကောင်အထည်ဖေါ်ခဲ့၊ ကိုယ်တိုင် အဆက်အသွယ်ရှာ၊ ကိုယ်တိုင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ကနဦးဖခင်ဂျပန်တွေနဲ့ပါတ်သက်လို့ သခင်ကိုယ်တော်မှိုင်းကြီးက ဆဲ တာ၊ဖဆပလထဲက ဗမာပြည် ကွန်မြူနစ်ပါတီကို ထွက်လိုက်လို့.. သခင်ဗဟိန်းသေတဲ့အထိ စကားမပြော အတွေ့မခံတော့တာတွေလည်း ပါစေချင်တယ်။ ဖတ်စာအုပ်ထဲကလို ဖေဖေါ်ဝါရီ ၁၃ မှာ . . ဗိုလ်ချုပ်မွေးနေ့ပါ ဆိုတဲ့ အထုပ္ပတ္တိမျိုး မဖြစ် စေချင်ဘူး။
ဒီကားရိုက်ဖို့ တပ်မတော်ရဲ့ အကူအညီတွေအများကြီးလိုတယ်။ လေ့ကျင့်ရေးတပ်က ပါဝင်ဖို့လိုတယ်။ နောက် ဗိုလ်ချုပ်စီးတဲ့မြင်းက အစ။ ၀ါရင့်တပ်မတော်ဘိုးဘေးကြီးတွေကပြန်ပြောနိုင်ပါလိမ့်မယ်။
ပုတ်သင်ညိုဥတူးရင်း ညောင်မြစ်ပေါ်လာမှာကို စိုးရိမ်တတ်၊ ထမင်းလုံးတစ္ဆေခြောက်ခံရမှာကြောက်တတ်ကြ၊ အသည်းငယ်တတ်ကြတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေက ဘယ်လိုများ ခွင့်ပြုကြမလဲ လို့ တွေးရင်း ရင်လေးမိပါရဲ့။
၈၈ အငွေ့အသက်ကလေး ပါနေတဲ့ “လွမ်းစိမ့်” ကိုတောင် ကားလုံး ပိတ်ခဲ့တာ ၃ နှစ်ကျော်ပေါ့ဗျာ။
လွမ်းစိမ့် ရေချိန်နဲ့ပဲ ကြည့်ရပါလိမ့်မယ်။
ခု ပရိုဂျူဆာတွေ ပြန်တင်နေတယ် ဆိုပါတယ်။ ၈၇ - ၇၅ ကျပ်တန် တရားမ၀င်ကြေညာတာကို လုံးဝ ပြခွင့်မပြုနိုင်ဘူး ဆိုတဲ့ ဒီဆင်ဆာဟာ ဗကသ သမိုင်းနဲ့ ဗကသ အလံတော်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ လွှင့်ခွင့်ပြုမပြု စောင့်ကြည့်ပါ့မယ်။
ကျနော်ကတော့အမေရိကားမှာ တမြို့ဝင် တမြို့ထွက်သွားလာရင် နှစ် ၂၀ ကျော်ကွဲကွာခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့တွေ့၊ တောထဲက ဖြတ်သန်းလာခဲ့တဲ့ သူတို့ရဲ့ ခါးသီးတဲ့ဘ၀တွေကို နားထောင်၊
ဟိုသူငယ်ချင်းက ဘယ်လို ငှက်ဖျားနဲ့သေခဲ့၊ ဟိုတယောက်ကတော့ သံလွင်မြစ်ထဲ နစ်မြုပ်ခဲ့ရ၊
နောက်တယောက်ကတော့ ဘယ်နေရာမှာဘယ်လိုမှန်ပြီး ကျခဲ့တယ် ဆိုတာတွေကို မျက်ရည်တွေနဲ့ ပြော၊ မျက်ရည်တွေနဲ့ နားထောင်ရင်း. .လွမ်းစိမ့် ကို ပြဖို့၊ ဖြန့်ဖို့ စီစဉ်နေတယ်။
တက္ကသိုလ်ပရ၀ုဏ်ထဲမှာ ကဗျာတွေရေးခဲ့၊ ရည်းစားနဲ့ချိန်းတွေ့ခဲ့၊ မိဘဆီမှာ ဆိုးနွဲ့၊ ဆရာဆရာမတွေဆီမှာ ဆိုးနွဲ့နေခဲ့ရတဲ့ဘ၀တွေကနေ..လမ်းပေါ်မှာ သေဆုံးခဲ့ရ၊ထောက်လှန်းရေး စခန်းတွေမှာ စာရင်းပျောက် အသတ်ခံခဲ့ရသောင်ရင်းမြစ်ကမ်းဘေးမှာ အတုန်းအရုန်းကျဆုံးခဲ့ရတဲ့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ အကြောင်း
ဒီနေ့ထက်ထိ ထောင်ထဲမှာ အသက်အစိတ်ကျော်ကတည်းက အသက် ၅၀ တိုင်အောင် မလွတ်မြောက်နိုင် သေးတဲ့ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေရဲ့အကြောင်း၊ဂျင်မီတို့ နီလာသိန်းတို့နဲ့ သူတို့သမီးလေးအကြောင်းကို
ခုလို သင်ပုန်းချေ ကျေနပ်ကြလို့ သမိုင်းစာမျက်နှာအသစ်ဖွင့်ကြမယ့် မြန်မာနိုင်ငံတော်သစ်ကြီးမှာ
နောင် ဘယ်တော့မှ . . .ဘယ်သောအခါတော့မှ.. ထပ်မပေါ်လာရတော့အောင် သင်ခန်းစာ ယူနိုင်ကြဖို့ ဒီနင့်သီးတဲ့ ဖြစ်ရပ်တွေကို ပိုလို့ ရိုက်ချင်နေပါတယ်။
လွမ်းစိမ့် - ၂ ပေါ့ဗျာ။
ချစ်ခင်စွာ
ချိုတူးဇော်
Tuesday, December 13, 2011
0 ဘိုကလေးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား အကူအညီ လိုအပ်နေ
ဘိုကလေးမြို့နယ်၊ ဆူးပဒေါင်းကုန်းကျးရွာအုပ်စု ၊ အိုင်ဘုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရေနံရှာဖွေရေးကုမ္ပဏီများသည် ပေ၃၀ ခန့်နက်သော ကျင်းများ ရာနှင့်ချီ၍ တူးခဲ့ပြီး ကျင်းတစ်ကျင်းလျှင် ဗုံးသီးသုံးလုံးထည့်၍ ၀ါယာကြိုးများဖြင့် သွယ်တန်းကာ သင်္ဘောပေါ်မှ လျှော့ရိုက်၍ ဖေါက်ခွဲကြသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
အချို့ဗုန်းသီးများမှာ မပေါက်ကွဲဘဲ အပေါ်ပြန်ကန်တက်လာပြီး ကျန်ရှိနေသည်ကို စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်း မပြုသည့်အတွက်ကြောင့် ယခု ၂၀၁၁ ခုနှစ် အတွင်း ကလေးငယ်တစ်ဦး သည် ( 6.12.2011) ညနေ ( 6း00)အိုင်ထဲမှ ငါးဖမ်းရင်း ဗုံးသီးကို ယူလာခဲ့ရာ ဗုန်းသီးမှ ပေါက်ကွဲစေနိုင်သည့် အစိတ်အပိုင်း ( ဒီတိုနေတာ )ကို အိမ်သို့ ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်းမှာ လက်သုံးချောင်း ပြတ်သွားခဲ့ပြီး မိခင်ဖြစ်သူ လက်တွင် အနာတရ ဖြစ်သည်ဟု သိရသည်။ မိသားစုဝင် ၇ ဦး ရှိရာ နှစ်ဦးမှာ အပြင်သွားနေသဖြင် အိမ်ရှိ မိခင် ဖခင်နှင့် ကလေးငယ်သုံးဦးမှာ ဒဏ်ရာ အနာတရ ဖြစ် သည်ဟုသိရသည်။ ယူဆောင်လာသည့် ကလေးငယ်မှာ ပြင်းပြင်းထန်ထန် ထိခိုက်မှုရှိသည်ဟု သိရသည်။
ယခုအခါတွင် ဘိုကလေးမြို့ကုတင် ၁၀၀ ဆေးရုံသစ်တွင် ကုသနေသည်ဟု သိရပြီး မြိုပေါ်တွင် ကုသရန်အတွက် အကူအညီတောင်းခံရာ ရန်ပုံငွေ ၈၀၀၀၀ ကျော်သာရရှိသည်ဟု ပြောသည် ။ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ကုမ္ပဏီကို စုံစမ်းပေးခြင်း မရှိသည့် အတွက် ဒေသခံများက စိတ်မချမ်းမြေ့ဖွယ်ဖြစ်နေကြ
သည်။
အကူအညီ လိုအပ်နေသည် ။ ဘိုကလေး မြို့သို့ဆက်သွယ်မေးမြန်းကြပါ။
ပီဒီပီ ပါတီဥက္ကဌ ဘိုကလေးမြို့ပေါ်တွင် ရှိနေသည်။ ဖုန်း ၀၉၈၆၁၀၇၁၉ သို့ဆက်သွယ်မေးမြန်း၍ ကူညီပေးကြပါ။ ဒေသခံများနှင့်လည်း ပြောဆိုနိုင်ပါသည်။
Naung Taw Lay Facebook
Monday, December 12, 2011
0 နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး နဲ့ပတ်သက်လို့..ဦးရွှေမန်း ပြောကြားချက်အား သုံးသပ်ခြင်း (မောင်မောင်ဝမ်း )
Myanmar Protest Law Myanmar lower house speaker Thura Shwe Mann speaks to journalists the second regular session at Hluttaw Building in Naypyitaw, Myanmar, Friday, Nov. 25, 2011. Parliament approved Thursday a law guaranteeing the right to protest, one of a series of reforms under the new elected government. (AP Photo/Khin Maung Win) AP
ဦးရွှေမန်းပြောသွားတဲ့ အချက်ထဲမှာ ရှင်းရှင်းလင်းလင်းနားလည်မိတာကတော့(အကျဉ်းသားထဲကမှ အားလုံးပါဝင် နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက် လို့ စိတ်ဝင်စားပြီးတော့ လုပ်မယ့် ပုဂ္ဂိုလ်မျိုးကိုတော့ အထူးဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ မယ်လို့ပြောခဲ့တာရှိပါတယ်။ )
ဖော်ပြပါ စကားရပ်အရဆိုလျှင်…ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ ၊ ကိုကိုကြီး ၊ ကိုဌေးကြွယ် အပါဝင် ၈၈မျိုးဆက် ကျောင်းသားတွေ၊ရွှေဝါရောင်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေ၊နောက်တခါ..အခြားအကြောင်းအမျိုးမျိုးနဲ့နိုင်ငံရေးလုပ်ဆောင်မှု့ကြောင့်ဖမ်းထားသူတွေအတွက်ကတော့ရှင်းတယ်လို့မြင်တယ်….ဘာလို့လည်းဆိုတော့…သူတို့က..နဂိုစလှုတ်ရှားကထဲကနိုင်ငံရေးနဲ့ပတ်သက်ပြီး..စိတ်ဝင်စားလို့လုပ်လာခဲ့ကြသူတွေ….အမြဲ လည်းစိတ်ဝင်စားနေဦးမှာပဲ…..သို့သော်တဘက်မှာ…လူထုနဲ့…နိုင်ငံတကာမသိနိုင်တဲ့ လုပ်ရပ်မျိုးတွေဖြစ်တဲ့….အခုအကျဉ်းကျနေတဲ့…နိုင်ငံရေးအကျဉ်းသားတွေဆီကိုသွားရောက်ပြီး….လက်ရှိအစိုးရဆန့်ကျင်ရေးမလုပ်ပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကိုအနှောက်အယှက်မပြုပါဘူး…နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားအောင်မလုပ်ပါဘူး…ဆိုတဲ့ခံဝန်ကတိတွေကိုတောင်းဆိုတာမျိုး….လက်မှတ်ရေးထိုးခိုင်းတာမျိုးတွေလုပ်ဦးမယ်ဆိုရင်တော့……နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဆိုတဲ့…ကြွေးကြော်တောင်းဆိုမှု့တွေက…ဆက်လက်ရှင်သန်နေဦးမှာပါပဲ……အခုလို လုပ်ရပ်မျိုးတွေ လုပ်ခဲ့မယ်ဆိုရင်လည်း….တော်တော်များများက လုပ်ဆောင်ကြမှာ မဟုတ်သလို…..ဦးရွှေမန်း ဟီလာရီ ကလင်တန်လာတုန်းက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှာပါဆိုတဲ့..ကတိဟာ…မဖျက်ပဲနဲ့..ပျက်သွားပါလိမ့်မယ်…..
စကားကုန်ကုန်ပြောရရင်…ကျနော်တို့ အကျဉ်းထောင်အတွင်းက လွတ်မြောက်ခဲ့တုန်းက…စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါမယ်လို့ ကတိပေးလွှတ်ခဲ့တာမဟုတ်ပါဘူး…..ဒါ့ကြောင့် အဲဒီအချိန်တုန်းကလွှတ်ပေးခဲ့တဲ့သူတွေကိုပြစ်မှု့ဆိုင်ရာ…ဥပဒေပုဒ်မ(၄၀၁)နဲ့လွှတ်ပေးခဲ့ပါတယ်…..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုတာ…ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းပါ……( ၁၀ နှစ်ကျတဲ့သူတွေက…လေးနှစ်နေပြီးသားဆို…ခြောက်နှစ်ကျန်တယ်....တကယ်လို့ ပြင်ပမှာ…သူတို့ကဆန့်ကျင်ရေးလုပ်မယ်ဆို….ကျန်တဲ့ပြစ်မှု့ခနထားဦး..ကျန်ရှိပြစ်ဒဏ်နဲ့တင်…ထောင်ထဲဆွဲထဲ့ထားလို့ရတယ်ဆိုတဲ့သဘော……ဒါပေမဲ့…နိုင်ငံရေး မလုပ်တော့ပါဘူးတို့…ဘာတို့ဆိုတဲ့..အညံ့ခံခံ ဒူးထောက်ခိုင်းတဲ့ ခံဝန်ကတိတွေကိုတော့ ဘယ်သူမှလည်း မထိုးခဲ့ရသလို…ဘယ်သူကိုမှလည်း အထိုးခိုင်းတယ်လို့မကြားပါ……အထက်ဖော်ပြပါပုဒ်မနဲ့လွှတ်လိုက်တယ်ဆိုတာကိုတော့ပြောပြီး…အဓိပ္ပါယ်ကိုပါ….ရွတ်ပြဘူးပါတယ်……ကျနော်တို့အားလုံးလည်း နားလည် သဘောပေါက်ပါတယ်….သို့သော် တလောက နောက်ဆုံး လွှတ်လိုက်တဲ့ အသုတ်မှာတုန်းကတော့..လုံးလုံးလွှတ်လိုက်သလိုလိုနဲ့…ထောင်ထွက် ၀ရမ်းပေါ် မှာ ပုဒ်မ ( ၄၀၁ ) နဲ့ လွှတ်လိုက်တယ်ဆိုတာရေးသားဖော်ပြထားကြောင်း တချို့လွတ်မြောက်လာသူတွေ ကတဆင့်သိရှိရပါတယ်……ကျနော်ဆိုလိုတာက…အခုလွှတ်ပေးမဲ့သူများသည်….အစိုးရအဖွဲ့ဝင်လူကြီးများကိုယ်တိုင်က…ကတိက၀တ်များပေးပြီး…လွှတ်ပေးတာဖြစ်တဲ့အတွက်…ရိုးသားဘို့တော့လိုပါလိမ့်မည်…မည်သည့်နှောင်ကြိုးများမှချည်နှောင်ခြင်းမရှိပဲ…အကြွင်းမဲ့လွှတ်ပေးဘို့လိုပါလိမ့်မည်….သို့မဟုတ်ဘူးဆိုရင်…အခုလွှတ်ပေးပြီး… နောက်တပတ်လောက်မှာပဲ…ကျန်ရှိပြစ်ဒဏ်နဲ့ ထောင်ထဲထပ်သွင်းဦးမယ်ဆိုရင်တော့…..ကျနော် တင်ပြခဲ့သလိုပဲ…..နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဆိုတဲ့..တောင်းဆိုမှု့တွေက ညံနေဦးမှာပါပဲ……။
ဦးရွှေမန်းပြောသွားတဲ့အထဲမှာနားမလည်တာလား…နားမလည်ဟန်ဆောင်တာလားဆိုတာ…တခုမေးချင်ပါတယ်……ဒါဘာလည်းဆိုတော့…နိုင်ငံရေးအကျဉ်းသားလို့ပဲပြောပြော…ယုံကြည်ချက်အကျဉ်းသားလို့ပဲဆိုဆို….ကျနော်သဘောပေါက်သလောက် အဓိပ္ပါယ်ဖွင့်ဆိုရရင်….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….
ဒီနေရာမှာ…အများပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း မသိနိုင်လောက်ဘူးထင်တဲ့ အချက်ရှိနေပါတယ်…ဒါဘာလည်းဆိုတော့…စစ်အစိုးရသက်တမ်းတလျှောက်လုံးမှာ…နိုင်ငံရေးလှုတ်ရှားမှု့ကြောင့်ဖမ်းဆီးအရေးယူခံရသူဘယ်သူမဆို….ရာဇ၀တ်ပြစ်မှု့များနဲ့သာပြစ်ဒဏ်စီရင်ဆုံးဖြတ်ပါတယ်….နိုင်ငံရေးမှု့ဆိုတာသတ်မှတ်ထားခြင်းမရှိပါဘူး…….သို့သော်…သက်ဆိုင်ရာ..နယ်မြေခံအာဏာပိုင်များ၊ထောက်လှမ်းရေးများ၊အစိုးရအနေဲ့…ဘယ်သူ့ကို ဘာ့ကြောင့် ထောင်ချတယ်ဆိုတာ…အသေးစိတ်အစီရင်ခံစာ ၊ မှတ်တမ်း ရှိပါတယ်…… ( ဆိုလိုတာက…သူတို့်ကို ဆန့်ကျင်လို့ ခင်ဗျားကို အမြင်ကပ်ပြီး…ရာဇ၀တ် ပုဒ်မတတ်ပြီး ထောင်ချပစ်လိုက်တာလား……ဒီအမှု့ကတော့….သူ့ဖာသာသူ…ရာဇ၀တ်ပြစ်မှု့ကိုကျူးလွန်လို့ အပြစ်ပေးခံရတာလားဆိုတာ…..မှတ်တမ်းတွေရှိပါတယ်…..။ ) သာဓက အနည်းငယ်ပြောပြပါမယ်…….
ကျနော့်မြို့က…၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် … ဦးခင်ကျော်ဟန်….သူ့ကိုထောင်ချတုန်းက…ရာဇ၀တ်ပြစ်မှု့ကြီးနဲ့ လုပ်ကြံထောင်ချတယ်…..အဲဒီ့ပြစ်မှု့နဲ့သူနဲ့ဘယ်လိုမှမပတ်သက်ဘူးဆိုတာ..ဒေသတခုလုံးမှာရှိတဲ့လူထုအကုန်သိတယ်….ကျနော့်ကိုလည်း….၁၉၉၀မှာထောင်စချတော့….တရားမ၀င်လက်နှက်ကိုင်ဆောင်မှု့နဲ့ချတယ်….. ဒါပေမဲ့…ကျနော်တို့ထောင်ထဲရောက်တဲ့အခါပုဒ်မ၅(ည)လိုပဲ….တိုက်ပိတ်ထားခံခဲ့ရတာပါ…..ရဲဘက်မထဲ့ခဲ့ပါဘူး….သူတို့မှာ မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….ဘယ်လို ရာဇ၀တ်မှု့ကြီးတွေနဲ့ပဲ ပြစ်ဒဏ် ချထားပါစေ …ဘယ်လိုကြောင့်ထောင်ချလိုက်တယ်ဆိုတာ…အထောက်အထားတွေရှိပါတယ်….. ဦးရွှေမန်းတို့ ရွေးချယ်နိုင်ပါတယ်…ရာဇ၀တ်မှု့ကိုသူတို့အကြောင်းနဲ့သူတို့ကျူးလွန်ခဲ့ကြသူများနဲ့…ခွဲခြာ်းနိုင်ပါတယ်..မသိချင်ရောင်ဆောင် ရောတော့မချပါနဲ့ဗျာ……
သို့သော် ကျွှန်တော့် အတွေ့အကြုံအရ….ပြောပြချင်တာလေးတခုတော့ရှိတယ်….( မကြိုက် မနှစ်သက်သောသူများလည်း ကလော်တုတ်နိုင်ပါတယ် )……. ဒီလိုပါ…ကျနော်အကျဉ်းထောင်အတွင်းမှာရှိနေတော့….တချို့သောပါတီဝင်တွေ…နိုင်ငံရေးလှုတ်ရှားမှု့တွေမှာပါဝင်ခဲ့ဘူးသူတွေထောင်ကျလာတာရှိတယ်….တကယ်က..သူတို့ကိုယ်ရေးကိုယ်တာလုပ်ဆောင်ချက်တွေကြောင့်ထောင်ကျ ကြတာ….( ဥပမာ…ချဲမှု့၊ မူးယစ်ဆေးဝါးမှု့၊လောင်းကစားမှု့၊ ကျန်တာတွေရောပေါ့ ) အမှန်ကချဲမှု့ဆို…သူ့ဖာသာသူတကယ်ချဲရောင်းလုပ်ကိုင်နေလို့အဖမ်းခံရပြီး….ထောင်ကျလာတာ…မူးယစ်ဆေးဝါးမူ့၊မိန်းမမှု့…တကယ်ကျူးလွန်လို့ဖြစ်ကြတာ….နိုင်ငံရေးလုပ်လို့အမြင်ကတ်ပြီးချလိုက်တာမဟုတ်….စုံစမ်းလိုက်ရင်ပေါ်တယ်….(ပါတီဝင်ဖြစ်တာ…နိုင်ငံရေးလှုတ်ရှားမှု့မှာပါဝင်ပတ်သက်တာက..တခြား)….ဒါပေမဲ့…ထောင်ထဲရောက်တော့…သူတို့က…နိုင်ငံရေးကြောင့် လုပ်ကြံပြီး..ထောင်အချခံလိုက်ရတာဆို.လုပ်ပါလေရော…..(အဲဒီ လိုလုပ်တဲ့သူတွေရှိ လို့ စာရင်းတွေက ရှုတ်ကုန်တာ…ကိုယ့်ကိုယ်ရေးကိုယ်တာကြောင့်ဖြစ်တာတော့ ကိုယ့်ဖာသာကိုယ်ခံပေါ့ ) လူအခွင့်ရေးလှုတ်ရှားမှု့အဖွဲ့တွေက စလို့…အတိုက်အခံအဖွဲ့အသီးသီးထံ သတင်းတွေရောက်အောင်ပို့ကြတယ်…….……..တကယ်က…ကျနော်အထက်မှာတင်ပြခဲ့သလိုပဲ….တကယ်နိုင်ငံရေးလုပ်လို့…လှုတ်ရှားလို့..ဘယ်လိုပဲ..ပြစ်မှု့ဆိုင်ရာ ဥပဒေ ပုဒ်မ တတ်နေပါစေ…သူတို့ဆီမှာ မှတ်တမ်းအပြည့်ရှိပါတယ်….နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတာ…ဒီလိုလူတွေကို ဆိုလိုတာပါ…………အစိုးရခွဲခြားနိုင်လောက်အောင် အထောက်အထားတွေရှိပါတယ်……..သူ့ဖာသာသူ ပါတီဝင်ပဲပြောပြော၊ကျောင်းသားပဲပြောပြော…သူ့ပြသနာကြောင့်သူ့ဖာသာသူထောင်ကျတာ….အစိုးရလူကြီးမင်းများ…ခင်ဗျားတို့သိပါတယ်…..ခွဲခြားနိုင်ပါတယ်…..မြို့နယ်အသီးသီးမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက စလို့ ကျောင်းသား၊အလုပ်သမား၊ ရဟန်း သံဃာ တွေ ပြည်သူတွေကို စုံစမ်းလိုက်ရင် သိပါတယ်……..။
ဦးရွှေမန်းပြောခဲ့တဲ့စကားကို အနှစ်ပြန်ချုပ်ပါ့မယ်………..
(ဘယ်သူ့ကို လွှတ်ပေးစေချင် တာလဲ။ ဘာကြောင့် လွှတ်ပေးချင် တာလဲ အကြောင်းအရာဖော်ပြပြီး ပြောပါလို့ဒီလိုပြောခဲ့တာရှိပါတယ်။)….ဒါဦးရွှေမန်း…စကားဘယ်သူ့ကိုလွှတ်ပေးစေချင်တာလည်း……….ကျနော် အထက်မှာဖော်ပြခဲ့သလိုပဲ……
….မြန်မာနိုင်ငံက..အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ သက်တမ်းတလျှောက်မှာ…ခင်ဗျားတို့ကို မကျေနပ်လို့ ( မကြိုက်လို့၊မနှစ်သက်လို့၊ အလိုမရှိလို့ ) နည်းပေါင်းစုံနဲ့ဆန့်ကျင်ကြသူတွေ…အဲဒီလိုဆန့်ကျင်ခြင်းကြောင့်..သူတို့ကို နည်းပေါင်းစုံနဲ့ ပြစ်မှု့ဆိုင်ရာ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ထောင်ချထားသူများ….( သို့မဟုတ် ) ထိန်းသိမ်းထားသူများ ကိုဆိုလိုပါတယ်…….
ဘာ့ကြောင့်လွှတ်ပေးစေချင်တာလည်း………….
သူတို့လည်း တိုင်းပြည်ကိုချစ်မြတ်နိုးသူများဖြစ်တယ်……သူတို့ဟာ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအကြိုးစီးပွားကြောင့်….ထောင်ကျခဲ့ကြတာမဟုတ်ဘူး…..သူတို့မှာ တိုင်းပြည်အတွက် တထောင့်တနေရာကနေ လုပ်ပေးနိုင်တဲ့…စွမ်းရည်တွေရှိကြတယ်…..ယခုအချိန်မှာ သူတို့ကို လွှတ်ပေးလိုက်ခြင်းအတွက်….အဆိုးထက်…အကောင်းဘက်ကို ပိုများတယ်…….ဦးရွှေမန်းတို့ ကသာ ကတိတည်တည်…တိုင်းပြည်အတွက် လုပ်ဆောင်ပေးရမဲ့ ကိစ္စများကို လုပ်ဆောင်ပေးကြည့်စမ်းပါ…ဘယ်သူမှ အားအားရားရား…မဆူပူဘူး…မထကြွဘူး….ခင်ဗျားတို့မှာ မှတ်တမ်းအစစ်အမှန်တွေရှိပါတယ်….
အဲ…..ပါတီဝင်ပဲပြောပြော…ကျောင်းသားပဲဆိုဆို…သူတို့ ကိုယ်ရေးကိုယ်တာကြောင့် ပြစ်ဒဏ်စီရင် ထောင်ကျနေသူများကိုတော့…ခင်ဗျားတို့သဘော…လွှတ်ချင်လွှတ်…မလွှတ်ချင်နေ……..
ခင်ဗျားတို့ မှာရွှေးချယ်နိုင်တဲ့….မှတ်တမ်းအစစ်တွေရှိတယ်ဆိုတာ…သိပါတယ်ဗျာ…။
သာမာန် ရာဇ၀တ်သားတွေကို နိုင်ငံရေးအကျဉ်းသားတွေဆို…..ရောတုတ်ပြီးတော့…မလုံးလိုက်ပါနဲ့။ စောင့်ကြည့်နေသူများကလည်း ခံရပါများနေလို့…မချဉ်တော့ပါဘူး နော…..။ တကယ်လွှတ်ပေးမယ်ဆိုရင်တော့…ပြောသလိုလုပ်တတ်တဲ့…သူရ ဦးရွှေမန်းဆိုတာ…သမိုင်းတွင်နေမှာမလွဲပါ။
( မောင်မောင်ဝမ်း )
0 လက်မဲကြီးတစ်စုံ
လက်မဲကြီးတစ်စုံ
ဒီကနေ့ နိုင်ငံစီးပွားရေးကို ကိုင်လှုပ်နိုင်တဲ့ လက်မဲကြီး တစ်စုံရှိပါတယ်။
လက်မဲကြီး တစ်ဖက်က နောက်ကွယ်က စစ်အာဏာရှင်တွေ လိုင်စင်ကိုဗန်းပြပြီး ထူထောင်ပေးခဲ့တဲ့ စီပွားရေးလုပ်ငန်းရှင်တွေရဲ့လက်ထဲက ပိုက်ဆံပုံကြီးပါ။
စားအုံးဆီသွင်းခွင့် ဒီဇယ်သွင်းခွင့် ကားသွင်းခွင့် တယ်လီဖုန်းပေးခွင့် ဆန်အတ်စပို့ ပဲအိတ်စပို့ စတဲ့ အခြားနိုင်ငံတွေမှာ လူတိုင်းအလွယ်တကူရနိုင်တဲ့ အခွင်းအရေးတွေကို လက်ဝါးကြီးအုပ် မတန်တဆဈေးတွေ ဖြစ်အောင်လုပ်ပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။
ကျွန်းသစ် ရေနံ သဘာဝဓါတ်ငွေ့ ကျောက်မျက်ရတနာ ရွှေ နဲ့ ငါးဖမ်းခွင့်စတဲ့ ဘိုးဘွားအမွေအနှစ်တွေကို မောင်ပိုင်စီး တဖြဲနှစ်ဖြဲလုပ် နိုင်ငံခြားက ပထွေးတွေဆီ အတင်းလက်သိပ်ထိုးရောင်းပြီး ရထားတဲ့ ပိုက်ဆံပုံကြီးပါ။
နောက်ထပ်လက်မဲကြီးတစ်ဖက်ကတော့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ လက်ထဲက စာရင်းမရှိ အင်းမရှိ ဗဟိုဘဏ်ကနေ ရိုက်ထုတ်ထားတဲ့ ပိုက်ဆံပုံကြီးပါ။
(ဦးသန်းရွှေတစ်ဦးတည်းပိုင်တာကိုက မနဲပါဘူးတဲ့။ ငါးထောင်တန်တွေကို ရထားအစီးလိုက်တင်ပြီး ရထားတွဲအရှည်ကြီးနဲ့ လှိုင်ခေါင်းထဲမှာ သိမ်းထားတယ်လို့ သိရပါတယ်။)
အဲဒိပိုက်ဆံတွေ ဒီအတိုင်းထုတ်သုံးလိုက်ရင် ငွေကြေးဖောင်းပွမှုလည်းဖြစ်မယ် ငွေတန်ဖိုးလည်း ကျသွား မယ်လေ။
ဒီတော့ ငွေတန်ဖိုးလည်းငြိမ်ရမယ် ငွေကြေးဖောင်းပွမှုလည်းမဖြစ်ရအောင် လှည့်ကွက်တွေထုတ်လာရတယ်။
အလွယ်ဆုံးနည်းကတော့ ပြည်သူတွေလက်ထဲက ငွေတွေကို တစ်ဖက်လှည့် သိမ်းတဲ့နည်းပါပဲ။
ခုပဲကြည့်လေ ကားပါမစ်ဖိုးကိုက ငွေကျပ် သိန်းတစ်ရာလောက်ရှိတယ်တဲ့။ နိုင်ငံတကာက ပညာရှင်တွေကို မေးကြည့်ကြပါ၊ လူတိုင်းလိုအပ်တဲ့ သာမန်အိမ်သုံးလူစီးကားတွေကို (ပြည်တွင်းမှာမထုတ်နိုင်လို့) ပြည်ပကမှာတဲ့အခါ သွင်းခလိုင်စင်ကြေးချည်းပဲ ဒေါ်လာတစ်သောင်းနှစ်ထောင် (သိန်းတစ်ရာ)လောက်ပေးနေရမယ်ဆိုရင် အဲဒီတိုင်းပြည် တိုးတက်ပါ့မလား။ ကဲ ကားအစီး တစ်သိန်း သွင်းမယ်ဆိုပါတော့၊ ကားတစ်စီး သွင်ခွင့်ပါမစ်က ကျပ် တစ်ကုဋေဆိုတော့ ကားတစ်သိန်းဆို ကျပ်ကုဋေပေါင်းတစ်သိန်းပေါ့။
ဟန်းဖုန်းတွေလည်း ဒီလိုပဲလေ။ အရင်ဈေး ဆယ့်ငါးသိန်း၊ အခုငါးသိန်းတဲ့၊ နိုင်ငံတကာမှာ တစ်ဒေါ်လာကျော်ကျော်နဲ့ ရနေတဲ့ ဟန်းဖုန်းဆင်းကတ်ကို ငါးသိန်း (ဒေါ်လာ၆၂၅) နဲ့ဖုန်းအလုံးရေ သန်း၃၀ ရောင်းမယ်တဲ့။ ဗမာကျပ်ငွေ ကုဋေပေါင်း တစ်သန်းငါးသိန်းကိုပြည်သူတွေအိတ်ကပ်ထဲက ဆွဲထုတ်မယ်ပေါ့။ ဒါတွေပဲလား မဟုတ်ပါဘူး ဒီ့ပြင်လူမသိ သူမသိ ဗုန်းလိုက်တာတွေ၊ ဗုန်းဖို့လုပ်နေတဲ့အစီအစဉ်တွေ မနဲပါဘူး။
ဒီအစီအစဉ်တွေ ကိုကြည့်ရင် အဲဒီလက်မဲကြီးတစ်ဖက်ထဲမှာ ရှိနေတဲ့ ဗမာငွေတွေ ဘယ်လောက်များ သလဲဆိုတာ အာလုံးစဉ်းစားမိမှာပါ။
အဲဒီလက်မဲကြီးတွေထဲက ဗမာငွေတွေက ဟိုနေရာဈေးကောင်းမယ်ဆိုကြိုဝယ်လိုက်၊ ဒီပစ္စည်းရှားတော့မယ်ဆိုလှောင်ထားလိုက် နဲ့ ဗမာ့စီးပွားရေးလောကထဲ ၀င်ဝင်ပြီးချယ်လှယ်နေတာ ဘယ်တော့များမှ ဒီဗမာနိုင်ငံ စီပွားတိုးတက်တော့မှာလဲ၊ ဘယ်တော့များမှဒီဗမာပြည်ရဲ့ လူငယ်လေးတွေ အနာဂတ် အလင်းရောင် ဖြစ်လာမှာလဲ။
လက်ရှိသမ္မတလုပ်နေတဲ့ ဦးသိန်းစိန်ကလည်း လူပါးတစ်ယောက်ပါ။ သူ့အဓိက တာဝန်က အာဏာရှင် ဦးသန်းရွှေ မိသားစု ဘေးမသီရန်မခ ဖို့ပါ။ နိုင်ငံ့ကောင်းစားရေးလုပ်ချင်ယောင်ဆောင်ပြီး အာဏာရှင်ကို နောက်ဆုံးထွက်သက်အထိ ကာကွယ်သွားမယ့် အာဏာရှင်ရဲ့သစ္စာခံ (တိုင်းပြည်ရဲ့ သစ္စာဖောက်လောက်ကောင်) အုပ်စုပါ။
သူတို့က စစ်တပ်ထဲကယူနီဖောင်းလဲလာတဲ့ စစ်ဗိုလ်တွေနိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အသင့်ရှိပါသည် ဆိုတဲ့ စစ်သားတိုင်း ဆိုရတဲ့ အဓိဌာန်ကို ဆိုခဲ့ဘူးတာ ဟုတ်မဟုတ်မသိပါဘူး။ အခုလက်ရှိမှာ သမ္မတ တစ်ယောက်အနေနဲ့
တိုင်းပြည်ကောင်းဖို့ဆိုရင် ဘယ်နေရာက ဘယ်အလုပ်ကိုပဲဖြစ်ဖြစ် အရိုးကြေကြေ အရည်ခန်းခန်း အနစ်နာခံလုပ်မယ်ဆိုပြီး အစိုးရတစ်ဖွဲ့လုံးရဲ့ ရှေ့မှာ စံပြဖြစ်အောင် လုပ်နေတာလား၊ ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် ကြိုးစားပါ့မယ်ပြောပြီး
ဝတ်ကျေတန်းကျေ ဟန်ပြသတ်သတ် လုပ်ပြနေတာလား၊ မေးခွန်းထုတ်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။
(အဲဒီတုန်းကလည်း ပြည်တွင်းမှာရှိတဲ့ လော်ဘီမီဒီယာတွေက ဒီလို ကောင်းတဲ့အစိုးရ သန့်ရှင်းတဲ့အစိုးရ ဆိုတဲ့စကားလုံးကိုပဲ အာဇာနည်တစ်ယောက်ရဲ့ နှုတ်ထွက်စားတစ်ခွန်းလို ချီးမွမ်းခန်းတွေ ဖွင်ခဲ့တာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။)
ကဲ ပြောတာလည်းများသွားပြီ၊ ပညာရှင်အပေါင်းတို့၊ ခင်ဗျားတို့ရဲ့ နောက်ကျောက လက်မဲကြီးတစ်စုံကို ဘာဆက်လုပ်ကြမှာလဲ၊ စဉ်းစားပေးကြပါအုံး၊ သိပ်နောက်မကျခင်ပေါ့။
Eimmet Mahotpar Facebook
Sunday, December 11, 2011
0 လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးနှင့် စဉ်းစားရမည့် အမျိုးသားရေး တာဝန်
အောင်မောင်း (yangonchronicle)
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်ကို လူအရရော မူအရပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဖြစ်ပြီး ပုဂ္ဂလသဘောတစ်ခုတည်း ဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မြင်တွေ့လိုပါသည်။ သို့ရာတွင် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပြဌာန်းချက်များအရနှင့် စာရေးသူတို့နိုင်ငံ၏ သမိုင်းကြောင်းများအရ လူထုခေါင်းဆောင်သည် သမ္မတ၊ ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် အခြေအနေမရှိကြောင်း တွေ့ရှိရသဖြင့် ထိုတွေ့ရှိချက်များကို အများပြည်သူအနေဖြင့် စောကြောနိုင်ရန် တင်ပြလိုခြင်းသာဖြစ်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ မူဝါဒစွဲမပါဘဲ ဖြစ်ပေါ်နေသည့် အခြေအနေများပေါ်တွင်သာ စဉ်းစားသုံးသပ်ထားခြင်းဖြစ်ပြီး လူထုခေါင်းဆောင်ကို မလိုလားသည့် စိတ်အခံလုံးဝမရှိပါ ကြောင်း ဦးစွာ နိဒါန်းပျိုးရခြင်းဖြစ်ပါသည်။
NLD ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ပြည်သူလူထုအနေဖြင့် ၎င်းတို့ချစ်ခင်လေးစားသော လူထုခေါင်းဆောင်ကို နိုင်ငံ့ ခေါင်းဆောင်အဖြစ် မြင်တွေ့ရတော့မည်ဟု ဝမ်းသာအားရမျှော်လင့်ခဲ့ကြသည်။ အမှန်တကယ်တွင်လည်း ပြည်သူအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ကမ္ဘာ့အဆင့်မှီ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားသူ၊ နိုင်ငံတကာ အတွေ့အကြုံများစွာ ကြွယ်ဝသူ၊ နိုဗယ်ဆုရှင်လည်းဖြစ်သူ သူမ အနေဖြင့် နိုင်ငံကို အကောင်းဆုံးဦးဆောင်၍ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်မည့် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်လာမည် ဆိုသည်မှာလည်း ငြင်းဆို၍ရသော အချက်မဟုတ်ပေ။ သို့ရာတွင် အထက်ကဆိုခဲ့သလို နိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများက လူထုခေါင်းဆောင် အစိုးရ အဖွဲ့ဝင်ဖြစ်ရေးကို ကြီးမားစွာ ဟန့်တားလျက်ရှိနေပါသည်။
ပထမ အချက်ဖြစ်သော သမ္မတနှင့် ဒုတိယသမ္မတနေရာများအတွက် လူထုခေါင်းဆောင် ရယူနိုင်ခြင်းမရှိသည့် အချက်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) နှင့် (စ) တို့တွင် အောက်ပါ အတိုင်းပြဋ္ဌာန်း ထားသည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ၊ စစ်ရေး စသည့်အမြင်များရှိရမည်။
(စ) မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသော်လည်းကောင်း ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
အထက်ပါ နှစ်ချက်သည် လူထုခေါင်းဆောင် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်နိုင်ရေးအတွက် ဟန့်တားနေသည့် အချက်နှစ်ချက် ဖြစ်သည်။ ယေဘုယျအားဖြင့် သမ္မတဖြစ်ရန်အတွက် လွှတ်တော်အမတ်ဖြစ်ရန် မလိုပါ။ မြန်မာနိုင်ငံသည် သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် စနစ်မဟုတ်ဘဲ လွှတ်တော်မှ ရွေးချယ်သည့်စနစ်ဖြစ်သောကြောင့်သာ လွှတ်တော်အမတ်များကို သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ)တွင်
“လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်”
ဟူ၍သာ ဖော်ပြထားရှိသည်ဖြစ်ရာ အကယ်၍ လွှတ်တော်ကိုယ်စား လှယ်များအထဲမှ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် သင့်တော်သည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ပြည်ထောင်စု လွှတ်တော်သည် အရပ်သားထဲမှ သမ္မတအရည်အချင်းနှင့် ပြည့်စုံသူကို ခန့်အပ်ရွေးချယ်ပိုင်ခွင့် ရှိနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းမပြုလျှင်ပင် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် ကမ်း လှမ်းခံရနိုင်သည့် အခြေအနေရှိပါသည်။ ပြည်ထောင်စုဝန်ကြီးကိုလည်း သမ္မတကသာတိုက်ရိုက်ခန့်အပ်သည်ဖြစ်ရာ အဆိုပါ ရာထူးအတွက်လည်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်ချေ။ သို့သော် အဟန့်အတားဖြစ်နေသည်မှာ အထက်တွင်ဖော်ပြခဲ့သော ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)နှင့်(စ)ဖြစ်သည်။ ပုဒ်မခွဲ (ဃ)တွင် စစ်ရေးအမြင်ရှိရမည်ဟူသည့်အချက်သည် တပ်မတော်တွင် အမှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ်ခန့်အပ်နိုင်လိမ့်မည်ဟု လွဲမှားစွာ ယူဆ နေကြခြင်း ဖြစ်ပါသည်။ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော ကျမ်းတစ်စောင်ပြုစုနိုင်ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိပါကလည်း စစ်ရေးအမြင်ရှိသူဟု သတ်မှတ်နိုင်သည်ဖြစ်ရာ ပုဒ်မ(ဃ)သည် လူထု ခေါင်းဆောင် သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်ရန်အတွက် ကြီးမားသော အဟန့်အတား မဟုတ်သေးဟုသာ ဆိုရပေလိမ့်မည်။
အဓိက ဟန့်တားချက်မှာ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူထုခေါင်းဆောင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ကွယ်လွန်သွားပြီဖြစ်၍ လင်ခန်းမယားခန်းပြတ်စဲသွားပြီဟု စောဒကတက်နိုင်လျှင်ပင် သူမ၏သားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသေးသည်။ ယင်းနိုင်ငံများ၏ နိုင်ငံသားများဖြစ်သလို ယင်းနိုင်ငံသားများ ရသင့်ရထိုက် သော အခွင့်အရေးများကို ခံစားရရှိနေကြ သူများလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပုဒ်မခွဲ(စ)လုံးမှာ ကြီးမားသော အဟန့်အတားဟု ဆိုရခြင်း ဖြစ်ပါသည်။ အများစုက လူထုခေါင်းဆောင်အနေဖြင့် နိုင်ငံခြားရေးနှင့် ပတ်သတ်သော တာဝန်တစ်ခုယူသင့်သည်ဟု ယူဆချက်များ အပေါ် တွင်လည်း နိုင်ငံခြားရေးဝန်ကြီးမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဖြစ်ရန် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က ၁၊၂၊၃၊၄)တို့တွင် ဖော်ပြထားပါသည်။ ယင်းတို့အထဲမှ နံပါတ် ၃တွင် “ ပုဒ်မ ၁၂၁တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ” ဟု ဖော်ပြထား သည်။ ပုဒ်မ ၁၂၁ကို ဆက်လက်လေ့လာလျှင် ပုဒ်မ ၁၂၁ ပုဒ်မခွဲ
(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့် အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ
(ဆ) နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူ သုံးစွဲသူ သို့မဟုတ် ယင်းအထောက်အပံ့ရယူ သုံးစွဲနိုင်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ
ထို့ကြောင့် ပုဒ်မခွဲ (စ) အရ လူထုခေါင်းဆောင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဆိုရာထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသောအချက်နှင့်ပင် ညိစွန်းနေသေးသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သားနှစ်ဦး သည် တိုင်းတစ်ပါးအစိုးရ၏ နိုင်ငံသားအခွင့်အရေးများကို ခံစားနေရဆဲဖြစ်ပြီး ထိုသို့သော ခံစားခွင့်များကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှဲပြောင်းပေးအပ်ပိုင်ခွင့် ရှိနေသော ကြောင့်ဖြစ်သည်။ ပုဒ်မခွဲ(ဆ) ကို မူ NLD သည် ပြည်ပ အထောက် အပံ့ ရယူသည်၊ မယူသည်ဆိုသည်မှာ စာရေးသူ အနေဖြင့် မသိရှိပါ။ ထို့ကြောင့် (ဆ)ကို ထည့်သွင်းတွက်ချက်ရန် မလိုဟုသာ ယူဆပါသည်။
သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြားတွင် မည်သို့သော သဘောတူညီချက်များ ရှိခဲ့ကြောင်း မသိနိုင်စေကာမူ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဝင်မည့်သတင်းကို သမ္မတကြီးက ကြိုဆိုကြောင်းပြောကြားခဲ့သည်ဖြစ်ရာ လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် အခက်အခဲ မရှိဟု ယူဆရဖွယ်ရှိပါသည်။ သို့သော် ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးဖြစ်ရန်မှာမူ အထက်ဖော်ပြပါ အချက်များက ညိစွန်းနေပါသေးသည်။
လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော တာဝန်ကြီးများကိုရယူစေလိုသည်မှာ ပြည်သူတို့၏ လိုလားတောင့်တ ချက်ဖြစ်ပါသည်။ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဖွဲ့စည်းပုံပါ အချက်အလက်များကို ပြင်နိုင်ဖွယ်၊ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုနိုင်ဖွယ် ရှိပါသည်။ ဥပမာ ခင်ပွန်း၊ ဇနီးဖြစ်သူသည် နိုင်ငံခြားသားပင် ဖြစ်စေကာမူ ကွယ်လွန်သွားပြီဆိုပါက လင်ခန်းမယားခန်းပြတ်စဲသည်ဟု မှတ်ယူရမည်၊ သားသမီးများသည် တိုင်းတပါး၏ ကျေးဇူးသစ္စာကို စောင့်သိရသော နိုင်ငံခြားသားဖြစ်စေကာမူ ထို သားသမီးကို သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာပြီးလျှင်၊ ထိုသားသမီးမှ ရရှိနေသော အထောက်အပံကိုလည်း မယူတော့လျှင် အဆိုပါကန့်သတ်ချက် ပျက်ပြယ်သည်ဟူသည့် အချက်မျိုး ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများလည်း ယခင်ကထက် ဖြေလျော့လာပြီဖြစ်သလို လူထုခေါင်းဆောင်၏သားများ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး၏ မြေးများသည် မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ရန် လျှောက်ထားနိုင်မည့် အလားအလာလည်း ရှိကောင်းရှိနိုင် ပါသည်။ ဆိုရလျှင် လူထုခေါင်းဆောင် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများညီ ပြင်ဆင်နိုင်ကြပါသည်။
သို့ရာတွင် ထိုသို့ လူထုခေါင်းဆောင်၏ မျက်နှာကိုကြည့်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကို ရွေးချယ်ရာ၌ ပြဿနာများစွာ ရှိလာပါလိမ့်မည်။ အနီးကပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာကြ သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် သမ္မတဖြစ်ရန်မှာ ဥပဒေကခွင့်ပြုသော်လည်း လူထု၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ် မရှိပါ။ သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်သည်မှာ မကြာသေးသည့်အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၌ ဆွေမျိုးသားချင်းများလည်း ရှိနေသေးသော မြန်မာပြည်ပေါက် တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် ငွေကြေးအင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ လွှတ်တော်ကို စိုးမိုး၍ တနေ့နေ့ တချိန်ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားကြရန်လိုပါသည်။ ထိုအချိန်တွင် လူထု ခေါင်းဆောင်လည်း ရှိတော့မည်မဟုတ်သလို ဖွဲ့စည်းပုံကိုလည်း ယခင်ကအတိုင်း ပြန်လည်သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးဖြစ်ရေးသည် ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို ကြည့်ရန်လိုပါသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်သွေးနှောများအတွက် နိုင်ငံ၏အထွဋ်အထိပ်ရာထူးကို ရယူရန် လမ်းပွင့်သွား ပေလိမ့်မည်။
စာရေးသူအနေဖြင့် လူထုခေါင်းဆောင်ကို မထီမဲ့မြင် ပြုလုပ်ခြင်းမဟုတ်သလို ပုဂ္ဂလခံစားချက်အရဆိုလျှင် နိုင်ငံ၏ အထွဋ်အထိပ် ရာထူးအတွက် ထိုက်တန်ကြောင်း ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ပါသည်။ သို့သော် လက်တွေ့ကျသည့် ရှုထောင့်များကိုသာ စဉ်းစားကြည့်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတွင်မှ မဟုတ်ဘဲ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ၊ တိုင်းတပါး၏ ကျေးဇူးကို ခံစားရယူနိုင်သူများကို နိုင်ငံ့ခေါင်းဆောင် ရာထူးရယူရန် အမျိုးသား ရေးအမြင်ဖြင့် ပိတ်ပင်ထား သည်ကို တွေ့ရပါသည်။
နိဂုံးချုပ်ဆိုချင်သည်မှာ လူထုခေါင်းဆောင်အနေဖြင့် ရာထူးရယူသည်ဖြစ်စေ၊ မရယူသည်ဖြစ်စေ NLD ပါတီ ဆက်လက်ရပ်တည် သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပြည်သူလူထု၏ ရင်ထဲတွင် အထွဋ်အထိပ်နှင့် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှ လာ၍ ဖျက်မရ အောင် စွဲထင်နေသည်မှာ သေချာပါသည်။ နိုင်ငံအတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်တွေ ရှိရန်မလိုအပ် သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပါ။ အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်စေကာမူ အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ပါသည်။ သို့သော် သူမသည် ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ပါသည်။ သမ္မတသည် သက်တမ်းဆယ်နှစ်သာရှိ ပြီး အမျိုးသားခေါင်းဆောင်ဆိုသည်မှာ လူထုရင်ထဲတွင် ထာဝရရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် အကြောင်းကြောင်းကြောင့် အစိုးရအဖွဲ့ဝင် မဖြစ်ခဲ့လျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ရတနာတစ်ပါး ဖြစ်နေမည်မှာလည်း သေချာနေသည်ဖြစ်ရာ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဟန့်တားချက်များနှင့် ယင်းဟန့်တားချက်များကို ပယ်ဖျက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက် များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေးအရ ရွေးချယ်မှုပြုရန်မှာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။
0 နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး လွှတ်ပေးဖို့တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေတကိုယ်တော်ဆန္ဒပြ
လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပညာသင်ကြားပို့ချခွင့်ပါမစ်ကို ပြန်လည်ချပေးဖို့ တွံတေးမြို့ ကျူရှင်ဆရာ ဦးအောင်ဖေက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ တကိုယ်တော်ဆန္ဒပြ တောင်းဆိုသွားခဲ့ပါတယ်။
လူ့အခွင့်အရေးတကယ်ပေးဆိုတဲ့ စာတမ်းကိုကိုင်ဆောင်ပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မယူပဲ တွံတေးမြို့ ဈေးကြီးအနီးမှာ အခုလိုဆန္ဒပြ တောင်းဆိုသွားခဲ့တာပါ။
ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့၂၀၀၅ ခုနှစ်က ကျောင်းသားတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တွံတေးမြို့မှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုခဲ့တာကြောင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့အပြင် စာသင်ကြားခွင့်ပါမစ်ကိုလည်း ပိတ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက် ကမ္ဘာ့ ကျောင်းဆရာများနေ့နဲ့ နိုဝင်ဘာလ ၂၀ ရက် အမျိုးသားအောင်ပွဲနေ့ တွေမှာလည်း တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါသေးတယ်ခင်ဗျာ။
Burma Vj medianetwork
0 ဘိန်းပစ်ဖမ်းတာ၊ ချဲစာရွက်တွေ့လို့ ဖမ်းတာကို ဘယ်လို ကာကွယ်နိုင်မလဲ
ဟိုးအရင် ဖဆပလခေတ်တုန်းက နိုင်ငံရေးမှာ ဂျောက်တွန်းချင်တယ်ဆိုရင် “ဘိန်းပစ်ဖမ်းတယ်” လို့ ဖတ်ရဖူးပါတယ်။ ဒီဝေါဟာရကိုတော့ လူတိုင်း သိကြမှာပါ။ အမှုဆင်ပြီး ဖမ်းဆီးထောင်ချလိုတဲ့အတွက်ဖြစ်စေ၊ အမှုဖြစ်ပြီး သိက္ခာကျစေလိုတဲ့အတွက်ဖြစ်စေ တမင်တကာ ခြံဝင်း၊ နေအိမ်ထဲကို ဘိန်းပစ်သွင်းထားပြီးနောက် လာဖမ်းတာ၊ ဒါမှမဟုတ် လာဖမ်းချင်သူတွေက သက်သေတွေအတူနဲ့ ဝင်ရှာရင်း သူတို့မှာ အသင့်ပါလာတဲ့ ဘိန်းထုပ်ကို ခြံဝင်း၊ အိမ်၊ ကား စတဲ့ တနေရာရာက တွေ့သလိုလိုလုပ်ပြီး ဖမ်းတာလို့ သဘောပေါက်ရပါတယ်။ ချဲထီခေတ်စားလာတဲ့အခါမှာတော့ ချဲလက်မှတ် တွေ့တယ်ဆိုပြီး ဖမ်းကြပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အမှုဆင်ပြီး ဖမ်းချင်တဲ့အခါမှာ ချဲလက်မှတ် တွေ့တယ်ဆိုပြီး လောင်းကစားမှုနဲ့ ဖမ်းတာ အနည်းဆုံးတကြိမ်တော့ ဖတ်ဖူးပါတယ်။ အခုတလောမှာတော့ လယ်သမားတဦးကို ချဲစာရွက်တွေ့တယ်ဆိုပြီး လောင်းကစားမှုနဲ့ ဖမ်းပါတယ်။ တရားရုံးက အမှုကို စီရင်ချက် မချမီမှာ တရားသူကြီးကိုယ်တိုင်က တရားရုံးပြင်ပ အမှုကျေအေးအောင် ညှိတဲ့အနေနဲ့ ကျပ်ငွေ ၂၅ သိန်း တောင်းတဲ့ သတင်းကို ဖတ်ရပါတယ်။
သတင်းအရ ရဲက လာဖမ်းတဲ့အခါမှာ ရဲဝန်ထမ်း မဟုတ်တဲ့ အနည်းဆုံး အရပ်ဖက် သက်သေ ၂ ဦးနဲ့အတူ ရှာဖွေပုံစံ ပါရမယ်လို့ သိထားပါတယ်။
အခု ရေးသားခဲ့တဲ့အထိ ကျနော် မှားနေတာ၊ လိုအပ်နေတာကို ထောက်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်ဟာ အဲဒါတွေနဲ့ ပတ်သက်တဲ့ ပညာရှင်တဦး၊ ဝန်ထမ်းတဦး မဟုတ်လို့၊ ပြီးတော့လည်း အတွေ့အကြုံ မရှိခဲ့ဖူးသူ ဖြစ်လို့ပါပဲ။
ကျနော် မြင်တွေ့ဖူးတဲ့ ဂျပန်လူနေမှုအသိုင်းအဝိုင်းမှာ အခုလိုမျိုး ရဲက သက်သေခံပစ္စည်းတခုခုကို ရှာဖွေပုံစံနဲ့ လာဖမ်းပြီဆိုရင် ရဲဝန်ထမ်းတိုင်းက တခါသုံး လက်အိတ်တွေ စွပ်ထားရပါတယ်။ လူသတ်မှု အစရှိတဲ့ တချို့အမှုတွေဟာ သိပ်ပြီးလေးနက်တယ် ဆိုလို့ရှိရင် တာဝန်ကျရဲတွေဟာ လက်အိတ်စွပ်ရုံတင် မဟုတ်တော့ဘဲ သူတို့စီးလာတဲ့ ဖိနပ်တွေကိုတောင် ကြွပ်ကြွပ်အိတ်နဲ့ စွပ်ပြီး လမ်းလျှောက် ရှာဖွေရတာမျိုး အထိ တွေ့ဖူးပါတယ်။
ရဲက အလိုရှိနေတဲ့ သက်သေခံပစ္စည်းကို တွေ့တဲ့အခါမှာ သူတို့မှာ အသင့်ပါလာတဲ့ ဒိုးယိုပေါက် မြင်ရတဲ့ ပလပ်စတစ်အိတ် အကြည်ထဲကို လက်အိတ်စွပ်ထားတဲ့ လက်နဲ့ကိုင်ပြီး ထည့်ရပါတယ်။ ပြီးတော့ ပလပ်စတစ်အိတ် အပေါ်မှာရှိတဲ့ ပိတ်ဖို့လိုင်းကြောင်းအတိုင်း ပိတ်လိုက်ကြပါတယ်။ ဒါဆိုရင် လာဖမ်းသူ ရဲတွေရဲ့ လက်ဗွေရာဟာ သက်သေခံပစ္စည်းပေါ်မှာ မရှိဘဲ ဖြစ်သွားပါတယ်။
တကယ်လို့ သက်သေခံပစ္စည်းက ပိုင်ရှင်စစ်မှန်ရင် ပိုင်ရှင်ရဲ့ လက်ဗွေရာသာ အဲဒီပစ္စည်းအပေါ်မှာ ရှိနေရမှာကို ကျိန်းသေပေါက် တွေ့ပါလိမ့်မယ်။ အခြား ဘယ်သူ့လက်ဗွေရာမှ ရှိနေမှာ မဟုတ်ပါဘူး။ တခါတလေ အမှုပေါ်မူတည်ပြီး ငွေကုန်ကြေးကျ များလှတဲ့ DNA နဲ့ စစ်ယူတာလည်း ရှိတတ်ပါတယ်။
ဒါက မသမာတဲ့ ဖမ်းဆီးမှုတွေ မရှိရအောင်၊ မတရားမှုတွေ မရှိရအောင်၊ တရားဥပဒေအတိုင်း တိတိကျကျ ဖြစ်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ အမှုမှာ သက်သေခံပစ္စည်းကြောင့် စွပ်စွဲခံရသူဘက်ကိုလည်း ဥပဒေအရ ကာကွယ်ပေးထားတဲ့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းပစ်ဖမ်းတယ်၊ ချဲစာရွက်တွေ့တယ် ဆိုပြီး ရဲက အမှုဆင်ဖမ်းကြရာမှာ ဂျပန်ရဲတွေလို လက်အိတ် မစွပ်ထားတာက သေချာပါတယ်။ ဒီလိုအမှုမျိုးမှာ ရဲတွေ အသင့် ယူဆောင်လာတဲ့ ချဲစာရွက်ကို အဖမ်းခံရသူအနေနဲ့ တခါမှ ကိုင်ဖူးတာ မရှိလို့ သူ့ရဲ့လက်ဗွေရာဟာ သက်သေခံပစ္စည်းဆိုတဲ့ စာရွက်အပေါ်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ဒီတော့ သက်သေခံပစ္စည်းရဲ့ လက်ဗွေရာကို ပြန်စစ်ဆေးရင် ယူဆောင်ကိုင်တွယ်တဲ့ ရဲရဲ့ လက်ဗွေရာကိုသာ မငြင်းနိုင်အောင် တွေ့ရမှာ ဖြစ်ပါတယ်။
သက်သေခံပစ္စည်းရဲ့ လက်ဗွေရာကို ပြန်စစ်ဆေးတဲ့အပိုင်းမှာတော့ တိတိကျကျ မှန်ကန်အောင် လုပ်ယူရပါမယ်။ အဲဒီလို မှန်ကန်နေမှသာ ဖမ်းဆီးစွပ်စွဲခံရသူဘက်က ရှေ့နေတွေဟာ တရားဥပဒေနဲ့ ဘောင်ဝင်အောင် လုပ်ပေးနိုင်မှာ ဖြစ်သလို တရားသူကြီးဘက်ကလည်း တရားမျှတစွာ စစ်ဆေး စီရင်နိုင်မယ်လို့ ယူဆပါတယ်။
သက်သေခံပစ္စည်းကို စွပ်စွဲခံရသူရဲ့ ခြံဝင်း၊ အိမ်၊ ကားဂိုဒေါင်၊ ကား၊ ပိုက်ဆံအိတ်၊ လွယ်အိတ်နဲ့ လက်ဆွဲအိတ် အစရှိတဲ့ နေရာတွေမှာ ရှာတဲ့အခါမှာ လက်အိတ်စွပ်ပြီး ရှာဖွေတာနဲ့ လက်ဗွေစနစ်ကို သုံးတာဟာ အမှုကို အမှန်ကန်ဆုံး ဖြစ်နိုင်ဖို့အတွက် သေချာပေါက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်လာအောင် ကြိုးပမ်းနေချိန်မှာ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို လုပ်ကြဖို့ ပြောဆိုထားတာ အလေးအနက် သတိပြုမိပါတယ်။ ခေတ်၊ စနစ်နဲ့ လျော်ညီစေနိုင်မယ့် ဥပဒေတွေဖြစ်လာအောင် ပြောင်းလဲပေးနေသလို အစိုးရအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေအပြင် ဝန်ထမ်းတွေရဲ့ အကျင့်စရိုက်တွေကိုလည်း အလိုက်အထိုက် ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
နမူနာကောင်းတခုကတော့ အခြားနိုင်ငံ့ခေါင်းဆောင်တွေလိုပဲ ဝန်ထမ်းအားလုံး၊ ပြည်သူအားလုံးနဲ့ ပတ်သက်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သြဝါဒနဲ့ လမ်းညွှန်ချက်တွေကို သမ္မတအနေနဲ့ မကြာမကြာ ပြောဆိုပေးဖို့ လိုအပ်တယ်လို့လည်း ယူဆပါတယ်။
တကယ်လို့ မြန်မာနိုင်ငံမှာ ဂျပန်ရဲတွေရဲ့ ရှာဖွေပုံစံအတိုင်း ကျင့်သုံးနိုင်မယ်ဆိုရင် အင်မတန် ကောင်းမွန် စိတ်ချရတဲ့ တရားရေးစနစ်ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ သိပ်မရှိလှပါဘူး။ အဲဒီအခါမှာ တရားရေးစနစ်နဲ့ ရဲဝန်ထမ်းတွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို အဆများစွာ ပိုမို ရရှိလာနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူပြုနိုင်တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ တရားစီရင်ရေးစနစ်ရဲ့ ဂုဏ်သိက္ခာ၊ ရဲတွေရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်သွားနိုင်ပါတယ်။
လွင်အောင်စိုး
၁ဝ-၁၂-၂ဝ၁၁
0 သင် လူအစစ်ဆိုတာ သေချာလား? [ သွန်းနေစိုး ]
ဖိနှိပ်သူဆိုတာရော လူသားစစ်စစ်လို့ပြောနိုင်ပါလား။ မဟုတ်ပါ။ လူကို လူမဆန်စွာ ဖိဆီးနှိပ်စက်သူတိုင်းဟာ သူ့ကြောက်စိတ်ကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ်ပြသနေတာဖြစ်တယ်။ ကြောက်နေတယ်ဆိုကတည်းက သတ္တိမရှိတော့ဘူး။ သတ္တိမရှိရင် လူမဟုတ် တော့ဘူး။ ဒီလို ဖိဆီးနှိပ်စက်သူတိုင်းက လူသားရုပ်သွင် လုံးဝပျောက်ပြီး လူ့အဖြစ်က လျှောကျသွားပါပြီ။
လူ့ပြည်မှာနေတယ်။ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်တယ်။ လူလို စားပြီး လူလို ပြောတယ်။ ဒါနဲ့ပဲ လူအစစ်ဆိုတာ သေချာပြီလား။ ကျနော်သဘောကျတဲ့ စာအုပ်လေးတစ်အုပ်ရှိပါတယ်။ PAUL TILLICH ရေးတဲ့ THE COURAGE TO BE တဲ့။ သူက ဘာသာရေးနဲ့ အတွေးအခေါ်ကို ဇောင်းပေးရေးထားတယ်။ ကျနော်စွဲနေမိတာ က အဲဒီထဲက သဘောတရားလေးကိုပါ။ သူ့စာအုပ်နာမည်ကိုက ဘယ်လောက်လန်းသလဲ။ ကျနော်က ... လူလုပ်ရဲတဲ့သတ္တိ လို့ ဘာသာပြန်ချင်မိတယ်။
လူလုပ်ရဲဖို့ သတ္တိလိုတယ် ...
အဲဒီလိုပြောလိုက်ရင် သင့်စိတ်ထဲ ဘယ်လိုနေမလဲ?
ဒီစကားကို နောက်တစ်ဘက်က စဉ်းစားကြည့်ပါ။
သတ္တိမရှိရင် လူ (အစစ်) မဖြစ်နိုင်တော့ဘူး။ ဒါဆို ဘာတွေဖြစ်ကုန်မလဲ?
ဒီမေးခွန်းကို မဖြေခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်လေးတစ်ခုကို ထုတ်နှုတ်ဖော်ပြချင်ပါတယ်။ ဆရာမောင်ထင်ရေးတဲ့ ဗမာ့နိုင်ငံရေး သုခမိန်စာအုပ်ထဲက ကောက်နုတ်တာဖြစ်ပါတယ်။
`ကျုပ်တို့မှာ အခွင့်အလမ်းရယ်လို့ မရရှိခဲ့ဘူးလို့ ကျုပ်တို့ ဒီလို ဖြစ်ခဲ့ရတာပဲ´
တဲ့။ ဗိုလ်ချုပ်ရည်ညွှန်းတာ ကိုလိုနီစနစ်အောက်က မြန်မာတွေရဲ့အကြောင်းပါ။ ဒါပေမဲ့ ကျနော်က တစ်မျိုးလေး ဖြန့်ပြီး တွေးကြည့်မိတယ်။
ကိုလိုနီစနစ်ရဲ့ ပိပြားအောင်ဖိဆီးထားခြင်း ခံနေရတဲ့အောက်မှာနေရင်း တစ်ချို့ရပ်တည်ချက် မခိုင်မာသူတွေဟာ လူနဲ့မတူတော့ဘူး။ လူလို မကျင့် လူလို မကြံနိုင်တော့ဘူး။ ဒါဆို ဘာဖြစ်သွားလဲ။ ဒီအချိန် ခေါင်းထဲရောက်လာတာက `အ၀ိဥာဏက´ ဆိုတဲ့စကားလေးပါ။ ၀ိဥာဉ်မဲ့ပေါ့။ သက်မဲ့လို့ ပြောတာ မဟုတ်ဘူးနော်။ ၀ိဥာဉ်မဲ့သွားတာ။
ငြိမ်ဝပ်နေအောင် ဖိဆီးထားမှုနဲ့ကြုံတဲ့အခါ တည်ငြိမ်အောင် မရပ်တည်နိုင်ရင် ...
တစ်ချို့က ၀ိဥာဉ်မဲ့လူဖြစ်သွားတယ်။ နောက်တစ်ချို့ကျတော့ကော။
ဒါကို ကန်ထွက်တယ်။ ဖိဆီးမှုကို၊ ပိတ်ဆီးမှုကို ကန်တယ်။ ကန်ရင်းနဲ့ ဘာဖြစ်ကုန်လဲ။
ဆိုလိုချင်တာက လူအဖြစ်က ယုတ်လျှော့သွားရတဲ့အကြောင်းပါ။
လူသားစစ်စစ်အဖြစ် တည့်မတ်အောင် နေနိုင်ဖို့အတွက် ပိုကဲတုန့်ပြန်မှုမကောင်းသလို ခေါင်းလျိုးဝင်လိုက်စရာလည်း မလိုပါဘူး။ ဒါကြောင့် လူလုပ်ရဲဖို့ သတ္တိလိုတယ်ပြောတာပေါ့။ သတ္တိမှ တော်တော်ကြီးမားတဲ့သတ္တိ လိုတာဖြစ်ပါတယ်။
ကျနော်အင်မတန်ကြိုက်တဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ချို့ရှိပါတယ်။ Bridge on the River Kwai ဆိုတဲ့ ဇာတ်ကားကပါ။ ဖက်ဆစ်တွေလက်ထဲရောက်နေတဲ့ မဟာမိတ်တပ်က အရာရှိကြီးဟာ တဆိတ်ရှိ သုံ့ပန်းတွေကို ပေးရမယ့်အခွင့်အရေး ဥပဒေစာအုပ်ကြီးချည်း ပြေးပြေးဆွဲပြနေတာ။ အရောင်အဆင်းတောင် မပေါ်တော့လောက်အောင် စုတ်ပြတ်နေတဲ့ ယူနီဖောင်းတွေနဲ့ လူတွေကလည်း နံရိုးအပြိုင်းပြိုင်းဖြစ်နေပေမဲ့ ရန်သူရှေ့မှာ တင်းတင်းတောင့်ရပ်ရင်း တပ်ဖွဲ့စည်းပုံမပျက် ဟန်ရေးပြလိုက်သေးတာ။
ဒါတွေကြည့်ပြီး ကျနော့်စိတ်ထဲ ဘယ်လို ခံစားလာရသလဲဆိုတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို သူကိုယ်တိုင် ချမပစ်မချင်း ဘယ်သူမှချိုးနှိမ်လို့ မရဘူးဆိုတဲ့အကြောင်းပါပဲ။
တနည်းပြောရရင် လူစင်စစ်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ အဓိကလိုပါတယ်။ ဘယ်လောက်ဖိနှိပ်သူတွေရှိရှိ၊ ဘယ်လောက် ပြင်းထန်တဲ့ ဖိနှိပ်ခြင်းနဲ့ကြုံကြုံပါ။
ဖိနှိပ်သူဆိုတာရော လူသားစစ်စစ်လို့ပြောနိုင်ပါလား။ မဟုတ်ပါ။ လူကို လူမဆန်စွာ ဖိဆီးနှိပ်စက်သူတိုင်းဟာ သူ့ကြောက်စိတ်ကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ်ပြသနေတာဖြစ်တယ်။ ကြောက်နေတယ်ဆိုကတည်းက သတ္တိမရှိတော့ဘူး။ သတ္တိမရှိရင် လူမဟုတ် တော့ဘူး။ ဒီလို ဖိဆီးနှိပ်စက်သူတိုင်းက လူသားရုပ်သွင်လုံးဝပျောက်ပြီး လူ့အဖြစ်က လျှောကျသွားပါပြီ။
ဒီနေရာမှာ ဖိဆီးသူနဲ့ ဖိဆီးနှိပ်စက်ခံရသူ ဘယ်သူပိုမြင့်မြတ်သလဲ? မေးခွန်းတစ်ခုတော့ ကြားဝင်မေးချင်မိတယ်။
ဖိဆီး နိုင်စား နေနိုင်တိုင်း အထက်ဆီးရောက်နေတာ မဟုတ်ပါ။ မြင့်မြတ်နေတာ မဟုတ်ပါ။ စကားပမာ လူတစ်ယောက်နဲ့ ကျားတစ်ကောင် မျက်နှာချင်းဆိုင် တွေ့ရင် (လက်နက်လဲ မပါဘူးဆိုရင်၊ ယေဘုယျအားဖြင့်) လူပဲ ခံရမှာပါ။ ကျားက အင်အားသာတာကိုး။ ဒါနဲ့ပဲ ကျားကို လူထက် ပိုမြင့်မြတ်တယ်လို့ ပြောနိုင်မလား။ ကျားဆိုတာက အဟိတ်တိရိစ္ဆာန်လေ။ အားကြီးသူက နိုင်စတမ်းဆိုတဲ့ဝါဒဟာ တောရိုင်းဝါဒပါ။ တိရိစ္ဆာန်တွေဆီမှာပဲ ရှိပါတယ်။
ဖိဆီးနှိပ်စက်မှုနဲ့ ကြုံရတိုင်းမှာ တည်ငြိမ်ဂုဏ်သိက္ခာရှိစွာတုန့်ပြန်နိုင်ရင် ... လူပီသတယ်၊ လူသားဂုဏ်သိက္ခာနဲ့ ပြည့်ဝတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒါကြောင့် (မတရား အဖိဆီးအနှိပ်စက် ခံနေရပေမယ့်လဲ) အဲဒီလို ခံနေရသူက ပိုမြင့်မြတ်နိုင်တယ်။
ရှင်းအောင် နောက်တစ်မျိုးတင်ပြပါ့မယ်။
လူတွေမှာ လောကဓံလို့ ခေါ်ကြတဲ့ အနိမ့်အမြင့် အတက်အကျတွေ ရှိတယ်။ ဖိဆီးနှိပ်စက်ခံရတာမျိုး အကြောက်တရားနဲ့ ထိပ်တိုက်တိုးရမယ့် အခြေအနေတွေရှိပါတယ်။ ဒီအခါမျိုးမှာ ဘယ်လို တုန့်ပြန်မလဲ? သိပ်အရေးကြီးပါတယ်။
လိုအပ်တာက ငါဟာ လူသားတစ်ယောက်ဖြစ်တယ်။ လူသားဖြစ်လို့ လူ့ဆင်ခြင်တုံတရားရှိတယ်။ လူသားဂုဏ်သိက္ခာရှိတယ်။ လူသားဂုဏ်သိက္ခာနဲ့အညီ နေထိုင်ရမယ် ... ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးရှိရပါမယ်။
ဒီလိုမဟုတ်ပဲ ကြုံလာတဲ့အခြေအနေကို ကြောက်လို့ အလျှော့ပေးလိုက်မယ်၊ ပြုသမျှနုမယ်။ အကြောက်တရားကြောင့် မိမိကိုယ်ကျင့်သိက္ခာနဲ့ အိနြေ္ဒကို ပျက်ယွင်းစေမယ်ဆိုရင် လူ့အဖြစ်က လျှောကျသွားပါပြီ။ ကိုယ့်ကို ဖိဆီးလာတဲ့ အားကကြီးလွန်းလို့ မတွန်းလှန်နိုင်တောင် ဂုဏ်သိက္ခာရှိတဲ့ လူသားအဖြစ်ကိုတော့ မယုတ်လျှော့ရလေအောင် နေရပါမယ်။ Bridge on the River Kwai ထဲက လိုပေါ့။
ကျနော်အခုဦးတည်နေတာ သမိုင်းအကြောင်း၊ နိုင်ငံရေးအကြောင်းမဟုတ်ပါ။ လူသားဂုဏ်သိက္ခာကို ဖွင့်ဆိုရှင်းပြနေတာ ဖြစ်ပါတယ်။
ဥပမာဖြစ်ရပ်လေးတစ်ချို့ တင်ပြပါ့မယ်။
ပထမဖြစ်ရပ်က ဟစ်တလာအကြောင်း။ ဟစ်တလာဟာ လူမဆန်တဲ့အပြုအမူအများကြီး ပြုလုပ်ခဲ့သူဆိုတာ လူတိုင်းသိပါတယ်။ မဟာလူမျိုးကြီးဝါဒ။ သန့်စင်တဲ့လူမျိုးပဲရှိစေဖို့ဆိုပြီး ဂျူးတွေကို သုတ်သင်ရှင်းလင်းခဲ့တယ်။ ဒီတော့ သူ့အမြင်အရ လူတွေဟာ သားဖောက်ထားတဲ့ သတ္တ၀ါတွေလို သွေးသန့်တာတွေ မသန့်တာတွေဖြစ်နေပါပြီ။ အနှံကောင်းကောင်းတွေချည်း ထွက်ဖို့ မျိုးသန့်ပစ်ရအောင် လူဆိုတာ စပါးနှံမှ မဟုတ်တာ။
နောက် မကြာခင်လေးတင် ဂန့်သွားတဲ့ ဂဒါဖီအကြောင်း။ ဂဒါဖီဟာလူမဆန်ဘူး၊ ရက်စက်တဲ့အကြမ်းဖက်မှုတွေ ဒင်းကြမ်းလုပ်ခဲ့တယ်။ ဒါကို လူတိုင်းသိပါတယ်။ သေတော့လဲ လူသားဆန်ဆန် ဂုဏ်သိက္ခာရှိတဲ့ သေဆုံးခြင်းကို ရမသွားခဲ့ပါဘူး။ (ဒါက သူ့ရွေးချယ်မှုနဲ့လဲ ဆိုင်ပါတယ် နောက်ဆုံးအခြေအနေမှာ သူ့ကိုယ်သူ ပစ်သတ်လိုက်သင့်တယ်) ဒါပေမဲ့ သူ့ကို သတ်ကြသူတွေကလည်း လူမဆန်ပြန်ပါဘူး။
ဒါဟာ လူတွေနေတဲ့လောကလို့ သတ်မှတ်တယ်ဆိုရင်၊ တိရိစ္ဆာန်အုပ်ကြီး ကသောင်းကနင်းဖြစ်နေတာမျိုးနဲ့ မတူစေ့ချင်ရင် ဂဒါဖီကို ဖမ်းမိတဲ့အခါ ရုံးတင်အပြစ်ပေးသင့်တယ်။ ပြီးမှ ဘယ်နှစ်ကြိမ် သေဒါဏ်ချချပေါ့။ အဲဒီကျရင်လဲ လူလူချင်းဖြစ်လို့ သူ့ကိုသတ်တောင် လူလိုပဲ သတ်သင့်ပါတယ်၊
ဒေါသကြောင့်ဖြစ်စေ အကြောက်တရားကြောင့်ဖြစ်စေ လူဟာ လူအဖြစ်က ယုတ်လျှော့သွားတတ်ပါတယ်။
လိုအပ်တာက ... သတ္တိပါ။
အခြေအနေဆိုးလွန်းစဉ်မှာတောင် အဲဒီအခြေအနေက ထွက်ပေါက်ရမလားလို့ ကိုယ့်ကျင့်သိက္ခာကို ချပစ်လိုက်တာမျိုး၊ ခွေးကို ဘေးအပိတ် ကန်ခံရတဲ့အခါ အိုင်ကနဲ ကြောက်ကြောက်နဲ့ အော်ရင်း မျက်လုံးလေး ကလည်ကလည်နဲ့ အမြီးနှံ့ပြ သလိုမျိုး မလုပ်ပဲ ... အိုကေ မင်းနိုင်တော့ မင်းကန်တယ်၊ ငါကလဲ တွန်းလှန်ဖို့ အားမရှိဘူး။ ကန်ပေါ့၊ ကန်တာက မင်းအလုပ်။ ငါကလည်း သေလုမျောပါး အနှိပ်စက်ခံနေရစဉ်မှာတောင် အံကြိတ်တင်းခံရင်း ငါ့ရပိုင်ခွင့် အခွင့်အရေးတွေကို တစာစာ တောင်းနေရမှာကလဲ ငါ့အလုပ်လို့ ပိုင်းဖြတ်ရဲတဲ့ သတ္တှိရှိမယ်ဆိုရင် အဲဒီလိုလူမျိုးဟာ ဘယ်တော့မှ လူအဖြစ်က ယုတ်လျှော့လိမ့်မယ် မဟုတ်ပါ။
ကျနော်ငယ်ငယ်က ဂျိမ်းစ်ဘွန်းကားတွေကို တော်တော်ကြိုက်ပါတယ်။ အဓိကသဘောကျတာက ဂျိမ်းစ်ဘွန်းရဲ့ သတ္တိပါ။ ဂျိမ်းစဘွန်းကို ရန်သူအဖမ်းခံရ၊ အနှိပ်စက်ခံရတဲ့ အခန်းတစ်ခု ကြည့်ဘူးတယ်။ သူဘာလုပ်သလဲ အနှိပ်စက်ခံရလို့ မခံမရပ်နိုင်တဲ့အခါ အော်တယ်။ ဒါပေမဲ့ ငိုပြီး မတောင်းပန်ဘူး။ ဒူးမထောက်လိုက်ဘူး။ အတင်းစစ်ရင် ပြောတယ်။ ပြောသမျှဟာ မုသားတွေ။
[ ဒီနေရာမှာ ကြုံလို့ စာအုပ်တစ်အုပ်ထဲက ဖတ်ဘူးတာလေးတစ်ခု ကောက်နုတ်ချင်ပါတယ်။ အမှန်တစ်ဝက်ရောထားတဲ့ မုသားဟာ အတော်ဝေခွဲရခက်စေတယ်တဲ့။ ဂျိမ်းစ်ဘွန်းကလဲ ဒီလိုပါပဲ၊ သူ့အစစ်ခံချက်တွေဟာ ပါးပါးလှပ်လှပ် အကွက်ဆင်ထားတဲ့ အစစ်ခံချက် တွေဖြစ်တယ်။ စစ်ဆေးသူကို သူ (ဂျိမ်းစ်ဘွန်း) လိုချင်တဲ့ အမှားအယွင်းလုပ်ရပ်တွေဆီ ပုံဖော်လုပ်ကိုင်မိအောင် လမ်းကြောင်း ထားတာတွေ ဖြစ်တယ်။ ]
ဒါကြောင့် ဂျိမ်းစ်ဘွန်းဟာ လူပီသတယ်။ အဲဒါကြောင့် ကျနော်ကြိုက်ပါတယ်။
တကယ်တော့ ဖိဆီးမှုကို တွန်းလှန်တိုင်း၊ ဒေါသကို ထွက်ပေါက်ပေးတိုင်းလည်း လူ့အလုပ်လုပ်ခြင်း မဟုတ်ပါ။ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုမူဆောင်ရွက်မှုတိုင်းဟာ လူ့အဖြစ်က ယုတ်လျှော့သွားခြင်းကို ပြပါတယ်။
ကျနော်အကြိမ်ကြိမ်တွေ့ဘူးပါတယ်။ ကားမှတ်တိုင်က အလှဆင်ထားတဲ့ ပိုစတာတွေကို ဓားနဲ့ထိုးခွဲသွားတာမျိုး၊ လမ်းဘေးမီးတိုင်ကို ခဲနဲ့ ပစ်ခွဲထားတာမျိုး။ ကိုယ့်အတွက်လည်း အကျိုးမရှိ။ ထိလည်း မထိရောက်ပဲ ဘာလုပ်ကြမလဲ။ တည်တည်ငြိမ်ငြိမ် ရပ်တည်ရဲတဲ့သတ္တိ လိုပါတယ်။
ကျနော်ကိုယ်တိုင် မတရားမှုတွေကြုံရတိုင်းမှာ ဒေါသထွက်မိတာတွေရှိတယ်။ ဒီ Facebook ဟာ အင်မတန် ခံစားချက်တွေ ဖွင့်အံချလို့ ကောင်းတဲ့နေရာပေါ့။ ကျနော်ကြုံရတဲ့ မတရားမှုတွေကို ဒီစာမျက်နှာတွေပေါ်မှာ ဆဲချဖွင့်ထုတ်ပစ်လိုက်လို့ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ မလုပ်ပါ။ ကိုယ့်ကိုယ်ကို လူသားဂုဏ်သိက္ခာ မပျက်ယွင်းရအောင် နေမယ်လို့ သံဓိဌာန်ထားပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဗိုလ်ချုပ်တို့ ပြောကြတယ်ဆိုတာ မေတ္တာနဲ့ ကောင်းစေ့ချင်လို့ အများအတွက် ပြောတာဖြစ်ပါတယ်။ ပြီးတော့ လူကြီးသူမ အုပ်ထိန်းသူက ကလေးငယ်ကိုဆိုဆုံးမသလို ပြောတာ။ ဒီလိုမဟုတ်ပဲ ကိုယ့်ဒေါသကို ဖွင့်ထုတ်ချင်ရုံသက်သက် ဆဲရေးမယ်ဆိုရင်တော့ လူသားဂုဏ်သိက္ခာ ယုတ်လျှော့တယ်လို့ ကျနော်ခံစားရပါတယ်။ တစ်ချိန် အသက်ကြီးလာလို့ ကိုယ့်ငယ်စဉ်က လုပ်ရပ်တွေကို ပြန်ကြည့်တဲ့အခါ အရှက်ရနေမှာမျိုး မဖြစ်လိုပါ။
မကျေနပ်မှုကို မဖော်ထုတ်ရဘူး မဟုတ်ပါ။ ဒါပေမဲ့ ဂုဏ်သိက္ခာရှိစွာ ဖော်ထုတ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။
ကျနော်တို့မှာ ပြင်စရာအကျင့်တွေ တော်တော်များများရှိပါသေးတယ်။ အရေးအကြီးဆုံးကတော့ ဘယ်လိုလုပ်ရပ်မဆို လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ အားထုတ်နေထိုင်သွားဖို့ဘဲ ဖြစ်ပါတော့တယ်။
Ref; THE COURAGE TO BE by PAUL TILLICH
သွန်းနေစိုး Thorn Nay Soe