Sunday, December 11, 2011

0 ဘိန်းပစ်ဖမ်းတာ၊ ချဲစာရွက်တွေ့လို့ ဖမ်းတာကို ဘယ်လို ကာကွယ်နိုင်မလဲ


ဟိုးအရင် ဖဆပလခေတ်တုန်းက နိုင်ငံရေးမှာ ဂျောက်တွန်းချင်တယ်ဆိုရင် “ဘိန်းပစ်ဖမ်းတယ်” လို့ ဖတ်ရဖူးပါတယ်။ ဒီဝေါဟာရကိုတော့ လူတိုင်း သိကြမှာပါ။ အမှုဆင်ပြီး ဖမ်းဆီးထောင်ချလိုတဲ့အတွက်ဖြစ်စေ၊ အမှုဖြစ်ပြီး သိက္ခာကျစေလိုတဲ့အတွက်ဖြစ်စေ တမင်တကာ ခြံဝင်း၊ နေအိမ်ထဲကို ဘိန်းပစ်သွင်းထားပြီးနောက် လာဖမ်းတာ၊ ဒါမှမဟုတ် လာဖမ်းချင်သူတွေက သက်သေတွေအတူနဲ့ ဝင်ရှာရင်း သူတို့မှာ အသင့်ပါလာတဲ့ ဘိန်းထုပ်ကို ခြံဝင်း၊ အိမ်၊ ကား စတဲ့ တနေရာရာက တွေ့သလိုလိုလုပ်ပြီး ဖမ်းတာလို့ သဘောပေါက်ရပါတယ်။ ချဲထီခေတ်စားလာတဲ့အခါမှာတော့ ချဲလက်မှတ် တွေ့တယ်ဆိုပြီး ဖမ်းကြပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အမှုဆင်ပြီး ဖမ်းချင်တဲ့အခါမှာ ချဲလက်မှတ် တွေ့တယ်ဆိုပြီး လောင်းကစားမှုနဲ့ ဖမ်းတာ အနည်းဆုံးတကြိမ်တော့ ဖတ်ဖူးပါတယ်။ အခုတလောမှာတော့ လယ်သမားတဦးကို ချဲစာရွက်တွေ့တယ်ဆိုပြီး လောင်းကစားမှုနဲ့ ဖမ်းပါတယ်။ တရားရုံးက အမှုကို စီရင်ချက် မချမီမှာ တရားသူကြီးကိုယ်တိုင်က တရားရုံးပြင်ပ အမှုကျေအေးအောင် ညှိတဲ့အနေနဲ့ ကျပ်ငွေ ၂၅ သိန်း တောင်းတဲ့ သတင်းကို ဖတ်ရပါတယ်။

သတင်းအရ ရဲက လာဖမ်းတဲ့အခါမှာ ရဲဝန်ထမ်း မဟုတ်တဲ့ အနည်းဆုံး အရပ်ဖက် သက်သေ ၂ ဦးနဲ့အတူ ရှာဖွေပုံစံ ပါရမယ်လို့ သိထားပါတယ်။

အခု ရေးသားခဲ့တဲ့အထိ ကျနော် မှားနေတာ၊ လိုအပ်နေတာကို ထောက်ပြပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်ဟာ အဲဒါတွေနဲ့ ပတ်သက်တဲ့ ပညာရှင်တဦး၊ ဝန်ထမ်းတဦး မဟုတ်လို့၊ ပြီးတော့လည်း အတွေ့အကြုံ မရှိခဲ့ဖူးသူ ဖြစ်လို့ပါပဲ။

ကျနော် မြင်တွေ့ဖူးတဲ့ ဂျပန်လူနေမှုအသိုင်းအဝိုင်းမှာ အခုလိုမျိုး ရဲက သက်သေခံပစ္စည်းတခုခုကို ရှာဖွေပုံစံနဲ့ လာဖမ်းပြီဆိုရင် ရဲဝန်ထမ်းတိုင်းက တခါသုံး လက်အိတ်တွေ စွပ်ထားရပါတယ်။ လူသတ်မှု အစရှိတဲ့ တချို့အမှုတွေဟာ သိပ်ပြီးလေးနက်တယ် ဆိုလို့ရှိရင် တာဝန်ကျရဲတွေဟာ လက်အိတ်စွပ်ရုံတင် မဟုတ်တော့ဘဲ သူတို့စီးလာတဲ့ ဖိနပ်တွေကိုတောင် ကြွပ်ကြွပ်အိတ်နဲ့ စွပ်ပြီး လမ်းလျှောက် ရှာဖွေရတာမျိုး အထိ တွေ့ဖူးပါတယ်။

ရဲက အလိုရှိနေတဲ့ သက်သေခံပစ္စည်းကို တွေ့တဲ့အခါမှာ သူတို့မှာ အသင့်ပါလာတဲ့ ဒိုးယိုပေါက် မြင်ရတဲ့ ပလပ်စတစ်အိတ် အကြည်ထဲကို လက်အိတ်စွပ်ထားတဲ့ လက်နဲ့ကိုင်ပြီး ထည့်ရပါတယ်။ ပြီးတော့ ပလပ်စတစ်အိတ် အပေါ်မှာရှိတဲ့ ပိတ်ဖို့လိုင်းကြောင်းအတိုင်း ပိတ်လိုက်ကြပါတယ်။ ဒါဆိုရင် လာဖမ်းသူ ရဲတွေရဲ့ လက်ဗွေရာဟာ သက်သေခံပစ္စည်းပေါ်မှာ မရှိဘဲ ဖြစ်သွားပါတယ်။

တကယ်လို့ သက်သေခံပစ္စည်းက ပိုင်ရှင်စစ်မှန်ရင် ပိုင်ရှင်ရဲ့ လက်ဗွေရာသာ အဲဒီပစ္စည်းအပေါ်မှာ ရှိနေရမှာကို ကျိန်းသေပေါက် တွေ့ပါလိမ့်မယ်။ အခြား ဘယ်သူ့လက်ဗွေရာမှ ရှိနေမှာ မဟုတ်ပါဘူး။ တခါတလေ အမှုပေါ်မူတည်ပြီး ငွေကုန်ကြေးကျ များလှတဲ့ DNA နဲ့ စစ်ယူတာလည်း ရှိတတ်ပါတယ်။

ဒါက မသမာတဲ့ ဖမ်းဆီးမှုတွေ မရှိရအောင်၊ မတရားမှုတွေ မရှိရအောင်၊ တရားဥပဒေအတိုင်း တိတိကျကျ ဖြစ်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ အမှုမှာ သက်သေခံပစ္စည်းကြောင့် စွပ်စွဲခံရသူဘက်ကိုလည်း ဥပဒေအရ ကာကွယ်ပေးထားတဲ့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းပစ်ဖမ်းတယ်၊ ချဲစာရွက်တွေ့တယ် ဆိုပြီး ရဲက အမှုဆင်ဖမ်းကြရာမှာ ဂျပန်ရဲတွေလို လက်အိတ် မစွပ်ထားတာက သေချာပါတယ်။ ဒီလိုအမှုမျိုးမှာ ရဲတွေ အသင့် ယူဆောင်လာတဲ့ ချဲစာရွက်ကို အဖမ်းခံရသူအနေနဲ့ တခါမှ ကိုင်ဖူးတာ မရှိလို့ သူ့ရဲ့လက်ဗွေရာဟာ သက်သေခံပစ္စည်းဆိုတဲ့ စာရွက်အပေါ်မှာ ရှိနေမှာ မဟုတ်ပါဘူး။ ဒီတော့ သက်သေခံပစ္စည်းရဲ့ လက်ဗွေရာကို ပြန်စစ်ဆေးရင် ယူဆောင်ကိုင်တွယ်တဲ့ ရဲရဲ့ လက်ဗွေရာကိုသာ မငြင်းနိုင်အောင် တွေ့ရမှာ ဖြစ်ပါတယ်။

သက်သေခံပစ္စည်းရဲ့ လက်ဗွေရာကို ပြန်စစ်ဆေးတဲ့အပိုင်းမှာတော့ တိတိကျကျ မှန်ကန်အောင် လုပ်ယူရပါမယ်။ အဲဒီလို မှန်ကန်နေမှသာ ဖမ်းဆီးစွပ်စွဲခံရသူဘက်က ရှေ့နေတွေဟာ တရားဥပဒေနဲ့ ဘောင်ဝင်အောင် လုပ်ပေးနိုင်မှာ ဖြစ်သလို တရားသူကြီးဘက်ကလည်း တရားမျှတစွာ စစ်ဆေး စီရင်နိုင်မယ်လို့ ယူဆပါတယ်။

သက်သေခံပစ္စည်းကို စွပ်စွဲခံရသူရဲ့ ခြံဝင်း၊ အိမ်၊ ကားဂိုဒေါင်၊ ကား၊ ပိုက်ဆံအိတ်၊ လွယ်အိတ်နဲ့ လက်ဆွဲအိတ် အစရှိတဲ့ နေရာတွေမှာ ရှာတဲ့အခါမှာ လက်အိတ်စွပ်ပြီး ရှာဖွေတာနဲ့ လက်ဗွေစနစ်ကို သုံးတာဟာ အမှုကို အမှန်ကန်ဆုံး ဖြစ်နိုင်ဖို့အတွက် သေချာပေါက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်လာအောင် ကြိုးပမ်းနေချိန်မှာ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို လုပ်ကြဖို့ ပြောဆိုထားတာ အလေးအနက် သတိပြုမိပါတယ်။ ခေတ်၊ စနစ်နဲ့ လျော်ညီစေနိုင်မယ့် ဥပဒေတွေဖြစ်လာအောင် ပြောင်းလဲပေးနေသလို အစိုးရအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေအပြင် ဝန်ထမ်းတွေရဲ့ အကျင့်စရိုက်တွေကိုလည်း အလိုက်အထိုက် ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

နမူနာကောင်းတခုကတော့ အခြားနိုင်ငံ့ခေါင်းဆောင်တွေလိုပဲ ဝန်ထမ်းအားလုံး၊ ပြည်သူအားလုံးနဲ့ ပတ်သက်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သြဝါဒနဲ့ လမ်းညွှန်ချက်တွေကို သမ္မတအနေနဲ့ မကြာမကြာ ပြောဆိုပေးဖို့ လိုအပ်တယ်လို့လည်း ယူဆပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ ဂျပန်ရဲတွေရဲ့ ရှာဖွေပုံစံအတိုင်း ကျင့်သုံးနိုင်မယ်ဆိုရင် အင်မတန် ကောင်းမွန် စိတ်ချရတဲ့ တရားရေးစနစ်ကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ငွေကုန်ကြေးကျ သိပ်မရှိလှပါဘူး။ အဲဒီအခါမှာ တရားရေးစနစ်နဲ့ ရဲဝန်ထမ်းတွေအပေါ်မှာ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုကို အဆများစွာ ပိုမို ရရှိလာနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုလည်း အထောက်အကူပြုနိုင်တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ တရားစီရင်ရေးစနစ်ရဲ့ ဂုဏ်သိက္ခာ၊ ရဲတွေရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်သွားနိုင်ပါတယ်။

လွင်အောင်စိုး

၁ဝ-၁၂-၂ဝ၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.