Saturday, December 17, 2011

0 နောက်ပြန်မလှည့်ချင်တာကြောင့် လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာဖို့ သေချာနိုင်ပါတယ်

 လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။
မကြာခင် ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူတွေအလိုကျ လွတ်လပ်ပြီး တရားမျှတဖို့ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ “မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း” ဆိုတဲ့ နိုင်ငံရေးပြယုဂ် ဖြစ်လာစေမယ့် နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့က အင်မတန် အရေးပါနေလို့ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်နိုင်ခြင်းအားဖြင့် သမ္မတအနေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ရော၊ အနိုင်ရပါတီတွေအနေနဲ့ရော ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အခြားမသမာမှုတွေကြောင့် နာမည်ပျက်ခဲ့ရတာကို ပြန်လည် အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

နာမည်အပျက်ခံပြီး လုပ်ရတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အသက်ဝင်စေချင်ပြီး တရားဝင် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ကြောင့်လို့ ယူဆရပါတယ်။ (လိုရင်း မရောက်ဘဲ စာရှည်မှာစိုးလို့ အခြားရည်ရွယ်ချက်တွေ ရှိနေကောင်း ရှိနေနိုင်တာနဲ့ အခြားနည်းလမ်း သုံးလို့ မရခဲ့ဘူးလား ဆိုတာတွေကို ထည့်သွင်း မဖော်ပြလိုတော့ပါဘူး။)

ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ အတည်ပြုတာ၊ လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းတာတွေရဲ့ နောက်ပိုင်းမှာတော့ မူလရည်ရွယ်ချက်က မျှော်လင့်ထားသလောက် အသက်မဝင်ဘဲ ဖြစ်နေခဲ့ပါတယ်။ (ပထမအကြိမ် လွှတ်တော်ဆိုင်ရာကိစ္စတွေနဲ့ အစိုးရသစ် လုပ်ဆောင်ပုံတွေကို ပြန်လည်သုံးသပ် ကြည့်နိုင်ပါတယ်။) ဒါကို ကုစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင် ပွဲထုတ်ပါတယ်။ အဲဒီကတဆင့် NLD နဲ့ နိုင်ငံတကာကို လမ်းကြောင်းဖွင့်ပေးဖို့ ပြင်ဆင်လုပ်ဆောင်လာခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို အထိုက်အလျောက် လုပ်ဆောင်လာရာမှာ တစိတ်တဒေသအားဖြင့်အောင်မြင်လာ တာကတော့ ဥပဒေတွေ ပြင်ဆင်ပြောင်းလဲရေးနဲ့ ရပိုင်ခွင့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုရအောင် ကြိုးပမ်းနေတာဖြစ်ပြီး တချိန်တည်းမှာ လူထုလိုလားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ မီဒီိယာလွတ်လပ်ခွင့် တို့ကို အတန်အသင့် လျှော့ချခွင့်ပြုခဲ့ပါတယ်။

(မလိုလားအပ်တော့တဲ့ တည်ဆဲဥပဒေများ ဖျက်သိမ်းရေးအပါအဝင် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစရှိတဲ့ များပြားလှတဲ့ လူထုလိုလားချက်တွေ မပြည့်ဝသေးတာနဲ့ နိုင်ငံတကာအဆင့်မီ ဒီမိုကရေစီစံနှုန်းတွေ မပြည့်ဝသေးတာကို လူတိုင်းသိနေတာဖြစ်လို့ မဖော်ပြတော့ပါဘူး။)

လက်ရှိအစိုးရဟာ တချိန်တည်းမှာ ၂ဝဝ၈ အခြေခံဥပဒေ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့အပေါ် လူထုကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယုံကြည်လက်ခံလာအောင် လုပ်ယူပါတယ်။ ဒါ့အပြင် နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါဝင်လာတာမျိုး အပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရင်စစ်အစိုးရလက်ထက်လို အထက်စီးကနေ မောက်မာဝင့်ကြွားတာမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးလာပါတယ်။ တရုတ်သြဇာလွှမ်းမိုးမှု ကင်းရှင်းကြောင်း ပြသတဲ့ လက္ခဏာတရပ်အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်စေပြီး လူထုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူတာတွေ ရှိခဲ့ပါတယ်။ ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စတွေကိုလည်း အထိုက်အလျောက် လုပ်ဆောင်ပေးလာတာ ရှိပါတယ်။

အရေးပါတယ်လို့ ယူဆရတဲ့ အဲဒါတွေအားလုံးအပေါ် ခြုံငုံသုံးသပ်တဲ့အခါမှာ မူလရည်ရွယ်ချက်ဟာ အတော်အတန် အသက်ဝင်လာပါတယ်။ အရှိန်ရစ ပြုလာပါတယ်။ တချိန်တည်းမှာ ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပပေးဖို့ ရှိတာနဲ့ ၂ဝ၁၄ အာဆီယံဥက္ကအဖြစ် တာဝန်ယူပေးဖို့ ရှိတာတွေကလည်း သေချာသွားခဲ့ပါတယ်။ ဒီ ၂ ချက်ဟာ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့ မူလရည်ရွယ်ချက်ကို အားပြုပေးမှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ရလာတဲ့အရှိန်ကို လျှော့ချတော့မှာ မဟုတ်တော့ပါဘူး။ ဒါက သေချာသလောက်ပါပဲ။ ဒါကြောင့်လည်း နောက်ပြန် မလှည့်တော့ပါဘူးလို့ အစိုးရ ထိပ်တန်းအရာရှိကြီးတွေက အကြိမ်ကြိမ်အခါခါ လူသိရှင်ကြား ပြောဆိုနေကြတာ ဖြစ်ပါတယ်။ နောက်ပြန်လှည့်ရမယ့် အာဏာရှင်စနစ်ကို ကမ္ဘာက လက်မခံတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘက်မလိုက်၊ သိက္ခာအကျမခံဘဲ အမှန်ကန်ဆုံးနဲ့ အမျှတဆုံး လုပ်သွားမှာ သေချာလိမ့်မယ်လို့ တွက်ဆထားနိုင်ပါတယ်။

လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။

ဒါဟာ တကယ်တော့ ဥပဒေပြုရေးရာ၊ တရားရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ကိုင်ခွင့်အာဏာအပေါ် ချုပ်ကိုင်ထားမှုဟာ အရင်အတိုင်းသာ ဖြစ်နေပြီး မူလရည်ရွယ်ချက်အတိုင်း ဆက်လက်ချုပ်ကိုင်နိုင်ဖို့ ဖန်တီးယူထားတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အစိုးရဟာ ဖြေလျှော့မှုတချို့နဲ့ ပြုပြင်ပြောင်းလဲပေးပြီး သူတို့လိုချင်တဲ့ ပြည်တွင်း ပြည်ပအင်အားတွေကို ပေါင်းစပ်ထားတဲ့ နိုင်ငံရေး အခြေအနေသစ်ကို ရောက်ရှိလာစေတာကိုလည်း သတိပြုစေလိုပါတယ်။ ဒါ့အပြင် တချို့ကိစ္စတွေမှာ သူလည်းရစေ-ငါလည်းရစေ ဆိုတဲ့ မူ (win-win policy) ကို ဖော်ဆောင်လာတယ်လို့လည်း မြင်ကြည့်နိုင်ပါတယ်။

လက်ရှိအနေအထားတွေကိုကြည့်ပြီး စိတ်ဆိုးစရာ၊ မကျေမနပ်ဖြစ်စရာ၊ ပြစ်တင်ကန့်ကွက် ရှုတ်ချစရာ၊ စိတ်ပျက်အားငယ်စရာ၊ နိုင်ငံရေးလောကမှ ကျောခိုင်းစရာတွေ လုပ်စရာ မလိုပါဘူး။ လက်ရှိ အခြေအနေတွေကို အရင်စစ်အစိုးရလက်ထက်နဲ့ နှိုင်းစာရင် အဆိုးဝါးဆုံးအဆင့်ကနေ တက်လာပြီလို့ ယူဆထားနိုင်ပါတယ်။ ဆက်ပြီး တက်လာနိုင်ဖို့ကိုသာ တစိုက်မတ်မတ် ရှိနေရမှာ ဖြစ်ပါတယ်။

မိမိစိတ်တိုင်းကျ နိုင်ငံရေးမျိုး ဖြစ်လာပြီ်လို့ ဘယ်တော့မှ မယူဆသင့်ပါဘူး။ မျှော်လင့် မနေသင့်ပါဘူး။ နားလိုက်တာမျိုး၊ ကျောခိုင်းလိုက်တာမျိုး မရှိသင့်ပါဘူး။ ပြည်သူလူထု လိုလားချက် ဆိုတာတွေက ခေတ်ကာလအလိုက် အမြဲတစေ ပြောင်းလဲနေမှာ၊ လိုအပ်နေမှာဖြစ်လို့ မိမိကိုယ်တိုင် နိုင်ငံရေးမှာ အာဏာရနေသည့်တိုင်အောင် (ဥပမာ- ကမ္ဘာ့နံပါတ်တစ် အမေရိကန်နိုင်ငံက သမ္မတ ဆိုရင်တောင်) လူထုဆန္ဒနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့သာ ပေးဆပ်နေရမှာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ်တော့ လူထုအကျိုး လိုလားသူတွေအတွက် ပြောတာဖြစ်ပါတယ်။ ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားဆိုရင်တော့ လူထုအကျိုးအတွက် လုပ်ပေးဖို့ မျှော်လင့်ချက် မရှိပါဘူး။

ဒါကြောင့် ပြည်သူတွေရော၊ တက်ကြွလှုပ်ရှားသူတွေရော၊ နိုင်ငံရေးသမားတွေပါ မိမိတို့မျှော်လင့်တဲ့ နိုင်ငံရေးမျိုး ဖြစ်လာအောင် အမြဲတစေ ကြိုးပမ်းနေဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူအပေါ် အကျိုးပြုလိုတဲ့ နိုင်ငံရေးဆန္ဒဟာ အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့အတူ အမြဲတမ်း ရှင်သန်နိုးကြားနေရပါမယ်။ လုပ်ရင်းလုပ်ရင်းနဲ့ပဲ ပိုမိုကောင်းမွန်သင့်တော်တဲ့ နိုင်ငံရေး နည်းလမ်းတွေ၊ အခင်းအကျင်းတွေကို ရှာဖွေတွေ့ရှိ အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေး အရည်အသွေးတွေ ဘယ်လောက် ထက်မြက်သလဲ၊ လူထုယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုကို ဘယ်လောက် ရနိုင်သလဲ၊ နိုင်ငံရေး ရပိုင်ခွင့်တွေ ဘယ်လောက်ထိ ရှိနေလဲ၊ win-win policy ကို ဘယ်လောက်ထိ ထိန်းသိမ်းပြီး အကျိုးဖြစ်စေမလဲ၊ အဲဒါတွေနဲ့အတူ လိုအပ်တဲ့ နိုင်ငံရေး အခင်းအကျင်း ကောင်းတွေကို ဘယ်လောက် ဖန်တီးယူနိုင်မလဲ စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အများကြီး တိုးတက်လာနိုင်စရာ ရှိပါတယ်။

လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီမိုကရေစီဖော်ဆောင်/ဖြစ်ထွန်းမှုဟာတဆင့်ပြီးတဆင့်ကျယ်ပြန့်လာနေ ပေမယ့် လူထုအလိုကျ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်စွမ်း မရှိသေးတာ သိသာမြင်သာနေတုန်းပါပဲ။ အဲဒါကိုက ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးဟာ ရှေ့ဆက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ အားသွန်ခွန်စိုက် ပိုမိုလုပ်ရဖို့ ရှိနေတာပဲလို့ သဘောထားရမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၁၇-၁၂-၂ဝ၁၁

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.