Saturday, December 17, 2011
0 နောက်ပြန်မလှည့်ချင်တာကြောင့် လွတ်လပ်ပြီး သမာသမတ်ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာဖို့ သေချာနိုင်ပါတယ်
လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။မကြာခင် ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ ပြည်သူတွေအလိုကျ လွတ်လပ်ပြီး တရားမျှတဖို့ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ့ “မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်း” ဆိုတဲ့ နိုင်ငံရေးပြယုဂ် ဖြစ်လာစေမယ့် နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်ဖို့က အင်မတန် အရေးပါနေလို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်နိုင်ခြင်းအားဖြင့် သမ္မတအနေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ရော၊ အနိုင်ရပါတီတွေအနေနဲ့ရော ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အခြားမသမာမှုတွေကြောင့် နာမည်ပျက်ခဲ့ရတာကို ပြန်လည် အဖတ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။
နာမည်အပျက်ခံပြီး လုပ်ရတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အသက်ဝင်စေချင်ပြီး တရားဝင် အသိအမှတ်ပြုခံရဖို့ ရည်ရွယ်ချက်ကြောင့်လို့ ယူဆရပါတယ်။ (လိုရင်း မရောက်ဘဲ စာရှည်မှာစိုးလို့ အခြားရည်ရွယ်ချက်တွေ ရှိနေကောင်း ရှိနေနိုင်တာနဲ့ အခြားနည်းလမ်း သုံးလို့ မရခဲ့ဘူးလား ဆိုတာတွေကို ထည့်သွင်း မဖော်ပြလိုတော့ပါဘူး။)
ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ အတည်ပြုတာ၊ လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းတာတွေရဲ့ နောက်ပိုင်းမှာတော့ မူလရည်ရွယ်ချက်က မျှော်လင့်ထားသလောက် အသက်မဝင်ဘဲ ဖြစ်နေခဲ့ပါတယ်။ (ပထမအကြိမ် လွှတ်တော်ဆိုင်ရာကိစ္စတွေနဲ့ အစိုးရသစ် လုပ်ဆောင်ပုံတွေကို ပြန်လည်သုံးသပ် ကြည့်နိုင်ပါတယ်။) ဒါကို ကုစားတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရင် ပွဲထုတ်ပါတယ်။ အဲဒီကတဆင့် NLD နဲ့ နိုင်ငံတကာကို လမ်းကြောင်းဖွင့်ပေးဖို့ ပြင်ဆင်လုပ်ဆောင်လာခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေကို အထိုက်အလျောက် လုပ်ဆောင်လာရာမှာ တစိတ်တဒေသအားဖြင့်အောင်မြင်လာ တာကတော့ ဥပဒေတွေ ပြင်ဆင်ပြောင်းလဲရေးနဲ့ ရပိုင်ခွင့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုရအောင် ကြိုးပမ်းနေတာဖြစ်ပြီး တချိန်တည်းမှာ လူထုလိုလားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ မီဒီိယာလွတ်လပ်ခွင့် တို့ကို အတန်အသင့် လျှော့ချခွင့်ပြုခဲ့ပါတယ်။
(မလိုလားအပ်တော့တဲ့ တည်ဆဲဥပဒေများ ဖျက်သိမ်းရေးအပါအဝင် တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ ဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ပြောင်းလဲရေး၊ ဆင်းရဲနွမ်းပါးမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစရှိတဲ့ များပြားလှတဲ့ လူထုလိုလားချက်တွေ မပြည့်ဝသေးတာနဲ့ နိုင်ငံတကာအဆင့်မီ ဒီမိုကရေစီစံနှုန်းတွေ မပြည့်ဝသေးတာကို လူတိုင်းသိနေတာဖြစ်လို့ မဖော်ပြတော့ပါဘူး။)
လက်ရှိအစိုးရဟာ တချိန်တည်းမှာ ၂ဝဝ၈ အခြေခံဥပဒေ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့အပေါ် လူထုကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ယုံကြည်လက်ခံလာအောင် လုပ်ယူပါတယ်။ ဒါ့အပြင် နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါဝင်လာတာမျိုး အပါအဝင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရင်စစ်အစိုးရလက်ထက်လို အထက်စီးကနေ မောက်မာဝင့်ကြွားတာမျိုး မဟုတ်ဘဲ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ပေးလာပါတယ်။ တရုတ်သြဇာလွှမ်းမိုးမှု ကင်းရှင်းကြောင်း ပြသတဲ့ လက္ခဏာတရပ်အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်တန့်စေပြီး လူထုနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူတာတွေ ရှိခဲ့ပါတယ်။ ငွေကြေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးကိစ္စတွေကိုလည်း အထိုက်အလျောက် လုပ်ဆောင်ပေးလာတာ ရှိပါတယ်။
အရေးပါတယ်လို့ ယူဆရတဲ့ အဲဒါတွေအားလုံးအပေါ် ခြုံငုံသုံးသပ်တဲ့အခါမှာ မူလရည်ရွယ်ချက်ဟာ အတော်အတန် အသက်ဝင်လာပါတယ်။ အရှိန်ရစ ပြုလာပါတယ်။ တချိန်တည်းမှာ ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပပေးဖို့ ရှိတာနဲ့ ၂ဝ၁၄ အာဆီယံဥက္ကအဖြစ် တာဝန်ယူပေးဖို့ ရှိတာတွေကလည်း သေချာသွားခဲ့ပါတယ်။ ဒီ ၂ ချက်ဟာ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုခံရဖို့ မူလရည်ရွယ်ချက်ကို အားပြုပေးမှာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ရလာတဲ့အရှိန်ကို လျှော့ချတော့မှာ မဟုတ်တော့ပါဘူး။ ဒါက သေချာသလောက်ပါပဲ။ ဒါကြောင့်လည်း နောက်ပြန် မလှည့်တော့ပါဘူးလို့ အစိုးရ ထိပ်တန်းအရာရှိကြီးတွေက အကြိမ်ကြိမ်အခါခါ လူသိရှင်ကြား ပြောဆိုနေကြတာ ဖြစ်ပါတယ်။ နောက်ပြန်လှည့်ရမယ့် အာဏာရှင်စနစ်ကို ကမ္ဘာက လက်မခံတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဘက်မလိုက်၊ သိက္ခာအကျမခံဘဲ အမှန်ကန်ဆုံးနဲ့ အမျှတဆုံး လုပ်သွားမှာ သေချာလိမ့်မယ်လို့ တွက်ဆထားနိုင်ပါတယ်။
လက်ရှိအနေအထားကို ပြန်ကြည့်ရင် ၂ဝ၁ဝ ရွေးကောက်ပွဲအရ အမတ်အများဆုံးနဲ့ အပြတ်အသတ် အနိုင်ရ နိုင်ငံရေးပါတီဟာ ကြံ့ဖွံ့သာ ဖြစ်မြဲဖြစ်နေတဲ့အပြင် လွှတ်တော်ထဲမှာလည်း ၂၅% တပ်မတော် အမတ်တွေက ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ သမ္မတဟာလည်း ဦးသိန်းစိန်ပင် ဖြစ်မြဲဖြစ်လျက် ရှိနေပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့ဟာလည်း အရင်လူတွေအတိုင်းပဲ ဆက်လက် ရှိနေပါတယ်။ တခါ သမ္မတကို ရွေးချယ်တဲ့စနစ်၊ တရားရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေကို ခန့်ထားတဲ့ စနစ်ကလည်း အရင်အတိုင်းပဲ ရှိနေပြီး အရင်လူတွေသာ ဆက်လက် တာဝန် ထမ်းဆောင်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေကို နှိပ်ကွပ်တဲ့ တည်ဆဲဥပဒေတွေအပေါ် ပြင်ဆင် ဖျက်သိမ်းတာတွေလည်း မရှိသေးပါဘူး။ တရားဥပဒေစိုးမိုးမှု အမှန်အကန် ဖြစ်မလာသေးပါဘူး။
ဒါဟာ တကယ်တော့ ဥပဒေပြုရေးရာ၊ တရားရေးဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆိုတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ကိုင်ခွင့်အာဏာအပေါ် ချုပ်ကိုင်ထားမှုဟာ အရင်အတိုင်းသာ ဖြစ်နေပြီး မူလရည်ရွယ်ချက်အတိုင်း ဆက်လက်ချုပ်ကိုင်နိုင်ဖို့ ဖန်တီးယူထားတာကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အစိုးရဟာ ဖြေလျှော့မှုတချို့နဲ့ ပြုပြင်ပြောင်းလဲပေးပြီး သူတို့လိုချင်တဲ့ ပြည်တွင်း ပြည်ပအင်အားတွေကို ပေါင်းစပ်ထားတဲ့ နိုင်ငံရေး အခြေအနေသစ်ကို ရောက်ရှိလာစေတာကိုလည်း သတိပြုစေလိုပါတယ်။ ဒါ့အပြင် တချို့ကိစ္စတွေမှာ သူလည်းရစေ-ငါလည်းရစေ ဆိုတဲ့ မူ (win-win policy) ကို ဖော်ဆောင်လာတယ်လို့လည်း မြင်ကြည့်နိုင်ပါတယ်။
လက်ရှိအနေအထားတွေကိုကြည့်ပြီး စိတ်ဆိုးစရာ၊ မကျေမနပ်ဖြစ်စရာ၊ ပြစ်တင်ကန့်ကွက် ရှုတ်ချစရာ၊ စိတ်ပျက်အားငယ်စရာ၊ နိုင်ငံရေးလောကမှ ကျောခိုင်းစရာတွေ လုပ်စရာ မလိုပါဘူး။ လက်ရှိ အခြေအနေတွေကို အရင်စစ်အစိုးရလက်ထက်နဲ့ နှိုင်းစာရင် အဆိုးဝါးဆုံးအဆင့်ကနေ တက်လာပြီလို့ ယူဆထားနိုင်ပါတယ်။ ဆက်ပြီး တက်လာနိုင်ဖို့ကိုသာ တစိုက်မတ်မတ် ရှိနေရမှာ ဖြစ်ပါတယ်။
မိမိစိတ်တိုင်းကျ နိုင်ငံရေးမျိုး ဖြစ်လာပြီ်လို့ ဘယ်တော့မှ မယူဆသင့်ပါဘူး။ မျှော်လင့် မနေသင့်ပါဘူး။ နားလိုက်တာမျိုး၊ ကျောခိုင်းလိုက်တာမျိုး မရှိသင့်ပါဘူး။ ပြည်သူလူထု လိုလားချက် ဆိုတာတွေက ခေတ်ကာလအလိုက် အမြဲတစေ ပြောင်းလဲနေမှာ၊ လိုအပ်နေမှာဖြစ်လို့ မိမိကိုယ်တိုင် နိုင်ငံရေးမှာ အာဏာရနေသည့်တိုင်အောင် (ဥပမာ- ကမ္ဘာ့နံပါတ်တစ် အမေရိကန်နိုင်ငံက သမ္မတ ဆိုရင်တောင်) လူထုဆန္ဒနောက်ကို လိုက်ရင်းလိုက်ရင်းနဲ့သာ ပေးဆပ်နေရမှာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ်တော့ လူထုအကျိုး လိုလားသူတွေအတွက် ပြောတာဖြစ်ပါတယ်။ ကိုယ်ကျိုးကြည့် နိုင်ငံရေးသမားဆိုရင်တော့ လူထုအကျိုးအတွက် လုပ်ပေးဖို့ မျှော်လင့်ချက် မရှိပါဘူး။
ဒါကြောင့် ပြည်သူတွေရော၊ တက်ကြွလှုပ်ရှားသူတွေရော၊ နိုင်ငံရေးသမားတွေပါ မိမိတို့မျှော်လင့်တဲ့ နိုင်ငံရေးမျိုး ဖြစ်လာအောင် အမြဲတစေ ကြိုးပမ်းနေဖို့သာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ပြည်သူအပေါ် အကျိုးပြုလိုတဲ့ နိုင်ငံရေးဆန္ဒဟာ အမြဲတမ်း ရှိနေရမှာ ဖြစ်ပါတယ်။ ခိုင်မာတဲ့ စိတ်ဓါတ်တွေနဲ့အတူ အမြဲတမ်း ရှင်သန်နိုးကြားနေရပါမယ်။ လုပ်ရင်းလုပ်ရင်းနဲ့ပဲ ပိုမိုကောင်းမွန်သင့်တော်တဲ့ နိုင်ငံရေး နည်းလမ်းတွေ၊ အခင်းအကျင်းတွေကို ရှာဖွေတွေ့ရှိ အသုံးချလာနိုင်မှာ ဖြစ်ပါတယ်။
နိုင်ငံရေး အရည်အသွေးတွေ ဘယ်လောက် ထက်မြက်သလဲ၊ လူထုယုံကြည်မှုနဲ့ ထောက်ခံအားပေးမှုကို ဘယ်လောက် ရနိုင်သလဲ၊ နိုင်ငံရေး ရပိုင်ခွင့်တွေ ဘယ်လောက်ထိ ရှိနေလဲ၊ win-win policy ကို ဘယ်လောက်ထိ ထိန်းသိမ်းပြီး အကျိုးဖြစ်စေမလဲ၊ အဲဒါတွေနဲ့အတူ လိုအပ်တဲ့ နိုင်ငံရေး အခင်းအကျင်း ကောင်းတွေကို ဘယ်လောက် ဖန်တီးယူနိုင်မလဲ စတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အများကြီး တိုးတက်လာနိုင်စရာ ရှိပါတယ်။
လက်ရှိ နိုင်ငံရေး အနေအထားမှာ ဒီမိုကရေစီဖော်ဆောင်/ဖြစ်ထွန်းမှုဟာတဆင့်ပြီးတဆင့်ကျယ်ပြန့်လာနေ ပေမယ့် လူထုအလိုကျ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်စွမ်း မရှိသေးတာ သိသာမြင်သာနေတုန်းပါပဲ။ အဲဒါကိုက ကျနော်တို့ မြန်မာနိုင်ငံသားအားလုံးဟာ ရှေ့ဆက်ပြီး အမြော်အမြင်ကြီးကြီးနဲ့ အားသွန်ခွန်စိုက် ပိုမိုလုပ်ရဖို့ ရှိနေတာပဲလို့ သဘောထားရမှာ ဖြစ်ပါတယ်။
လွင်အောင်စိုး
၁၇-၁၂-၂ဝ၁၁
0 ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး စတင်ဆောင်ရွက်ပါပြီ။
ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း စိတ်ကူးလေးတစ်ခုဆိုပြီး မကြာသေးခင်က ကျွန်တော့် Facebook မှာ တင်ခဲ့တာမှတ်မိကြမယ်ထင်ပါတယ်။အဲဒီစိတ်ကူးလေးကိုမိတ်ဆွေအချို့က၀ိုင်းဝန်းထောက်ခံအားပေးကြပါတယ်။
တချို့က ရန်ပုံငွေ လှူဖို့ကတိပြုကြပါတယ်။
၁၁ ဒီဇင်ဘာ ၂၀၁၁ ညနေမှာတော့ ရန်ကုန် ပန်းဆိုးတန်း နန်းယုဟိုတယ်မှာ ကျင်းပတဲ့ မိတ်ဆုံပွဲမှာ ကျွန်တော်က အဲဒီစိတ်ကူးကို တင်ပြလိုက်ပါတယ်။ မိတ်ဆုံပွဲက ဆရာဦးဝင်းတင်ရဲ့ လုပ်ဖော်ကိုင်ဖက် ကွယ်လွန်သူ ကြေးမုံ ဦးစိုးနိုင်ရဲ့သား မေတ္တာမိုး ကိုမောင်မောင်နိုင်က ဧည့်ခံတဲ့ ပွဲပါ။ ဆရာဦးဝင်းတင်ကို အကြောင်းပြုပြီး မိတ်ဆွေတွေကို နှစ်စဉ် ဧည့်ခံခြင်းဖြစ်ပါတယ်။
ဆရာဦးဝင်းတင်ဟာ ယခုလည်း သူ့ကို ကြည်ညိုလေးစားလို့ ပုဂ္ဂိုလ်ရေးအရ လာရောက်ပေးအပ်တဲ့ အလှူငွေတွေကို ဘယ်လက်က ၀င်တာကို ညာလက်က ပြန်ထုတ်သလို ပြန်လည် လှူဒါန်းနေတာပါပဲ။ ဒါကြောင့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းဆိုတဲ့ နာမည်တပ်ပြီး ထူထောင်လိုက်ရင် ရန်ပုံငွေ စီးဝင်မှုနဲ့ စီးထွက်မှု စနစ်ပိုကျသွားမယ်။ တကယ်လိုအပ်နေသူတွေကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်တယ်လို့ ကျွန်တော်က တင်ပြပါတယ်။
ထောင်ထဲမှာ နှစ် ၂၀ နေခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး ဦးဝင်းတင်ရဲ့အထိမ်းအမှတ်ဖောင်ဒေးရှင်းဖြစ်လို့ အဓိကအားဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများနဲ့ လွတ်မြောက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ သက်သာချောင်ချိရေးကို ဦးစားပေးသင့်တယ်။ တော်ဝင်နှင်းဆီခြံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဦး (ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်) ကို လူငယ်များက ကန်တော့တဲ့ပွဲမှာ ဆရာဦးဝင်းတင်က နိုင်ငံရေးအကျဉ်သားများ လွတ်မြောက်ရေးသာမက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ ဘ၀တွေ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်သင့်တယ်လို့ ပြောခဲ့တာဟာ ကျွန်တော့်ရဲ့ စိတ်ကူးကို ပိုပြီးအားကောင်းသွားစေပါတယ်လို့ ပြောပါတယ်။
ထမင်းစားပွဲ တက်ရောက်သူအားလုံးက ထောက်ခံဆွေးနွေးကြပါတယ်။ NLD ဦးအုန်းကြိုင်က ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အတွက်ကျွန်တော့်ကို ကျေးဇူးတင်ပါတယ်လို့ ထပြောပါတယ်။
သတင်းစာဆရာတွေထဲက လူမှုဘ၀ချို့တဲ့နေသူများကိုပါ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ကူညီသင့်တယ်လို့ ဆွေးနွေးသူအချို့လည်ူး ရှိပါတယ်။ ဆရာဦးဝင်းတင်က အဲဒီဆွေးနွေးချက်ကို ထောက်ခံပါတယ်။
မိမိအနေနဲ့ နိုင်ငံရေးပါတီ တာဝန်ရှိနေတဲ့အတွက် ကိုယ်တိုင်ဦးစီးပြီး ဖောင်ဒေးရှင်းထူထောင်တာတော့ မလုပ်နိုင်ကြောင်း၊ သို့ပေမယ့် လုပ်ဖော်ကိုင်ဖက်ဟောင်းများနဲ့ မိတ်ဆွေများက ကြီးမှူးပြီး လုပ်ချင် ကြတယ်ဆိုရင်ဖြင့် မိမိအနေနဲ့ ခွင့်ပြုပါကြောင်း၊ ဖောင်ဒေးရှင်းကလုပ်မှာကလဲ မိမိ ယခုလက်ရှိ လုပ်နေ တာတွေကိုပဲ ပိုပြီး ကျယ်ပြန့်တဲ့အသွင်သဏ္ဍာန်နဲ့ လုပ်သွားကြမှာ ဖြစ်လို့ သဘောတူကျေနပ်ပါတယ်လို့ ပြောသွားပါတယ်။
အဲဒီထမင်းစားပွဲမှာ သတင်းစာဆရာတွေအများစုပါပေမယ့် လက်ရှိ လူငယ်ခြေတက်အဖြစ် သွက်သွက် လက်လက် လှုပ်ရှားနေသူထဲကတော့ ကိုဦးဆွေတစ်ယောက်ကိုပဲ တွေ့လို့ ``ကိုဦးဆွေရေ- သတင်းတော့မရေးနဲ့ဦးနော်၊ ဖောင်ဒေးရှင်း ဦးဆောင်အဖွဲ့ ဖွဲ့ပြီးရင် အန်ကယ် သတင်းထုတ်ပြန်ချက် ရေးပေးမယ်။ အဲဒီတော့မှ ရေးပါ´´လို့ သတိပေးလိုက်ပါသေးတယ်။
ဒါက ထုံးစံအတိုင်း ပြောလိုက်တာပါ။ ဒီခေတ်လူငယ်ခြေတက်တွေအကြောင်း ကျွန်တော် သိပ်သိသပေါ့ဗျာ။ ဒီလောက်ပြောလိုက်ရုံနဲ့ဘာရလိမ့်မလဲ။ယခုအပတ်ထွက်တဲ့ဂျာနယ်တွေမှာဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း ဖွဲ့စည်းမည့်သတင်းတွေ ပါလာပါပြီ။ ဆရာဦးဝင်းတင်နဲ့ အင်တာဗျူးလုပ်ပြီး ရေးတဲ့သတင်းတောင်ပါလိုက် သေး။ ဆရာကတော့ စိန်ခေါ်ရင် တိမ်ပေါ်လိုက်မယ်ဆိုတဲ့လူမျိုးဆိုတော့ အမေးရှိရင် အဖြေပေးဖို့ အသင့်ပဲပေါ့။ သည်တော့ ကျွန်တော်ကလဲ လုပ်ဆောင်ပြီးသလောက်ကိုတော့ ပြောသင့်ပြီလို့ ဆုံးဖြတ်ပြီး အခု ကျွန်တော့် ဖေ့စ်ဘွတ်ကနေ အစီရင်ခံခြင်း ဖြစ်ပါတယ်။
ဒီရက်ထဲမှာ ကျွန်တော်နဲ့အတူ ဆော်သြရေးလုပ်နေတဲ့ ရွှေပြည်တန် ကိုကျော်အောင်နဲ့တိုင်ပင်ပြီး ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းနာယကများနဲ့ ဦးဆောင်အဖွဲ့ဝင်များ လျာထားစာရင်းတစ်ခု ပြုစုဖြစ်ခဲ့ပါတယ်။
စာရင်းမှာ ဖော်ပြထားသူတွေထဲက မပါဝင် မပတ်သက်လိုသူများ ကျွန်တော့်ထံ အမြန်အကြောင်းကြား နိုင်ပါတယ်။ စာရင်းက ချက်ချင်း ဖယ်ရှားပေးပါမယ်။ ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှာ စိတ်ရော ကိုယ်ပါ ပါဝင်တာဝန်ယူဆောင်ရွက်လိုသူများ ရှိရင်လဲ စာရင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဖော်ပြပေးပါမယ်။
လက်ရှိလျာထား စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း
နာယကများ
၁။ ဒဂုန်တာရာ
၂. သခင်သိန်းမောင် (၀ါးခယ်မ)
၃။ ကြေးမုံဦးသော်
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့ (ယာယီ) အဖွဲ့ဝင်များ
၎။ ဦးအုန်းထွန်း ၀၁ ၅၇၈၀၂၇
၅။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၆။ မောင်မိုးသူ ၀၁ ၃၇၆၄၃၅
၇။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၈။ မောင်ဝံသ ၀၉၅၀၄၀၉၉၄
၉။ ဦးအံ့မောင် ၀၁ ၅၆၃၁၀၆
၁၀။ ဦးကိုကိုကြီး ၀၉၅၁၆၂၄၃၇
၁၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆
၁၂။ ဦးသိန်းတန် ၀၁၂၂၄၃၂၈
၁၃။ ဦးအုန်းမောင် ၀၁ ၆၆၄၅၁၅
၁၄။ ဦးငြိမ်းချမ်း (ညီပုလေး) ၀၂ - ၃၉၇၁၇ / ၆၀၁၃၆
၁၅။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၁၆။ ဦးကျော်အောင် ၀၉၅၀၂၆၄၅၀
၁၇။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၁၈။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၁၉။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၂၀။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၅
၂၁။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆ / ၀၉၇၃၁၂၈၈၈၆
၂၂။ ဦးမြတ်ဆွေ ၀၉၅၁၄၈၃၄၂
၂၃။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃
၂၄။ ဦးချစ်စံ (ဟံသာဝတီ) ၀၁ ၅၄၅၃၉၀
၂၅။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၂၆။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၂၇။ မဒုံ ။
၂၈။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၂၉။ ကိုဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၃၀။ ကိုပေါက် ၀၁ ၅၇၈၀၂၇
၃၁။ ဦးမြင့်လွင် (စိုးအုပ်) ၀၁ ၂၄၂၅၃၁
၃၂။ ကိုဦးဆွေ ၀၉၇၃၀၄၃၂၁၅
မိတ်ဆွေများထံမှ အကြံပေးဆွေးနွေးမှုများကို ကြိုဆိုပါတယ်။
မောင်ဝံသ
maungwuntha@gmail.com
0 မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှာနိုင်င်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏လုပ်ရက်အား ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းထုတ်ပြန်ကြေငြာ
0 သံဃာ့မဟာနာယက ဆရာတော်တွေကလည်း တမှောင့်
ခုတလော မြန်မာတပြည်လုံး ငြိမ်းချမ်းဖို့အတွက် ငြိမ်းချမ်းရေးတရားတွေ ဟောနေတဲ့ ရွှေည၀ါဆရာတော်ကို အရေးယူပေးဖို့ စစ်အစိုးရလက်ကိုင်တုတ်ဖြစ်တဲ့ သံဃာ့မဟာနာယကအဖွဲ့က အမိန့်စာတွေ ထုတ်နေတာတွေကို တွေ့ရလို့ သူတို့အစား ရှက်မိပါတယ်။
ရွှေည၀ါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှားရန် အမိန့်စာတွေ ထုတ်ရအောင် ရွှေည၀ါဆရာတော်က ဘယ်လို ရာဇ၀တ်မှုတွေ ကျူးလွန်နေလို့လဲ။ ငြိမ်းချမ်းရေးတရားဟောတာ၊ သူ့ကျောင်းမှာ အတိုက်အခံတွေရဲ့ အလှူအတန်း အခမ်းအနားတွေ လုပ်တာ၊ အကျဉ်းကျသံဃာတွေ ကျောင်းသားတွေ နိုင်ငံရေးသမားတွေ လွတ်ဖို့ ဆုတောင်းပွဲတွေ လုပ်တာ ဘယ်သူတွေကို ထိခိုက်နေလို့လဲ။
သံဃာ့မဟာနာယက ဆရာတော်တွေ ဘုရားရှင်ရဲ့ဥပဒေကို မျက်ကွယ်ပြုပြီး အာဏာပိုင်တွေ အလိုကျ ကိုယ့်သံဃာအချင်းချင်း နှိပ်ကွပ်နေတာ အင်မတန်မှ အရုပ်ဆိုးလှပါတယ်။ ကိုယ့်အမျိုးသားအချင်းချင်း သတ်တာ ဖြတ်တာတွေ ရပ်ဖို့ အတူတကွ ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးပွားတိုးတက်အောင် အတူတကွ ဆောင်ရွက်ကြဖို့ တရားဟောတာ မကောင်းဘူးလား။
မြတ်စွာဘုရား သက်ရှိထင်ရှား ရှိနေတဲ့အချိန်တုန်းကတောင် စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ကိုယ်တိုင်ကြွရောက်ပြီး ငြိမ်းချမ်းရေးတရားတွေ ဟောခဲ့လို့ လူအသက်ပေါင်းများစွာ ချမ်းသာရခဲ့တာ ပိဋကတ်စာပေတွေမှာ အထင်အရှား ရှိနေသေးတာကို ဆရာတော်တို့ မေ့နေပြီလား။
ခုလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ သံဃာ့မဟာနာယက ဆရာတော်တွေအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းအောင် လုပ်ဆောင်ကြဖို့ စစ်အစိုးရအာဏာပိုင်တွေကို တခွန်းတပါဒမှ ဆုံးမသြ၀ါဒမပေးဘဲ စစ်အစိုးရအလိုကျ လုပ်ဆောင်နေတာတွေဟာ အင်မတန်မှ တာဝန်မကျေပြွန်ရာရောက်သလို ရဟန်းရှင်လူ ပြည်သူလူထုတွေရဲ့ အလိုဆန္ဒကိုလည်း ဆန့်ကျင်ရာရောက်နေပါတယ်။
အစိုးရကိုယ်တိုင်တောင် ပြည်တွင်းစစ်တွေ ရပ်စဲဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေတာ အားလုံးအသိပါ။ တဘက်တလမ်းကနေ ရွှေည၀ါဆရာတော်က ငြိမ်းချမ်းရေးတရားတွေ ဟောနေတာ အစိုးရကိုတောင် အထောက်အကူ ဖြစ်ပါသေးတယ်။ သံဃာ့မဟာနာယက ဆရာတော်တွေ ရှက်တတ်ရင် လဲသေဖို့ ကောင်းပါတယ်။
ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စလို့ ခေါင်းစဉ်တပ်ထားတဲ့ စာမှာ ဆရာတော်အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင် ကျင်းပသည့် သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန် ဆိုသည့် အချက်သုံးချက်ကို ဖော်ပြထားပါတယ်။
မန္တလေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောတာ အပြစ်လား။ ပင့်ဖိတ်တဲ့ ဒကာ၊ ဒကာမတွေရှိရင် ဘယ်နေရာ ဘယ်ဒေသမဆို တရားဟောရမှာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူးလား။ ဦးသိန်းစိန်အစိုးရက ဖိတ်ရင်လည်း ဆရာတော်က ဟောမှာပါ။ အစိုးရရယ် အတိုက်အခံရယ်လို့ ဆရာတော်က ခွဲခြားမှာ မဟုတ်ပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောတာနဲ့ပဲ ကျောင်းတိုက်က ဖယ်ရှားပေးရမယ်၊ ဒုဗ္ဗဇပုဂ္ဂိုလ် (ဆိုဆုံးမရခက်တဲ့ ပုဂ္ဂိုလ်) ဖြစ်တယ်၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မလိုက်နာသဖြင့် ဆိုတာတွေဟာ အတော်လေး သဘာဝမကျတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။
ဒီနေရာမှာ သံဃာ့နာယက ဆရာတော်တွေကို တခုလောက် လျှောက်ထားချင်ပါတယ်။ ဆရာတော်တို့ အနေနဲ့ကရော သာသာနာရေးကိစ္စတွေမှာ မှန်မှန်ကန်ကန်နဲ့ ဘုရားဥပဒေအတိုင်း လုပ်ဆောင်ခဲ့လို့လား။ စစ်အစိုးရ အာဏာပိုင်တွေက လိုအပ်တာထက် ပိုပြီး သံဃာတော်တွေကို ဖိနှိပ်နေတာတွေကို တခွန်းတပါဒ ဟန့်တာဖူးပါသလား။ သံဃာတော်တွေက ရေးဘေး၊ မီးဘေး ပညာရေးကိစ္စတွေမှာ ကိုယ်တိုင်ပါဝင်ပြီး လူထုကို အကူအညီတွေ ပေးတယ်။ အဲဒီသံဃာတွေကို ဖမ်းတယ်။ ထောင်ချတယ်။
ဒီလို မတရားလုပ်နေတာတွေကိုကျတော့ စစ်အစိုးရကို တခွန်းတပါဒမှ ပြောဖော်မရဘဲ အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ သံဃာတွေကိုတော့ စစ်အာဏာရှင်တွေ အလိုကျ အမိန့်တွေထုတ်ပြန်ပြီး ပိတ်ပင်တားဆီးနေတာတွေဟာ တရားရဲ့လား။ သံဃာ့နာယက ဆရာတော်တွေ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကြီးပွားတိုးတက်အောင် ငြိမ်းချမ်းအောင် ဘာတခုမှ မလုပ်ဆောင်ဘဲ စစ်အစိုးရ အလိုကျ သံဃာတွေကို ဖိနှိပ်နေတာတွေဟာ တကယ့်ကို အဂတိတရား လိုက်စားနေတယ်ဆိုတာ ထင်ရှားနေပါတယ်။
နောက်ဆုံးအနေနဲ့ လျှောက်ထားချင်တာကတော့ စစ်အစိုးရ အလိုကျ စစ်အစိုးရ ခိုင်းတာတွေ လုပ်ဖို့ သံဃာ့နာယက ဖွဲ့စည်းထားတာလား။ ဘာအတွက် သံဃာ့နာယကကို ဖွဲ့စည်းထားတာလဲဆိုတာ ဆရာတော်တို့ အနေနဲ့ သေချာစဉ်းစားပြီး မလုပ်သင့် မလုပ်ထိုက်တာတွေကို မလုပ်ဖို့ လျှောက်ထားလိုပါတယ်။ အဲလိုမဟုတ်ဘဲ ဘုရားမျက်နှာတော်ကို မကြည့်ဘဲ စစ်အစိုးရ ခိုင်းတိုင်း လုပ်နေမယ်ဆိုရင်တော့ စစ်အစိုးရ၀န်ထမ်းတွေအဖြစ် သတ်မှတ်ရတော့မှာဖြစ်ကြောင်း လျှောက်ထားလိုက်ပါတယ်။
အရှင်ပညာနန္ဒ
ဒီဇင်ဘာ-၁၅-၂၀၁၁
Friday, December 16, 2011
0 စောင့်မျှော်နေတဲ့အမေများနှင့် ညီအကိုမောင်နှမများအတွက်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီရဲ့တေးသံ..အားလုံးကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ မျှဝေခံစားကြည့်ကြရအောင်..
0 သံဃာ့မဟာနာယက ဆိုတာ ဘာလဲ
သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ်မှ ဆရာတော် ဦပညာနန္ဒ နှင့် ဆက်သွယ် မေးမြန်းထားပုံ
(Burma vj media network)
အခုတလော အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြန်မာပြည် စစ်အာဏာပိုင်တွေ၊ စစ်အာဏာရှင်တွေရဲ့ အသုံးချခံဖြစ်တဲ့ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကြီးအကြောင်း မေးကြ ပြောကြတာတွေကို စုစည်းပြီး တင်ပြပေးချင်လို့ ဒီစာကို ရေးလိုက်ပါတယ်။
၂၀၀၈ ခုနှစ် သံဃာ့မဟာနာယကအဖွဲ့ (၄)လပတ် အစည်းအဝေး တခုမှာ အချို့ရဟန်း သာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်နေသည်လို့ လျှောက်ထားဖူးတယ်လို့ မှတ်သားဖူးပါတယ်။
သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။
သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။
အခုဆိုရင် သံဃာ့နာယအဖွဲ့ ဖွဲ့တာ (၃၂) နှစ်ရှိပါပြီ။ (၃၂) တာ ကာလအတွင်း ဘာတွေဆောင်ရွက်ခဲ့သလဲ။ အကြမ်းဖျဉ်း ပြန်လည်ဆန်းစစ်ကြည့်ရအောင်။
(က) ဓမ္မ၀ါဒ အဓမ္မ၀ါဒဆိုင်ရာအဓိကရုဏ်းများ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေနဲ့ ဗုဒ္ဓသာသာသနာတော်အတွင်း ဓမ္မ အဓမ္မ ငြင်းခုံနေတဲ့ အဓိကရုဏ်း (၇) မျိုးကို ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
(၁) ကျောက်သင်္ဘောဝါဒ
(၂) လူသေလူဖြစ်ဝါဒ
(၃) ကျောက်ပုံတောရ၀ါဒ၊
(၄) ကြောင်ပန်းတောရ၀ါဒ၊
(၅) ဓမ္မနီတိဝါဒ၊
(၆) မိုးညိုဆရာတော်ဝါဒ(မြောက်ဥက္ကလာ)၊
(၇) ဦးမာလာဝါဒ(ရေတာရှည်) စတဲ့ မတူကွဲပြားတဲ့ဝါဒတွေကို ဓမ္ဓ၊ အဓမ္ဓ စိစစ်ပြီး ဆုံးဖြတ်ခဲ့တာ တွေ့ရပါတယ်။ သာသနာတော်မှာ သို့လော သို့လော ဖြစ်ပေါ်နေတဲ့ဝါဒတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ အတွက် အထိုက်အလျောက် အဓမ္မ၀ါဒတွေ ငြိမ်သွားတဲ့အတွက် သာသနာတော်အတွက် အကျိုးရှိခဲ့တာအမှန်ပါ။
(ခ) ၀ိနည်းဆိုင်ရာအဓိကရုဏ်းများ
ရဟန်းတော်များနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဝိနည်းဆိုင်ရာအဓိကရုဏ်းတွေ၊ ကျောင်းပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အဓိကရုဏ်းတွေကို ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် ဗဟို သံဃာ့မဟာနာယက အဖွဲ့အဆင့်ဆင့်က စီမံဆုံးဖြတ်ခဲ့ပါတယ်၊။
အဲဒီလို စီစဉ်ဆုံးဖြတ်ရာမှာ လက်မှတ်အတုတွေသုံးပြီး မမှန်မကန် ဘက်လိုက် ဆုံးဖြတ်ခဲ့မှုတွေ (ပြည်- ကျောင်းအမှု) လာဘ်စားမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့မဟာနာကအဖွဲ့အတွင်းမှာ သံသယတွေ အသံထွက်ခဲ့သလို လူအများရဲ့ ကဲ့ရဲ့မှု၊ အထင်အမြင်သေးခံရမှုတွေ ခံခဲ့ရပါတယ်။ အဲဒီအထဲက အဆိုးဆုံး နာမည်အပျက်ဆုံး အမှုကတော့ ကောလင်းမှာဖြစ်ပွားခဲ့တဲ့ ကျောင်းပိုင်ဆိုင်မှု အဓိကရုဏ်းမှာ သံဃာ့နာယကအဖွဲ့ရဲ့ လာဘ်စားမှုတွေ ပြည်သူကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အတွက် ပျံလွန်တော်မူသွားပြီဖြစ်တဲ့ မင်းကွန်း တိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရဘိဝံသ ကတောင် “ဒါလား သံဃာ့မဟာနာယကအဖွဲ့” လို့ ရှုတ်ချ ပြစ်တင်ခဲ့ပါတယ်။
အရေးအခင်းကာလများနဲ့ သံဃာ့မဟာနာယက
(၁) ၁၉၈၈ ခုနှစ်မှာ အများသိကြတဲ့အတိုင်း ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီ လူထုလှုပ်ရှားမှု အရေးအခင်းမှာ ငယ်ရွယ်တက်ကြွတဲ့ ရဟန်းငယ်များလည်း လူထုနဲ့အတူ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြတာပါ။ အရေးအခင်းကာလမှာ သံဃာတော်တွေဟာ ပြည်သူလူထုတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ ရပ်ရွာအေးချမ်းသာယာရေးအတွက် တဘက်တလမ်းက ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။
အရေးအခင်းဖြစ်နေချိန်မှာ ကမ်းနားလမ်း၊ ကုန်သွယ်ရေးရုံးပေါ်က စစ်သားတွေက ဆန္ဒပြလူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားပါတယ်။ ရန်စဖို့ လုပ်ပါတယ်။ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ရုံးကို ၀ိုင်းပါတယ်။ ဆန္ဒပြနေတဲ့လူအုပ်က များနေတဲ့အတွက် စစ်သားတွေ ပြေးပေါက်မရှိ ပိတ်မိနေတာပါ။ စစ်သားတွေအတွက် အသက်အန္တရာယ်ရှိတာ သိလို့ တံခါးပေါက်တွေကို ဖွင့်ပြီး ဘုန်းကြီးတွေက အရင်ဝင်သွားပါတယ်။ အပေါ်ရောက်တော့ စစ်သားတွေကို အရပ်ဝတ် ဝတ်ခိုင်းပြီး အဲဒီစစ်သားတွေကို ဘုန်းကြီးတွေက ကယ်ထုတ်ခဲ့တာပါ။ စစ်သားတွေ အသက်ဘေးက လွတ်သွားတာဟာ ဘုန်းကြီးတွေ ကျေးဇူးပါ။
နောက် တောင်ဥက္ကလာဖက်မှာ အဆိပ်ခတ်တဲ့သူတွေကို ဆန္ဒပြလူစုက ဖမ်းမိလိုက်ပါတယ်။ ဆေးခပ်သူတွေကိုယ်တိုင်က ထောက်လှမ်းရေးက ဆေးထိုး ဆေးတိုက်ပြီး စေခိုင်းခံထားရလို့ ကြောင်တောင်တောင်တွေ ဖြစ်နေတာပါ။ ဘာမှလည်း မေးမြန်းလို့ မရ။ ဒေါသမထိန်းနိုင်လို့ လူတချို့ကို သတ်တောင် သတ်ပြီးနေပါပြီ၊ အဲဒီသတင်းကို ငွေကြာရံကျောင်းတိုက်က ဆရာတော်ကြားလို့ ကားနဲ့ အလျင်အမြန်ရောက်လာပြီး အဆိပ်ခတ်တဲ့လူတွေရဲ့ အသက်ကို အလှူခံခဲ့ပါတယ်။ လူဝတ်နဲ့နေရင် အသက်အန္တရာယ်ရှိလို့ ဒကာတွေကို သင်္ကန်းဝတ်ပေး၊ ဒကာမတွေကို သီလရှင်ဝတ်ပေးပြီး ကျောင်းတိုက်မှာ စောင့်ရှောက်ထားခဲ့တာပါ။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေကို မေးကြည့်ရင် သိနိုင်ပါသေးတယ်။
အစိုးရစက်ရုံတွေ မီးဘေးက ကင်းဝေးအောင် ကယ်တင်ခဲ့တာတွေနဲ့ အခြား အဖြစ်အပျက်များစွာလည်း ရှိပါသေးတယ်။ တကယ်တော့ ဘုန်းကြီးတွေရော လူထုကရော လိုချင်တာက တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုပါ။ အဲလို ဆောင်ရွက်ခဲ့တဲ့သံဃာတွေကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး အတင်းအဓမ္မ လူဝတ်လဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်။ စစ်အာဏာရှင်တွေ ပြောသလို အဲဒီသံဃာတွေဟာ ဘုန်းကြီး အယောင်ဆောင် သံဃာအတုတွေလား၊ အဖမ်းခံရတဲ့သံဃာတွေကို သံဃာ့နာယကဆရာတော်တွေက ဘာတွေ အကူအညီပေးခဲ့သလဲ။
(၂) ၁၉၉၀ ခုနှစ်တုန်းကလည်း မန္တလေး သံဃာ့ဆွမ်းလောင်းပွဲမှာ စစ်တပ်က ကြိုတင်သတိပေးခြင်း မရှိဘဲ ဆွမ်းခံနေတဲ့ သံဃာတန်းထဲကို အကြမ်းဖက်ခဲ့တဲ့အတွက် ရဟန်းသာမဏေ (၁၅) ပါး ခန့် ထိခိုက်ခဲ့ရတယ်။ (ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်၊ စာရင်းစုံစမ်းဆဲ)။
စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေကို သံဃာထုက မကျေနပ်လို့ မန္တလေးသံဃာထုက ဦးဆောင်ပြီး စစ်တပ်ရဲ့ သာရေး၊ နာရေးကိစ္စတွေမှာ မပတ်သက်ဖို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့ပါတယ်။ ဒီလို ကံဆောင်ခဲ့တာကလည်း ဘုရားဟောကြားထားတဲ့ ဝိနည်းတော်နဲ့ အညီ ဆောင်ရွက်ခဲ့တာပါ။
အဲဒီလို ကံဆောင်မှုကြောင့် ရန်ကုန်နဲ့  မန္တလေးက ထင်ရှားတဲ့ဆရာတော်ကြီးအချို့ကို လူဝတ်လဲပြီး ထောင်ချခဲ့တာပါ။ ဒီလို အများလေးစားတဲ့ ထေရ်ကြီး ၀ါကြီးဆရာတော်တွေကိုလည်း သံဃာအတုအယောင်တွေ၊ သင်္ကန်းဝတ်တွေဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဆရာတော်ကြီးတွေ ထောင်ကထွက်တော့ အာဏာရှင်တွေကိုယ်တိုင် ဘွဲ့တံဆိပ်တွေကပ်ပြီး ကျောင်းတွေ ဆောက်ပေး၊ ဆန် ဆီ ဆား ဆေးလှူနဲ့ ပြားပြားဝပ် ရှိခိုးနေကြပြန်တယ်။ အမြင်ကပ်လောက်အောင် သွားလာ ဝင်ထွက်နေကြတာပါ။ ဘုန်းကြီး အတု၊ အစစ်ဖြစ်တာ စစ်တပ်က ဆုံးဖြတ်ရမှာလား၊ သံဃာ့နာယက က ဆုံးဖြတ်ရမှာလား။ အဲဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာ့နာယကဆရာတော်တွေ သံဃာထုဖက်က ရပ်တည်ပေးခဲ့သလား။
(၃) ၂၀၀၇ စက်တင်ဘာအရေးအခင်း
(သံဃာ့နာယကလက်စွဲ၊ အပိုင်း (၅)၊ အခန်း (၂၈)၊ (စ) မှာ သို့ဖြစ်ပါ၍ သံဃာတော်များ တန်းစီလှည့်လည် လမ်းလျောက်၍လည်းကောင်း၊ မော်တော်ယာဉ်ဖြင့် လှည့်လည်၍လည်းကောင်း၊ ပရိတ်တော်ရွတ်ခြင်းသည် ဝိနည်းတော်နှင့် ဆန့်ကျင်မှု မရှိသည့်အပြင် မြတ်စွာဘုရားလက်ထက်တော်မှစ၍ ဆရာစဉ်ဆက် ဆောင်ရွက်ခဲ့သည့် အစဉ်အလာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ ညွှန်း = (ဒု၊ ၄၇ ပါး စုံညီ ဧကူန၀ီသတိမ အစီရင်ခံစာ စာမျက်နှာ ၂၅-၂၈။)
စက်တင်ဘာ (၅) ရက်နေ့က စခဲ့တဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာမေတ္တာပို့ လမ်းလျောက်ချီတက်ပွဲမှာ သံဃာငယ်တပါးကို ဓာတ်တိုင်မှာ ကြိုးနဲ့တုပ်ပြီး ဖမ်းဆီးရိုက်နှက်ခဲ့တာက စလို့ ရွှေဝါရောင်သံဃာ့အရေး စတင် ဖြစ်ပေါ်ခဲ့တယ်။ အရေးအခင်းကာလမှာ သံဃာ (၃၀၀၀) ကျော် အဖမ်းခံခဲ့ရပါတယ်။
အဲဒီတုန်းက ထင်ရှားတဲ့ အဖြစ်အပျက်တခုကတော့ ငွေကြာရံကျောင်းတိုက်ပါ။ ငွေကြာရံကျောင်းတိုက်ကို ညအချိန်မတော် စစ်တပ်က ၀ိုင်းပြီး ရိုက်နှက်ဖမ်းဆီးလို့ သံဃာတွေ သွေးမြေကျခဲ့တာ၊ ကျောင်းတွေ ဖျက်ဆီးခံရတာ၊ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရတာတွေဟာ ခုအချိန်ထိ မှတ်တမ်းတွေရှိနေသေးပါတယ်။ ငွေကြာရံကျောင်းဆိုတာ ၈၈ အရေးတော်ပုံတုန်းက စစ်တပ်အလိုတော်ရိတွေ၊ အကြမ်းဖက် ဖျက်ဆီးရေးသမားတွေကို အသက်အလှူခံပြီး ကယ်တင်ပေးခဲ့တဲ့ ကျောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါ။ ထို့အပြင် ကျောင်းတိုက်တွေ ချိတ်ပိတ်ခံရတာ ကျောင်းပေါင်း (၆၀) ကျော် ရှိပါတယ်။
ထောင်ထဲမှာ သံဃာတော် ၂၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားဆဲ။ အဲဒီလို စစ်အာဏာရှင်တွေက ဘုန်းကြီးကျောင်းတွေ သံဃာတော်တွေကို အတင်းအဓမ္မ ဖျက်ဆီး နှိပ်စက်နေတာတွေကို သံဃာ့နာယကဆရာတော်တွေက တားဖူးပါသလား။ သံဃာတော်တွေ လွတ်မြောက်ဖို့ အာဏာရှင်တွေကို သြ၀ါဒတွေ ပေးဖူးပါသလား။
စစ်အာဏာရှင်တွေက ပြည်သူလူထုကို ဗိုလ်ကျ စိုးမိုး အနိုင်ကျင့်နေတာတွေကို ပြည်သူလှူတဲ့၊ ပြည်သူ့ဆွမ်းကို စားနေတဲ့ သံဃာ့နာယကဆရာတော်တွေက ထိုင်ကြည့်နေမှာလား။
ကိုယ့်ဒကာ၊ ဒကာမတွေ ဆင်းရဲဒုက္ခက လွတ်မြောက်အောင် ကူညီတာ အပြစ်ရှိလား။
အဓမ္မ၀ါဒတွေ ထွန်းကားနေတဲ့ မြန်မာပြည်မှာ ဓမ္မ၀ါဒတွေ ထွန်းကားအောင်လုပ်ဖို့က ရဟန်းသံဃာတော်တွေရဲ့ တာဝန်မဟုတ်ဘူးလား။ သံဃာတွေကို နှိပ်ကွပ်ဖို့ စစ်တပ်က အမိန့်တွေ ထုတ်ခိုင်းတိုင်း လက်မှတ်ထိုးပြီး ထုတ်ပြန်နေမှာလား။
မြတ်စွာဘုရားက လောကလူသားတွေရဲ့ ကောင်းကျိုးဆောင်ရွက်ဖို့ ကမ္ဘာသူ၊ ကမ္ဘာသား၊ အမျိုးအဆွေတွေရဲ့ အကျိုးကို ဆောင်ရွက်ဖို့ မိန့်မှာတော်မူခဲ့တာ မဟုတ်ဘူးလား။
အဲဒီလို ပြည်သူဘက်က ရပ်တည်တဲ့ အမှန်တရားဘက်က ရပ်တည်ခဲ့ကြတဲ့ သံဃာတော်တွေကို ဘာတခုမျှ အကူအညီ မပေးခဲ့တာကြောင့် ရဟန်းရှင်လူတွေရဲ့ ရင်ထဲမှာ သံဃာ့မဟာနာယကဆိုတာ စစ်တပ်လက်ကိုင်တုတ် ရုပ်သေးသံဃာ့အဖွဲ့အစည်း၊ သံဃာထုကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းလို့ ယုံကြည်နေတာကတော့ ဘာမှအံ့သြစရာ အထူးအဆန်း မဟုတ်တော့ပါ။
ဆုံးဖြတ်ရမည့် (အမှု) သဘောကို နိုင်ထက်စီးနင်း အလျင်စလို ဆုံးဖြတ်ခြင်းကြောင့် တရားတော်အတိုင်းတည်သူ တရားသူကြီးမဟုတ်ပေ။ ပညာရှိသည် ဟုတ်မှန်သောအကြောင်း၊ မဟုတ်မှန်သောအကြောင်း နှစ်ပါးလုံးကို (စူးစမ်း မေးမြန်း၍) ဆုံးဖြတ်ရာ၏။ ။ (ဓမ္မပဒ)
အရှင်ပညာနန္ဒ
ဒီဇင်ဘာ ၁၅၊ ၂၀၁၁
0 ရွှေည၀ါ ဆရာတော်အားအရေးယူမှု ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်စာရေးမည်
(YPI)
ရွှေည၀ါ ဆရာတော် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားပေးရန် အချက်ပါဝင်သည့် နိုင်ငံတော် ဗဟို သံဃာ့နာယက အဖွဲ့မှ သတိပေးစာ ပို့ခံရသည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ယနေ့နံနက်ပိုင်းတွင် ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတော် ဗဟိုသံဃာ့နာယက ...အဖွဲ့ထံစာရေးမည်ဟု ဆရာတော်၏ တကာအချို့ကပြောသည်။
ယခုကိစ္စနှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များ အန်အယ်ဒီရုံးချုပ်၌ စည်းဝေးခဲ့ကြပြီး ဆရာတော် အနေဖြင့် မန္တလေးတိုင်း အန်အယ်ဒီရုံးဖွင့်ပွဲတွင် တရားဟောရာမှ ယခုကဲ့သို့ဖြစ်ပွားရသဖြင့် စိတ်မကောင်းကြောင်းနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စာတစ်စောင် ရေးသားပေးပို့ရန် သဘောတူညီခဲ့ကြသည်ဟု မွန်းလွဲပိုင်းတွင် ဦးတင်ဦးက ဆရာတော်အား လာရောက်လျှောက်ထားခဲ့သည်။
ယခုလို ဒေါ်အောင်ဆန်းစုကြည်က စာတစောင်ရေးသားပေးပို့မည်ဖြစ် သကဲ့သို့ ဆရာတော် အနေဖြင့်လည်း နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံသို့ အသနားခံစာ တစောင် ပေးပို့ရန် မွန်းလွဲပိုင်းတွင် ရေးသားလျှက်ရှိသည်ဟု မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဆရာတော်အားတွေ့ဆုံမေးမြန်းခွင့် ရခဲ့စဉ် ဆရာတော်က မိန့်ကြားလိုက်သည်။
၎င်းအနေဖြင့် ယခုလို အသနားခံစာ တင်ရန် အကြောင်းမရှိသော်လည်း အားလုံးက ၀ိုင်းဝန်းတိုက်တွန်းသဖြင့် ယခုလိုစာတင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် ပြီးနောက် သူတို့ဘက်က မည်သို့ ဆုံးဖြတ်မည်ကို စောင့်ကြည့် ရမည်ဖြစ်ကာ အဆိုးဆုံးတွက်လည်း ပြင်ဆင်ထားကြောင်း လည်း ဆက်လက် မိန့်ကြားသည်။
Thursday, December 15, 2011
0 ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ
ရွှေညဝါ ဆရာတော်နှင့် ယခုည ၉ နာရီ ၄၅ မှာ ဆက်သွယ်မေးမြန်းချက် အသံဖိုင် (u zarwana)
(Yangon Press International )
၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့်အခမ်းအနားများ ကျင်းပသည့် သာဓုပရိယတ္တိ စာသင်တိုက်နှင့် ရွှေည၀ါ ပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင်ကျင်းပသည့် ညီသံဃာ့နာယက ၄၇ ပါးစုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် ဆိုသည့်အချက်သုံးချက်ကို ဖေါ်ပြထားသည်။
မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖေါ်ပြထားခြင်း မရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါ ပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ပြောသည်။
၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက်ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူး လို့ဆိုလိုတာပဲ” ဟုပြောသည်။
ဒီဇင်ဘာ ၁၀ ရက်နေ့ က ကျင်းပသည့် အခမ်းအနားတွင် သာဓုပရိယတ္တိ စာသင်တိုက်မှ ရွှေည၀ါဆရာတော်အား မြင်တွေ့ရစဉ်
နှင်ထုတ်သည့်စာမိတ္တူအား သာသနာရေး ၀န်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေး ၀န်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖေါ်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။
ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။
တိုင်းသံဃာ့နာယက အဖွဲ့မှ ဆရာတော်ထံ ပေးပို့လာသည့် စာ
0 အန်အယ်လ်ဒီပါတီ တရားဝင်မှတ်ပုံတင်အမှတ်ရရှိပါက ဒီလှိုင်းအမည်ဖြင့် စာစောင်ထုတ်ဝေရန် အစီအစဉ်ရှိ
ဝင့်သင်ဇာကျော် (မြစ်မခ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် တရားဝင်မှတ်ပုံတင်အမှတ်ရရှိပါက ပါတီသစ်ထူထောင်ပြီး နောက် ဒီလှိုင်းအမည်ဖြင့် စာစောင်ထုတ်ဝေရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
အဆိုပါစာစောင်၏ အယ်ဒီတာအဖွဲ့မှာ ဦးအုန်းကြိုင် ၊ မုံရွာအောင်ရှင် ၊ ဖျာပုံနီလုံဦးနှင့် ငြိမ်းသစ်တို့ ဖြစ်ကြောင်းကိုလည်းသိရှိရသည်။
“ပါတီသစ်ထောင်ပြီးရင် အောင်နိုင်ရေးအတွက် အရင် လုပ်မယ် စာစောင်လုပ်ဖို့က စီစဉ်နေတုန်းပါဘဲ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အကုန်လုပ်ပါမယ်”ဟု ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
စာစောင်ထုတ်ဝေရခြင်းမှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြစ်သလို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ထုတ်ရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုလည်းပါပါတယ်၊ အဓိကက အောင်နိုင်ရေးကို ဦးစားပေးပြီး ပါတီတွင်း လှုပ်ရှားမှုတွေကို သိရှိနိုင်ဖို့အတွက်စာစောင်ထုတ်ဝေသွားမှာပါ”ဟုအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖျာပုံနီလုံဦး က ပြောသည်။
အဆိုပါ စာစောင်တွင် ပါတီတွင်း လှုပ်ရှားမှုများ၊ ပြည်နယ်နှင့်တိုင်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ နိုင်ငံရေးလှုပ်ရှားမှု များနှင့် ကာတွန်း၊ဆောင်းပါးစုံလင်စွာဖြင့် ထုတ်ဝေမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အဖွဲ့ချုပ်ရုံး များသို့ ဖြန့်ချီရန် အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က အန်အယ်လ်ဒီဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း နှင့် ဦးဝင်းမြင့်တို့မှ နေပြည်တော်သို့ သွားရောက်မှတ်ပုံတင်ခဲ့ပြီး လက်ရှိအချိန်တွင် တရားဝင်ပါတီ ဖြစ်မြောက် ရန်အတွက် ခွင့်ပြုချက်စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
0 ကြံ့ဖွတ်အစိုးရအလိုကျနိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရွှေညဝါဆရာတော်အား မတရားအရေးယူနိုင်ရေးစီစဉ်နေ
ရွှေညဝါဆရာတော်အား မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တရားဟောကြားသည့်ကိစ္စနှင့် ပါတ်သက်၍ အရေးယူပေးရန် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး သံဃာ့မဟာနာယကအဖွဲ့သို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၁၂ရက်နေ့နေ့စွဲဖြင့် အကြောင်းကြားခဲ့ကြောင်းသတင်းရရှိပါသည်။
Burma vj media network