ကျနော်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ် မြစ်နှစ်မွှာဆုံတဲ့ အောက်ဘက်နားက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်း ကမ်းမြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မြို့လေးကပါ။ စက်တင်ဘာ သံဃာလှုပ်ရှားမှု စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ ဆိုရင်တော့ လူသိပိုများမှာပါ။
ကျနော်တို့ ပခုက္ကူဟာ အရောင်းအဝယ် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့အပြင် စီးပွားရေးလည်း ဖွံဖြိုးပြီး မန္တလေးပြီးရင် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းကားတဲ့အရပ်ပါ။ တန်ခိုးကြီး ဘုရားတွေဖြစ်တဲ့ သီဟိုဠ်ရှင်၊ ကမ္ဘာကျော် တံကဲရှိတဲ့ ရွှေကူဘုရား၊ ဖေါင်တော်ဦးနဲ့ မြစ်ကမ်းနဘေးက သာယာတင့်တယ်စွာ သပ္ပါယ်တည်ရှိနေတဲ့ ရွှေမုဋ္ဌောဘုရားတို့ဟာ ပခုက္ကူရဲ့ ကျက်သရေဆောင်တွေပါ။
စီမံသူ ဦးဘိုးလှဲ့ဆိုတဲ့ စာတန်းတွေ အများကြီးတွေ့ရတဲ့ မဟာဝိဇယာရာမ ပါဠိတက္ကသိုလ် အရှေ့တိုက်မှာ စာသင်သားသံဃာ ၆ဝဝ ကျော်၊ အင်္ဂလန်နိုင်ငံက ဂေးလက်အင်ဂျွန်စတင် လီမီတက်က လာဆောက်ပေးတဲ့ နာရီစင်ကြီးရှိတဲ့ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ်၊ အလယ်တိုက်မှာ စာသင်သား တထောင်ကျော်၊ နောက် သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ်လို့ခေါ်တဲ့ အနောက်တိုက်မှာ စာသင်သား ၂ဝဝ ကျော်နဲ့ သာသနာ ပြန်‹ပွားအောင် ဗုဒ္ဓသာသာနာကို လက်ဆင့်ကမ်း သယ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က သံဃာတော် တွေစာဝါ လိုက်နေတဲ့ နေရာကြီးတွေ ရှိတယ်ဗျာ။
ဒီလို ပရိယတ်တင် မဟုတ်ဘူး၊ ပရိပတ်တွေပါ နည်းပေးလမ်းပြနေတဲ့ မိုးကုတ်ရိပ်သာလို၊ မဟာစည်ရိပ်သာတို့လို ကမ္မဌာန်း ဘဝနာ နည်းပေးတဲ့ ရိပ်သာတွေလည်း အများကြီးဗျ။ သီလရှင်တွေအတွက် စာဝါပို့ချနေတဲ့ ကျောင်းတွေလည်း အများကြီးပဲ။ ပရိယတ်ဘက်မှာ စာဝါလိုက်မယ်ဆိုရင် ပခုက္ကူ စာချနည်းကို မသင်ဘူးတဲ့ ဘုန်းကြီးဟာ ပညာစုံတယ်လို့ ဆိုမရဘူးလို့ ဆရာတော်ကြီးတွေ မိန့်ခဲ့တာ ကြားဖူးပါရဲ့။ အမရပူရ မဟာဂန္ဓာရုံဆရာတော်၊ ကျေးဇူးတော်ရှင် အရှင် ဇနကာဘိဝံသ
ကိုယ်တိုင်ရေးတဲ့ တဘဝသာသနာ ထေရုပ္ပတိမှာ ပခုက္ကူဟာ သာသနာထွန်းကားကြောင်းနဲ့ ဒကာဒကာမတွေက သံဃာတော်တွေကို ကြည်ညိုရာမှာ အထူးအားရမိကြောင်း ဖတ်ဖူးခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုလှတဲ့ သမိုင်းကြောင်းလေးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၅ ရက်နေ့က အရောင်ဆိုးခဲ့တာကတော့ အာဏာအတွက် သာသနာကွယ်ချင် ကွယ်ပလေ့စေဆိုတဲ့ စိတ်နဲ့ လုပ်ရက်ခဲ့တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျနော့် မျက်စိထဲ၊ နားထဲ ဘယ်တော့မှ ဖျောက်ဖျက်ရမှာ မဟုတ်ပါဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေဟာ အရိုးခံစိတ်ရင်းကောင်းပြီး ခန္တီပါရမီလည်း တော်တော်ရှိကြတယ် ပြောရမလား။ မဆလ ၊ နအဖ က အကွက်ချ ဖျက်ဆီးခြောက်လှန့်ထားလို့ မနိုင်လို့ သီးခံနေကြတယ်ဆိုရမလား၊ ကျနော် ၈ တန်း က ဖြစ်ခဲ့တဲ့ ၈၈ နောက်ပိုင်း လူထုအများစုပါတဲ့ အုံကြွမှု မဖြစ်ခဲ့ဘူးဗျ။
ဖြစ်မယ့်ဖြစ်တော့လည်း သြဂုတ်လလယ်မှာ နအဖ က လောင်စာဆီဈေး အဆမတန် တက်လိုက်တော့ ရင်ထဲမှာ ကြိမ်မီးအုံးသလို ခံစားနေရတဲ့ မီးက ထတောက်တော့တာပါပဲ။
သြဂုတ်လ ၂၂ ရက်ကို တိုက်ပွဲဆင့်ခေါ်ခဲ့တဲ့ ကိုထင်ကျော်၊ လောင်စာဆီဈေး ကျဆင်းရေးအတွက် ချီတက်လမ်းလျှောက်ခဲ့တဲ့ အကိုကြီး ကိုမင်းကိုနိုင်တို့ ၈၈ ကျောင်းသားတွေ လှုပ်ရှားမှုကြောင့် ရန်ကုန်မှာ အဖမ်းခံခဲ့ရပါပြီ။ ပခုက္ကူသံဃာထုက လူထုရဲ့အခြေအနေကို သူတို့အသိဆုံးဆိုတော့ စက်တင်ဘာလ ၅ ရက်မှာ သံဃာ ၅ဝဝ ကျော်လောက် နေပူကျဲကျဲမှာ လူထုအတွက် မေတ္တာပို့ဖို့ ကျောင်းအသီးသီးကနေ ကြွချီကြပါတယ်။ ဒီအချိန်မှာ ကျနော် ဆိုင်ကယ်တစီးနဲ့ ပတ်လာတော့ တပ်မ ၁ဝ၁ က ဗျူဟာမှူးနဲ့ ခမရ ၂၃၅ က တပ်ရင်းမှူး အပါအဝင် တပ်သား ၂ဝ လောက် ပခုက္ကူမြို့လယ်လို့ ဆိုရမယ့် ဆေးရုံ ၂ ရုံအကြားက မီးပွိုင့်လမ်းဆုံမှာ ကျောချင်းကပ်ပြီး ဘုန်းကြီးတွေ အလာကို စောင့်နေတာကို အထိတ်တလန့် မြင်လိုက်ရပါတယ်။
ဒါကို မြင်လိုက်ရတဲ့ အချိန်မှာ ကျနော်ဟာ သံဃာတွေရှိတဲ့ဆီ အပြေးသွားလျှောက်တင်တော့ သံဃခေါင်းဆောင် တပါး မိန့်ကြားခဲ့တာကို အသဲထဲ စွဲနစ်ဝင်ခဲ့ရပါတယ်။
'ဒကာ ကျုပ်တို့က မေတ္တာနဲ့ ပြည်သူအတွက် မေတ္တာပို့တာ အပြစ်လား၊ သူတို့ကို မေတ္တာနဲ့ပဲ ဖြတ်ကျော်မယ်။ ဦးဇင်းတို့ မကြောက်ဘူး။ ဆက်ကြွမယ်' တဲ့။
ဘာပြောကောင်းမလဲ၊ ဘေးက လက်အုပ်ချီနေတဲ့ ပြည်သူတွေ လက်ခုပ်တီးလိုက်တာ တဖြောင်းဖြောင်းနဲ့ပါပဲ။ ပရိသတ်ကလည်း လမ်းကို ညွတ်နေတာပဲ။
သံဃာတော်တွေကလည်း ကြည်ညိုစရာ ကောင်းလိုက်တာ။ ဘုရားရှင် ရဟန်း ၅ဝဝ နဲ့ ကြွချီလာသလိုကို စိတ်ထဲမြင်ယောင်လိုက်မိတယ်။ သံဃာတန်းကြီး ကြွချီတာဆုံးမှ ကျနော်လည်း သမီးပါတာကို အမှတ်ရပြီး အိမ်ကို အပြေးပြန်ပို့ပြီး တောက်လျှောက်ပြန်လာပါတယ်။ ဒီအချိန်မှာ သေနတ်သံ ၂ ချက်လောက် ကြားတော့ ထိတ်ပြာပြီး ဦးဇင်းတွေဆီ အရောက်ပြေးတဲ့အခါ လမ်းပေါ်မှာ ဘုန်းကြီးစီးဖိနပ်တွေ ကျဲပြန့်နေပါပြီ။
စစ်သားတွေက လမ်းဘေးမှာ ရပ်ကြည့်တဲ့ လူတွေကို လိုက်ရိုက်နေပါတယ်။ အထင်းသား မြင်ရတာပါ။ ဖြစ်တဲ့နေရာက အရှေ့တိုက်နဲ့နီးတော့ အရှေ့တိုက်ထဲကို သံဃာတွေ ဝင်ပြေးကြတာပေါ့။ ဘယ်ကိုယ်တော်တွေ အဖမ်းခံရလဲ၊ ဘာတွေဖြစ်သလဲ မေးတော့ ကိုယ်တော်တပါးက ‘ဒကာရေ ... နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဦးတေဇော ရောက်လာပြီး ကျူပ်တို့ကို ဒီကောင် ဖမ်းဖမ်းနဲ့ ပြောတော့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း စစ်သားတွေက ကြိုးနဲ့ ပစ်ဖမ်းတာပဲ။ ကျုပ်ကို အခု အနောက်တိုက် လိုက်ပို့စမ်းပါ။ ကျောင်းက ကျန်တဲ့ သံဃာတွေကို စိုးရိမ်တယ်’ ဆိုလို့ ဖိနပ်မပါတဲ့ ဦးဇင်းကို အနောက်တိုက် လိုက်ပို့ရပါတယ်။ လမ်းမှာ ဦးဇင်းပြောတာက ...
'ဒကာရာ ဦးဇင်းတို့က အိမ်တွေ ဝင်ထွက် ဆွမ်းခံနေတော့ ဒကာတွေ အခြေအနေ သိတယ်။ အရင်က ၅ အိမ်လောက် ဆွမ်းခံရင် ကျုပ်တို့ သပိတ်ပြည့်ပြီ။ အခု ၁၅ အိမ်လောက်ခံမှ တပါးစာ ဝ ရုံလောက်ရှိတယ်။ ကျုပ်တို့ ခေါင်းရိတ်ဖို့ ဓားတချောင်းတောင် အပိုမဝယ်နိုင်တော့ဘူးဗျာ။ ဒါ ဒကာတွေ မွဲနေပြီဆိုတာ ကျုပ်တို့သိလို့ မေတ္တာပို့ တာပါ။ ကျုပ်တို့မှာ အပြစ်ရှိသလားဗျာ' တဲ့။
မျက်ရည် မဆယ်နိုင်ဘူး။ ကျနော်က မျက်ရည်လွယ်တတ်တယ်။ ဒါနဲ့ ပြန်လှည့်လာရင်း ကျောင်းတိုက်တွေ ဝင်ကြည့်တယ်။ ဘယ်ကိုယ်တော် ပါသွားတယ်၊
ပျံတော်မူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဆေးရုံပြေး၊ ရင်ခွဲရုံပြေးကြည့်တယ်။ မရှိပါဘူး၊ တော်သေးတာပေါ့။ ဒါနဲ့ ကျောင်းတိုင်း လိုက်မေးတော့ ၁ဝ ပါး အဖမ်းခံရသလို ဘာလိုလိုနဲ့ ဖြစ်နေရော။ နောက် ညနေကျ ဆရာတော်ကြီးတွေကို အာဏာပိုင်ဆိုသူတွေက အလက (၃) ကျောင်းထဲ ပင့်ပြီး ဆွေးနွေးတယ်။
ဆရာတော်တွေ တောင်းဆိုမှုတွေကြောင့် ဖမ်းထားတဲ့ သံဃာတွေ ပြန်လွတ်ခဲ့တယ်။ ပြန်ကြွလာတဲ့ ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့ ၃ ပါး အဖမ်းခံထားရတာ ပြန်လွှတ်ပေးပြီဆိုလို့ ဒီကိုယ်တော်တွေကို ဘယ်လိုနေလဲ မေးကြည့်ရတယ်။
ရေဒီယိုတွေမှာ ကာယကံရှင် ကိုယ်တော်တွေ ကိုယ်တိုင် မိန့်ခဲ့တာကို ခင်ဗျားတို့ နားထောင်ခဲ့ရင် သိမှာပါ။ ကျနော်လည်း မီဒီယာတွေမှာ အဖြစ်မှန်တွေ ပြောဖြစ်ခဲ့တယ်။
ကျနော် မခံနိုင်လွန်းလို့ တော်တော်ကို ပြောဖြစ်ခဲ့တယ်။ အဖမ်းခံ အနှိပ်စက်ခံခဲ့ရတဲ့ ဦးဇင်းတွေဖြစ်တဲ့ ဗောဓိမဏ္ဍိုင်ကျောင်းက အရှင် စန္ဒိမာ၊ အနောက်တိုက်က အရှင်ပညာစက္ကနဲ့ အရှင်ပညာနန္ဒ၊ သူတို့ ပျံတော်မမူသေးပါဘူး၊ အခု မေးရင်လည်း ရပါသေးတယ်။ သူတို့ကို နှိပ်စက်ခဲ့တဲ့သတင်းကို နိုင်ငံရေး တက်ကြွသူတွေနဲ့ မီဒီယာတွေ ပေါင်းပြီး လုပ်ကြံဖန်တီးတယ်ဆိုတာ နအဖ က ပြောခဲ့တယ်။ ဟုတ်၊ မဟုတ် လှမ်းမေးကြည့်လေ။
ဦးဇင်းတွေက ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်က ‘ဟိုထဲမှာ ၂ ကောင်ပုန်းနေတယ်၊ ဖမ်းဖမ်း’ ဆိုပြီး ပြောခဲ့တယ်။ နှစ်တစ် ခင်မောင်ဝင်းဆိုတဲ့ လူမိုက်ကလည်း ငါတို့ကို ဝင်ရိုက်တယ်။ စစ်သားတွေကလည်း သေနတ်ဒင်နဲ့ထုတယ်။ ဒါတွေပြီးမှ ရဲစခန်းထဲ လူဝတ်လဲပြီး၊ အချုပ်ခန်းထဲ ထည့်ခဲ့တယ်ဆိုတာ မုသား မပါပါဘူးဗျာ။
ကျနော်တို့ နိုင်ငံတော်တည်ငြိမ်ရေးကို မနှောင့်ယှက်ခဲ့ပါဘူး။ အဓိကကတော့ သူတို့ဘာသာ မေတ္တာပို့ကြွချီိတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ရက်ရက်စက်စက် ရိုက်ခဲ့လို့ ဒီလိုဖြစ်ခဲ့တာပါ။
နောက်နေ့ မနက်မှာ တိုင်းသာသာနာရေး ဦးစီးနဲ့ ခရိုင်အဆင့်ဆင့်က တာဝန်ရှိသူတွေဟာ စာသင်တိုက်တွေကို ဝင်ပြီး လှုပ်ရှားမှုတွေမှာ မပါဖို့ ဝင်လျှောက်တော့တာပဲ။
ဒီမှာတင် လောလောလတ်လတ် ခံထားရတဲ့ သံဃာတော်တွေက မကျေနပ်လို့ အလယ်တိုက်အရောက်မှာ ဝန်းတံခါးပိတ်ပြီး အာဏာပိုင် ၁၃ ယောက်ကို ဖမ်းလိုက်တယ်။ သူတို့စီးတဲ့ ကားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒါ ကျနော်တော့ လူငယ်အတွေးနဲ့ မမှားဘူးပဲ ထင်တယ်။ ဒီသတင်းတွေ ကျနော့်ကို မီဒီယာက မေးတော့ အမှန်အတိုင်း အကုန်ပြောဖြစ်တယ်။
အဲဒီမှာတင် ဇာတ်လမ်းစတော့တာပဲဗျို့။ ၇ ရက်မနက်ခင်းပိုင်း ကျနော် သွားရာနောက် ကြွက်တကောင်ဟာ တကောက်ကောက်နဲ့ လိုက်တော့တာပဲ။ ကျနော် သိလိုက်ပြီ၊ ကွိုင်တော့မယ်ဆိုတာ။ အိမ်မပြန်ရဲတော့ဘူး။ ညနေခင်း လိုအပ်တဲ့ အဝတ်အစားနဲ့ ပိုက်ဆံကို အိမ်ကနေ ကပျာကရာ ဝင်ယူပြီး အေးမြတဲ့ ဘုရားရိပ် တရားရိပ် သံဃာရိပ်မှာ ခိုလှုံနေရတော့တာပေါ့။ စကားလုံး လှအောင် ရေးတာပေါ့ဗျာ။ အဖမ်းခံရမှာ ကြောက်လို့ ကြောက်ချေးပါတာ၊ ပြေးတာပါပဲ။ ၅ ရက်နေ့က အင်္ကျီကြယ်သီးဖြုတ်ပြီး လမ်းလယ်ခေါင်မှာ ‘ပစ်ချင်ရင် ငါ့ ပစ်ကွာ၊ မပြေးကြနဲ့’ လို့ ကုန်းအော်ခဲ့တဲ့ ကိုယ့်အသံကိုတောင် ပြန်ကြားပြီး ရှက်မိပါရဲ့။ ၇ ရက်နေ့ညမှာပဲ ဘုန်းကြီးတွေနဲ့ နီးစပ်တယ်လို့ယူဆပြီး အပြစ်မရှိတဲ့ ဦးသန့်ရှင်း ၊ ဦးနေလ ၊ ဦးစိန်လင်း ၊ ဦးသာအောင် တို့ကို ဖမ်းဆီးပြီး သရက်ထောင် မှာ ၂ နှစ်ကနေ ၉ နှစ်ထိ ထောင်ချခဲ့ပါတယ်။ သူတို့ခိုင်းလို့လုပ်ရတဲ့ နှစ်တစ် ခင်မောင်ဝင်းလည်း ထိုးကျွေးတာခံရပြီး သရက်ထောင်မှာ ထောင် ၂ နှစ်အပြစ်ပေးထားပါတယ်။
ဒီလိုနဲ့ ကျနော် ဘုန်းကြီးကျောင်းမှာ ပုန်းနေပြီး သံဃာတော်တွေနဲ့ ဘာဆက်လုပ်မလဲ တိုင်ပင်ရပါတယ်။ တနိုင်ငံလုံးက သံဃာတွေကလည်း ပခုက္ကူသံဃာတွေကို ကျေနပ်အောင် တောင်းပန်၊ မတောင်းပန်ရင် ပတ္တနိကုဇ္ဇန ကံဆောင်မယ်ပေါ့။ ဒါကို အာဏာက လွဲပြီး ဘာမှ သောက်ဂရုမစိုက်တဲ့ ငမိုက်သားတွေက မတောင်းပန်ဘူးလေ။ ဒီတော့ တနိုင်လုံး စက်တင်ဘာ ၁၈ မှာ ရွှေဝါရောင်လို့ ကမ္ဘာကသိတဲ့ သံဃာလှုပ်ရှားမှုကြီး ပေါ်လာရတော့တာပါပဲ။
ကျနော့်ကိုတော့ မြေလှန်ရှာနေတယ်ဆိုတဲ့ သတင်းတွေအပြင် ညပိုင်းမှာ ဘုန်းကြီးကျောင်းကို ဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် ဘုန်းကြီးတွေကို မထိစေချင်တာရော၊ ကိုယ်တိုင်လည်း ကြောက်တာရောကြောင့် ပြေးမိပြေးရာ ပြေးရင်းကနေ အိန္ဒိယကို ရောက်ခဲ့ရတာပါပဲဗျာ။
ဒီဆောင်းပါးကို ဖတ်မိတဲ့ ခင်ဗျားကတော့ ဘယ်လိုနေမယ် မသိဘူး၊ ကျနော်တော့ သွေးဆူနေသေးတယ်ဗျာ။ ကျနော့်လို ပုန်းအောင်းနေရတဲ့ ပခုက္ကူက ဦးဇင်းလေးတွေ ရှိသေးတယ်။ တွေ့များ တွေ့ခဲ့ရင် ကျနော် ဒီက စောင့်နေပါတယ်လို့။ ပခုက္ကူမှာ ကျန်ခဲ့တဲ့ ဦးဇင်းတွေနဲ့ မြန်မာပြည်သူ ပြည်သားတွေကိုတော့ ပြောချင်တာ တခုရှိတယ်။ ကျနော့်နိုင်ငံရေးအဆင့် မူကြိုအဆင့်မှာပဲ ရှိပါသေးတယ်။ မှားရင် ခွင့်လွှတ်ဗျာ။ ကျနော်တို့ ကိုယ့်မြေ ကိုယ့်အမေနဲ့ အတူနေချင်တယ်။
အဲဒီတော့ ကျနော့်တို့ နိုင်ငံမှာ စစ်အာဏာရှင် ရှိနေသေးသရွေ့ သားတကွဲ မယားတကွဲ ဒုက္ခ၊ မိဘမဲ့တဲ့ ကလေးငယ်တွေ၊ မတရား စော်ကားခံရတာတွေ၊ ဖိနှိပ်ခံရတာတွေ ရှိနေဦးမှာ မလွဲပါဘူး။
ဒါတွေ ချုပ်ငြိမ်းသွားအောင် ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်။ လူဦးရေ သန်း ၅ဝ ကျော်တဲ့ ပြည်သူက လက်တဆုပ်စာ အာဏာရှင်ကို မနိုင်ဘူးဆိုတာ ရာဇဝင်ရိုင်းပါတယ်။ ဒီတော့ ချိနဲ့သူကို ဖေးကူ၊ အားနည်းသူကို လက်တွဲ၊ စည်းလုံးညီညာတဲ့ စိတ်ဓာတ်တွေနဲ့ တိုင်းပြည်အတွက် ဘာသာသာသနာအတွက် အမြန် တိုက်ပွဲဝင်သွားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
မကြာခင်လာတော့မဲ့ တဖက်သတ်ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ အပြတ်ဖြတ်သင့်ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲ ကျနော် မဲမပေးခဲ့ရပေမဲ့ တကယ် သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်လို့ အနိုင်ရပါတီ အန်အယ်လ်ဒီဟာ အနိုင်ရပြီးသူဖြစ်ပါတယ်။ သူတို့နဲ့ လက်ရှိ အာဏာရှင်တွေ ညှိနိုင်းပြီး တိုင်းပြည်ကောင်းအောင် မလုပ်မချင်း ကျနော်တို့ ဆက်တိုက်ရမှာပါပဲ။
ခေတ်အဆက်ဆက်က အာဏာရှင်တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်အပေါင်း၊ စက်တင်ဘာ သံဃလှုပ်ရှားမှုအတွင်း ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူအပေါင်းနဲ့ ထောင်တွင်း အကျဉ်းချခံထားရတဲ့ ရဲဘော်အပေါင်းကို ဒီဆောင်းပါးနဲ့ ဦးညွှတ်အလေးပြုလိုက်ပါတယ်။
ဇာနည် (ပခုက္ကူ)
Sunday, September 27, 2009
0 ရင်ထဲက စက်တင်ဘာရာဇ၀င်
0 ၂၀၀၇သံဃာ့ဆန္ဒပြပွဲ ဒုတိယနှစ်ပတ်လည်နေ့အဖြစ် သံဃာတော်များ ထိုင်းနိုင်ငံရှိနအဖအခွန်ရုံးရှေ့တွင်ဆန္ဒပြ
ကားသွားကားလာတွေ ရှုပ်ထွေးနေတဲ့ ဘန်ကောက်မြို့ စထုံ လမ်းမကြီးဘေး မြန်မာသံရုံးရှေ့မှာ ဒီနေ့နေ့ခင်းပိုင်း မြန်မာသံဃာတော်တချို့ စုဝေးပြီး မေတ္တာသုတ် ရွတ်ဆိုနေတဲ့အချိန်၊ အဲဒီသံဃာတော်တွေရဲ့ အနီးမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တချို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက လက်နက်တွေ ကိုင်ဆောင်ထားတာ မရှိသလို သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတွေလည်း မတွေ့ခဲ့ရပါဘူး။ မြန်မာသံရုံးရှေ့ ဆန္ဒပြတဲ့သူတွေကို အနှောက်အယှက်မပေးဘဲ ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု ၂ နှစ်ပြည့် အခမ်းအနားကို ကျင်းပခွင့် ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ သံဃာတော်တွေနဲ့အတူ ပါလာခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဖမ်းဆီးထားတဲ့ သံဃာတော်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။
သံဃာတော်တွေအပေါ် အကြမ်းဖက်နှိပ်စက်ခဲ့တဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်အစိုးရဘက်က ၀န်ချတောင်းပန်ဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက တောင်းဆိုပါတယ်။ စစ်အစိုးရအပေါ် ဘာသာရေးအရ အရေးယူဒဏ်ခတ်တဲ့ ကံဆောင်သပိတ်တွေ ဆက်ပြီး မှောက်သွားဖို့လည်း တောင်းဆိုနေပါတယ်။ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် သံဃာထုရဲ့ ကြေညာချက်တွေကိုလည်း ဒီနေ့အခမ်းအနားမှာ ဖတ်ကြားပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် စစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲတွေကို ပိုပြီးတော့ အာရုံစိုက်တဲ့သူတွေလည်း အများအပြား ရှိလာနေပါတယ်။
မြန်မာစစ်အစိုးရရဲ့ လမ်းပြမြေပုံနဲ့ အရပ်သားအစိုးရအဖြစ် ပြောင်းလဲမယ့်အစီအစဉ်တွေ အပေါ် လက်ခံကြိုဆိုသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒါပေမယ့်လည်း စစ်အစိုးရခင်းမယ့် ဒီမိုကရေစီလမ်းက သံဃာတော်တွေ စီတန်းကြွချီပြီး မေတ္တာပို့ခွင့်ရှိတဲ့လမ်း ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေလည်း မြန်မာပြည်သူတွေကြားမှာ ရှိနေပါတယ်။ သံဃာတော်တွေကတော့ မြန်မာပြည်မှာ ဘာသာရေးဆိုင်ရာ တန်ဖိုးထားမှုတွေကို လေးစားပြီး ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားကို တန်ဖိုးထားတတ်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေး ဆက်လက်လှုပ်ရှားမယ့်အကြောင့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်မှာ အခိုင်အမာ မိန့်ကြားခဲ့ကြပါတယ်။ (VOA)

Saturday, September 26, 2009
0 ကိုးကန့်တိုက်ပွဲနှင့်ပတ်သက်ပြီး တရုတ်က မြန်မာကို သတိပေး
ရန်ပိုင် (ဧရာဝတီ)
ကိုးကန့်တိုက်ပွဲများ အတွင်း စစ်အစိုးရတပ်များက တရုတ်လူမျိုးများအပေါ် ကြမ်းတမ်းစွာ ပြုမူ ဆက်ဆံခဲ့ပုံနှင့်ပတ်သက်၍ တရုတ်နိုင်ငံက စစ်အစိုးရကို သတိပေးပြောကြားလိုက်ကြောင်းသိရသည်။
ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသတိုက်ပွဲများအတွင်း စစ်အစိုးရတပ်များ၏ ဒေသတွင်းရှိ တရုတ်လူမျိုးများ အပေါ် နစ်နာစေရန်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး ဥပဒေအရအရေးယူဆောင်ရွက်ရန် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးမှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအရာရှိ တဦးကို ခေါ်ယူပြီး ပြောကြားကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသို့ သတိပေးပြောကြားခြင်းသည် အမေရိကန်-မြန်မာ ဆက်ဆံရေးအပြောင်းအလဲ ကြောင့် ဖြစ်နိုင်သည်ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောဆိုသည်။
“ဒါအမေရိကန်နဲ့မြန်မာဆက်ဆံရေး အပြောင်းအလဲကြောင့် လည်းပါမှာပေါ့၊ တရုတ်နိုင်ငံထဲမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ကိုင်တွယ်ပုံကို မကျေနပ်ကြဘူး”ဟု ၎င်းက ပြောသည်။
ကိုးကန့်ဒေသတိုက်ပွဲများ အတွင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သောကြောင့်၊ တရုတ်လူမျိုး တဦးသေဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တရုတ်လူမျိုးပိုင် စတိုးဆိုင်များနှင့် ကုန်တိုက်ကြီးများ လုယက်ခံခဲ့ရ သည်ဟု သိရသည်။
အလားတူ ၂၀၀၀ပြည့်နှစ် မုန်းကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် မုန်ဆာလ နှင့် လီနမင် တို့၏ အာဏာပြိုင်ဆိုင်မှုတွင်လည်း စစ် အစိုးရတပ်များက တရုတ်နိုင်ငံသားအများအပြားကို သတ်ဖြတ်ခဲ့ဖူးကြောင်း၊ သို့သော်လည်း ယခုကိုးကန့် ပြဿနာ ကဲ့သို့ ဒုက္ခသည်အများအပြား တရုတ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“လီနမင်တို့ကို ပစ်သတ်တုန်းကလည်း တရုတ်ကြေးစားစစ်သားတွေရော၊ ကုန်သည်တွေပါသေကုန်တာပဲ၊ အဲ့သည်တုန်းက လည်း တရုတ်အစိုးရက မကန့်ကွက်ခဲ့ဘူး” ဟု ဦးအောင်ကျော်ဇောက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ရက် နှင့် ၂၅ရက်နေ့ကလည်း ကချင်ပြည်နယ် လိုင်ဇာမြို့တွင်လည်းကောင်း၊ ယနေ့တွင်လည်း ရှမ်းပြည်နယ်ကွတ် ခိုင်မြို့၌ နှစ်နိုင်ငံ စစ်ဖက်အရာရှိများ နယ်စပ်ဒေသအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများကို ပြုလုပ်နေကြောင်း သိရသည်။
တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်းက“ဒါကတော့ တရုတ်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေ အရိုက်အနှက် အဖမ်းအဆီးခံရလို့ တာဝန်ရှိတဲ့အတိုင်း ခေါ်ပြီး သတိပေးတယ်လို့မြင်တယ်” ဟုပြောသည်။
၁၉၆၇ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံး၏ ပုံပါရင်ထိုး တံဆိပ်ချိတ်ဆွဲ မှုနှင့် ရန်ကုန်မြို့တွင် တရုတ် မြန်မာ အရေးအခင်းများဖြစ်ပေါ်ခဲ့ဖူးကြောင်း၊ ထိုအရေးအခင်း နှင့် ပတ်သက်ပြီး တရုတ် မြန်မာနယ်စပ်တွင် နှစ်နိုင်ငံ တိုက်ပွဲများဖြစ်ပွားခဲ့ဖူးကြောင်း သခင်ချန်ထွန်းကဆိုသည်။
“အဲ့သည်တုန်းကတော့ အခုလိုသတိပေးတာမျိုးတော့ မလုပ်ဘူး၊ နယ်စပ်မှာ တိုက်ပွဲတွေအကြီး အကျယ်ဖြစ်ကြတာပဲ၊ သံတမန်တွေတောင် တဖက်နဲ့ တဖက် ပြန်ခေါ် ကြတာပဲ”ဟု ၎င်းက ပြောသည်။
၁၉၈၈ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအလွန် ကောင်းမွန်လာခဲ့ပြီး၊ နယ်စပ်ဒေသ တွင် ယခုကဲ့သို့ ပြဿနာများမရှိကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တောင်းဆိုခြင်းသည် လုပ်ရိုးလုပ်စဉ် ပြလုပ် ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော အပြောင်းအလဲများဖြစ်လာမည် မထင်ကြောင်း ဦးအောင်ကျော်ဇော က သုံးသပ်သည်။
၁၉၆၇ခုနှစ် ၁၉၆၈ ခုနှစ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စများမှာ တရုတ်မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကြီးမားသော ပြဿနာများ ဖြစ်ပြီး၊ ယခုဖြစ်သော ကိုးကန့်ပြဿနာသည် ပြောပလောက်သော ပြဿနာ မဟုတ်ကြောင်း မကြာခင် ပြေလည်မှုများ ပြန်လည်ရရှိမည်ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။
0 ဖိလစ်ပိုင်တို့ မြန်မာသံရုံးကို ဆန္ဒပြ
၂၀၀၇ သံဃာ့ဆန္ဒပြပွဲ ဒုတိယနှစ်ပတ်လည်ကာလ အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ ဒီမိုကရေစီအရေး ထောက်ခံ လှုပ်ရှားသူများက မြန်မာစစ်အစိုးရသံရုံးရှေ့သို့ သွားရောက်ပြီး ထိန်းသိမ်းထားသည့် နိုင်ငံရေးသမားများကို လွှတ်ရန်ကန့်ကွက် ဆန္ဒပြကြသည်။ ဓာတ်ပုံ(AP)
0 ကျက်သရေခြင်းကွာပါ့
အသက်ကြီးပြီး ခြေတစ်ဖက်ခွင်နေတဲ့ ကျောက်ဆည်ဆင်အိုကြီးပုံနဲ့ကျက်သရေမရှိလိုက်တာ။ကျက်သရေခြင်းကွာပါ့။ ကြည့်ကြပါဦး။ ဗိုလ်ချုပ်က မိန့်မိန့်ကြီး ပြုံးပြနေတယ်။
0 "ခါးမတို့ခင်က ယားတယ်အစ်ကို့ "
မြန်မာစစ်တပ်နဲ့ အဲန်ဂေ့ခ်ျလုပ်မတဲ့လား၊ အကွက်ဆန်းလား၊ အာဆီယံ ၁၀-စုနှစ်နဲ့တစ်ဝက် မအောင်မြင်ခဲ့တဲ့ မွဲပြာပုဆိုးလား.... ကမ္ဘာ့ပုလိပ်ကြီး အမေရိကန်ရေ့။
စီးပွားရေးပိတ်ဆို့မှုတော့ ဆက်လက်ကိုင်ဆွဲမယ်တဲ့.... ဆဲန်ရှင်ကို နိုင်ဖဲလို့ ထင်နေတုန်းလား။ အီရတ်က ဆဒမ်လည်း ဘယ်လိုအခြေအနေမျိုးကျကာမှ တွင်းထဲ အောင်းသွားပါသလဲ... ဒီမိုခရက်တစ် သမ္မတကြီး ထောက်ခြင့်တော်မူပါဦး ခင်ဗျား။
လူနည်းစုများအပေါ် ပစ်မှတ်ထားမှု၊ အတိုက်အခံအပေါ် ဇီးရိုးတောလားရင့်စ်မူဝါဒနဲ့ အစွမ်းကုန် ကွပ်ညှပ်ခြင်းဓလေ့ကို နည်းနည်းတောင် ပြောင်းလဲသယောင် မပြတဲ့ စစ်အစိုးရထံမှာ ကောင်းကွက်ရှာကြည့်ပေါ့လေ... (အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ဘရတ် မေ အိုဘားမား) ဒီလို ဘယ်တော့မှ စိတ်ဒုန်းဒုန်းချနိုင်မှာလဲ။
ကိုယ်တိုင်ကြုံမှ မှားမှန်းသိရင် လူမိုက်တဲ့၊ မြန်မာဆိုရိုးရှိတယ်။
မုန့်ပြမယ်ဆိုရင်... ဒုတ်သံလည်း တရွှမ်းရွှမ်းပြနိုင်မှ တော်ကာကြလိမ့်မယ်။
မြန်မာစစ်တပ်ကို ပြတ်သားစွာ တောင်းဆိုပါ... များများမဟုတ်ပါဘူး၊ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ဖို့။
ဘဘဦးဝင်းတင်ပြောသလို "ခါးမတို့ခင်က ယားတယ်အစ်ကို့ "မျိုးတော့ မလုပ်ပါနဲ့။ မြန်မာအစိုးရ အပိုင်နိုင်ဆုံးက မျက်နှာပြောင်တိုက်ခြင်းမို့ပါ။
Friday, September 25, 2009
0 အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။ ပိတ်ဆို့အရေးယူမှုနဲ့ အတူ ထိတွေ့ဆက်ဆံမှုကို အတူတွဲလုပ်သင့်တယ်ဆိုတဲ့ မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော်ပြောကြားအပြီး တရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသစ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောင်းမြင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့တော့ ဒါ သဘောတူပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း အခါအခွင့်သင့်တိုင်း တိုက်ရိုက် စကားပြောဆိုခြင်းဟာ ကောင်းတယ်ဆိုတာ သူ အမြဲပြောခဲ့တာပဲတဲ့။ ဒါကြောင့် ဒီဥစ္စာကို သူ သဘောတူတယ်တဲ့။ ဒါပေမဲ့ တိုက်ရိုက်တွေ့ဆုံတယ်ဆိုတာ တဘက်တည်း မသင့်ပါဘူးတဲ့။ အစိုးရရော၊ အတိုက်အခံရော ဒီလိုတွေ့ဆုံတယ်ဆိုရင် ပိုပြီး အကျိုးရှိပါလိမ့်မယ်တဲ့။” ဒီနေ့ညနေပိုင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက တာဝန်ရှိသူတချို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်က ထားရှိမယ့် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနေချိန်မို့ သံရုံးက တာဝန်ရှိသူတွေ လာရှင်းပြခဲ့ချိန်မှာ ကိုယ်တိုင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သတင်းတွေထဲမှာ ကြားသိထားတဲ့အတိုင်း အမေရိကန် မူဝါဒအသစ် အကြောင်းကို ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မူဝါဒသစ်ကတော့ အမေရိကန်တို့ အနေနဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းသလို တဘက်ကလည်း ထိတွေ့ဆက်ဆံရေးနဲ့ စစ်အစိုးရကို ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ အမေရိကန် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး မကြာခင်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ အခု မြန်မာနိုင်ငံအပေါ်မှာ ထားရှိဆက်ဆံမယ့် အမေရိကန်တို့ရဲ့ မူဝါဒသစ်အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က သတိထား ကြိုဆိုလိုက်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ ပိုပြီး သတိထား ကြိုဆိုခဲ့ပါတယ်။ “တခုပဲရှိတယ်၊ ဒီအထဲမှာ sanctions တွေကို သူ လွှင့်မပစ်ဘူးပေါ့ဗျာ၊ ဖယ်ချမပစ်ဘူး၊ စွန့်လွှတ်မပစ်ဘူးဆိုတဲ့ အတွက်တော့ ကျနော်က စိတ်သက်သာရာရတယ်လို့ ပြောချင်ပါတယ်၊ တစ်အချက်က။ “နှစ်ကတော့ သူက ထိတွေ့ဆက်ဆံမှုလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ လုပ်ဟန်က မစ္စတာလီကွမ်ယူး (Mr. Lee Kuan Yew) တို့ ကတည်းက စခဲ့လို့ အာဆီယံက အများကြီး ကျင့်သုံးခဲ့ပြီးပြီ။ နိုင်ငံရေးအားဖြင့် ဘာမှ ထိရောက်မှု မရှိခဲ့ပါဘူး။ အဲတော့ ဒီပေါ်လစီကို သုံးကြည့်ရင်လည်း သုံးကြည့်ပေါ့။ သို့သော် ဒီဟာက ဗမာအစိုးရလို ခေါင်းမာတဲ့၊ သို့မဟုတ် လှည့်စားတတ်တဲ့၊ သို့မဟုတ်လည်း ဟန်ဆောင်တတ်တဲ့၊ သို့မဟုတ် ဗြောင်ငြင်းတတ်တဲ့ စစ်အစိုးရမျိုးနဲ့တော့ ဘာမှ အကျိုးထူးလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။” သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ဆုံကြတဲ့အထဲမှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ အယူခံဝင်ထားတဲ့ အမှုအတွက် အမိန့်ချမယ့် ကိစ္စတွေလည်း ပါဝင်ပါတယ်။ တိုင်းတရားရုံးက ဘယ်လိုဆုံးဖြတ်ချက် ချမယ်ဆိုတာ မသိသေးပေမဲ့ ဘယ်လိုအမိန့်ထွက်လာရင် ဘာလုပ်မလဲ ဆိုတာတွေကိုတော့ ကြိုတင်တိုင်ပင်လာခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “ဒီဥစ္စာနဲ့ ပတ်သက်ပြီး ဘယ်လိုအမိန့်ထွက်ရင် ဘာလုပ်မလဲ ဆိုတာကတော့ အမိန့်က မထွက်သေးတော့ အန်ကယ်တို့ အဲဒါကိုတော့ မပြောနိုင်သေးပါဘူး။ အယူခံနဲ့ ပတ်သက်ပြီး သဘောထား ပြောရရင် အမှုမှာပေါ်ပေါက်တဲ့ ငြင်းဆိုတဲ့ အချက်တွေကို တရားရုံးက ပြည့်ပြည့်စုံစုံ မသုံးသပ်ဘူးလို့ သူ အဲဒီလို မြင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ အယူအဆ အမျိုးမျိုး တွေးလို့ရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ စာရေးပြီး တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ “တချို့စည်းကမ်းချက်တွေက အယူအဆတွေ နှစ်မျိုး သုံးမျိုး ထွက်နိုင်တယ်။ အဓိပ္ပာယ် မရှင်းလင်းဘူး။ အဲဒီလိုဟာတွေနဲ့ ပတ်သက်ပြီးတော့ စာရေးသား ပြုစုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့ သဘောတူတယ်။ အဲဒီစာကိုလည်း အမြန်ဆုံးရေးပါဆိုလို့ ကျနော် ဒီညရေးပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ approval ထပ်ယူပါ့မယ်။ အဲဒီစည်းကမ်းချက်ထဲမှာ အချက်တချက် ပြောနိုင်တာကတော့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပတ်သက်ပြီး အခု ပြီးခဲ့တဲ့ Sunday ကတော့ တွေ့ခဲ့ပြီးပြီပေါ့လေ၊ အဲတော့ ဒီလို ဆေးစစ်တာမျိုးကို အရင်တုန်းက ရှိခဲ့ဖူးတဲ့ မူအတိုင်းပဲ လစဉ် ပထမ ကြာသပတေးမှာ ဆေးစစ်ခံယူဖို့လည်း ထည့်သွင်းဖော်ပြဖို့ ကျနော်တို့ သဘောတူထားပါတယ်။” ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။ “ဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အားလုံးကို ပြောတာပါပဲ။ အခု အကျဉ်းသားတွေ လွှတ်တယ်။ ဦးနိုင်းနိုင်းလို လူမျိုးက အင်းစိန်ထောင်က ထွက်တာနဲ့ ရုံးကို တန်းရောက်တယ်။ ဒါမျိုးတွေ အန်ကယ်တို့ ပြောပြတယ်။ ပြောပြတော့ သူ ကျေနပ်တယ်တဲ့၊ ဒီလိုစိတ်ဓာတ်မျိုးကို သူ အများကြီး ချီးကျူးပါတယ်တဲ့။ နောက်တခုက NLD အဖွဲ့ အနေနဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေ၊ NLD မှမဟုတ်ဘူး၊ အဖွဲ့ချုပ်ကို လာရောက် အကူအညီတောင်းတဲ့ လူတွေကို တတ်နိုင်သမျှ ပံ့ပိုးနေတယ် ဆိုတာကိုလည်း သူ ၀မ်းသာပါတယ်တဲ့၊ အဲလိုပြောပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဦးဉာဏ်ဝင်း အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးဟာ ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ၂ နာရီကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ (voa)
0 ငါးထောင်ကျပ်တန် ငွေစက္ကူများထွက်ရှိလာတော့မည့် သတင်းကြေညာ အပြီး ကုန်ဈေးနှုန်းများ စတင်တက်

ကိုမိုးသီး။ ။
အောက်တိုဘာ ၁ရက်နေ့ ကစပြီး ငါးထောင်တန် ငွေစက္ကူသစ်တမျိုးကို ပုံနိပ်ထုတ်ဝေသုံးစွဲသွားမယ်လို နအဖ ကသတင်းကြေညာသွားပါတယ်။ အချိုးအဆ မကျတဲ့ ဆင်တကောင်ပုံနှင့် ကြပ်ပြေးနေပြည်တော်ပုံ ကို ငွေစက္ကူ တွင်ထည့် သွင်းပုံနိပ်ထားတယ်။
မြန်မာ စစ်အစိုးရ၏ အမှတ်မထင် ထုတ်ပြန်သော ငါးထောင်ကျပ်တန် ငွေစက္ကူသတင်းကြောင့် ရန်ကုန် လူထု ကြားတွင် အထိတ်တလန့် ဖြစ်ခဲ့ရသည် ။မြန်မာ့ရုပ်မြင်သံကြား မှ သတင်း ကြေညာအပြီး မှာ ပင် ရန် ကုန် မြို့ တရုတ်တန်း ရှိကုန်သည် များ အကြားတွင် ကုန်/ငွေ အလွှဲအပြောင်းများရပ်ဆိုင်း သွားပြီး ဆန်ဈေးနှုန်း နှင့် အမေရိကန် ဒေါ်လာ ဈေးနှုန်းမှာ အနည်းငယ် တက်သွားသည် ဟု သတင်းရရှိသည်။
Wednesday, September 23, 2009
0 ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ဆက်ကြေးပုံစံပါ ပြောင်းလဲ
ရန်ကုန်တိုင်းရဲမှူး ရဲမှူးကြီးဝင်းနိုင်နေရာတွင် ရဲမှူးကြီးအောင်နိုင်သူ တာဝန်ယူပြီးနောက် တိုင်းအတွင်း တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ယူမှုပုံစံ ပြောင်းလဲလာကြောင်း ပုံမှန် ဆက်ကြေးပေးနေရသူများက ပြောသည်။
ဗဟန်းမြို့နယ်မှ ဘောလုံးပွဲ လောင်းကစားဒိုင်တဦးက ၎င်းအနေဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကို နဂိုက တလကျပ် (၂) သိန်းပေးနေရရာမှ ယခုရဲမှူးကြီးအသစ်ပြောင်းလာပြီးနောက် ကျပ် (၃) သိန်း တောင်းခံလာကြောင်း ပြောသည်။
ဒဂုံမြို့နယ်၌ အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက “ကျနော်တို့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကို တလ ပုံမှန် (၆) သိန်းလောက် ပေးရတယ်။ အခု ရဲမှူးကြီးအသစ်ပြောင်းတော့ ဈေးနှုန်းလည်း ပြောင်းမယ် ပြောတယ်။ နောက် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာကိစ္စ ရောလုပ်တဲ့လုပ်ငန်းတွေကိုတော့ လောလောဆယ် ပြည့်တန်ဆာကိစ္စတွေ နားထားဖို့ ညွှန်ကြားထားတယ်။ ကျနော်တို့ကတော့ ရိုးရိုးအနှိပ်ခန်းပဲဆိုတော့ ကိစ္စမရှိဘူး။ ဆက်လုပ်ပါလို့ ပြောထားတယ်” ဟု ရှင်းပြသည်။
- ရာထူးမှ ဖယ်ရှားခံနိုင်ရသည် ဟု သတင်းထွက်ပေါ်နေသော ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီ
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ၊ ရဲသတင်းတပ်ဖွဲ့များ၊ စရဖများပါအဝင် အာဏာပိုင်အဖွဲ့အစည်း အသီးသီးသည် ရန်ကုန်တိုင်းအတွင်းရှိ တရားမဝင်လုပ်ငန်းများမှ ဆက်ကြေးကောက်ခံနေကြခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ နိုက်ကလပ်၊ ကာရာအိုကေဘား၊ ဟိုတယ်များ၊ တည်းခိုခန်းများ၊ ဘောလုံးပွဲလောင်းကစားဒိုင်၊ ချဲထီဒိုင်၊ ဗီစီဒီ၊ ဒီဗွီဒီ ရောင်းချသူများ၊ ပုံနှိပ်လုပ်ငန်းရှင်များ စသဖြင့် ဥပဒေနှင့် ငြိစွန်းပြီး စီးပွားရှာနေသူများထံမှ ပုံမှန်ဆက်ကြေးကောက်ခံလေ့ ရှိကြသည်။
ဆက်ကြေးကောက်သည့် အဖွဲ့များအနက် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ ပေးရသည့် ဆက်ကြေးငွေမှာ အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည်လည်း မြို့နယ်ရဲမှူးတို့၏ ကတော်များမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ်(၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။
၎င်းနေရာကို ရဲမှူးကြီးအောင်နိုင်သူ တာဝန်ဆက်ယူပြီးနောက် ယခုကဲ့သို့ ဆက်ကြေးပမာဏ အပြောင်းအလဲသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။