ရွေးကောက်ပွဲ ကော်မရှင်ဟာ သူတို့ဆီမှာ မှတ်ပုံတင် မထားတဲ့ နိုင်ငံရေး ပါတီဟောင်းကို ဖျက်သိမ်းနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာ မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုခဲ့ပါတယ်။ဒီလို ဆိုတာနဲ့ ပတ်သက်ပြီး ဒါဟာ ဥပဒေကို မျက်ကွယ် ပြုတာ ဆိုပြီး မြန်မာ သတင်းစာ တွေမှာ ၂ ရက် ဆက်တိုက် ဝေဖန် ရေးသား ခဲ့သလို ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်ဆိုပြီး ပြောဆို စည်းရုံးတာ ဟာလည်း မဲဆန္ဒရှင်တွေ အပေါ် မလျော် သြဇာသုံးတာ ဖြစ်တဲ့အတွက် ဥပဒေနဲ့ ငြိစွန်း နိုင်တယ်လို့ရေးသား ထားပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်လည်းဖြစ်ပြီး ဥပဒေ ပညာရှင် တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ ဆောင်းပါး ရေးသူက ပုဒ်မ ၂၆ ကိုညွှန်းပြီး ကြေညာချက် ထုတ်နိုင်တာကို ပြောနေတာ ဖြစ်ကြောင်း၊ ဥပဒေ ပြဌာန်းချက် အရ ကော်မရှင်မှာ မှတ်ပုံ တင်တဲ့ ပါတီကို ပြောထားတဲ့ အကြောင်းကို ခြွင်းချန်ရေးသားထားတဲ့ အတွက် ဆောင်းပါးရှင်ကသာ ဥပဒေကို မျက်ကွယ်ပြုတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မဲမပေးဘဲနေဖို့ စည်းရုံးပြောဆိုရင် ဥပဒေနဲ့ ငြိစွန်းနိုင်တယ်ဆိုတဲ့ ဆောင်းပါးရှင်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးတော့လည်း မဲမပေးပဲ နေနိုင်ခွင့်ဆိုတာ ဥပဒေပါပြဌာန်းချက် ဖြစ်တဲ့ အတွက် ဒါကိုပြောလို့ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် ဥပဒေဟာ ဘာမှ အသုံးမဝင်တော့ဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။မနေ့က ကြေးမုံသတင်းစာပါ မြတ်ဘုံးလူ၏ ဆောင်းပါးပါရေးသားချက်
(BBC)
Monday, September 20, 2010
0 မြန်မာသတင်းစာစွပ်စွဲချက် NLDပယ်ချ
Sunday, September 19, 2010
0 သွေးသစ္စာရှင်(သို့)ရဲရဲတောက်မ၀င်းမော်ဦး၏ကွယ်လွန်ခြင်း(၂၂)နှစ်ပြည့်ဆွမ်းကျွေးတရားတော်နာ အခမ်းအနားကိုစည်ကားသိုက်မြိုက်စွာကျင်းပ

(၁၉.၉.၁၉၈၈) ရက်နေ့တွင် န၀တစစ်အစိုးရ၏ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသော အသက် (၁၆) နှစ်အရွယ်ရှိ အဌမတန်းကျောင်းသူလေး မ၀င်းမော်ဦး ကွယ်လွန်ကျဆုံးခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် အမှတ် (၁၀၇၆)၊ အပိုင်း (၃) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ သူမ၏ မိဘများနေအိမ်၌ ဆွမ်းကပ်တရားတော်နာခဲ့ပါသည်။
ဝါးကျောင်းဆရာတော်အမှုးရှိသော ပင့်သံဃာ (၅) ပါးကို ဆွမ်း၊ သင်္ကန်း၊ လှုဖွယ်ဝတ္ထုများဖြင့် ဆက်ကပ်လှုဒါန်းကြောင်း သိရှိရပါသည်။ နအဖ၏ SB ထောက်လှမ်းရေးများက ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များ၏ ဘွဲ့တော်များကို မေးမြန်းသည်မှအပ မည်သည့်အနှောင့်အယှက် တစ်စုံတစ်ရာမှ ပြုလုပ်ခြင်းမရှိကြောင်းလည်း သိရပါသည်။
ဆွမ်းကပ်တရားတော်နာယူပွဲသို့ မ၀င်းမော်ဦး၏ အဖွားအရင်းဖြစ်သူ အသက် (၈၈) နှစ် အရွယ်ရှိ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင် ဒေါ်နီနှင့် ရှေ့ နေကြီး ဘဘဦးအုန်းမောင်၊ ရွှေပြည်သာမှ NLD ပါတီဝင် ရဲရဲတောက် ဦးသိန်းအောင်၊ ကဗျာဆရာ သူရဇ္ဈာန်၊ အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၊ NLD ပါတီမှ အမျိုးသမီးခေါင်းဆောင်များ၊ လှိုင်သာယာမြို့နယ်မှ NLD ပါတီဝင်များနှင့် မြောက်ဥက္ကလာမြို့နယ် NLD ပါတီဝင်များ လာရောက်ချီးမြှင့် အားပေးခဲ့ကြပါသည်။ ရွှေပြည်သာမြို့နယ်မှ NLD ပါတီဝင် ရဲရဲတောက်ဦးသိန်းအောင်မှ မ၀င်းမော်ဦးအား ဂုဏ်ပြုသောအားဖြင့် (သွေးသစ္စာ) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ သူရဇ္ဈာန်မှ (အောင်ပွဲရမှ အမျှဝေပါ) အမည်ရသော ကဗျာတို့ကို ရွတ်ဖတ်ပြီး အလေးပြုခဲ့ကြပါသည်။
တစ်နှစ်ပြီး တစ်နှစ် နှစ်ကာလတွေ ကြာမြင့်ခဲ့ပါသော်လည်း အမှန်တရားအတွက်၊ ဒီမိုကရေစီရရှိဖို့အတွက် အသက်ပေးဆပ်သွားကြသော မ၀င်းမော်ဦးကဲ့သို့ ကျောင်းသားလူငယ်များ၊ ရဟန်းရှင်လူအပေါင်းတို့အား တစ်စက္ကန့်မှ မမေ့သည့်အပြင် တစ်ရက်ထက်တစ်ရက် ပို၍ပို၍ လေးစားနေမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသက်ခန္ဓာကို မငဲ့ကွက်ပဲ ပေးဆပ်သွားသကဲ့သို့ ကျွန်တော်တို့သည်လည်း လွတ်လပ်တရားမျှတမှု မရသရွေ့ ၊ ဒီမိုကရေစီစနစ် မပေါ်ပေါက်လာသေးသရွေ့အသက်ကို စတေးပြီး ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လေးစားဦးညွှတ်လျှက် -
BP

အာဇာနည် မ၀င်းမော်ဦးနှစ်ပတ်လည်နေ့နှင့်စစ်အာဏာရှင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကော်မတီ၏ ပြည်တွင်း(ပိုစတာ) လှုပ်ရှားမှုသတင်းကိုဖတ်ရန်
0 ဆေးတက္ကသိုလ်လောက၏ အဂတိလိုက်စားမှုများအားအများသိစေရန်
ဆေးလောကမှာ အခုတစ်လော အပြင်မှာ ရိုက်ခတ်နေတဲ့ သတင်းလေးပါ . . ဒီအတိုင်းသာဆိုရင်တော့ အခုနောက်ပိုင်းဖြစ်လာ မယ့် အထူးကုဆရာဝန်တွေကို ပြည်သူတွေရဲ့ အသက်ယုံကြည်လို့ အပ်နှံနိုင်ပါ့မလားဗျာ . ဒါအပြင် ဗဟိုအမျိုးသမီးဆေးရုံကြီး မှာလည်း အထူးကုဆရာဝန်မကြီးတစ်ယောက်က ငြိမ်းချမ်းရေးယူထားတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သမီးကို မီးဖွားပေးတာ ကိုယ်ဝန်ဆောင်ရက်က ၂၂ ပတ်ဆိုတော့ ကလေးကသေသွားတယ် . ပြီးတော့ နောက်ရက်မှာ အမေပါ လိုက်သေသွားတယ် ကြားတာပဲ . မိခင်က ဘာကြောင့် သေဆုံးမှန်း မသိဘူးတဲ့ . အဲဒီအတိုင်းသာ ဆိုရင်တော့ မြန့်မာ့ဆေးလောက ကတော့ တဖြည်းဖြည်းနဲ့ ရင်လေးစရာ ဖြစ်လာပြီ . မြန်မာပြည်မှာ အမှတ်များများနဲ့ အောင်ကြတဲ့ ဆရာဝန်တွေက ကိုယ်တိုင်က ကြိုးစားမှုမရှိပဲ ဒီလိုသာ အဂတိလိုက်စားမှုတွေရှိလာရင်တော့ ဆရာဝန်လောကလည်း ပျက်စီးမှာ အမှန်ပဲ ။
ဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန
ရုံးအမှတ်( ၄ )၊ နေပြည်တော်
ရက်စွဲ။ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်
အကြောင်းအရာ။။ဆေးပညာမဟာသိပ္ပံဝင်ခွင့်စာမေးပွဲများတွင်အင်္ဂလိပ်စာမေးခွန်းပေါက်ကြားသည့်ကိစ္စအား စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြခြင်း
၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သတ်၍ ကျန်ုပ်သည် ဆေးပညာမဟာသိပ္ပံဝင်ခွင့်အား ဖြေဆိုခဲ့သည်မှာ ယခုနှစ်ပါဆိုလျှင် (၂) နှစ်တိုင်ရှိပြီ ဖြစ်ပါသည်။ ကျန်ုပ်သည်မြန်မာပြည်ရှိ အခြားသောသူများ မသွားရောက်လိုသော နေရာတွင် တာဝန်ထမ်းဆောင်နေရသူတစ်ဦးလည်း ဖြစ်ပါသည်။
၂။ ပထမအကြိမ်ဖြေဆိုသောအခါတွင် ကျန်ုပ်သည် သက်ဆိုင်ရာဘာသာရပ်အားကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သော်လည်း အင်္ဂလိပ်စာ အမှတ်နည်းနေသဖြင့် ကျန်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုကြောင့် ယခုနှစ်တွင် ကျန်ုပ်သည် အင်္ဂလိပ်စာအား အထူးအလေးပေးကြိုးစားဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အောင်စာရင်းထွက်လာသောအခါ ကျရှုံးသည်ဟုသိရှိရပြန်ပါသည်။
၃။ ကျရှုံးသည့် အကြောင်းရင်းအား စုံစမ်းကြည့်သောအခါတွင် အင်္ဂလိပ်စာရမှတ်ဖြင့်ဖြတ်ချခံရသည်ဟု သိရှိရသဖြင့် များစွာစိတ်ပျက် ဝမ်းနည်းမိ၍ မြို့ပြဆေးရုံးကြီးတစ်ခု၌ ရှိသောသူငယ်ချင်းအားပြောပြရာ သူငယ်ချင်းမှ အင်္ဂလိပ်စာ မေးခွန်းပေါက်နေတာ မသိဘူးလားဟုပြန်မေးခြင်းခံရပါသည်။
၎။ ထိုသူငယ်ချင်းမှ ကျန်ုပ်အား မန္တလေး၌ အင်္ဂလိပ်စာမေးခွန်း ပေါက်နေသည်မှာ ( ၃ )နှစ်ရှိပြီ ဖြစ်ကြောင်းပြောပြပါသည်။ ထို့ပြင် အင်္ဂလိပ်စာဘာသာမှာ လုံခြုံရေးကုတ်များထည့်သွင်းစစ်ဆေးခြင်း မဟုတ်သည့်အတွက် စာမေးပွဲဖြေဆိုပြီးပါက အောင်မြင်ရန် ကျပ်သိန်း(၃၀)ပေး၍ လိုက်နိုင်ကြောင်းလည်း ပြောပြပါသည်။ ထိုကြောင့် ဖြေဆိုမည့် အထူးပြုဘာသာရပ်အားအောင်မြင်ရုံလုပ်ဆောင်ရန် နှင့် အင်္ဂလိပ်စာကိုပဲ အလေးပေးလုပ်ဆောင်ရန် အကြံပေးပါသည်။
(ထိုသူငယ်ချင်းမှာလည်း ယခင်နှစ် ဝင်ခွင့် စာမေးပွဲတွင် အောင်မြင်သွားပြီဖြစ်၍ ယခုအခါ ပထမနှစ်
ဆေးပညာမဟာ သင်တန်းသားအဖြစ် ပညာသင်ကြားနေပြီ ဖြစ်ပါသည်။)
၅။ ကျန်ုပ်တို့ ဆရာဝန်များသည် ဥာဏ်ရည်အားဖြင့် များစွာမကွာခြားကြသူများဖြစ်ပါသည်။ ထိုသို့မေးခွန်းပေါက်နေပြီး ဖြတ်ချသော အမှတ် နှင့် ဘာသာရပ်မှာလည်း အင်္ဂလိပ်စာဖြစ်နေသောကြောင့် အင်္ဂလိပ်စာမေးခွန်းရထားသော သူများအား ကျန်ုပ်တို့ အနေဖြင့်မည်သို့ပင်ကြိုးစားသည် ဖြစ်စေ လိုက်၍ မမီနိုင်ပါ။ ထိုကြောင့် နောင်နှစ်များတွင် ထိုကဲ့သို့မေးခွန်းပေါက်ခြင်းများ မဖြစ်ပေါ်စေရန် အထူး ကြပ်မတ်ဆောင်ရွက် ပေးစေလိုပါသည်။
၆။ သို့ဖြစ်ပါ၍ နယ်ဘက်တွင် တာဝန်ထမ်းဆောင်ပြီး ဝင်ခွင့်စာမေးပွဲများအတွက်အနီးကပ် ကျူရှင် တက်ရောက်ရန် အခွင့်အလမ်းမရှိပဲ မိမိတို့၏ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်ကြိုးစားထားသော ဆရာဝန်များအား သက်ညှာသောအားဖြင့် မေးခွန်းပေါက်ကြားမှုများပေါ်ပေါက်ခြင်းမရှိစေရန် အထူးစိစစ်ကြပ်မတ် ဆောင်ရွက်ပေးစေလိုကြောင်း လေးစားစွာဖြင့်တင်ပြအပ်ပါသည်။
မြို့နယ်လက်ထောက်ဆရာဝန်
မြန်မာပြည်အရှေ့မြောက်ပိုင်း
ဖြန့်ဝေခြင်း -
ဝန်ကြီးချုပ်ရုံး
နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရုံး
ကျန်းမာရေးဝန်ကြီးဌာန
ပါမောက္ခချုပ်များ(ဆေးတက္ကသိုလ် )
မူရင်းစာကို downloadလုပ်ချင်လျှင်
http://rapidshare.com/files/419904528/med.pdf
http://depositfiles.com/files/9m96yw3eu
http://www.mediafire.com/?03mh16y775cgmkl
1 Pucci Cake မိသားစု၏ အာဟာရဒါန
Pucci Cake မိသားစု၏ အာဟာရဒါန
Pucci Cake မိသားစု (မြေနီကုန်း) မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၁၈.၉.၂၀၁၀ (စနေ) နေ့တွင် လာရောက်၍ အင်္ဂလိပ်စာ ပညာသင်ကြားနေသော မျိုးဆက်သစ် ကလေးငယ်များအား အာဟာရဒါနအဖြစ် Pucci ကုမဏ္ဍီမှ ထုတ်လုပ်သော Sandwich Cookie ဘီစကစ်များကို လာရောက် လှူဒါန်းခဲ့ပါသည်။
ယင်းနေ့ ၁၈.၉.၂၀၁၀ (စနေ) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ အင်္ဂလိပ်စာ သင်တန်း နေ့ရက်မဟုတ်သည့်အတွက် သုခကုသိုလ်ဖြစ်ဆေးခန်းအား လိုက်လံလေ့လာပြီး အလှူငွေ ၅၀၀၀၀၀/- (ငါးသိန်း) ကျပ်ကို လှူဒါန်းခဲ့ပါသည်။ Pucci Cake မိသားစုမှ အာဟာရဒါနအဖြစ် လှူဒါန်းခဲ့ သော Sandwich Cookie ဘီစကစ်များအား ယနေ့ ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ အင်္ဂလိပ်စာသင်တန်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ကလေးငယ်များအား ဝေငှပေးခဲ့သည့်အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက် ဆေးဝါးကုသကြသော လူနာများ၊ လူနာရှင်များအား၎င်း၊ မိဘမဲ့ HIV ကလေးငယ်များ စောင့်ရှောက်ရေး “သုခရိပ်မြုံ ဂေဟာ” သို့လည်း ဝေငှလှူဒါန်းပေး ခဲ့ပါသည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0 ပရဟိတ သူရဲကောင်းတစ်ဦး မွေးဖွားပေးခဲ့သော ဖခင်ကြီး ကွယ်လွန်ခဲ့ပြီ
လူမှုရေး ပရဟိတလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ၏ ဖခင် ဦးချစ်အောင် အသက် (၈၄) နှစ်သည် ယနေ့ ၁၉.၉.၂၀၁၀ (တနင်္ဂနွေနေ့) နံနက် (၀၀း၁၅) နာရီအချိန်၌ ကွယ်လွန်အနိစ္စ ရောက်ရှိခဲ့ပါသည်။
ကျန်ရစ်သော ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အသင်းသူ/သားများ တို့မှ ဗညားဒလလမ်း၊ တာမွေမြို့နယ် (၆) လွှာ တိုက်နေအိမ် အခန်းမှ ရေဝေး သုဿန် အအေးခန်းသို့ သယ်ယူပို့ဆောင်ခဲ့ပါသည်။ ထိုသို့ သယ်ဆောင်ရာတွင် (၆) လွှာတိုက်မြင့် ဖြစ်ပြီး အတက်အဆင်း လှေကားသည်လည်း မတ်စောက်ခြင်း၊ ကျင်းမြောင်းခြင်းတို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စင်ကာပူနိုင်ငံရောက် မြန်မာများ လှူဒါန်းထားသည့် ရုပ်အလောင်း ထည့်သည့် ရေလုံဇစ်အိတ်ဖြင့်ထည့်ကာ သယ်ဆောင်ခဲ့သည်။
ယခင် တိုက်အမြင့်များမှ ရုပ်အလောင်းများကို သယ်ဆောင်ရာတွင် အ၀တ်ဖြင့် ထုတ်ပိုး၍ ပုဆိုးဖြင့် သိုင်းလျက် သယ်ဆောင်ရသည် ဖြစ်သည့်အတွက် ရုပ်အလောင်း ပြုတ်ကျမည်ကို စိုးရိမ် ရခြင်း၊ ရုပ်အလောင်းမှ ကျဆင်းသော အရည်များပေကျန်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့ ခဲ့ရသည်။ ယခုကဲ့သို့ စင်ကာပူနိုင်ငံရောက် မြန်မာများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အထပ်မြင့် အဆောက်အဦးတို့မှ ရုပ်အလောင်းသယ်ဆောင်ရာတွင် အသုံးဝင်မည့် ရေလုံဇစ်အိတ်များ လှူဒါန်းမှုကြောင့် ယခုဆိုလျှင် ရုပ်အလောင်းများ သယ်ဆောင်ရာ၌ များစွာ အဆင်ပြေလျှက် ရှိပါသည်။
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်သည် “နာရေးကူညီမှုအသင်း(ရန်ကုန်)”တွင် အတွင်းရေးမှူး တာဝန်ဖြင့် အများအကျိုးကို ပေးဆပ်နေသူ ဖြစ်သည့်အပြင် မိဘမဲ့ HIV ကလေးသူငယ်များ စောင့်ရှောက်သည့် “သုခရိပ်မြုံဂေဟာ” နှင့် ခိုကိုးရာမဲ့ အဘိုးအဘွားများကို စောင့်ရှောက်သော “ဆည်းဆာရိပ်ဂေဟာ”ကို ထူထောင်ထားသူလည်း ဖြစ်သည်။ ယခု စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၏ ဖခင်ကြီး ကွယ်လွန်သွားချိန်တွင် ဆရာမ ခရီးလွန်နေသည် ဖြစ်သည့်အတွက် ဖခင်ကြီး ဦးချစ်အောင်၏ ဈာပန အခမ်းအနား ကျင်းပမည့် နေ့ရက်အား ထပ်မံအကြောင်းကြားမည် ဖြစ်ပါကြောင်း . . . .
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
0
အိမ်ကျယ်ကြီး- -
*ရေးသူ-ရန်နောင်*
နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီတဲ့။ စစ်အာဏာရှင်အောက်က မြန်မာပြည်သား တွေအတွက်တော့ ရိုးနေပါပြီ။ မြို့လယ်ခေါင်မှာတောင်သေနတ်နဲ့ပြစ်သတ်တာတောင်ခံနေကြရတာ။ ဒင်းတို့လက်ခုပ်ထဲကရေဘဲလေ။အမြင်ကပ်ပုဒ်မနဲ့ မကျေနပ်လို့ထောင် ၆၅ နှစ်ချလည်း ခံရမှာဘဲမဟုတ်လား။
မြန်မာပြည်သားတွေကိုလုပ်လို့ရမှန်းသိလို့အနိုင်ကျင့်လို့ရမှန်း သိလို့လုပ်နေတာပါ။ မြန်မာပြည်သားတွေကလွဲလို့ တခြားလူတွေနဲ့ဆိုရင်အိမ်ကျယ်သန်းရွှေတို့ခံလိုက်ရတာချည်းဘဲ။ မြန်မာပြည်သားတွေဆိုလို့တိုင်းရင်းသားငြိမ်းအဖွဲ့တွေမပါဘူးနော်။ဥပမာဗျာ ဝ တွေကိုဆို မတရားအသင်းကြေငြာဖို့မပြောနဲ့ ဝတွေကတရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ကြေငြာတာတောင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုးံညီညွတ် ရေးလို့တကျောကျော်အော်နေတဲ့ဗိုလ်ရှုပ်ကြီးတွေဟာ ကန့်ကွက်ပါတယ်လို့တောင် မဟရဲတဲ့ အပြင်အလယ်အဆင့်အရာရှိတွေကိုတောင် အခမ်းနား လွှတ်တတ်ခိုင်းလိုက်သေးတယ်။
NLD နဲ့ကျတော့ မတွေ့နိုင်တဲ့ အိမ်ကျယ်ဗိုလ်ရှုပ်တွေဟာ ပန်းဆန်းကိုကြတော့ လွန်းထိုးနေရသွားနေကြပြီး ဝ ခေါင်းဆောင် ပေါက်ယူချမ်း က အဖက်လုပ်ပြီးသူတို့ကိုတခါမှာ ထွက်မတွေ့တာတောင်မရှက်နိုင်ကြဘူး။ မကြာခင်ကဘဲ ဝကိစ္စနဲ့ သန်းရွှေ တစ်ယောက် အိုကြီးအိုမ၊ တုန်တုန်ချိချိနဲ့ တရုပ်ပြည်သွားပြီး ပေါက်ဖော်ကြီးကိုသွားပြီးခစားရသေးတယ်။ တချို့ကပြောတယ် သန်းရွှေက ၈၈ တပ်မမှုးဘဝနဲ့ ကျိုင်းတုံမှာနေပြီး ဝတွေနဲ့တိုက်ဘူးတော့ ဝ တွေကို ငယ်ကြောက်ဖြစ်နေတာတဲ့။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဘဲ ကြောက်တာမဟုတ်ပါဘူး။ ကိုယ်နိုင်ငံထဲမှာအကြမ်းဖက်ဗုးံခွဲခဲ့တဲ့ မြောက်ကိုရီးယားတွေက စာပေစီစစ်ရေးက ခွင့်ပြုပြီးတဲ့စာအုပ်တွေကို ရန်ကုန်မြို့မှာ မီးရှို့ဖျက်ဆီးတာကိုလည်းခံခဲ့ပြီးပြီ၊ ခုလည်းတရုပ်ကြီးက ခွင့်ပြုမှနယ်စယ်ကို တပ်တွေပို့ရဲတယ်ဆိုတော့ ဒီနိုင်ငံဟာ အချုပ်ချာပိုင်နိုင်ငံတစ်နိုင်ငံမှဟုတ်ရဲ့လားဆိုတာမေးခွန်းထုတ်စရာ ဖြစ်လာနေပြီ။အချုပ်ချာပိုင်နိုင်ငံဖြစ်ဖို့၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပြည်သူ့တပ်မတော်ဟာ ဒီနေ့ သန်းရွှေခေတ်မှာ အောက်တန်းစား ဓားမြတပ်မတော်ဖြစ်နေတယ်ဆိုတာ ကမ္ဘာသိပါ။ ဒါကြောင့် တပ်မတော်သားတွေကို ပြည်သူ့ရင်ခွင်ထဲပြန်ဝင်လာနိုင်အောင် နည်လမ်းရှာပြီး တပ်မတော်နဲ့ ပြည်သူ လက်တွဲကာ စစ်အာဏာရှင်စနစ် ကိုတွန်းလှန်ကြပါစေလို့ နှိုးဆော်အပ်ပါတယ်။
-ရန်နောင်
0 လှည်းကူးအနီး ရွာသားများကို စစ်တပ်က ရိုက်နှက်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စုထဲက သုံးဆယ်ပေါက်ကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က တရွာလုံးက ကလေးသူကြီးမကျန်ကို စုဝေးခိုင်းပြီး ရွာအနီးမှာ အခြေစိုက်တဲ့ အင်းတိုင်တပ်နယ်ထဲက အမှတ် (၆၀၅) အမြှောက်တပ်က အရာရှိတွေက အရာရှိတွေနဲ့ စစ်သည်တွေက ရိုက်နှက်ထိုးကြိတ်တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအထဲက အပြင်းထန်ဆုံး ရိုက်နှက်ကန်ကြောက် ထိုးကြိတ်ခံရသူ ဒေါ်ပိန်က လှည်းကူးဆေးရုံက ဘာမှ လုပ်မပေးသလို တိုင်ကြားထားတဲ့ ဖောင်ကြီးရဲစခန်းကလည်း ဘာမှ အရေးမယူပေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ ဦးရောနီညိမ်းက တင်ပြထားပါတယ်။
သြဂုတ်လ ၁ ရက်နေ့က သုံးဆယ်ပေါက် ကျေးရွာမှာ မွန်လေးလို့ အမည်ရှိတဲ့ ရွာခံလူငယ်တဦးဟာ အရပ်ဝတ် ၀တ်ထားတဲ့ ဗိုလ်ကြီး စစ်လင်းအောင် ဆိုသူနဲ့ ရွာထဲမှာ မတော်တဆ တိုက်မိကြရာက ထိုးကြိတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့က လမ်းပြကြယ် ဦးအေးမြင့်ထံကို လာရောက်တိုင်ကြားတဲ့ လှည်းကူးမြို့ခံက အခုလို ပြောပြပါတယ်။
“အဲဒီ (၆၀၅) တပ်က ဗိုလ်ကြီး စစ်လင်းအောင် ဆိုတဲ့ ပုဂ္ဂိုလ်က - ငါက ဗိုလ်ကြီး စစ်လင်းအောင် ကွ၊ ဗိုလ်ကြီးဆိုတာက မသိဘူးလား။ - ဆိုတော့ အရပ်ဝတ်နဲ့ဗျာ။ ဘယ်သိမှာလဲ။ အဲဒီတော့ လူငယ် ၃ ယောက်ကို ပါးရိုက်၊ နားရင်းအုပ်၊ စောင့်ကန်၊ ရိုက်နှက် ထိုးကြိတ်ပြီးတော့ ပြန်သွားတယ်။”
မကြာခင်မှာပဲ အမတ (၆၀၅) တပ်က အဲဒီ ဗိုလ်ကြီး စစ်လင်းအောင်၊ တပ်ရင်း ဗိုလ်ကြီး အောင်ကျော်ဇင် နဲ့ တပ်မှူး ဗိုလ်မှူး ဇော်ဇော် တို့ ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး မွန်လေး ရဲ့ အစ်မဖြစ်တဲ့ ဒေါ်ပိန်ရဲ့ အိမ်ပေါ် တက်ရှာကြပြီး မွန်လေးကို မတွေ့တာကြောင့် တအိမ်လုံးကို ရိုက်နှက် ဖျက်စီးနေကြစဉ်မှာပဲ အမတ (၆၀၅) တပ်က နောက်ထပ် စစ်သည် ၅၀ လောက် စစ်ထရပ်ကားကြီးနဲ့ ရွာထဲကို ထပ်ပြီး ရောက်ရှိလာပါတယ်။ တပ်ရင်းဗိုလ်ကြီး အောင်ကျော်ဇင်က တားဆီးနေတဲ့ကြားကပဲ ရဲဘော်တွေက မပိန်ကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်ယုံတင်မက ရင်ဘက်ကိုပါ သေနတ်တွေနဲ့ စောင့်ရိုက်သွားခဲ့တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။
ဒါ့အပြင် အိမ်ခြေ ၂၂ လုံးပဲရှိတဲ့ သုံးဆယ်ပေါက် ကျေးရွာက ကလေးလူကြီး တယောက်မကျန် ရွာလမ်းပေါ်မှာ စုဝေးတန်းစီခိုင်းပြီး အရာရှိတွေ ရှေ့မှာပဲ ရဲဘော်တွေက ရိုက်နှက်ထိုးကြိတ် ကန်ကြောက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြင်းထန်ဆုံး ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်ပိန်က ဖောင်ကြီး ရဲစခန်းမှာ သွားပြီး အမှုဖွင့်ပေမဲ့ ဘာမှ အရေးမယူပေးဘူးလို့ ဒေါ်ပိန်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ရဲစခန်းက ဘာမှမပြောလိုက်ဘူး။ တပ်နဲ့ဖြစ်တာ မလုပ်ပေးဘူး။ သူတို့ပြောတာက ဒီအမှုကို ဆက်ကိုင်မယ်ဆိုရင်တဲ့ ငွေထုပ်ပိုက်ထားပါလို့ ပြောလို့။ စစ်တပ်နဲ့ဆိုရင် မလုပ်ပေးရဲဘူးလို့ ပြောတယ်။ တခြား တိုင်လည်း ဘယ်သူမှ လက်မခံဘူး။ အဲဒါကြောင့် ဦးအေးမြင့်ဆီ လာတာ။”
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွှန့်ဦးကလည်း ဖောင်ကြီး ရဲစခန်းကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“အမိန့်ရှိပါခင်ဗျာ။ ဖောင်ကြီး ရဲစခန်းကပါ။”
ကျနော် တခုမေးချင်လို့။ ပြီးခဲ့တဲ့လက မရမ်းကုန်းကျေးရွာက မပိန် တပ်က အရိုက်ခံရတဲ့ကိစ္စ ဘာများထူးသေးလဲခင်ဗျ။ -
“အဲဒါဆိုရင် အစ်ကို၊ ကျနော် စခန်းမှူးကို သတင်းပို့ကြည့်ပါဦးမယ်ခင်ဗျ။ ခဏနေရင် ပြန်ဆက်လိုက်ပါလား။”
အဲဒီအမှုကိစ္စက ဘာများရှိသေးလဲခင်ဗျ။ -
“အဲဒါကတော့ ကျနော်တို့ သေချာမသိဘူး။”
သူက တိုင်ထားတာက ရဲစခန်းက လက်မခံဘူးကြားလို့ပါ။ -
“အဲဒီလိုတော့ မဟုတ်ပါဘူး အစ်ကို။”
ဒါဆို ဘယ်လိုမျိုးလဲခင်ဗျ။ အမှုက လက်ခံထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်တယ်။”
အမှုဖွင့်ထားတဲ့သဘောလား။ -
“ဟုတ်တယ်။ ဟုတ်ပါတယ်။”
အရေးယူတာတွေ ဘာတွေရော ရှိလားခင်ဗျ။ -
“ရှိပါတယ်။”
ဘယ်လို အရေးယူထားလဲ။ -
“ကျနော်တော့ သေချာမသိဘူး။ တကယ်လို့ အစ်ကိုတို့ သေချာသိချင်ရင်တော့ ကျနော်တို့ စခန်းက တကယ့် တာဝန်ရှိတဲ့သူနဲ့ အစ်ကိုတို့ မျက်နှာချင်းဆိုင် တွေ့ပြီးတော့ မေးတာက ပိုပြီးတော့ သိနိုင်ပါတယ်။”
ဒဏ်ရာတွေ ပြင်းထန်နေတဲ့ ဒေါ်ပိန်ဟာ ဖောင်ကြီးရဲစခန်းမှာ သတိလစ်သွားခဲ့တာကြောင့် ဖောင်ကြီးရဲစခန်းက လှည်းကူးဆေးရုံကို လိုက်ပို့ပေမဲ့ စစ်တပ်ရဲ့ ရိုက်နှက်ခံရမှု ဖြစ်တာကြောင့် ဆေးရုံက ဘာမှမလုပ်ပေးဘဲ ဆေးနှစ်ပြားပဲ ပေးပြီး ပြန်လွှတ်လိုက်တယ်လို့ လှည်းကူးမြို့ခံက ပြောပါတယ်။ ဘာကြောင့် ဒီလို ဖြစ်ပျက်ပြီး တစ်လလောက် ကြာတော့မှ အခုလို လမ်းပြကြယ် ဦးအေးမြင့်ထံကို လာရောက်တိုင်ကြားရသလဲ ဆိုတာနဲ့ပတ်သက်ပြီး လှည်းကူးမြို့ခံက အခုလို ပြောပါတယ်။
“ကျနော်တို့က တစ်လ ကျော်ကျော်လောက်ကာလ အတွင်းမှာ ဘာကြောင့် အခုလို နောက်ကျပြီးတော့ ပြောရသလဲဆိုတာက တရားဥပဒေအရ အမှုဖွင့်တယ်ဗျာ။ ဒီနေ့အချိန်အထိ ဘာမှဖြစ်မလာဘူးဆိုတော့ ကျနော်တို့က ဘယ်သူ့ကို အားကိုးရတော့မှာလဲ။ ကျနော်တို့က အရိုက်လည်း ခံရတယ်။ စစ်သားဆိုလို့ရှိရင် ဘောင်းဘီဝတ်ရင် ကြောက်ရမယ့်သဘောကို ရောက်နေတယ်ဗျ။ စစ်တပ်လုပ်သမျှ ခံရမယ်ဆိုတဲ့ သဘာဝကို မခံနိုင်လို့ နောက်ဘိတ်ဆုံး ကူညီရာမဲ့တဲ့အတွက် လမ်းပြကြယ် ဦးအေးမြင့်ကတဆင့် အားလုံးသိအောင် လာပြီး ရင်ဖွင့်ပြတာပါ။”
အခုလ စက်တင်ဘာလမှာလည်း ပဲခူးမြို့ပေါ်မှာ စစ်တပ်က အရာရှိနဲ့ စစ်သည်တွေ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့လို့ လူငယ် ၂ ဦး သေဆုံးခဲ့ရမှုလည်း ဖြစ်ပွားခဲ့ပါတယ်။
(VOA)
0 အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အတွက်ရည်ရွယ်သောကိုကျော်သူ၏ အတွင်းစိတ်ကဗျာပန်းချီကား
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့(စက်တင်ဘာလ-၂၁ရက်နေ့)အတွက်စိတ်ထဲပေါ်လာသမျှကို ချရေး,ချဆွဲလိုက်တဲ့ကျွန်တော်ဧ။်အတွင်းစိတ်ကဗျာပန်းချီကားတစ်ချပ်ပါခင်ဗျား။
လေးစားစွာဖြင့်...........
ကျော်သူ