ရန်ကုန်မြို့ရေတွင်းကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြိုနယ်၊၁၂၁လမ်း၊ရှိရယကဥက္ကဌဦးစံသိန်းဧ။်နေအိမ်ရှေ့တွင်၁၄.၁၀.၂၀၁၀နေ့ည ၈း၃၀ နာရီခန့်ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ၁၂၁လမ်းတွင်နေထိုင်သူမောင်ဘိုဘိုမှ၁၂၅လမ်းသပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအားဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။
အချင်းဖြစ်ပွားချိန်တွင်၁၂၁လမ်းတွင်းရှိပြည်သူများရုပ်ရုပ်သဲသဲဖြစ်ပြီးဈေးဆိုင်များလည်းပိတ်ကုန်ကြသည်၊အတန်ကြာမှရဲများရောက်လာပြီးလျှပ်စစ်မီးများထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် ၁၂၁လမ်းတွင်းရှိပြည်သူများပိုမိုထိတ်လန့်ခဲ့ကြသည်။
ယခုအခါအခြေနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့်ရယကဥက္ကဌအိမ်ရှေ့တွင်ဖြစ်ပွားမှု့အား အချိန်မှီသိရှိတားဆီးနှိင်ခြင်းမရှိသည့်အပေါ်၎င်းရယကဥက္ကဌနှင့်ရယကအဖွဲ့အားစိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါအချင်းဖြစ်ပွားသောနေရာနှင့်ရယကရုံးမှာကိုက်၅၀ခန်သာကွာဝေးသည်။
အထက်ပါအဖြစ်အပျက်မဖြစ်ပွားမှီကပင်အဆိုပါရယကဥက္ကဌဦစံသိန်းဧ။်အစ်စလမ်ဘာသာဝင်ဇနီးမှ အစ်စလမ်ဘာသာဝင်များအကြားပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ရန်လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေပြည်သူများမှ မကျေနပ်မှုများရှိနေခဲ့ကြသည်။
ပြည်တွင်းကပေးပို့လာတဲ့စာဖြစ်ပါတယ်။
Monday, October 18, 2010
0 ရန်ကုန်မြို့၏အချက်အချာနေရာမင်္ဂလာဈေးအနီးရယကဥက္ကဌအိမ်ရှေ့နှစ်လောင်ပြိုင်လူသတ်မှုဖြစ်ပွား
Sunday, October 17, 2010
0 ကျောင်းသားထုခေါင်းဆောင်မင်းကိုနိုင်ရဲ့(၄၈)နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေးတောင်းဆိုပွဲဂျပန်နိုင်ငံတိုကျိုမြို့တွင်ပြုလုပ်မည်
တပါတီအာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးမြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားထုရဲ့ခေါင်းဆောင် မင်းကိုနိုင်ဟာ အောက်တိုဘာ (၁၈) ရက်ဆိုရင် (၄၈) နှစ်ပြည့်ပါပြီ။ ကျွန်တော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့ တန်ဖိုးရှိတဲ့လူငယ်ဘဝရဲ့အချိန်တွေကိုရင်းနှီးပေးဆပ်ရင်း ဒီနေ့ထိတိုင်အောင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်နေဆဲဖြစ်တဲ့ မင်းကိုနိုင်ရဲ့မွေးနေ့ပွဲကို နွေးထွေးလှိုက်လှဲစွာနဲ့ဂုဏ်ပြုကျင်းပချင်ပါတယ်။
မင်းကိုနိုင်ရဲ့မွေးနေ့ကို ဂုဏ်ပြုခြင်းဟာ ကျောင်းသားထုကိုဂုဏ်ပြုခြင်းပါပဲ။ မင်းကိုနိုင်ရဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်းဟာ ကျောင်းသားထုရဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်း ဖြစ်သလို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်းလဲ ဖြစ်ပါတယ်။
မင်းကိုနိုင်ရဲ့လုပ်ဆောင်ချက်တွေဟာကျောင်းသားထုရဲ့လုပ်ဆောင်မှု ဖြစ်သလိုပြည်သူလူထုရဲ့လုပ်ဆောင်မှုလဲ ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ပြောစကားတွေဟာ ကျောင်းသားထုရဲ့စကားဖြစ်သလို ပြည်သူတွေရဲ့ အသံလဲဖြစ်ပါတယ်။
မင်းကိုနိုင်ဟာ ကျောင်းသားထုရဲ့ပုံရိပ်ဖြစ်သလို ပြည်သူတွေရဲ့ ပုံရိပ်လဲဖြစ်နေပြန်ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ မင်းကိုနိုင်ဆိုတာရှိနေဦးမှာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ကိုဖမ်းဆီးရက်စက်နေကြဦးမှာပါ။ စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ဟာ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူဆွဲကိုင်ရင်း ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေဦးမှာဖြစ်ပါတယ်။
မင်းကိုနိုင် မလွတ်လပ်ခြင်းဟာ ကျွန်တော်တို့ ပြည်သူတွေ အားလုံးမလွတ်လပ်ခြင်းပါပဲ။
နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေးတောင်းဆိုပွဲကို ကျောင်းသားတွေကိုကြောက်တဲ့ နအဖစစ်အုပ်စုရဲ့ လက်ပါးစေ မြန်မာသံရုံးရှေ့မှာ ဝင့်ဝင့်ထည်ထည်ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို ချစ်ခင်လေးစားသော မြန်မာပြည်သူများ တက်ရောက်နိုင်ရန် သတင်းပါးလိုက်ပါတယ်။
နေ့ရက်။ ။၁၈.၁၀.၂၀၁၀ (တနင်္လာနေ့)
အချိန် ။ ။၁၅း၀၀-၁၆း၀၀
နေရာ ။ ။မြန်မာစစ်အခွန်ရုံးရှေ့
ရှိနာဂါဝ ၊ တိုကျို။
ဗကသ (နိုင်ငံခြားရေးရာကော်မတီ)
0 မဲပေးမှ လမ်းခင်းပေးမယ်ဆိုတဲ့ ညစ်ပတ်တဲ့ ကြံ့ဖွတ်ဗိုလ်ချုပ်
ကျနော် ဘော်ဒါတွေရပ်ကွက်ဘက်ကဖြစ်ရပ်လေးတစ်ခု ပြောချင်လို.ပါဗျာ... သူတို.နေတာ.. ကမာရွတ်သင်္ဘောကျင်းဘက်ကပေါ့... လှည်းတန်းရထားလမ်းနားကပေါ့ခင်ဗျာ.. အဲနားမှာ ဗိုလ်ချူပ်တစ်ယောက်ကလာပြီး လမ်းခင်းပေးတယ်ခင်ဗျ... သူလမ်းခင်းပေးတယ်ဆိုလို.အကောင်းမမှတ်နဲ.ဦး.. ဘယ်လိုခင်းသွားတယ်မှတ်တုန်း..... လမ်းကိုတစ်ခြမ်းပဲခင်းသွားတယ်.... သူခင်းသွားလမ်းကအမြင့် မခင်းတဲ့လမ်းတစ်ခြမ်း.. အနိမ့်... အမြင့်ပိုင်းကလာတဲ့ကားတွေ ဒုက္ခရောက်နေတာမြင်ရတာ ခဏခဏပဲဗျာ..။ ကားလမ်းကူးရင်တောင်။ သတိထားပြီးကူးနေရတယ် ။ ၂ လမ်းသွားမဟုတ်ဘူး. .၃လမ်းသွားကြီး.. ။ အဲလမ်းကိုဆက်ခင်းဖို.ပြောတော့ ဗိုလ်ချူပ်က ဘာပြောတယ်မှတ်လည်းခင်ဗျ.... သူ့ကို မဲပေးပါ... သူ့ကိုမဲပေးရင် ဆက်ခင်းပေးမယ်... မဲမပေးရင် ဆက်မခင်းပေးဘူးဆိုပြီးပြောတယ်ခင်ဗျ...အဲဒါ ရပ်ကွက်က တစ်အိမ်ဘယ်လောက် ဆိုပြီး လိုက်ကောက်ပြီး ကိုယ်ထူကိုယ်ထ လမ်းတစ်ခြမ်း ပြန်ခင်းနေရတယ်.. ။အဲဒီလမ်းကို သိချင်ရင်တော. လှည်းတန်းရထားလမ်း ဘက်သွားတဲ့ အခြမ်း.. ကုန်းတံတားအောက်လမ်းပေါ်ဗျာ.. ။
zawjilay
0 ၂၀၁၀ ရွေးကောက်ပွဲ ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့....
ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရယ်လို့ စာ၊ နယ်၊ ဇင်း စာမျက်နှာတွေပေါ်မှာရော တီဗွီ အစီအစဉ်တွေမှာ လှုံ့ဆော်စည်းရုံး လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခုအပတ်ထုတ် 7 Day ဂျာနယ်မှာ ဦးနေမျိုးဝေရဲ့ မဲဆွယ်စည်းရုံးနေတဲ့ အခြေအနေကို Feature ရေးထားတာ ဖတ်ရပါ တယ်။ အဲဒီအထဲမှာ ရေးထားတဲ့ အတိုင်းဆို လူထုရဲ့ စိတ်ဝင်စားမှု နည်းပါးလှပါတယ်။
အဲဒီအနေအထားမျိုးကို တွက်ကြည့်ရင် နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် ဒီမိုကရက်တစ်အင်အားစု ဆိုသူတွေ ပြောသလို လူထုက စိုးရိမ် စိတ်၊ ကြောက်စိတ်လွန်နေတာမျိုး မဟုတ်ပါဘူး။ တစ်နေ့လုပ် တစ်နေ့စား ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ “ဘာမှ မထူးပါဘူး။ အဖြေက ရှင်းနေတာပဲ။ သူတို့ပဲ နိုင်မယ့်ဟာ။ ပြင်ဆင်ထားပြီးသားတွေပါ” ဆိုတဲ့ အသိအမှတ်ထားတဲ့စိတ်က ကိန်းအောင်းနေခဲ့ပြီး ဖြစ်တယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
မနေ့တစ်နေ့က ညီလေးတစ်ယောက်က ပြောပါတယ်။ ညတုန်းက တီဗွီ အစီအစဉ်ကနေ ဗိုလ်ဌေးဦး ဟောပြောနေတာ ဘာတွေပြောနေ မှန်း မသိဘူး၊ နားကလောတာနဲ့ တီဗွီ ပိတ်လိုက်သတဲ့။ အဲဒါနဲ့ နောက်ရက်ထုတ် သတင်းစာကို ရှာဖတ်ကြည့်မိပါတယ်။ ဗိုလ်ဌေးဦး ပြော ထားတဲ့ သဘောက ၁၇ နှစ် လုံးလုံး နိုင်ငံအကျိုး သယ်ပိုးခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ရေးအသင်းကို အမွေဆက်ခံထားတဲ့ ပါတီဖြစ်တယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်တွေက နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့သလဲ၊ လုပ်နေသလဲ ဆိုတာကို ဆုံးဖြတ် သုံးသပ်ပြီး အဲဒီလို လုပ်ခဲ့တဲ့၊ လုပ်နေတဲ့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို မဲပေးကြပါဆိုတော့... ရှင်းနေတာပါပဲ။ သူတို့ ကြံ့ခိုင်ရေးပါတီ ဒီလို အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာ၊ မဲပေးကြလို့ ဆိုလိုက်တာပါပဲ။
၁၇ နှစ် လုံးလုံးအကျိုးပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တဲ့ ဒီပဲယင်း အရေး အခင်း ဖြစ်တဲ့အချိန်မတိုင်ခင်မှာ တခြားခရီးတွေကို သွားခဲ့ရာမှာ ကချင်ပြည်နယ်၊ နန်းကွေးချောင်းတံတားနားက ခြိမ်းခြောက်မှုကို ကချင် ပြည်နယ် ကြံ့ခိုင်ရေးက ပြည်နယ်အမှုဆောင် တစ်ဦးက အစီအစဉ်ဆွဲ ဆောင်ရွက်ခဲ့တာမျိုး၊ မန္တလေး သပိတ်ကျဉ်း ခရီးစဉ်မှာလည်း မန်း တိုင်းအဆင့်က စီစဉ်ဆောင်ရွက်တာမျိုးတွေ လုပ်ခဲ့တာပါ။
ကြံ့ခိုင်ရေးအသင်းဆိုတာ ပြည်သူ့အကျိုးပြု အသင်းမဟုတ်ခဲ့ပါဘူး။ စစ်တပ်အာဏာ ကြာရှည်ခံဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံ တကာရဲ့ ဖိအား၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ခုခံတားဆီးခဲ့တာ၊ ဖိနှိပ်ခဲ့တာတွေမှာ အဓိက အသုံး ချခဲ့တာကို တွေ့ရမှာပါ။
ပြီးတော့လည်း လူထုအကျိုးပြုလုပ်ငန်းဆိုတာ ကိုယ်ထူကိုယ်ထ လမ်းတွေပြင်တာ၊ ဘာ.ဆေးတိုက်နေ့၊ ညာ.အထိမ်းအမှတ်နေ့တွေကို စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် လုပ်ပြီး နေရာယူတာပါ။ ကြံ့ခိုင်ရေး အမှုဆောင်တွေဟာ လခစားရပါတယ်။ ဆန်တစ်အိတ် လစဉ်ရပါ တယ်။ တိုင်းမှူးတွေက တစ်ယောက် ဘယ်လောက်ဆိုပြီး လစဉ်ထောက်ပံ့ရပါတယ်။ ငါးသိန်းတန်ဖုန်း စချပေးတုန်းက ခ.ယ.က ရန်ပုံငွေ ဆိုပြီး ဖုန်းတစ်လုံး ကျပ်ငါးသောင်းနှုန်းနဲ့ ရယူထားတဲ့ ငွေတွေကို ကြံ့ခိုင်ရေးက ယူတာပါ။ အဲဒါအပြင် ဝ၉-၄၆ နဲ့ စတဲ့ ဖုန်းတွေကို ကျပ် သုံးသိန်းနဲ့ အမည်ပေါက် ရထားကြပါတယ်။
သူတို့ အကျိုးပြုတဲ့လုပ်ငန်းဆိုတာ ပြည်သူလူထုက ထည့်ဝင်တဲ့ ငွေတွေနဲ့ သူကြီးဘုရား၊ ရွားသားကောင်းမှု လုပ်တာပါ။ မန္တလေးမြို့ပေါ် လမ်းတွေ ပြင်ဆင်နေတာမှာ အဲဒီလမ်းမှာ နေထိုင်တဲ့လူတွေဆီက ငွေကြေးခန့်ခွဲတာပါ။ ငွေမထည့်နိုင်တဲ့ လမ်းတွေကို ဆက်မခင်းပါဘူး။ ငွေမထည့်နိုင်တဲ့နေရာတွေမှာ လုံးဝ လမ်းမခင်းတာတွေ ရှိပါတယ်။ ကြံ့ခိုင်ရေးကို အမွေဆက်ခံတဲ့ပါတီဆိုတော့ လက်ရှိအစိုးရရဲ့ ပါတီပါပဲ။ အကောင်ပြနေတာကို အရိပ်မမြင်ရင် ဘယ်သူ့အပြစ်ပါလဲ။ အနှစ် ၂ဝ ကျော်လုံးလုံး သူတို့စစ်တပ်အသိုင်းအဝိုင်း ကောင်းစားရေးပဲ လုပ်နေ ကြတာဆိုတော့ ရှေ့ဆက်လည်း ဒီအတိုင်းပဲ အမွေဆက်ခံသွားမယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။
နိုင်ငံတည်ဆောက်ရေး၊ လမ်းတံတားဖောက်လုပ်တာတွေဟာ ဘယ်အစိုးရတက်တက် ပြည်သူလူထု တစ်ရပ်လုံးအတွက် တက်တဲ့ အစိုးရ တိုင်းက လုပ်ပေးရမှာပါ။ မြန်မာနိုင်ငံ ကျေးလက်ဒေသအချို့ဟာ ခုထိ အောက်ကျနောက်ကျ ရှိနေတုန်းပါပဲ။ ဝန်ကြီး အမျိုးတွေ၊ စစ်တပ် ထိပ်ပိုင်း အရာရှိကြီးတွေရဲ့ဇာတိမှာ လူမဖြစ်ခဲ့ရတဲ့ဒေသတွေ ခုထိ ဖွံ့ဖြိုးမှု အားနည်းနေတုန်းပါပဲ။
နိုင်ငံတော်ဘဏ္ဍာနဲ့ အသက်ဆက်နေတဲ့ ပါတီဟာ ကြံ့ခိုင်ရေးပါတီပါပဲ။ နိုင်ငံတော် ဘဏ္ဍာဆိုတာ နိုင်ငံသူ နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ အခွန်အခ၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းတွေထဲက ရတဲ့ အကျိုးအမြတ်တွေပါပဲ။ အဲဒီ အကျိုးအမြတ်၊ အခွန်အခတွေကို မျက်နှာပြောင်ပြောင်နဲ့ အမြိန့်သားသုံးစွဲနေတာကိုမှ မရှက်တတ်ရင် အသက်ရှင်ဖို့တောင် မသင့်တော့ပါဘူး။
အဲဒီလိုလူတွေကို ပြည်သူလူထု ဆက်ရွေးချယ် မဲပေးမယ်ဆိုရင် ပြည်သူလူထုက ကိုယ့်ခြေ၊ ကိုယ့်လက်ကို ကိုယ်ကိုယ်တိုင် ကြိုးတုပ်တာ နဲ့ အတူတူပါ။ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မဲပေးကြမယ်ဆိုရင် ဓားပြတွေလက် ကိုယ့်အသက် အပ်လိုက်တာလို၊ သူခိုးကို ဓားရိုးကမ်းတာလို ပါပဲ။ တကယ်လို့ မလွှဲမသွေ မဲပေးရမယ်ဆိုရင်လည်း “ခြင်္သေ့ဘေးမှာ ကြက်ခြေခတ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုကြရန်သာ ရှိပါတယ်။
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
Saturday, October 16, 2010
0 အို - ချီလီ
သင့် ..တိုင်း ပြည် အလံ တွေကို.. လေ ထဲမှာ ဝှေ့ ယမ်းလို့
သင့် ...အမျိုး သားတေးတွေ ကို သံပြိုင် ဟစ်ကြွေးလို့ 
သင့်..မိုင်းလုပ်သား (၃၃) ယောက် ကို
လူသား အဆန်ဆုံး...သိက္ခာ အရှိ ဆုံး
ကယ်တင် နိုင် ခဲ့ ကြ ။
လူ့  အသက် တချောင်းတိုင်း ကို
တန် ဖိုးထား ကြ..။
ကြီး မြတ်ကြ...
ဂုဏ် ယူ ကြ...။
ငါ တို့ မှာတော့
မျက်ရည်တွေ..တွေ တွေစီးကျ
လက်သီးတွေ..ကျစ်ကျစ် ဆုပ်
အံ ကြိတ်...
တောက် ခေါက်...
စုတ် သပ်..
ရင်သပ် ရှု မော..
အံ့  သြကြ...။
ပြည် တွင်းစစ် မှာ
နာဂစ် မှာ
သဘာဝ ဘေး အသွယ်သွယ် မှာ
ယုံကြည်ချက် အတွက်...အကျဉ်းထောင်တွေ ထဲမှာ
ဆင်းရဲ တော နက် နက် ကြီးထဲ မှာ
လူ့  အသက် တွေဟာ
အချိန် မကျ ဘဲ..ကြွေ ရ တဲ့ သစ်ရွက် တွေ လို
တဖြုတ် ဖြုတ် ..ကြွေ ခဲ့ ကြ ရ။
လေ ထဲ မှာ..ဖုန် မှုန့် ကလေးတွေ
လွင့်ပါး သလို..
မထင် မရှား..လွင့် ပါး ခဲ့ ကြ ရ..။
အို..ချီ လီ
သင် ဟာ...အာဏာရှင် စနစ် ကို
မိုင်းတွင်းအပျက်..မြေကြီး နက် နက် ထဲ မှာ
ထာဝရ..မြှုပ် နှံထားနိုင် ခဲ့ပြီ..။
ငါတို့ တွေမှာသာ..
အာဏာရှင် တွင်းပျက်..
ဇောက် ..နက်နက်ကြီးထဲ က
ရုန်းထွက် ဖို့....
ကုပ်ကပ် တွယ် တက် နေသေး ရ ...။ ။
0 တာဝန်နဲ့ လုပ်ပိုင်ခွင့် ကို ရောထွေးပြီးလုပ်ချင်ရာလုပ်နေသော စစ်တပ်က ဗိုလ်မှူး
ပြည်တွင်းကပေးပို့လာတဲ့သတင်းလေးပါ။ ။
၁၅-၁၀-၂၀၁၀ ရက်နေ့ မှာ ၅၁ ၀ါယာလက်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦး ရဲ့ ဖြစ်စဉ်ပါ။ စစ်တပ်က ဗိုလ်မှူးတစ်ယောက်ရဲ့  ကားရှေ့  ပိတ်ရပ်မိတာကအစပြုပြီးယာဉ်မောင်းခမျာ စိတ်ထိခိုက်လို့  သေသွားရတယ်။ ဖြစ်စဉ်ကတော့ ဗျာ ကားပိတ်ရပ်ပြီး အတင်အချလုပ်မိတာ ဗိုလ်မှူးဆိုသူက ကားပေါ်ကဆင်းလာပြီးတော့ လိုင်းကားယာဉ်မောင်းကို ချဲလင်းလုပ်တော့ တာ။ ပြီးတော့  သူ့ ကို ထိုင်ရှိခိုးခိုင်းတယ်။ ယာဉ်မောင်း ကလည်း မယှဉ်သာတော့  ပြောတဲ့ အတိုင်းလုပ်ရတာပေါ့ ဗျာ။
ကိုယ်တော်က မကျေနပ်သေးပဲ -- မင်း ပါးရိုက်တာခံမလား ၊ ကျွမ်းထိုးမလား လို့  ပြောတယ်တဲ့ ။ ယာဉ်မောင်းက ကျွမ်းထိုးပြရတယ်လေ။ သူ့ ခမြာ နေပူကြီးမှာလူသူကြားထဲ လုပ်ပြ ခံရတော့ ဂိတ်လည်းပြန်ရောက်ရော ပြန်တွေးပြီး ရှက်စိတ်မွန်လို့  ထင်ရဲ့ ။ ရှော့ ဖြစ်ပြီးသေရောတဲ့ ဗျာ။
တာဝန်နဲ့  လုပ်ပိုင်ခွင့် ကို ရောထွေးပြီး လုပ်ချင်ရာ လုပ်နေသူတွေ မြန်မာပြည်မှာ များနေပြီဗျာ။
mgmyo2010
0 အတု မိမယ် သတိထား
ရိုးမ(၃)
စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ညီလာခံအတုကလာတဲ့ ဖွဲ့စည်းပုံ အတုကြီးဆိုတာတော့ လူတိုင်းသိနေပြီးသားပါ။ လူတိုင်းသိပြီးသားဆိုပေမဲ့ သမာဒိဌိ – အမြင်ကြည်လင်သူတိုင်း သိတာကို ဆိုလိုပါတယ်။ အမြင်မှား အာရုဏ်မှား အတွေးမှားများနဲ့ မောဟတိမ်သလ္လာဖုံးနေသူများကတော့ အတုကို အစစ်ထင်နေချင် နေကြမှာပါဘဲ။
တကယ်တော့ စစ်အစိုးက အာဏာလွဲမပေးချင်လို့ လုပ်နေတဲ့ လမ်းပြမြေပုံတခုလုံးက လမ်းလွဲပြ မြေပုံအတုကြီးပါဘဲ။ ပြည်သူလူထု သွားချင်တာက လွတ်လပ်ပွင့်လင်းပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့ ဒီမိုကရေစီ ခရီးလမ်း၊ စစ်အစိုးရက ဖေါ်ဆောင် ခေါ်ဆောင်နေတာက အာဏာကို အကြွင်းမဲ့ ထိန်းချုပ်တဲ့ စစ်ကျွန်ပြုရေးလမ်း၊ လမ်း (၂) လမ်းက လားရာမတူ၊ ဦးတည်ရာမတူ၊ direction မတူ၊ အရှေ့နဲ့ အနောက်၊ တောင်နဲ့ မြောက်၊ ထက်အောက်ဖီလာ ဆန့်ကျင်နေတာ သေချာပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ် (ခ) ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်ရဲ့အဖွဲ့အစည်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရှိပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ လုံခြုံရေး စစ်ကောင်စီ အားလုံးရဲ့အချုပ်ဟာ ကာကွယ်ရေးဦးစီးချုပ်ဘဲ။
အခုရွေးကောက်ပွဲက ပေါ်ထွက်လာမဲ့ ကိုယ်စားလှယ် လွှတ်တော်အမတ်ဆိုတာ လုံခြုံရေးကောင်စီအောက်က တောက်တိုမယ်ရ ရုံးဝန်ထမ်း စားရေးစာချီအဆင့်ဘဲရှိတယ်။ စစ်တပ်ကထွက်ပြီး ခေါင်းပေါင်းစ တလူလူ၊ အလကားရထားတဲ့ ချိတ်ပုဆိုး တပြောင်ပြောင်နဲ့ လူယောင်ဆောင်နေတဲ့ လူပျက် (လူရွှင်တော် မဟုတ်ပါ။ လူရွှင်တော်များ သီးခံပါ)။ အဲဒီ လူအပျက်တွေကြားမှာ လင်းတတွေကြား စာသူငယ်နားသလို စကားတောင် ကျယ်ကျယ်ပြောရဲဘို့ လွယ်မှာ မဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ သတ္တ၀ါက တိုင်းပြည်ရဲ့ အရာရာကိုချုပ်ကိုင်နိုင်တယ်။ သူ့ကိုတော့ ဘယ်သူကမှ မချုပ်ထိန်းနိုင်ဘူး။ အပြန်အလှန်ထိန်းကြောင်းမှု စနစ် (checks and balances systems) က လွတ်နေတဲ့ ဒီသတ္တ၀ါဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆိုရင် သက်ဦးဆံပိုင် ဘုရင်တယောက်လိုပါဘဲ။
ဒီနေ့ခေတ် ၂၁ ရာစုကို ရာစုဘယ်နှစ်ခုလောက် နောက်ပြန်ဆွဲပြီး စစ်အာဏာရှင်တွေ စဉ်းစားတွေးခေါ်နေသလဲ မသိပါဘူး။ ဒင်းတို့ ဉာဏ်တထွာ တမိုက်နဲ့ ငြင်းဘို့သန်ရတာလဲ မိုက်ရာကျနေလေမလား။ ကမ္ဘာ့အခြေအနေနဲ့ မပြောဘဲ မြန်မာ့အခြေအနေနဲ့ ပြောရရင် ကုန်းဘောင်ခေတ်က ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟကျမ်းနဲ့ ခေတ်ပြိုင်ရေးခဲ့တာဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေက လက်ခံကောင်းလက်ခံမယ်။
အခု ၂၁ ရာစုမှာတော့ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ အမြင်ကျယ်နေပြီဖြစ်တဲ့ ပြည်သူလူထု တခုလုံးက လက်မခံနိုင်ကြတော့ဘူး။
၁၉၄၈ ခု (၂၀ ရာစုအလယ်) သူ့ကျွန်ခေတ်လွန် အတွေးအခေါ်နဲ့ ဒီကနေ့ ၂၁ ရာစုခေတ် အတွေးအခေါ်နဲ့လဲ မတူနိုင်တော့ဘူး။ စစ်အာဏာရှင်တွေရဲ့ အိုသော မင်းသော ဟောင်းသော မတိုးတက်သော တိမ်သော တုံးသော အတ္တကြီးသော အတွေးအမြင်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို (တာ့တာ့ ဘိုင့်ဘိုင် ဖွဲ့စည်းပုံ) လို့ နာမည်ပေးရမလား။ ဂက်အောက် (get out) ဖွဲ့စည်းပုံလို့ ကင်ပွန်းတပ်ရမလား။ ပြည်သူလူထုက ဒီဖွဲ့စည်းပုံအကြောင်း လာမပြောနဲ့။ နားကြားမြင်ကပ်တယ်။ ကြားလဲ မကြားချင်ဘူး။ နာဂစ်မုန်တိုင်းကာလ ပြည်သူ့မျက်ရည် ပင်လယ်ဝေနေချိန် အညှာအတာ ကင်းမဲ့စွာ မဲလိမ်ပြီး လုပ်သွားတာလဲ စိတ်ပေါက် ဒေါသဖြစ်တယ်။ သူတို့ပြောသလို၊ သူတို့ဆိုတာ စစ်အစိုးရ၊ စစ်အစိုးရပြောသလို၊ ဘာတဲ့၊ ဘာတဲ့၊ ဘယ်လို ဘယ်လောက်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂.၄၈% ထောက်ခံတယ်။
ဒီလိုသာ လူထုက ထောက်ခံခဲ့ရိုးအမှန်သာဆိုရင် အခုလုပ်နေတဲ့ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ ပြည်သူတွေအားလုံး ငါ့လူတွေချည်းဘဲဆိုပြီး ကျပ်ပြေးနေပြည်တော်မှာ သွားပုန်းအောင်းနေစရာတောင် မလိုတော့ဘူး။ လက်ဖြောင့်တပ်သား ကိုယ်ရံတော်အစောင့်လဲ ထားစရာမလိုတော့ဘူး။ တခြားပြည်သူတွေလိုဘဲ စိတ်အေးလက်အေး လမ်းဘေးမှာ လက်ဖက်ရည်ထိုင်သောက် ဆေးလိပ်ထိုင်ဖွာ ကွမ်းမြုံ့နေလို့တောင် ရနိုင်တယ်။ အခုလို ကျပ်ပြေးသူပုန်စခန်းမှာ သွားပုန်းရတာကိုက ထောက်ခံမှု ရာခိုင်းနှုန်းနဲ့ ကန့်ကွက်မှု ရာခိုင်နှုန်းက ပြောင်းပြန်ဖြစ်နေပြီးဆိုတာ သေချာတယ်။ ကန့်ကွက်သူက ၉၂.၄၈%၊ ထောက်ခံသူက ၇.၅၂% ဆိုရင် အဓိပ္ပါယ်ရှိတယ်။ ယုတ္တိတန်တယ်။ အဲဒီလို မဲပြောင်းပြန်ရေးထားတဲ့ ဖွဲ့စည်းပုံနဲ့ ကမ္ဘာကို လှည့်ချင်လှည့်၊ မြန်မာအချင်းချင်းလှည့်တာတော့ ဘယ်ပြည်သူကမှ မကြည်ဖြူဘူး။
ဒီဖွဲ့စည်းပုံကို ကြည်ကြည်ဖြူဖြူလက်ခံကြတယ်ဆိုတာ ကိုယ်ကျိုးစီးပွားကြည့်သူတွေသာ ရှိကြတာပါ။ ပြည်တွင်းပြည်ပမှာ ၂၀၀၈ ကို လက်ခံ၊ ရွေးကောက်ပွဲသာ တကြောင်းတည်းသော နည်းလမ်းဆိုပြီး ပါးစပ်ပါလို့ လေရှိတိုင်း အပ်ကြောင်းထပ်အောင် အော်နေသူတွေဟာ န.အ.ဖ လက်ဝေခံ အရိုးကိုက်နေသူနဲ့ အရိုးကိုက်ဘို့ ကြံရွယ်နေသူတွေသာ ဖြစ်နိုင်တယ်။ အခုတလောဆိုရင် အရိုးကိုက်ချင်လို့ အမိုက်ခံပြီး ပါတီထောင်၊ ငွေရလို့ ပါတီထောင်၊ မမြင်ဘူးတဲ့ ငွေမကိုင်ဘူးတဲ့ ပိုက်ဆံကိုင်ရလို့ ရွေးကောက်ပွဲကို ထောက်ခံ။ ပါတီထောင်တော့လဲ ရိုးရိုးမထောင်ဘူး။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ခွပ်ဒေါင်းပုံကို အလွဲသုံစားပြုပြီး လူထုလေးစားတဲ့ ကျောင်းသားပါတီလိုလို အင်ထု၊ အတုလုပ်သူက လုပ်။
အမယ်။ လာ လာသေး။ တချိန်တုံးက ကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးကို အားပေးယုံလေးနဲ့တင် စစ်ဆေးမေးမြန်းတာခံကြရတယ်။ ထောင်သွင်းအကျဉ်းကျခံကြရတယ်။ ဒါပေမဲ့ အခုကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေးမှာ ပြည်သူတွေပါဝင်လာလို့ အစစ်ဆေးအမေးမြန်းခံစရာလဲ မလို၊ သွေးမြေကျစရာလဲ မလို၊ အသက်အသေ အကြေခံစရာလဲ မလို၊ လွတ်လပ်မှုနဲ့ လုံခြုံမှု မပျောက်ဆုံးဘဲ ပါဝင်လာလို့ရနိုင်တဲ့ (ရွေးကောက်ပွဲ) ဥပဒေတွေ ရှိလာခဲ့ပြီတဲ့၊ ခွပ်ဒေါင်းသင်္ကေတသုံး ကျောင်းသားအတုပါတီတခုရဲ့ လက်ကမ်းကြော်ငြာမှာ ဖတ်လိုက်ရတာ။ တော်တော်ရယ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ တော်တော် ဒေါသဖြစ်စရာကောင်းတဲ့ စကားလုံးတွေလို့ ပြောရမလား။ (၈၈) ကျောင်းသားမျိုးဆက်အစစ် သံမဏိကျောင်းသားတွေ တပြည်လုံးက အကျဉ်းထောင်တွေထဲမှာ ရှိတယ်။ ခွပ်ဒေါင်းစစ်စစ်တွေ ထောင်ကျနေတယ်။ နောက်ဖေးလမ်းကြားက အကြွင်းအကျန်စား ကျီးကန်းတွေ မအာကြနဲ့။
တချို့ကလဲ ၁၉၉၀ အနိုင်ရပါတီ အဖွဲ့ချုပ် အမှတ်အသား ခမောက်သင်္ကေတကို အလွဲသုံးစား အတုသုံး စည်းရုံးသူက စည်းရုံး။ ခမောက်တံဆိပ်မြင်လို့ ထပြီး က သတဲ့၊ ဘယ် ခမောက်ထင်လို့ ထပြီး ကသလဲ သိသင့်တယ်။ ခမောက်က ခိုးရာပါ ခမောက်မှန်းသိရင် မလွယ်ဘူး။ တကယ့်အခြေအနေမှန်က ခမောက်သူခိုးတွေကို ဆိုက္ကားဆရာတွေကတောင် မတင်ချင်တော့ဘူး။ လက်ဖက်ရည်ဆိုင်စားပွဲထိုးတွေကလဲ ခမောက်အတုတွေ လမ်းသလားတာမြင်ရင် ထွက်ရိုက်ချင်လို့ လက်ယားနေကြတယ်ဆိုတာ မပြောရင်မသိမှာ စိုးလို့ ပြောလိုက်ပါတယ်။
နောက်တမျိုးရှိသေးတယ်။ မသိနားမလည်တဲ့ ပြည်သူတွေ၊ စားဝတ်နေရေးရုန်းကန်နေရလို့ နိုင်ငံရေး မလေ့လာအားတဲ့ ပြည်သူတွေကို ရပ်ထဲရွာထဲလည်ပြီး ရွေးကောက်ပွဲအတု အောင်မြင်ရေး သင်္ကေတ အတုတွေသုံးပြီး ပုံမှားရိုက်သလို (ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူဘဲ။ သူက အပြင်က တိုက်မယ်။ ကျွန်တော်/မတို့က လွှတ်တော်အတွင်းက တိုက်မယ်) ဆိုပြီး စကားလုံးအတုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်အတု လုပ်ပြီး စည်းရုံးရေးဆင်းသူက ဆင်း၊ ၁၉၈၈ အရေးတော်ပုံမတိုင်ခင်က မြန်မာပြည်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ် နှိပ်စက်လို့ ပစ္စည်းရှားပါးတဲ့ ခေတ်မှာ သာမန်အိမ်သုံးဆေးဝါးလေးတွေတောင် အတုလုပ်ကြတယ်။ ပါရာစီတမော အတု၊ ဗိုက်တာမင်စီ အတု၊ ဘားပလက် အတု၊ ဖျူရာမင်ဘီစီ အတု စသဖြင့် ဆေးအတုတွေ စားမိပြီး အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိခဲ့ဘူးတယ်။ အခုခေတ်မှာလည်း စံရည်စံသွေး မပြည့်မှီတဲ့ ဆေးဝါးအတုတွေ ရှိတယ်။ ငွေစက္ကူ တထောင်တန် ငါးထောင်တန် အတုတွေ မကြာခဏ ပေါ်တတ်တယ်။
ပစ္စည်းကောင်းလို့ တန်ဘိုးရှိရင် အတုလိုက်လာတတ်တာ ထုံးစံလိုတောင်ဖြစ်နေပြီ။ ဆေးအတုမိတာက တယောက်စ နှစ်ယောက်စ အကန့်အသတ်နဲ့ ဒုက္ခရောက်မယ်။ ငွေအတုမိတာက တရွက်၊ နှစ်ရွက်လောက်ဘဲ ဆုံးရှုံးမယ်။
နိုင်ငံရေးအတု မိရင်တော့ တမျိုးသားလုံး တပြည်လုံး နှစ်ပေါင်း ဆယ်နဲ့ ရာနဲ့ချီပြီး မျိုးဆက်နဲ့ ချီပြီး ဒုက္ခရောက်သွားနိုင်တယ်။
ဘုန်းကြီးရိုက်တဲ့ ကြံ့ဖွတ်လည်း မဲမပေးချင်ဘူး။ တိုင်းပြည်ကို လူမွဲဇာတ်သွင်းသွားတဲ့ မ.ဆ.လအဟောင်း တစညလည်း မဲ မပေးချင်ဘူး။ အခု ခမောက်ဆိုတာ ဘာလဲ။ ခွပ်ဒေါင်းကရော၊ ၀ံသာနုဆိုတာက ရော။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတဖွဲ့ထဲဘဲဆိုတာကရော——။
မေးခွန်းလေးတွေ ရှိနေတယ်။ မတွေဝေနဲ့၊ မေ၀၀ါးနဲ့၊ အညာမခံနဲ့၊ အလိမ်မမိစေနဲ့။
အခြေခံဥပဒေ အတု၊ ရွေးကောက်ပွဲ အတု၊ ခွပ်ဒေါင်း အတု၊ ခမောက် အတု၊ ဒေါ်စုကိုယ်စား ရွေးကောက်ပွဲဝင်သူ အတုအပများ ရှိနေတယ်။
အတုဆိုရင် ဘယ်အတုမှ မကောင်းပါ။
ပြည်သူတွေအားလုံး အတုမိမယ် သတိထား။
မမခင် (၁၃.၁၀.၁၀)
0 သုံးရောင်ခြယ်ကျောင်းသားများထုတ်ပြန်ကြေငြာချက်အတုပြုလုပ်သူအား၂၀၁၀ လှုပ်ရှားမှုကော်မတီမှ ပြင်းထန်စွာ ရှုတ်ချ
ပြည်တွင်း ပြည်ပ ရှိ နိုင်ငံရေးးအင်အားစုများ အဖွဲ့ များ အပါအ၀င် ပြည်သူလူထု ရဟန်း သံယာတော်များ ကျောင်းသားလူငယ်များ သိသာစေရန် ယုခု အိတ်ဖွင့်ပေးစာအား ပေးပို့ပါသည်။ ကျွန်တော်သည် စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မတီတွင်ပါဝင်သော ၂၀၁၀ လှုပ်ရှား မှုကော်မတီ (ပြည်တွင်း) ၏ တာဝန်ခံဖြစ်ပါသည်။ ၁၀.၁၀.၂၀၁၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော သုံးရောင်ချယ် ကျောင်းသားများအဖွဲ့ ၏ ထုတ်ပြန် ကြော်ငြာချက်အား ဖတ်ရှုရသော အခါ ကြော်ငြာချက်တွင်ပါဝင်သော တောင်းဆိုမှု သုံးချက်သည် လက်ရှိပြည်တွင်း နိုင်ငံေ၇း အတွက်အဓိက ကျသော တောင်းဆိုမှုများဖြစ်သည့်အတွက် ထိုတောင်းဆိုမှုများအား လေးနက်စွာ ယုံကြည်ထောက်ခံပါသည်။ သုံးရောင်ချယ်ကျောင်းသားများအဖွဲ့တွင်ပါဝင်သော လုပ်ဖော်ကိုင်ဖက် များကိုလည်း လေးစားပါသည်။
သို့သော် လည်း ၁၃.၁၀.၂၀၁၀ ရက်စွဲဖြင့် သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့ ဟုဒုတိယမြောက်ထုတ်ပြန်ကြော်ငြာချက် ကို ထပ်မံဖတ်ရှု့ရပါသည်။ဒုတိယမြောက် ကြော်ငြာချက်တွင် ပြည်သူ့ ကိုယ်စားလှယ်များ ဒီမိုကရေစီခေါင်းဆောင်များ ကိုစော်ကားထားသည့်အပြင် မတရား သည့်ဥပဒေဖြင့် ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွှေးကောက်ပွဲအားထောက်ခံရန် လည်းရေးသားထားပါသည်။ ထို့ကြောင့် ကြောငြာချက်နှစ်ခုတွင် ဒုတိယမြောက်ကြော်ငြာ ချက်သည် ပထမကြော်ငြာချက်ကို ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသားများအဖွဲ့အား စော်ကား ပုတ်ခက် နိုင်ငံရေးသိက္ခာ ချရန် လူပုတ်ကိုယ် တစ်ဦးတစ်ယောက် အဖွဲ့အစီး တစ်ခုခုမှ လုပ်ကျန် ရေးသားထားသော ထုတ်ပြန်ချက်ဖြစ်ကြောင်းတွေ့ရှိ ရသည်။ ထိုဒုတိယမြောက် ကြော်ငြာချက်အား လုပ်ကြံရေးသားခဲ့သူ နိုင်ငံရေးသစ္စာဖောက် အားမိမိတို့ ၂၀၁၀ လှုပ်ရှားမှုကော်မတီမှ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ပထမ ကြော်ငြာချက်ထုန်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသား များအဖွဲ့အား လေးနက်စွာ ယုံကြည်ထောက်ခံကြောင်း ရေးသားပေးပို့လိုက်ပါသည်။ ယခုကိစ္စနဲ့ ပတ်သက်ပြီး ၁၀.၁၀.၂၀၁၀ တွင်ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ်ကျောင်းသားများ အဖွဲ့မှ လည်း နိုင်ငံရေးသစ္စာဖောက်တရားခံအား ရှာဖွေဖော်ထုတ်ပေးပါရန်တောင်းဆိုပါသည်။
(ကြော်ငြာချက်နှစ်ခုအား ပူးတွဲဖတ်ရှု့နိုင်ပါသည်။)
thone youngchal