Saturday, July 16, 2011

0 ခေါင်းလောင်းသံတညံညံပေးတဲ့ ဘုန်းတော်ကြီးသင်ပညာရေး


ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေသာ မရှိခဲ့ရင် အခက်ပဲ။ ကျမသားတွေ တစ်သက် စာတတ်မယ် တောင် မထင်ဘူး


ရန်ကုန်၊ ၁၅ ဇူလိုင်၊ ၂၀၁၁ (YPI)
ချစ်ဦးမောင်ရေးသားသည်။

-တခြားမိခင်တွေလိုပဲ မမြသည်လည်း သူမ၏ သားနှစ်ဦးကို ပညာတတ်တွေတော့ ဖြစ်စေချင်သည်။ သို့သော်လည်း ခင်ပွန်းသည်မရှိတော့သည့် သူမအဖို့ တစ်အိမ်တက်ဆင်း အ၀တ်လိုက်လျှော်နိုင်ပါမှ နေ့ဖို့ညစာမှန်ရုံ၊ အိမ်ငှားခ၊ မီးဖိုချောင်စရိတ် ကာမိရုံသာရှိသော အခြေအနေတွင် ကလေးတွေကို ကျောင်းထားနိုင်ဖို့ရန်မှာ မလွယ်ကူ။မြင်သာမြို့ဦးဘုန်းတော်ကြီးသင်​ပညာရေးကျောင်းမှ ကျောင်းသားများ

မူလတန်းပညာရေးကို အခမဲ့ပညာရေးအဖြစ် အစိုးရက သတ်မှတ်ထားသောကြောင့် သူမ၏ သားများကို အစိုးရကျောင်း ထားလျင် ကျောင်းလခအကုန်ကျခံစရာမလိုလျင်ေ​တာင်မှ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးတွေကရှိသေးသည်​။ နောက်ပြီးလျင် အတန်းထဲမှာ အခြား အပိုငွေကြေးကောက်ခံမှုများရှိလာဦးမည် ဆိုလျင် သူများတန်းတူ မပေးနိုင်ပါက ကလေးတွေ စိတ်အားငယ်ကြရမည်ကို မမြစိုးရိမ်သည်။
နောက်ဆုံးတော့ သူမပတ်ဝန်းကျင်က ဆင်းရဲနွမ်းပါးသည့် မိဘတွေနည်းတူ မမြသည်လည်း သူမ၏ သားနှစ်ဦးကို ပညာအခမဲ့ သင်ကြားပေးသည့် လှိုင်သာယာမြို့နယ်ထဲက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုသို့ သွားပို့လိုက်ရတော့သည်။

“ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ​တွေသာ မရှိခဲ့ရင် အခက်ပဲ။ ကျမသားတွေ တစ်သက် စာတတ်မယ် တောင်မထင်ဘူး” ဟု အသက် ၃၅နှစ်ဝန်းကျင်ရှိပြီဖြစ်သည် မမြက ဆိုသည်။

အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်ပြီး၊ နိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်းမှာလည်း ဆင်းရဲမွဲတေမှုမျဉ်း အောက်ရောက်နေသော မြန်မာနိုင်ငံတွင် မမြတို့လို ဆင်းရဲနွမ်းပါးသည့် မိဘများ၏ သား၊သမီးတွေနှင့် မိဘမဲ့ ကလေးငယ်တွေ စာတတ်မြောက်ရေးအတွက် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလှသည်။

အယုတ်၊ အလတ်၊ အမြတ်မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေ့း ပညာသင်ကြားပေးနေသော ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသည် ပညာကို အခမဲ့သင်ကြားပေးသည့်အပြင် ဖတ်စာအုပ်၊ မှတ်စုစာအုပ်မှအစ ကျောင်းသားသုံး ပစည်းမှန်သမျှကိုပါ ထောက်ပံ့ပေးကြရာ ဆင်းရဲသော မိဘများအဖို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများသည် သူတို့ကလေးတွေ စာတတ်မြောက်ရေးအတွက် တစ်ခုတည်းသော အားကိုးရာ၊ ပညာသင်ယူရာဌာနတစ်ခုဖြစ်လို့နေသည်။

ထို့ပြင် ဆင်းရဲသော မိဘတွေအနေနှင့် သူတို့ကလေးတွေ နေ့လည်စာအတွက်ပါ ပူပန်စရာမရှိအောင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအများစုက နေ့လည်စာပါကျွေးမွေးလေ့ရှိတတ်ကြ​သည်။ ထိုမျှမက ရပ်ဝေးမှ လာသော ကျောင်းသားများနှင့် မိဘမဲ့ကလေးငယ်များအတွက်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများက အိပ်စရာ၊ နေစရာများပါ စီစဉ်ပေးကြသည်ကို တွေ့ရသည်။

ထိုမျှ အရေးပါသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းေ​ပါင်း မြန်မာနိုင်ငံမှာ၁,၄၀၀ ကျော်ရှိပြီး ယင်းကျောင်းများတွင် ကျောင်းသားပေါင်း နှစ်သိန်းကျော် ပညာသင်ယူနေကြသည်ဟု အစိုးရကိန်းဂဏန်းများကဆိုသည်။

ကလေးသူငယ်များအရေး အထူးပြုကူညီပေးနေသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children မှ ကျောင်းပြင်ပ ပညာရေးကိစများကို လိုက်ပါဆောင်ရွက်ပေးနေသည့် အရာရှိတစ်ဦး၏ အဆိုအရ ကလေးတွေ၏ ပညာရေးစရိတ်ကို မတတ်စွမ်းနိုင်သော မိဘများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသောကြောင့် ထိုလိုအပ်ချက်ကို ဖြည့်တင်းဖို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအ​ရေအတွက်သည်လည်း တစ်နှစ် ထက်တစ်နှစ် ပိုမိုများပြားလာလျက်ရှိသည်ဟ သုံးသပ်ပြောဆိုသည်။

``မရှိဆင်းရဲတဲ့ မိဘတွေ ပိုများလာကြတော့ ဘ/က (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း​)တွေရဲ့ အခန်းကဏ္ဍကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကြီးကြီးလာနေတာပေါ့´´ဟု အဆိုပါအရာရှိက သုံးသပ်ပြောဆိုသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ ရှေ့လျှောက်လည်း မှေးမှိန်သွားစရာမရှိဘဲ ခေတ်စနစ်၏ လိုအပ်မှုတစ်ခု အဖြစ် နောင်နှစ်ပေါင်းများစွာ တည်ရှိသွားလိမ့်မည်ဖြစ်ကြောင်းလ​ည်း အဆိုပါအရာရှိက ဆိုပါသည်။

အစဉ်အလာကြီးခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

မြင်သာမြို့ဦးဘုန်းတော်ကြီးသင်​ပညာရေးကျောင်းမှ ကျောင်းသားများ

၁၁ ရာစုလောက်ကတည်းက မြန်မာနိုင်ငံမှာ တည်ရှိလာခဲ့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်မရောက်မီအထိ မင်းညီမင်းသားမှသည် သူဆင်းရဲများအထိ `အ သုံးလုံး´(အရေး၊အဖတ်၊ အတွက်)နှင့် ဗုဒစာပေကျမ်းဂန်များ လေ့လာသင်ယူရာ တစ်ခုတည်းသော ပညာရေးအဖွဲ့အစည်း ဖြစ်ခဲ့သည်။

ဗြိတိသျှတို့ မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက်တွင်တော့ ခရစ်ယာန်သာသနာပြုကျောင်းတွေက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနေရာကို တစ်စတစ်စ ၀င်ယူလာကြသည်။

သို့နှင့်တိုင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းေ​တွမှာ ကွယ်ပျောက်သွားခြင်းမရှိခဲ့ပေ။ မြို့ကြီးပြကြီးတွေမှာ ခရစ်ယာန်သာသနာပြုကျောင်းတွေက ပညာသင်ကြားရေးကဏ္ဍမှာ ဦးဆောင်နေစဉ်မှာ ကျေးလက်တောရွာတွေမှာတော့ ပညာသင်ကြားရေးကဏ္ဍမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းေ​တွကပဲ ဦးဆောင်နေခဲ့သည်။

သမိုင်းတစ်လျှောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခန်းကဏ္ဍ မည်မျှပင် အရေးပါလှသော်လည်း ၁၉၆၂ ခုနှစ်အရောက်တွင် အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဆိုရှယ်လစ်အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ဖျက်သိမ်းပစ်လိုက်သည်။

ထိုသို့ဖျက်သိမ်းလိုက်သော်လည်း ဘုန်းတော်ကြီးသင်ပညာရေးစနစ်မှာ လုံးလုံးကြီးကွယ်ပျောက်သွား ခြင်းမရှိဘဲ သူ့နည်းသူ့ဟန်နှင့် ရှင်သန်နေခဲ့သည်။ သည်လိုနှင့် ဆယ်စုနှစ် သုံးခုအကြာ ၁၉၉၃ ခုနှစ်တွင်တော့ အစိုးရက ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည် အသိမှတ်ပြုလာသည်။ အားပေးအားမြှောက်လည်းပြုလာသည်။

“အစိုးရကျောင်းကို မတက်နိုင်တဲ့ ကလေးတွေ စာတတ်မြောက်ဖို့ ဘ/က တွေ လိုအပ်တယ်ဆိုတာကို အစိုးရက သတိ ထားမိပုံပေါ်တယ်။ ဒီလိုဖွင့်ခွင့်ပေးလိုက်လို့လည်း အစိုးရအနေနဲ့ ဘာမှ ထောက်ပံ့စရာမှ မလိုတဲ့အခါကျတော့ အသာတကြည်ဖွင့်ခွင့် ပြန်ပေးလိုက်တဲ့သဘောပဲ” ဟု ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတ​စ်ခုတွင် စာသင်နေသော ကျောင်းဆရာ တစ်ဦးက သူ့အမြင်ကို ပြောပြသည်။

ရှေးယခင်က စနစ်နှင့် မတူတော့သည်က ခေတ်သစ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် အစိုးရကျောင်းများမှာ အသုံးပြုနေသော သင်ရိုးညွှန်းတန်းတွေကို အသုံးပြုလာကြသလို အစိုးရကျောင်း များတွင် အတန်းခွဲသည့်ပုံစံ၊ ပညာသင်နှစ် သတ်မှတ်သည့် ပုံစံအတိုင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက လိုက်နာကျင့်သုံးလာကြသည်။

သို့သော်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၁,၄၀၀ ကျော်ထဲမှ အစိုးရက ကျောင်းနှစ်ကျောင်းကိုသာ အထက်တန်းအဆင့်ထိ တိုးမြှင့်ဖွင့်လှစ်ခွင့်ပေးပြီး ကျန်သည့် ကျောင်းများကိုမူ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ဖြင့်သာ ဖွင့်လှစ်ခွင့်ပေးထားသည်။
သို့ဖြစ်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်း၊ အလယ်တန်းပြီးသူများအနေနှင့် အစိုးရ အထက်တန်းကျောင်း ဆက်တက်ဖို့ရန်မှာ များစွာအခက်အခဲရှိကြသည်ဟုဆိုသည်​။

အချို့သောဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက သူတို့ကျောင်းမှ အတန်းကုန်အောင် ပြီးစီးသွားသော ကျောင်းသားများကို အစိုးရအထက်တန်းကျောင်းတက်နိုင်​ရေးအတွက် လိုအပ်သော ကျောင်းလခ၊ စာအုပ်စာတမ်း၊ ကျောင်းဝတ်စုံကြေးများကို ထောက်ပံ့ပေးနိုင်ကြသော်လည်း အချို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေနှင့် မတတ်စွမ်းနိုင်ကြပေ။

``ကျောင်းသားမိဘတော်တော်များများက သူတို့သား၊ သမီးတွေ သေစာ၊ ရှင်စာတတ်ရင်ပဲ တော်ပြီဆိုပြီး ကျေနပ်ကြတာတွေရှိတယ်။ အဲတော့ သူတို့ကလေးတွေ အထက်တန်းပြီးအောင် မနေနိုင်လဲ သူတို့အတွက် ပြသနာမဟုတ်ဘူး။ အဲဒါနဲ့ပဲ ကျေနပ်နေကြတယ်´´ ဟု ကျောင်းသားပေါင်း ၁၅၀၀ နီးပါးကို အခမဲ့ပညာသင်ကြားပေးနေသော ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်ထဲက အနောက်အုတ်ကျင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်က မိန့်ဆိုသည်။

ထိုသို့သော အနေအထားများရှိနေသောကြောင့် အထက်တန်းအထိပြီးစီးအောင်မနေနိုင်ပါကလည်း အပြင်မှာ လုပ်ကိုင်စားသောက်နိုင်စေရန်အတွ​က် တချို့သော ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကိုပါ တစ်ပါတည်း သင်ပေးကြသည်များလည်းရှိသည်။

စိန်ခေါ်မှုများစွာ

ရွှေပြည်သာက အနောက်အုတ်ကျင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်များ

ထိုသို့ လူမှုအသိုင်းအ၀ိုင်းအတွက် များစွာအသုံးကျလှသော်လည်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှာ အစိုးရကျောင်းများနှင့် မတူသည်က အစိုးရဆီမှ မည်သည့်အထောက်အပံ့မှ မရကြဘဲ ပုဂလိကအလှူရှင်တွေအပေါ်မှာပဲ လုံးလုံးလျားလျားအားကိုးကြရသည့်​အနေအထားဖြစ်နေရာ ဘဏ္ဍာရေးကိစ္စမှအစ အခက်အခဲများစွာ ကြုံကြိုက်ကြရသည်။

``ဘုန်းကြီးတို့မှာ သင်ထောက်ကူပစည်းဝယ်ဖို့၊ စာသင်ခုံတွေဝယ်ဖို့က အစ၊ အလှူလက်ခံလို့ရတဲ့ ငွေကနည်းတော့ အစစအရာရာ အခက်အခဲတွေရှိတယ်´´ ဟု ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ပေါ်က ရွှေကျင်(ဂျား)ကျောင်း ဘုန်းတော် ကြီးကျောင်းကို ဖွင့်လှစ်ထားသည့် ဆရာတော်ဦးပညာဝရက မိန့်ဆိုသည်။

ထို့အပြင် ကျောင်းဆရာ၊ ဆရာမတွေကို လစာပေးချိန်ရောက်လျင် ဘုန်းတော်ကြီးများမှာ ကျပ်ကျပ်တည်းတည်း အလှူငွေလိုက်ရှာရသည်ဟုဆိုသည်။ အချို့ဘုန်းတော်ကြီးများမှာ ဆရာ၊ ဆရာမတွေကို လစာမပေးနိုင်သောကြောင့် ယင်းလစာနှင့် တန်ဖိုးချင်းတူညီသော ပစ္စည်းပစ္စယများကို အစားထိုးပေးကြရသည်ဟုဆိုသည်။

ကော့မှူးမြို့နယ်ထဲက (ကော့မှူးမြို့ကနေ တစ်နာရီနီးပါးလောက် ဆိုင်ကယ်တတန်၊ စက်လှေတတန်သွားရသော) ခလောက်ခမယ်ရွာထိပ်ရှိ ဓမ္မသုခဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဖွင့်လှစ်ထားသော ဦးဇင်းဦးကောဝိဒဆိုလျင် သူ့ကျောင်းက ဆရာ၊ ဆရာမတွေကို လစဉ်ပုံမှန် လစာမပေးနိုင်ဘဲ နှစ်ကုန်မှ တစ်နှစ်စာ လစာကိုတွက်ပြီး ငွေသားမပေးဘဲ စပါးကို တောင်းနှင့်ချိန်ပြီးပေးနေရသည်။

ထို့အတွက် ခလောက်ခမယ်ရွာကနေ လယ်နှစ်ဧကလောက်ကို ငှားပြီး သူရင်းငှားတစ်ယောက်နှင့် မိုးစပါး၊ နွေစပါးစိုက်သည့်အလုပ်ကို လုပ်ရသည်ဟုဆိုသည်။ ယင်းမှ ရသည့်စပါးကို ဆရာ၊ဆရာမများကို လခအဖြစ်ပေးနေရသလို ပိုလျှံသည့် စပါးများကို ရောင်းချပြီး ကလေးများအတွက် ကျောင်းသားသုံးပစည်းတွေဝယ်ယူရသည်ဟုဆိုသည်။

``ဒီလိုမှ မလုပ်ရင်လည်း မရတော့ဘူးလေး။ ဒါတောင် ဦးဇင်းမှာ အကြွေးတွေက မနည်းဘူး တင်နေတုန်း။ တင်လဲ မတတ်နိုင်ဘူးလေ။ ဦးဇင်းတို့က အစိုးရကျောင်းသွားမတက်နိုင်တဲ့ ကလေးတွေကို ဒီအတိုင်းကြည့်မှ မကြည့်နိုင်ဘဲ´´ ဟု ဦးဇင်းဦးကောဝိဒက လယ်ကွင်းပေါ်မှာ ဆောက်လုပ်ထားသည့် သူ၏ ခနော်နီခနော်နဲ့ ၀ါးထရံကာ၊ သက်ကယ်မိုး စာသင်ကျောင်းဆောင်ထဲမှာ ခပ်ခွေခွေလေးထိုင်ရင်းပြောပြသည်​။

ကိုယ်အလေးချိန် ပေါင် ၁၄၀-၁၅၀ လောက်လေးလံသည့် လူတစ်ယောက်လမ်းလျှောက်လျင် အချိန်မရွေးကျွံကျ သွားနိုင်သည့် အဆိုပါစာသင်ဆောင်၏ ၀ါးကြမ်းခင်းမှာ ကျိုးတိုးကျဲတဲဖြစ်ပြီး ကြမ်းခင်းအောက် လက်တစ်ထွာ လောက်အကွာမှာ ပေါင်းပင်ထိုးထိုးထောင်ထောင်နှင့် ရေပြင်ရှိသည်။

ဦးဇင်းဦးကောဝိဒက သူ၏စာသင်ကျောင်း ဆက်လက်လည်ပတ်နိုင်ဖို့ သူ့အနေနှင့် မည်မျှ ရုန်းကန်ရပုံကို ရှင်းပြနေချိန်မှာ သူထိုင်နေသော ကြမ်းအောက်က ရေပြင်ထဲမှာ လေးလက်မအရွယ် ငါးလေးသုံးကောင်က ဟိုဟိုဒီဒီကူးခတ်နေကြသည်။
မည်မျှပင် အကြွေးတင်၊ အခက်အခဲဖြစ်နေသော်လည်း ဦးဇင်းကောဝိဒက သူ့မူလတန်းကျောင်းကို မူလွန် (မူလတန်းအလွန်)အထိ အဆင့်တိုးမြှင့်ရန် ကြံရွယ်နေသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးများအနေနှင့် ၄င်းတို့၏ ကျောင်းများ ရေရှည်တည်တံ့စေရေး ရုန်းကန်နေရသည့်တချိန်တည်းတွင် ၄င်းတို့မှာ နောက်ထပ်စိုးရိမ်ပူပန်စရာတစ်ခုက​ သူတို့နှင့် အမြဲလိုလိုရှိနေသည်။

ယင်းမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမအများစုမှာ ဆရာဖြစ်သင်တန်း၊ စာသင်နည်း သင်တန်းများ တက်ရောက်ထားသူများမဟုတ်ကြသဖြင့်​ စာသင်ကြားရာတွင် ထိရောက်မှုရှိသင့်သလောက်မရှိမည် ကို ဘုန်းတော်ကြီးများက စိုးရိမ်ကြသည်။

အစိုးရကျောင်းမှ ကျောင်းဆရာ၊ဆရာမများနှင့် မတူသည်က ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ ဆရာ၊ ဆရာမများမှာ အစိုးရဆီမှ မည်သည့် ဆရာဖြစ်သင်တန်းမှ ရရှိခြင်းမရှိဟု ဘုန်းတော်ကြီးများက ဆိုသည်။

Save the Children မှ အရာရှိကတော့ လိုအပ်မှုများစွာရှိနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို အားလုံး ၀ိုင်းဝန်းကူညီကြဖို့လိုအပ်ကြော​င်း အကြံပြုပြောဆိုသည်။

အကြောင်းမူ ``ဘ/က တွေကို ကူညီတယ်ဆိုတာက အစိုးရကျောင်းကို မသွားနိုင်တဲ့၊ သွားခွင့်မကြုံတဲ့ ကံမကောင်းကြတဲ့ ကလေးသူငယ်တွေ စာတတ်မြောက်ဖို့ ကူညီပေးရာရောက်လို့ပါပဲ´´ဟု ဆိုသည်။

[By Yangon PressInternational]

0 ပြောချင်ရာပြော လုပ်ချင်ရာလုပ် ရက်ပေါင်းတစ်ရာ မောင်သိန်းစိန်

ပြည်သူတွေအပေါ် အစိုးရတရပ်ဆိုတာပြောရင် တည်စေ၊ မြဲစေရှိရပါ့မယ်၊ ပြည်သူတွေကို အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြနေရင် လူထုအယုံကြည်ခံအစိုးရဖြစ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်၊ လူထုယုံကြည်တဲ့အစိုးရတရပ်ဖြစ်ဖို့ဟာ လူထုရဲ့ အခြေခံကျတဲ့ ဘဝရဲ့လိုအပ်ချက်တွေကို တတ်စွမ်းသလောက် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရပါ့မယ်။

မြန်မာနိုင်ငံမှာ အဓိကအခြေခံကျတဲ့ တောင်သူလယ်သမားကိစ္စကို ဦးစားပေးဖြေရှင်းမယ်ပြောဆိုပြီး၊ လယ်ယာမြေတွေသိမ်းပိုက်နေတာဟာ အပြောနဲ့အလုပ် တခြားဆီဖြစ်နေပါတယ်။ နောက်- အဂတိလိုက်စားမှုတိုက်ဖျက်ပြီး၊ သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဆီ ဦးတည်သွားမယ်လို့ဆိုပြန်တယ်၊ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်ဆိုရင် မိမိအစိုးရတစ်ရပ်လုံး ခြစားမှုမရှိအောင်အရင်စံနမူနာအဖြစ် ရပ်တည်ပြရပါ့မယ်။ လစာမလုံမလောက်ပေးထားပြီး၊ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင်မထိန်းသိမ်းနိုင်ပဲ ဝန်ထမ်းတွေကို ခြစားမှုနဲ့အပြစ်ပေး အရေးယူဆောင်ရွက်လို့ သန့်ရှင်းတဲ့အစိုးရတစ်ရပ်ဘယ်လိုမှမဖြစ်နိုင်။

မိမိအစိုးရအဖွဲ့က ပြည်သူ့လစာကို မဟားတရားရယူထားကြပြီး၊ အစိုးရဝန်ထမ်းများနဲ့ ပြည်သူတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလို့ကတော့ ဘယ်တော့အခါမှ ကောင်းတဲ့အစိုးရတစ်ရပ် မဖြစ်ပေါ်လာနိုင်။ အခုပဲကြည့်ပါ

ဆရာထက်တပြည့် လက်ဇောင်းထက်တဲ့ပုံစံမျိုးနဲ့ နယ်စပ်ဒေကို လေယျာဉ်နဲ့တစ်မျိုး၊ လက်နက်ကြီးနဲ့တစ်ဖုံ အင်အားအလုံးစုံအသုံးပြုပြီး၊ ထိုးစစ်ဆင်နေပြန်တယ်။ တိုင်းပြည်တည်ငြိမ်အောင် မထိမ်းသိမ်းပဲ သိန်းစိန်နဲ့ မင်းအောင်လှိုင်ဟာ ပြည်တွင်းစစ်မီးကိုမွှေးနေပြန်တယ်။ အဓိပ္ပါယ်မဲ့တဲ့ ပြည်တွင်းစစ်ရဲ့ဒဏ်ကြောင့် တိုင်းပြည်စေ့စေ့ညက်ကြေမွပျက်စီးနေတာကို သိလျှက်နဲ့ မသိကျိုး ကျွန်ပြု နေတာဟာ ပြည်သူလူထုအပေါ် အရမ်းရက်စက်ရာရောက်ပါတယ်။

ကိုယ့်အပေါ် ဘာရန်ငြိုးရန်စမှမရှိတဲ့ပြည်သူတွေအပေါ် ဒီလုပ်ရပ်တွေက ဒုက္ခဝဝကြီး ပေးထားသလို မျိုးဖြစ်မနေဘူးလား၊

ကျနော်လက်ရှိ- ဦးသိန်းစိန်မဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အထူးသတိပေးလိုတာက မိမိဟာ ကြိုးဆွဲတိုင်းကနေရအောင် ရုပ်သေးရုပ်မဟုတ်ဘူး၊ ဇတ်ဆရာအလိုကျ 'က' ရအောင်လည်း ဇတ်မင်းသားတွေမဟုတ်ကြဘူး။

မိမိကိုယ်ကိုမိမိ စစ်သားကောင်းတစ်ယောက်အဖြစ်ခံယူထားရင် လုပ်ရဲ- ကိုင်ရဲတဲ့စိတ်တွေမွေးမြူပြီး၊ ပြည်သူဘက်ကပြတ်ပြတ်သားသား ရပ်တည်ရဲရမယ်။ သန်းရွှေရဲ့ဆိုးမွေတွေကို ဆက်လက်ထိမ်းသိမ်းနေရင်... အပ္ပါယ်တခါးကိုတွန်းဖွင့်ရာလည်းရောက်တဲ့အပြင်- မိမိလုပ်ခဲ့တဲ့ ဆိုးမွေတွေကို မိမိရဲ့ မျိုးဆက်တွေ တနေ့တချိန် ပြန်လည်ခံစားရမှာကျိန်းသေတယ်။

ဒါကြောင့်- အပ္ပါယ်တခါးကို ပြိုင်တူမခေါက်မိကြဖို့ - အပ္ပါယ်တံခါးပိတ်တဲ့ ပြည့်အကျိုးကိုသယ်ပိုးရင်း နိဗာန်တခါးကိုပြိုင်တူခေါက်ကြပါစို့လို့ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အထူးသတိပေး ပြောကြားလိုပါတယ်။

ဒါမှမဟုတ် ပြည်သူတွေအပေါ် ပြောချင်ရာပြော၊ လုပ်ချင်ရာဆက်လုပ်နေရင်တော့ ရက်ပေါင်းတစ်ရာမပြောနဲ့ အစိုးရသက်တမ်းသာကုန်ဆုံးသွားမည်၊မောင်သိန်းစိန်အစိုးရဟာ ပြည်သူတွေကို လိမ်ညာလှည့်ဖြားနေတဲ့ လူလိမ်အစိုးရတစ်ရပ်သာ မြန်မာနဲ့ ကမ္ဘာ့အလယ်တွင် အမည်ဆိုးနဲ့ တွင်ကျန်နေမည်ကို အထူးသတိချပ်သင့်ကြောင်း အကြံပြုရေးသားလိုပါသည်။


ဦးသိန်းစိန်ရက်တရာ​ပြည့်သော်လဲဘာတွေလုပ်ပြီးပြီလဲ​ နားထောင်ကြည့်ကျရအောင်ပါ။ရှေ့နေဦးမင်းလွင်ဦး၊ Burma Democratic Concern (BDC) မှဦးမျိုးသိန်း၊မြန်မာသတင်း​သမ္မဂ္ဂမှ ဦးမောင်မောင်မြင့်တို့(Rfa)မှာဆွေးနွေးထားပါတယ်




Ko Baloi ၊ ohnMar Oo Facebookမှ

Friday, July 15, 2011

0 မမေ့ညွတ်တည် အာဇာနည်


ကိုဝိုင် ဝိုင်ကေ

0 စေတနာသာ အဓိက သို့သော် နှပ် မထားရ

လွန်ခဲ့သော နှစ်များ(အတော်ကြာကြာ) ဆီက စိုးပေ သည် အကွက်သစ် ဖော်ကာစ ရပ်ကွက် တစ်ခုတွင် မြေကွက် တစ်ကွက်အား ချဲထီ (သုံးလုံး) ပေါက်ခိုက် နှင့် ကြုံကြိုက်သဖြင့် အပြေးကလေး ၀ယ်လိုက်လေသည်။ ထိုစဉ် အခါက ယင်းမြေကွက်ကလေးသည် မြန်မာကျပ်ငွေ တစ်သောင်း ရှစ်ထောင် (18000) ခန့်ပေးရလေသည် ဟူလို။ မြို့ပြင် အစွန်အဖျားလည်း ဖြစ်သည့် အပြင် လမ်းလည်း ကောင်းကောင်းမပေါက်၊ ရေလည်းမရ၊ မီးလည်း မရ သော ရပ်ကွက် အသစ်စက်စက် ဖြစ်လျှက် ရှိသောကြောင့် လွန်စွာမှ သက်သာချောင်ချိသော ဈေးနှုန်းဖြင့် ၀ယ်ယူ ရရှိလေသည်။ ၀ယ်သာဝယ်ရ စိတ်မချမ်းသာရသော်လည်း ငါသည်ကား မြေပိုင် ဖြစ်သည်ကား ဟူလျှက် စိုးပေသည် ထိုရက်ပိုင်း ကလေးများဆီက လွန်စွာမှ မြောက်ကြွ မြောက်ကြွ ဖြစ်ခဲ့သေးသည်။

စိုးပေ၀ယ်ထားသော မြေကွက်ကလေး နှင့် မလှမ်းမကမ်း တစ်လျှောက် လွန်စွာမှ ကျယ်ဝန်းလှသော မြေကွက်ကြီးတွင် ပြောင်းဖူးပင်များကို စိုက်ပျိုးလျှက် ထား၏။ ယင်းနောက် အခြားသော ကွက်ခြင်းဆက် မြေကွက် ကြယ်ကြီးများကိုလည်း ခြံခတ် လျှက် မြင်ရ၏။ အတော်ပင် ခေါင်ခိုက်သော စိုက်ပျိုးမရသော ရေမရ မီးမရသော ရပ်ကွက် တွင် အဘယ်ကဲ့သို့သော သူများသည် ငါ့ထက် ဦးစွာ မြေကွက် တို့ ရထားလေသနည်း။ ၀ယ်ယူ ထားကြလေသနည်း။ လွန်စွာမှ စီးပွားတွက် တွင်ကျယ် လေစွဟု အောက်မေ့ မိလေသည်။ ထို့တည်းနောက် တစ်ကွက်တည်းသော မြေကွက်ကလေးကိုပိုင်ဆိုင်သော စိုးပေသည် အားငယ်လျှက် ရှိလေသည်။

ယင်းမြေကွက် ၀ယ်ယူပြီးနောက် သုံးနှစ်ခန့် ကြာသော် အနှီ ရပ်ကွက်ကလေးတွင် နိုင်ငံတော်၏ စေတနာမိုးများ တလဟော ရွာသွန်းသည့် အတွက် လျှပ်စစ် မီတာဘောက်စ် များကို ချထားပေးလေသည် ကိုကြုံကြိုက်ရ၏။ တစ်ရပ်ကွက်လုံး မီးထိန်ထိန် လင်းမည် မလင်းမည်ကား မသေချာသော်ငြားလည်း မီတာဘောက်စ် ကလေးများတပ်ဆင်ပြီး လျှပ်စစ်ကြိုးကလေးများ ရှိရင်ဖြင့် မြေကွက် ဈေးတို့ ထောင်တက်လျှက် ဈေးကောင်း ရလတ္တံ့ဟု တွေးမိကာ စိုးပေသည် ပျော်မဆုံး ဖြစ်ခဲ့လေသည်။ ထင်သည့် အတိုင်းဈေးများလည်း အနည်းငယ် တက်၏။ သို့သော် လမ်းမကောင်းသေး ရေမရသေး။

သို့နှင့် နောက်ထပ် သုံးနှစ် ခန့်ကြာလတ်သော် တစ်အိမ်လျှင် ရေတစ်ပိုက် ပေးလေသည် ဟူလို။ စိုးပေ နောက်ထပ် ပျော်ရပြန်၏။ ရေ မီး စုံလင်သော ရပ်ကွက် ကလေး ဖြစ်လေစွ။ ဈေးကောင်းများလည်း ပေးကြလေစွ အို ပျော်စရာ အတိ။ သို့သော်လည်း စိုးပေ ရထားသော မြေကွက်သည် အကွက်အကွင်းမကောင်း လမ်းမကောင်း ဟူလို ဖြစ်ရပြန်၏။ ကတ္တရာ ကျောက်ချော လမ်းများခင်းထားသည်ကို စိုးပေ တွေ့ရပါ၏။ ယင်းလမ်းမများသည် စိုးပေတို့ အ့ကွက်များဆီသို့ မရောက်လာပဲ အထက်က ပြောခဲ့သည့် ကွက်ခြင်းဆက် မြေကွက်ကြီးများ ဘက်တွင် ဖြစ်ရ၏။ အလို အနှီ ထိုသူတို့ မြေကွက် များသည်ကား ကံကောင်းလေစွ။ နေရာလည်းကောင်း အချက်အခြာလည်းကျ လမ်းလည်း ကောင်း၏ ဈေးကောင်း ရမည်ကား မလွဲပေ။

ထို့နောက်တွင် မူကား ယင်းကွက်ခြင်းဆက် မြေကွက် ကြီးများ အကြောင်း စိုးပေ အနည်းငယ် စပ်စုမိလေသည် မှာ အောက်ပါ အတိုင်းပင် ဖြစ်လေသည် ဟူတကား။ ယင်း ရပ်ကွက် ကလေးကို စတင် အကွက်များ ဖော်စဉ်က အကွက်အကွင်း ကောင်းသော နေရာများကို စီနီယာ အလိုက် ဘဘကြီး၊ ဘဘလတ်၊ ဘဘငယ် ကလေးတို့က ရှေးဦးစွာ ပထမ ယူထားကြ လေသည် ဟူသတတ်။ ယင်းနောက်မှ ဘဘနောက်ပေါက် ကလေးများက ပုလင်းများ၊ ပုန်းများ အကြီးအကျယ် ပူဇော်လျှက် နောက်ထပ် အကွက်အ့ကွင်း သာသော နေရာကလေးများကို ထပ်မံ ယူကြလေသည် ဟူသတတ်။ ယင်းသို့ ဘဘကလေးများအဖွဲ့က အလကား မတ်တင်း ယူပြီးလတ်သော် စိုးပေတို့ ပြည်သူများကို ချောင်းဖျား ချောင်းနား ချောင်ကြို ချောင်ကြား မြေကွက်ကလေးများကို ရောင်းချလေသည် ဟူသတတ်။

စိုးပေတို့သည်ကား နှစ်ပါးသွားကကြရာ ဇာတ်ထုပ်တွင် နောက်မှ ဖြတ်လျှောက် ပေးမိလျှက်သာတည်း။ ဘဘတို့အဖွဲ့၏ မြေကွက်ကြီးများသည် အလကားမတ်တင်းဘ၀မှ သိန်းပေါင်း ရာချီတန်သော မြေကွက်များ ဘ၀ ရောက်လတ်သော် ဘဘတို့ ရောင်းကြ၏။ ဘဘတို့ တော်ပါ၏။ ဘဘတို့ သွက်ကြပါ၏။ စိုးပေတို့ မြေကွက်ကလေးများကား ထူးမခြားနား ဘ၀က မတက်။ စိုးပေတို့ တုန်း၏ အကြ၏။

သို့နှင့် စဉ်းစားမိ၏။ ရပ်ကွက်သစ် တစ်ခုအား အ့ကွက်သစ် ဖော်ခြင်း ဟူသည်ကား လိုအပ်ချက် အရဖြစ်တန်ရာ၏။ မြို့ပြနေလူတန်းစား တို့အတွက် လိုအပ်ချက် ဖြစ်သောကြောင့်သာ အကွက်သစ် ဖော်ရ၏။ ထို့ကြောင့် လိုအပ်သော အရာများ ဖြစ်သည့် ရေ၊ မီး၊ လမ်း၊ တံတား အစုံအလင် တို့ကို အ့ကွက်သစ် ဖော်စဉ် အခါကပင် တစ်ပါတည်း အပြီး ဆောင်ရွက်သော် မရသလော။ အမှန်သာ စေတနာဖြင့် ဖော်ဆောင် ပါက ရပါ၏။ သို့သော်ငြားလည်း အဘယ်ကဲ့သို့သော ကြောင့် တစ်ရေးတစ်မော အိပ်မောကျလျှက်မှ တစ်ရေးနိုးသော် အကြံပေါ်သကဲ့သို့ မီတာကလေးများ ပေးလိုက်၊ ရေကလေးများ ပေးလိုက် လုပ်လေသနည်း။

စိုးပေတို့က နားမလည်သော်လည်း နားလည်သူများကမူ ဈေးကစားခြင်း ဖြစ်ကြောင်း ပြောလေ၏။ လက်ဖက်ရည်ကြမ်းကောင်း သောက်ချင်လျှင် အနှပ်ကောင်းရမည် ဆိုသကဲ့သို့ မြေကွက်ဈေးကောင်း ရလိုလျှင် အနှပ်ကောင်းရမည် ဟူ၏။ မြေကွက်အား ထိုပုံ ထိုနည်း နှပ် ထားခြင်း ဖြစ်လေသည် တကား။ အံ့ချီးဖွယ် အကြံပင်တည်း။ နိုင်ငံတော်မှ စေတနာ ဗလပွ ဖြင့်ဖော်ဆောင်ပေးသော ရပ်ကွက် သစ်ကြီးသည် သုံးနှစ်ခန့် ကြာသော် မီတာကလေးများရ၏၊ နောက်သုံးနှစ်ကြာသော် ရေကလေးများ ရ၏၊ နောက် သုံးနှစ် ခန့်ကြာသော် လမ်းကလေးများခင်းလာပေး၏။ နိုင်ငံတော်၏ စေတနာတို့သည်ကား ရှုံချီ နှပ်ချီ စေတနာများ ဟုဆိုရတော့မည်လား မယားငယ် လစာပေး စေတနာဟု ဆိုရတော့မည်လား မသိ လွန်စွာမှ တွန့်ဆုတ် တွန့်ဆုတ် နိုင်လျှက် ရှိပေသည် တကားဟု စိုးပေ သဘောပေါက်မိ၏။ စေတနာတို့ တွန့်ဆုတ်လျှက် ပြီးသော် နိုင်ငံ့သားကောင်းရတနာကြီးများ သည်လည်း ဈေးကောင်းရသော မြေကွက်တို့ကို တစ်ပြားမှ မစိုက်ရပါပဲလျှက် ရောင်းချကြ၏။ မြတ်ကြ၏။ ကောင်း၏။ နိုင်ငံတော်၏ စေတနာ ဗလပွ တို့သည်ကား နှပ် ထားသော စေတနာပင် ဖြစ်ပေ၏။ လွန်စွာ အံ့ချီးဖွယ် ဖြစ်ရပါတကား။

နိုင်ငံတော်သည် ရှေးယခင်က ယင်းသို့ မြေကွက်များ ရပ်ကွက် သစ်များ ပေါ်တွင်သာ စေတနာများကို နှပ် ထားသည် မဟုတ် ယခု မျက်မှောက် ကာလတွင်လည်း သူ၏ စေတနာများကို နှပ် လျှက် ထားသေးသည်။ စိုးပေတို့သည် တယ်လီဖုန်း မြောက်မြားစွာကို ကြားရ မြင်ရ၏။ တစ်လ နှစ်လ ကြာလျှင် ဖုန်း အမျိုးအစား အသစ် တစ်ခု ပေါ်၏။ ထို့နောက် နောက်ထပ် အသစ် ပေါ်လာပြန်၏။ နိုင်ငံတော်မှ စေတနာ ဗလပွ ဖြင့် ဖြန့်ထားပေးသော တယ်လီဖုန်းများကို အရပ် အရပ် မှ ဖားကလေးများက ခေါင်းပြူလျှက် လာရောက် လျှောက်ထားကြ၏။ ယင်းသို့ ခေါင်းပေါ်လာသော ဖားလေးများကို ခေါင်းကို ရိုက်လျှက် စား၏။ ရာသီစာ စားသကဲ့သို့ ချိုမြိန်မည် ဖြစ်သော နိုင်ငံတော်၏ စေတနာသည်ကား လွန်စွာ အားကျဖွယ် ကောင်းလေစွ။ မြောက်မြား စွာသော တယ်လီဖုန်း အမျိုးအစားတို့သည်ကား တစ်နိုင်ငံလုံး ဗလပွ ဖြစ်လျှက် ရှိနေသည်မှာကား နိုင်ငံတော်၏ စေတနာများပင် မဟုတ်လော။ လိုင်းကြပ် လို့ ခေါ်မရလို့ ဆိုသည့် အသံများ နောက်မှ ပွက်ပွက်ညံ့ကြပေလော့ နိုင်ငံတော်သည်ကား ရာသီစာကလေးများကို စားလျှက် နှပ်နေ ပေတော့မည် သာဖြစ်၏။ တော်ကြာနေ ဒီလို လုပ်လိုက် ခနနေ ဟိုလိုလုပ်လိုက် နည်းနည်းကြာလျှင် ထိုသို့လုပ်လိုက် ဖြင့် စေတနာတို့ ပြောင်းလဲလျှက် ရှိသည်မှာကား အပျိုဖော်ဝင်ကာစ သူငယ်မ၏ စိတ်ကဲ့သို့ပင် ဂဏာမငြိမ် ဖြစ်သည်နှင့် တူပေတော့သည် မဟုတ်လော။

ထို့နည်းတူ အင်တာနက် ဆိုသော အရာတွင်လည်း နိုင်ငံတော်သည် စေတနာ ဗလပွ ဖြင့် နှပ် ထားသေး၏။ ကြည့်လေရာ အရပ်တွင် မျိုးစုံ စွာသော အင်တာနက် များကို မြင်ရ၏။ သို့သော်လည်း ရာသီစာ စားမည့် စေတနာ မှန်း ကြည့်ရုံမျှ ဖြင့်သိနိုင်၏။

သို့သော်လည်း စေတနာဟူသည်မှာကား အပြစ်မမြင်စကောင်းပေ။ တစ်ဦးက စေတနာ တစ်ဥိးက မေတ္တာ ဆိုသည့် အတိုင်း စိုးပေတို့သည် နိုင်ငံတော်၏ နှပ် ထားသော စေတနာကြီး အောက်ဝယ် အနှပ် ခံကြရပေဦးမည် မဟုတ်လော။ မေတ္တာဖြင့် သည်းခံ ပေရော့။ စေတနာတို့သည်ကား ပေါများ ဖောင်းပွ ဗလပွ ဖြစ်လျှက် ရှိနေ၏။ နေရာတကာ စေတနာ ဖြင့် လုပ်ပေး ကိုင်ပေး၏။ သို့သော် နှပ်ထားသော စေတနာတို့ ကောင်းစွာ နူးနပ် လာသော အခါ ပြသနာ တို့ ကြုံရမည် ဖြစ်၏။ ထို့ကြောင့် စေတနာ များသည်ကား များပါ၏ သို့သော်မုဒိတာ ကား မပွားနိုင်ပါ။

စိုးပေ (Lay Lwint Thu facebook)


Thursday, July 14, 2011

0 သန်းရွှေသိန်းစိန်အာဏာရူးများလက်ထက်ကလေးစစ်သားစုဆောင်းမှု၊လူ့အခွင့်အရေးချိုးဖောက်မှုများတိုင်ကြားချက်အထောက်အထားမှတ်တမ်းများ -အပိုင်း(၁)





0 ~ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်ေ​နသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ~

~ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ~ by KoMyoe ဒီဇိုင်း ကိုမျိုး

0 (သား)သုခရဲ့ အားဆေးတစ်ခွက်




(သား)သုခရဲ့ အားဆေးတစ်ခွက်

၁၄.၇.၂၀၁၁ (ကြာသပတေး)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံ မြို့နယ်သို့ ကျေးဇူးရှင် စာရေးဆရာ ဒါရိုက်တာ ဘဘဦးသုခ၏ သားဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် တို့မိသားစုအား ဘဘဦးသုခ၏ တပည့်ရင်းဖြစ်သူ ဒါရိုက်တာ ဦးနှင်းမိုးမှ လိုက်လံပို့ဆောင် ခဲ့သည်။

သုခ(သား) (ခ) ကိုရဲအောင်သည် နိုင်ငံရပ်ခြား၌ နေထိုင်နေသူတစ်ဦးဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ယခု မြန်မာပြည်သို့ရောက်ရှိခိုက် ဖခင်ဖြစ်သူ ဘဘဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်လေ့လာမှုပြုပြီးနောက် အလှူငွေ ၁၅၀၀၀၀/- ကျပ်အား သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့သည်။ ထို့အပြင် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့လည်း လူနာ များအား ဆေးဝါးကုသမှုတို့ကို လိုက်လံလေ့လာခဲ့သည်။ သုခ(သား) (ခ) ကိုရဲအောင်သည် မိဝေး ဖဝေး ရဟန်းသံဃာ ဆရာသမားများနှင့် ဝေးလံသော နိုင်ငံရပ်ခြားတွင် နေထိုင်နေသော်လည်း မြန်မာပြည်တွင်းရှိ လူငယ်တို့အတွက် ဘ၀ရပ်တည်ချက်စာပေများ၊ ငါးပါးသီလကို နေ့စဉ် ဆောက်တည်သောလူများ၊ ဆောက်တည်ရကောင်းမှန်း မသိသောသူများ၏ ကိုယ်ကျင့်တရား ခြားနားမှု ဆောင်းပါးများနှင့် လူမှုအကျိုးဆောင်၊ လူငယ်ပြုပြင်ရေးများကို ရေးသားနေသော ဘဘ ဦးသုခ၏ စာပေမျိုးစေ့ဖြစ်သော သုခ(သား) အမည်ဖြင့် ရေးသားနေသော စာရေးဆရာတစ်ဦး ဖြစ်သည်နှင့်အညီ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)တို့တွင် လိုအပ်သော အထောက်အကူပစ္စည်းများ၊ အကူ အညီများကို ဆက်လက်ဆောင်ရွက်ပေးမည်ဟုလည်း ပြောကြားသွားသည်။

ဘဘဦးသုခ မျိုးစေ့ချထူထောင်ခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ တိုးတက် မြင့်မားမှုများနှင့် အများပြည်သူတို့အပေါ် ထိရောက်သောကူညီမှုများ ပြုလုပ်ပေး ခြင်းတို့အပေါ် သုခ(သား) (ခ) ကိုရဲအောင်သည် များစွာကျေနပ် ၀မ်းသာပီတိဖြစ်ကာ သာဓု … သာဓု … သာဓုဟု ခေါ်ဆိုသွားပါသည်။

ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ဘဘဦးသုခ မျိုးစေ့ချထူထောင်ပေးခဲ့သော နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ရှင်သန်တိုးတက်အောင် ပြုလုပ်နေကြဆဲအချိန်တွင် အတိုက်အခိုက် အနှောင့် အယှက် အဟန့်အတားများ ကြုံကြိုက်ခံစားနေရစဉ် ကွယ်လွန်သွားရှာပြီဖြစ်သော ဘဘဦးသုခအား ရည်မှန်းတောင်းတအောက်မေ့နေဆဲ ဘဘဦးသုခ၏ ရင်သွေးဖြစ်သူ သုခ(သား) (ခ) ကိုရဲအောင် ရောက်ရှိလာခြင်းသည် ကျွန်တော်တို့အတွက် မဟာအားဆေးတစ်ခွက် သောက်သုံးလိုက်ရခြင်းပင် ဖြစ်တော့သည်။

အဘလမ်းပြခဲ့တဲ့ . . . အမွေ

အဘလမ်းညွှန်ခဲ့တဲ့ . . . အမွေ

အဘဦးဆောင်ခဲ့တဲ့ . . . အမွေ

အဘမျိုးစေ့ချခဲ့တဲ့ . . . အမွေ

အဘရဲ့အမွေ . . . အားလုံးနဲ့ဆိုင်တဲ့အမွေ . . . အားလုံးပိုင်တဲ့အမွေ

ဒီအမွေကို . . . အပွန်းအပဲ့မခံနိုင်

အနိုင်ကျင့်မခံနိုင်

အစော်ကားမခံနိုင်။

တန်ဖိုးမဖြတ်နိုင်တဲ့ . . . အမွေ။

အဘရဲ့အမွေကို တိုးပွားအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အလုပ်။

အဘရဲ့အမွေကို မြှင့်မားလာအောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့တာဝန်။

အဘရဲ့အမွေကို ဂုဏ်ရှိန်မြှင့်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့ဝတ္တရား။

အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တစ်မျိုးသားလုံးရဲ့အဓိဋ္ဌာန်။

ဒီအမွေကို . . . ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့

ဗြဟ္မစိုရ်တရား လက်ကိုင်မထားနိုင်တော့ . . . သွေး သွေးခြင်း၊

အသက် အသက်ခြင်း၊

သမိုင်း သမိုင်းခြင်းလဲရန်အသင့်။

အဘယ့်ကြောင့်နည်း။ အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေကြောင့်ပင် ဖြစ်တော့သည်။

ကျော်သူ

0 လူမှုရေးဖြင့် သာသနာပြုခြင်း


လူမှုရေးဖြင့် သာသနာပြုခြင်း

လှိုင်မဟာစည် ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်သည် ကျေးဇူးတော်ရှင် ဆဋ္ဌသံဂီတိပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ အရိယမဂ္ဂလမ်းညွှန်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု မဟာစည်ဆရာတော် ဘုရားကြီး၏ နည်းနာနိဿယအတိုင်းကျင့်သုံးကြတဲ့ ကျောင်းများအနက်မှ တစ်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ (၁၁) ရပ်ကွက်၊ ယောဂီကျောင်းလမ်း လှိုင်တက္ကသိုလ်အနီးတွင် တည်ရှိပါသည်။ ၄င်းအပြင် လှိုင် မဟာစည် ၀ိပဿနာကျောင်းတိုက် ဆရာတော် အရှင်စန္ဒ၀ရက အနေဖြင့် မြန်မာပြည်အနယ်နယ် အရပ်ရပ်သို့ မဟာသတိပဋ္ဌာန် ၀ိပဿနာတရားပြန့်ပွားစေရန်အတွက် ကမ္မဋ္ဌာနာစရိယများစေလွှတ်၍ တရားစခန်းများဖွင့်လှစ် သင်ကြားသာသနာပြုခဲ့ပါသည်။ ထိုသို့သွားရောက်၍ သာသနာပြုရာတွင် မဖွံ့ဖြိုးသောဒေသအချို့မှ ပညာဆက်လက်သင်ကြားလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာဆက်လက်မသင်ကြား နိုင်သည့် ပညာသင်အရွယ် ချင်း၊ ကရင်၊ ပအို့ဝ်၊ ၀၊ ပဒေါင်၊ မွန်၊ ဗမာ စသည့် ကလေးငယ်များကို တွေ့ရှိခဲ့ရသည်။ ဤတွင် ပညာသင်နိုင်သည့် ကလေးငယ်များ၏ဘ၀ကို လောကီပညာ၊ လောကုတ္တရာ ပညာနှစ်မျိုးဖြင့် မြှင့်တင်ပေးလိုသော လှိုင်မဟာစည်ဆရာတော်ကြီး၏ မေတ္တာနှင့် ဆန္ဒအရ ၁၉၉၈ ခုနှစ်တွင် တိုင်းရင်းသားကလေးများ လောကီ၊ လောကုတ္တရာ ပညာသင် ထောက်ပံ့ရေးအဖွဲ့ကို စတင်ဖွဲ့စည်း၍ လှိုင်မြို့နယ်၊ လှိုင်မဟာစည် ၀ိပဿနာကျောင်းတိုက်တွင် သင်ကြားပေးလျှက်ရှိရာ ကျောင်း သား/သူ (၁၀၀) ဦးရေခန့် ရှိခဲ့ပြီဖြစ်သည်။ ထိုသို့ သင်ကြား ပေးရာတွင် ကျောင်းတိုက်မှ သင်တန်းနည်းပြ ရဟန်းတော်များ၊ သီလရှင်များ၊ တိုင်းရင်းသား/သူလေး များအပြင် ပြင်ပမှ စေတနာရှင်၊ ၀ါသနာရှင် ဆရာ/မများကပါ လာရောက်၍ သင်ကြားပညာဒါန ပြုခဲ့ကြသည်။

၁၃.၇.၂၀၁၁ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူသည် သူ၏ အမ ၀မ်းကွဲဖြစ်သူ မပြုံးပြုံးရီ လူကြုံပါးလိုက်သော ပစ္စည်းကို လှိုင်မဟာစည်ကျောင်းတိုက်၌ သီလရှင် ဆရာလေးထံတွင် သွားရောက်ယူဆောင်ရာ လှိုင်မဟာစည်ဆရာတော်ကြီးမှ ဦးကျော်သူအား တွေ့ဆုံ လိုသည်ဟု မိန့်ကြားသည့်အတွက် ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးတွေ့စဉ် ဆရာတော် ဘုရားကြီးမှ မြတ်စွာဘုရားလက်ထက်တော်တွင် ဖြစ်ပေါ်ခဲ့သော အနုပညာရှင်တို့၏ နောက်ဆုံးသွား ရာလမ်းနှင့် ယသ သတို့သား၏ အများသူငါတို့အပေါ် ကိုယ်ကျိုးစွန့် ပေးဆပ်ခဲ့မှုများအကြောင်းကို ဆုံးမသြ၀ါဒ ပြောကြားပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှိုင်မဟာစည် ဆရာတော် ကြီး ကမ္မဋ္ဌာနာစရိယ ဆရာတော်လေးများ၊ ကမ္မဋ္ဌာနာစရိယ သီလရှင်ဆရာလေးများနှင့် ယောဂီ ကျောင်းသား/သူများက စုပေါင်းလှူဒါန်းငွေ (၁၀၀၀၀၀/-) ကျပ်တိတိကို လှူဒါန်းပေးအပ်ခဲ့သည်။ လှူဒါန်းမှုအပြီး သီလရှင်ဆရာလေးများ၏ တောင်းဆိုချက်၊ လှိုင်မဟာစည်ဆရာတော်ကြီး၏ ခွင့်ပြု ချက်အရ တိုင်းရင်းသားကျောင်းသား/သူ (၅၀) ဦးခန့်ကို လူမှုရေးလုပ်ဆောင် ပေးဆပ်ချက်များ၊ အတွေ့အကြုံများကို နွေးထွေးစွာပြောဆိုခွင့် ရရှိခဲ့သည်။ ထိုသို့ လောကီ၊ လောကုတ္တရာ ပညာရပ်များ အား လာရောက်သင်ကြားကြသော တိုင်းရင်းသားကျောင်းသား/သူများအပေါ် လူသားတို့ ထားရှိရမည့် လူ့ကျင့်ဝတ်များ၊ လူမှုရေးပေးဆပ်မှုများကို မိမိတို့၏ ခေါင်းလှုပ်တိုင်း၊ ပါးစပ်လှုပ်တိုင်း၊ လက်လှုပ်တိုင်း၊ အချိန်တိုင်း အချိန်တိုင်း၌ ကုသိုလ်ရရှိအောင်နေထိုင်ကြဖို့ ပြောကြားသွားခဲ့ခြင်းသည် လူမှုရေးဖြင့် သာသနာပြုခြင်းပင် ဖြစ်တော့သည်။

ကိုကျော်သူ

Wednesday, July 13, 2011

0 ဟိတ်ဟန်မရှိ ပကာသနမပါတဲ့ ထမင်းဝိုင်း... ရိုးးရိုးလေးပါ....

0 ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာဆိုင်ရာလျှောက်ထားချက်


မိတ်ဆက်

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ တပ်မတော်ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ လူထုခေါင်း ဆောင်ကြီးစတဲ့ ဂုဏ်ထူးဝိသေသတွေနဲ့ မြန်မာ့သမိုင်းမှာ ဥဒါန်းထားခဲ့တဲ့ ပုဂ္ဂိုလ်ဟာ အသက် သုံးဆယ်စွန်းရုံ လူငယ်လေးတစ်ယောက်မျှသာ ရှိသေးတယ် လို့ သိလိုက်ရတဲ့ အချိန်က စပြီး အံ့သြ ဘနန်းဖြစ်ခဲ့ရပါတယ်၊ နိုင်ငံရေး စစ်ရေး စတဲ့ အတွေးအမြင် အသိပညာတွေကြောင့်သာ ဒီလို ထိပ်တန်းခေါင်းဆောင် ဖြစ်ခဲ့တယ်လို့ပဲ ထင်ခဲ့တာပါ။

ဒါပေမယ့် အမှတ်မထင် ဦးအောင်ဆန်းရဲ့ ဘာသာရေးအမြင်ကိုပါ ဖတ်လိုက်ရတော့ သူဟာ အရာရာမှာ နှံ့စပ်ကျွမ်းဝင်နေတဲ့ ခေါင်းဆောင်တစ်ယောက်လို့ အားရသွားပါတယ်။ ဒီနေ့ခေတ်ထိတိုင် ရဟန်းသံဃာတော်တွေကြားမှာ ကျယ်ကျယ်လောင်လောင်ဆွေးနွေးနေကြပေမယ့် အလင်းမပွင့်သေးတဲ့ အတွေး အမြင် တွေကို အသက်သုံးဆယ်ဝန်းကျင်လူငယ်လေးတစ်ယောက်က ပြတ်သားရှင်းလင်း အမြင်ကျယ်ပြောစွာ ပြောသွားခဲ့တာပါ။

ဦးအောင်ဆန်းရဲ့ အသံကို နားထောင်ကြည့်ကြပါဦးစို့။ အာဇာနည်နေ့အတွက် အမှတ်တရ သံဝေဂဖြစ်စွာ....။

၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွှေတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။

“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ။

ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။

ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့်ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။

ကျွန်ုပ်တို့၏ တိုင်းပြည်တွင် သံဃာတော်အရှင်မြတ်များသည် ရာဇ၀င်တစ်လျှောက်လုံး ကျွန်ုပ်တို့လူမျိုး၏ ရှေ့က မားမားမတ်မတ် ရပ်လျက် မြင့်မြတ်သော အမှုကိုသာ ပြုခဲ့ကြပေ၏။ ရှေးခေတ်များ၌ သံဃာတော် အရှင်မြတ်များသည် ကျွန်ုပ်တို့တစ်မျိုးလုံးကို ပညာသင်ပေးရန် တာဝန်ကို ထမ်းဆောင်ခဲ့ကြပေသည်။ ယခုခေတ်၌ပင် တောရွာများတွင် သံဃာတော်အရှင်သူမြတ်များ ပညာသင်ကြားပေးလျက် ရှိသောကြောင့် မြောက်မြားစွာသော အမျိုးသားတို့သည် စာပေတတ်မြောက်ကြပေ၏။

အချုပ်မှာ သံဃာတော်အရှင်မြတ်များ၏ စေတနာလုံ့လကြောင့် ကျွန်ုပ်တို့၏ စိတ်ဓါတ် မြင့်မြတ်မှု အသွင်အပြင်ယဉ်ကျေးမှုတို့သည် အထူးသဖြင့် တိုးတက်ခဲ့လေသည်။ ထိုအကြောင်းများကြောင့် ကျွန်ုပ်တို့၏ သံဃာတော်အရှင်မြတ်များသည် ကျွန်ုပ်တို့၏ ထူးကဲသော ကျေးဇူးဥပကာရကို ခံတော်မူထိုက်ကြပါပေ၏။

ကျွန်ုပ်တို့နိုင်ငံတွင် များသောအားဖြင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသည်ဖြစ်သောကြောင့် အခြားဘာသာတရားများကို မထိခိုက်စေဘဲ ပြောလိုသည်မှာ နှစ်ပေါင်း ၂၅၀၀ အတွင်း လိမ်းကပ်၍ လာခဲ့သော ကြေးညှော်တို့ကို ကျွန်ုပ်တို့ ပွတ်တိုက်နိုင်ခဲ့ပါလျှင် ဗုဒ္ဓဘာသာ သာသနာရောင်သည် ကမ္ဘာပေါ်တွင် အထွန်းပြောင်ဆုံး ဖြစ်လာလိမ့်မည် ဟူ၍ ယူဆရပေမည်။

သို့ဖြစ်ပါသောကြောင့် ယခု သံဃာတော်အရှင်သူမြတ်များအား သီးခြား၍ လျှောက်ထားလိုပါသည် ဘုရား။ အရှင်သူမြတ်များဘုရား။ အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင် အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်း အကို မောင်ရင်းနှစ်မ ကဲ့သို့ နေနိုင်ကြပါလိမ့်မည်။

အရှင်သူမြတ်များကို ဘုရားတပည့်တော်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ တစ်ကမ္ဘာလုံး ကိုးကွယ် ဆည်းကပ်သည်ကိုလည်း မြင်ချင်လှပါသည်။ တပည့်တော်တို့ နိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာပင် မေတ္တာတရား သမစိတ္တ သဘောထားတို့ကို ပြုပြင်နိုင်သော စွမ်းပကား အရှင်ဘုရားတို့မှာ ရှိပါသည်။ ဤစွမ်းပကားကို သုံးရာ၌ အောင်မြင်တော်မူပါလျှင် မနုဿလူတစ်မျိုးလုံး အစဉ်အဆက် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ ရှိခိုးပူဇော်ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာ ကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။

တပည့်တော်တို့ နိုင်ငံအရပ်ရပ်သို့ ကြွရောက်တော်မူပြီးလျှင် မေတ္တာတရား၊ညီညွတ်ရေး တရားကိုလည်း ဟောတော်မူကြပါ။ မြင့်မြတ်သော လွတ်လပ်ရေး တရားကိုလည်း ဟောတော်မူကြပါ။

မြင့်မြတ်သော လွတ်လပ်ရေးဆိုရာ၌ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူန ဘ၀မှ လွတ်မြောက်မှုစသည်တို့ ဖြစ်ပါသည်။

အရှင်သူမြတ်တို့သည် သုံးလူ့ထွတ်ထား မြတ်စွာဘုရား သြ၀ါဒပေးတော်မူခဲ့သည့်အတိုင်း “အပ္ပမာဒေန သမ္ပာဒေထ ” မမေ့မလျော့ဘဲ အစဉ်ထာဝရ အားထုတ်ကြဖို့ တပည့်တော်တို့ မြန်မာလူမျိုးတစ်မျိုးလုံးကို ဆိုဆုံးမတော်မူကြပါဘုရား။ ဤသို့သော မိမိကိုယ်ကို မိမိသာလျှင် အားကိုးမှုဖြင့် တပည့်တော်တို့၏ လူမျိုးသည် လောကုတ် လောကီ နှစ်လီသော အကျိုးထူးများကို ခံစားနိုင်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အရှင်မြတ်များ၌ ဤကဲ့သို့ မွန်မြတ်သော တာဝန်ဝတ္တရားများ ရှိပါသည်။

ဤမွန်မြတ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်တော်မူကြပါဘုရား။ တပည့်တော်တို့မှာ အရှင်သူမြတ်များကို ရိုသေလေးမြတ်စွာ တိုက်တွန်းစကား လျှောက်ထားခြင်းကိုသာ ပြုနိုင်ပါသည်။ေ ဆာင်ရွက်ဖို့ တာဝန်ကျေပွန်မည် မကျေပွန်မည် ဟူသော ပြဿနာမှာ အရှင်မြတ်များသာ ဖြေရှင်းနိုင်ကြပေမည်။”

ဓမ္မဂင်္ဂါfFacebookမှ

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အာဇာနည်ဗိမာန်သို့  ယနေ့ သွားရောက်ဂါဝရပြုခဲ့




Photo by AP.Getty images.Reuters

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.