Sunday, January 29, 2012

0 ဂုဏ်ယူတယ်

သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း
ဖုန်တလောင်းလောင်း ထနေဆဲ။
ကျောင်းတော်ကြီးရဲ့ သံတံခါး
တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။
ကျောင်းတော်ကြီးရဲ့ အမိုးသံပြား
နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။
ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ
အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။
ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး
အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။
ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်
သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။ (ကျော်သူ)

ဟုတ်ပါသည်။ သစ်ပုတ်မျိုးဆက်သစ်များ တစ်နည်းအားဖြင့် လူမှုရေးမျိုးဆက်သစ်များ အားမာန် အပြည့်ဖြင့် တိုးတက်ရှင်သန်လာကြပါပြီ။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ လုပ်အားပေးများတို့သည် မိမိတို့၏ ကိုယ်ပိုင် အချိန်များအား ဖဲ့ယူ၍ အများအကျိုးအတွက် လာရောက်ပေးဆပ် ကူညီနေကြသူများ ဖြစ်ကြသည်။ မိမိတို့ ၏ ကိုယ်ပိုင်အချိန်များတွင် ပညာရေး၊ အိမ်တွင်းရေး၊ စားဝတ်နေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရင်း ကုသိုလ်ယူကြသူများလည်း ဖြစ်ကြသည်။

*
မောင်နေမျိုးနိုင် - မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ၂၀၀၆ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ပေးခြင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့ကာ မိမိ၏ ပညာရေးအားလည်း မလစ်ဟင်းစေရန် ကြိုးစားခဲ့၍ ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.A Myanmar ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မောင်ဖြိုးကိုကို - ကျောက်မြောင်းမြို့နယ်တွင် နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ဝင်ရောက်ပေးဆပ်ခဲ့ပြီး ယခုလက်ရှိ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့အား ဆွတ်ခူး ရယူနိုင်ခဲ့သည်။

*
မဇင်မေလင်း(ခ)ဇူးဇူး - မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ၂၀၁၀ ခုနှစ်မှစ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့ပြီး ၁၆.၁၀.၂၀၁၁ ရက်နေ့တွင် ကွန်ပြူတာစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ မိမိ၏ ပညာရေး အတွက် ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.Sc (Botany) ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မဆုမြတ်နိုး - မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၀၀၈ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ အသက်အငယ်ဆုံးသော လူမှုရေးသမားအဖြစ် လုပ်အားဒါန ကူညီ ဖေးမမှုတို့ကို လုပ်ကိုင်ခဲ့ပြီး ၂၈.၁.၂၀၁၂ ရက်နေ့တွင် B.C.Sc (ကွန်ပြူ တာသိပ္ပံ) ဘွဲ့ကို ဂုဏ်ထူးတန်းဖြင့် အောင်မြင်ဆွတ်ခူး ရယူနိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သူတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက် အနှစ် (၃၀) မြောက်တွင် ကိုမျိုး(မြန်မာစာ)၏ ဂုဏ်ပြုရေးဖွဲ့ထားသော “ဂုဏ်ယူတယ်” ဟူသော ကဗျာစာပိုဒ်၏ နောက်ဆုံးအပိုဒ်တွင် ထပ်မံဖြည့်စွက်ကာ ဂုဏ်ယူမိပါကြောင်း . . . . (ကျော်သူ)

“ဂုဏ်ယူတယ်”

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံကသာ

တိပိဋက သာသနာ့ အာဇာနည်တွေပေါ်ထွန်းတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံသားတစ်ဦး

ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံမှာ

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦး ရှိနေတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံတွင်

ဧရာဝတီမြစ်မင်းနဲ့ ရေဝေတောတောင်အပေါ် မြတ်နိုးသူတွေရှိတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံဟာ

ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့

ဘဝတစ်ခုလုံး ပရဟိတနယ်မှာ “ဝကွက်” အပ်ရဲတဲ့

“ဇနီးမောင်နှံရဲ့ ပုလဲရတု” အတွက်လည်း ဂုဏ်ယူတယ်။ (ကိုမျိုး - မြန်မာစာ)

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံအတွက် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြုပြီး

အများပြည်သူတို့ကို ကူညီဖေးမ စောင့်ရှောက်ရင်း

ပညာရေး ဘွဲ့ထူး၊ ဂုဏ်ထူးများရအောင် ဆွတ်ခူးနိုင်တဲ့

F.F.S.S လူမှုရေးမျိုးဆက်များအတွက်လည်း ဂုဏ်ယူတယ်။ (ကျော်သူ)

Saturday, January 28, 2012

0 လေထီးဦးအုန်းမောင်သို့မဟုတ် သမိုင်းထဲက လူစွမ်းကောင်း(ထိန်လင်း)


“ကျနော်က လူငယ်ဆိုရင်သိပ်ပြီး လေးစားတာ။ လူငယ်တွေကိုပဲ အားကိုးရမယ်လေ။ ဒါကြောင့် လူငယ်ဆိုရင် ဘယ်သူ့ကို မဆို “ခင်ဗျား” “ကျနော်” ဆိုပြီး လေးလေးစားစား ဆက်ဆံတယ်”

အထက်ပါစကားရပ်ကတော့ ကျနော်မေ့မရနိုင်သူတစ်ဦးဖြစ်တဲ့ လေထီး ဦးအုန်းမောင်ရဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ သူဟာ သူပြောခဲ့တဲ့ စကားအတိုင်းပဲ နိုင်ငံရေးမျိုးဆက် ၂ ဆက်လောက် ကွာဟတယ်လို့ဆိုနိုင်တဲ့ ကျနော်တို့ကို ‘ခင်ဗျား’ ‘ကျနော်’ နဲ့ တလေးတစား ဆက်ဆံလေ့ရှိပါတယ်။ သူ့ရဲ့ အဲဒီလို စိတ်ထားကောင်းတွေကြောင့်ပဲ သူ့ကို ပိုမိုလေးစားခဲ့ကြရပါတယ်။ တကယ်တမ်း သူနဲ့ ကျနော်တို့ ဆုံတွေ့ခဲ့ချိန်များဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေဖြစ်ပေမယ့် သူ့ရဲ့ အမြဲတမ်း တက်ကြွရှင်သန်နေတဲ့ စိတ်ဓာတ်ကြောင့် သူနဲ့ အတွေ့နောက်ကျတယ်ဆိုတဲ့ အတွေးမျိုးတောင် စိတ်ထဲမှာ လုံးဝမဖြစ်ခဲ့မိပါဘူး။ သူက မြန်မာနိုင်ငံရဲ့ အရေးနဲ့ ပတ်သက်ရင် ကွယ်လွန်ချိန်အထိ စိတ်ဝင်တစား ပြောဆို လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တတိယအရွယ်ရဲ့ ဇရာပိုင်းရောက်နေပြီဖြစ်တဲ့ သူ့ထံက အတွေ့အကြုံတွေ၊ အသိအမြင်တွေကို ကျနော်တို့က ဆည်းပူးချင်ကြသလို သူကလည်း ကျနော်တို့ကို သူသိသမျှ ပြောပြချင်ပါတယ်။ ဒီလို ဆန္ဒတွေနဲ့ပဲ ကျနော်တို့တွေ အထိုက်အလျောက် ဆုံတွေ့ဖြစ်ကြပါတယ်။ ကျနော်တို့က သူ့ကို “အဘ” လို့ ခေါ်ဝေါ်သုံးနှုန်းပေမယ့် သူကတော့ သူ့ထုံးစံအတိုင်း နာမည်တွေရှေ့မှာ ‘ကို’ တပ်ပြီးခေါ်သလို ‘ခင်ဗျား’ ‘ကျနော်’ ဆိုတဲ့ အသုံးအနှုန်းတွေကို သုံးရင်း စကားလက်ဆုံကျဖြစ်ခဲ့ကြပါတယ်။

“အဲဒီတုန်းကပေါ့ဗျာ ကျနော့်ကို ဝိုင်းပြီး ထိုးကြကြိတ်ကြတာ မတရားပဲ။ ‘ဟေ့ ဗိုလ်အုန်းမောင်သား စားကြမလားဟေ့’ လို့တောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကျနော့်ကို ပက်လက်လှန်ထားပြီး ရင်ဘတ်ပေါ် တစ်ယောက်ပြီးတစ်ယောက် တက်ခုန်ကြတယ်။ နံရိုး သုံးချောင်းကျိုးတယ်ဆိုတာ အဲဒီတုန်းကပေါ့။ သူတို့ ဆက်တိုက်ခုန်ကြတော့ နောက်ပိုင်းမှာ နာတယ်ဆိုတဲ့ ခံစားမှုပါပျောက်သွားတယ်။ ဘယ်လိုထင်မိသလဲဆိုတော့ တကိုယ်လုံး အရိုးတွေပါ ပျော့ကျသွားပြီလို့တောင် ထင်မိတယ်”

ဒါကတော့ သူကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်ရဲ့ လက်မရွံ့ထောင် အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲဘော်ရှောင်း (ဆရာ မန်းငြိမ်းမောင်) က သူ့ရဲ့ “မုန်တိုင်းကို ဆန်၍ ပင်လယ်ပြင်ကို ဖြတ်သောအခါ” ဆိုတဲ့ စာအုပ်ထဲမှာ ခုလို ရေးသားထားပါတယ်။

၁၉၆၈ ခုနှစ်၊ ဧပြီလ ၁ဝ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထားသည့် (၃)(၄)(၅)ဆောင်များမှ နိုင်ငံရေးအကျဉ်းသား ၁ဝဝ ကျော်ကို ည ၁ဝ နာရီ အချိန်လောက်တွင် တဆောင်လုံး မီးပိတ်လျက် ထောက်လှမ်းရေးများ၊ ထောင်ဝါဒါများ၊ စစ်သားများ၊ စစ်ခွေးများဖြင့် အဆောင်အတွင်းသို့ အသီးသီးဝင်ရောက်လာလျက် နာမည်တပ်၊ စောင်အုပ် ခေါ်ထုတ်သွားကြသည်။ အပြင်ဘက်သို့ ရောက်သည့်အခါတွင် ထောက်လှမ်းရေး၊ ဝါဒါနှင့် စစ်သားများက ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကန်ကျောက်ကြလေသည်။

ထုတ်၍ ညှဉ်းပန်းနှိပ်စက်ခံရသူများမှာ လူမဆန်စွာ တိရစ္ဆာန်ကဲ့သို့ ရိုက်နှက်ညှဉ်းဆဲ ခံခဲ့ရလေသည်။ ထိုညှဉ်းဆဲခံရသူများထဲတွင် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက သမ္မတ မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်းတို့နှင့် လေထီးအတူ ဆင်းခဲ့သည့် လေထီး ဗိုလ်အုန်းမောင်မှာ နံရိုး ၃ ချောင်း ကျိုးသွားခဲ့လေသည်။

ဒါဟာ သူ့ရဲ့ ပေးဆပ်ခဲ့ရမှု တစိတ်တဒေသ သာလျှင် ဖြစ်ပါတယ်။ သူဟာ မှန်တဲ့ဘက်က ရပ်တည်ဖို့ အမြဲကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သလို အားနည်းတဲ့ဘက်က ရပ်တည်ချင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်သေပြစရာ ဖြစ်ရပ်တစ်ခုကို ပြောပြလိုပါတယ်။ အဲဒီဖြစ်ရပ်ကတော့ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်အတွင်း နအဖ ရဲ့ NLD အပေါ်ဖိနှိပ်မှုတွေ ဆိုးဆိုးဝါးဝါး ပြုလုပ်ခဲ့ပြီးနောက်ပိုင်းက ဖြစ်ရပ်တစ်ခုပါပဲ။ အဲဒီအချိန်တုန်းက နအဖ ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အဖွဲ့ဝင်များရဲ့ ကွမ်းခြံကုန်းခရီးစဉ်ကို ဒလမြို့နယ်မှာတင် ပိတ်ဆို့တားဆီးခဲ့ပါတယ်။ ပြီးတော့ သူတို့ ဖြေရှင်းလေ့ရှိတဲ့ ထုံးစံအတိုင်း နေအိမ်ဆီ အတင်းအကျပ် အင်အားသုံး ပြန်ပို့ခဲ့ကြပါတယ်။ ဒီလို ပြန်မပို့ခင်မှာပဲ အဖွဲ့ချုပ်ရုံးကို သိမ်းပိုက်ပြီး ရုံးတွင်းက အရေးကြီး စာရွက်စာတမ်းတွေ၊ ရန်ပုံငွေတွေ အပါအဝင် ပစ္စည်းပစ္စယ တော်တော်များများကို သိမ်းယူခဲ့ပါတယ်။

ရုံးခန်းပြန်လည်ဖွင့်ခွင့်ပေးတဲ့နေ့မှာပဲ အဖွဲ့ဝင်အချို့ကို ဖမ်းဆီးခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်ကို တားမြစ်ခြင်း၊ အဖွဲ့ဝင်အများအပြားကို ဖမ်းဆီးခြင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို နေအိမ်မှာ အကျယ်ချုပ်ထားရှိခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

ထိုအချိန်မှာ ရွှေဂုံတိုင်က အဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ အဖွဲ့ဝင်တွေက ရုံးခန်းကိုပုံမှန်ဖွင့်လှစ်ဖြစ်အောင် ကြိုးစားရင်း ခေါင်းဆောင်များ လွတ်မြောက်လာမယ့်နေ့ကို စောင့်စားနေကြရပါတယ်။ ဒီအခြေအနေမှာ သူက အဖွဲ့ချုပ်ရုံးကို သွားဖို့ကြိုးစားခဲ့ပါတယ်။ ပြောလည်း ပြောပါသေးတယ်။

“ဒီအချိန်မှာ သွားရမယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံထားရတယ်ဆိုတော့ ဘာပဲပြောပြော အဖွဲ့ဝင်တွေ အနည်းနဲ့အများ အားငယ်နေမှာပဲ။ ဒီတော့ ကျနော်တို့ အလှည့်ကျဖြစ်ဖြစ် သွားပြီး အားပေးရမယ်”

ဒါပေမယ့်လည်း အဖွဲ့ချုပ်ရုံးကို သူမရောက်ဖြစ်ခဲ့ပါ။ အကြောင်းကတော့ အဲဒီအတောအတွင်း သူ့ရဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းခြင်း၊ သူ့ကို အပို့အကြို လုပ်ပေးမယ့်သူတွေကို အားနာတာတို့ကြောင့် ဖြစ်ပါတယ်။ မရောက်ဖြစ်ခဲ့ပေမယ့် သူဟာ အားငယ်သူကို အားပေးတတ်သူတစ်ယောက်ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားကြပါတယ်။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတစ်ခွန်းကို မှတ်မိနေပါသေးတယ်။

“မန်းဝင်းမောင် ဆိုတာ ကျနော်နဲ့ တော်လှန်ရေး အတူတူလုပ်ခဲ့တဲ့ သူပဲ။ ဒါပေမယ့် သူသမ္မတ ဖြစ်တဲ့အချိန် သူ့အိမ်ကို ကျနော် လုံးဝ မသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်သူ့ဆီသွားရင် သူငယ်ချင်းတစ်ယောက်လာတယ်ဆိုတဲ့ အမြင်မျိုး မမြင်ဘဲ အကူအညီ တခုခု လိုချင်လို့ လာတယ်ဆိုတဲ့ သဘောမျိုး မြင်မှာစိုးတယ်။ အဲဒါမျိုးလည်း အထင်မခံချင်ဘူး။ ဒါကြောင့် ကျနော် မသွားတာ။ ဒါပေမယ့် သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားတဲ့အခါမှာတော့ သူ့အိမ်ကို ကျနော်အရင်ဆုံးရောက်အောင် သွားခဲ့တယ်။ ကျနော့်စိတ်က အဲဒီလိုမျိုး”

သူဟာ ဆေးလိပ်မသောက်၊ အရက်မသောက်ဘဲ နေထိုင်သူဖြစ်ပြီး စကားကို အေးဆေးတည်ငြိမ်စွာ ပြောတတ်သူ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကံကြမ္မာက သူ့ကို ‘အဆုတ်ကင်ဆာ’ ဆိုတဲ့ လက်နက်နဲ့ နှိပ်စက်ကလူပြုခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက ညံ့ဖျင်းလှတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအောက်မှာ စတေးခဲ့ရတာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ တစတစ ဆိုးဝါးလာလို့ စမ်းသပ်ကုသမှုတွေ သေသေချာချာ လုပ်ကြည့်တော့မှ အဆုတ်ကင်ဆာမှန်း သိလိုက်ရတာဖြစ်ပါတယ်။ အဆင့်ကတော့ မျှော်လင့်ချက်ကင်းမဲ့တဲ့ နောက်ဆုံးအဆင့်ပါပဲ။ သူ့ရဲ့မိတ်ဆွေတွေဟာ သူ့မိသားစုနဲ့အတူ ရန်ကုန်ဆေးရုံကြီးက ဓာတ်ရောင်ခြည်ဌာနမှာ သွားရောက်ပြီး ဓာတ်ရောင်ခြည်ပေး ကုသခဲ့ကြပါတယ်။

စိတ်မသက်သာဖွယ်ဖြစ်ရတာကတော့ အချိန်ကုန် လူပန်းခြင်းပဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ဌာနမှာ ကိုယ့်အလှည့်ရောက်ဖို့ မနက် ၈ နာရီကနေ နေ့လယ်ပိုင်းအထိ စောင့်ခဲ့ကြရပါတယ်။ တချိန်တည်းမှာ သူဟာ မောပန်းမှုဝေဒနာလည်း သိသိသာသာ ခံစားလာခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့ဆန္ဒအရပဲ ဓာတ်ရောင်ခြည်ပေး ကုသခြင်းကို ရပ်ဆိုင်းခဲ့ကြရပါတယ်။

နောက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေက မျှော်လင့်ချက်နည်းပါးသထက် နည်းလာခဲ့ပါတယ်။ အစားအသောက် မစားနိုင်တဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။ သူကတော့ သူ့အခြေအနေကို သူသိနေပါတယ်။ ဒါပေမယ့်လည်း သေမယ့်အချိန်ကို ရဲရဲဝံ့ဝံ့ စောင့်ဆိုင်းခဲ့ပါတယ်။ သူ့နေအိမ်ကို လာရောက်ကြတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကို “ကျနော် သေမှာ မကြောက်ဘူး” လို့ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတွက်လည်း အားလုံးက စိတ်မကောင်းဖြစ်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောကအတွက် တန်ဖိုးရှိသူတစ်ဦးကို ကမ္ဘာမြေပေါ်မှာ ဆက်လက်ရှင်သန်နေစေချင်ကြတာ ဓမ္မတာပါ။

အားလုံးမရောက်စေချင်တဲ့ နေ့ကို ရောက်ရှိခဲ့ပါပြီ။ အဲဒီနေ့ကတော့ ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့မှာ သူဆိုတဲ့ တိုင်းပြည် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ အသက်စွန့် ကြိုးပမ်းခဲ့တဲ့၊ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များမှာ ဒုတိယ ထောင်သက်အရှည်ဆုံးဖြစ်တဲ့၊ လူငယ်တွေကို လွန်စွာလေးစား ယုံကြည်တဲ့၊ တိုင်းပြည်ကောင်းစားတာကို မြင်လိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူချစ်လှစွာသော နိုင်ငံတော်၊ သူခင်တွယ်လှသော နိုင်ငံရေးရဲဘော်တွေကို ခွဲခွာသွားခဲ့ပါတော့တယ်။ ကျန်ရစ်သူတွေကတော့ ကြေကွဲမှု၊ ယူကျုံးမရမှုတွေ ပြည့်နှက်စွာနဲ့ပေါ့။

တကယ်တော့ သူ မသေပါ။ သူ့ရဲ့ ဝိညာဉ်တွေ၊ သူ့ရဲ့ ပုံရိပ်တွေ၊ သူ့ရဲ့ လုပ်ဆောင်ခဲ့မှုတွေက မြန်မာ့သမိုင်းမှတ်တိုင်တွေနဲ့အတူ ဆက်လက်ရှင်သန် တည်ရှိနေမှာ ဖြစ်ပါတယ်။ သူဟာ - -



ပြည်ကို နှိပ်စက်

သမိုင်းဖျက်သည့်

လက်ထက်တွေတိုင်း

မတွန့်ဆိုင်းဘဲ

သမိုင်းရေးသူ အစစ်တည်း ။ ။


ထိန်လင်း
၂၃၊ ၁၁၊ ၂ဝဝ၁

0 အကယ်ဒမီပေးပွဲတွင် MRTV4 မှ ဓာတ်ပုံရိုက်ခွင့် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရန် လိုအပ်


(သန်းထိုက်ဦး)

ယခုနှစ် ဖေဖဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည့် အကယ်ဒမီ ဆုပေးပွဲတွင်MRTV4 ကသာ လွတ်လပ်စွာ သတင်းဓာတ်ပုံရိုက်ကူးခွင့် ရရှိမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစီးအရုံးဥက္ကဌ ဦးမြင့်သိန်းဖေက ပြောကြားကြောင်း သတင်းတစ်ခုကို ဖတ်လိုက်ရသော အခါ အတော်လေး စိတ်မကောင်း ဖြစ်မိသည်။
စိတ်မကောင်းဖြစ်ရသည့် အချက် သုံးချက် ရှိသည်။

ပထမအချက် မှာ တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန် တွင် ယခုကဲ့သို့ တစ်ဦးတစ်ယောက်၊ လူ တစ်စုက လက်ဝါးကြီးအုပ်သည့် အမူအကျင့် ကြောင့်ဖြစ်သည်။

ဒုတိယ အချက်နှင့် အရေးကြီးဆုံး အချက်မှာ စတုတ္ထမဏ္ဍိုင်ဟု သမုတ်ခံရသော သတင်းလောကတွင် ဖြစ်ပေါ်ခြင်း ကြောင့်ဖြစ်ပြီး နောက်ဆုံး အချက်မှာ ယခုလုပ်ရပ်သည် ပြည်သူလူထု၏ ထောက်ခံမဲ ၉၂ ဒသမ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွံ့စည်းပုံ အခြေခံ ဥပဒေနှင့် မကိုက်ညီခြင်း ကြောင့် ဖြစ်သည်။

နိုင်ငံတော် ဖွံ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံတော်သည် ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးသည်ဟု ဖော်ပြပါရှိသည်။ ဈေးကွက်စီးပွားရေး စနစ်၏ အနှစ်သာရမှာ ဈေးကွက်တွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင် ရေးဖြစ်ပြီး နိုင်ငံတော်သည် ထိုသို့ ဖြစ်ပေါ်လာရန် အခြေအနေများ ဖန်တီးပေးရန် တာဝန်ရှိသည်။
ထိုသို့ လွတ်လပ်စွာ ယှဉ်ပြိုင်မှသာ ဝန်ဆောင်မှုများ ကောင်းသထက် ကောင်းလာပြီး အများပြည်သူမှာ ဈေးနှုန်း ချိုသာစွာဖြင့် ခံစားနိုင်မည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် လက်ဝါး ကြီးအုပ်မှု သတင်း လောကတွင် ဖြစ်ပေါ်ခြင်းကို အရေးအကြီးဆုံးဟု ဆိုရခြင်းမှာ သတင်းလောကသည် တိုင်းပြည် တစ်ခု၏ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်များ တည့်မတ်မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိမရှိကို စောင့်ကြည့် သည့် လုပ်ငန်းတစ်ခုဟု နိုင်ငံတကာ တွင် သတ်မှတ်ထားခြင်း ခံရသော လုပ်ငန်းတစ်ခု ဖြစ်နေခြင်း ကြောင့် ဖြစ်သည်။

ယခုMRTV4 အား အကယ်ဒမီ ပေးပွဲ သတင်းဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးခွင့်ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ခွင့် ပေးခဲ့ခြင်းမှာ မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အပိုဒ်၃၆ (ခ) ကို ဖောက်ဖျက် သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ် သည်။

နိုင်ငံတော်သည် စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင် ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည် ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြဌာန်းထားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ရန် တာဝန်ရှိသော သတင်း လောကတွင် သတင်းလုပ်ငန်း တစ်ခု က အခြေခံဥပဒေကို ချိုးဖောက်သော လုပ်ရပ် ဖြစ်ပွားခဲ့သည်ကို ကျန်သတင်း လုပ်ငန်းများက ခံရသည်မှာ ရှက်ဖွယ် ဖြစ်သည်။

တတိယ အချက်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို တိုင်းသူပြည်သားများ ခံစားစေမည်ဟု နိုင်ငံတော်သမ္မတက ဇန်နဝါရီ ၂၆ ရက်နေ့က ပထမအကြိမ် ပြည်သူ့ လွှတ်တော် တတိယ ပုံမှန် အစည်း အဝေးတွင် ပေးပို့သည့် သဝဏ်လွှာ နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင် သည့် လုပ်ရပ်ကို နိုင်ငံတော်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယခုကဲသို့ လက်ဝါးကြီးအုပ်သည့် လုပ်ရပ်ကို ခွင့်ပြုနေသ၍ကာလပတ် လုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို ပြည်သူများ အပြည့်အဝ ခံစားရရန် မရှိဘဲ၊ နိုင်ငံ တော်၏ မျှော်လင့်ချက်ဖြစ်သည့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီမိုကရေစီ ဖော်ဆောင် ရေးနှင့် ဥပဒေနှင့် အညီ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး တို့ကို ပျက်သုဉ်းစေမည်ဖြစ်သည်။
ထို့ကြောင့် သတင်းလောကသား တစ်ရပ်လုံး ယခုကိစ္စကို ခွင့်မလွှတ်ဘဲ စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်း ဖြေရှင်းရန် လိုအပ်သည်။

0 တပ်မတော်သားလည်း ပြည်သူပါပဲ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီစနစ်ကို ရှေ့ရှုတဲ့ မြန်မာပြည် အပြောင်းအလဲကိစ္စမှာ တပ်မတော်သားတွေ အင်တိုက်အားတိုက်ပါဝင်ဖို့လိုတယ်၊ တပ်မတော်ကို စည်းရုံးဖို့ လိုကိုလိုတယ် ဆိုတဲ့စကားကို အတိအလင်းထုတ်ဖော် ပြောဆိုလာတာ ကြားရတော့ ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာအားတက်မိပါတယ်။

ပြည်ပအသံလွှင့်မီဒီယာတွေမှာလည်း ဒီကိစ္စအပေါ်မူတည်ပြီး ဆွေးနွေးတာတွေကို ကြားသိနေပါတယ်။ VOA တိုက်ရိုက်လေလှိုင်း ဆွေးနွေးပွဲတခုမှာ ပါဝင်ဆွေးနွေးသူတစ်ဦးက အန်တီစုရဲ့သဘောထားကို ထောက်ခံပြီး တပ်ကိုစည်းရုံးဖို့ လိုကြောင်း၊ အဲဒီလိုလုပ်ရာမှာ အန်တီစုအနေနဲ့ လိုအပ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခွင့်တောင်းသင့်ကြောင်း အကြံပြု ဆွေးနွေးသွားတာကို ကြားလိုက် ရပါတယ်။

သူက စေတနာနဲ့ အပြုသဘောဆောင် ဆွေးနွေးသွားတာဖြစ်ပေမဲ့ လက်ရှိအနေအထားအရ တပ်ခေါင်းဆောင် တွေနဲ့ အန်တီစု လူသိရှင်ကြားတွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးဖို့ မဖြစ်နိုင်သေးပါဘူး။ အစိုးရအတွင်းမှာရော တပ်တွင်းမှာပါ အပြောင်းအလဲ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်လွန်ဆွဲမှုတွေ ရှိနေနိုင် ပါတယ်။ ပုံမှန်အခြေအနေမှာတောင်မှ တပ်ဆိုတာ အရပ်ဘက်အဖွဲ့အစည်းတွေထက် လျှို့ဝှက်တဲ့သဘော၊ စည်းကမ်းတင်းကျပ်တဲ့သဘော ရှိတတ်တာပါ။

ဒီအတွက်ကြောင့် အန်တီစုဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ တပ်မတော်သားတွေ ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အလမ်းမရှိနိုင်တာတော့ မဟုတ်ပါ။ လွှတ်တော်တွင်းကို ရောက်တဲ့အခါ ၂၅ ရာခိုင်နှုန်းသော တပ်မတော် သားကိုယ်စားလှယ်များနဲ့ ညှိနှိုင်းလုပ်ဆောင်တာတွေ လုပ်နိုင်ပါတယ်။ တပ်မတော်သားဟောင်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနိုင်ပါတယ်။ အန်တီစုအနေနဲ့ ရောက်လေရာ လူထုဟောပြောပွဲတိုင်းမှာ တပ်မတော်နဲ့ပတ်သက်တဲ့ Message တွေများများပေးပါ။ အဲဒီအသံဟာ တပ်ခြံစည်းရိုးတွေကို ကျော်ဖြတ်ပြီး တပ်မတော်သား မိသားစုတွေထံ ရောက်ရှိသွားမှာပါ။

တပ်ဆိုတာ Signal နဲ့လှုပ်ရှားဆောင်ရွက်တတ်တဲ့ သဘာဝရှိတာမို့ သူတို့သဘောပေါက် လွယ်မယ့် အချက်ပြ ပြောဆိုလုပ်ဆောင်ချက်တွေနဲ့ တပ်လှန့်နှိုးဆော်နိုင်ပါလိမ့်မယ်။

ကျနော်တို့တိုင်းပြည်မှာ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် စစ်မှုထမ်းဆောင်ဖူးသူတွေ များပြား လှပါတယ်။ ခုချိန်မှာ မြန်မာပြည်ရဲ့ လက်ရှိစစ်မှုထမ်းဦးရေ ၄ သိန်းရှိတယ်လို့ ဆိုကြပါတယ်။ အဲဒီအတိုင်းဆိုရင် စစ်မှုထမ်းဟောင်း ဦးရေဟာ ၅ သိန်းအထက်မှာ ကျိန်းသေရှိနေနိုင်ပါတယ်။ ကျနော့်စစ်မှုထမ်းသက် ကာလတလျှောက် အတွေ့အကြုံအရ တပ်မတော်(ရေ) ရဲ့ လက်ရှိစစ်မှုထမ်းဦးရေဟာ နောက်ဆုံးရောက်နေတဲ့ ကိုယ်ပိုင်နံပတ်ကို ၃ နဲ့စားလို့ရတဲ့ ရလဒ်နဲ့ အနီးစပ်ဆုံးရှိပါတယ်။ ဥပမာ- မှတ်တမ်းရုံးမှာရှိတဲ့စာရင်းအရ နောက်အကျဆုံးစစ်သည်ရဲ့ ကိုယ်ပိုင်နံပတ်ဟာ ၃၀၀၀၀ (သုံးသောင်း) ဖြစ်တယ်ဆိုရင် တပ်အင်အားစာရင်း ဟာ ၁သောင်းပတ်ဝန်းကျင်ပဲ ရှိတာတွေ့ရပါတယ်။ ကျနော်တို့ တပ်ထဲဝင်စအချိန်မှာ ကိုယ်ပိုင်နံပတ် နှစ်သောင်း ရှစ်ထောင်လောက်ရှိတဲ့အချိန် တပ်အင်အားက ကိုးထောင်ခုနှစ်ရာဝန်းကျင်ရှိပါတယ်။ (အဲဒီအချိန်က ကြည်းတပ်မှာ ကိုယ်ပိုင်နံပတ် တစ်သန်းကျော်နေပါပြီ။ ကျနော်တို့နဲ့ သင်တန်းအတူတက်ရောက်တဲ့ ကြည်းတပ်က ရဲဘော်တွေဟာ ကိုယ်ပိုင်နံပတ် တ/၉၀+++ တွေများပါတယ်။)

ဒါကြောင့် နှစ်သောင်းနီးပါးသော ရေတပ်စစ်မှုထမ်းဟောင်းများဟာ သေဆုံးသူ အနည်းအကျဉ်းသာ ရှိနိုင်ပြီး အများစုက သူလိုကိုယ်လို သာမန်အရပ်သားတွေအဖြစ် ပြည်သူလူထုအကြားနေထိုင်သူတွေ ဖြစ်ပါတယ်။ တပ်ရဲ့သဘောသဘာဝနဲ့ တပ်ထဲကလူတွေရဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်ဖို့ စစ်မှုထမ်းဟောင်း တွေကတဆင့် ချဉ်းကပ်လေ့လာလို့ ရနိုင်ပါတယ်။ သူတို့အထဲမှာ တပ်ကနေလုပ်သက်ပြည့်ပင်စင် ယူထားသူတွေသာမက တိုက်ပွဲဒဏ်ရာ၊ ရောဂါဝေဒနာ(သို့)မတော်တဆထိခိုက်ဒဏ်ရာကြောင့် ဆေးဘုတ်နဲ့ ထွက်ခဲ့ရသူတွေ၊ တပ်ထဲမှာ မပျော်ပိုက်လို့ ငွေကြေးအကုန်အကျခံပြီး ဆေးဘုတ်နဲ့မရရအောင် ထွက်လာခဲ့ သူတွေ ယုတ်စွအဆုံး တပ်ပြေးတွေလည်း အများစု ရှိနေပါတယ်။ စစ်မှုထမ်းဟောင်း အတော်များများ လူမှုရေးအကျိုးဆောင် လုပ်ငန်းတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်နေတာ တွေကို တွေ့မြင်ကြရမှာပါ။ တချို့က ထင်ထင်ရှားရှား လုပ်ဆောင်နေသူတွေရှိသလို မထင်မရှားလုပ်နေသူ တွေလည်း ရှိပါတယ်။

တပ်မတော်အစိုးရလက်ထက်မှာကို စစ်ခေါင်းဆောင်ကြီးတွေက “တပ်မတော်သာအမိ တပ်မတော်သာအဖ” ဆောင်ပုဒ်နဲ့ တပ်မတော်ကို အထင်ကြီးကိုးကွယ်လာအောင် ဝါဒဖြန့် စည်းရုံးသွေးဆောင်ခဲ့ပေမဲ့ တကယ့်လက် တွေ့ဘဝမှာ တပ်မတော်ဆိုတာ တပ်မတော်သားများအတွက် ယာယီခိုနားရာသာဖြစ်ပါတယ်။ မိမိတာဝန် ထမ်းဆောင်ဆဲကာလမှာသာ အဖွဲ့အစည်း သဘောအရ ဆက်နွယ်ပတ်သက်တာဖြစ်ပြီး တပ်ကအနားယူချိန်မှာ သာမန်ပြည်သူတဦးအဖြစ် ကိုယ့်ဘဝကိုယ် တာဝန်ယူရပ်တည်ရတာပါပဲ။ ထိပ်တန်းစစ်ခေါင်းဆောင် အချို့က လွဲပြီး တပ်မတော်သားအများစုရဲ့ ဘဝတသက်တာအတွက် လုံလောက်တဲ့နေထိုင်စားသောက်စရိတ်ကို တပ်မတော်က တာဝန်ယူတာမရှိပါဘူး။ ဒါတွေကို တပ်မတော်သားဖြစ်ဖူးသူတိုင်း ဘဝနဲ့ရင်းပြီးနားလည် ထားကြပါတယ်။ ဒါကြောင့် “ပြည်သူသာအမိ ပြည်သူသာအဖ” ဆိုတဲ့ တပ်မတော်ရဲ့ မူလဆောင်ပုဒ်ကိုသာ စွဲစွဲမြဲမြဲ ခံယူထားဖို့လိုပါမယ်။

သို့သော် တပ်ထဲမှာကိုက လူအမျိုးမျိုး စရိုက်အထွေထွေ ရှိတဲ့အတိုင်း တချို့သူတွေဟာ တပ်ကထွက်လာ တဲ့တိုင် တပ်မှာကျင့်သုံးခဲ့တဲ့ အမူအကျင့်တွေကို မဖျောက်ဖျက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားသူတွေ ရှိနိုင်ပါတယ်။ အားလုံးတော့ မဟုတ်နိုင်ပါ။ စစ်မှုထမ်းဖူးတဲ့ လူတယောက်အဖို့ တပ်ထဲမှာ ကောင်းတဲ့ အလေ့အထ အမူအကျင့်တွေ ရခဲ့တာရှိသလို အရပ်ဘက်လူ့အသိုင်းအဝိုင်းမှာ ကျင့်သုံးဖို့ မသင့်လျော်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့လည်း ရင်းနှီးကျွမ်းဝင် ယဉ်ပါးခဲ့ရတာတွေရှိပါတယ်။ တပ်ထဲမှာသာ ကျင့်သုံးနိုင်တဲ့ အမူအကျင့်တွေကို ကိုယ်တပ်ကထွက်လာချိန်၊ တပ်ခြံစည်းရိုးအတွင်း ထားခဲ့ရပါမယ်။ တပ်မတော်သားဆိုတာ ပြည်သူတွေက မွေးဖွားလာသူ တွေဖြစ်သလို တနေ့ပြည်သူကြားထဲကို ပြန်သွားကြရတာပါ။

တပ်ထဲကအမူအကျင့် မပျောက်တဲ့ တပ်မတော်သားဟောင်းတွေ၊ ကြမ်းတမ်းရိုင်းပြတဲ့ တပ်မတော်သားတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ပြည်သူတွေအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ရတာကို နားလည်ခံစားမိပါတယ်။ သို့ပေမဲ့ လည်း သူတို့နဲ့ဆက်ဆံရေးကို မူသေယူပြီး တပ်မတော်တခုလုံး ဒီအတိုင်း ဖြစ်မှာဘဲလို့ တိုင်းတာသတ်မှတ်မှုမျိုး မဖြစ်စေချင်ပါဘူး။ အဖွဲ့အစည်းတခုလုံးနဲ့အဖွဲ့ဝင်တဦးချင်းအကြား သရုပ်သကန် တူညီမှုတွေရှိသလို ကွဲပြားတာ တွေလည်း ရှိပါတယ်။ အဖွဲ့အစည်း သဘာဝနဲ့ တဦးချင်းလူ့သဘာဝ နေရာတကာ ထပ်တူမကျနိုင်ပါ။

ကျနော်ရေးသားနေတာတွေဟာ တပ်မတော်နဲ့ပြည်သူလူထုအကြား အပြန်အလှန်နားလည်မှု တိုးပွားလာပြီး လက်တွဲညီညွှတ်စေချင်တဲ့ စေတနာသက်သက်ပါ။ ကျနော်ကိုယ်တိုင်လည်း စစ်ခေါင်းဆောင်တချို့ရဲ့ ငြိုးမာန်ဖွဲ့ ခံနေရသူပါ။ ဒီအတွက် ပြဿနာမရှိပါ။ တပ်ထဲမှာ မနေချင်လို့ထွက်လာပေမဲ့ လုပ်ဖော်ကိုင်ဘက်ကောင်းတွေ၊ တပ်မှူးကောင်းတွေကို ယနေ့တိုင်အသိအမှတ်ပြုနေဆဲဖြစ်သလို အဲဒီလိုတပ်မတော်သားကောင်းတွေနဲ့ ပြည်သူ လူထု နီးစပ်ရင်းနှီးမှု ရှိစေချင်ပါတယ်။ စစ်အာဏာရှင်စနစ် မကောင်းပါဘူး။ သို့သော် တိုင်းပြည်ကာကွယ်ဖို့ တပ်မတော်ဆိုတာ ဆက်ပြီးရှိနေမှာပါ။ ပြောင်းလဲလာတဲ့ ခေါင်းဆောင်မျိုးဆက်သစ်တွေက ပြည်သူလူထုကြား တပ်မတော်ရဲ့ ဂုဏ်ရောင်ပြန်လည်ထွန်းပြောင်လာဖို့ ကြိုးစားလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

တပ်မတော်သားများအနေနဲ့လည်း တပ်မတော်ရဲ့ပင်မလုပ်ငန်းတာဝန်ကြီး (၃) ရပ်ဖြစ်တဲ့- စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန် ၊လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ဆောင်ရန် ဆိုတဲ့တာဝန်တွေ ထဲမှာ ယခုအခါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စစ်ပြေငြိမ်းရေးစာချုပ်တွေ ချုပ်ဆိုပြီးနောက်ပိုင်း စစ်မက်ဇုံတွေ မရှိတော့တဲ့အခါ လေ့ကျင့်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုပဲ ဦးစားပေးလုပ်ဖို့ ရှိပါတော့တယ်။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ အားကြိုးမာန်တက်ပါဝင်လုပ်ဆောင်ရင်း ပြည်သူလူထုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ကြဖို့ မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်။

တပ်နဲ့ပြည်သူ အမြန်ဆုံး ကြည်ဖြူလက်တွဲနိုင်ပါစေ။

နေမင်းသူ

၂၇ ဇန်နဝါရီ ၂၀၁၂

0 သေပြီးသည့်နောက်မှာပင် ကိုယ့် ဖေ့စ်ဘွတ်ခ်မိတ်ဆွေများကို တမလွန်ကနေ နောက်ဆုံးစကား လှမ်းပြောနိုင်မည့် စနစ်တစ်ခု ဖေ့စ်ဘွတ်ခ် တီထွင်


ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ကိုယ်တင်ချင်ရာများကို အသက်ရှင်နေစဉ်သာမက ကိုယ် ကွယ်လွန်သွားပြီးချိန်မှာပင် တမလွန်က လှမ်းတင်လိုက်သည့်အလား ဖန်တီးပေးနိုင်မည့် စနစ်တစ်ခုကို ဖေ့စ်ဘွတ်ခ်က တီထွင်လိုက်ကြောင်း သိရသည်။ ထိုစနစ်အရ အသက်ရှင်နေစဉ် တစ်လျှောက် မည်သူ့ကိုမျှ အသိမပေးခဲ့သော လျှို့ဝှက်ချက်များကို ကိုယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တမလွန်ရောက်ခါမှ လှမ်းတင် အသိပေးလိုက်သကဲ့သို့ဖြစ်အောင်လည်း ဖန်တီးပေးနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို If I Die ဟု အမည်ပေးထားပြီး ကွယ်လွန်ပြီးချိန်တွင် မည်သည့်အကြောင်းအရာကို အသိပေးချင်သနည်းဟူသော မေးခွန်းဖြင့် ထိုအပလီကေးရှင်းက ကိုယ့်ကို ကြိုဆိုမည်ဖြစ်သည်။ ကိုယ် ကွယ်လွန်ပြီးနောက် ကျန်ခဲ့သူများကို ပြောချင်သည်များ အသိပေးချင်သည်များကို စာသားများဖြင့်သော်လည်းကောင်း၊ အသံဖိုင်များဖြင့်သော်လည်းကောင်း၊ ဗီဒီယို ရုပ်သံများဖြင့်သော်လည်းကောင်း ကြိုတင်ရိုက်ကူးပြီး ထိုစနစ်တွင် ထည့်သွင်းထားနိုင်ကြောင်း သိရသည်။

ထိုစနစ်ကို အသုံးပြုလိုသူအနေဖြင့် ထိုသို့ ဖန်တီးပြီးပါက ယုံကြည်စိတ်ချရဆုံး မိတ်ဆွေ သုံးဦးကို ရွေးပေးရသည်။ ထိုသို့ ရွေးချယ်သတ်မှတ်ပေးထားခဲ့မှသာ ထိုလူ သေဆုံးကြောင်းကို ထိုသုံးဦးထံ ဖေ့စ်ဘွတ်ခ် စနစ်က လှမ်းမေးမြန်းပြီး မှန်ကန်ကြောင်း ထိုလူ သုံးဦးလုံးကိ ထောက်ခံမှသာ If I Die စနစ်သည် ကွယ်လွန်သူ ချန်ထားခဲ့သည့် စာသားသော်လည်းကောင်း၊ ဓာတ်ပုံသော်လည်းကောင်း၊ ဗီဒိယိုသော်လည်းကောင်းကို ထိုလူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၎င်းကိုယ်တိုင် တမလွန်က လှမ်းတင်လိုက်သကဲ့သို့ဖြစ်အောင် ဖော်ထုတ်တင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဒီလင့်လေးပါ..https://apps.facebook.com/if_i_die/
သန်းထိုက်စိုး
Source: Daily Mail

0 ဒီမိုကရေစီ ရပလားဟေ့

ခုထိ သူတို့ အစိုးရ လုပ်နေသမျှကတော့ အရင်ကထက် နည်းနည်းပိုဖော်ပြခွ င့် ပေးသလိုလို ဟပေးလိုက်တယ်။ လူတွေ နည်းနည်း ဝမ်းသာပြီး တိုးလုပ်တော့ ပြန်ရုပ်လိုက်ပြန်တယ်။ ဒါဟာ သူတို့ ဒီမိုကရေစီ အယောင်ဆောင်နေတာပါ။  ဆက်ပြီးတော့လည်း သူတို့ ဒီမိုကရေစီအယောင်ဆောင်နေဦးမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ ဒီမိုကရေစီ အရေးအတွက် သိပ်အကျိုးရှိတဲ့ အချက်ဖြစ်ပါတယ်။ စစ်အစိုးရဘက်က အကြီးဆုံးလိုက်လျောပေးခဲ့ရတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးချင်တဲ့ ဆန္ဒရှိလို့ စေတနာနဲ့ လွှတ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လိုချင်တာကို ရဖို့ ထောင်မြင်လို့ရာစွန့်တဲ့သဘောပါ။

(ကတ္တီပါလမ်းခွဲ ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ကတ္တီပါလမ်းခွဲ ဆောင်းပါးမှာ အပျော့နဲ့ အမာကြား၊ တဘက်ကို တဘက် မနှောင့်ယှက်ကြဖို့ ကျွန်တော်ရေးခဲ့ပါတယ်။) အရင်ဆောင်းပါးနိဂုံးမှာ ပြောခဲ့တဲ့ အတိုင်း ဘာဆက်လုပ်ကြမလဲ ဆိုတဲ့ ကိစ္စကို အကြံပြုတင်ပြချင်ပါတယ်။

ဒီနေ့အချိန်မှာ လုပ်ခွင့်သာပေမဲ့ အတွေး အခေါ်ရှုပ်ထွေးပြီး တွေ ဝေစရာတွေ သိပ်များလွန်းတဲ့ အတွက် လူသိရှင်ကြားထုတ်ဆွေးနွေးတာ ဖြစ်ပါတယ်။ လူပုံကြားမှာ အထုပ်ဖြည်ပြနေတယ်လို့ တချို့က ဆိုချင်ဆိုပါလိမ့်မယ်။ ဒါပေမဲ့ ပြည်သူကို တိုင်တည်ထားမှသာ လမ်းကြောင်း တည့်မတ်နိုင်မယ် လို့ထင်တဲ့ အတွ က် လမ်းဆုံလေးခွ မှာလူသိရှင်ကြား ကြေညာ ပြောဆိုပါမယ်။ အားလုံးသိကြတဲ့ အတိုင်း တကယ်ပြောင်းပြီလား၊ ဒီမိုကရေစီရပြီလားဆိုတာဟာ ဒီနေ့ရေပန်းစားတဲ့ မေးခွ န်းပါ။

တကယ်တော့ ဒီမိုကရေစီ တိုက်ပွဲကအဆုံးသတ်ဖို့အဝေးကြီးလိုပါသေးတယ်။ ခုမှ စလုံးရေ၊ စမလို့ ရှိပါသေးတယ်။

ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်မှာမြစ်ဆုံဆည်စီမံကိန်းကိုရပ်တန့်ပေးခဲ့တယ်။တိုင်းရင်းသားအဖွဲ့အစည်း တချို့နဲ့ ယာယီ အပစ် အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို လွှတ်ပေးခဲ့တယ်။ ဒီအချက်တွေ ကို ဘာပဲ ပြောပြော ပြည်သူ တွေ သဘောကျကြတယ်။ စစ်အစိုးရရဲ့ ပြီးခဲ့တဲ့ သမိုင်းတလျောက်မှာ ပြည်သူတွေလိုလားတဲ့ အရာမှန်သမျှ ဘာတခုမှ လုပ်ပေးခဲ့တာ မရှိတော့ အခုလို ဆောင်ရွက်ချက်မျိုးကို လူတွေက ကျေနပ်ကြတယ်။ ဒါပေမဲ့ ဒါဟာ ဒီမိုကရေစီ အပြောင်းအလဲလို့ ခေါ်နိုင်ပါပြီလား။ မြစ်ဆုံဆည် စီမံကိန်းဟာ ပြည်သူ့ဆန္ဒကို တစုံတရာ လိုက်လျောပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မြစ်ဆုံဆည် စီမံကိန်းကို ပြည်သူလူထုက မကြုံစဖူးလောက်အောင် ညီညီညာညာ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ပါပဲ ။ ၈၈ လူထု လှုပ်ရှားမှုကြီးကလွဲရင် နောက်ပိုင်းမှာ အညီညွတ်ဆုံးလှုပ်ရှားမှု တခုလို့တောင် ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။

လူထုဆန္ဒပြမှုဟာ ခေတ်မမီတော့ဘူးလို့ ထင်နေသူ တွေ မြစ်ဆုံသင်္ခန်းစာကို ပြန်လေ့လာသင့်ပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့ အစိုးရ အနေနဲ့ ဒီစီမံကိန်း ရပ်လိုက်တဲ့ အချက်မှာ အရေးကြီးတဲ့ နောက်ထပ် ရည်ရွယ်ချက် တခုရှိပါတယ်။ အဲဒါကတော့ အမေရိကန် အစိုးရကို မျက်စပစ် အချက်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ တရုတ်သဘောကျ ထားရာနေ စေရာသွားဘဝမှာ နေမယ့်သူ မဟုတ်ပါဘူးလို့ ဆိုချင်ဟန်ရှိပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ အကြား ကြိုးတန်းပေါ် လမ်းလျှောက်ကစားမယ့် ကြံ့ဖွံ့ စစ်အစိုးရရဲ့ ပထမ ခြေလှမ်းလည်း ဖြစ်ပါတယ်။ အလွန် အန္တရာယ် ကြီး တဲ့ ကစားနည်းလည်း ဖြစ်နိုင်ပါတယ်။ အာဆီယံ ထိုင်ခုံရရေး၊ အမေရိကန် ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ လာရောက်ရေး၊ IMF World Bank ရဲ့ ကူညီထောက်ပံ့ မှုတွေ ရရေးဟာ သူတို့ရဲ့ တကယ့် ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်တွေကို စစ်ခေါင်းဆောင် တွေနဲ့ စစ်ခေါင်းဆောင်တွေ ရဲ့ ပုလင်းတူဗူးဆို့ ခရိုနီ စီးပွားရေးသမားကြီးတွေကသာ မျက်မျက်ကလေး ဝါးမြိုခံစားပြီး ကျန်ပြည်သူတွေက သူတို့ ဆီက ပိုလျှံကျတာကလေးကို ခံစားဖို့ဖြစ်ပါတယ်။ ဒါကိုပဲ Trickle-Down Economic လို့ သူတို့ ခေါ်ချင်ပုံရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာဟာ ဒီမိုကရေစီ အရေးအတွက် သိပ်အကျိုးရှိတဲ့ အချက်ဖြစ်ပါတယ်။ စစ်အစိုးရဘက်က အကြီးဆုံးလိုက်လျောပေးခဲ့ရတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လွှတ်ပေးချင်တဲ့ ဆန္ဒရှိလို့ စေတနာနဲ့ လွှတ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့လိုချင်တာကို ရဖို့ ထောင်မြင်လို့ရာစွန့်တဲ့သဘောပါ။

ဒါတောင် လွှတ်မပေးချင်လွ န်းလို့ အလီလီအလာလာ ခွဲပြီး အမျိုးမျိုး သွေးတိုးစမ်းပါသေးတယ်။ လူထုဖိအား နိုင်ငံတကာဖိအားကြောင့် မတတ်သာလွန်းတဲ့ အဆုံးကျမှ အရေးကြီးတဲ့သူတွေ ကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါတောင် အကုန်လွှတ်မပေးသေးပါဘူး။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့ အတွက် စစ်အာဏာရှင်တွေကို ဘာမှ ကျေးဇူးတင်စရာ အကြောင်းလည်းမရှိပါဘူး။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ။ သူတို့ဖမ်းထားလို့သာ လွှတ်ပေးရတာပါ။ ဖမ်းမထားရင် လွှတ်စရာ မလိုပါဘူး။ လွှတ်တာကို ကျေးဇူးတင် ရင် ဖမ်းတာကိုပါ ကျေးဇူးတင်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီလိုသာ ကျေးဇူးတင်စတမ်းဆိုရင် နောက်ထပ် ကျေးဇူးအတင်ခံရအောင် သူတို့က ထပ်ဖမ်းပြပါလိမ့်ဦးမယ်။ သူတို့လိုချင်တဲ့ အချက်တွေကို ရဖို့ ဆိုရင် ကြံ့ဖွံ့ စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးလိမ့်မယ်၊ တိုင်းရင်းသားတွေ နဲ့လည်း ယာယီ အပစ်အခတ်ရပ်စဲ ရေး လုပ်ဖို့ကြိုးစားလိမ့်မယ် ဆိုတဲ့ အကြောင်းကို အောက်တိုဘာလ ၃၁ ရက်မှာ ရေးခဲ့တဲ့ ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂ ဗျူဟာမြောက် ရွှေ့ကွက်များ ဆောင်းပါးထဲမှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ ကြံ့ဖွံ့ အစိုးရအနေ နဲ့ မပေးချင်တဲ့ အချက် ၃ ချက်ရှိကြောင်းလည်း အဲဒီ ဆောင်းပါးမှာပဲ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒီ အချက် ၃ ချက်ကို ဘာ့ကြောင့် မပေးချင်တာလဲ ဆိုတော့ အဲဒီ အချက် ၃ ချက်ကို ပေးလိုက်ရရင် တကယ့်ဒီမိုကရေစီကို ပေးလိုက်ရတာ ဖြစ်လို့ပါပဲ။ အဲဒီအချက် ၃ ချက်ကို ကျွန်တော် ဒီလိုရေးသားဖော်ပြခဲ့ပါတယ်။


စစ်အစိုးရအနေနှင့်….

၁။ အခြေခံဥပဒေ (၏အရေးကြီးဆုံးအချက်တွေ )ကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျင် ဒီမိုကရေစီ ပေးလိုက်ရ ခြင်းမည်ပါသည်။

၂။ တိုင်းရင်းသားတွေအားလုံးနှင့် ( ယာယီ အပစ်အခတ် ရပ်စဲရေး ထက် အဓိပ္ပါယ်ပြည့်ဝသော ) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေး လိုလားချ က် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။

၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွ တ်လွတ်လပ်လပ် ရေးသားခွ င့်၊ လွတ် လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။ အဲဒီတုန်းက ပြောခဲ့တဲ့ ဒီ ၃ ချက်ဟာ အခုလည်း ဆက်ပြီး မှန်နေပါသေးတယ်။ စစ်အစိုးရဟာ ဒီ ၃ ချက်ကို မပေးဘဲ ရှောင်ရှားဖို့ နည်းမျိုးစုံနဲ့ ခုခံကာကွယ်နေပါတယ်။ ဒီအချက် ၃ ချက်စလုံး မပြောင်းလဲ သေးသမျှ၊ မပြုပြင်သေးသမျှမှာ စစ်အစိုးရဟာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲ မှုကို လုပ်နေပြီလို့ မဆိုနိုင်ပါဘူး။ ဒီ ၃ ချက်စလုံး မရသေးရင် ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲ မရသေးပါဘူး။ စစ်အစိုးရ တကယ် ပြောင်းမပြောင်းကို ဒီအချက် ၃ ချက်နဲ့သာ ကျွန်တော်တို့ တိုင်းတာနိုင်ပါတယ်။အဲဒီလိုမတိုင်းတာရင်စစ်အစိုးရရဲ့မျက်လှည့်ပြပွမှာကျွန်တော်တို့မျက်စိလည်သွားနိုင်ပါတယ်။ စစ်အစိုးရက ဟိုနားနည်းနည်း လျော့သယောင်ယောင်လုပ် လိုက်၊ ဒီနား လျော့သယောင်ယောင် လုပ်လိုက်၊ လုပ်ပေးနေတာလေးကိုပဲ ဒီမိုကရေစီ ရပြီလို့ ထင်သွားနိုင်ပါတယ်။ ကြားဖြတ်ရွေးကောက် ပွဲ မှာ NLD ကနေရာတချို့ရတာနဲ့ပဲ ဒီမိုကရေစီရသွားပြီလို့ ထင်သွားနိုင်ပါတယ်။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပညာရေးဝန်ကြီးလိုမျိုး ဘာမှ နိုင်ငံရေး သြဇာအာဏာမရှိတဲ့ ဝန်ကြီးနေရာမျိုး ပေးလိုက်ရင်ပဲ ဒီမိုကရေစီ ရသွားပြီလို့ ထင်ယောင်ထင်မှားဖြစ်သွားနိုင်ပါတယ်။ (တကယ်တန်းကျတော့ ဝန်ကြီးတနေရာဆိုတာမျိုးကို လွယ်လွယ်နဲ့ ပေးမှာလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းဖိအားပေးလို့ မတတ်သာလွ န်းတဲ့ အဆုံးကျမှ ပေးမှာပါ။ သူတို့သာ သဘောရိုးနဲ့ ပေးချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးခန့်ချင်ရင် အခုလည်း ခန့်လို့ ရပါ တယ်။ ဝန်ကြီးဆိုတာ အခြေခံဥပဒေအရ လွှတ်တော် အမတ်ဖြစ်စရာမလိုပါဘူး။ လွှတ်တော်အမတ်ဖြစ်ရင်၊ လွှတ်တော်က အဆိုပြုရင် ဝန်ကြီးခန့်ပါမယ်လို့ ဦးသိန်းစိန်က ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာပြောတာဟာ သက်သက်ပလီနေတာပါ။ သူပေးချင်ရင် အခုလည်းပေးလို့ရပါတယ်။)

အခုချိန်မှာ ကျွန်တော်တို့ဘက်က အဓိကထား ဆောင်ရွက်သွားရမှာက စောစောက အချက် ၃ ချက် ရရှိရေးဖြစ်ပါတယ်။ ဒီအချက် ၃ ချက်ထဲမှာ နံပါတ် ၁ နဲ့ နံပါတ် ၂ အချက်က ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ တတိယ အချက်ကို ကျွန်တော်တို့ အရင်ဦးဆုံးတောင်းဆို တိုက်ပွဲ ဝင်သင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီတတိယ အချက်ဟာ သူတို့ပေးပါ့မယ်လို့ နိုင်ငံတကာကိုရော၊ အများပြည်သူကိုပါ လူသိရှင်ကြား ဝန်ခံ အသိပေးထားပြီးသားဖြစ်လို့ပါပဲ ။ အခြေခံဥပဒေမှာလည်း ဒီအချက်တွေကို ပေးပါမယ်လို့ ဝန်ခံထားပြီး ဖြစ်သလို၊ သူတို့ ပါးစပ်ကလည်း အကြိမ်ကြိမ် ကတိပေးထားကြပြီးဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံမှန်ရင် ရှိကို ရှိရမယ်လို့ နိုင်ငံတကာက လက်ခံ ထားကြတဲ့ အချက်လည်းဖြစ်နေပါတယ်။ စစ်အစိုးရဟာ အရင်တုန်းကလည်း ပေးထားတဲ့ကတိကိုဖျက်၊ ထွေးထားတဲ့ တံထွေးကို မြိုချလာတာ တသက်လုံးပဲ၊ ဘယ်တုန်းက ကတိတည် ဖူးလို့လဲ လို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ စစ်အစိုးရဟာ ဘယ်တုန်းကမှ ကိုယ့်စကားကိုယ် လေးစားတဲ့ အမျိုးအစား မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီတကြိမ်မှာ သူတို့ လွယ်လွယ်နဲ့ ကတိဖျက်လို့ မရပါဘူး။ သူတို့ကတိဖျက်ရင် သူတို့ လိုချင်တာတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ သူတို့လိုချင်တဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရေး၊ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ် အကူအညီဆိုတာတွေ နဲ့ ဝေးသွားနိုင်ပါတယ်။ အမေရိကန်ကလည်း သူတို့ ကတိမတည်ရင် လွယ်လွယ်နဲ့ လိုက်လျောဖို့ ခက်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတနိုင်ငံအနေနဲ့ သူတို့ နှစ်ပေါင်းများစွာ ပြောလာ တောင်းဆိုလာတာတွေကို ကြံ့ဖွံ့ အစိုးရဘက်က ကတိမတည်ပဲ လွ ယ်လွယ်နဲ့ အလျော့ပေး လိုက်လျောလိုက်မယ်ဆိုရင် ကမ္ဘာ့ အလယ်မှာ အပြစ်တင်စရာ လက်ညှိုးထိုးစရာဖြစ်မှာပါ။ ဒီအဖြစ် အရောက်မခံပါဘူး။ အမေရိကန်ဟာ ကိုယ်ကျိုးစီးပွားသက်သက်ကို ကြည့်ပြီး စစ်အစိုးရလိုသမျှ လိုက်လျောလိုက်တယ်လို့ အပြော အဆို မခံနိုင်ပါဘူး။ ဒီတော့ နံပါတ် ၃ လွတ်လပ်ခွင့်တွေကို ကျွန်တော်တို့က တကယ်ပြတ်ပြတ်သားသားနဲ့ နည်းမျိုးစုံသုံး တောင်းဆိုရင် သူတို့ မပေးချင်ပေမဲ့ မပေးချင်ပေးချင်နဲ့ ပေးလာရဖို့ ရှိပါတယ်။ ကြံ့ဖွံ့အခက်၊ ပြည်သူ့အချက်လို့ သဘောထားပြီး ဒီမိုကရေစီ အခွ င့်အရေးတွေကို တောင်းဆို တိုက်ပွဲ ဝင်ကြဖို့ အခွ င့်အသာဆုံးအချိန်ဖြစ်ပါတယ်။ အခုအချိန်မှာ ခေါင်းဆောင်ကောင်းတွေ ၊ သူရဲကောင်းတွေထောင်အပြင် ရောက်လာပါပြီ။ ဥပဒေ ချိုးဖောက်ကြောင်း အထင်အရှား သက်သေ မပြနိုင်ရင်၊ ဒါမှမဟုတ် အများလက်ခံနိုင်လောက်မယ့် အကြောင်းပြချက်မျိုး မရှာနိုင်ရင် သူတို့အနေနဲ့ ခေါင်းဆောင်တွေကို လွယ်လွယ်နဲ့ ပြန်ဖမ်းဖို့ ခက်ပါတယ်။ လွယ်လွယ်နဲ့ ပြန်ဖမ်းလိုက်ရင် သူတို့ မျှော်လင့်ချက် အိပ်မက်တွေလည်း ပျက်သုဉ်းရမှာ အသေအချာပါပဲ။

ကြံ့ဖွံ့ အစိုးရအနေနဲ့ တော်တော်အချိန်ကြာတဲ့ အထိ အလျော့ပေးနေရဦးမှာပါ။ ဒီမိုကရေစီယောင်ဆောင်နေရဦးမှာပါ။ အဲဒါဟာ ဘယ်လောက်အထိကြာမလဲဆိုတော့ စီးပွားရေး ပိတ်ဆို့ထားတာရုပ်သိမ်းပြီးတဲ့ အထိ၊ IMF World Bank က အကူအညီတွေ ရတဲ့ အထိကြာနိုင်ပါတယ်။ အနည်းဆုံးတော့ အဲဒီ နှစ်ခုထဲက တခုခု ရပြီးတဲ့ အထိ သူတို့ အလျော့ပေးပါလိမ့်မယ်။ အဲဒီနောက်မှာ အကြောင်းအမျိုးမျိုးပြပြီး လူဖမ်းပွဲ တွေ ပြန်လုပ်လာနိုင်ပါတယ်။ ဒီမိုကရေစီ ဘက်တော်သားတွေ ထဲက ခေါင်းမာတဲ့သူတွေသဘောထားတင်းမာတဲ့သူတွေကြောင့်ဒီလိုလူပြန်ဖမ်းရတဲ့အခြေအနေရောက်ရပါတယ်လို့လည်း ဆင်ခြေပေးပါလိမ့်ဦးမယ်။ ဒီမိုကရေစီ ဘက်တော်သားတွေထဲ က ခေါင်းမာတဲ့သူတွေကြောင့် သူတို့ရဲ့ ပြုပြင်ပြောင်းလဲ ရေးတွေ နောက်ဆုတ်သွားရပါတယ်လို့လည်း ပြောပါလိမ့်မယ်။ ပြတ်သားသူတွေကို အစိုးရကလည်း လက်ညှိုးထိုး၊ ကိုယ့်အချင်းချင်းကလည်း အပြစ်တင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ အဲ သလို အပြစ်မတင်နိုင်အောင်၊ ဆင်ခြေမပေးနိုင်အောင် ကိုယ့်ဖက်က လိမ်လိမ်မာမာ နေရမယ်လို့ မဆိုလိုပါဘူး။

လိမ်လိမ်မာမာနေရင် ပိုပြီးတောင် လက်ရဲ ဇက်ရဲ နဲ့ ဖမ်းဦးမှာပါ။ အကြောင်းပြချက်က အကြောင်းပြချက်ပါပဲ ။ ဆင်ခြေက ဆင်ခြေပါပဲ ။ တကယ့် အကြောင်းရင်း မဟုတ်ပါဘူး။ တကယ့် အကြောင်းရင်းကတော့ ဒီမိုကရေစီ မပေးချင်တာပါပဲ ။ ဒီမိုကရေစီ တောင်းဆိုတဲ့သူတွေကို လွတ်လပ်ခွင့် မပေးချင်တာပါပဲ ။ ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့စစ်အစိုးရဟာ ဒီမိုကရေစီ မပေးချင်ဘူး၊ တကယ့် အပြောင်းအလဲ မလုပ်ချင်ဘူးလို့ ကျွန်တော်ပြောနေပါတယ်။ သူ့တို့ကို မယုံဘူးလို့ ကျွန်တော်ပြောနေပါတယ်။ ဘာ့ကြောင့် ပြောပါသလဲ။ ဘာ့ကြောင့်လဲ ဆိုတော့ ပြည်တွ င်းပြည်ပက ကျေနပ်အောင် လိုက်လျောမှု ပြသရာမှာတောင် ဒီမိုကရေစီနဲ့ လွတ်အောင်ကွ င်းရှောင်ပြီး ကျန်တာလေးတွေကိုပဲ လိုက်လျောပြဖို့ ကြိုးစားပမ်းစား လုပ်ဆောင်နေလို့ပါ။

အထက်မှာ ပြောခဲ့တဲ့ ၃ ချက်ကို မတို့ မထိပဲ ကွင်းရှောင်နေလို့ပါ။ ကုန်ကုန်ပြောရရင် ဒီမိုကရေစီနဲ့ ပတ်သက်တာ ဘာတခုမှကို မပေးသေးဘူးလို့ ဆိုချင်ပါတယ်။ ဦးသိန်းစိန်ပေးတဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ ဘာတခုမှ မခံစားရသေးဘူးလို့ ဆိုချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်ပေးတာဟာလည်း ဒီမိုကရေစီ ပေးတာမဟုတ်ဘူး။ ပြည်သူတွေ ခံစားနိုင်မယ့် အခွင့်အရေးတခုခု ပေးလိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ခဲ့သူတွေ၊ ဆက်ပြီး ဆောင်ရွ က်မယ့်သူတွေကို လွှတ်ပေးလိုက်တာဖြစ်တဲ့ အတွက် ကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ဒါပေမဲ့ ကျေးဇူးမတင်နိုင်ဘူး။ စောစောက ပြောသလိုပဲ သူတို့ဖမ်းထားလို့ ပြန်လွှတ်ပေးရတာ။ အမှားလုပ်ထားလို့ အမှားပြင်ရတာ ဖြစ်တယ်။ မြစ်ဆုံဆည်ကိစ္စနောက်ဆုတ်လိုက်တာလည်း ကြိုဆိုတယ်။ ဝမ်းသာတယ်။ ဒါပေမဲ့ ဒါလည်း လူထုသဘောထားမပါဘဲ အမှား လုပ်ထားလို့ အမှားပြန်ပြင်ပေးတာပဲဖြစ်ပါတယ်။ ဒါလည်း အရင်က မရှိတဲ့ ဒီမိုကရေစီ အခွ င့်အရေးတခုခုကို ပြည်သူတွေ ခံစားနိုင်ဖို့ ဆောင်ရွက်ပေးလိုက်တာမျိုး မဟုတ်ဘူး။ စာပေ စိစစ်ရေးတို့ ရုပ်ရှင်ဗီဒီယို ဆင်ဆာတို့ကို လုံးဝဖျက်သိမ်းပေးမလား။ အဲဒါဆိုရင် ဒီမိုကရေစီ အခွ င့်အရေး တချို့ပေးပြီလို့ ကျွန်တော် လက်ခံပါမယ်။ ဒါပေမဲ့ အမှန်တကယ် လွတ်လပ်ခွ င့်ပြုတာဖြစ်ဖို့တော့ အရေးကြီးပါတယ်။ စာပေစိစစ်ရေး ဖျက်ပေးတယ်ဆိုပြီး တဘက်မှာ မီဒီယာဥပဒေ ဘာညာတွေ ထုတ်မယ်၊ ဥပဒေမလိုက်နာရင် ဖမ်းမယ် ၊ ထောင်ချမယ်တို့၊ ဒဏ်ငွေ ၁၀ သိန်းရိုက်မယ်၊ သိန်း ၁၀၀ ရိုက်မယ်တို့ ဆိုတဲ့ တင်းကြပ်မှု တွေလုပ်လာမယ်ဆိုရင်တော့ လက်ခုပ်တီးမယ့် အစား လူလိမ်လူညစ်တွေပါလားလို့ လက်ညှိုးငေါက်ငေါက် ထိုးပြောဖို့သာရှိပါတယ်။

ခုထိ သူတို့ အစိုးရ လုပ်နေသမျှကတော့ အရင်ကထက် နည်းနည်းပိုဖော်ပြခွ င့် ပေးသလိုလို ဟပေးလိုက်တယ်။ လူတွေ နည်းနည်း ဝမ်းသာပြီး တိုးလုပ်တော့ ပြန်ရုပ်လိုက်ပြန်တယ်။ ဒါဟာ သူတို့ ဒီမိုကရေစီ အယောင်ဆောင်နေတာပါ။ ဆက်ပြီးတော့လည်း သူတို့ ဒီမိုကရေစီအယောင်ဆောင်နေဦးမှာပါ။ အောင့်သက်သက်ကြီးနဲ့ကို ဒီမိုကရေစီ ယောင်ဆောင် နေရဦးမှာပါ။ ကျွန်တော်တို့ကလည်း ဒီမိုကရေစီအခွ င့်အရေးတွေကို သူတို့လျှာဖျားကနေ ဟန်ဆောင်ပန်ဆောင် ပေးတာ ကို မသိချင်ယောင်ဆောင်ပြီး၊ မင်းတို့ပေးလို့ ယူပြီကွဆိုပြီး အပိုင်အရဖမ်းဆုပ်ရယူရမယ့် အချိန်ဖြစ်ပါတယ်။ ပထမဆုံးကျွန်တော်တို့ တောင်းဆိုရမှာက လွတ်လပ်စွာပြောဆိုဟောပြောခွင့် ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာ လွတ်လပ်ခွ င့် တွေကို ကျွန်တော်တို့ ရအောင်ယူရပါမယ်။ စာပေစိစစ်ရေး၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယို ဆင်ဆာတွေကို ပြုတ်အောင်တိုက်ရမှာပါ။

ဒါတွေ မပြုတ်သေးသမျှမှာ ဒီမိုကရေစီဆိုတာဟာ လျှာဖျားဒီမိုကရေစီသာဖြစ်ကြောင်း မီးမောင်းထိုးပြပြောဆိုကြရမှာပါ။ လွတ်လွတ်လပ်လပ် တရားဟောခွ င့်၊ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်၊ လွတ်လပ်စွာဆန္ဒပြခွ င့် တွေရအောင်ဆက်လုပ်ရပါမယ်။ လွတ်လပ်စွာ ဆန္ဒပြခွ င့် ဥပဒေ၊ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းခွင့် ဥပဒေတွေကို လက်တွေ့ကျင့်သုံးလို့ မရသေးအောင်၊ ရူးချင်ယောင်ဆောင်ပြီး ညစ်ထား ကပ်ထား တာတွေကို ဖွ င့်ချတိုက်ခိုက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အလုပ်သမား၊ လယ်သမားသမဂ္ဂ ဖွဲ့စည်းခွ င့်ကို ပြည်ထဲရေးက လုပ်ထုံး လုပ်နည်းတွေ မရေးရသေးလို့ဆိုတဲ့ အူကြောင်ကြောင် အကြောင်းပြချက်နဲ့ အချိန်ဆွဲထားတာမျိုးကို ကျွန်တော်တို့ ခွင့်ပြုထားလို့ မဖြစ်ပါဘူး။ သူတို့ ရည်ရွ ယ်ချက်ကို ဖွ င့်ချ ဖော်ထုတ်ဖို့ လိုပါတယ်။

အသင်းအပင်းတွေကို သမဂ္ဂတွေကို ကျွန်တော်တို့ ဖွဲ့စည်းရပါမယ်။ ကျောင်းသားသမဂ္ဂ၊ လယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂ အစစ်အမှန်တွေ ပေါ်ပေါက်လာတဲ့ အထိဆောင်ရွက်ရပါမယ်။ လူထုအဖွဲ့အစည်းဆိုတာဟာ ဒီမိုကရေစီရဲ့ တကယ့် အင်အားဖြစ်ပါတယ်။ တကယ့်အခြေခံတွေလည်း ဖြစ်ပါတယ်။ သေသေချာချာနဲ့ အခိုင်အခန့် တည်ဆောက်ထားနိုင်ရင် စစ်အစိုးရအနေနဲ့ အလွယ်တကူ ဖျက်ဆီးလို့ မရနိုင်တဲ့ အရာတွေဖြစ်ပါ တယ်။ စစ်အာဏာရှင်စနစ်ကို တကယ်အံတုနိုင်မယ့် အရာတွေဖြစ်ပါတယ်။

ဒီအခြေခံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ နိုင်မနိုင်ဆိုတာထက် ဒီမိုကရေစီ အတွ က် ပိုအရေးကြီးပါတယ်။ ဒီလိုသမဂ္ဂတွေ ထူထောင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးလုပ်တာထက် ဒီမိုကရေစီ အရေး အတွက် ပို ထိရောက်ပါတယ်။ ဒီလိုသမဂ္ဂတွေ ဟာ လွှတ်တော်ထက် အာမခံချက်ပိုရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအဖွဲ့အစည်းတွေထဲမှာ တကယ့်အောက်ခြေလူထုတွေ ပါနေကြလို့ပါ။ အလုပ်သမား၊လယ်သမား၊ကျောင်းသားတွေဟာကိုယ်တိုင်ခံစားနေကြရသူတွေဖြစ်နေကြလို့ပါ။ တချိန်တည်းမှာပဲ အစိုးရနှပ်ကြောင်းပေးနေတဲ့ ဘုန်းကြီး နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားက ကျောင်းသား အရေးပဲလုပ်ရမယ်၊ နိုင်ငံရေးမ လုပ်ရ၊ အလုပ်သမားက လုပ်ခတိုးရေးပဲ ပြောရမယ်၊ နိုင်ငံရေး မလုပ်ရ၊ လယ်သမားက စပါးကိစ္စ၊ မြေဆီကိစ္စ၊ လယ်ကိစ္စပဲ ပြောရမယ်၊ နိုင်ငံရေးမလုပ်ရဆိုတဲ့ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးသက်သက် နိုင်ငံရေး ထဲချောင်ပိတ်သွတ်သွ င်းမယ့် အန္တရာယ်ကိုလည်း ကာကွယ်ရပါမယ်။

ကိုယ့်အရေးကိုယ် သာဆောင်ရွက်ရမယ်ဆိုတာ အများပြည်သူရဲ့ ကျယ်ပြန့်တဲ့ ဒီမိုကရေစီ အမြင်ကို လမ်းကျဉ်းထဲသွတ်သွ င်းတာဖြစ်ပါတယ်။ ဒီမိုကရေစီ အဖွဲ့အစည်းတွေ တခုနဲ့ တခု ချိတ်ဆက်လှုပ်ရှားလို့မရအောင် ကန့်သတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်နဲ့ နောက်လိုက်အကြား ထင်ယောင်ထင်မှား ဖြစ်အောင် သွေးခွဲတာလည်း ဖြစ်ပါတယ်။ တကယ်တော့ ကျောင်းသားဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ၊ အလုပ်သမားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ တိုင်းပြည်ငြိမ်းချမ်းတိုးတက်နေရင် ဘယ်သူမှ နိုင်ငံရေး မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ မတရားမှုတွေ ဖိနှိပ်မှုတွေ ဆင်းရဲမွဲတေမှုတွေ ရှိနေရင် ဘယ်သူမှ နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူး။ မလုပ်ချင်လို့လည်း မရပါဘူး။ ဒါဟာ သမိုင်းပေးတာဝန်ပါ။ တာဝန်သိတတ်ရင် ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။

ဦးဥတ္တမ၊ ဦးဝိစာရ အပါအဝင် ရဟန်းသံဃာများစွာ နိုင်ငံရေး လုပ်ခဲ့ကြဖူးပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ကြ တာဟာလည်း သမိုင်း အစဉ်အဆက် ဆောင်ရွ က်ခဲ့ကြတဲ့ သမိုင်းပေးတာဝန်တရပ်ဖြစ်ပါတယ်။ အလုပ်သမားတွေဟာလည်း လုပ်ခအရေးသက်သက်ကလေးကိုသာ ကျဉ်းကျဉ်းမြောင်းမြောင်းလုပ်ရင် တခြားလူတန်းစားအဖွဲ့အစည်း တွေ နိုင်ငံရေး အဖွဲ့အစည်းတွေ နဲ့ ကင်းကွာပြီး၊ အလုပ်ရှင်လက်ကိုင်တုတ် အစိုးရလက်ကိုင်တုတ် သမဂ္ဂမျိုးဖြစ်သွားတတ်ပါတယ်။ လယ်သမားသမဂ္ဂတွေ ထူထောင်တဲ့အခါ ကျောင်းသားတွေ လူငယ်တွေဟာ လယ်သမားတွေဆီ အရောက်သွားဖို့လိုပါတယ်။ လယ်သမား တွေကို သင်ကြားပြသပေးစရာတွေ ရှိသလို၊ လယ်သမားတွေ ဆီကနေ သင်ယူစရာတွေ အမြောက်အများရှိပါတယ်။ နိုင်ငံရေးဆိုတာ မြို့ပြ အရပ်၊ သံတမန်နဲ့ မီဒီယာရှိတဲ့ အရပ်နဲ့ပဲ သက်ဆိုင်တဲ့ အရာဆိုတဲ့ ခေတ်ကို အဆုံးသတ်သင့်ပါပြီ။ မြို့မှာတင်ပြည်သူရှိတာမဟုတ်ပါဘူး။ တောမှာ ပိုများပါတယ်။ ကျေးလက်ဒေသတွေ မှာ နိုင်ငံရေးလှုပ်ရှားမှု ကင်းမဲ့ ခြောက်သွေ့နေခဲ့တာဟာ ၈၈ နောက်ပိုင်းတလျှောက်လုံးဖြစ် ပါတယ်။ ကျေးလက်ဒေသမှာ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရေး ရှင်သန်နေနိုင်အောင် ပျိုးထောင်ထားသင့်ပါတယ်။ မြို့ပြမှာ ဖိနှိပ်မှု သိပ်များလွန်းလို့ မလှုပ်ရှားသာတဲ့ အချိန်မှာတောင် ကျေးလက်က သူ့ဖာသာ သီးသန့်လှုပ်ရှားနိုင် တဲ့ အထိ ကျေးလက်နိုင်ငံရေး အားကောင်းနေအောင် ပြင်ဆင်ထားသင့်ပါတယ်။ အခုခေတ်ဟာ တောကလူတွေ စာမဖတ်တတ်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။

ဒီလို နံပါတ် ၃ လိုအပ်ချက်တွေ အတွ က် ကျွန်တော်တို့ တောင်းဆိုတိုက်ပွဲဝင်ကြမယ့် အချိန်မှာ နံပါတ်တစ်၊ နံပါတ်နှစ် အချက်တွေကို ပြစ်ပယ်ထားရမယ်လို့ မဆိုလိုပါဘူး။

နံပါတ် ၁ နဲ့ နံပါတ် ၂ ဆီ ဦးတည်ချီတက်ရမှာပါ။ ပြည်တွ င်း ငြိမ်းချမ်းရေးနဲ့၊ အခြေခံဥပဒေတိုက်ဖျက်ရေးတို့ကို မျက်ခြေ မပြတ်ဖို့လိုပါတယ်။ အခြေခံဥပဒေတိုက်ဖျက်ရေးဟာ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ။ ဒီအခြေခံ ဥပဒေရှိနေရင် စစ်မှန်တဲ့ ပြည်ထောင်စုလည်း မပေါ်ပေါက်နိုင်သလို ပြည်တွ င်းငြိမ်းချမ်းရေးလည်း ဝေးနေဦးမှာပါပဲ ။ လွှတ်တော်ထဲမှာ စစ်သား တမတ်သားက ဘယ်သူမှ မရွေးကောက်ပဲ မျက်နှာပြောင်ပြောင်နဲ့ ထိုင်နေသမျှ၊ ကာ-လုံ အဖွဲ့က လွှတ်တော်အထက်မှာ ရှိနေသမျှ၊ အချိန်မရွေးအာဏာသိမ်းခွင့် ဆိုတာကြီး ရှိနေသမျှ၊ အရွေးကောက်မခံရတဲ့သူတွေ နဲ့ အစိုးရဖွဲ့နေသမျှမှာ ဒီမိုကရေစီဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့ကို ကြံ့ဖွံ့ အစိုးရက မသထာရေစာပေးထားတဲ့ အယောင်ဆောင်ဒီမိုကရေစီ အခွ င့်အရေးဟာ နှောင်ကြိုးတဲ ထားတဲ့ ဒီမိုကရေစီ ပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာပါ။ သူတို့ကြိုက်သလို ကဖို့ ကြိုးနဲ့ အချက်ပြပေးနေပါတယ်။ သူတို့ မကြိုက်တဲ့ အချိန်မှာ၊ သူတို့ မထိန်းနိုင်တဲ့ အချိန်မှာ ကြိုးကိုဆောင့်ဆွဲပြီး အခွင့်အရေး အားလုံးတခုမကျန် ရုပ်သိမ်းမှာပါ။ သူတို့ ဒီလို ရဲ ရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်သွားတာ၊ ဒီလို လုပ်ခွ င့်ရသွားတာကလည်း သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို နိုင်ငံရေးသမားတချို့က လက်ခံလိုက်တဲ့ အတွက် အသက်ဝင်သွားလို့ပါ။ သူတို့ ကြိုးကို ပြန်ဆောင့်ဆွဲ မယ့် အချိန်မှာ အားလုံးကို သိမ်းကြုံးပြီးထောင်ထဲ ထည့်တာမျိုးလုပ်ချင်လုပ်ပါလိမ့်မယ်။ အခြေအနေ သိပ်ဆိုး ရင် စစ်တပ်က ပြန်ပြီးအာဏာသိမ်းတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်လေးအတွ င်းမှာတော့ စောစောကလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ အနှစ်နှစ်ဆယ်အတွ င်း တခါမှ မကြုံဖူးတဲ့ အခွင့်အရေးမျိုး ရနေပါတယ်။ ဒါပေမဲ့ ဒီအခွ င့်အရေးဟာ အမြဲတည်တန့်နေမယ့် အခွင့်အရေးမဟုတ်ပါဘူး။ ကာလတိုတိုကလေးမှာသာ ရနိုင်မယ့် အခွ င့် အရေးမျိုးဖြစ်ပါတယ်။ တကယ်လို့ သမ္မတကြီး အခက်တွေ့မှာ စိုးရိမ်နေရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ လမ်းစဉ်ကို ထိခိုက်မယ်လို့ ဝေဖန်တာတွေ ကြောင့် တွေဝေနေရင်၊ စစ်အစိုးရ ခေါင်းမာဂိုဏ်းတွေ စိတ်ကောက်ပြီးအာဏာသိမ်းလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်တွေကို စဉ်းစားနေမယ်ဆိုရင်တော့ ရတောင့်ရခဲ အခွင့်အရေးကြီးကို ကျွန်တော်တို့ လက်လွတ်သွားမှာ ဖြစ်ပါတယ်။

ဆန္ဒပြတာ ခေတ်နောက်မကျသေးပါဘူး။ လိုအပ်ရင် ဆန္ဒပြတဲ့နည်းကို ထုတ်ဖော် အသုံးပြုရမှာပါ။ လူထုကို အခြေခံတဲ့ နိုင်ငံရေးဟာ အမြဲတန်းခေတ်မီနေမယ့် နိုင်ငံရေးပါ။ လူထုကို မယုံကြည်ရင် ကျွန်တော်တို့ရဲ့ ယုံကြည်မှုအားလုံး ယိမ်းယိုင်သွား နိုင်ပါတယ်။ ဆန္ဒပြ တာဟာ ဒီနေ့အထိ လူထုကိုင်စွဲကျင့်သုံးနေတဲ့ အကောင်းဆုံးလက်နက် အဖြစ် တကမ္ဘာလုံးက လူထုတွေအားထားယုံကြည်နေဆဲ ပါ။ တကယ်တော့ အာရပ်မှာလည်း ဆန္ဒပြနေတာပဲ အမေရိကန်တို့ ဥရောပတို့မှာလည်း အကြီးအကျယ် ဆန္ဒပြနေတာပဲ မဟုတ်လား။ ဘာ့ကြောင့် ကျွန်တော်တို့ နိုင်ငံမှာကျမှ ဆန္ဒပြတာ ခေတ်မမီဘူးလေးဘာလေး လာပြောနေရသလဲ။ လူထုဟာ သူတို့လိုချင်တာကို ဖော်ထုတ်ပြသဖို့ အတွက် ဘယ်ခေတ်၊ ဘယ်အခြေအနေ၊ ဘယ် အစိုးရလက်ထက်မှာ မဆို၊ ဘယ်နိုင်ငံမှာ မဆို ဆန္ဒပြသင့်တယ်၊ ဆန္ဒပြခွင့်ရှိတယ်၊ ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် ခေတ်မီတယ်လို့ ဆိုချင်ပါတယ်။ အာဏာရှင်ခေတ်တင် မဟုတ်ပါဘူ။ ဒီမိုကရေစီခေတ် ရောက်ရင်လည်း ဆန္ဒပြ ရဦးမှာပါ။ လွှတ်တော်ပြင်ပ လူထု နိုင်ငံရေးဟာ လွှတ်တော်နိုင်ငံရေးထက် ပိုအရေးကြီးပါတယ်။ ဥပဒေလိုက်နာရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီမိုကရေစီကို ဘောင်ခတ် သွတ်သွ င်းလိုက်ရင် ဒီမိုကရေစီ ညှိုးနွ မ်းသွားပါလိမ့်မယ်။

မတရားတဲ့ ဥပဒေတွေရဲ့လောင်းရိပ်မိပြီး ဒီမိုကရေစီ ခြောက်သွေ့ သေဆုံးသွားပါလိမ့်မယ်။ လွှတ်တော်ထဲ မှာပဲ ဒီမိုကရေစီရှိပြီး အလုပ်ထဲ၊ အိမ်ထဲ၊ ဈေးထဲ၊ ကျောင်းထဲ မှာ ဒီမိုကရေစီ မရှိရင် အဲသလို ဒီမိုကရေစီဟာ အခွ င့်ထူးခံဒီမိုကရေစီ ဖြစ်ပါလိမ့်မယ်။ အပေါ်မှာပဲ ဒီမိုကရေစီရှိပြီး အောက်ကို ဒီမိုကရေစီ ရောက်မလာဘူးဆိုတာဟာ ဒီမိုကရေစီကို အပြောသက်သက်အရသာခံပြီး ဖြီးဖြန်းညာဝါးနေတာသာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြည်သူတွေကိုယ်တိုင်ရမှ ဒီမိုကရေစီ၊ ပြည်သူတွေ မရရင် အဲဒါ လေမိုခရေဇီပဲ ။ (လေတွေပဲ မိုမောက် များပြားနေတဲ့ ရူးကြောင်ကြောင် အပြောတွေ လို့ ဆိုချင်တာပါ။) အိမ်မှာ ထမင်းပိုစားရမလား၊ ဟင်းကောင်းကောင်းနဲ့ စားရမလား၊ ဝင်ငွေ တိုးလာမလား၊ အဲဒါဆိုရင် ကောင်းလာပြီလို့ ယုံလိုက်ပါမယ်။ စကားပိုပြောခွင့်ရမလား၊ စာပိုရေးခွင့်ရမလား။ အဲဒါဆိုရင် တိုးတက်လာပြီလို့ လက်ခံမယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဝတ၊ စစ်သားကအစ၊ ဘယ်တရားသူကြီး၊ ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတကိုမှ ကြောက်စရာ မလိုဘူး၊ ငါမှန်တာလုပ်ရင် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးကွလို့ ပြောနိုင်ပြီလား။ အဲဒါဆိုရင် ဒါမှ ဒီမိုကရေစီကွလို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံ လိုက်မယ်။ ကိုယ့်ဆီရောက်မှဒီမိုကရေစီ၊ ကိုယ်တိုင်ရမှ ဒီမိုကရေစီပဲ။ ကိုယ်တိုင် ဘာမှ မရရင်တော့ ဘာသမ္မတ၊ ဘာလွှတ်တော် ကြီးတွေက အမြုပ်တစီစီထအောင် ပြောပြော သူတို့ ပြောသမျှဟာ လေမိုခရေဇီပဲ ဖြစ်မှာပဲ ။

ဒါ့ကြောင့် ဒီမိုကရေစီရေးကို လွှတ်တော်ထဲမှာ လုပ်နေပါတယ်ဆိုတာနဲ့ စိတ်ချမထားလိုက်ကြပါနဲ့။ လွှတ်တော်ထဲ မှာ စမ်းချင်သူတွေ လည်း စမ်းကြည့်ကြပါ။ ဒါ့အပြင် ကျန်တဲ့လူတွေကလည်း တကယ့်လူထုကြားထဲမှာ၊ တကယ့် လူ့လောကထဲ မှာ နည်းလမ်းရှိသမျှ အကုန်သုံးပြီး၊ အားလုံးပါဝင် ဆောင်ရွက်ကြပါစို့။ နည်းလမ်းမတူကြသည့်တိုင်အောင် တယောက်ကို တယောက် ကူညီဆောင်ရွက် ကြပါစို့။ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး တချက်ကိုလည်း ထပ်လောင်းပြောပါရစေ။ နည်းလမ်းမတူသူတွေကြားမှာ အလုပ်ခွဲ လုပ်တာကို ကတ္တီပါလမ်းခွဲ (velvet divorce) လို့ သဘောထားပါ။ တဘက်ကို တဘက် မနှောင့်ယှက်ကြေး။

ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း

0 ကမ္ဘာ့စီးပွားရေး နှစ်ပတ်လည် ညီလာခံ (World Economic Forum) ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်း(ရုပ်/သံ)


Friday, January 27, 2012

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ကြေငြာချက်အမှတ် -၁၁/၀၁/၁၂



1 ဒီ စကား (ဒေါ်အောင်ဆန်းစုကြည်) ဒီလှိုင်း အမှတ် ၀၂



ဒီမိုကရေစီ

ဒီလှိုင်း

ဒီရေ

ဒီအရေး

ဒီစကား တွေကတော့

အများကြီးပါပဲ။


ဒီအပတ်တော့ ဒီမိုကရေစီရဲ့ ဇစ်မြစ်ဖြစ်တဲ့ ဒီမိုအကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ဒီမိုကရေစီ ဆိုတဲ့ စကားလုံးက ဂရိဘာသာကလာတာပါ။ ဒီမို(စ်) (demos) ပြည်သူနဲ့ ကရာတို့(စ်)(kratos) အင်အား ၊ အာဏ ကို ပေါင်းစပ်ထားတဲ့ (demokratia) က ဆင်းသက်လာတာပါ။ ဒီတော့ဒီမိုကို ပြည်သူလို့ အဓိပ္ပာယ် ဖော်ရမှာပါ။ အချိန်နေရာမရွေး အမြဲကြားနေတဲ့ပြည်သူပါပဲ။ ဒီနိစ္စဓူဝသုံးနေတဲ့ စကားလုံးအကြောင်းကို စဉ်းစား မိပါတယ်။

ကျွန်မတို့ငယ်ငယ်တုန်းက ဇာတ်ပွဲတွေမှာ မကြာခဏ ၀န်ကြီးတွေ ၊ အမတ်ကြီးတွေ ပုံစံနဲ့လူရွှင်တော်တွေ က ခန့်ခန့်ကြီး တစ်လှမ်းခြင်းလျှောက်ပြီး စာလိပ်ကြီးကိုမြှောက်၊ တိုင်းသူပြည်သားလူအများတို့လို့ အသံအောကြီး နဲ့ဖက်လိုက်တာနဲ့ ၊ မောင်းကိုထမ်းလာတဲ့ တပည့်တွေက ''ဒူ -အူ-အူ''လို့ မြည်းဟည်းအောင်တီးလိုက်ကြပါတယ်။ အဲ့ဒီတော့ ကျွန်မက ''တိုင်းသူပြည်သား လူအများတွေဟာ တော်တော်အရေးပါပါလားလို့ ထင်မိပါတယ်။

ဘာမှန်းသိပ်နားမလည်ပေမယ့် ဆော့ကစားတဲ့အခါ''တိုင်းသူပြည်သား လူအများတို့ ၊ ဒူ-အူ-အူ လို့အော် ဟစ်ပြီး ပြောရာ တာ ပြောစရာကြီးပါပဲ။ ဇာတ်ဆရာတွေရဲ့ ရည်ရွယ်ချက်ကတော့ ဘာလို့မသိပါဘူး၊ ကျွန်မကတော့ ပြည်သူတွေကို ဦးထိပ်ထားတယ်လို့ယူဆမိပါတယ်။

ဒီမိုကရေစီဟာ '' ပြည်သူ့အင်အား၊ အာဏာ'' ကိုမဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးစနစ်ဖြစ်လို့ တိုင်းသူပြည်သား လူအများ တို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်တွေကို အလေးအနက်ထားရမှာပါ။ ''ကျုပ်တို့ ဆင်းရဲသားတွေက ဘယ်အစိုးရ တက်တက် ဆင်းရဲနေမှာပဲ'' ''နင်းပြားက နင်းပြားပါပဲ'' လို့ စိတ်လျှော့လက်လျှော့၊မျှော်လင့်ချက် စွန့်လွှတ်ထား သူတွေကို ယုံကြည်နိုင်အောင် လက်တွေ့လုပ်ပြကြရမယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်အရွေးခံမဲ့ အမတ်လောင်းတွေ (ကျွန်မအပါအ၀င်) ရဲ့တာဝန်ပါပဲ။

ဒီနေ့တော့ဒီမျှသာ… အောင်ဆန်းစုကြည်

ဒီမိုဖက်တီး fbအားကျေးဇူးတင်ရှိပါသည်.။

Thursday, January 26, 2012

0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ်တွေ့ဆုံသောဓာတ်ပုံများ(၂၄.၁.၂၀၁၂)


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် အဖြစ် ယနေ့ညနေ ခြောက်နာရီခန့်တွင် တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ်(၅၄) နေအိမ် တွင် တွေ့ဆုံကာ ညစာစားခဲ့ကြကြောင်း သိရသည်။ ယခုလ ၁၃ ရက်နေနေ့က စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက် လာကြသော ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ အနေဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေး ကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံပြီး ၀န်းရံအားပေးသွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားများက ယခုလ ၂၁ ရက်က တော်ဝင်စင်တာတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ထုတ်ပြန်ကြေငြာ ခဲ့သည်။ တွေ့ဆုံမှုသို့ မီဒီယာများ ၀င်ရောက်သတင်းယူခွင့် မရကြောင်း သိရသည်။

Photo..hlaing bwa maung

1 ဦးခင်ညွှန့်ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ?

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။

ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့လစာထက် ဒေါ်လာ တထောင်ဘဲနည်းပီး ဒုသမ္မတ တင်အောင်မြင်ဦးလစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ငါးထောင်ပေးလိုက်တဲ့အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက်သာတဲ့ လစာပေးလိုက်တာမို့ နိုင်ငံရေးအရပြောရင် တင်အောင်မြင်ဦးကိုပါ ခင်ရွှေက နားရွက်တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဆို ခင်ရွှေအနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်းဘယ်လောက်ကြာကြာ ဒေါ်လာတွေပေးမလဲ တွက်ကြည့်ရအောင်ပါ။


ခင်ညွန့်က ခု ၇၀ ကျော်နေပြီဆိုတော့ နောက်ထပ်အများဆုံး အနှစ် ၂၀ အသက်ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကိုပေးရမဲ့ နှစ် ၂၀အတွက် လစာငွေစုစုပေါင်းက ဒေါ်လာ ၁၂ သိန်းရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်းနာယကအဖြစ် ခန့်လိုက်တယ်ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင်ဖော်ပြရသလဲဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယက ခန့်တဲ့နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေးကစားကွက်တွေ အများကြီးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။

ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြားပြောလိုက်တဲ့အတွက်--ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီမစခဲ့သလဲဆိုတာ ပေါ်လွင်တယ်။

-ခင်ညွန့်အတွက် အနှစ် ၂၀စာ ဒေါ်လာ ၁၂ သိန်းဆိုတဲ့ များပြားတဲ့ငွေပမာဏကို မုန့်ဘိုးပေးသလို ရော့အင့် ပေးနိုင်တာကြည့်ရင် ခင်ရွှေက သူဘယ်လောက်ချမ်းသာနေလဲဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက်ပြလိုက်တာလဲပါ ပါတယ်။

-ခင်ညွှန့်လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦးအပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်-ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရမှာဖြစ်တယ်။

-ခင်ညွှန့်ကို တလ ဒေါ်လာ ၆ထောင်ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင်လျှော့ပီးခင်ညွန့်ကိုပေးတာ ဖြစ်နိုင်ပါတယ်-

-တချိန်က ထောက်လှမ်းရေးအကြိးအကဲ ခင်ညွန့်ကို တလဒေါ်လာ ၅ထောင်ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာခင်ရွှေက ဖန်တီးသလိုဖြစ်သွားတဲ့အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။


Swe Swe Kyi

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.