Monday, September 21, 2009

0 သူခိုး


သူခိုး

လရောင်

စက်တင်ဘာ ၄၊ ၂၀၀၉ | မိုးမခ Blog

ကျနော့်မှာ ကျီးကန်းတွေနဲ့ ပါတ်သက်လို့ နှလုံးသားမှာ ဒါဏ်ရာတခု ရခဲ့ဖူးပါတယ်။ ကျီးကန်းတွေကိုတွေ့တိုင်း အဲဒီကျီးကန်းတွေ ကြားအောင် နာမည်တခု အော်အော်ခေါ်မိပါတယ် အဲဒီနာမည်က သူခိုး … တဲ့။

(၁)

အင်းစိန်သီးသန့် အကျဉ်းထောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ သီးသန့်ထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျလာတဲ့ ၅(ည) တွေအပါအဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ကျလာတဲ့ ထိုင်းလူမျိုးတွေ အပြင်ဘုတ်လို့ခေါ်တဲ့ ထောင်ကျနှစ်နည်းနည်းလေးတွေသာရှိတဲ့ ထောင်အပြင်ကို ထွက်ပြီး အလုပ်လုပ်ရတဲ့ ထောင်ကျအကျဉ်းသားတွေ ရှိကြပါတယ်။

တနေ့မှာတော့ အပြင်ဘုတ်အကျဉ်းသားတယောက် ကျနော့်ဆီကိုရောက်လာပြီး ကျီးကန်းပေါက်လေးတကောင် ဆေးလိပ် အလိပ် ၂ဝ နဲ့ ရောင်းဖို့ လာပြပါတယ်။ တကယ့်ကို အပေါက်လေးပါ။ နှုတ်သီးဘေး နှုတ်ခန်းလေးတွေတောင် မပျက်သေးပါဘူး။ ကျနော်လည်းသနားတာနဲ့ ကျီးကန်းလေးကိုဝယ်လိုက်ပါတယ်။ အဲဒီကစပြီး ကျီးကန်းလေးနဲ့ ကျနော်နဲ့ သံယောဇဉ်စခဲ့တယ်ဆိုရင် မမှားပါဘူး။

(၂)

ကျီးကန်းလေးကို ကျနော့်တိုက်ခန်းရဲ့ဒေါင့်မှာ ထုတ်တန်းလေးတခုလုပ်ပေးပြီး တင်ထားပါတယ်။ ကျီးကန်းလေးဟာ မနက်မိုးမလင်းခင် သူ့ရဲ့ ကျီးအာသံမပေါက်သေးတဲ့အသံလေးနဲ့ တစာစာ စတင်အော်ပါတော့တယ်၊ အဲဒီလိုအော်နေတာဟာ ကျနော် မနိုးမခြင်းပါပဲ၊ ထုတ်တန်းက ကျနော့်အရပ်လောက်မြင့်တော့ အောက်ကိုလည်း သူ ခုန်မဆင်းရဲရှာပါဘူး။ ကျနော်နိုးသွားတော့မှ မြေပဲ ဒါမှမဟုတ် ဟင်းဖတ်တဖတ်ကိုဝါးပြီး သူ့ကိုခွံ့ပေးတဲ့အခါ တကယ်ကို ငှက်မိခင်ခွံ့တာကိုစားတဲ့ ငှက်သားပေါက်လေးတွေလို အသံတစာစာအော်ရင်း အစာကိုအငမ်းမရ စားပါတော့တယ်၊ စားပြီးသွားတာနဲ့ ကျနော်လည်း ပြန်အိပ်သလို သူလည်း ထုတ်တန်းပေါ်မှာ ခဏပြန်အိပ်ပါတယ်။ မနက်၇နာရီလောက်မှာ ကျနော်လည်း အိပ်ယာနိုးလာသလို သူလည်း နိုးလာခဲ့ပါတယ်။ အဲဒီတော့မှ သူ့ကိုထုတ်တန်းအောက်ကိုချပေးပြီး အခန်းထဲမှာ ဒီအတိုင်း လွှတ်ပေးထားလိုက်ပါတယ်။ ထူးခြားတာက အဲဒီကျီးကန်းလေးဟာ အခန်းထဲကနေ အခန်းပြင်ကို လုံးဝမထွက်ပဲ ကျနော့်မျက်နှာကို တချိန်လုံး လိုက်ပြီး စောင့်ကြည့်နေတာပါပဲ၊ နောက်ပြီး တချက်တချက်မှာ သူ့ရဲ့မပီတဲ့ ကျီးအာသံတွေကိုလည်း အာတတ်ပါသေးတယ်။ ဒီလိုနဲ့ ကျီးကန်းလေးဟာ တဖြည်းဖြည်းနဲ့ ကျီးရာဝင်လာခဲ့ပါတယ်။


(၃)

ကျနော်နဲ့ နေ့စဉ်နေ့တိုင်း အဲဒီလို ၃လလောက်နေအပြီးမှာတော့ သူ့ရဲ့ အမွေးအတောင်တွေ စုံလင်စပြုလာပါပြီ၊ အခန်းထဲမှာ နေ့စဉ် နေနေတဲ့ကျီးကန်းလေးဟာ တစတစ အခန်းပြင်ကိုထွက်တတ်လာပါတယ်။ အဲဒီနောက် တိုက်ခန်းရှေ့က ရေကန်မှာရေသွားချိုးတတ်လာတယ် နောက်ဆုံး တထောင်လုံးကို လျောက်လည်သွားတတ်ခဲ့ပါပြီ။

ဒါပေမယ့် ဘယ်လောက်ပဲသွားသွား ကျနော်ထမင်းစားလေ့ရှိတဲ့ နေ့လည် ၁၂နာရီလောက်မှာတော့ ကျနော့်အခန်းကို ရောက်အောင်ပြန်လာပြီး အစာတောင်းစားပါတယ်။ ဘယ်လောက်ပဲ ကျီးကောင်ဝင်သွားခဲ့ပေမယ့် သူဟာ အစားကို သူ့ဖါသာသူ ဘယ်တော့မှမစားပဲ ကျနော်ကျွေးမှသာ စားပါတယ်။ ကျနော် သူ့ကို ခွံ့မကျွေးပဲ စမ်းကြည့်ပြီး ကြမ်းပေါ်ကို ဒီအတိုင်းချထားကြည့်ပါတယ်။ လုံးဝမတို့မထိပါဘူး၊ ကျနော့်ပုခုံးပေါ်ကို ခုံတက်လာပြီး တစာစာအော်ပါတော့တယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ ကျနော်ပဲလက်လျှော့ပြီး သူ့ကို ခွံ့ကျွေးရတော့တာပါပဲ။

နေ့လည်စာစားပြီးတာနဲ့ အပြင်ပြန်ထွက်သွားပြီး ညနေ နေဝင်ခါနီးအချိန်မှာတော့ ကျနော့်အခန်းကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သနားဖို့ကောင်းတာက အပြင်က ညောင်ပင်ကြီးမှာ အိပ်တန်းဝင်ကြတဲ့ ကျီးကန်းအုပ်က တအာအာနဲ့ အိပ်တန်းဝင်နေချိန်မှာ သီးသန့်ထောင်တိုက်ထဲက ကျီးကန်းလေးကလည်း တအာအာနဲ့ လိုက်အော်နေတာပါပဲ ၊ ဒါပေမယ့် သူအော်ရုံပဲတတ်နိုင်တာပါ ကျီးဆိုပေမယ့် ကျီးတို့တတ်အပ်တဲ့ အတတ်ပညာကို သူ လုံးဝမှ မတတ်မြောက်ခဲ့တာပဲ။

နောက်ရက်တွေမှာတော့ ကျီးကန်းလေးဟာ အိပ်တန်းဝင်ခါနီး ကျနော်တို့ ရေချိုးကန်မှာ ရေကစားနေတဲ့ကျီးကန်းတွေကြားထဲကို မယောင်မလည်နဲ့ ရောက်သွားပါတယ်။ ကျနော်လည်း ဘာဖြစ်မလဲ စောင့်ကြည့်နေတုန်းမှာပဲ ကျီးကန်းအုပ်ဟာ သူ့ကိုဝိုင်းပြီး ထိုးဆိတ်ကြပါတော့တယ်။ ကျီးအုပ်က လူနဲ့နေတဲ့ ကျီးကန်းကို လက်မခံဘူးထင်ပါရဲ့။ ကျနော့်ကျီးကန်းလေးဟာ နာလွန်းလို့ တစာစာအော်ပြီး ကျနော့်အခန်းကို ပျံပြေးလာပါတယ်။ သူ့ခန္ဒာကိုယ်မှာာလည်း ဒါဏ်ရာတချို့ရသွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက် ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့ ကျနော့်ကျီးကန်းလေးဟာ ကျီးကန်းအုပ်ဆီမသွားတော့ပဲ ကျနော့်တိုက်ခန်းထဲကနေပဲ ကျီးကန်းတွေနဲ့ပြိုင်တူ လိုက်အာနေရှာပါတယ်။

(၄)

အဲဒီအချိန်အထိ ကျနော့်ကျီးကန်းလေးမှာ ကိုယ်ပိုင်နာမည်မရှိသေးပါဘူး။ ဒီလိုနဲ့ သူနာမည်ရတော့မယ့်ကိစ္စကို ကျနော့်ကျီးကန်းလေးဟာ စတင် လုပ်ဆောင်လာပါတော့တယ်။ မနက်မိုးလင်းတာနဲ့ ထွက်သွားတဲ့ကျီးကန်းလေးဟာ အရင်ကလို ထမင်းစားချိန်မှ ပြန်ရောက်လာတာမဟုတ်တော့ပဲ တိုက်ခန်းကိုပြန်လာတဲ့အကြိမ်က စိပ်လာပါတယ်။

သူပြန်လာတိုင်းလည်း နှုတ်သီးမှာ ဇွန်း၊ ဒါမှမဟုတ် မီးချစ် ဆပ်ပြာ ဆေးပေါ့လိပ် တခုမဟုတ် တခု ပါလာတတ်စမြဲပါပဲ ဒါကို ကျနော်လည်း ပထမတော့ သတိမထားမိဘူး တရက်မှာတော့ ဟင်းဘူးတွေထားတဲ့အနောက်ကို ကြည့်မိတဲ့အခါမှာတော့ ဇွန်းတွေ၊ မီးချစ်တွေ၊ ဆေးပေါ့လိပ်တွေ အများကြီးကိုတွေ့တော့မှ ကျနော့်ကျီးကန်းလေး ချီချီလာတယ်ဆိုတာ သဘောပေါက်ပါတော့တယ်။

အဲဒီနေ့ကစပြီး ပစ္စည်းတခုချီလာတိုင်း အုန်းလက်သေးသေးလေးနဲ့ သူ့ပေါင်ကို ရိုက်ပြီး အပြစ်ပေးပါတယ်။ အဲဒီလိုရိုက်ရင်လည်း သူ့ခင်ဗျာအော်လိုက်တာဆိုတာ ငယ်သံတောင်ပါတယ်၊ ဒါပေမယ့် အကျင့်ကပျောက်သလားဆိုတော့ မပျောက်ဘူး ချီမြဲတိုင်း ချီလာတုန်းပါပဲ၊ နောက်ဆုံး ရိုက်တဲ့အလုပ်ကို လက်လျော့လိုက်ပြ်ီး ကျနော်လုပ်ရတဲ့အလုပ်ကတော့ ကျန်တဲ့တိုက်ခန်းတွေကို ဇွန်းတွေ မီးချစ်တွေပျောက်ရင် ကျနော့်အခန်းမှာ လာမေးကြပါဆိုပြီး လိုက်ပြောရတဲ့အလုပ်ပါပဲ၊

ကျနော်ကလည်းနေ့စဉ်ပြော၊ ကျီးကန်းလေးကလည်း နေ့စဉ်ချီလာ၊ အဲဒီလိုနဲ့ သံသရာလည်နေတုန်း ကျနော်တို့တိုက်ထဲက ဘယ်သူက ခင်ပွန်းတပ်လိုက်တယ်မသိဘူး ကျနော့်ကျီးကန်းလေးကို သူခိုးလို့ နာမည်ပေးလိုက်ပါတယ်။ အဲဒီနာမည်ကို တိုက်တတိုက်လုံးကလည်း ကန့်ကွက်သူမရှိ အားလုံးထောက်ခံကြပါတယ်။ အဲဒီမှာပဲ ကျနော့်ရဲ့ကျီးကန်းလေးမှာ သူခိုး ဆိုတဲ့ နာမည်တလုံးရသွားခဲ့ပါပြီ၊ အရင်တုန်းက သားရေလို့ခေါ်မှသိတဲ့ ကျီးကန်းလေးဟာ သူခိုးရေ လို့ခေါ်ရင် သူ့နာမည်ကို သူသိနေခဲ့ပါပြီ၊ ထူးခြားတဲ့တချက်က သူဘယ်နေရာရောက်နေရောက်နေ ကျနော်က တိုက်ထဲကနေ အကျယ်ကြီး သူခိုးရေလို့ အော်လိုက်တာနဲ့ ကျနော့်တိုက်ခန်းရှေ့ကို ပျံဝဲလာပြီး ကျနော့်ပုခုံးပေါ်ကို တက်နားတော့တာပါပဲ ပြီးရင်း သူ့နှုတ်သီးနဲ့ ကျနော့်ရဲ့ဦးခေါင်းကို မနာအောင် ထိုးဆိတ်တတ်ပါတယ်။ ကျီးကန်းလေးနဲ့ကျနော်ရဲ့ မမြင်ရတဲ့သံယောဇဉ်ကြိုးဟာ တင်းသထက် တင်းလို့ နေခဲ့ပါပြီ။

(၅)

အဲဒီလိုနဲ့ ကျနော်နဲ့ကျီးကန်းလေး ခွဲခွာရမယ့်နေတနေ့ ရောက်ရှိလာခဲ့ပါတယ်၊ တိုက်ထဲကို ထောင်မှူးတယောက်ရောက်လာပြီး ကျနော်တို့နာမည်တွေခေါ်ပါတယ်။

အားလုံးအိပ်ယာလိပ်ပြင်ထားဖို့နဲ့ မကြာခင်ထောင်ပြောင်းတော့မယ့်အကြောင်း လာပြောပါတယ်။ သူများတွေအိပ်ယာလိပ် သိမ်းနေချိန်မှာ ကျနော်ကျီးကန်းလေးကို သူခိုးရေ သူခိုးရေ လို့ အော်အော်ခေါ်နေပါတယ်။ ထူးခြားတာက အရင်တုန်းက ဘယ်အချိန်ပဲခေါ်ခေါ် ရောက်လာတတ်တဲ့ ကျီးကန်းလေးဟာ အဲဒီနေ့ကကျမှ ဘယ်လိုမှခေါ်လို့မရဘူးဖြစ်နေပါတယ်၊ ကျနော် မနားတမ်းခေါ်နေပေမယ့် ဘယ်လိုမှ ရောက်မလာခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ ထောင်ပြောင်းမယ့်ကားပေါ်ကို ကျနော်တက်လိုက်ရပါတော့တယ်၊

ကျနော့်ရဲ့မျက်ရည်တွေဟာလည်း ခေါင်းမှာစွပ်ထားတဲ့ ခေါင်းစွပ်ကြားထဲကနေ တဖြည်းဖြည်းကျလာပါတော့တယ်။ ကျီးကန်းလေးရဲ့သတင်းကိုတော့ ကျနော်အမြဲ နားစွင့်ထားပါတယ်။ ဒါပေမယ့် ကျီးကန်းလေးနဲ့ ပါတ်သက်တဲ့ ဘယ်လိုသတင်းမျိုးကမှ ကျနော့်ဆီကို ရောက်ရှိမလာခဲ့ပါဘူး၊

ဒီလိုနဲ့ ကျနော်လွတ်ရက်စေ့လို့ ထောင်ကလွတ်ခဲ့ပြီး ကျီးကန်းလေးရဲ့သတင်းကို စုံစမ်းဖို့အတွက် ကျနော်ထောင်ပြောင်းစဉ်က တခန်းထဲနေခဲ့တဲ့ ကိုဖုန်း (ယ္ခု ဂျပန်နိုင်ငံ) အိမ်ကို သွားစုံစမ်းကြည့်ပါတယ်။

ကိုဖုန်းအမ အပြောအရတော့ ကျနော်ထောင်ပြောင်းသွားပြီးတဲ့ညနေမှာ ကျီးကန်းလေးဟာ ကျနော့်အခန်းကိုပြန်လာပြီး ကျနော့်ကိုမတွေ့ရလို့ ပျာယာခတ်ပြီး တခန်းဝင် တခန်းထွက်နဲ့ လိုက်ရှာနေတဲ့အကြောင်း နောက်နေ့မှာတော့ ကိုဖုန်းက ဝန်ထမ်းတယောက်နဲ့ အပြင်ကိုထုတ်လိုက်တဲ့အကြောင်းနဲ့ အိမ်ကိုရောက်ပြီး ခဏအကြာမှာတော့ အပြင်ကို ပျံသန်းသွားကြောင်းပြောပြတဲ့အခါ---။

(၆) နိဂုံး

ကျနော့်စိတ်ထဲမှာတော့ ကျနော့်ရဲ့ကျီးကန်းလေးဟာ အခုချိန်ထိ အသက်ရှင်နေဆဲဖြစ်တယ်လို့ ယုံကြည်နေတုန်းပါပဲ၊ ကျီးကန်းတွေတွေ့ရင် အမြဲတန်းလိုက်ကြည့်နေမိသလို ၊ ကြည့်ရင်းနဲ့လည်း သူခိုးရေ လို့ အော်ခေါ်မိတုန်းပါပဲ ကျနော့်ရဲ့ သူခိုးသာမှန်ရင် ကျနော့်ပုခုံးပေါ်ကို လာနားမှာပါပဲ။

ကျနော့်ရဲ့မိတ်ဆွေများခင်ဗျာ … ကျီးကန်းတွေထဲမှာ သူခိုးလို့အော်လိုက်လို့ လှမ်းကြည့်တဲ့ကျီးကန်းလေးတကောင်တွေ့ရင် အဲဒီကျီးကန်းလေးဟာ ကျနော့်ကျီးကန်းလေးသာ ဖြစ်ကြောင်းပါခင်ဗျာ။

(သရုပ်ဖော် - အင်တာနက် - http://www.siestalane.com )

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.