Sunday, October 25, 2009

0 နိုင်ငံကျော်စာရေးဆရာ နီကိုရဲ ၏(၁၉၆၆-၂၀ဝ၉) ကိုယ်ရေးအကျဉ်း


အဖ ဦးတင်ဝင်း၊ အမိ ဒေါ်မြကြည်တို့မှ ၂၊ ၁၁၊ ၁၉၆၆ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း သင်္ကကျွန်းမြို့နယ်၊ ဇ/မြောက်ရပ်ကွက် နေအိမ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ 'ရဲဝင်း' ဖြစ်ပြီး ညီအစ်ကို နှစ်ယောက်ရှိသည့် အနက် သားအကြီး အဖြစ်သည်။

အထက (၂) သင်္ကန်ကျွန်းတွင် ရှစ်တန်းအထိ ပညာသင်ခဲ့ပြီးနောက် အထက (၃) သင်္ကန်းကျွန်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို ကျရှုံးခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင်မှ ၁၀ တန်း အောင်ခဲ့သည်။ ဗိုလ်တထောင် တက္ကသိုလ်သို့ ရုက္ခဗေဒဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့ပြီး ပထမနှစ်တွင် ကျရှုံးခဲ့သည်။

၁၉၈၇ တွင် သင်္ကန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် အောက်တန်းစာရေး အဖြစ် ဝင်ရောက်ခဲ့ပြီး စာပေများ စတင် ရေးသားခဲ့သော်လည်း မည်သည့် မဂ္ဂဇင်းကမျှ ၃ နှစ်ခန့် ထည့်သွင်းခဲ့ခြင်း မရှိဘဲ အပယ်ခံခဲ့ရသည်။

၁၉၉၀၊ မေလတွင်မှ ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် 'ရွှေရည်မေ … သုံးမိနစ်' ကဗျာဖြင့် စာပေလောကသို့ စတင် ရောက်ရှိခဲ့သည်။ ဝတ္ထုတိုနှင့် ကဗျာများ ဆက်လက် ရေးသားရင်း ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ဟန်သစ် မဂ္ဂဇင်းတွင် စတင် ဖော်ပြခံရသည်။ ၁၉၉၄ ခုနှစ်တွင် ဗီဒီယို ဇာတ်ညွှန်များ စတင်ရေးသားကာ ၁၉၉၉ တွင် 'ကြည်ပြာရောင် နဂ္ဂတစ်များ' ဝတ္ထုကို လုံးချင်းအဖြစ် စတင် ထုတ်ဝေခဲ့ပြီး လုံးချင်းလောကသို့ ရောက်ရှိခဲ့သည်။

၁၉၉၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မနိုင်နိုင်ဝင်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတယောက် ထွန်းကားခဲ့သည်။

သူရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံ ဇာတ်လမ်းများ အနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု) ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲြွကက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားခဲ့ပြီး၊ နီကိုရဲ ဇာတ်ညွှန်းရေးသည့် ရုပ်ရှင် ဇာတ်ကားကြီး ၄ ကားနဲ့ ဗီဒီယိုကား ၄၀ ခန့်ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရိုက်ကူး တင်ဆက်ခဲ့သည်။

၂၀ဝ၉ ခု၊ အောက်တိုဘာလ ၂၃ ရက်၊ သောကြာနေ့တွင် ညသန်းကောင်ယံတွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.